Monday, August 26, 2013

ရှစ်လေးလုံးငွေရတုအခမ်းအနားရဲ့ နောက်ဆက်တွဲဂယက်

ရှစ်လေးလုံးငွေရတုအခမ်းအနားကို ကျွန်တော်တို့  ဗကသများအဖွဲ့ ချုပ်က
သွားရောက်မတက်ခဲ့ပါဘူး။ ဒီလိုမတက်ရတဲ့ အကြောင်းအရင်းကို
အများပြည်သူကိုလည်း ပွင့်ပွင့်လင်းလင်းချပြခဲ့ပါတယ်။ ပြီးတော့ “ပြည်သူကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့သော အစိုးရအဖွဲ့ ဝင်များအား ဖိတ်ကြားခြင်း၊
ထိုသို့ ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့ပြီး ယနေ့ ထိ ၀န်ချတောင်းပန်ခြင်း၊ အမှားကို
တာဝန်ယူခြင်း၊ ပြန်လည်ဆေးကြောပြီး မတရားသေဆုံး နစ်နာသွားရသူများကို
တရားဝင်ဂုဏ်ပြု အသိအမှတ်ပြုခြင်းမရှိသေးသော တာဝန်ရှိသူများအား ဖိတ်ခေါ်
အသိအမှတ်ပြုခြင်းရှိသည့် မည်သည့်အခမ်းအနားကိုမဆို” ဗကသအနေဖြင့်
တက်ရောက်မည်မဟုတ်ကြောင်းလည်း ကျွန်တော်တို့ နှင့် ချိတ်ဆက်
ဖွဲ့ စည်းထားသမျှ ခရိုင်ကျောင်းသားသမဂ္ဂတိုင်းကို အသိပေးအကြောင်းကြားခဲ့
ပါတယ်။

ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲဂယက်ကတော့ ကျွန်တော်တို့ ကို
နောက်ကြောင်းပြန်လှည့်အောင် ဆောင်ရွက်မယ့်သူတွေ၊ အတိတ်သမိုင်းရဲ့ 
ပြဌာန်းမှုအောက်က ဖောက်မထွက်နိုင်သူတွေ၊ သမိုင်းအဓိပ္ပာယ်ကို
ကောင်းကောင်းမလေ့လာသူတွေ၊ အပြုသဘောမဆောင်တဲ့ သမိုင်းသင်ခန်းစာ
ယူသူတွေလို့ ဝေဖန်ကြတဲ့အသံတွေကို ကြားလိုက်ရတာဘဲဖြစ်ပါတယ်။ ဒီလို
ဝေဖန်မှုတွေကို ကျွန်တော်တို့ အနေနဲ့ ရှင်းလင်းတုန့် ပြန်ဖို့ လိုအပ်လာပါတယ်။
ပထမဆုံးအနေနဲ့  ကျွန်တော်တို့ ဟာ နောက်ကြောင်းပြန်လှည့်အောင်
ဘာတစ်ခုမှ မလုပ်ဆောင်ချင်တဲ့ကျောင်းသားတွေပါ။ ဒါပေမယ့် လက်ရှိနိုင်ငံရေး
ဖြစ်စဉ်က ဘယ်လောက်တောင် ရှေ့ ကိုသွားနေပါသလဲဆိုတဲ့ မေးခွန်းကိုလည်း
တပြိုင်နက်တည်း မေးလေ့ရှိတဲ့ကျောင်းသားတွေပါ။

ကျွန်တော်တို့ သိထားတဲ့သမိုင်းဟာ နည်းနည်းလေးမဟုတ်ပါဘူး။ ဗကသများ
အဖွဲ့ ချုပ်က နယ်ချဲ့ ဆန့် ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊
စစ်အာဏာရှင်ဆန့် ကျင်ရေး တိုက်ပွဲစဉ်အဆက်ဆက် ကွင်းဆက်မပြတ်
အားထုတ်ခဲ့တဲ့ အဖွဲ့ အစည်းတစ်ခုပါ။ သမိုင်းကို ကောင်းစွာကျေကျေညက်ညက်
လေ့လာနေတဲ့၊ လေ့လာခဲ့တဲ့၊ လေ့လာနေဦးမယ့် အင်အားစုတွေဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့သမဂ္ဂဖြစ်သလို သူတို့ ရဲ့ 
ခြေလှမ်းတွေကိုလည်း အမြဲသတိရှိရှိ စောင့်ကြည့်နေရတဲ့အတွေ့ အကြုံလည်း
ရှိပြီးသားပါ။ သမိုင်းသင်ခန်းစာယူတဲ့နေရာမှာ ဓမ္မဓိဌာန်ကျတဲ့ ယူပုံယူနည်းကိုသာ
ကျင့်သုံးပါတယ်။ ဘယာဂတိလည်းမပါ၊ ဆန္ဒာဂတိလည်းမပါတဲ့ ယူပုံယူနည်း
ကိုသာ သဘောကျပါတယ်။ လက်တွေ့ အားဖြင့် အကောင်းဘက်ကို
ရှေ့ ရှုနေသလား၊ မနေဘူးလားဆိုတာ မကြာသေးခင်ကမှ ရှစ်လေးလုံးသတင်းစာ
ရှင်းလင်းပွဲတက်ရောက်မိလို့ ဆရာမအလုပ်က ထုတ်ပယ်ခံလိုက်ရတဲ့ဒေါ်စိုးစိုးခိုင်ရဲ့ 
အဖြစ်အပျက်က သက်သေပြနေပါတယ်။ ဒါ့ထက်မလုံလောက်သေးရင်
မကြာခင်မှာ ပိုမိုပြည့်စုံတဲ့သရုပ်မှန်တွေကို ဆက်လက်မြင်ရဦးမှာဖြစ်တယ်လို့ 
အပြုသဘော အရမ်းဆောင်ချင်တဲ့သူတွေကို သတိပေးပါရစေခင်ဗျား။

ဗကသကို ဘယ်သူတွေချစ်ပြီး ဘယ်သူတွေမုန်းပါသလဲ။ ဆန်းစစ်လေ့လာ
ကြည့်တဲ့အခါ ပြည်သူတွေက ဗကသကို ချစ်မြတ်နိုးပြီး ပြည်သူကိုအုပ်ချုပ်တဲ့
သူတွေက ဗကသကို တူးတူးခါးခါးမုန်းတီးပါတယ်။ ဗကသဟာ တလျှောက်လုံး
ပြည်သူ့ ဘက်ကသာ ရပ်တည်ပေးခဲ့ပြီး ဖိနှိပ်သူလူတန်းစားကို အစဉ်သဖြင့်
တော်လှန်ခဲ့ပါတယ်။ အဲဒီလိုတော်လှန်ခဲ့လို့ လည်း သမိုင်းဝင်သမဂ္ဂ
အဆောက်အဦးကြီးကို အကြောင်းမရှိ အကြောင်းရှာပြီး ဒိုင်းနမိုက်နဲ့ 
ဖောက်ခွဲပစ်ခဲ့တာပါ။ ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပခွင့်ကို အနှစ် (၅၀)
ကြာသည်အထိ နှောင့်ယှက်ဖျက်ဆီးနေခဲ့တာပါ။ ဒီအနေအထားတွေနဲ့ တကွ
ဒီကနေ့ အထိ ပြည်သူတွေ ဖိနှိပ်ခံရသူ ရှိနေသေးတာကို ဖွင့်ချတဲ့အနေနဲ့ 
ဗကသဟာ ပြည်သူကိုဆန့် ကျင်တဲ့သူတွေနဲ့ တစ်တန်းတည်း မရပ်ခဲ့ပါဘူး။
အတိုက်အခံသဘောနဲ့ ဘဲ ရပ်တည်နေခဲ့ပါတယ်။ ပြည်သူတွေနဲ့ သာ
တစ်သားတည်း ရပ်တည်နေခဲ့တာပါ။

ရှစ်လေးလုံးငွေရတုရဲ့  နောက်ဆက်တွဲဂယက်တွေထဲက တစ်ခုကို ဒီနေရာမှာ
ဆွဲထုတ်ပြချင်ပါတယ်။ ဒါကတော့ ဗကသများအဖွဲ့ ချုပ်က အစိုးရဆန့် ကျင်ဖို့ 
သက်သက် ရန်ကုန်ကလွဲပြီး အခြားဒေသက အင်အားစုတွေနဲ့ လက်တွဲပြီး
ရှစ်လေးလုံးပွဲကျင်းပတယ်။ ဗကသအဖွဲ့ ချုပ်နောက်မှာ ကြိုးကိုင်တဲ့
လက်ဝဲနိုင်ငံရေးအင်အားစုတွေရှိတယ်လို့  မကြားတကြား ဝေဖန်နေတဲ့အချက်ကို
တုန့် ပြန်ဖြေရှင်းချင်ပါတယ်။ ဒီလေသံဟာ ၁၉၆၂ ခုနှစ်ကတည်းက ကြားခဲ့ရတဲ့
လေသံဖြစ်တဲ့အတွက် ကျွန်တော့်အဖို့  အဆန်းတကြယ်မဟုတ်ပါ။ ဒါပေမယ့်
ဒီနေ့ ထိ ကြားနေရသေးတာ၊ ဒီကနေ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ
ကြားနေရသေးတာတော့ ဆန်းနေပါတယ်။ တခါတလေ ရှင်းတဲ့အရာကို
ရှုပ်အောင်လုပ်တာဟာ လုပ်တဲ့သူတွေကိုယ်တိုင် မရှင်းလို့ ဘဲဖြစ်ပါလိမ့်မယ်။

ဗကသများအဖွဲ့ ချုပ်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကျောင်းသားသမဂ္ဂ
ဖြစ်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ပါဘူး။
ဘယ်အယူဝါဒကိုမှ တရားဝင်လက်ခံထားတဲ့ ကျောင်းသားသမဂ္ဂ မဟုတ်ပါဘူး။
အဖွဲ့ ဝင်တိုင်း မိမိကြိုက်နှစ်သက်ရာအယူအဆကို လေ့လာပိုင်ခွင့်ရတဲ့
ဒီမိုကရေစီအခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ သမဂ္ဂပါ။ ပြည်သူ့ မျက်နှာ၊
ကျောင်းသားထုမျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ ထောက်စရာမလိုတဲ့အတွက်
လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်းလည်းရှိပါတယ်။ ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့
လုပ်ရပ်မျိုး လုပ်မိမှာကို စိတ်ပူစရာလိုပါတယ်။ ကျောင်းသားလူထုနဲ့ 
တစ်ထပ်တည်း မကျဘဲ အခွင့်အရေးယူမိတာမျိုးတွေဖြစ်မှာကိုဘဲ စိုးရိမ်စရာ
လိုပါတယ်။ ဒီတော့ တိတိကျကျ ထပ်ပြောပါရစေ။ ကျွန်တော်တို့  ဗကသများ
အဖွဲ့ ချုပ်ဟာ မ၀င်းမော်ဦးတို့ လို ဒီမိုကရေစီရေးအသက်ပေးသွားသူတွေကို ချစ်ပြီး
သူမကို သတ်ဖြတ်ခဲ့ပြီး ဒီကနေ့ ထိ မသိကျိုးကျွံပြုနေသူတွေကိုသာ မုန်းတီးရွံရှာ
ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ အပြတ်သားဆုံးရပ်တည်ချက်ဘဲဖြစ်တယ်။

ကျွန်တော့်အနေနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို
လေ့လာတဲ့အခါ တောင်အာဖရိကဖြစ်စဉ်ကို သေချာလေ့လာကြည့်ပါတယ်။
အဲဒီဖြစ်စဉ်မှာ တောင်အာဖရိက လူဖြူအစိုးရက အာဖရိကအမျိုးသားကွန်ဂရက်
အပါအ၀င် အခြားနိုင်ငံရေးအဖွဲ့ အစည်းအားလုံးကို ပိတ်ပင်တားမြစ်မှု
ရုပ်သိမ်းပေးပြီးမှ စေ့စပ်ညှိနှိုင်းရေးလုပ်ခဲ့တာပါ။ အတင်းအကျပ် လွှတ်တော်ထဲ
ဝင်ဖို့  ဖိအားပေးခဲ့ခြင်းမျိုးမရှိပါဘူး။ ဆွေးနွေးပွဲပြုလုပ်စဉ်အတွင်းမှာလည်း
အစိုးရဘက်က လိုက်လျောသင့်တာကို လိုက်လျောခဲ့တာမျိုးတွေရှိပါတယ်
အကယ်၍ မလိုက်လျောဘဲ တင်းမာနေတာမျိုး၊ သဘောထားမမှန်တာမျိုး
ရှိနေရင်လည်း တိုင်းပြည်အနှံ့  လူထုလှုပ်ရှားမှုတွေနဲ့ ဖိအားပေးပြီး သဘောတူ
ဆုံးဖြတ်ချက်ရတဲ့အထိ လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ လူထုအပေါ်
အကြမ်းဖက် တိုက်ခိုက်တာတွေနဲ့  ပုလိပ်တွေရဲ့ မတရားမှုတွေကို တရားဝင်
စစ်ဆေးပြီး အပြစ်ပေးခဲ့တဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်
ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုပြီး
အနိုင်ရပါတီ (အေအန်န်စီ)ကို အစိုးရဖွဲ့ ခွင့်ပေးခဲ့ပါတယ်။ ဆိုလိုတာက
နယ်ဆင်မင်ဒဲလားလို ရော်ဘင်ကျွန်းမှာ အချုပ်ချခံရတဲ့ အတိုက်အခံ
ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်ကိစ္စကို လစ်လျူရှုပေးခဲ့တာပါ။

တောင်အာဖရိကသင်ခန်းစာကို ယူကြည့်တဲ့အခါ ကျွန်တော်တို့ ဆီမှာ အများကြီး
ဆန့် ကျင်ကွဲလွဲနေတာကိုတွေ့ ရပါတယ်။ ထင်ထင်ရှားရှားတွေ့ ရတာကတော့
အစိုးရက ဒီကလပ်ထက် ပိုအကင်းပါးပြီး အတိုက်အခံတွေက မင်ဒဲလားထက်
ပိုသဘောကောင်းနေတာကိုဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့
ဒီနေ့ ထက်ထိ တောင်အာဖရိကပြည်သူတွေထက် ပိုဆင်းရဲပြီး ပိုဖိနှိပ်ခံနေရဆဲပါ။
နောက်တစ်ချက်က တောင်အာဖရိကမှာ နိုင်ငံရေးနယ်ပယ်ထဲက မထွက်သွား
ချင်တဲ့စစ်တပ်မျိုး လုံးဝမရှိတာပါ။ ကျွန်တော်တို့ ဆီမှာ နိုင်ငံရေးကို ဦးဆောင်စီမံ
ခန့် ခွဲမှုပေးချင်တဲ့ စစ်အင်အား ကြီးကြီးမားမားရှိနေတာဟာ တိုင်းပြည်ရဲ့ 
ကံကြမ္မာအတွက်ရော၊ စစ်မှန်ပြီး ပြည်သူ့ အကျိုးကို အာမခံပေးမယ့် ဖွဲ့ စည်းပုံ
အခြေခံဥပဒေတစ်ခု ဖြစ်လာဖို့ အတွက်ရော မရေရာ မသေချာမှုပင်လယ်ထဲမှာ
နစ်မြုပ်နေရသလိုပါဘဲ။ ဒါကြောင့်မို့  အမျိုးသားပြန်လည်သင့်မြတ်ရေးကို
ငြင်းခုံကြတဲ့အခါ ကိုယ့် ပြည်သူတွေ အရင်ဦးဆုံး ညီညွတ်ရေး၊ တစ်ခုတည်းသော
အမျိုးသားတပ်ပေါင်းစုရှိရေး၊ တူညီသော သဘောထားများညှိနှိုင်းရေး၊
တောင်းဆိုမည့်အချက်များနှင့် လိုက်လျောမည့်အချက်အလက်များကို
ကြိုတင်ဆုံးဖြတ်သတ်မှတ်ရေးများ အရင်ဦးဆုံး ပြုလုပ်သင့်ကြောင်း
ကျွန်တော်တို့ ကောင်းကောင်းနားလည်သဘောပေါက်ထားကြောင်းပါခင်ဗျာ။

ကျော်ကိုကို

(သမဂ္ဂဂျာနယ် အတွဲ ၁၊ အမှတ် ၃၄ တွင်ပါရှိသော “ရှစ်လေးလုံးငွေရတု
ဂယက်များနှင့် အမျိုးသားရင်ကြားစေ့ရေး အငြင်းအခုံ” မှ ထုတ်နုတ်ပါသည်။
ပုံကို အဆိုပါဂျာနယ်မှ ကူးယူပါသည်)

No comments: