Friday, August 30, 2013

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်

လင်းသန့် 
မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်တို့ ဆွေးနွေးကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီးတို့သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ၂ နိုင်ငံ တပ်မတော် ဆက်ဆံရေး တိုးမြှင့်ရေးအပါအ၀င် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ကြေညာသွားသည်။
“မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်”ဟု MRTV က ဆိုသည်။

ယခုကဲ့သို့ အမေရိကန်သံအမတ်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုသည် မကြာသေးခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ အရှေ့တောင် အာရှဆိုင်ရာ အမေရိကန်၏ စစ်ရေး အသုံးစရိတ်မြှင့်တင်သွားမည်ဟု ကြေညာပြီး နောက် တွေ့ဆုံမှုလည်း ဖြစ်သည်။
ထို့အပြင် နေပြည်တော်၌ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ၂ ရက်ကျင်းပသော အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန(DIILS) နှင့် မြန်မာ့ တပ်မတော် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော် အရာရှိ ၂၀ တက်ရောက်ခဲ့ပြီး အမေရိကန် ရေတပ်မတော် အရာရှိ မစ္စတာ ရောဘတ် ဆန်းဒါစ်နှင့် အဖွဲ့က စစ်ဘက်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ်ညှိနှိုင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဌာနချုပ်၏ တာဝန်နှင့် ၀တ္တရားများ အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် သြဂုတ်လ ၂၈ ရက်နေ့က ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသော အာဆီယံနိုင်ငံ ကာကွယ်ရေး ၀န်ကြီးများနှင့် အမေရိကန် အပါအ၀င် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ရုရှား နိုင်ငံတို့မှ ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေး ပြင်ပတွင် အမေရိကန် ကာကွယ်ရေး ၀န်ကြီး မစ္စတာ ချာ့ခ် ဟေဂဲလ်နှင့် မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံမှုသည် ပြုပြင်ပြောင်းလဲမှု၏ လက္ခဏာတခုဖြစ်ပြီး အိုဘားမား အစိုးရကလည်း အလွန် အပေါင်းလက္ခဏာ ဆောင်သည့် မြန်မာနှင့် ထိတွေ့ဆက်ဆံမှုဖြစ်ကြောင်း၊ မြန်မာ့အပြောင်းအလဲနှင့် လူအခွင့်အရေး တိုးတက်မှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် အကြီးတန်း အရာရှိတဦး ကို ကိုးကား ၍ ဖော်ပြထားသည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် လာမည့်နှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့်အပေါ် ထောက်ခံကြောင်းနှင့် ကျင်းပရန်ရှိသည့် အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာန က ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ရေးသည်လည်း အရေးကြီးကြောင်း၊ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း မစ္စတာ ဟေဂဲလ်က ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ကို ပြောဆိုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဂျော့ လစ်တဲလ် က ပြောဆိုထားသည်။
ယခုကဲ့သို့ မြန်မာ-အမေရိကန် စစ်ဘက် ဆက်ဆံရေး သိသိသာသာ ပြောင်းလဲလာသည့်အပေါ် မြန်မာ့တပ်မတော် အနေဖြင့် လိမ္မာပါးနပ်မှု ရှိလျှင် အကျိုးများနိုင်ကြောင်း၊ တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် မြန်မာက ကစားနေခြင်းကို အမေရိကန်က ကောင်းစွာ သိကြောင်း အမေရိကန် တွင် နိုင်ငံရေးခိုလှုံခဲ့သည့် မြန်မာ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီကို ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း “ဒီနောက်ပိုင်းမှာ သမ္မတတို့ လွှတ်တော် ဥက္ကဋ္ဌတို့က အမေရိကန်ကို သွားနေတုန်းမှာ ကာကွယ်ရေး ဦးစီးချုပ်က ရုရှား ကို သွားတယ်။ ဒါတွေဟာ သတိထားရမယ့် အခင်း အကျင်းတွေလို့ ကျနော်မြင်တယ်”ဟု ပြောသည်။

George W. Bush: Obama has 'tough call' to make on Syria



Former president George W. Bush weighed in tentatively on the situation in Syria on Friday, saying President Obama "has to make a tough call" on whether to order a military strike against Bashar Assad's regime.
Bush, who made his comments during an appearance on the Fox News Channel where he also discussed his recovery from a recent heart surgery as well as his charitable works, had his own frustrations with Assad during the eight years of his presidency.
Bush and his aides expressed frustration that Assad tacitly supported the flow of al-Qaeda fighters and arms into Iraq during the height of the anti-American insurgency there.
"I was not a fan of Mr. Assad," Bush said. "He's an ally of Iran, and he's made mischief."
Unlike Bush's former Defense secretary Donald Rumsfeld, who referred this week to Obama's Syria strategy as "mindless," Bush declined to dive deep into the debate on how Obama should respond to U.S. intelligence reports that show Assad's regime was behind a massive chemical attack.
"I refuse to be roped in," Bush said.
Former president Jimmy Carter also weighed in on the Syria crisis.
In a statement released Friday, the Carter Center, the former president's non-governmental organization, said a "military response without a U.N. Security Council mandate or broad support from NATO and the Arab League would be illegal under international law and unlikely to alter the course of the war.
"It is imperative to determine the facts of the attack and present them to the public. Those responsible for the use of chemical weapons must bear personal responsibility," Carter said. "The chemical attack should be a catalyst for redoubling efforts to convene a peace conference, to end hostilities and urgently to find a political solution."

ပါတီစနစ်


August 30, 2013 at 2:36pm
အင်္ဂလိပ် စကားလုံး(Party) ကို မြန်မာလို တိုက်ရိုက် မွေးစားထားတဲ့ “ပါတီ” ဆိုတာဟာ နိုင်ငံရေးမှာ အရေးပါတဲ့စကားလုံးဖြစ်ပါတယ်။ “နိုင်ငံရေး (သို့) ဒီမိုကရေစီ” လို့ ပြောလိုက်တာနဲ့ ပါတီဆိုတာကိုတတွဲတည်း သိကြပါတယ်။ “ပါတီ” ဆိုတာကို အင်္ဂလိပ် အဘိဓါန်မှာ အဓိပ္ပါယ် ဖွင့်ဆိုထားတာကတော့“နိုင်ငံရေးအရ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကာအစိုးရဖွဲ့ရန် (သို့) အစိုးရ အဖွဲ့အစည်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းသောအဖွဲ့” လို့ အဓိပ္ပါယ် ပေးထားပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လုပ်ကိုင်နိုင်ရန်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ပါတီလို့ အလွယ် နားလည်နိုင်ပါတယ်။ ပါတီဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်လာပြီဆိုရင်တော့ အဖွဲ့အစည်း ထုံးစံအတိုင်း ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊လုပ်ဆောင်ချက်၊ ပါတီရဲ့ စည်းမျဉ်း စည်းကမ်း၊ ပါတီအဖွဲ့ဝင်၊ ပါတီရံပုံငွေ … စသဖြင့်ကဏ္ဍအစုံအလင် ရှိကြပါတယ်။ ရည်မှန်းချက်တွေလည်း ကွဲပြားကြပါတယ်။ သို့သော် အားလုံးရဲ့ တူညီချက်ကတော့“နိုင်ငံရေးအရ အာဏာ ရရှိရေး” ကို ဦးတည်ကြပါတယ်။

ဒီနေရာမှာ ပါတီတွေရဲ့ဖွဲ့စည်းပုံတွေကို အဓိက ပြောချင်တာမဟုတ်ပါဘူး။ ပါတီတွေ အကုန်လုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ထဲက နိုင်ငံရေး ပုံသဏ္ဍန်တွေ အကြောင်းကို ဆွေးနွေးချင်တာပါ။ တနည်းအားဖြင့် နိုင်ငံတစ်ခုရဲ့“ပါတီစနစ်” အကြောင်း တင်ပြဆွေးနွေးလိုတာဖြစ်ပါတယ်။ ပါတီတွေရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ“နိုင်ငံရေးအရ အာဏာရရှိရေး” ဖြစ်တာကြောင့် ပါတီတွေ တည်ရှိပုံ၊ ပါတီတွေ ယှဉ်ပြိုင်ကြပုံ၊ပါတီတွေ အစိုးရဖွဲ့ကြပုံတွေဟာ ဒီမိုကရေစီစနစ်ကို အခြေခံပြီး တည်ဆောက်တဲ့ တိုင်းပြည်တွေမှာအရေးပါပြီး လေ့လာသင့်တဲ့ နယ်မြေ တစ်ခု ဖြစ်ပါတယ်။

လွတ်လပ်ပြီးစ မြန်မာနိုင်ဟာပါတီစုံ ဒီမိုကရေစီ နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၅၈ အောက်တိုဘာလမှာ ဖဆပလ ပါတီ နှစ်ချမ်းကွဲချိန်မှာဦးနေ၀င်းက အိမ်စောင့်အစိုးရဆိုပြီး တိုင်းပြည် အာဏာကိုသိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၀ဧပြီလမှာ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရ ပါတီ ဖြစ်တဲ့ သန့်ရှင်းဖဆပလ ပါတီကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ အာဏာသိမ်း အခြေအနေကနေ ပါတီစုံကို ပြန်သွားခဲ့သေးတယ်လို့ ဆိုလို့ရပါတယ်။၁၉၆၂ ခုနှစ်မှာတော့ ဦးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က ဒုတိယအကြိမ် တိုင်းပြည်ရဲ့ အာဏာကိုသိမ်းပြီးနောက်ပိုင်းမှာ ပါတီတွေ အကုန်လုံးကို ဖျက်သိမ်းပြီး “တော်လှန်ရေးကောင်စီ”လို့ခေါ်တဲ့ စစ်ကောင်စီနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရာကနေ ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေကို ပြဌာန်းပြီး“မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ ပါတီ)” ကို တည်ထောင်ကာ တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့အုပ်ချုပ်ခဲ့ပါတော့တယ်။ ၁၉၈၈ မှာတော့ အများ သိကြတဲ့အတိုင်း ကျောင်းသားအရေးတော်ပုံကနေစလိုက်တာ တပြည်လုံးအုံကြွတဲ့ ၈၈၈၈ အရေးတော်ပုံနဲ့အတူ ဦးနေဝင်း အစိုးရကို ဖြုတ်ချခဲ့ကြပါတော့တယ်။အဲဒီ ၁၉၈၈ ကာလရဲ့ ကြွေးကြော်သံတွေကို ကြည့်ရင် “ဒီမိုကရေစီ ရရှိရေး” “တစ်ပါတီအစိုးရပြုတ်ကျရေး” “ပါတီစုံ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး”… စတဲ့ ကြွေးကြော်သံတွေ လွှမ်းမိုးနေတာသတိထားမိမှာပါ။

အထက်ပါ မြန်မာ့သမိုင်းဖြစ်ရပ်တွေကို ကြည့်ရင် “တစ်ပါတီစနစ်” “ပါတီစုံစနစ်” စတဲ့ ပါတီစနစ်တွေဟာ နိုင်ငံရေးမှာ  အရေးပါလွန်းတယ်ဆိုတာ မြန်မာ့လွတ်လပ်ပြီးခေတ် သမိုင်းဟာသက်သေအဖြစ် ရေးခဲ့ပြီးပါပြီ။ ဒါကြောင့် ပါတီစနစ်တွေအကြောင်း ပိုပြီး လေးလေးနက်နက် သိဖို့လိုအပ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။
နိုင်ငံရေးကို လေ့လာတဲ့အခါ“ဒီမိုကရေစီ စနစ်” နဲ့ “ပါတီစနစ်” ဟာ နက်နက်နဲနဲကို ပက်သက် ဆက်နွယ်နေပြီး … ဒီမိုကရေစီစံနှုန်းတွေအရ နိုင်ငံတစ်ခုဟာ ဘယ်လောက်အထိ ဒီမိုကရေစီစနစ်မှာ အားကောင်းသလဲဆိုတာဟာ ပါတီစနစ်တွေနဲ့လည်းတိုက်ရိုက် သက်ဆိုင်နေပါတယ်။

ဒီမိုကရေစီစနစ်ရဲ့အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး တန်ဖိုး တစ်ခုဟာ “နိုင်ငံသားတိုင်း နိုင်ငံရေးမှာ လွတ်လပ်စွာပါဝင်ခွင့်နဲ့တန်းတူညီမျှခွင့် အခွင့်အရေး” ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်း နိုင်ငံရေးမှာလွတ်လပ်စွာ ပါဝင်လုပ်ကိုင်နိုင်ဖို့ဆိုတာမှာ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရဖို့၊ပြည်သူတိုင်း မိမိတို့ ယုံကြည်တဲ့ ပါတီထဲ ပါတီဝင် အဖြစ် ပါဝင်ခွင့်ရဖို့ တွေဟာ အရေးကြီးလာပါတယ်။ဒီအချက်ဟာ ဒီမိုကရေစီ စနစ်အတွက် အခြေခံအကျဆုံး အချက်ဖြစ်တာကြောင့် ပါတီတွေနဲ့ ဒီမိုကရေစီဟာနက်နက်ရှိုင်းရှိုင်း ဆက်သွယ်နေတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ပြောရရင်တော့နိုင်ငံရေး ပါတီတွေ မရှိဘဲ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။

ပါတီတွေ ဖွဲ့တဲ့အခါမှာလည်းနိုင်ငံသားတိုင်းအတွက် တန်းတူညီမျှခွင့်ကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ရပါတယ်။ ဒါမှဒီမိုကရေစီ စနစ်ပီသမှာ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ဟာ ပါတီတစ်ခုကို မကြိုက်လို့ အခြားပါတီကိုထောက်ခံဖို့ (သို့) ပါတီဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ (သို့) မိမိကိုင်တိုင် ပါတီတည်ထောင်ခွင့်တွေကိုရွေးချယ်ခွင့် အခွင့်အရေး အဖြစ် ရှိသင့်ပါတယ်။ ရွေးချယ်ခွင့်မရှိဘဲ ပါတီတစ်ခုတည်း ရှိတဲ့စနစ်ဆိုရင် “လွတ်လပ်ခွင့်” “တန်းတူညီမျှခွင့်” ရှိတယ်လို့ ခေါ်လို့ ရနိုင်မယ် မထင်ပါ။အဲဒီအခါ နိုင်ငံတစ်ခုမှာ ပါတီတစ်ခုတည်း ရှိတဲ့ “တစ်ပါတီစနစ်” ဟာ လွတ်လပ်စွာ နိုင်ငံရေးလုပ်ပိုင်ခွင့်၊ တန်းတူညီမျှခွင့်တွေနဲ့ ဆန့်ကျင်ပြီး ပါတီတည်ထောင်ခွင့်ကို တိုက်ရိုက်(သို့) သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ကန့်သတ်ထားတာတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ဥပမာ လကရှိ တရုတ်ပြည်နဲ့ ကွန်မြူနစ် ပါတီ၊ ၁၉၇၄ - ၁၉၈၈ အတွင်း မြန်မာပြည်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။

တချို့နိုင်ငံတွေမှာတော့တစ်ခုထက် ပိုတဲ့ ပါတီတွေ ရှိပေမယ့် ပါတီစုံ စနစ်လို့ မခေါ်နိုင်ပဲ တစ်ပါတီ စနစ်ဖြစ်နေတတ်တာလည်းရှိပါတယ်။ တစ်ခုထက် ပိုတဲ့ ပါတီတွေ ရှိပေမယ့် ဘာကြောင့် တစ်ပါတီ စနစ်ဖြစ်နေရသလဲ ဆိုတော့ပါတီတစ်ခုတည်းဟာ နိုင်ငံတစ်ခုရဲ့ အာဏာ (၃) ရပ်လုံး (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး)မှာ လွှမ်းမိုး ချုပ်ကိုင်နေတာမျိုး ဖြစ်နေပြီး အခြားသော ပါတီတွေအတွက် အခွင့်အရေး လုံးဝမရှိသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဆိုပုံစံကိုလည်း ပါတီစုံ စနစ်လို့ မခေါ်ဘဲ တစ်ပါတီစနစ်လို့ သတ်မှတ်ရတာ ဖြစ်ပါတယ်။ ဥပမာ စင်္ကာပူနိုင်ငံနဲ့ ပြည်သူ့လှုပ်ရှားမှု ပါတီလို့ခေါ်လို့ရမယ့် People's Action Party (PAP) ဖြစ်ပါတယ်။ PAP ပါတီဟာ ၁၉၅၉ ကတည်းကနေ အာဏာရရှိလာပြီးဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာ PAP ပါတီတစ်ခုတည်းကသာ လွှမ်းမိုးချုပ်ကိုင်နေတာကြောင့်တစ်ပါတီစနစ်လို့ ခေါ်ရခြင်း ဖြစ်ပါတယ်။ သူ့နောက် ကပ်ရပ်မှာတော့ အလုပ်သမားပါတီလို့ ခေါ်လို့ရမယ့်workers’ party ဟာ ဒုတိယ အင်အားအကြီးဆုံး ဖြစ်ပေမယ့် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ PAP ပါတီက စုစုပေါင်း ၈၇ နေရာမှာ ၈၁ နေရာ အနိုင်ရပါတယ်။ PAP ပါတီဟာ စုစုပေါင်းမဲအရေအတွက်ရဲ့ ၆၀.၁၄ % နဲ့ အနိုင်ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူ စင်္ကာပူနိုင်ငံမှာလိုပဲပါတီတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့် ရှိပေမယ့် တစ်ပါတီစနစ် ပုံစံ ရှိတဲ့ နိုင်ငံတွေကတော့တောင်အာဖရိကနိုင်ငံ၊ အီရန်နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ လက်ရှိ မြန်မာနိုင်ငံ စတဲ့ နိုင်ငံတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။

အထက်ပါ ပုံစံ တစ်ပါတီနိုင်ငံတွေကတော့ဒီမိုကရေစီ စနစ်လို့ ခေါ်ဖို့ ခဲယဉ်းပါတယ်။ သို့သော် မဟုတ်ဘူးလို့လည်း ပြောဖို့ကတော့ခက်ပါတယ်။ သူ့ကို အယောင်ပြ ဒီမိုကရေစီလို့ ခေါ်လို့ ရနိုင်မယ် ထင်ပါတယ်။ သူ့မှာ အယောင်ပြဒီမိုကရေစီ ပုံစံ အပေါ်ယံအချက်တွေ ဖြစ်တဲ့ ပါတီစုံရှိတာ၊ လွတ်လပ်စွာ မဲပေးခွင့်ရှိတာ၊ရွေးကောက်ပွဲရှိတာ၊ လွှတ်တော်မှာ အတိုက်အခံပါတီတွေက လူနည်းနည်းရှိတာ … စတဲ့ ဒီမိုကရေစီလုပ်ထုံး လုပ်နည်းတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး လွတ်လပ်ခွင့် ပြည့်ဝမှုနဲ့တိုင်းရင်တော့ အငြင်းပွားစရာတွေ အများကြီး ရှိလာနိုင်ပါတယ်။ အဲဒီလို ပါတီစုံ ရှိရဲ့သားနဲ့ဘာကြောင့် တစ်ပါတီ စနစ် ရှိနေတာလဲ ဆိုတာကိုတော့ နိုင်ငံတစ်ခုခြင်း သီးခြားလေ့လာရမယ်ထင်ပါတယ်။ယေဘူယျ ချပြီးတော့ ပြောဖို့ အဆင်မပြေနိုင်ပါဘူး။ အခြေခံအားဖြင့်တော့ အဆိုပါ နိုင်ငံတွေဟာပါတီစုံ စနစ်ဖြစ်လာဖို့ အားမပေးတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ နိုင်ငံရေး အခြေအနေတွေ ဖြစ်နေလို့ပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ်ပါ တစ်ပါတီစနစ်ဟာ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် အခွင့်အရေးနဲ့တန်တူညီမျှခွင့်ကို အနည်းနဲ့ အများ ဖယ်ကျဉ်ထားတဲ့ စနစ်ဖြစ်နေတာကြောင့် ဒီမိုကရေစီ စနစ်(စစ်စစ်) အဖြစ် “တစ်ပါတီစနစ်” ကို သတ်မှတ်ကြဖို့ ခက်ခဲပါတယ်။ ပါတီတစ်ခုတည်းက တိုင်းပြည်ရဲ့အာဏာ (၃) ရပ်ကို ချုပ်ကိုင်ထားတာကြောင့် လူနည်းစု လူမျိုးစုတွေရဲ့ မတူတဲ့ အမြင်တွေနဲ့မတူတဲ့ အခွင့်အရေးတွေ ငြင်းပယ်ခံရလေ့ရှိတာကို တစ်ပါတီစနစ် နိုင်ငံတွေမှာ တွေ့ရလေ့ ရှိပါတယ်။

တစ်ပါတီ စနစ်ကို ကြည့်ပြီးတဲ့အခါမှာတော့ ဒီမိုကရေစီ စနစ် (စစ်စစ်) မှာ အနည်ဆုံးတော့ ၂ ပါတီ (သို့) ၂ ပါတီထက် ပိုတဲ့ပါတီတွေ ရှိရမယ်လို့ ဆိုလိုသလို ဖြစ်လာပါတယ်။ ဒီအခါ ၂ ပါတီတည်း ရှိတဲ့ စနစ်ကို ၂ ပါတီစနစ် (two parties system) လို့ ခေါ်ဆို သတ်မှတ်ကြပါတယ်။ ၂ ပါတီဆိုတာဟာ ပါတီတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိလို့ ပါတီတွေ အများကြီး ရှိပေမယ့် ပါတီကြီး ၂ ခုကသာ အစိုးရ ဖွဲ့နိုင်ဖို့၊လွှတ်တော်မှာ အသာစီးရဖို့ သူနိုင် ကိုယ်နိုင် အပြိုင်ယှဉ်ပြိုင်ရတဲ့ စနစ်ကို ၂ ပါတီစနစ်လို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ယူကေနိုင်ငံက ကွန်ဆာဗေးတစ်ပါတီ (ConservativeParty) နဲ့ လေဘာပါတီ (Labour Party)၊ အမေရိကန်က ဒီမိုကရက်တ်ပါတီ (DemocraticParty) နဲ့ ရီပါဗလစ်ကန်ပါတီ (Republican Party) တို့ ဖြစ်ကြပါတယ်။ သူတို့နိုင်ငံတွေမှာပါတီ ၂ ခုတည်း ရှိကြတာတော့ မဟုတ်ပါဘူး။ ပါတီ အသေးလေးတွေ ရှိပေမယ့် ပါတီကြီး ၂ ခုတည်းကလွှမ်းမိုးထားတဲ့ အခြေအနေဖြစ်လို့ ၂ ပါတီ စနစ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ သို့သော် လက်ရှိယူကေနိုင်ငံ ပါတီ စနစ်ကိုတော့ ၂.၅ ပါတီစနစ်လို့ ခေါ်လို့ ရမယ် ထင်ပါတယ်။ ပါတီကြီး ၂ခု အပြင် သူတို့လောက် အားမကောင်းပေမယ့် အတော်အသင့်အားကောင်းတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက လက်ရှိ အစိုးရအဖွဲ့မှာ ညွန့်ပေါင်း အစိုးရအဖြစ်နဲ့ ပါဝင်နေလို့ ဖြစ်ပါတယ်။

တစ်ပါတီ စနစ်နဲ့ နှစ်ပါတီစနစ်ရဲ့ အဓိက ကွာခြားချက်ကတော့ အာဏာ အလွှဲအပြောင်းကိစ္စနဲ့ အတိုက်အခံပါတီ ရှိခြင်း ဖြစ်ပါတယ်။တစ်ပါတီ စနစ်မှာ တစ်ပါတီတည်း ကြီးစိုးပြီး တစ်ပါတီတည်းက အုပ်ချုပ်ပါတယ်။ အာဏာကို အခြားပါတီကိုအလွှဲအပြောင်းဆိုတာ မရှိတဲ့ စနစ်ဖြစ်ပါတယ်။ အတိုက်အခံပါတီဆိုတာ မရှိပါ။ ၂ ပါတီ စနစ်မှာတော့နှစ်ပါတီ ရှိပေမယ့် တစ်ပါတီက အုပ်ချုပ်ပြီး၊ အုပ်ချုပ်တဲ့ ပါတီကို ပြည်သူတွေက မထောက်ခံတော့ရင်ရွေးကောက်ပွဲမှာ ပြိုင်ဘက် ပါတီကို တိုင်းပြည်ရဲ့အာဏာ လွှဲပေးရတဲ့ ဖြစ်ရပ်မျိုး ဖြစ်စေတတ်ပါတယ်။ထိုအခါမှာ အာဏာလွှဲပြောင်းပေးလိုက်ရတဲ့ ပါတီဟာ အတိုက်အခံပါတီ ပြန်ပြီး ဖြစ်လာပါတယ်။ဒါကြောင့် ပါတီ ၂ ခုဟာ လူထုရဲ့ ထောက်ခံမှုကို ရအောင် အပြိုင် ကြိုးစားလာရပါတော့တယ်။လူထု ထောက်ခံမှ သူတို့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ဒီအခါ ပြည်သူရဲ့ဆန္ဒဟာ နှစ်ပါတီစနစ်မှာ တစ်ပါတီ စနစ်ထက် ပိုပြီး အရေးပါလာပါတော့တယ်။ တစ်ပါတီ စနစ်မှာပြည်သူ ထောက်ခံသည် ဖြစ်စေ မထောက်ခံသည် ဖြစ်စေ အချိန်တန်ရင် တစ်ခုတည်း ရှိတဲ့ပါတီက အုပ်ချုပ်တာဖြစ်တာကြောင့် ပြည်သူရဲ့ ဆန္ဒတွေဟာ အရေးမပါသလို ဖြစ်နေတတ်ပါတယ်။ နှစ်ပါတီ စနစ်မှာတော့ပြည်သူရဲ့ ထောက်ခံမှုရမှ အစိုးရဖွဲ့တာ၊ ဥပဒေပြုတာ လုပ်လို့ ရနိုင်မှာမို့ ပြည်သူ့ထောက်ခံမှုကိုရအောင် ၂ ပါတီက အပြိုင်ကြိုးစားရတာကြောင့် ပြည်သူ့ဆန္ဒဟာ အရေးပါလာပါတယ်။ အနိုင်ရ ပါတီဟာအမှားအယွင်းတွေ လုပ်လာရင် အတိုက်အခံ ပါတီကနေ ထောက်ပြတာကြောင့် အာဏာရပါတီဟာ စိတ်ထင်တိုင်းလုပ်လို့မရဘဲ မိမိ လုပ်ဆောင်မှုတွေကို ဂရုစိုက် တာဝန်ယူလာရပါတယ်။ ဒီအခါ ပြည်သူ့အကျိုးအစစ်အမှန်ကို ရှေးရှု့တဲ့ လုပ်ရပ်တွေကို ပါတီတွေက ကြိုးစား ဆောင်ရွက်လာကြပြီး ပြည်သူသာလျှင်အဓိကဆိုတာမျိုး အနည်းနဲ့အများတော့ ဖြစ်လာပါတယ်။

နှစ်ပါတီ စနစ်အပြင်နှစ်ပါတီတဲ့ ပိုတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ဆိုတာလည်း ရှိပါသေးတယ်။ နိုင်ငံတွင်းမှာ၂ ပါတီထက်  ပိုတဲ့ ပါတီတွေက လွှတ်တော်နဲ့ အစိုးရဖွဲ့စည်းရာမှာ ပါဝင်တာမျိုးကို ပါတီစုံ ဒီမိုကရေစီလို့ ခေါ်ဆိုနိုင်မယ် ထင်ပါတယ်။ ပါတီစုံစနစ်မှာလွှတ်တော်တွင်းနဲ့ အစိုးရ အဖွဲ့အတွင်းမှာ ပါတီတွေဟာ အင်အား တစ်ခုနဲ့ တစ်ခု အပြတ်အသတ်အသာစီး မရကြတာကြောင့် ဥပဒေပြုတာမှာ ဖြစ်ဖြစ်၊ အစိုးရဖွဲ့တာမှာ ဖြစ်ဖြစ် ပါတီ တစ်ခုတည်းရဲ့သဘောထားနဲ့ လုပ်လို့ မရတော့ပါဘူး။ ပါတီ ၂ ခု၊ ၃ ခု စုပေါင်းပြီး အစိုးရဖွဲ့တဲ့ ညွန့်ပေါင်းအစိုးရတွေ ဖြစ်လာပါတယ်။ ဥပဒေ တစ်ခု ပြဌာန်းဖို့ ပါတီတွေ အများစုက သဘောတူမှ လုပ်နိုင်တာဖြစ်လာပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ပါတီတစ်ခုတည်းက လုပ်ချင်တိုင်းလုပ်လို့ မရတော့ပါဘူး။ ပါတီစုံ နိုင်ငံတွေကို စကင်ဒီနေဗီးယန်း နိုင်ငံတွေမှာ အတွေ့များရပါတယ်။ဥပမာ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ … စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ပါတီတွေဟာမတိမ်းမယိမ်း အနိုင်ရကြပြီး ကိုယ်စားလှယ် အများဆုံးရတဲ့ ပါတီက ဦးဆောင်ပြီး မိမိနဲ့ပါတီမူဝါဒ ကွဲပြားမှု သိပ်မရှိတဲ့ ပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့ပါတယ်။ အစိုးရဖွဲ့ရာမှာမပါတဲ့ ပါတီတွေကိုတော့ အတိုက်အခံပါတီတွေလို့ သတ်မှတ်ပါတယ်။ အစိုးရ အဖွဲ့ဟာ ပါတီ တစ်ခုတည်းကဖွဲ့တာ မဟုတ်တာကြောင့် လူတန်းစား တစ်ခု၊ လူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံကို ကိုယ်စားပြုနေတာမျိုး ဖြစ်တာကြောင့်လူနည်းစုတွေကို ထိခိုက်တာမျိုးတွေကို မလုပ်နိုင်တာမျိုး ဖြစ်လာပါတယ်။

တစ်ပါတီစနစ်၊ ၂ ပါတီစနစ်၊ ပါတီစုံ စနစ်တွေရဲ့ အဓိက ကွာခြားချက်ကို ပြောရမယ်ဆိုရင် တစ်ပါတီစနစ်ဟာ အာဏာရှင်စနစ်ပုံစံနဲ့ ဆင်တူပြီး အာဏာအလွှဲအပြောင်းမရှိဘဲ တစ်ပါတီတည်းက အုပ်ချုပ်၊ တစ်ပါတီရဲ့သဘောနဲ့ လုပ်ချင်ရာ လုပ်တဲ့ စနစ်ဖြစ်ပါတယ်။ တစ်ပါတီစနစ်မှာ အတိုက်အခံဆိုတာ မရှိပါ။၂ ပါတီ စနစ်ကတော့ တစ်ပါတီတည်းက အုပ်ချုပ်ပေမယ့် ရွေးကောက်ပွဲတွေမှာ အာဏာအလှည့်အပြောင်းရှိနိုင်ပြီး ပြည်သူက ထောက်ခံတဲ့ ပါတီက အာဏာရလာနိုင်ပြီး အတိုက်အခံ ပါတီလည်း ရှိတာကြောင့်နိုင်ငံရေးမှာ အားမျှမှု ရှိပါတယ်။ ဒါ့အပြင် ပြည်သူတွေဟာ ၂ ခုထဲက တစ်ခုကို ပြတ်ပြတ်သားသားရွေးချယ်နိုင်ပြီး ပြည်သူက မိမိတို့ပါတီကို ထောက်ခံဖို့ရာ ကြိုးစားရတာကြောင့် ပြည်သူ့ဆန္ဒကိုရှေ့တန်းတင် ဆောင်ရွက်ရတာတွေ ရှိပါတယ်။

ပါတီစုံစနစ်နဲ့ ၂ပါတီ စနစ်ရဲ့ အဓိက ကွာခြားချက်ကတော့ ၂ ပါတီစနစ်မှာ အစိုးရအဖွဲ့ဟာ ပါတီတစ်ခုတည်းကနေဖွဲ့ရတာကြောင့် တိုင်းပြည်အတွက် လုပ်သင့်တယ်ထင်တာကို လုပ်ဆောင်ရာမှာ ထိထိမိမိ အတားအဆီးမရှိလုပ်ကိုင်နိုင်ပြီး လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်မှု မြန်ဆန်နိုင်ပါတယ်။ ပါတီစုံမှာတော့အစိုးရဟာ ပါတီ ၂ ခု (သို့) ၂ ခုထက် ပိုတဲ့ ပါတီက လူတွေနဲ့ စုပေါင်းဖွဲ့ထားရတာကြောင့်နိုင်ငံရဲ့ ကိစ္စတွေကို ဆုံးဖြတ်လုပ်ကိုင်ရာမှာ နှေးကွေးတာမျိုးနဲ့ ကြုံရလေ့ရှိပါတယ်။သို့သော် ပါတီစုံ စနစ်ရဲ့ အားသာချက်ကတော့ လူမျိုးတစ်မျိုး၊ အဖွဲ့တစ်ဖွဲ့တည်းက လုပ်ချင်ရာလုပ်လို့ မရတော့ဘဲ အားလုံးညှိနှိုင်းဆောင်ရွက်ရတာကြောင့် ပြည်သူအများရဲ့ သဘောဆန္ဒကိုတန်ဖိုးထားပြီး လုပ်ဆောင်ရလေ့ရှိပါတယ်။ ဒီအခါ တိုင်းပြည်အတွင်း တန်းတူအခွင့်အရေး ရရှိမှုတွေကိုပိုပြီး ကိုယ်စားပြုရာရောက်ပါတယ်။ 

ပါတီစနစ်တွေကို လက်ရှိဖြစ်ရပ်နဲ့ နှိုင်းပြီး ပြောရလျှင် .. ရခိုင်ကနေ တရုတ်ပြည်ကို သွယ်တန်းတဲ့ ဂစ်(စ)ပိုက်လိုင်းကိစ္စမျိုးမှာ တစ်ပါတီ စနစ် (သို့) အာဏာရှင် စနစ်မှာ ဆိုလျှင် ယခု မြန်မာပြည်မှာ ဖြစ်တဲ့ဖြစ်ရပ်အတိုင်း အစိုးရက မိမိသဘောနဲ့ လုပ်ချင်ရာ လုပ်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့သဘောဆန္ဒကို ထည့်မတွက်ဘဲ လုပ်တာမျိုး ဖြစ်ပါလိမ့်မယ်။ သို့သော် အာဏာရှင် စနစ်မှာတော့ပိုက်လိုင်း တလျှောက်က ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးထိခိုက်မှုကို ထည့်မတွက်ပဲ လုပ်ချင်ရာလုပ်ပါလိမ့်မယ်။ တစ်ပါစီ စနစ်မှာတော့ ပြည်သူရဲ့ အကျိုး ထိခိုက်မှုကို တစ်စုံတရာ ထည့်ထွက်ပြီးစဉ်းစားဆောင်ရွက်ပါလိမ့်မယ်။ သို့သော် မသေချာပါ။ အစိုးရအဖွဲ့ရဲ့ တာဝန်ယူတတ်မှု (သို့)စိတ်ကောင်းရှိမှုပေါ်မှာသာ မူတည်ပါလိမ့်မယ်။ ပြည်သူ့အကျိုးကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ထိန်းကျောင်းတဲ့ စနစ် မရှိလို့ ဖြစ်ပါတယ်။

နှစ်ပါတီ စနစ်မှာတော့ပိုက်လိုင်း မစခင် တရုတ်ပြည်နဲ့ စတင်ဆွေးနွေးကတည်းက လုပ်ဆောင်သင့်၊ မသင့်ကို ပါတီ ၂ခု အပြိုင်အဆိုင် ဆွေးနွေး ငြင်းခုန်ကြပြီး ပြည်သူကိုလည်း အသိပေးကာ လူများစုရဲ့ သဘောတူညီမှုကိုရယူပြီး ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အနိမ့်ဆုံးကတော့ ပြည်သူကို သေချာပေါက်အသိပေးပါလိမ့်မယ်။ ပြည်သူမသိဘဲ သဘောတူလက်ခံခဲ့ပြီး … စက်ယန္တယားတွေနဲ့ အလုပ် လုပ်တော့မှပြည်သူတွေက သိရတာမျိုး လုံးဝ မဖြစ်နိုင်ပါ။ ပြည်သူတွေရဲ့ နစ်နာချက်ကို ထည့်တွက်ပြီးဆောင်ရွက်ပေးသင့်တာတွေကို ဆောင်ရွက်ပါလိမ့်မယ်။ ပြည်သူ့နစ်နာချက်ကို ထည့်သွင်းမလုပ်ဆောင်ရင်နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရပါတီဟာ အစိုးရဖွဲ့နေရာကနေ အတိုက်အခံအဖြစ် အာဏာမဲ့ဘဝကို ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။ စနစ်က ထိန်းကျောင်းသွားတာ ဖြစ်ပါတယ်။

ပါတီစုံ ဒီမိုကရေစီစနစ်မှာဆိုရင် ဂစ်(စ) ပိုက်လိုင်း သွယ်တန်းဖို့ ကိစ္စကို အလွယ်တကူ လုပ်နိုင်မှာ မဟုတ်ဘဲလွှတ်တော်မှာ အကြီးအကျယ် ဆွေးနွေးတာတွေ လုပ်ရပါလိမ့်မယ်။ ပိုက်လိုင်းတည်ဆောက်တာကို ဆောက်ဖြစ်ချင်မှဆောက်ဖြစ်ပါလိမ့်မယ်။ အစိုးရ (သို့) လွှတ်တော်က သဘောမတူလို့ မဆောက်လုပ်ဖြစ်တာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ ပိုက်လိုင်း ဖြတ်သန်းသွားလာတဲ့ လမ်းတလျှောက်က ဒေသခံ ပြည်သူတွေအားလုံးရဲ့သဘောတူညီချက်ဟာ အဓိက အခရာကျလာပါလိမ့်မယ်။ လူမျိုးတမျိုး၊ လူအုပ်စု တစ်အုပ်စုတည်းရဲ့သဘောထားက အခရာ မကျတော့ပါဘူး။ လွှတ်တော်မှာ အနိုင်ရတဲ့ ပါတီတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ဒေသက ပြည်သူတွေ၊ မိမိတို့ကို ထောက်ခံတဲ့ ဒေသက လူတွေရဲ့ သဘောထားကို အဓိကထား စဉ်းစားကြလို့ဖြစ်ပါတယ်။ ပါတီတွေ အားလုံးက သဘောတူ လုပ်ဆောင်ခဲ့လျှင်လည်း စီးပွားရေး ငွေကြေး အကျိုးအမြတ်ထက်ပြည်သူတွေရဲ့ နစ်နာမှုကို ဦးစားပေး ဆောင်ရွက်ပေးရတဲ့ အလုပ်တွေကို ကျေနပ်အောင် ပြန်လည်အစားထိုးတာတွေကို အရင်လုပ်ကိုင် ပေးတာတွေ ဖြစ်လာပါလိမ့်မယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုအကြီးအကျယ် ထည့်တွက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကတော့အာဏာရှင် စနစ်နဲ့ တစ်ပါတီစနစ် ကြားက စနစ်ပဲ ဖြစ်သေးတာကြောင့် ပြည်သူရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်မှာကြီးကြီးမားမား မရှိသေးဘဲ အစိုးရအနေနဲ့ ပြည်သူ သဘောတူတူ၊ မတူတူ လုပ်ချင်ရာ လုပ်တာတွေကိုကြုံတွေ့နေရတုန်း ဖြစ်ပါတယ်။ ပြည်သူ့ သဘောထား ဆန္ဒကို လေးလေးနက်နက် ထင်ဟပ် ဆောင်ရွက်တာမျိုးတွေကိုမတွေ့ရပါဘူး။ ပြည်သူ့ ဆန္ဒကို ထင်ဟပ်အောင် ဆောင်ရွက်စရာ မလိုအောင် ပါတီ တစ်ခုတည်းက လက်ဝါးကြီးအုပ်ပြီး တိုင်းပြည် အာဏာကို ရယူထားလို့ ဖြစ်ပါတယ်။

အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲမှာပါတီကြီး တစ်ခု ဖြစ်ပြီး တစ်နိုင်ငံလုံးက လွှတ်တော် ကိုယ်စားလှယ် နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အင်အားရှိတဲ့ အမျိုးသားဒီမိုကရေစီ ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ ယှဉ်ပြိုင်လာနိုင်မယ့်အနေအထား ရှိလာရင်တော့ ၂ ပါတီ စနစ်ကို ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ၂၀၀၈ အခြေခံဥပဒေအရနိုင်ငံရဲ့အာဏာကို တပ်မတော်က အများအပြား ရယူထားတာကြောင့် ၂ ပါတီစနစ် ပုံစံ (စစ်စစ်)ဖြစ်လာဖို့ကတော့ ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေထဲက တပ်မတော်နဲ့ မဆိုင်တဲ့အာဏာတွေ ဖယ်ထုတ်ပြီးနောက် တိုင်းပြည်မှာ ဒီထက်ပိုပြီး အားကောင်းတဲ့ နိုင်ငံရေး ပါတီသစ်တွေထပ်မံပေါ်ပေါက်လာပြီး ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ပြည်သူ့ဆန္ဒကို ပိုမိုထင်ဟပ်တဲ့ နိုင်ငံတစ်ခု အဖြစ် ဖြစ်ပေါ်လာနိုင်ဖို့ကတော့အတော့်ကို အလှမ်းဝေးကွာနေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။ ပြည်သူတွေနဲ့ နိုင်ငံရေးမှာပါဝင် လှုပ်ရှားသူတွေဟာ မည်ကဲ့သို့သော ပါတီစနစ်ကို အကောင်အထည်ဖေါ်ကြမယ်ဆိုတာကတော့ အနာဂါတ်မြန်မာပြည်ရဲ့ ကံကြမ္မာ အဆုံး အဖြတ်ဖြစ်ပါလိမ့်မယ်။

တစ်ပါတီလား၊ ၂ ပါတီလား၊ပါတီစုံလား .. (သို့)  တစ်ပါတီဆိုတဲ့ ဒီမိုကရေစီဆိုရုံမျှ ဟန်ပြ ဒီမိုကရေစီလား၊ နှစ်ပါတီဆိုတဲ့ ဒီမိုကရေစီ စနစ်နဲ့ လူများစုရဲ့ ဆန္ဒလား၊ပါတီစုံ ဆိုတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဆန္ဒအများစုကိုပါ လေးစား တန်ဖိုးထားတဲ့နက်နက်ရှိုင်းရှိုင်း ဒီမိုကရေစီ စနစ်လားဆိုတာကတော့ … ပြည်သူတွေ အားလုံးနဲ့ နိုင်ငံရေးသမားတွေအားလုံးက နိုင်ငံရေး သတိ ရှိရှိနဲ့ စဉ်းစား ရွေးချယ် အကောင်အထည်ဖေါ်ရမယ့် တာဝန်သာ ဖြစ်ပါကြောင်း

(ကိုထိုက်)
၁၈.၀၈.၂၀၁၃

(စာကြွင်း။   ။မဇျွိမ သတင်းစာတွင် ဒီတပတ် ပါဝင်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါတယ်။)

ရုရှားရဲ့ ပဉ္စမမျိုးဆက်သစ် တိုက်လေယာဉ် PAK FA T-50 (အပိုင်း - ၂)



လေယာဉ်တည်ဆောက်မှုအပိုင်း
လေယာဉ်ကိုယ်ထည်ကို ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ ထုံးစံအတိုင်း ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အဆင့်မြင့် ကိုယ်ပျောက်နည်းပညာကို အသုံးပြုပြီး ဒီဇိုင်းရေးဆွဲထားတာပါ။ ကိုယ်ပျောက်နည်းပညာဆိုတာကို ကျွန်တော်ရှင်းပြရရင် သိပ္ပံဇာတ်လမ်းတွေထဲကလို လုံးဝကို မျက်မြင်မှာ ပျောက်နေတာမဟုတ်သလို ရေဒါမှာ လုံးဝကို မဖော်ပြနိုင်တာလဲမဟုတ်ပါ။ ရေဒါကလွှင့်ထုတ်လိုက်တဲ့ လှိုင်းတွေကို ပြန်လည် ရိုက်ခိုက်ပြီး ပုံဖော်နိုင်ခြင်းမပြုအောင် လေယာဉ်ဒေါင့်တွေကို ဒေါင်လိုက်ဒီဇိုင်းရေးဆွဲ ထားတဲ့အတွက်ကြောင့် ရေဒါမှာ လာဖော်ပြရင်တောင် ကြီးမားတဲ့ လေယာဉ်ကိုယ်ထည်အလိုက် မဖော်ပြပဲ ပတုံးလေးတစ်ကောင်ကဲ့သို့သာ ဖော်ပြပေးမှာဖြစ်လို့ ကိုယ်ပျောက်နည်းပညာလို့ တင်စားခေါ်ဝေါ်တာပဲဖြစ်ပါတယ်။ ကိုယ်ပျောက်နည်းပညာအတွက်က လေယာဉ်ကိုယ်ထည် ဒီဇိုင်းသာမက ကိုယ်ထည်ကို coating လုပ်ပေးထားတဲ့ ဆေးအမျိုးအစားပါ အဓိကကျပါတယ်။ ကိုယ်ပျောက်နည်းပညာ ပိုင်နိုင်ဖို့ဆိုတာက ထင်သလောက်တော့ မလွယ်ကူပါဘူး။ စမ်းသပ်မှုပေါင်းများစွာ နဲ့ တွက်ချက်မှုပေါင်းများစွာကို ပြုလုပ်ရမှာတော့ အသေအချာပါပဲ။ ယခု လေယာဉ်ကိုတော့ ကိုယ်ပျောက်နည်းပညာ stealth technology တင်မကပဲ supercruise နည်းပညာကိုပါ အသုံးပြုထားခြင်းလည်း ဖြစ်ပါတယ်။ Supercruise နည်းပညာ ဆိုတာက afterburner ကို အသုံးပြုရန်မလိုပဲ payload တွေ လက်နက်တွေ သယ်ဆောင်ထားရင်းနဲ့တောင် supersonic speed အသံထက်မြန်တဲ့ လျှင်မြန်နှုန်းနဲ့ ပျံသန်းလို့ရတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုယ်ထည်တည်ဆောက်မှု နည်းပညာမှတော့ F-22 ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ အားနည်းချက်တစ်ခုကတော့ ကိုယ်ထည်ဟာ F-22 ထက် အတော်အတန် ကြီးမားနေတာပဲဖြစ်ပါတယ်။

ပြီးတော့ အသုံးပြုထားတဲ့ နည်းစနစ်ကလည်း အဆင့်မြင့် avionic နည်းပညာများ၊ မှတ်ဥဏ်တုနည်းပညာစနစ် artificial intelligence system အဆင့်မြင့် အီလက်ထရောနစ်နည်းပညာသုံး active ရေဒါစနစ် active electronically scanned array (AESA) စတဲ့ နည်းပညာတွေကို အသုံးပြုထားတဲ့အပြင် နောက်ဆုံးမျိုးဆက် လက်နက်စနစ်များဖြစ်တဲ့ air to air, air to surface, air to ship missile များကိုပါ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ air to ship missile ဆိုရင် သူ့မှာ ကိုယ်ပိုင်ရေဒါ ကိုယ်ပိုင် GPS စနစ် ကိုယ်ပိုင် camera စနစ်တို့ပါ ပါဝင်တဲ့အဆင့်မြင့် သင်္ဘောဖျက်ဒုံးစနစ်ဖြစ်ပါတယ်။ ပစ်ခတ်လိုက်ပြီဆိုတာနဲ့ ရေပြင်အတိုင်း နီးကပ်စွာပျံသန်းပြီး သင်္ဘောမှ CIWS များရဲ့ ပစ်ခတ်မှုကိုပါ ရှောင်ရှားနိုင်ပြီး ပစ်မှတ်ကို ခြေမှုန်းနိုင်တာပါ။ နောက် air to air နဲ့ air to surface missile များ ဆိုရင်လည်း heat seeker နည်းပညာသာမက မှတ်ဥာဏ်တု နည်းပညာ GPS နည်းပညာ၊ လေဆာဖြင့် ထိန်းချုပ်နိုင်သော နည်းပညာ စတဲ့နည်းပညာများကိုထည့်သွင်းထားပါတယ်။ ဒါကြောင့် ပစ်ခတ်နိုင်တဲ့ ဒုံးစနစ် လက်နက်စနစ်တွေမှာလည်း F 22 ကိုတော့ ကောင်းစွာ ယှဉ်ပြိုင်နိုင်ပါတယ်။ တကယ်တော့ PAK FA T 50 မှာ F 22 ရဲ့ ကောင်းမွန်တဲ့ နည်းပညာတွေအပြင် စီမံကိန်းကို ရရှိခြင်းမရှိတဲ့ YF-23 ရဲ့ နည်းပညာတွေကိုပါ ပေါင်းစပ်ထည့်သွင်းထားတာကို PAK FA T 50 ရဲ့ နောက်ပိုင်းက V tails ဒီဇိုင်းကို ကြည့်မယ်ဆိုရင် သိသာပါတယ်။ အထူးနည်းစနစ် နဲ့ ပုံစံတွေ တပ်ဆင်ဒီဇိုင်းဆွဲ ထားတာကြောင့် အစဉ်အလာအတိုင်း လုပ်ဆောင်တဲ့ rudder စနစ်မဟုတ်ပဲ ပြည့်စုံစွာ လှုပ်ရှားနိုင်တဲ့ vertical tails အမျိုးအစားပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျက်အင်ဂျင်ရဲ့ intake အပေါ်မှာ Wing leading-edge devices များကို တပ်ဆင်ထားတာဖြစ်လို့ signature များကို ထိန်းချုပ်တဲ့နေရာမှာ စိန်ခေါ်မှုတော့ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အခက်အခဲ ကြီးကြီးမားမား မဟုတ်ပဲ ပြင်ဆင်လို့ရတဲ့ နေရာဖြစ်လို့ ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ F-22 ကို ကောင်းစွာ ယှဉ်ပြိုင်နိုင်တဲ့လို့ ဆိုရမှာပါ။ ပြီးတော့ လေယာဉ်လှုပ်ရှားပျံသန်းနိုင်မှု maneuverable အပိုင်းမှာ F-22 ထက်များစွာ သာလွန်ပြီး ကိုယ်ပျောက်နည်းပညာတည်ဆောက်မှု ကုန်ကျစရိတ်မှာလည်း F-22 ထက် အတော်လေးကို သက်သာစေပါတယ်။ ဒါဟာ တိုက်တံနီယံ ၇၅ ရာနှုန်း ကွန်ပိုဆစ် ၂၅ ရာနှုန်း အသုံးပြုထားတဲ့ လေယာဉ်ကိုယ်ထည်အပိုင်းနဲ့ လက်နက်သယ်ဆောင်မှုကို အင်ဂျင်နှစ်ခုကြားမှာ တပ်ဆင်နိုင်ရန် ဖန်တီးထားတဲ့ ကောင်းမွန်တဲ့ ဒီဇိုင်းများကြောင့်ပဲ ဖြစ်မှာတော့ မလွဲပါ။

နောက်ပြီး လေသူရဲတွေအတွက် အလွန်ကောင်းမွန်တဲ့ သတင်းကောင်းလဲ PAF FA T 50 မှာ ပါဝင်ပါတယ်။ အဲဒါကတော့ cockpit ကို 9G ဆွဲအား ခံနိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ် ပြီးတော့ လေသူရဲတွေဟာ အမြင့် ၂၃ ကီလိုမီတာမှာတောင် ဖိအားဒဏ်ခံနိုင်တဲ့ ဝတ်စုံသစ်နဲ့အတူ eject ပြုလုပ်နိုင်မှာဖြစ်လို့ အသက်အန္တရယ်အတွက်လည်း လွန်စွာစိတ်ချရတဲ့အနေအထားရှိပါတယ်။ ဒါဟာ ရုရှားတွေရဲ့ ejection seat အပိုင်းမှာ အခြား အနောက်နိုင်ငံ အမေရိကန်နိုင်ငံတွေထက် သာလွန်ကောင်းမွန်ဆဲရှိတယ်ဆိုတာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။ လက်နက်သယ်ဆောင်မှုအပိုင်းမှာဆိုရင်လည်း ၃၀ မမ canon နှစ်လက်ကို ကောင်းစွာ တပ်ဆင်ထားနိုင်ပြီး Kh-35UE (AS-20 "Kayak"), Kh-38ME, Kh-58UShKE (AS-11 "Kilter"), and RVV-MD (AA-11 "Archer") စတဲ့ missiles များကိုပါ ၇၅၀၀ kg အထိ အများဆုံး သယ်ယူပစ်ခဲ့နိုင်ပါတယ်။ ဒါကြောင့် F-22 နဲ့ ယှဉ်ရင်သော သယ်နိုင်တဲ့ပမာဏ အနည်းငယ် လျော့နည်းပေမယ့် သိပ်အကွာကြီးမဟုတ်လို့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ လက်ရှိ တပ်ဆင်ထုတ်လုပ်ထားတဲ့ နည်းပညာတွေအတိုင်းသာဆိုရင်တော့ ရုရှားရဲ့ နည်းပညာမြင့်မားမှုဟာ ယုံမှားသံသယရှိစရာ မလိုတော့ပါဘူး။ အမေရိကန်နည်းပညာက ရှေ့ရောက်နေတယ် ဆိုသော်ငြား ကောင်းစွာ ယှဉ်ပြိုင်နိုင်တယ် ဈေးနှုန်းလည်းသက်သာတယ် နောက်ထပ်သာလွန်တဲ့ aerobatic maneuver လည်း ကောင်းမွန်တာဖြစ်လို့ PAF FA T 50 လည်း အောင်မြင်မှုများကို ရယူပေးလိမ့်ဦးမှာပါ။

အပိုင်း (၃) ကို ဆက်လက်ရေးသားပါဦးမယ်။ (ခရီးဝေးထွက်စရာ အလုပ်ကိစ္စလေးလည်းရှိလို့ ရှေ့လာမယ့် အင်္ဂါ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့လောက်မှ ထပ်မံရေးသားနိုင်မှာပါ) အားလုံးကို ခေတ္တနှုတ်ဆက်ခဲ့ပါတယ်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

မြေထဲပင်လယ် အရှေ့ပိုင်း ရုရှား စစ်သင်္ဘောများ စေလွှတ်



မော်စကို၊ သြဂုတ် ၂၈

ဆီးရီးယားနိုင်ငံကို အနောက်နိုင်ငံများက စစ်ရေးအရ အရေးယူမည်ဟု သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် မြေထဲပင်လယ် အရှေ့ပိုင်းဒေသသို့ ဒုံးကျည်တင် စစ်သင်္ဘော တစ်စင်းနှင့် ရေငုပ်သင်္ဘောရန် ကာကွယ်ရေး စစ်သင်္ဘော တစ်စင်း စုစုပေါင်း နှစ်စင်းကို ရုရှားနိုင်ငံက စေလွှတ် လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒုံးကျည်တင် သင်္ဘောနှင့် ရေငုပ်သင်္ဘောရန် ကာကွယ်ရေး စစ်သင်္ဘော နှစ်စင်း မြေထဲပင်လယ် အရှေ့ပိုင်းဒေသသို့ လာမည့် ရက်ပိုင်းအတွင်း ရောက်ရှိမည်ဟု ရုရှား စစ်ဘက် အရာရှိများ ပြောကြားချက် ကို ကိုးကားပြီး Interfax သတင်းတွင် ဖော်ပြထားသည်။

ဒေသတွင်း ဖြစ်ပွားနေသော အခြေအနေများကြောင့် ယင်းသို့ စေလွှတ် ရခြင်း ဖြစ်သည်ဟု ဆီးရီးယား ပဋိပက္ခကို ရည်ညွှန်းပြီး ရုရှား စစ်အရာရှိများ က ပြောကြားသွားသည်။

သို့သော်လည်း ယင်းသို့ စစ်သင်္ဘောများ စေလွှတ်ခြင်းမှာ ဆီးရီးယား အရေးနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ မြေထဲ ပင်လယ်တွင်း ရုရှား စစ်သင်္ဘောများ တပ်စွဲထားရေး ရေရှည် အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ကြောင်း ရုရှား ရေတပ်က ရှင်းလင်း ပြောကြားသွားသည်။

မည်သည့်စစ်သင်္ဘော အမျိုးအစားဖြစ်ကြောင်း၊ စင်းရေ မည်မျှ ရှိကြောင်း စသည့် အချက်များကို ရုရှားရေတပ်က ထုတ်ပြန်သွားခြင်း မရှိပေ။

မြေထဲပင်လယ်တွင်းရှိ ရုရှားရေတပ် အင်အားကို တိုးချဲ့ရန် စစ်သင်္ဘော များ စေလွှတ်ခြင်း ဖြစ်ကြောင်းနှင့် တပ်လဲလှယ်မှု မဟုတ်ကြောင်း အချို့သော သတင်းများတွင် ဖော်ပြထားသည်။

ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်များက ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက စွပ်စွဲ ပြောကြား ထားပြီး မြေထဲပင်လယ် ဒေသတွင်းရှိ ရေတပ် အင်အား များကို ရွှေ့ပြောင်း နေရာချထားလျက် ရှိသည်။

သို့သော်လည်း ဓာတုလက်နက်သုံး တိုက်ခိုက်သည့် သက်သေ အထောက်အထား မရှိကြောင်း ရုရှားနိုင်ငံက ပြောကြားသည်။

ရုရှားနိုင်ငံသည် ဆီးရီးယားသမ္မတ အာဆတ်၏ အမာခံ မဟာမိတ်ဖြစ်ပြီး စစ်ရေးအရ စွက်ဖက် တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း၊ ပဋိပက္ခများ တွင်းသို့ ဝင်ရောက် ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိကြောင်း ရှင်းလင်း ပြောကြားထားသည်။

နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ


-------------
ရေးသားသူ- ထွန်းခိုင်28 August 2013

“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း...”အနန္တသူရိယ...

ပုသိမ်မြို့၏အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့် ဧည့်သည်အချို့ ယခုနှစ်သြဂုတ်လအတွင်းက ရောက်ချလာသည်။

သူတို့လက်ထဲတွင်တော့ သစ်သားဘောင်ကွပ်ထားသည့် အဖြူရောင်စာရွက်တစ်ခု ပါလာသည်။ အိမ်ထဲရှိ စိတ်ဝေဒနာခံစားနေရသည့် အမေအိုသည် အိမ်မကြီးနှင့် အိမ်ရှေ့အဖီအကြား အမိုးနှစ်ခုဆီမှ ထိုးကျနေသော အလင်းရောင်ကိုအားပြုလျက် စာရွက်ပေါ်မှ စာသားများကို အားစိုက်ဖတ်လိုက်သည်။

ဧည့်သည်ယူလာသည့်စာရွက်ကတော့ လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကတည်းက ပညာသင်ကြားရန် အိမ်ကထွက်ခွာသွားသည့် သူ၏သားဖြစ်သူတစ်ယောက် ဒီမိုကရေစီနှင့် အမှန်တရားအတွက် အသက်စွန့်သွားခဲ့ခြင်းကို ဂုဏ်ယူဝမ်းနည်းကြောင်း စာနာသူအချို့ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းဖြစ်သည်။

သူ၏သားဖြစ်သူသည် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် ကြို့ကုန်းစက်မှုတက္ကသိုလ် ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကိုစိုးနိုင်ဖြစ်သည်။ ထိုအရေးအခင်းသည် ကိုဖုန်းမော်အရေးအခင်းဟု လူသိများခဲ့သည်။

ကိုစိုးနိုင် ဆုံးပါးသွားခြင်းကြောင့် စိတ်ဝေဒနာခံစားခဲ့ရသည့် အမေအိုနှင့် သူတို့မိသားစုအဖို့တော့ ထိုဂုဏ်ပြုမှတ်တမ်းက လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခုဆီကို ပြန်လည်အသက်ဝင်ရောက်ရှိလာစေခဲ့သည်။

ပညာတော်ပြီး မိသားစုအပေါ် ရည်ရည်မွန်မွန်ဆက်ဆံတတ်သည့် ကိုစိုးနိုင်သည် ရန်ကုန်ကြို့ကုန်းစက်မှုတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် RIT ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည်လည်း အခြားကျောင်းနေဖက်သူငယ်ချင်းများလို ရည်မှန်းချက်အပြည့်ဖြင့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနေသူတစ်ယောက်ဖြစ်သည်။

အစ်မတစ်ယောက်၊ ညီငယ်နှစ်ယောက် အပါအ၀င် မိသားစုခြောက်ဦးရှိသည့် သူတို့မိသားစု၏အနာဂတ်သည် ကိုစိုးနိုင်ဖြစ်ခဲ့သည်။ သူ၏ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကစစ်ဗိုလ်၊ နောက်တစ်ယောက်က ဆရာဝန်အဖြစ် မိသားစုက ရည်မှန်းထားသည်။ ရည်မှန်းချက်ကြီးမားသော်လည်း အတန်ငယ်မပြည့်မစုံဖြင့် ရုန်းကန်နေရသည့် သူတို့မိသားစုအတွက်တော့ ကိုစိုးနိုင်တစ်ယောက် အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးပြီး ပြန်လည်ထောက်ပံ့ရေးက သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။

သို့သော်လည်း ပူပြင်းလှသော မတ်လ၏ အပူရှိန်အောက် ကြွေလွင့်ခဲ့သည့် သစ်ရွက်ခြောက်များလို အာဏာရှင်ဦးနေ၀င်းနှင့် သူ၏အပေါင်းအပါများ၏ ရက်စက်သည့် အာဏာစက်အောက်တွင် သူတို့မိသားစု၏ မျှော်လင့်ချက်များ တစ်စစီလွင့်ပါးခဲ့ရသည်။

ဝါဒဖြန့်ချိရေးဇာတ်ကားများတွင် ရည်မွန်သည့်ဟန်ပန်ရှိခဲ့သော်လည်း လက်တွေ့တွင် မာကျောခက်ထန်ပြီး ရက်စက်သည့် မျက်နှာထားများနှင့် လုံထိန်းအချို့သည် ကိုစိုးနိုင် ပညာသင်ကြားရာ အင်းစိန် RIT ၀င်းကို ၀ိုင်းထားလိုက်သည်။ သူတို့သည် ထိုနေ့မတိုင်မီ (၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်)နေ့က လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့်အရပ်သား စကားများရာမှ စတင်သည့်ပြဿနာကိုဖြေရှင်းရန် လာရောက်ကြခြင်းဖြစ်သည်။

အမိန့်နာခံသည်မှလွဲပြီး ဘာမျှလုပ်နိုင်စွမ်းရှိပုံမပေါ်သည့် လုံထိန်းတပ်သားများက သူတို့၏သေနတ်ပြောင်းဝကို ကျောင်းသားများဘက်ဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင်ရှိခဲ့သည့် ကိုမြင့်ဦးက ထိုနေ့ကအခြေအနေကို ပြန်ပြောပြသည်။

“သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက်ပစ်ခဲ့တယ်”

သူတို့ပစ်လိုက်သည့် ကျည်ဆန်များထဲမှ တစ်တောင့်က ကျောင်းသားများထဲ ကိုစိုးနိုင်၏ ဘယ်ဘက်ခါးနောက်ကို ထိမှန်သွားခဲ့ပြီး ကိုစိုးနိုင်တစ်ယောက်သည်လည်း မြေပေါ်လဲပြိုခဲ့ရသည်။လုံထိန်းပစ်လွှတ်လိုက်သော သေနတ်ကျည်ဆန်သည် သူ၏ရှေ့မှ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်ကိုသာမက သူ့အား မျှော်လင့်တကြီးစောင့်မျှော်နေသည့် အခြားမိသားစုဝင်များ၏ဘ၀ကိုပါ လဲပြိုစေသည်ကို လုံထိန်းရဲဘော် သိဟန်မတူ။ ပွဲချင်းပြီးသေဆုံးသွားသော ကိုဖုန်းမော်၊ ဆန္ဒပြကျောင်းသား ကိုစိုးနိုင်နှင့် ကိုမြင့်ဦး အပါအ၀င် ကျောင်းသားခြောက်ဦးထက်မနည်း သေနတ်မှန်ခဲ့ရသည်။

“ကျွန်တော်တို့ ဆေးရုံရောက်ပြီးနောက် ၃ နာရီလောက်ကြာမှ ကိုစိုးနိုင်ရောက်လာတယ်”ဟု အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးကပြောသည်။

ငြိမ်းချမ်းစွာစုဝေးနေကြသည့် ကျောင်းသားများအား လုံထိန်းများက သေနတ်ဖြင့်ပစ်သတ်သည်ဆိုသော သတင်းကိုကြားရပါက ရက်စက်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးကောင်းပေးလိမ့်မည်။ သို့သော်လည်း အာဏာရှင်ဦးနေ၀င်းနှင့် အပေါင်းအပါများက ကိုစိုးနိုင်အပေါ်လုပ်သည့် လုပ်ရပ်များက ရက်စက်သည်ဆိုသည့်စကားထက်ပင် ပိုကောင်းပိုလိမ့်မည်။

ဒဏ်ရာရနေသော အခြားသူငယ်ချင်းများနှင့် ကိုစိုးနိုင်ကို ဆေးရုံသို့ သယ်ဆောင်မည့် မော်တော်ယာဉ်ကို အာဏာပိုင်များက တားမြစ်ခဲ့သည်။ ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ခြေလက်များကို သံကြိုးများအသုံးပြုကာ ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။

ရန်ကုန်မြို့မှ လေးနာရီခန့်သွားရသည့် ပုသိမ်မြို့တွင်နေထိုင်သည့် ကိုစိုးနိုင်မိသားစုဝင်များက သူ၏သတင်းကိုကြားရတော့ သူ့ဖခင်က သားနောက်လိုက်ဖို့ပြင်သည်။ အိမ်ဆောက်ရန်အတွက် ၀ယ်ယူထားသည့် ပျဉ်းကတိုးသစ်များကိုရောင်းချပြီး လမ်းစရိတ်လုပ်ရသည်။ သူ၏ဖခင်ဖြစ်သူ ပုသိမ်မြို့မှထွက်လာတော့ ယာယီဆောက်ထားသည့်ဝါးတဲလေးထဲတွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို စောင့်ရှောက်နေရသည့် ဆယ်တန်းဖြေမည့် ညီငယ်နှစ်ဦးနှင့် ကိုစိုးနိုင်၏အစ်မတို့ စိုးရိမ်စိတ်ဖြင့် ကျန်နေခဲ့ရသည်။

ကိုစိုးနိုင်၏ဖခင်ဖြစ်သူသည် ဦးနေ၀င်း၏လမ်းစဉ်ပါတီဝင်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ယခုခေတ်အဆိုအရ တိုင်းဒေသကြီးအလုပ်သမားဝန်ကြီး အဆင့်လောက်အထိ တာဝန်ယူခဲ့ဖူးသည်။ သို့သော်လည်း အာဏာရှင်တို့သည် သူတို့အုပ်စိုးနိုင်ရေးကို ထိခိုက်လာမည်ဆိုပါလျှင် ဘာကိုမှအရေးမထား။ RIT ကျောင်းဝင်းထဲတွင် ပစ်သတ်ခဲ့သော ကိုဖုန်းမော်တစ်ယောက်သည်လည်း လမ်းစဉ်လူငယ်ခေါင်းဆောင်တစ်ဦးပင် မဟုတ်ပါလား။

ကိုစိုးနိုင်ဖခင် ရန်ကုန်ရောက်တော့ သေနတ်ဒဏ်ရာရ သားဖြစ်သူက ဆေးရုံခုတင်နှင့် လက်ထိတ်၊ ခြေထိတ်များ တွဲလျက်။ သေနတ်အပစ်ခံရအပြီး ၂၃ ရက်အကြာ ကိုစိုးနိုင်တစ်ယောက် အသက်ဆုံးခဲ့ရသည်။

“အဖေပြန်ပြောပြတာကတော့ သူဆုံးခါနီးမှာ မိသားစုအပေါ် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပါလို့ မှာသွားတယ်”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကပြောသည်။

“ဆုံးခါနီးသုံးရက်လောက်မှာ ရဲရဲတောက်တို့ဗမာတွေသီချင်းကို သူတောက်လျှောက်ဆိုနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က အခြေအနေဆိုးနေခဲ့တာ။ သူက လာကြည့်တဲ့သူတိုင်းကို ကျွန်တော့်ကို ဂရုစိုက်ဖို့ပဲမှာနေတာ”ဟု နောက်ဆုံးအချိန်ထိ ကိုစိုးနိုင်ဘေးတွင် ရှိနေခဲ့သည့် ကိုမြင့်ဦးကပြောသည်။

ရန်ကုန်တွင် အကျဉ်းချုံးကျင်းပခဲ့ရသည့် အသုဘအပြီး ဖခင်ဖြစ်သူက တိတ်တဆိတ် ပုသိမ်မြို့သို့ ပြန်လာခဲ့ရသည်။ ကိုစိုးနိုင်၏ညီငယ်နှစ်ဦးစလုံး ဆယ်တန်းစာမေးပွဲဖြေနေဆဲမို့ သူ့အစ်ကိုသတင်း မပြောရက်သောကြောင့် ဖခင်ဖြစ်သူက အိမ်တန်းမပြန်ခဲ့ဘဲ ပုန်းနေခဲ့ရသည်။

“အငယ်နှစ်ယောက် စာမေးပွဲပြီးတဲ့နေ့မှ အဖေကပြောတယ်။ ကျွန်မလည်း မြေမှာလူးလှိမ့်ပြီး ငိုခဲ့ရတယ်။ အဖေက ငါနဲ့အတူတူနေချင်ရင် အကျယ်ကြီးမငိုနဲ့။ ငါတို့တွေ အဖမ်းခံရမယ်။ ကျွန်မတို့မိသားစုတွေ ချက်ချင်းပဲ ရက်လည်ဆွမ်းသွတ်ဖို့ စီစဉ်ခဲ့ရတယ်”ဟု ဒေါ်မြင့်မြင့်ဦးကပြောသည်။

ကိုစိုးနိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း အစိုးရ၏ခြိမ်းခြောက်မှုကို ကြောက်ရွံ့သောကြောင့် သူတို့မိသားစုနှင့်ပတ်သက်ဖို့ ၀န်လေးကြသူအချို့ ရှိခဲ့သည်ဟု သူကပြောသည်။ ထိုအထဲတွင် ဆွေမျိုးအချို့ပင် ပါဝင်ခဲ့သည်။

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ဆိုရမည့် ဦးနေ၀င်းနှင့် သူ့နောက်လိုက်များက ဒီတင်မရပ်သေး။ ကိုစိုးနိုင်၏ညီ ဆယ်တန်းကျောင်းသားများကိုပါ ဖိအားပေးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။

“အစ်ကိုဆုံးတဲ့နှစ်မှာ ကျွန်တော်စာမေးပွဲရှုံးတယ်။ ဖြေနိုင်ရက်သားနဲ့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက (ခ)အဆင့်နဲ့ အအောင်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ (ခ)တောင်မပါဘူး။ အားလုံးကနားလည်လိုက်တယ်။ တမင်လုပ်တာလို့”ဟု ကိုစိုးနိုင်၏ညီငယ် ကိုအောင်ကျော်စိုးကပြောသည်။

နောက်တစ်နှစ်ဆက်နေတော့ သူ့အစ်ကိုလိုပင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ သို့သော်လည်း အတိတ်ကအကြောင်းများကြောင့် ပညာရေးကို သူစွန့်လွှတ်လိုက်သည်။

ကိုစိုးနိုင်၏ဖခင်တစ်ယောက်လည်း စိတ်ဖိစီးမှုများခံစားရင်းက ကိုစိုးနိုင်သေဆုံးပြီး နောက်တစ်နှစ်အကြာ ကွယ်လွန်သွားခဲ့ရသည်။

လွန်ခဲ့သော ၂၅ နှစ်ကျော်က လုံထိန်းရဲဘော်ပစ်လိုက်သည့် ကျည်ဆန်များ၏ အကျိုးဆက်ကို သူတို့မိသားစု ခံစားနေရဆဲဖြစ်သည်။ ၂၅ နှစ်တာကာလ ဒီရက်ပိုင်းတွေအတွင်း လက်ချိုးရေ၍ရသော သူအချို့မှလွဲပြီး မည်သူကမှ စာနာသနားကြောင်း သူတို့မိသားစုဝင်များဆီ လာရောက်နှစ်သိမ့်ခြင်း မရှိခဲ့ဖူးပေ။

သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံအစ၊ သေနတ်ဒဏ်ရာဖြင့် အစောဆုံးကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦး၏ မိသားစုဝင်များဘ၀မှာ ခက်ခဲစွာရုန်းကန်ခဲ့ရသည်။ ထို့အတွက် ကြေညာချက်များ လှိုင်လှိုင်ထုတ်လေ့ရှိသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများဘက်ကရော၊ ဘိန်းဘုရင်ကြီးလော်စစ်ဟန် ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောလေ့ရှိသည့် အစိုးရဘက်အရာရှိများဘက်ကပါ စာနာမှုတစ်စုံတစ်ရာ သူတို့မရခဲ့ကြ။

လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း အရေအတွက်အတိအကျ မသိနိုင်သည့်နိုင်ငံသားများ ကိုစိုးနိုင်လို အသက်ပေးခဲ့ရသည်။ သူတို့၏မိသားစုဝင်များ လူ့အသိုင်းအ၀ိုင်းကြားထဲတွင် ပေးဆပ်မှုနှင့်မတန်အောင် မည်မျှနစ်နာနေမှန်း ဘယ်သူမှအတိအကျမသိခဲ့ကြ။

“ကျွန်မတို့မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆိုပြီး နောင်တမရမိခဲ့ဘူး။ ကျွန်မတို့မိသားစု ဂုဏ်ယူရတာပေါ့။ ဒါကို ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူး”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကဆိုသည်။

ပြီးတော့ အဝေးကိုငေးနေခဲ့သည်။ ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။

ဓာတ်ပုံ- ကိုမြင့်ဦး

ကျောင်းထုတ်ခံရသည့် နေပြည်တော် ဆရာမ ကိစ္စ

ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး
==============================

======

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်း ပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရပင်စင်ပေးလိုက်
ခြင်းဖြစ်ကြောင်း သိရသည်။

ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ ၁၅ ရက်တွင် လက် မှတ်ရေးထိုး၍ ပညာရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်းဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်
သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

မယူမနေရပင်စင် ပေးလိုက် သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်း
ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆ ပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြား ရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေ ဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော် သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့်မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန်
ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြ သည်။

ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန် ကုန်ကို အကြောင်းမကြားဘဲသွား တာ၊ ၈၈ ပွဲအခမ်းအနား သတင်း စာရှင်းလင်းပွဲတက်တာ။ ကျွန် မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကိုတက်လို့ ရည်ရွယ်ပြီးဖြုတ်တာ''ဟုပြောသည်။

ယခုကဲ့သို့ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန် အ ရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က အပြင်းအထန်ဆန့်ကျင် ကြောင်း ပြောကြားလိုက်သည်။

''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆို ရင်တော့ ပညာရေးဝန်ကြီးဌာန က တော်တော်လွန်တယ်''ဟု ၄င်းက ပြောသည်။

၈၈ အရေးတော်ပုံကို ယခင် အစိုးရက ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြ ခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်းအောင် လုပ်ခဲ့ကြတာမျိုး ရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုလိုသာ ဆိုပါက ထိုပွဲကို တက်ရောက်ခဲ့ သော ဝန်ကြီး ဦးအောင်မင်းအပါ အဝင် အခြားအစိုးရဝန်ထမ်း တို့ကိုပါ ပွဲ တက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေး စရာရှိကြောင်းဟု ဦးသန်းထိုက် အောင်က ဆက်ပြောသည်။

PN-051
 
 


ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခြင်း ~
Written by တက္ကသိုလ်ဆရာဆရာမများအသင်း

တက္ကသိုလ်ဆရာ/ဆရာမများအသင်း -
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှ အလယ်တန်းပြဆရာမ၊ ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခြင်း
၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆုတ် (၆) ရက်နေ့ (တနင်္လာနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့

၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန် ထမ်းဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်အား (၁) ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ (၂) ခွင့်ပြုချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ (၃) နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းအား တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ကာယကံရှင် ဆရာမ ဒေါ်စိုးစိုးခိုင်နှင့်ထပ်တူ လွန်စွာ အံ့သြ တုန်လှုပ်ဝမ်းနည်းမိပါသည်။

၂။ လုပ်သက် (၁၈) နှစ်ပြည့်သည်အထိ နိုင်ငံတာဝန်ကိုကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းတစ်ဦးအား ခွင့်မဲ့ (၅) ရက် ပျက်ကွက်ရုံမျှ၊ ခွင့်ပြုချက်မဲ့ နယ်ဝေး ခရီးသွားခဲ့ရုံမျှဖြင့် ရာထူးမှ ထုတ်ပယ်သည်အထိ အရေးယူခဲ့ခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ်လုံးဝ မျှတမှု မရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ ၀န်ထမ်းစည်းမျဉ်း ၊စည်းကမ်းများကိုမျက်ကွယ်ပြုပြီး၊ ပုဂ္ဂိုလ်ရေး အာဃာတဆန်ဆန် လုပ်ပိုင်ခွင့် အာဏာကိုလွန်ကဲစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့သည်ဟု သုံးသပ်ရပါသည်။

၃။ နိုင်ငံဝန်ထမ်းတစ်ဦး မြန်မာနိုင်ငံ၏သမိုင်းတွင် မော်ကွန်းတင်ရမည့်ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံငွေရတုအခမ်းအနားသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်မိသည့်အတွက် နိုင်ငံဝန်ထမ်းတစ်ဦးအား ရာထူးမှ ထုတ်ပယ်ခြင်းသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဦးဆောင်ဦးရွက်ပြုပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တစ်ရပ်လုံးမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးအပေါ် ပညာရေးဝန်ကြီးဌာနမှ မထီမဲ့မြင် ပျက်ရယ်ပြုသည့် သဘောသက်ရောက်နေ ပါသည်။ ထိုပြင်၊ ၈၈၈၈ အရေးတော်ပုံသည် လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခု၊ လူတန်းစားအလွှာတစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ မြန်မာနိုင်ငံသားပြည်သူတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာန၏ပြုမှုဆောင် ရွက်ချက်များသည် မြန်မာပြည်သူ တစ်ရပ်လုံးနှင့် မြန်မာ့သမိုင်း၏အကြီးအကျယ်ဆုံးအရေးတော်ပုံကြီးအား သေးသိမ်အောင် ဆောင်ရွက်လိုက်သည့် သဘော သက်ရောက်နေပါသည်။

၎။ မိမိတို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် စည်ကမ်းဥပဒေ ပျက်ကွက်ခဲ့သော နိုင်ငံဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေး ဆန်ဆန် ကာကွယ်လို၍ မဟုတ်ဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်အား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာ ရည်ရွယ်ပါသည်။

၅။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်း ဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်၏ အမှုကိစ္စသည် ကာယကံရှင် တစ်ဦးတည်း၏ကိစ္စဟု မှတ်ယူ၍မရဘဲ၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တာဝန် ထမ်းဆောင်လျက်ရှိကြသော ဆရာ/ဆရာမများ (အဆင့်မြင့်/အခြေခံ)၊ ၀န်ထမ်းများ၏ ဘ၀လုံခြုံရေးကို တိုက်ရိုက်ခြိမ်း ခြောက်နေသော အရေးအရာကိစ္စဖြစ်သည်ဟု ယူဆရသည့်အတွက်လည်းကောင်း၊ အပိုဒ် (၂) နှင့် (၃) တွင် ဖော်ပြခဲ့သည့်အတိုင်း လုပ်ပိုင်ခွင့် အာဏာကို လွန်ကဲစွာအသုံးပြုပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် အာဃာတဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည့်အတွက် ကြောင့်လည်းကောင်း၊ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် နိုင်ငံ၏သမိုင်းမော်ကွန်းဝင် ၈၈၈၈ အရေးတော်ပုံ ကြီးနှင့် မြန်မာ တစ်မျိုးသားလုံးအား သေးသိမ်အောင် ပြုမူခဲ့ခြင်း ဖြစ်သည်ဟုယူဆရသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ပြုမူ ဆောင်ရွက်ချက်အား မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

၆။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖေါ်ပြပါကိစ္စရပ်များအား အပြည့်အ၀တာဝန်ခံရမည်ဖြစ်ပြီး၊ ဖြစ်စဉ်တစ်ရပ်လုံးအား ပုဂ္ဂိုလ်ရေးအာဃာတ၊ အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ရန်၊ အများပြည်သူအား ယနေ့မှစ၍ (၁၅) ရက်အတွင်း ဥပဒေနှင့်အညီပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြန်လည် ရှင်းလင်ချက်၏ ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ဤကန့်ကွက်လွှာကို အသိပေး ထုတ်ပြန်လိုက်သည်။

တက္ကသိုလ်ဆရာဆရာမများအသင်း (UTA)

(မောက္ခပညာရေးမဂ္ဂဇင်း)




 ပညာရေးဝန်ကြီးဌာန ရှင်းလင်းချက်


"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"

ဩဂုတ် ၂၉ ၂၀၁၃

၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြ ဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်း စတင်ဖွင့်လှစ်ပါသည်။ ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်း ချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။

ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ပါ။ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်း အုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါသည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။

အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ်စနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက်ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ ၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များတွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃မှစ၍ တွဲဖက်အမိန့် ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။

ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက်သွယ်ဘဲ အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။

စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွထွေသွေေးအားနည်း ရောဂါဖြင့် ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့ မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှ သာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှဝန်ခံခဲ့ပါသည်။

ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော်လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော် လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည်ဝန်ထမ်းစည်းကမ်းကိုအကြိမ်ကြိမ်လိုက်နာမှု မရှိခြင်းကြောင့်အမှတ်(၂)အခြေခံ ပညာဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ရက်နေ့တွင် မယူမနေရအငြိမ်းစားပေးရန်ဆုံးဖြတ်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများတွင်အလားတူခွင့်မဲ့ပျက်ကွက်ခြင်းနှင့်အမိန့်မနာခံခြင်းများကိုဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့်စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal(သို့မဟုတ်)Dismiss ပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။

သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ECဆုံးဖြတ်ချက်အရremovalအမိန့်ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့်ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက် http://www.moi.gov.mm/news/30/08/2013/id-796 မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Posted From Popular Myanmar News Journal




ပညာရေးဝန်ကြီးဌာနရဲ့  မတရားဖြေရှင်းချက်ကို ဆက်လက်တုန့် ပြန်သွားမည်။

ဆရာမဒေါ်စိုးစိုးခိုင်မှာ သွေးအားနည်းရောဂါ အမှန်တ ကယ်ဖြစ်နေပြီး ဆေးကုသမှုခံယူနေရတယ်ဆိုတာကို လိမ်ညာခဲ့ပါတယ် ဆိုပြီး ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ ဗြောင် လိမ်ပြီး ကြေညာလိုက်ပြန်ပြီ။

အလုပ်သမားတွေ ၀န်ထမ်းတွေမှာ ခွင့်ခံစားပိုင်ခွင့်တွေ ရှိကြပါတယ်။ တစ်နှစ်အတွင်း ရသင့်တဲ့ ခွင့်ရက် (Annual Leaves)၊ နှစ်ရှည်ကြာ လုပ်သက်ခွင့် (Long Service Leaves) ၊ ကျန်းမာရေးခွင့် (Sick Leaves With Medical Certificate and Without Medical Certificate)၊

မိသားစုစောင့်ရှောက်မှုခွင့် (Carer Leaves)၊ သားဖွားမှုဆိုင်ရာခွင့် (Maternity Leaves)၊ မိဘအုပ်ထိန်းစောင့်ရှောက်မှုခွင့် (Parental Leaves) နဲ့  အရေးပေါ်အလုပ်ပျက်ကွက်မှု ခံစားပိုင်ခွင့် (Emergency Absence) ဆိုပြီး ခံစားပိုင်ခွင့်တွေ ရှိကြပါတယ်။

ထို့ အတူ တစ်နှစ်အတွင်းမှာ ကျောင်းချိန်နောက်ကျတာ (၄၃) ရက်ရှိပြီဟု ဆိုထားရာတွင် မည်သည့်အထောက်အထား ခိုင်ခိုင်လုံလုံနှင့်မျှ ဖေါ်ပြထားခြင်း မရှိပေ။ ယခုကဲ့သို့  အကြောင်းပြ ထုတ်ပယ်သည့်အခါမှသာလျှင် တွက်ချက်ဖေါ်ပြခြင်းသည် မတရားပြစ်ဒဏ်ပေးရန် ဖန်တီးသောအချက်တစ်ခုသာ ဖြစ်ပေသည်။

ထို့ အပြင် ဆိုးရွားလှသော ဖေါ်ပြချက်မှာ ၀န်ထမ်းများအနေဖြင့် “၀န်ထမ်းစည်းမျဉ်းအရ နယ်မြေကျော်လွန် သွားလာခွင့် တင်ပြရမည်” ဆိုသော အချက်ပင်ဖြစ်သည်။ ဤအချက်သည် ၀န်ထမ်းများအပေါ် မတရားဆောင်ရွက်ထားသော ကန့် သတ်ချူပ်ခြယ်မှု ဖြစ်သည်။

ပြည်သူ့ ဝန်ထမ်းများအား ရာဇ၀တ်သားများသဖွယ် ခြေချုပ်အမိန့် အား သွယ်ဝိုက်ပြဌာန်းလိုက်နာခိုင်းခြင်ပင် ဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီနိုင်ငံကြီးများတွင် အလုပ်သမားတစ်ဦးအနေဖြင့် ခွင့်ရက်တောင်းခံရာတွင် ခွင့်တောင်းခံရခြင်း အကြောင်းရင်းအား ခွင့်ရက်ရပိုင်ခွင့်ထဲမှ ဖြစ်ပါက ဘာလုပ်မည် ဘယ်သွားမည်ဟု အသေးစိတ် ဖေါ်ပြစရာ မလိုပေ။

ကိုယ်ရေးကိုယ်တာကိစ္စအား အလုပ်ရှင်မှ သိစရာ မလိုသလို ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မေးမြန်းပိုင်ခွင့် မရှိပေ။ ထို့ အတူ အဆိုပါ ၀န်ထမ်းသည် မည်သည့်ဒေသမဆို သွားလာပိုင်ခွင့် ရှိသည်မှာ ၄င်းး၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်ကာ မည်သည့်ဒေသသို့  သွားလာရောက်ရှိခဲ့သည်ကို မည်သည့်အလုပ်ရှင်ကိုမျှ သတင်းပို့ စရာ မလိုပေ။

ယခုကဲ့သို့  ထုတ်ပြန်ကြေညာခဲ့သော ပညာရေးဝန်ကြီးဌာန ၏ ဖြေရှင်းချက်သည် ၄င်းတို့  မတရားမှုကို ဖုံးကွယ်ရန် အကြောင်းပြကာကွယ်ခြင်း၊ ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်အပေါ် မတရားလုပ်ဆောင်မှု အကြောင်းပြ ဖန်တီးမှုသာ ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် သိက္ခာရှိရှိ သမာသမတ်ရှိရှိ အသိပညာရှိရှိဖြင့် မှန်ကန်မျှတစွာ ဆောင်ရွက်ရမည့်အစား ယခုကဲ့သို့  ကလိမ်ကကျစ်ကျစွာ လုပ်ဆောင်ခြင်းသည် အလွန့် အလွန် ရှက်ဖွယ်တိတိပင် ဖြစ်ပေသည်။

ဤကဲ့သို့  ပညာရေးဝန်ကြီးဌာန၏ လိမ်ညာဖြေရှင်းချက် ထုတ်ပြန်ခြင်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ ဆရာမများ၊ ပညာရေးပိုင်းဆိုင်ရာ ၀န်ထမ်းများ၊ ပညာသင်ကြားနေသော ကျောင်း သူကျောင်းသားများ၏ ဘ၀ပေါင်းများစွာအတွက် ထိခိုက်စေသည်သာမက မြန်မာနိုင်ငံ၏ ပြည်သူ့ ဝန်ထမ်းအားလုံးအား မထေမဲ့မြင် မတရား စော်ကားလိုက်ခြင်းဖြစ်သည်ဟု ဆိုလိုက်ရပါသည်။

ပညာရေးဝန်ကြီးဌာန၏ မမှန်ကန်သော ဖြေရှင်းချက် အား ပြန်လည်ရုပ်သိမ်းပြီး ကျောင်းဆရာမတစ်ဦးအပေါ် မတရားလုပ်ဆောင်မှုအား တရားဝင် တောင်းပန်ခြင်း မပြုပါက ပြည်သူ့  ၀န်ထမ်းအပေါင်းမှ ဆက်လက်ကန့် ကွက်သွားကာ တရားမျှတမှု ရရှိသည်အထိ လက်တွေ့ တုန့်  ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်။

Posted From Nik Nayman
 
 
 

မုတ်သုံအတွေး -ဒေါ်အောင်ဆန်းစုကြည်



30 August 2013

“မုတ်သုံ” ဆိုတဲ့စကားလုံးဟာ ကျမတို့အတွက်တော့ အမြဲနားဝင်ချိုလှပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ မိုးရာသီဆို အတိတ်ဆီကို လွမ်းဆွေးတမ်းတတာထက် ချစ်ကြည်နူးဖွယ်ရာ အဖြစ် မှတ်ယူကြပါတယ်။

ကလေးဘ၀တုန်းက ကျမမွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်ဝရံတာကနေပြီး မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ထူထပ်တဲ့ မိုးတိမ်တွေဆီကနေ တ၀ုန်းဝုန်းနဲ့ ရွာချလိုက်တဲ့ မိုးသံတွေကို နားထောင်ခဲ့ပါတယ်။ အဲဒီလို ကြည်လင်တောက်ပတဲ့ မိုးစက်တွေကျလာပြီ ဆိုရင်ဖြင့် သီချင်းအင်မတန် ကြိုက်နှစ်သက်တဲ့ အစ်ကိုဝမ်းကွဲ တစ်ယောက်ဟာ ခေတ်ပေါ်သီချင်း တစ်ပုဒ်ထဲက “အို….ရွှေမိုးရယ် ညိုပြီပေါ့ကွယ်…” ဆိုတဲ့ အပိုဒ်လေးကို ညည်းပါတော့တယ်။ သူညည်းတဲ့ စကားလုံးတွေဟာ ကဗျာ စကားလုံးလား၊ အပျော်သဘောနဲ့ ညည်းတာလားဆိုတာကိုတော့ ကျမလည်း မဆုံးဖြတ်တတ်ခဲ့ပါဘူး။ မိုးတိမ်ညိုနောက်ကွယ်ကနေ အလင်းရောင်ရဲ့ ရိုက်ခတ်မှုကြောင့် ကျလာတဲ့ မိုးစက်တွေဟာ တစ်ခါတလေမှာ ရွှေရောင်တလက်လက်နဲ့ တွေ့မြင်ရတဲ့အတွက် ဒီစကားလုံးနဲ့ ဖော်ကျူးတာဟာ လိုက်ဖက်သင့်တော်တယ်လို့ ကျမအနေနဲ့ လက်ခံပါတယ်။

ဒီလိုမိုးရွာပြီဆိုရင် အတိအကျ ပြောလို့မရတဲ့ အတိတ်က အကြောင်းအရာတွေကို လွမ်းသလိုလို၊ ဆွေးသလိုလို ခံစားကြတဲ့ လူကြီးတွေရဲ့ ခံစားချက်မျိုး ကျမသိပ်ခံစားချင်ပါတယ်။ ဒါပေမဲ့ ခြောက်နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုတော့ အတိတ်ကာလဆိုတာ ကလည်း ဘာမှ မည်မည်ရရ မရှိသေးပါဘူး။ မှိုင်းမှုန်နေတဲ့ မုတ်သုံမိုးနေ့ကို မဖော်ပြနိုင်တဲ့ အလွမ်းအဆွေးနဲ့ကြည့်ရင်း ကြီးပြင်းလာခဲ့ပါတယ်။

ကျမ ပထမဆုံး သင်ယူခဲ့ရတဲ့ ကဗျာတွေထဲက မြန်မာကလေးတိုင်း သိတဲ့ ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားထားတဲ့ မိုးရာသီ အကြောင်း ကဗျာတစ်ပုဒ်ရှိပါတယ်။
“၀ါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်…” ဆိုတာပဲဖြစ်ပါတယ်။ ကျမဟာ ကျမရဲ့မိခင်ကို သပြေသီးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို မြင်ဖူးချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သပြေသီးဆိုတာက ရန်ကုန်လိုနေရာမျိုးမှာ အင်မတန်ရှားပါးတော့ နမူနာလေးတစ်လုံးလောက် တောင်ကြည့်ဖို့ မလွယ်ပါဘူး။ ကျမဆယ်ကျော်သက်အရွယ်မှာ ကျမရဲ့မိခင်နဲ့ အတူ အိန္ဒိယကို လိုက်သွားတော့မှပဲ ကလေးဘ၀တုန်းက ကျမ အင်မတန် မြင်တွေ့ချင်လှတဲ့ ကဗျာထဲမှ သပြေသီးမှည့်ကို ကျမရဲ့မိခင်က ပေးနိုင်ပါတော့တယ်။ တစ်နေ့မှာ ကျမ ရဲ့မိခင်ဟာ အထုပ်ဖောင်းဖောင်း တစ်ထုပ်ကို ကျမကိုပေးရင်း သူ့ရဲ့ နှုတ်ခမ်းထောင့်နားက ပါးချိုင့်ကလေးပေါ်အောင် အားပါးတရပြုံးရင်း “ရော့ သမီး၊ သမီးကလေးဘ၀ကတည်းက မေမေ သမီးကို မပေးနိုင်ခဲ့တဲ့ သပြေသီးမှည့်ပဲ” လို့ပြောပါတယ်။

ဒေလီမှာတော့ သပြေသီးကို ဇမ္ဗုလို့ခေါ်ပါတယ်။ ကျမတို့နေတဲ့ လမ်းထောင့်မှာရှိတဲ့ သပြေပင်တွေ သီးတဲ့ အချိန်ရောက်ပြီဆိုရင် တောင်းတွေ အများကြီးနဲ့ ကောက်လို့ရပါတယ်။ ခရမ်းရောင်ရင့်ရင့်နဲ့ ခပ်ရှည်ရှည်မျောမျောရှိပြီး ပြောင်နေတဲ့ ဇမ္ဗုသီးတွေဟာ စားလိုက်ရင်ချိုပြီး နူးညံ့ကာ နှုတ်ခမ်းတွေ၊ လျှာတွေမှာ နီညိုရောင်စွဲပြီး ကျန်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကဗျာတွေ ရွတ်ဆိုရင်း စိတ်ကူးနဲ့ မှန်းခဲ့တာကတော့ ခြေချောင်းလေး တွေကြားထဲမှာ ရွှံ့တွေနဲ့ မိုးရွာထဲ လမ်းလျှောက်နေတာ၊ မိုးအေးအေးထဲ အသားညိုညို၊ ပိန်ပိန်နဲ့ ကလေးမလေး ပျော်ရွှင်နေတာ၊ ကြည်လင်သန့်စင်တဲ့ မိုးရေထဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားနေတာ စတာတွေပါပဲ။ ကျမဘ၀မှာ မိုးရေထဲ ရေချိုးရတာလောက် အင်မတန်ပျော်ရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလို ကလေးဘ၀ဟာ ကုန်လွန်ခဲ့ပြီဆိုတာ ကျမသိခဲ့ပါတယ်။

ကလေးလေးတွေက ဆူးချုံတွေကြားတိုးရမှာကိုလည်း မကြောက်၊ မျှော့တွယ်မှာကိုလည်း မကြောက်ဘဲ သူတို့အတွက် အဖိုးတန်လှပြီး အင်မတန် အရသာရှိလှတဲ့ သပြေသီးကောက်ဖို့သွားကြတဲ့ ဆရာမင်းသုဝဏ်ရဲ့ ပျော်ရွှင်ဖွယ်ရာ သီကုံးထားတဲ့ ကဗျာနဲ့ မတူဘဲ နောက်ထပ်သပြေသီးနဲ့ မိုးအကြောင်းဖွဲ့ဆိုထားတဲ့ ကဗျာတစ်ပုဒ်လည်း ရှိပါသေးတယ်။ တစိမ့်စိမ့်ရွာကျနေတဲ့ မိုးနဲ့ပတ်သက်ပြီး လွမ်းဆွေးဖွယ်ရေးဖွဲ့ထားတဲ့ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာဟာ ဗုဒ္ဓ၀င် ဇာတ်တော်ဖြစ်တဲ့ ပဋာစာရီဇာတ်ထဲက ဖြစ်ပါတယ်။ ချမ်းသာတဲ့ လယ်သမားမိဘနှစ်ပါးရဲ့ သမီးဖြစ်သူ ပဋာစာရီဟာ အိမ်မှာ အလုပ်လုပ်နေတဲ့ သူရင်းငှားနဲ့ ခိုးရာလိုက်ပြေးသွား ခဲ့ပါတယ်။ သားနှစ်ယောက်မွေးဖွားပြီးတဲ့နောက် ပဋာစာရီဟာ မိဘနှစ်ပါးကို လွမ်းဆွေး သတိရတဲ့အတွက် သူ့ယောက်ျားဖြစ်သူကို အိမ်ပြန်ပို့ဖို့ ပြောပါတယ်။ အိမ်အပြန်ခရီးမှာတော့ သူမဟာ ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေနဲ့ တွေ့ကြုံခဲ့ရပြီး ယောက်ျားရော သားနှစ်ယောက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမဟာ အားတင်းပြီး မိဘတွေရှိရာ ပြန်ခဲ့ပေမယ့်လည်း အဖေရော အမေရော အစ်ကိုဖြစ်သူပါ မီးလောင်သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ ကံဆိုးလှတဲ့ မိန်းမငယ်ဟာ ရူးသွပ်သွားကာ ဆောက်တည်ရာမရ တော့ဘဲ ခြေဦးတည့်ရာ လျှောက်သွားနေရာက နောက်ဆုံး ဗုဒ္ဓမြတ်စွာဘုရားနဲ့ တွေ့ပြီး ဗုဒ္ဓက စိတ်ကို ငြိမ်းချမ်းမှုရအောင် ဟောကြားဆုံးမမှပဲ စိတ်တည်ငြိမ်ကာ ငြိမ်ချမ်းမှုရသွားတော့တယ်။ ပဋာစာရီ ကိုသောကမီး လောင်မြိုက်နေသူအဖြစ် မြင်ကြပါတယ်။ ဒါပေမဲ့ လည်းသူမရဲ့ ဇာတ်လမ်းဟာ အင်မတန် ပျော်ရွှင်ကြည်နူးဖွယ်ရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်လိုက်လို့ပါပဲ။

လင်ယောက်ျားရော သားပါ ဆုံးရှုံးသွားလို့ ပူဆွေးသောကဖုံးလွှမ်းကာ ဆောက်တည်ရာမရဘဲ မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ သူမရဲ့ပုံကို မိုးနဲ့ မုန်တိုင်း နောက်ခံထားပြီး ရေးဆွဲထားတဲ့ ပန်းချီကားတွေ အများကြီးရှိပါတယ်။

ဒီရုပ်ပုံကားတွေဟာ စိုစွတ်တဲ့ ရာသီဥတုကို ပုံဖော်ပြနေရုံ မကဘဲ နောက်ဆုံးမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ ရလာဒ် ထွက်ပေါ်လာပါတယ်။ လူတွေရဲ့ စိတ်ဓာတ်ဟာ အမြဲလျော့ကျနေတာ မဟုတ်ဘူး ဆိုတာကိုပါ ဖော်ပြနေတယ်လို့ အားလုံးက သိနေကြပါတယ်။

မြန်မာပြည်က၀င်တဲ့ မုတ်သုံအခါ ပွက်ပွက်ဆူမတက်ပူပြင်းလှတဲ့ ဧပြီလရဲ့ အပူဒဏ်ကနေ လွတ်မြောက်ဖို့ အေးမြတဲ့ မိုးကိုပါ သယ်ဆောင်လာပါတယ်။ အခုလို အချိန်အခါမှာပဲ ကျမတို့ တိုင်းပြည်မှာ နှစ်ပေါင်း ၃၀အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဒီမိုကရေစီ နည်းလမ်းကျတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။

မြန်မာပြည်သူလူထုဟာ ဆယ်စုနှစ်သုံးခုလောက် နေခဲ့ရတဲ့ အာဏာရှင်စနစ် ဆိုးအောက်က လွတ်မြောက်ပြီး သူတို့ရဲ့ ဆန္ဒတွေကို လေးစားအသိအမှတ်ပြုခံရမယ့် စနစ်ကို ရောက်တော့မယ်ဆိုတဲ့ အသိနဲ့ တာဝန်သိသိ စည်းကမ်းရှိရှိနဲ့ မဲရုံတွေကို သွားပြီးမဲပေးခဲ့ကြပါတယ်။
ဒီမိုကရေစီအခြေခံများနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် စနစ်တစ်ခုပေါ်ပေါက်ရန် ဆက်လက်ကြိုးပမ်းနိုင်ရေး အတွက် ရာသီဥတုအသစ်က အားသစ်အင်သစ် လောင်းပေးနေပါတယ်။

အောင်ဆန်းစုကြည်

http://www.dawnmanhon.com/2013/08/blog-post_2753.html#sthash.E0hIRz4j.dpuf

Thursday, August 29, 2013

သံသယ ဖြစ်ဖွယ်ရာ အမျိုးသမီး အလောင်းတစ်ခု တွေ့ ရှိ


သံသယ ဖြစ်ဖွယ်ရာ အမျိုးသမီး
အလောင်းတစ်ခု တွေ့ ရှိ

==================

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ နယ် ပဝ ကျေးရွာ အုပ်စု ကြွေချောင်း ကျေးရွာတွင် သြဂုတ် ၂၂ ရက်နေ့ ရေအိုင်တစ်ခုထဲ ၌သေဆုံးနေသော အမျိုးသမီးအလောင်း တစ်ခုအား တွေ့ ရှိရကြောင်း သိရသည်

အဆိုပါ သေဆုံးသူ အမျိုးသမီး၏ ဦးခေါင်း တွင် ဓါးဒဏ် ရာများတွေ့ ရပြီး အလောင်းမှာလည်း ရုပ်ပျက်နေပြီဟု ဒေသခံရွားသားများကပြောပါသည်

သေဆုံးသူ အမျိုးသမီး အမည်မှာ မီးငယ်ချို ( ခ ) ကြယ်ဇင် အသက် ၂၃ နှစ် ဖြစ်ပြီး ဦးကိုကြီးဇနီးဖြစ်သည်ဟုသိရပြီး ယင်းအမျိုးသမီး ဇာတိမှာ ကျွန်းစု မြို့ နယ် ပန်းဇင် ရွာမှ ဖြစ်ကြောင်း သိရသည်

ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ဦးကိုကြီးသည် တောတဲသို့ ဝါးခုတ်ရန် အတွက် ည အိပ် ခရီးထွက်သွားကြောင်း ဇနီးဖြစ်သူ မှာ နေအိမ် ၌ တစ်ဦးတည်း ကျန်ရစ်ခဲ့ကြောင်း ခင်ပွန်းဖြစ်သူ ပြန်လည် ရောက်ရှိလာချိန်တွင် ဇနီးဖြစ်သူမှာ နေအိမ်မှ ပျောက်ဆုံးလျက် ရှိကြောင်း သိရသဖြင့် ရွာသား များနှင့် ရှာ ဖွေရာ ရေအိုင်ထဲတွင် သေဆုံးနေသော အမျိုးသမီး ဖြစ်သူ ၏ အလောင်းအား တွေ့ ရှိရသည်ဟု သိရသည်

သက်ဆိုင်ရာ မှ ယင်းအမှု အား စုံစမ်း စစ်ဆေး ဆောင်ရွက်နေကြောင်း သိရှိပါသည်

မြို့ စောင့်တပ်

အကြောင်းပြချက်မရှိ အလုပ်ထုတ်ခံရသော ကျောင်းဆရာမအတွက် ပြည်ပအကူအညီယူ ဖြေရှင်းမည်



ရန်ကုန်၊ သြဂုတ် ၂၈

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနား သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင် အကြောင်းပြချက်မရှိဘဲ အလုပ်မှ ထုတ်ခံရသည့်အပေါ် ပညာရေး ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းခြင်း မရှိလျှင် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီ ယူကာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း တာဝန် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းအကြောင်းအရင်းနှင့် ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက သြဂုတ်လ ၂၆ ရက်နေ့တွင် ကြေညာချက် တစ်စောင်ကို တရားဝင် ထုတ်ပြန်ခဲ့သည်။

အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်မှ ရပ်နားခိုင်းခြင်းနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက လာမည့် ၁၄ ရက် အတွင်း တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည် စိစစ် သုံးသပ်ပြီး အများပြည်သူကို ပြန်လည် ရှင်းလင်းချက် ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖြေရှင်းချက် မပေးနိုင်ပါက နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း (ILO) နှင့် ပြည်တွင်းက အဖွဲ့အစည်းများထံ တိုင်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းအသင်း တာဝန်ရှိသူ တစ်ဦးက ဖြည့်စွက် ပြောဆိုသည်။
"ပညာရေးဝန်ကြီးဌာန ကနေ မယူမနေရ အငြိမ်းစားကနေ ရာထူးကနေ ထုတ်ပယ်တဲ့ အမိန့်စာထုတ်တာ နှစ်ရက်လောက်ပဲ ခြားတယ်။ ဒါသူတို့လူတွေ လက်ဝါးချင်း ရိုက်ပြီး လုပ်တဲ့ပုံစံမျိုး ဖြစ်နေတယ်" ဟု ၄င်းက ထပ်လောင်း ပြောဆိုသည်။

နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်သည် ခွင့်မဲ့ ငါးရက်နှင့် ခွင့်ပြုချက် မရရှိဘဲ ခရီးဝေး ထွက်ခွာခြင်းကြောင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူ များက ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆရာ၊ ဆရာမများ အသိုင်းအဝိုင်းက သိရသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ်လ ၁၅ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ မယူမနေရ အငြိမ်းစား ပေးခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာန ဝန်ကြီးရုံးက ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း ပြန်လည်ကြေညာခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ဝန်ကြီးအပြောင်း အလဲကြောင့် သြဂုတ်လ ၁၇ ရက်တွင်သာ တရားဝင် ထုတ်ပြန်နိုင်ခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားနှင့် တိုက်ဆိုင်သွားရခြင်း ဖြစ်ကြောင်း၊ ၄င်းသည် ခွင့်မဲ့ ငါးရက်အပြင် ခရိုင်ပညာရေးမှူးရုံးသို့ တွဲဖက် တာဝန်လွှဲအပ်ခြင်းတို့ကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ယင်းသို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ကမ္ဘာဘဏ်မှ ထောက်ပံ့သည့် အစီအစဉ်အား လေ့လာ စောင့်ကြည့် အစီရင်ခံရေး သင်တန်းသို့ မြိတ် (၈၈) မျိုးဆက်အဖွဲ့ဝင် (၃) ဦးနှင့် ကျွန်းစု NLD အဖွဲ့ဝင် (၃) ဦးတက်ရောက်မည်


-------------------------------------------------------
၂၀၁၃ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်မည့် ကမ္ဘာဘဏ်မှ ထောက်ပံ့သည့် အစီအစဉ်အား လေ့လာ စောင့်ကြည့် အစီရင်ခံရေး နည်းပညာ သင်တန်း တက်ရောက်သို့ မြိတ်ခရိုင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးပိုအင်၊ ဦးအောင်နိင်ဦး၊ ဦးတင်ကိုကိုဦး တို့ ဦးဆောင်သည့် အဖွဲ့တက်ရောက် သွားမည် ဖြစ်ပြီး၊ ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုအောင်မြတ်ထွန်း၊ မမိုးမိုးနွယ် ၊ မလှိုင်းသစ်ဝေတို့ တက်ရောက်မည် ဖြစ်ကြောင်း မြိတ်ခရိုင်
မြိတ်ခရိုင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ၄င်းတို့ facebook page တွင် ထုတ်ပြန်ထားသည်။

လူထု အခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းသည် ကမ္ဘာ့ဘဏ် ၏ အကူအညီ အမေရိကန် ဒေါ်လာ သန်း (၈၀) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီ နယ်မြေရှိ မြို့နယ် ၁ ခုစီ ဖြင့် စုစုပေါင်း မြို့နယ် ၁၅ ခု အတွင်းရှိ ကျေးရွာတိုင်းတွင် လူထု အခြေပြု ချဉ်းကပ်မှု ဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။ စီမံကိန်း ပထမနှစ် တွင် ရှမ်းပြည်နယ် နမ့်ဆန်(မြောက်)မြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် နှင့် တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ် တို့တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ကျန် တိုင်းဒေသကြီး ပြည်နယ် များတွင် လုပ်ငန်း ဆောင်ရွက်မည့် မြို့နယ်ကို ဆက်လက် ရွေးချယ် ဆောင်ရွက်မည် ဖြစ်သည်။ ဤ စီမံကိန်းမှ လုပ်ငန်း ဆောင်ရွက်ရာ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုလျှင် ပျမ်းမျှ တစ်နှစ်လျှင် ကျပ်သိန်း ၂၄၀ ခန့် ဖြစ်သော ထောက်ပံ့ငွေ ဖြင့် ကျေးလက် အခြေခံ အဆောက်အဦများ ဆောက်လုပ်နိုင်မည် ဖြစ်ပြီး သုံးနှစ် ဆက်တိုက် ထောက်ပံ့မည် ဖြစ်သည်။ လုပ်ငန်းများကို ကျေးလက် လူထုက ကိုယ်တိုင် ရွေးချယ်၊ ကိုယ်တိုင် ရေးဆွဲ၊ ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်၊ ကိုယ်တိုင် စာရင်းပြုစု အစစ်ဆေးခံ၊ ရရှိလာသော အကျိုးကျေးဇူးကို ကိုယ်တိုင် ခံစား စေသော စနစ်ကို အခြေခံ၍ ဆောင်ရွက် သွားမည် ဖြစ်သည်။

ကျွန်းစု မြို့နယ် လူထု အခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း ရုံးကို မြိတ် မြို့ရှိ စည်ပင်သာယာရေး ရိပ်သာ တွင် ရုံးခွဲ ၌ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဖွင့်လှစ် ခဲ့သည်။ ကျွန်းစု မြို့နယ်ရုံးကို စည်ပင်သာယာရေး အဖွဲ့ရုံးတွင် ပူးပေါင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာစစ်တပ်အပေါ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ဘယ်လို သုံးသပ်

အမေရိကန်ပြည်ထောင်စုက အာရှ ပစိဖိတ်ဒေသအပေါ် မဟာဗျူဟာ ဗဟိုချက်အဖြစ် ပြန်လည် သတ်မှတ်ပြီး ပင်တဂွန် က ဘတ်ဂျက် ပိုသုံးစွဲမယ့်အကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ 


 ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဆက်စပ်ပြီး မြန့်မာ့ရေပိုင်နက် အနီးသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် ကမ်းတက် ရဟတ်ယဉ်တင်သင်္ဘော USS Bonhomme Richard (LHD-6) ပေါ်သို့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိကြီးများ သွားရောက် လည်ပတ်ခဲ့ကြစဉ် (ဓာတ်ပုံ – Myanmar Defence Weapons / Facebook)

အရှေ့တောင်အာရှမှာ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ပင်တဂွန် စစ် ဌာနချုပ်က အမေရိကန် ဒေါ်လာ သန်း ၉၀ သုံးမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေး စစ်တက္ကသိုလ်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချာ့ခ် ဟေဂယ်လ် (Chuck Hagel) က မကြာသေးမီက မိန့်ခွန်း ပြောရင်း ကြေညာခဲ့တာပါ။ 

ဒါနဲ့ပတ်သက်ပြီး မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း၊ အမေရိကန်ရောက်သံတမန်ဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က  သူရရှိလေ့လာစုဆောင်းထားတဲ့ အချက်တွေ အပေါ် အခြေခံပြီး အခုလို ဧရာဝတီကို ပြောဆိုထားပါတယ်။ 

အမေရိကန်သည် အာရှ ပစိဖိတ် ဒေသနဲ့ ပတ်သက်ပြီးတော့ မဟာဗျူဟာ သိသိသာသာ ပြောင်းလဲ လာပြီးတော့ ဘတ်ဂျက် ပိုသုံးလာသည့်အတွက် မြန်မာတပ်မတော်အနေဖြင့် လိမ်မာပါးနပ်မှု ရှိလျှင် များစွာ အကျိုးရှိနိုင်ပါသည်။ 

သို့သော် အမေရိကန် အနေဖြင့် စဉ်းစားသည့် အဆင့်သာ ရှိနေပြီး မြန်မာတပ်မတော်အပေါ် ယုံကြည်မှု တည် ဆောက်ဆဲဟု ပြောရပါမည်။ 

မြန်မာတပ်မတော်အနေဖြင့် တရုတ်၊ ရုရှား၊ အမေရိကန်တို့ ကြားတွင် ကစားနေသည် ဆိုတာကို အမေရိကန် တို့ ကောင်းကောင်းသိပါသည်။ 

မြန်မာတပ်မတော် အရာရှိကြီးများအနေဖြင့် လက်ရှိအပြောင်းအလဲအပေါ် အမေရိကန်၏ ထောက်ခံမှုများစွာ ရလာ လိမ့်မည် ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ထင်သလို ဖြစ်မလာသေးသည့် အတွက် နိုင်ငံကြီး (၃) နိုင်ငံကြား  ဟိုပြေး ဒီပြေး ပြေးနေရသည့် သဘောဖြစ်ပါ သည်။ 

ကြားသိရသလောက်တော့ တရုတ်နှင့် ရုရှားက မင်းအောင်လှိုင်ကို Bully လုပ်နေသည်ဟု သိရသည်။ 

မြန်မာတပ်မတော်သည် ၁၉၈၈ နောက်ပိုင်း ဒေါ်လာ သန်းပေါင်းမျာစွာဖြင့် ၀ယ်ယူခဲ့သည့် စစ်လက်နက် ပစ္စည်းများသည် ရုရှားမှ ဖြစ်ကြပါသည်။ 

အထူးသဖြင့် ရုရှားမှ မစ် ၂၉ တိုက်လေယာဉ်များ Missiles များ အမြောက်များသည် တန်ဘိုးကြီး
ပေး ၀ယ် ထားသေသာ လက်နက်များ ဖြစ်ပါသည်။ 

လက်နက်၏ သဘောသဘာဝသည် Spare Parts and Maintenance မရှိလျှင် ဆက်၍ မသုံးစွဲနိုင်ပါ။ ဒါကြောင့် အချက် တချက်အနေဖြင့် စစ်ဗိုလ်ချုပ်များ ရုရှားသို့ မကြာခဏ သွားနေရပါသည်။ 

မင်းအောင်လှိုင် ကစထမှူးဘ၀က “၀” တွေကို ကြိမ်းခဲ့ဖူးသည်။ အမေရိကန်နဲ့ အဆင်ပြေရင် မင်းတို့ မလွယ်ဘူး ဆိုတဲ့ စကား တလုံး ရှိသည်။ 

ဒါကို “၀” နဲ့ တရုတ် ကောင်းကောင်း သိသည်။ 

ဒါကြောင့် တရုတ်က ကေအိုင်အေကို နောက်ပိုင်းမှာ ကျောထောက်နောက်ခံ ပြုလာတာ။ 
ကေအိုင်အေ အဖွဲ့တွေ U.S လာစဉ် ဘာမှ မရသွားသည့်အတွက် တရုတ် ကို အခြေအနေအရ ပေါင်းသွားရသည့် သဘောပဲ။ 

လက်ရှိ မြန်မာ့တပ်မတော်ရဲ့ Potential Enemy က တရုတ်ကျောထောက်နောက်ခံပြုထားသည့် တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေပဲ၊ စစ်တပ်အနေဖြင့် တရုတ်ကို ကာကွယ်နိုင်ဖို့ လက်ရှိ ရှိနေသည့် ရုရှား လက်နက်တွေ ဆက်သုံးနိုင်ဖို့ လိုပါသည်။ 

အမေရိကန်နဲ့ အဆင်ပြေချင်ပေမယ့် ဗိုလ်ချုပ် ခင်ညွှန်အဖွဲ့ ဖြုတ်ခံရပြီးနောက် အမေရိကန် Policy Makers တွေနဲ့ အဆက်အသွယ်တွေ ပြတ်သွားခဲ့တယ်။ 

ပိုဆိုးတာက နောက်လူတွေကို ဗိုလ်ချုပ်သန်းရွှေက အမေရိကန် မုန်းတီးရေး စိတ်ဓာတ် သွင်းပေးထားတော့ အမေရိကန်တွေ၏ ယုံကြည်မှု ရအောင် တော်တော် လုပ်ရဦးမယ်။ 

 အောင်လင်းထွဋ် ~ 

ဆက်စပ်သတင်း 

အရှေ့တောင်အာရှ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအတွက် အမေရိကန် ဘတ်ဂျက်တိုးမြှင့် 


ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး


တီဟီရန်၊ သြဂုတ် ၂၈

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အီရန်-အီရတ် စစ်ပွဲတွင် အီရန် နိုင်ငံမှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံ၏ အမာခံ မဟာမိတ်တစ်ဦး ဖြစ်သည်။

ထို့အပြင် အီရန်နှင့် အနောက်နိုင်ငများကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံ၏ ပထမဆုံးသော ခံစစ်မျဉ်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ သဘောထား တင်းမာသော ခေါင်းဆောင်များက မှတ်ယူထား သည်။

ဆီးရီးယား ပဋိပက္ခမှာ အစ္စရေးနိုင်ငံကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံက စွပ်စွဲထားပြီး သမ္မတ အာဆတ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် အစ္စရေးတို့ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

“ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ရင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ အမုန်းမီးလျှံက ဇီယွန်ဝါဒီတွေဆီ ဦးတည်သွားလိမ့်မယ်” ဟု အီရန် လွှတ်တော်တွင်းရှိ လွှမ်းမိုးမှု ကြီးမားသော အမတ် တစ်ဦးဖြစ်သူ မန်ဆာဟာကွီကွတ်ပါက ပြောကြားသည်။

ဓာတုလက်နက် အသုံးပြုရေးနှင့် ပတ်သက်လျှင် အီရန်နိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ်သာ ဓာတု လက်နက်များသာ အသုံးချပါက အီရန် ခေါင်းဆောင်များ အခက် ကြုံမည် ဖြစ်သည်။

အီရန်သမ္မတသစ် ဟတ်ဆန်ရိုဟာနီကလည်း ဓာတုလက်နက် အသုံးပြုခြင်း ကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ တွစ်တာ အကောင့် တွင် ရေးသား ဖော်ပြလိုက်သည်။

ဆီးရီးယားနှင့် အီရန်နိုင်ငံကြားတွင် အပြန်အလှန် ပူးပေါင်းကူညီရေး စာချုပ် ချုပ်ဆိုထားပြီး ပြင်ပနိုင်ငံ တစ်ခု ဝင်ရောက် တိုက်ခိုက်ပါက ကူညီရမည် ဟု ဖော်ပြထားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သဘောထား တင်းမာသော အီရန်ခေါင်းဆောင် များက မှတ်ယူထားသည်။

ဆီးရီးယား အစိုးရအဖွဲ့ကို အီရန်နိုင်ငံက အကူအညီများ ပေးအပ်နေသည် သာမက လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ဟစ်ဇဘိုလာ အဖွဲ့၌ အစ္စရေး နိုင်ငံအတွင်းပိုင်း နယ်မြေများ ထိ ရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

ဒေါ်နော်အုန်းလှကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချပြီ


၂၀၁၂ ဒီဇင်ဘာလက အချုပ်ခန်းပြောင်းရွှေ့ခံရစဉ် တွေ့ရသည့် ဒေါ်နော်အုန်းလှ (ဓာတ်ပုံ - စတိဗ် တက္ကနာ / ဧရာဝတီ)
၂၀၁၂ ဒီဇင်ဘာလက အချုပ်ခန်းပြောင်းရွှေ့ခံရစဉ် တွေ့ရသည့် ဒေါ်နော်အုန်းလှ (ဓာတ်ပုံ – စတိဗ် တက္ကနာ / ဧရာဝတီ)
လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှကို မုံရွာမြို့နယ် တရားရုံး၌ နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ယနေ့ နံနက်ပိုင်းတွင် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇၊ ၂၈၊ ၂၉ ရက် ၃ ရက်ဆက်တိုက် တရားရုံး ထုတ်ခဲ့ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲမှူး ဦးကြူအင်းက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ထိုသို့ ရက်ဆက်တိုက် တရားရုံး ထုတ်ခြင်းက နိုင်ငံရေးနှင့် သက်ဆိုင်သော အမှုများတွင် လုပ်လေ့လုပ်ထ ရှိသော်လည်း အကျိုးဆောင် ပေးရသော ရှေ့နေများအတွက် အခက်အခဲ ဖြစ်ရကြောင်း ဒေါ်နော်အုန်းလှကို အကျိုးဆောင်ပေးသည့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်က အခုလို တရားရုံး ဆက်တိုက်ထုတ်တာကို မလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ပါဘူး။ ဆက်စစ်မယ်လည်း ဆိုရော ကျနော်က တရားခံ ထောင်ကျတာ တိုင်းပြည်နစ်နာတာပဲဆိုပြီး ထွက်လာတယ်။ ကျနော်တို့ အကျိုးဆောင် ပေးရတဲ့ ရှေ့နေ တွေက တခြားရုံးချိန်းတွေနဲ့ ချိန်ဆပြီး ရက်ချိန်း တောင်းရတော့ အခုလို ဆက်တိုက် ထုတ်တဲ့အခါ ဘယ်လိုမှ ဆောင်ရွက် ပေးလို့ မရဘူး။ ကျနော်လည်း သြဂုတ် ၂၇ ရက် တရက်တည်းပဲ နေနိုင်တာ။ အခု ဒီနေ့ အမိန့်ချတာမှာ ကျနော် မရှိခဲ့ပါဘူး။ ကျနော့် နောက်ကွယ်မှာပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဥပဒေအရ ရှေ့နေမရှိလည်း အမှုစစ်လို့ရ၊ အမိန့်ချလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
ယခု ဒေါ်နော်အုန်းလှအမှုသည် အနည်းငယ် အငြင်းပွားမှု၊ ရှုပ်ထွေးမှုများရှိသောကြောင့် မြန်ဆန်စွာ အမိန့်ချခြင်းသည် ဥပဒေအရ အကျုံးဝင်သော်လည်း မသင့်လျော်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါ်နော်အုန်းလှကို ၂၇ ရက်နေ့၌ စတင်စစ်ဆေးရန် ရုံးထုတ်ခဲ့သော်လည်း နောက်တနေ့ ၂၈ ရက်နေ့တွင် ဆက်တိုက် တရားရုံး ထုတ်ခဲ့ရာ အာဏာပိုင်များ၏ မတရား တဘက်သတ် အမှုဖွင့် ရုံးတင်မှုကို ကန့်ကွက်သောအားဖြင့် ရုံးမထွက်ဘဲ ထောင်ထဲတွင် ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှအား ရဲများက ထောင်ထဲမှ အတင်းအဓမ္မ ဆွဲခေါ်ခဲ့မှုကြောင့် အ၀တ်အစားများ စုတ်ပြဲခဲ့ခြင်း၊ ခန္ဓာကိုယ် ပွန်းပဲ့ပြီး သွေးထွက်သံယိုများ ဖြစ်ခဲ့ခြင်းတို့ ရှိခဲ့ကြောင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ တွင်လည်း ဒေါ်နော်အုန်းလှက တရားရုံးသို့ သွားရန် ဆက်လက် ငြင်းဆန်ခဲ့သောကြောင့် ရဲများက အင်အားသုံးခဲ့ကြောင်း၊ ထို့ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒေါ်နော်အုန်းလှကို ၃ ရက်တည်း ရက်ဆက်ရုံးထုတ်ပြီး အမိန့်ချခဲ့တာကို ကြည့်ရင် သူတို့က အတင်းကို အပြစ်ပေးချင် နေတယ် ဆိုတာ အရမ်းသိသာတယ်။ အာဏာပိုင်တွေဘက်မှာ စမဖမ်းခင် ကတည်းက ဒီလိုလုပ်မယ်ဆိုတာ ကြိုတင် စီမံထားတယ်လို့ ကျနော်တော့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ ခွင့်ပြုချက် ၉ ကြိမ်တိတိ တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသဖြင့် သြဂုတ်လ ၁၃ ရက်နေ့က မုံရွာ မြို့ပေါ် တွင် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့်နှင့်အတူ ခွင့်ပြုချက် မတောင်းတော့ဘဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲများက ဒေါ်နော်အုန်းလှနှင့် အတူ လက်ပံတောင်းဒေသခံ ၉ ဦး တို့ကို ဖမ်းဆီးခဲ့သည်။
ထိုဖမ်းဆီးမှုကြောင့် အဆိုပါ နေ့ညနေပိုင်းတွင် ဒေသခံများက မုံရွာရဲစခန်းသို့ သွားရောက် ထိုင်သပိတ် ပြုလုပ်ခဲ့ကြကြောင်း၊ ထို့အတွက် လက်ပံတောင်းဒေသခံ ၉ ဦးကိုမူ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲပြီး ခံဝန်ကတိဖြင့် ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်နော်အုန်းလှကို ပုဒ်မ ၁၈ အပြင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် မုံရွာထောင်သို့ ပို့ခဲ့ကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်နှင့် ရန်ကုန်မြို့တို့တွင် လက်ပံတောင်း ဆန္ဒပြပွဲအား မီးလောင် ဗုံးများဖြင့် ဖြို ခွင်းခဲ့မှု ၉ လပြည့် အောက်မေ့ဖွယ်များ ကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်း တောင်ခြေရှိ တုံကျေးရွာမှ ဒေသခံအင်အား ၂၀၀ ၀န်းကျင်ဖြင့် စတင် စီတန်း လှည့်လည် ကြမည်ဖြစ်ပြီး ဆည်တဲရွာအထိ သွားရောက်မည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မည့် ဒေသခံ မစန္ဒာက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တွင်လည်း လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်ပွဲ၌ မီးလောင် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ခဲ့ကြသူများကို ရည်စူးပြီး ရွှေတိဂုံ ဘုရားရင်ပြင်တွင် ဆုတောင်းပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။