Friday, August 30, 2013

ရုရှားရဲ့ ပဉ္စမမျိုးဆက်သစ် တိုက်လေယာဉ် PAK FA T-50 (အပိုင်း - ၂)



လေယာဉ်တည်ဆောက်မှုအပိုင်း
လေယာဉ်ကိုယ်ထည်ကို ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ ထုံးစံအတိုင်း ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အဆင့်မြင့် ကိုယ်ပျောက်နည်းပညာကို အသုံးပြုပြီး ဒီဇိုင်းရေးဆွဲထားတာပါ။ ကိုယ်ပျောက်နည်းပညာဆိုတာကို ကျွန်တော်ရှင်းပြရရင် သိပ္ပံဇာတ်လမ်းတွေထဲကလို လုံးဝကို မျက်မြင်မှာ ပျောက်နေတာမဟုတ်သလို ရေဒါမှာ လုံးဝကို မဖော်ပြနိုင်တာလဲမဟုတ်ပါ။ ရေဒါကလွှင့်ထုတ်လိုက်တဲ့ လှိုင်းတွေကို ပြန်လည် ရိုက်ခိုက်ပြီး ပုံဖော်နိုင်ခြင်းမပြုအောင် လေယာဉ်ဒေါင့်တွေကို ဒေါင်လိုက်ဒီဇိုင်းရေးဆွဲ ထားတဲ့အတွက်ကြောင့် ရေဒါမှာ လာဖော်ပြရင်တောင် ကြီးမားတဲ့ လေယာဉ်ကိုယ်ထည်အလိုက် မဖော်ပြပဲ ပတုံးလေးတစ်ကောင်ကဲ့သို့သာ ဖော်ပြပေးမှာဖြစ်လို့ ကိုယ်ပျောက်နည်းပညာလို့ တင်စားခေါ်ဝေါ်တာပဲဖြစ်ပါတယ်။ ကိုယ်ပျောက်နည်းပညာအတွက်က လေယာဉ်ကိုယ်ထည် ဒီဇိုင်းသာမက ကိုယ်ထည်ကို coating လုပ်ပေးထားတဲ့ ဆေးအမျိုးအစားပါ အဓိကကျပါတယ်။ ကိုယ်ပျောက်နည်းပညာ ပိုင်နိုင်ဖို့ဆိုတာက ထင်သလောက်တော့ မလွယ်ကူပါဘူး။ စမ်းသပ်မှုပေါင်းများစွာ နဲ့ တွက်ချက်မှုပေါင်းများစွာကို ပြုလုပ်ရမှာတော့ အသေအချာပါပဲ။ ယခု လေယာဉ်ကိုတော့ ကိုယ်ပျောက်နည်းပညာ stealth technology တင်မကပဲ supercruise နည်းပညာကိုပါ အသုံးပြုထားခြင်းလည်း ဖြစ်ပါတယ်။ Supercruise နည်းပညာ ဆိုတာက afterburner ကို အသုံးပြုရန်မလိုပဲ payload တွေ လက်နက်တွေ သယ်ဆောင်ထားရင်းနဲ့တောင် supersonic speed အသံထက်မြန်တဲ့ လျှင်မြန်နှုန်းနဲ့ ပျံသန်းလို့ရတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုယ်ထည်တည်ဆောက်မှု နည်းပညာမှတော့ F-22 ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ အားနည်းချက်တစ်ခုကတော့ ကိုယ်ထည်ဟာ F-22 ထက် အတော်အတန် ကြီးမားနေတာပဲဖြစ်ပါတယ်။

ပြီးတော့ အသုံးပြုထားတဲ့ နည်းစနစ်ကလည်း အဆင့်မြင့် avionic နည်းပညာများ၊ မှတ်ဥဏ်တုနည်းပညာစနစ် artificial intelligence system အဆင့်မြင့် အီလက်ထရောနစ်နည်းပညာသုံး active ရေဒါစနစ် active electronically scanned array (AESA) စတဲ့ နည်းပညာတွေကို အသုံးပြုထားတဲ့အပြင် နောက်ဆုံးမျိုးဆက် လက်နက်စနစ်များဖြစ်တဲ့ air to air, air to surface, air to ship missile များကိုပါ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ air to ship missile ဆိုရင် သူ့မှာ ကိုယ်ပိုင်ရေဒါ ကိုယ်ပိုင် GPS စနစ် ကိုယ်ပိုင် camera စနစ်တို့ပါ ပါဝင်တဲ့အဆင့်မြင့် သင်္ဘောဖျက်ဒုံးစနစ်ဖြစ်ပါတယ်။ ပစ်ခတ်လိုက်ပြီဆိုတာနဲ့ ရေပြင်အတိုင်း နီးကပ်စွာပျံသန်းပြီး သင်္ဘောမှ CIWS များရဲ့ ပစ်ခတ်မှုကိုပါ ရှောင်ရှားနိုင်ပြီး ပစ်မှတ်ကို ခြေမှုန်းနိုင်တာပါ။ နောက် air to air နဲ့ air to surface missile များ ဆိုရင်လည်း heat seeker နည်းပညာသာမက မှတ်ဥာဏ်တု နည်းပညာ GPS နည်းပညာ၊ လေဆာဖြင့် ထိန်းချုပ်နိုင်သော နည်းပညာ စတဲ့နည်းပညာများကိုထည့်သွင်းထားပါတယ်။ ဒါကြောင့် ပစ်ခတ်နိုင်တဲ့ ဒုံးစနစ် လက်နက်စနစ်တွေမှာလည်း F 22 ကိုတော့ ကောင်းစွာ ယှဉ်ပြိုင်နိုင်ပါတယ်။ တကယ်တော့ PAK FA T 50 မှာ F 22 ရဲ့ ကောင်းမွန်တဲ့ နည်းပညာတွေအပြင် စီမံကိန်းကို ရရှိခြင်းမရှိတဲ့ YF-23 ရဲ့ နည်းပညာတွေကိုပါ ပေါင်းစပ်ထည့်သွင်းထားတာကို PAK FA T 50 ရဲ့ နောက်ပိုင်းက V tails ဒီဇိုင်းကို ကြည့်မယ်ဆိုရင် သိသာပါတယ်။ အထူးနည်းစနစ် နဲ့ ပုံစံတွေ တပ်ဆင်ဒီဇိုင်းဆွဲ ထားတာကြောင့် အစဉ်အလာအတိုင်း လုပ်ဆောင်တဲ့ rudder စနစ်မဟုတ်ပဲ ပြည့်စုံစွာ လှုပ်ရှားနိုင်တဲ့ vertical tails အမျိုးအစားပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျက်အင်ဂျင်ရဲ့ intake အပေါ်မှာ Wing leading-edge devices များကို တပ်ဆင်ထားတာဖြစ်လို့ signature များကို ထိန်းချုပ်တဲ့နေရာမှာ စိန်ခေါ်မှုတော့ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အခက်အခဲ ကြီးကြီးမားမား မဟုတ်ပဲ ပြင်ဆင်လို့ရတဲ့ နေရာဖြစ်လို့ ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ F-22 ကို ကောင်းစွာ ယှဉ်ပြိုင်နိုင်တဲ့လို့ ဆိုရမှာပါ။ ပြီးတော့ လေယာဉ်လှုပ်ရှားပျံသန်းနိုင်မှု maneuverable အပိုင်းမှာ F-22 ထက်များစွာ သာလွန်ပြီး ကိုယ်ပျောက်နည်းပညာတည်ဆောက်မှု ကုန်ကျစရိတ်မှာလည်း F-22 ထက် အတော်လေးကို သက်သာစေပါတယ်။ ဒါဟာ တိုက်တံနီယံ ၇၅ ရာနှုန်း ကွန်ပိုဆစ် ၂၅ ရာနှုန်း အသုံးပြုထားတဲ့ လေယာဉ်ကိုယ်ထည်အပိုင်းနဲ့ လက်နက်သယ်ဆောင်မှုကို အင်ဂျင်နှစ်ခုကြားမှာ တပ်ဆင်နိုင်ရန် ဖန်တီးထားတဲ့ ကောင်းမွန်တဲ့ ဒီဇိုင်းများကြောင့်ပဲ ဖြစ်မှာတော့ မလွဲပါ။

နောက်ပြီး လေသူရဲတွေအတွက် အလွန်ကောင်းမွန်တဲ့ သတင်းကောင်းလဲ PAF FA T 50 မှာ ပါဝင်ပါတယ်။ အဲဒါကတော့ cockpit ကို 9G ဆွဲအား ခံနိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ် ပြီးတော့ လေသူရဲတွေဟာ အမြင့် ၂၃ ကီလိုမီတာမှာတောင် ဖိအားဒဏ်ခံနိုင်တဲ့ ဝတ်စုံသစ်နဲ့အတူ eject ပြုလုပ်နိုင်မှာဖြစ်လို့ အသက်အန္တရယ်အတွက်လည်း လွန်စွာစိတ်ချရတဲ့အနေအထားရှိပါတယ်။ ဒါဟာ ရုရှားတွေရဲ့ ejection seat အပိုင်းမှာ အခြား အနောက်နိုင်ငံ အမေရိကန်နိုင်ငံတွေထက် သာလွန်ကောင်းမွန်ဆဲရှိတယ်ဆိုတာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။ လက်နက်သယ်ဆောင်မှုအပိုင်းမှာဆိုရင်လည်း ၃၀ မမ canon နှစ်လက်ကို ကောင်းစွာ တပ်ဆင်ထားနိုင်ပြီး Kh-35UE (AS-20 "Kayak"), Kh-38ME, Kh-58UShKE (AS-11 "Kilter"), and RVV-MD (AA-11 "Archer") စတဲ့ missiles များကိုပါ ၇၅၀၀ kg အထိ အများဆုံး သယ်ယူပစ်ခဲ့နိုင်ပါတယ်။ ဒါကြောင့် F-22 နဲ့ ယှဉ်ရင်သော သယ်နိုင်တဲ့ပမာဏ အနည်းငယ် လျော့နည်းပေမယ့် သိပ်အကွာကြီးမဟုတ်လို့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ လက်ရှိ တပ်ဆင်ထုတ်လုပ်ထားတဲ့ နည်းပညာတွေအတိုင်းသာဆိုရင်တော့ ရုရှားရဲ့ နည်းပညာမြင့်မားမှုဟာ ယုံမှားသံသယရှိစရာ မလိုတော့ပါဘူး။ အမေရိကန်နည်းပညာက ရှေ့ရောက်နေတယ် ဆိုသော်ငြား ကောင်းစွာ ယှဉ်ပြိုင်နိုင်တယ် ဈေးနှုန်းလည်းသက်သာတယ် နောက်ထပ်သာလွန်တဲ့ aerobatic maneuver လည်း ကောင်းမွန်တာဖြစ်လို့ PAF FA T 50 လည်း အောင်မြင်မှုများကို ရယူပေးလိမ့်ဦးမှာပါ။

အပိုင်း (၃) ကို ဆက်လက်ရေးသားပါဦးမယ်။ (ခရီးဝေးထွက်စရာ အလုပ်ကိစ္စလေးလည်းရှိလို့ ရှေ့လာမယ့် အင်္ဂါ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့လောက်မှ ထပ်မံရေးသားနိုင်မှာပါ) အားလုံးကို ခေတ္တနှုတ်ဆက်ခဲ့ပါတယ်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

No comments: