Sunday, August 25, 2013

သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူစသည့် ရေနက်ဆိပ်ကမ်းများအပြင် တနင်္သာရီ ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းသစ်နှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်



မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည့် သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူစသည့် ရေနက်ဆိပ်ကမ်းများအပြင် တနင်္သာရီ ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းသစ်နှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိပါသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့အကြားရှိ တနင်္သာရီ ကမ်းရိုးတန်းတွင် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံမှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငရုတ်ကောင်းအော်တွင် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်းအား စင်ကာပူနိုင်ငံမှ လည်းကောင်း အကောင်ဖော်ရန် စိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ Emerald Grand Hotel Group သည် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ကုလားဂုတ်ဒေသတွင် ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်မည်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံမှ Super Axis Development pte.ltd ကုမ္ပဏီသည် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန် ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ယခုလအတွင်း သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်နိုင်ချေ လေ့လာမှုများတွင် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ရေအားစမ်းသပ်မှု၊ မြေသားစမ်းသပ်မှု၊ လှိုင်းလေသက်ရောက်မှုများနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တစ်ခုလုံး၏ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုများအားလုံး ပါဝင်မည်ဖြစ်သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့အကြားရှိ တနင်္သာရီ ကမ်းရိုးတန်းတွင် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံမှ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ငရုတ်ကောင်းအော်တွင် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်းအား စင်ကာပူနိုင်ငံမှ လည်းကောင်း အကောင်ဖော်ရန် စိတ်ဝင်စားမှု ရှိနေကြောင်း၊ ခန့်မှန်းခြေအားဖြင့် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်းသည် တန်ချိန်ငါးသောင်းခန့်ရှိ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ပြီး၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်းသည် တန်ချိန်ငါးသောင်းခန့်ရှိ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘော အစီး ၃၀ တစ်ပြိုင်နက် ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။

လေ့လာတွက်ချက်မှုများ ပြီးစီးပါက စင်ကာပူနိုင်ငံမှ Super Axis Development pte.ltd ကုမ္ပဏီသည် ငရုတ်ကောင်းရေနက်ဆိပ်ကမ်း စီမံကိန်းအား လည်းကောင်း၊ ထိုင်းနိုင်ငံမှ Emerald Grand Hotel Group သည် ကုလားဂုတ် ရေနက်စီမံကိန်းအား လည်းကောင်း တည်ဆောက်ရန် စီစဉ်နေပြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်းများအား BOT စနစ် (သို့မဟုတ်) Joint Venture စနစ်ဖြင့် တည်ဆောက်ရန် ဆက်လက်ဆုံးဖြတ်သွားမည်ဟု သိရသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် စက်မှုဇုန် စီမံကိန်းများကိုပါ တည်ဆောက်ရန် စီစဉ်နေပြီး၊ အဆိုပါ စက်မှုဇုန် စီမံကိန်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မွန်ပြည်နယ် အစိုးရအဖွဲ့များနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

Eleven

No comments: