Saturday, February 23, 2013

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၁) (၂) (၃)

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၁)


ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုးရီုးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ပက်ဂွန်ဟေး
ယခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ တပ်မတော်နဲ့စပ်လျဉ်းပြီး ထူးခြားတဲ့ သံတမန်ရေးရာ စကားလုံးထိုးစစ်များကို မြင်ရ၊ ကြားနေရပါတယ်။ အဲဒါကတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တပ်မတော်ကို ဒေါ်စုက မေတ္တာထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့ အနေနဲ့ ၁၉၈၈ ခုနှစ်ကစပြီး ယနေ့တိုင် အချိန်ကာလအတွင်း တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်ခဲ့တဲ့အမြင်များနဲ့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးရာ စကားလုံးများအပေါ် တပ်မတော်သားများရဲ့ တုန့်ပြန်သံများအား အလျဉ်းသင့်သလို တင်ပြသွားပါမယ်။
၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့ထိပ်ပိုင်း ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အသွင်ပြောင်း (တစည) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD နှင့်အပြိုင် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြီးစွာ ထင်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်သား အများစုရှိရာ မဂ်လာဒုံမြို့နယ်လို ကိုကိုးကျွန်းမြို့နယ်တွေလိုမှာ NLD သာ အနိုင်ရတဲ့အပြင် စစ်တပ်က လုံးဝ ကြီးစိုးထားတဲ့ ဒဂုံမြို့နယ်ကို NLD ကပင် အရှုံးလို့ တွက်ထားပြီး အရည်အချင်း သာမန်သာရှိတဲ့ ရိုးရိုးဘွဲ့ရ လူငယ်လေး တစ်ယောက်ကို ရွေးကောက်ပွဲ ဝင်ခိုင်းခဲ့လိုက်ရာ သူကလည်း အနိုင်ရရှိသွားလို့ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ် သွားခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး စစ်တပ်ခေါင်းဆောင်တွေဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင် ပါတော့တယ်။ အစိုးရသတင်းစာတွေမှာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ PSO ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်ပုံ ကာတွန်းရုပ်ပြောင်များ ရေးဆွဲ၍ ဖော်ပြသလို ကက (ပြည်) မှလည်း စိတ်ဓာတ်စစ်ဆင်ရေး ဆက်တိုက် လုပ်ဆောင်ပါတော့တယ်။ ထိုစဉ်က နဝတ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးဟာ ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်ကြီးထဲမှာ စစ်ရုံးရှိ အရာရှိ အရာခံများကို ခေါ်ယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းကာ ဝေဖန်တိုက်ခိုက်တဲ့ စကားမျိုး ပြောဆိုကြောင်း အရာရှိဟောင်း တစ်ယောက်က ဆိုပါတယ်။
ဒေါ်စုလွှတ်တော် တက်နေပုံ
“ကျွန်တော်တို့ရုံးက စစ်ရုံးဆိုပေမယ့် ယခင် အမေရိကန် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကို သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေမှာ ရုံးထိုင်ရတာဗျ။ (S-2) ကြီး ခေါ်တယ်ဆိုလို့ လုပ်လက်စဖိုင်တွဲကို ချပြီး ခန်းမဆောင်ကြီးကို ချီတက်ရတာပေါ့ဗျာ။ သူက ပြောရာမှာ ကုလားမယား (ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်) ဟာ ကိုယ့်အဖေကိုသတ်တဲ့ ကုလားဖြူကို ပြန်ယူလို့ မျိုးချစ်စိတ်မရှိဘူး၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး နေထိုင်ခြင်း မရှိဘဲ နိုင်ငံခြားမှာ နေလာခဲ့တာ ယခုတော့ ဘုမသိ၊ ဘမသိ ခေါင်းဆောင်လုပ်တော့မယ်။ တပ်မတော်ရဲ့ပြိုကွဲရေးကို သူနဲ့ NLD တို့က လုပ်နေတာကွ။ ဗမာ့နိုင်ငံရေးအကြောင်း မပြောနဲ့ တပ်မတော် အကြောင်းလည်း သိမှာမဟုတ်ဘူးလို့ ပစ်ပစ်ခါခါ ပြောတယ်ဗျာ။ နောက်ပြီး သူမဟာ အစိုးရဆန့်ကျင်ရေး ထိပ်တိုက်ရင်ဆိုင်ရေး မတရားပြောတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်”
တကယ်တမ်း တပ်မတော် ပြိုကွဲရေးဆိုတာကို သမိုင်းကြောင်း လေ့လာကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ မပါပဲ NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ရဲ့ စကားဖြစ်ကြောင်း သိရပါတယ်။ သူက NLD အနိုင်ရရင် တပ်မတော်မှာရှိတဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အထက်မှာ ရှိတဲ့လူတွေကို မယူဘူး။ သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေကို နုရင်ဘတ် စစ်ခုံရုံးလိုမျိုးနဲ့ စစ်ဆေးရမယ်လို့ ပြောကြောင်းသိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အေးဟာ တပ်မတော်က အာဏာမလွှဲရတဲ့ အကြောင်းရင်း တစ်ချက်ဟာ အဆိုပါ ခြိမ်းခြောက်တဲ့ စကားကြောင့် ဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ဆိုသွားပါတယ်။
ဆက်လက်ပြီး တပ်မတော်သား အရာရှိ အကြပ်တပ်သားများဟာ အထက်ဗိုလ်ချုပ်များရဲ့ သွေးထိုး သွေးခွဲမှုကို နားယောင်မိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ NLD အဖွဲ့အား မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တပ်မတော်အပေါ် မေတ္တာထားဆဲလို့ ပြောလိုက်တဲ့ အချိန်မှာတော့ တပ်မတော်သား အများစုဟာ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာသွားတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ တပ်မတော် အရာရှိကြီး တစ်ဦးကတော့ အောက်ပါအတိုင်း ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ကို လေလှိုင်းထဲမှာ စကားလုံးတွေ ပစ်သွင်းနေမဲ့အစား နယ်လှည့် ခရီးစဉ်တွေမှာ တပ်မတော်ရဲ့ အခြေခံ တပ်ရင်း ၊ တပ်ဖွဲ့တွေရဲ့ တပ်ရဲဂိတ်တွေမှာ ဖြစ်ဖြစ်၊ ဆေးရုံမှာဖြစ်ဖြစ်၊ ကျောင်းတွေမှာဖြစ်ဖြစ် ခရီးသွားဟန်လွှဲ တပ်မိသားစုများအား တွေ့ဆုံအားပေး ထောက်ပံ့ပေးသင့်တယ်။ အကြပ်တစ်ဦးရဲ့ ကလေးကို သကြားလုံးပေးရင်ပဲ ဖြစ်ဖြစ် ပါရာစီတမောဆေး ပေးရင်ပဲဖြစ်ဖြစ်၊ ဆန်တစ်အိတ် ပေးရင်ဖြစ်ဖြစ် အဲဒီဖြစ်စဉ်ကို အင်တာနက် မီဒီယာမှာ တင်လိုက်ရင် တပ်မတော် တစ်ခုလုံး တုန်ခါသွားမှာ သေချာတယ်ဗျ။”
အပိုင်း (၂) ကို နောက်အပတ်မှာ ဆက်လက် တင်ပြသွားပါမယ်။


ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၂)


လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပုံ
အယ်ဒီတာအဖွဲ့ တင်ပြချက်။         ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေးလိုက်ပါတယ်။ ယခင် အပိုင်း (၁) ကို ဒီနေရာတွင် ဆက်စပ် ဖတ်ရှုနိုင်ပါတယ်။
အယ်ဒီတာ။         ။ “ဒါပေမဲ့ ဗိုလ်မှူးကြီးရေ NLD က အဲဒီလို လုပ်လိုက်ရင် မေတ္တာလက်ဆောင် တစ်ခုခု အပေးခံရတဲ့ တပ်မတော်သားတွေ အရေးယူခံရမှာ စိုးရိမ်တယ်လို့ ပြောနေတယ်။ တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တပ်ရင်း တပ်ရဲဂိတ်ကတောင် ဝင်ခွင့်မပြုနိုင်ဘူးလို့ ဆိုနေတယ်။ ပြီးတော့ တပ်မတော်သားတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် သူတို့မှာ အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပြန်တယ် ဗျ”
ဗိုလ်မှူးကြီး။      ။ "ဒါကတော့ တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင် ပေးတာ ယူလိုက်တဲ့ တပ်မတော်သားတွေကို ဖြစ်ဖြစ်၊ မှီခိုရဲမေကိုဖြစ်ဖြစ်၊ အရေးယူဖို့ ဒီလိုအခြေအနေမျိုးမှာ လုပ်လိုက်ရင် မှားသွားမှာပေါ့။ သေနတ်ပြောင်းက သူတို့ဆီ ပြန်လှည့်သွားမှာပေါ့၊ ငတ်ပြတ်ဆင်းရဲနေတဲ့ တပ်မတော် မိသားစုတွေကို ထောက်ပံ့တာ ဗမာ့ရိုးရာ ဓလေ့ထုံးစံနဲ့ ဘာသာရေးအရ ကုသိုလ်လည်းရလို့ သာဓု ခေါ်ရမှာပဲ။ တပ်ရဲဂိတ်တွေကို တကူးတက ဒေါ်အောင်ဆန်းစုကြည်ဝင်ဖို့ မသင့်တော်ရင်တောင် ခရီးသွား ဟန်လွှဲ မြို့ထဲမှာ ဥဒဟို သွားလာလှုပ်ရှားနေတဲ့ တပ်မတော်သားတွေ လုံခြုံရေးယူနေတဲ့ စစ်သားတွေ အများကြီး ရှိတာဘဲ။ စစ်ဆေးရုံ အဝင်အထွက် ဂိတ်တွေမှာ အရပ်သားတွေတောင် အဝင်အထွက် ရှိနေကြတာဘဲ။ နယ်ဘက် အစိုးရကျောင်းတွေ ကျောင်းဆင်းရင် တပ်မိသားစုက ကလေးတွေကို လာကြိုတဲ့ တပ်က ကျောင်းကားတွေပဲ ဖြစ်ဖြစ်၊ ဈေးကိုလိုက်ပို့နေတဲ့ တပ်ကဈေးကားတွေ ဈေးထိပ်မှာ ရပ်စောင့်နေတာ ဖြစ်ဖြစ် လွယ်လင့်တကူ တွေ့နိုင်ပါတယ်။ ခက်တာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က NLD မှ တပ်မတော်ကို မုန်းတီးနေတဲ့ ဦးဝင်းတင်လိုလူမျိုး ထောက်မှာကို စိုးရိမ်နေသလား မသိဘူးပေါ့ ဗျာ”
ဦးဝင်းတင်
အယ်ဒီတာ။         ။ “အဲဒီတော့ ဗိုလ်မှူးကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအကြံပြု တင်ပြချင်သလဲ”
ဗိုလ်မှူးကြီး။         ။“တောင်ကိုးရီးယားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအရ အခြေခံဥပဒေ ပြင်ချင်ရင် သတ္တိရှိတဲ့ တပ်မတော်သားများ လိုတယ်လို့ ဆိုသွားတယ်နော်၊ ဒါပေမဲ့ ကျွန်တော့်ဆန္ဒအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်သားများကို ရင်ထဲ၊ အသည်းထဲက မေတ္တာထားပြီဆိုရင် ထိတွေ့ဆက်ဆံဖို့ သတ္တိပိုရှိဖို့ အရင် တိုက်တွန်း လိုပါတယ်။ NLD က ထောက်မှာစိုးလို့ရယ်၊ အစိုးရနှင့် တပ်မတော် ထိပ်ပိုင်းတွေက ငြိုငြင်မှာ စိုးလို့ရယ်၊ အဲဒါတွေကို ဥပက္ခာပြုပြီး စစ်ဆေးရုံတွေမှာ ဒဏ်ရာရနေတဲ့ လူနာစစ်သည်တွေကို သွားရောက်အားပေး ကြည့်ရှုလိုက်ကြည့်ပါ။ တပ်မတော်ရဲ့ Heart ကို ထိကွက်လို့ တင်ပြချင်ပါတယ်”
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ တပ်မတော် စစ်ဆေးရုံ၌ တက်ရောက် ကုသလျက်ရှိသော အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်နေပုံ
တပ်မတော်မှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ တိုင်းမှူး၊ တပ်မမှူးများရဲ့ အသက်အရွယ် ရာထူးအဆင့်အတန်းအရ သူတို့ဟာ ၁၉၈၈ ခုနှစ်တုန်းက ရန်ကုန်မြို့တော်နဲ့ မြို့ကြီးများမှာ ဗိုလ်ကြီးအဆင့် တာဝန်နဲ့ တပ်ခွဲမှူးတာဝန် ထမ်းဆောင်ခဲ့သူများ ဖြစ်ကြပါတယ်။ သူတို့ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများရဲ့ အဂတိလိုက်စားမှု၊ အာဏာနီ တည်ဆောက်မှု၊ တော်လေးတော်ဆိုတဲ့ အုပ်စုလိုက် ခွဲခြားမှုတွေကို ခါးသီးစွာ ခံစားခဲ့ရဖူးပါတယ်။ ဒါ့အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တုနှိုင်းမမှီတဲ့ အာဇာနည် သူရဲကောင်းအဖြစ် လေးစားကြည်ညိုခဲ့ကြပါတယ်။
ဖခင်ရဲ့အရှိန်အဝါအရ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား မည်သို့ပင် အမှားပြုလုပ်ခဲ့စေကာမူ ဗိုလ်ချုပ်ရဲ့ အသက်စွန့်လွှတ်မှု၊ စွန့်စားမှု၊ အနစ်နာခံမှုတို့ကြောင့် တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ရဲဘော်ရဲဘက်စိတ်၊ တပ်မတော်မိသားစုစိတ်ဖြင့် သူမအပေါ် သင်ပုန်းချေစိတ် အနည်းနဲ့အများ ရှိကြပါတယ်။ စီးပွားရေးပိတ်ဆို့မှုနဲ့ နိုင်ငံခြားသားများ ဝင်ရောက်မှုကို ဟန့်တားသည်ဟု ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာရှင် ဗိုလ်ချုပ် များက ပြစ်တင် ဝေဖန်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ခင်ပွန်း သေဆုံးမှုကို ဥပက္ခာပြုကာ မိမိနိုင်ငံ အတွင်းမှာ ကြံ့ကြံ့ခံ နေခဲ့တဲ့သတ္တိကိုတော့ လေးစားကြပါတယ်။
လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်နေပုံ
ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းပြီး နေပြည်တော် ပြည်သူ့လွှတ်တော်မှာ တက်ရောက်နေသော တပ်မတော်သားကိုယ်စားလှယ် အရာရှိတစ်ဦးအား အယ်ဒီတာ အဖွဲ့မှ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ပြောကြားလာပါတယ်။
လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် အရာရှိ တစ်ဦး။        ။“ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြုပြင်ချင်ရင်တော့ သတ္တိရှိတဲ့ တပ်မတော်သားတွေကို ထွက်လာခိုင်းတယ်ဆိုတာ သူတို့အားလုံးကို တပ်ချုပ်နဲ့ ထိပ်တိုက်တွေ့ကာ တော်လှန်ခိုင်းတာနဲ့ အတူတူဘဲဗျ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်မှာ နေ့လယ်စာ စားချိန်မှာဖြစ်ဖြစ်၊ အနားယူချိန်မှာဖြစ်ဖြစ် တပ်မတော်သား ကိုယ်စားလှယ်တွေကို ရင်းရင်းနီးနီး တွေ့ဆုံသင့်တယ်။ နွေးထွေးမှု မေတ္တာ ပေးရမှာပေါ့။ စည်းရုံးတာဘဲ ပြောပြော၊ ဘယ်သူတွေ ဘာပြောပြော ရိုးသားမှု၊ ခင်မင်မှု၊ ပွင့်လင်းမှုဟာ အရေးကြီးဆုံးဘဲ မဟုတ်လား။ သတ္တိရှိတဲ့ တပ်မတော်သားတွေ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာအားနဲ့ စည်းရုံးဖို့လိုတယ်။ နို့မို့ဆိုရင်တော့ တပ်မတော်မှာ ရဲဘော်ရဲဘက် သံယောဇဉ်၊ အထက် အရာရှိ ဆိုတဲ့ အမိန့်နဲ့ ကြောက်ရွံ့မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားက ကျော်လွှားနိုင်မှာ မဟုတ်ဘူး ”
“ရုတ်တရက်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် စကားဟာ တပ်မတော်သားတွေကို အုတ်နံရံအား ခေါင်းနဲ့ တိုက်ခိုင်းပြီး ထောင်ကျအောင် လုပ်ခိုင်းတာနဲ့ အတူတူဘဲ။ တပ်မတော်သားတွေက သတ္တိရှိမရှိ ဆိုတာဟာ ရွေးကောက်ပွဲတွေမှာ NLD ကို မဲဆန္ဒပေးပြီး သက်သေပြပြီးပြီလေဗျာ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားများအား ကျေးဇူးတင် အသိအမှတ်ပြု နွေးထွေးစွာ ဆက်ဆံ သွားမယ်ဆိုရင် တပ်မတော်သားတွေ သတ္တိအား ပိုကောင်းလာမယ် မဟုတ်ဘူးလား။ ကျွန်တော်တို့တော့ အပြုသဘောအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် အောက်ခြေအပေါ်မှာ ထိတွေ့ဆက်ဆံမှု ပိုမိုပြုမူလုပ်ဆောင် သင့်တယ်လို့ မြင်မိပါတယ်”


ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၃)


ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ပြီး တရားဟောနေတဲ့ပုံ
အယ်ဒီတာအဖွဲ့ တင်ပြချက်။        ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေးလိုက်ပါတယ်။ ယခင် အပိုင်း (၂) ကို ဒီနေရာတွင် ဆက်စပ် ဖတ်ရှုနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ်တပ်မတော်သားတွေရဲ့ ရင်ထဲက တုန့်ပြန်သံများနဲ့ စပ်လျဉ်းပြီး RFA သတင်းဌာနမှ ထုတ်ပြန်ချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအနေနဲ့ နိုင်ငံ့တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုင်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်လို့ သိရှိရပါတယ်။
ဒါပေမဲ့ တပ်မတော်သားများအတွင်း မျိုးချစ်စိတ်ပြင်းထန်ပြီး ရိုးသားပွင့်လင်းတယ်ဆိုတဲ့ အရာရှိတစ်ဦးကတော့ ရွှေတံခါး blog (http://shwedagar.blogspot.com) မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ရဲ့အမြင်အား ဝင်ရောက် ရင်ဖွင့်သွားတာကို တွေ့လိုက်ရလို့ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်ခရီးစဉ် ဟောပြောချက်တွေအပြင် ရုပ်မြင်သံကြားကတစ်ဆင့် ပါတီမူဝါဒဆိုင်ရာ ထုတ်လွှင့်လျက်တွေအရ တပ်မတော်အပေါ်ထားရှိတဲ့ သူမ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို စကားထဲက ဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက် မညီတဲ့ စကားလုံးများကိုလည်း စိတ်မကောင်းစွာ ကြားသိနေရပါတယ်။ မဲဆွယ်ခရီးစဉ်တွေမှာ တပ်မတော် အနေနဲ့ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ဖို့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့ပြောပြီး ပါတီမူဝါဒကို မြန်မာ့ရုပ်သံက ရှင်းလင်း ပြောကြားချိန်မှာတော့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို လွှတ်တော်ကနေ ဖယ်ရှားဖို့ ပေါ်ပေါ်တင်တင်ပဲ Political Challenges လုပ်သွားခဲ့ပါတယ်” ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကတော့ ---------------------
ဗိုလ်ချုပ်အောင်ဆန်း ကားပေါ်မှ တရားဟောနေပုံ
“ကျွန်မဖေဖေခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေ သိပ်ချစ်ကြတယ်။ ပြည်သူတွေရဲ့ ပြန်လည် ချစ်ခင်မှုကို ပြန်ရဖို့အတွက် တပ်မတော်သားတွေ အနေနဲ့ NLD ကို မဲထည့်ဖို့ ပြောချင်ပါတယ်။ တပ်မတော်သားတွေကို ပြည်သူက ချစ်ဖို့လိုသလို တပ်မတော်သားတွေကလည်း ပြည်သူကိုအားကိုးဖို့ မြန်မာ့တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံ ဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ ဆန္ဒမရှိဖို့ လိုပါတယ်” ဆိုပြီး မတ်လ (၄) ရက်နေ့က ပုဗ္ဗသီရိမြို့နယ်မှာ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောကြားချက်များဟာ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများကို စော်ကားမော်ကား ပြောဆိုသွားခဲ့ခြင်းသာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိစိတ်ထဲမှာ တပ်မတော်ဆိုတာကို ဒီမိုကရေစီစနစ်အတွက် အနှောင့်အယှက် ပြုလုပ်မဲ့ အဖွဲ့အစည်းတစ်ရပ် အနေနဲ့ ယူဆထားဟန် တူပါတယ်။ တပ်မတော်သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တပ်မတော်ကို အင်အားချိနဲ့အောင်၊ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ကြိုးဆွဲခံထားရတဲ့ ရုပ်သေးရုပ်အဖြစ်သာ မြင်နေကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း မည်သူမပြု မိမိမှု ဆိုတဲ့အတိုင်း ၁၉၆၀ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက် အနောက်တိုင်း ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ နှောင်ကြိုးများကြောင့် ဖြစ်မယ်ထင်ပါတယ်။
ပြည်သူတွေရဲ့ ပြန်လည်ချစ်ခင်မှု ပြန်ရဖို့ဆိုတဲ့ အသုံးအနှုန်းကတော့ လက်ရှိတာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားတွေကို ပြည်သူတွေကပဲ မချစ်ခင်၊ မနှစ်သက်တော့ သယောင်ယောင် မိမိစိတ်နဲ့နှိုင်းပြီး ပြောခြင်းဖြစ်မယ် ထင်ပါတယ်။ တပ်မတော်အပေါ် အညှိုးအတေးရှိနေတဲ့ စိတ်ခံစားမှုကြောင့် ပြောဆိုတယ်လို့ဘဲ ယူဆပါတယ်။ NLD ပါတီကို မဲထည့်မှ ပြည်သူတွေက တပ်မတော်ကို ပြန်လည်ချစ်ခင်လာမယ်ဆိုတာ ဘာမှမဆိုင်ဘူး ထင်ပါတယ်”
  •  တပ်မတော်အတွက် NLD ဘာလုပ်ပေးပါသလဲ..?
  •  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို နားလည်လက်ခံမှာလား.. ?
  •  တပ်မတော် အင်အားရှိအောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ပေးဖူးပါသလဲ…? မေးလိုက်ချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ -
“တပ်မတော်အပေါ် အမှန်တကယ် ချစ်ခင်ပါတယ်ဆိုရင် ----
တပ်မတော်မိသားစုဝင် တစ်ဦးပါလို့ အမှန်တကယ် ခံယူထားတယ်ဆိုရင် ---
ပြည်သူနှင့်တပ်မတော်ကို သွေးမခွဲဘဲ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ကို အားပေး ထောက်ခံပြီး နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နိုင်ရန်အလို့ငှာ တိုင်းပြည်အင်အားရှိအောင် တပ်မတော် အင်အားရှိစေရေး ပြောဆိုပြုမူ လုပ်ကိုင် ကြံဆသွားသင့်ပါကြောင်း တင်ပြလိုက်ပါတယ်”
ဒါက တပ်မတော်သားတစ်ဦးရဲ့ အမြင်ကို ကူးယူဖေါ်ပြလိုက်တာပါ။
ဆက်လက်ပြီး နအဖခေတ်ကာလတုန်းက ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မှတ်ချက်ပြုခဲ့တဲ့ စကားတစ်ခွန်းအား စစ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးက ဒီလိုပြောပြခဲ့ပါတယ်။
ဦးသန်းရွှေ၊ ဦးခင်ညွန့်၊ ဒေါ်အောင်းဆန်းစုကြည်နဲ့အတူ ထမင်းလက်ဆုံစားနေပုံ
“ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံဆွေးနွေးခဲ့ပြီး ထမင်း လက်ဆုံစားခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံဆွေးနွေးခဲ့စဉ်က သဘောတူညီချက်ကို မထောက်ထားဘဲ Visit Myanmar Year မှာ နိုင်ငံခြားသားများ လာလည်ခြင်း မပြုဖို့နဲ့ စီးပွါးရေးပိတ်ဆို့ဖို့ တောင်းဆိုခဲ့တာကြောင့် အဖိုးကြီးဦးသန်းရွှေက ဒီမိန်းမ ရှေ့စကား နောက်စကား မညီဘူး၊ ဗလောင်းဗလဲ နိုင်တယ်” လို့ ပြောပါတယ်။ တခါ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း စစ်အာဏာရှင်တွေကို စစ်သားတွေဖြစ်ပြီး ကတိပျက်တယ်လို့ ပြောပြန်ပါတယ်။ အဲဒါကတော့ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်က ပြန်လည်ကျင်းပဖို့ရှိရာ NLD ကို ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်က ဦးစွာလွှတ်ပြီးမှ တက်ရောက်စေရေး ညှိနှိုင်းသဘောတူညီ ထားခဲ့ပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေက NLD ကို အမျိုးသားညီလာခံသို့ ဦးစွာတက်ခိုင်းပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ရန် ပြင်ဆင်ချက်ပေးခဲ့လို့ ရှင်တို့စစ်သားတွေ ကတိပျက်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားများရဲ့အမြင်အား တပ်မတော် အကြပ်ကြီး တစ်ဦးအား မေးမြန်းခဲ့ပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့မိသားစု
“ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကား Driver ရဲဘော်တစ်ဦးအပေါ် နားလည်ခွင့်လွှတ်ပေးတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။ အဲဒီရဲဘော်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗိုလ်ချုပ်ရဲ့ကလေးတွေကို ချီး၊ သေးကအစ ရေကူးတာအဆုံး ခြေဆုပ်လက်နယ် ပြုစုထိန်းကျောင်းပေးခဲ့လို့ ဗိုလ်ချုပ်ရဲ့သံယောဇဉ်နဲ့ ခွင့်လွှတ်တဲ့ဖြစ်စဉ် ရှိခဲ့တယ်ဗျ။ အစိုးရဧည့်ခံပွဲတစ်ခုမှာ ကား Driver တွေကို အရက်တိုက်လိုက်လို့ မူးပြီးအိပ်ပျော်နေတုန်း ဗိုလ်ချုပ်နဲ့ PA ဗိုလ်ထွန်းလှတို့ဟာ အိမ်ပြန်ဖို့ ရောက်ရှိလာပါတယ်။ PA က ဗိုလ်ချုပ်ကို မျက်နှာပူပြီး ဒရိုင်ဘာကို ငေါက်ငမ်းမယ်ပြုရာ ဗိုလ်ချုပ်က နေပါစေ၊ အိပ်ပါစေကွာ။ မင်းနဲ့ငါနဲ့ပဲ ကားမောင်းပြီး ပြန်ကြတာပေါ့ သူ့ကို နောက်ခန်းမှာ ထားပြီး တစ်ခါတည်း ခေါ်လာခဲ့ပေါ့” လို့ ပြောပါတယ်။ ဆိုလိုတာက တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပေးခဲ့တာနော်။ တစ်ဦးအပေါ်တစ်ဦး တကယ့် သံယောဇဉ်နဲ့ ခွင့်လွှတ်ညှာတာ နားလည်ကြတာကို ပြောချင်တာပါ။

No comments: