Tuesday, August 27, 2013

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံနှင့် အမေရိကန်တို့ရဲ့ "က" ကွက် တချို့


August 27, 2013 at 4:21pm
ဆီးရီးယား ဓါတုလက်နက် ကိစ္စ ပြောလာကြပြီး အမေရိကန် စစ်သင်္ဘောတွေ မြေထဲပင်လယ်ထဲ အသင့်ရောက်နေတယ် ဆိုတဲ့ သတင်းကို ဖတ်မိတော့ ၁၉၉၀ အောက်တိုဘာလ (၅) ရက်နေ့မှာ ကူဝိတ် နိုင်ငံသူ "နရီယား (Nayirah)" ဆိုသူ အမျိုးသမီး တစ်ယောက်က အမေရိကန် လူ့အခွင့်အရေး ကွန်ဂရက်မှာ "အီရက် စစ်သားတွေရဲ့ ရက်စက်မှု" ကို သက်သေထွက်ဆိုခဲ့တဲ့ မှတ်တမ်း တစ်ခုကို သတိရမိပါတယ်။

မှန်တယ် မှားတယ် ဆိုတာထက် ကမ္ဘာ့ဖြစ်ရပ်၊ အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ ရပ်တည်ချက်၊ ကမ္ဘာ့လူသားတွေရဲ့ စိတ်၊ ကမ္ဘာ့နိုင်ငံရေးလှည့်ကွက်၊ မီဒီယာတွေရဲ့ လှည့်စားချက် ... စတာတွေကို သတိထားမိနိုင်အောင် နဲ့ စာဖတ်သူတွေ စဉ်းစား တွေးကြည့်နိုင်အောင် နည်းနည်းလေး တို့ထိပါရစေ။

ကူဝိတ်ဟာ အီရက်အတွက် ပထဝီနိုင်ငံရေးအရ ပင်လယ် ထွက်ပေါက်မှာ ပိတ်ထားသလို ဖြစ်ပြီး ရေနံတွင်းတွေ ပိုင်တဲ့ နိုင်ငံဖြစ်လေတော့ စစ်အင်အားကြီးလာပြီး ရေနံနဲ့ ပင်လယ် ထွက်ပေါက်ကို ဆာလောင်လာတဲ့ အီရက်သမ္မတ ဆက်ဒန် ဟူစိန်ဟာ ကူဝိတ်ကို သိမ်းခဲ့ပါတော့တယ်။ အီရက်နိုင်ငံဟာ အမေရိကန်ရဲ့ မြှောက်ပေးမှုနဲ့ ဒေသတွင်းမှာ စစ်အင်အားကြီးထွားနေတဲ့ တိုင်းပြည် တစ်ခုပါ။


ကူဝိတ်ဘက်မှ အီရက်ကို ကူတိုက်ပေးခဲ့သော အမေရိကန် တိုက်လေယဉ်များ (http://www.britannica.com/blogs/2011/08/iraq-invades-kuwait/ မှ ရယူထားပါသည်။)
ကူဝိတ်ဘက်မှ အီရက်ကို ကူတိုက်ပေးခဲ့သော အမေရိကန် တိုက်လေယဉ်များ (http://www.britannica.com/blogs/2011/08/iraq-invades-kuwait/ မှ ရယူထားပါသည်။)


ပင်လယ်ကွေ့ဒေသမှာ စစ်အင်အားကြီးနေတဲ့ အီရက်ကို ခံချဖို့ရာ ကူဝိတ်အတွက် ကူသူ ကယ်သူ မဲ့ခဲ့ပါတယ်။ နီးစပ်ရာ တိုင်းပြည်တွေကို ကူဝိတ်စော်ဘွားတွေ ထွက်ပြေးခဲ့ရပါတယ်။ အမေရိကန်ကလည်း လက်တွေ့မှာ ကူဝိတ်ဘက်ကနေ စစ်ဝင်တိုက်ပေးဖို့ရာ သူ့အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒအရ ပင်လယ်ကွေ့မှာ ရုရှားနဲ့အပြိုင် အင်အားချိန်ခွင်လျှာ ညှိတဲ့နည်းနဲ့ အီရက်ကို တသက်လုံးထောက်ပံ့လာတော့ အခု အဲဒီ အီရက်ကို စစ်ပြန်တိုက်ရမယ်ဆိုတာမှာ အစိုးရအတွက် အခွန်ထမ်းပြည်သူတွေကို အကြောင်းပြချက် ပေးဖို့ဟာ အင်မတန် ခက်ခဲပါတယ်။ အသုံးမကျတဲ့ အစိုးရဆိုပြီး ပြည်သူတွေက မြင်ရင် အဲဒီကာလရဲ့ သမ္မတ ဖြစ်တဲ့ ဂျော့ဘုရှ်(စီနီယာ) အစိုးရ အတွက် အခြေအနေက မကောင်းပါဘူး။

ဒီတော့ ကူဝိတ်စော်ဘွားတွေဟာ Hill and Knowlton Strategies ဆိုတဲ့ လူမှုဆက်ဆံရေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၁၁.၉ မီလျံနဲ့ ငှားပြီး ကမ်ပိန်း လုပ်စေခဲ့ပါတယ်။ (ကူဝိတ်ရဲ့ ပေးရငွေဟာ စုစုပေါင်း ဒေါ်လာ ၁၁.၉ မီလျှံရှိခဲ့ပြီး ၁၀.၈ မီလျှံကတော့ ကုမ္ပဏီက ရရှိတဲ့ အမြတ်ဖြစ်ပါတယ်။ ကျန်ငွေတွေက သုတေသနအတွက် ၁ မီလျှံသုံးစွဲပြီး အခြား ကိစ္စတွေအတွက် ၀.၁ မီလျှံက အထွေထွေ ကုန်ကျစရိတ် ဖြစ်ပါတယ်။)

Hill and Knowlton ကုမ္ပဏီဟာ အမေရိကန်နိုင်ငံက ကူဝိတ်သံအမတ်ရဲ့ သမီးဖြစ်သူကို သေချာ သင်ပေးပြီး လူ့အခွင့်အရေး ကွန်ဂရက်မှာ ကြားနာပွဲ လုပ်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီကြီးဟာ မီဒီယာတွေကို အသုံးချပြီး ဂျပိုးကို လိပ်ဖြစ်အောင် ပြောနိုင်တဲ့ ကုမ္ပဏီကြီးတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် သူ့လုပ်ပုံက အတင်းအဓမ္မ လုပ်တာ မဟုတ်ဘဲ လူတွေက လက်ခံယုံကြည်လာအောင် မီဒီယာတွေကို ပါးပါးနပ်နပ် အသုံးချမှုပါပဲ။ ၁၉၅၀ ပြည့်နှစ် ကျော် ကာလတွေတုန်းက ဆေးလိပ်သောက်တာဟာ အဆုတ်ကင်ဆာကို ဖြစ်စေတယ်ဆိုတာ ဆေးပညာက တွေ့ရှိပေမယ့် ဆေးလိပ်ကုမ္ပဏီကြီးတွေအတွက် အခက်ကြုံနိုင်တာကြောင့် ဆေးလိပ် ကုမ္ပဏီကြီးတွေက ငှားရမ်းပြီး အဲဒီ ပြောဆိုလာနေတာတွေကို ပြန်လှန် တုန့်ပြန်ဖို့ ငှားရမ်း အသုံးချခဲ့ပြီး သတင်းစာတွေ အားလုံးလောက်ကနေ အဆုတ်ကင်ဆာ ဖြစ်စေမှုနဲ့ ဆေးလိပ်သောက်တာနဲ့ ပက်သက်မှု မရှိဘူး ဆိုပြီး ရေးလာတဲ့အထိကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အီရက်၊ ကူဝိတ် ပြဿနာမှာလည်း အမေရိကန်တွေ ကူဝိတ်ကိစ္စ ကူညီလာအောင် Hill and Knowlton ကုမ္ပဏီကို ကြေးကြီးကြီး ပေးပြီး ငှားရမ်းခဲ့ပါတယ်။ အဲဒီတော့ ကွန်ဂရက် ကြားနာပွဲမှာ လူတွေရဲ့ နှလုံးသားကို သိမ်းယူနိုင်မယ့် စကားလုံးတွေနဲ့ ခံစားမှု၊ တုန်လှုပ်မှုတွေ ပါတဲ့ ထွက်ဆိုချက်တစ်ခုကို "နရီယား (Nayirah)" က ပြောဆိုသွားခဲ့ပါတယ်။ 


နရီးယား (nayirah al-sabah) (ထွက်ဆိုချက်ပေးနေသော ဗွီဒီယိုမှ ကူးယူထားသော ပုံ ဖြစ်ပါတယ်။)
နရီးယား (nayirah al-sabah) (ထွက်ဆိုချက်ပေးနေသော ဗွီဒီယိုမှ ကူးယူထားသော ပုံ ဖြစ်ပါတယ်။)

အီရက်စစ်သားတွေက ကူဝိတ်ကို သိမ်းတဲ့အခါမှာ ဆေးရုံက မွေးကင်းစ ကလေးတွေထားတဲ့ အခန်းမှာ  မွေးကာစ ကလေးတွေကို ထုတ်ယူပြီး ကလေးတွေအတွက် အနွေးပေးတဲ့ ပစ္စည်းတွေကို ယူသွားပြီး မွေးကာစ ကလေးတွေကို ကြမ်းပြင် အအေးထဲမှာ ဒီအတိုင်းထားခဲ့ပြီး .. နောက်ဆုံး ကလးတွေဟာ သေသွားတာကို ဆေးရုံမှာ လုပ်အားပေး နေတဲ့ သူမက မျက်မြင်ကိုယ်တွေ့ တွေ့ပါတယ်ဆိုတဲ့ ထွက်ဆိုချက်ကို ငိုပြီး ပြောခဲ့ပါတယ်။ (http://www.youtube.com/watch?v=LmfVs3WaE9Y) ထွက်ဆိုချက် ဗွီဒီယိုကို အထက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။)

သူ့ပြောဆိုချက်ကို အမေရိကန် တနိုင်ငံလုံးက တီဗွီတွေ၊ သတင်းစာတွေမှာ အကြီးအကျယ် ရေးသားပြီး အီရက်ရဲ့ လူမဆန် ရက်စက်မှုတွေကို အမေရိကန်နိုင်ငံသားတွေအားလုံး အတွက် ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်သွားခဲ့ပါတယ်။ ဒီအခါမှာ အမေရိကန် သမ္မတ ဂျော့ဘု(ရှ်) ကလည်း "ဟစ်တလာဟာ ကမ္ဘာမြေကြီးပေါ်မှာ တကျော့ပြန် ပေါ်ထွန်းလာခဲ့ပြီ" ဆိုတဲ့ မိန့်ခွန်းနဲ့ တိုင်းပြည်ကို ပြောလိုက်တဲ့ အခါမှာ .. အမေရိကန် ပြည်သူတွေ အားလုံးနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေကပါ ရက်စက်တဲ့ ဟူစိန်ကို ကူဝိတ်ကနေ မောင်းထုတ်ဖို့ တခဲနက် ထောက်ခံလိုက်ကြပါတော့တယ်။

ဒီအခါမှာ အများသိကြတဲ့ ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ပွားပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကူညီမှုနဲ့ ကူဝိတ်နိုင်ငံထဲက အီရက်စစ်တပ်ကို မောင်းထုတ်ခဲ့ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ သူများနိုင်ငံကို သွားသိမ်းလို့ အမေရိကန်က စေတနာရှိရှိ ကူညီခဲ့တာ မဟုတ်ပါဘူး။ ဒါကို အစ္စရေးက ပါလစ်စတိုင်းနယ် မြေတွေကို သိမ်းပိုက်တဲ့ ၁၉၆၇ ခုနှစ်က ခြောက်ရက်ကြာ စစ်ပွဲ (Six-days War) ကိစ္စက သက်သေခံနေပါတယ်။ အမေရိကန်ရဲ့ ထောက်ခံမှုကို ရထားတဲ့ အစ္စရေးဟာ ဒီနေ့အထိ ပါလစ်စတိုင်းရဲ့ ဒေသတွေကို သိမ်းပိုက်ထားနေဆဲ ဖြစ်ပြီး ပြဿနာတွေက ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့အကျိုးအမြတ်အရ ထောက်ခံမှုတွေဟာ အစ္စရေးဘက်မှာ ရှိနေတာကြောင့် ပါလစ်စတိုင်း လွတ်မြောက်ရေး ကိစ္စမှာ အမေရိကန်က ဘာမှ မလုပ်ပဲ ပါးစပ်ပြောလောက်သာ လုပ်ပါတယ်။ ဒီ ဥပမာကို သေချာ နားလည်ထားတဲ့ ကူဝိတ် စော်ဘွားတွေဟာ Hill and Knowlton ကုမ္ပဏီကို ငှားပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ အဲဒီလို အသုံး မချခဲ့ရင် အမေရိကန် ထောက်ခံထားတဲ့ ဟူစိန်ကို အမေရိကန်က ပြန်တိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ပါပဲ။ အခုအချိန် အစ္စရေးကို အမေရိက စစ်တိုက်မှာ မဟုတ်သလို အခြေအနေမျိုးပါ။ ဒါကို မီဒီယာတွေနဲ့ အဆိုပါ ကုမ္ပဏီရဲ့ လှုံ့ဆော်မှုနဲ့ ဖြစ်အောင် လုပ်သွားခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲ အပြီး ၁၉၉၂ ခုနှစ်မှာတော့ "နရီယား (Nayirah)" ဟာ သူ့ သံအမတ်ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး မုသား တဝက်နဲ့ သူမ ထွက်ဆိုသွားခဲ့ပါတယ်ဆိုတဲ့ အသံတွေ ထွက်လာပါတော့တယ်။ စစ်ပွဲအပြီး ဆေးရုံကို စစ်တဲ့အခါ အဲဒီလို ဖြစ်ခဲ့တယ်ဆိုတာကို ယုံကြည်ရနိုင်လောက်တဲ့ ခိုင်မာတဲ့ သက်သေတွေ မတွေ့ရှိရဘူးဆိုပြီး "အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International" က နောက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။ တချို့ နောက်ပိုင်းမှာ အင်တာဗျူးကြတဲ့အခါ ဆေးရုံက ဆရာဝန်တွေက အီရက်စစ်သားတွေ အဲဒီလို လုပ်ခဲ့တာကို ကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ ဖြေထားတာလည်း တွေ့ရပါတယ်။ ကူဝိတ်အစိုးရကတော့ ဒီကိစ္စကို ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ Hill and Knowlton ကုမ္ပဏီရဲ့ အကြီးအကဲကတော့ သူတို့က ကူဝိတ်အတွက် အကျိုးဆောင်ခဲ့ကြောင်း ... ဝန်ခံခဲ့ပါတယ်။ ဘယ်လို ဘယ်ပုံ ဘယ်လောက် အထိ လုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ အပြည့်အစုံကတော့ မပြောပါဘူး။

အီရက်ကို ဒုတိယအကြိမ် ဂျော့ဘုရှ် (ဂျူနီရာ)ရဲ့ ဦးဆောင်မှုနဲ့ တိုက်တဲ့အခါ အမျိုးသားထောက်လှမ်းရေး ဗဟို (CIA) ရဲ့ သတင်းပေးမှု၊ ဘီဘီစီရဲ့ သတင်းပို့မှုတွေနဲ့ အန္တရာယ်ရှိတဲ့ လက်နက်ပေါင်း အမြောက်များ လက်ဝယ်ရှိမှု (Weapon of mass destruction) ဆိုတဲ့ သတင်းတွေအရ စစ်တိုက်ခဲ့ပြီး လက်တွေ့မှာ ဘာမှ မတွေ့တဲ့ ဖြစ်ရပ်မျိုးတွေကလည်း ထောက်လှမ်းရေးတွေ၊ သတင်းမီဒီယာတွေရဲ့ လှည့်စားမှုတွေနဲ့ ဖြစ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။

ဒီတော့ လက်ရှိမှာ ဆီရီးယား ကိစ္စ ဆီးရီးယားကို ဝင်တိုက်ဖို့နဲ့ လက်နက် ကူညီပေးဖို့မှာ ...  ဂျော့ဘုရှ် (ဂျူနီရာ)ရဲ့ ဦးဆောင်မှုနဲ့  အီရက်ကို တိုက်ခဲ့တာ၊ အာဖဂန်မှာ အငြင်းပွားဖွယ် စစ်ပွဲတွေနဲ့ ပြဿနာတွေ မပြီးသေးတာတွေကြောင့် စစ်ရေးအရ ဝင်ရောက် လုပ်ကိုင်ဖို့က မဖြစ်နိုင်ဘူး ဖြစ်နေပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း အကြောင်းပြချက် မခိုင်လုံဘူး ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၆ လ လောက်ကတော့ ဆီးရီးယားမှာ ဓါတု လက်နက်တွေ သုံးနိုင်တယ် ဆိုတဲ့ စကားတွေ ထွက်လာပါတယ်။ နောက်တော့ ငြိမ်သွားတယ်။ ပြီးခဲ့တဲ့ လကတော့ ပြင်သစ်ကနေ ဆီးရီးယား အစိုးရက ဓါတု လက်နက် သုံးတာ တွေရှိတယ်လို့ စတင်ပြောပါတယ်။ ဆီးရီးယား အစိုးရကတော့ မဟုတ်ဘူး သက်သေ အခိုင်အမာ မရှိဘူးလို့ ငြင်းခဲ့ပါတယ်။ အခု နောက်ဆုံးမှာတော့ ဗွီဒီယို ကလစ်တွေကနေ ဓါတု လက်နက်တွေ သုံးတယ်ဆိုတဲ့ အထောက်အထားတွေ တွေရှိတာ ဖြစ်လာတဲ့အခါ ကုလသမဂ္ဂ စစ်ဆေးရေး အဖွဲ့တွေ သွားနေတဲ့ သတင်းတွေဟာ ထိပ်ပိုင်း သတင်းတွေ ဖြစ်လာပြီး အမေရိကန် စစ်သင်္ဘောတွေဟာ မြေထဲပင်လယ်မှာ အဆင်သင့် ဖြစ်နေပြီး ပင်တဂွန်ကလည်း လိုအပ်ရင် တိုက်ဖို့ အဆင်သင့်လို့ ဆိုလိုက်ပါတယ်။

အထက်ပါ ဓါတု လက်နက် သတင်းတွေမှာ  ...  အားလုံးဟာ သတင်းအမှန်တွေပဲလား .. ဒါမှမဟုတ် အမေရိကန်နဲ့ မဟာမိတ်တွေအတွက် နယ်မြေစိုးမိုးရေးအတွက်လား၊ (သို့) မမြင်နိုင်သေးတဲ့ မြုပ်ကွက် အတွက် အမှန်တဝက်ကို အခြေခံပြီး လိုသလို ပြုပြင်ယူထားတဲံ သတင်းတွေပဲလား ဆိုတာကတော့ ... ကမ္ဘာ့ဇာတ်ခုံမှာ စောင့်ကြည့်နေရဦးမှာ ဖြစ်ပါကြောင်း ..

(ကိုထိုက်)

No comments: