Wednesday, August 28, 2013

ရုရှားရဲ့ ပဉ္စမမျိုးဆက်သစ် တိုက်လေယာဉ် PAK FA T-50 (အပိုင်း - ၁)




ရုရှားဆိုတာနဲ့ လေကြောင်းသမိုင်းမှာ အောင်မြင်မှုများစွာရရှိခဲ့တဲ့ MiG 21, MiG 25, MiG 29, Su 27 စတဲ့ လေယာဉ်တွေကို ပြေးမြင်ကြမိမှာပါ။ ရုရှားဟာ အနောက်နိုင်ငံတွေ လေယာဉ်တည်ဆောက်မှု ပုံစံနဲ့ မတူတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ သူတို့ရဲ့ တိုက်လေယာဉ်ကို သူတို့ ကိုယ်ပိုင်အမြင်နဲ့ တည်ဆောက်နိုင်ခဲ့တဲ့နိုင်ငံပါ။ ရုရှားရဲ့ လေယာဉ်တွေဟာ လေကြောင်းစစ်ပွဲ Dog Fight တိုက်ပွဲတွေမှာ အတော်အတန် အောင်မြင်မှုရရှိခဲ့ပါတယ်။ သမိုင်းဝင်အနေနဲ့ပြောရရင်တော့ ကိုးရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတို့မှာ အမေရိကန်လေတပ် အတော်အထိနာခဲ့ရတဲ့အထိ အစွမ်းပြနိုင်ခဲ့ကြတာပါ။ လေကြောင်းစစ်ပွဲလို့ ပြောတဲ့နေရာမှာ ရုရှားရဲ့ လေကြောင်းနည်းပညာဟာ လေယာဉ်ရဲ့ စစ်ကစားလှုပ်ရှားနိုင်စွမ်း aerobatic maneuver ပိုင်းမှာ အကောင်းဆုံးအခြေအနေတစ်ခုမှာ တည်ရှိတာပါ။ ဒါကိုတော့ အနောက်နိုင်ငံကလေယာဉ်တွေ ယခုထက်တိုင် လိုက်မမှီကြပါဘူး။ အနောက်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ လေယာဉ်တည်ဆောက်မှု ချဉ်းကပ်နည်းကတော့ မျက်မမြင်အကွာအဝေး without virtual range မှာရှိတဲ့ ပစ်မှတ်ကို ဘယ်လို ပစ်ခတ်ခြေမှုန်းမလဲဆိုတဲ့ စဉ်းစားနည်းနဲ့ dog fight အထိ တိုက်ပွဲဝင်ရန်မလိုပဲ အလွယ်တကူခြေမှုန်းနိုင်ရန် ရေဒါနည်းပညာ လေကြောင်း အီလက်ထရောနစ်နည်းပညာ လက်နက်နည်းပညာတို့ကို အဆင့်မြင့်မြင့် သုံးစွဲကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အမေရိကန်အနေနဲ့ ရုရှားရဲ့ နာမည်ကျော် MiG 29, MiG 35, Su 27, Su 35 တို့ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ဆိုပြီး မျက်မမြင်အကွာအဝေးကနေ တစ်ဖက်ကလေယာဉ် ကိုယ့်လေယာဉ်ကို ရေဒါမှာ မတွေ့ရသေးခင် ကိုယ်က ဦးစွာစတင် ခြေမှုန်းပစ်ခတ်နိုင်တဲ့ အဆင့်မြင့် ရေဒါ၊ လေကြောင်းအီလက်ထရောနစ်နှင့် အဆင့်မြင့် လက်နက်များ တပ်ဆင်ထားသော ကိုယ်ပျောက်တိုက်လေယာဉ် ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ မှန်ပါတယ် ဒီစီမံကိန်းဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်လာမယ့်အဓိက အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။

အဲဒီလို ထုတ်လုပ်တဲ့အခါမှာ စစခြင်း X plane ဆိုတဲ့ စီမံကိန်းကို စတင်ခဲ့ပြီး Boring နဲ့ Lockheed martin တို့ကို ယှဉ်ပြိုင်စေပါတယ်။ အဲဒီမှာ boring YF 23, Lockheed က YF 22 ကို ထုတ်လုပ်ပြီးအားပြိုင်ခဲ့ကြတာပါ။ အဲဒီမှာ Lockheed ရဲ့ YF22 ဟာ အဖက်ဖက်က အားသာချက်တွေနဲ့အတူ သမိုင်းဝင် အမေရိကန်လေတပ်ရဲ့ ပဉ္စမျိုးဆက်တိုက်လေယာဉ်ထုတ်လုပ်ဖို့ တာဝန်ပေးခြင်းကိုခံခဲ့ရပါတယ်။ အဓိက ဒီမှာ ရေးချင်တာက F 22 အကြောင်းမဟုတ်တော့ သူတို့အခန်းကဏ္ဍကို ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ နောက်ပိုင်းမှာ F22 အကြောင်း အကျယ်တဝင့်ဆောင်းပါးထပ်ရေးသားပါဦးမယ်။ အဲဒီလို အမေရိကန်လေတပ်က အဆင့်မြှင့် တိုက်လေယာဉ်တွေကို ဝယ်ယူမယ် နောက် လေယာဉ်အဟောင်းတွေနေရာမှာ အစားထိုးမယ်လို့ကြေငြာချက်ဟာ ရုရှားလေတပ်မတော်အတွက် အထူးပင် သတိထားစရာဖြစ်လာပါတော့တယ်။ ဒါဟာ ရုရှား aviation technology ကို ထပ်မံမြှင့်တင်ဖို့လိုပြီဆိုတဲ့ စိန်ခေါ်ချက်ကို သတိပေးလိုက်သလိုပါပဲ။ ဒါကြောင့်ရုရှားလဲ သူတို့ရဲ့ ပဉ္စမမြောက်တိုက်လေယာဉ် ထုတ်လုပ်မှုစီမံကိန်းကို အကောင်အထည်ဖော်ဖို့ စတင်လိုက်ပါတော့တယ်။

ဒီစီမံကိန်းစတင်ရတာဟာ အလွယ်တကူတော့ မဟုတ်ပါဘူး Research and development အတွက် အထွေထွေ ကုန်ကျစရိတ်ပေါင်း အမေရိကန်ဒေါ်လာ ၈ဘီလီယံကနေ ၁၀ ဘီလီယံအထိ ကုန်ကျခဲ့တာပါ။ ဒါဟာ လေယာဉ်တစ်စင်းထုတ်ဖို့ သုတေသနစရိတ်တင် ဘယ်လောက်ကုန်ကျတယ်ဆိုတာကိုလည်း ခန့်မှန်းမိမှာပါ။ ပြီးတော့မှာ ဒီလေယာဉ်ကို ကမ္ဘာပတ်ရောင်းဖို့ အများအပြားထုတ်လုပ်မှ ကုန်ကျစရိတ်ဟာ သက်သာတာပါ။ ဒါပေမယ့် အမေရိကန်ရဲ့ F22 ကိုထုတ်လုပ်တုန်းက ကုန်ကျစရိန် ၆၆ ဘီလီယံကိုတော့ မမှီပါဘူး။ ရုရှားဟာ လေယာဉ်ထုတ်လုပ်မှုမှာ မျိုးဆက်တူတိုက်လေယာဉ်ဖြစ်ရင်တောင် အမေရိကန်ထက်တော့ အတော် သက်သာတဲ့ဈေးနဲ့ထုတ်လုပ်နိုင်တာပါ။ ဒါကသူ့ရဲ့အားသာချက်ပေါ့။ အဲဒီစီမံကိန်းကို စတင် အုပ်မြစ်ချတာက တကယ်တော့ ၂၀၀၂ ခုနှစ် လောက်ကတည်းကပါ။ အဲဒီအချိန်မှာ ရုရှားမှာလည်း အမေရိကန်လိုပဲ Mikoyan နဲ့ Sukhoi တို့ကို အားပြိုင်စေပြန်ပါတယ်။ Sukhoi က Su 47 ကို ထုတ်ခဲ့ပြီး Mikoyan က Mikoyan Project 1.44 တို့ကို ထုတ်လုပ်စေပါတယ်။ Mikoyan project 1.44 ရဲ့ ဒီဇိုင်းဟာ euro fighter typhoon တို့ gripen တို့နဲ့ အတော်လေး ဆင်တူပြီး MiG 29 ပုံနဲ့ ရောစပ်ထားတဲ့ပုံစံမျိုးပါပဲ။ Su 47 ကတော့ သူ့ရဲ့ အတောင်ပံတွေကို အရှေ့အနောက်ပြောင်းပျံတပ်ထားတဲ့အနေအထားမျိုးနဲ့ မတူညီသော ပုံစံကွဲအနေနဲ့ တည်ဆောက်ခဲ့တာပါ။ နောက်ပိုင်းမှာ Sukhoi ဟာ အနာဂတ်မှာတည်ဆောက်မယ့် မျိုးဆက်သစ် တိုက်လေယာဉ်စီမံကိန်းမှာ ဦးဆောင်စေဖို့အတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဒါဟာတကယ်တော့ PAK FA T 50 ရဲ့ အစကနဦးစီမံကိန်းပါပဲ။ အဲဒီနောက်ပိုင်းမှာ ၂၀၀၇ ခုနှစ်လောက်ကျတော့ အိန္ဒိယလေတပ်ကလည်း သူတို့လေတပ်ကို အဆင့်မြှင့်တဲ့အနေနဲ့ ပဉ္စမျိုးဆက်တိုက်လေယာဉ် ထုတ်လုပ်အသုံးပြုဖို့ PAK FA T 50 ရဲ့ စီမံကိန်းမှာ ပါဝင်လာပါတော့တယ်။

စီမံကိန်းအနေနဲ့ အိန္ဒိယနဲ့ ရုရှား တစ်နိုင်ငံကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံထည့်ဝင်သုံးစွဲပြီး စီမံကိန်းစတင်တဲ့နှစ်ကနေ ၈နှစ်မှ ၁၀ နှစ်အတွင်း အပြီးသတ်ထုတ်လုပ်သုံးစွဲနိုင်ဖို့အတွက် သဘောတူညီမှု ရယူခဲ့ကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသကို အိန္ဒိယလေတပ်က ပိုင်ဆိုင်ပါတယ်။ ၂၀၀၉ ခုနှစ် နှစ်လယ်လောက်မှာတော့ လေယာဉ်သစ်ရဲ့ ဒီဇိုင်းကိုအတည်ပြုခဲ့ပြီး စမ်းသပ်တည်ဆောက်ကြတဲ့အခါမှာ ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ပျံသန်းနိုင်ဖို့အတွက် အဆင်သင့်ဖြစ်စေပါတော့တယ်။ ဒါကြောင့် ပထမဦးဆုံးသော စမ်းသပ်ပျံသန်းခြင်းကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှာပြုလုပ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ကာ ရုရှားလေကြောင်းလောကရဲ့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အဖြစ် သမိုင်းသစ်ကိုရေးထိုးနိုင်ခဲ့ပါတယ်။ တကယ်တန်းတော့ ရုရှားလည်း အမေရိကန်နည်းတူ တည်ဆောက်နိုင်တဲ့ အဆင့်မြင့်နည်းပညာများ ပညာရှင်များကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ ဒါပေမယ့် နည်းပါးလှတဲ့ အစိုးရဘက်ဂျက်များကြောင့်သာ လေယာဉ်သစ်ကို ထုတ်လုပ်မှုအပိုင်းမှာ အမေရိကန်ထက် ခြေတစ်လှမ်းနောက်ကျခဲ့ခြင်းပဲဖြစ်ပါတယ်။ သို့ပေမယ့် အမေရိကန်ရဲ့ F 22 လေယာဉ်စီမံကိန်းဟာ ရုရှားကို မဖြစ်မနေနောက်ထပ် မျိုးဆက်တစ်ဆက်လှမ်းဖို့လိုပြီဆိုတာကို တွန်းအားပေးလိုက်သလိုမျိုးဖြစ်စေပါတယ်။ နောက်တော့ အားသာချက်ဖက်က ကြည့်မယ်ဆိုရင် အမေရိကန် F 22 ထုတ်လုပ်ပြီးမှ စတင်တဲ့ စီမံကိန်းဖြစ်တဲ့အတွက် F 22 ရဲ့ အားသာချက် အားနည်းချက်တွေကို သုံးသပ် ပြင်ဆင်ဖို့ အချိန်ရရှိခဲ့ပါတယ်။ ဒါဟာ PAK FA T 50 ကို ကမ္ဘာ့ အကောင်းဆုံး ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေထဲက တစ်စင်းဖြစ်စေမယ်ဆိုရင်တော့ မမှားပါဘူး။ PAK FA T 50 ဟာ အကောင်းဆုံးတွေ စုစည်းထားတာပါ။ လေယာဉ်ရဲ့ ကိုယ်ထည်ဟာ ကိုယ်ပျောက်နည်းပညာနဲ့ တည်ဆောက်ထားပြီး ရုရှားရဲ့ နာမည်ကျော် aerobatic maneuver ပိုင်းမှာလည်း ဆက်လက်ပိုကောင်းအောင် တည်ဆောက်ထားလို့ အဆင့်မြင့်နည်းပညာများ ပေါင်းစပ်ထားသော dog fight တိုက်ပွဲများမှာပါ performance အကောင်းဆုံး ကစားနိုင်တဲ့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်စေခဲ့တာပါ။

အပိုင်း (၂) လေယာဉ်တည်ဆောက်မှုအပိုင်းကို ဆက်လက်တင်ဆက်ပါဦးမယ်


ဝေဟင်ချစ်သူ

No comments: