Wednesday, August 21, 2013

“နံမည်ဆန်းတဲ့ လက်ဘက်ရည်ဆိုင်”


August 21, 2013 at 2:53pm
          “တစ်နေ့သ၌ ကျွနုင်္ပ်သည် မိတ်ဆွေကြီး ဒေါက်တာကျော်ဇင်နှင့် သမိုင်းလမ်းဆုံအနီးတွင် နံနက်ခင်းနိုးထစာ သုံးဆောင်ရန် လှည့်လည်ရှာဖွေစဉ် လွန်စွာမှပင် ထူးဆန်းသော လက်ဘက်ရည်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိခဲ့လေသည်။”

          အဲသလိုကလေး အင်ထရိုဝင်လိုက်ရင် တည်တည်ခန့်ခန့်နဲ့ လူစိတ်ဝင်စားမလား မသိဘူး လို့ အောင့်မေ့မိပေမယ့် ရေးရတာ ပေါ့ရွှတ်ကြီးနဲ့ အားမရပါဘူး။ အရင်အတိုင်း ကလေးလိုလို ခွေးလိုလို ပေါက်ပန်းဈေး လေသံနဲ့ပဲ ကောင်းပါတယ်။ ဖတ်တဲ့လူတွေလည်း အူမချေးခါးသိနေပြီဥစ္စာ။ ဘယ်လိုလုပ်လုပ် သည့်ထက်သည် ထူးပြီးလူရှိန်မလာဘူး။ ကိုယ်ရေးတဲ့စာတွေကလည်း ရူးသလို ပေါသလိုကလေးနဲ့မှ လူကြီးသူမတွေက အောင့်သက်သက်ကလေးပြုံးရင်း ဘေးမဲ့ပေးခွင့်လွှတ်လို့ ရလိမ့်မယ်။ နို့မို့ အတည်ပေါက်ကြီးဆော်သဟ လို့ အောင့်မေ့နေကြမှာ။ ဇာတ်လမ်းစရရင် လက်ဘက်ရည်ဆိုင်တစ်ဆိုင် ရောက်ခဲ့တယ်ဗျာ။ ထူးခြားတာက ဆိုင်ဝမှာ ရုပ်ရှင်ပိုစတာလောက် ဗီနိုင်းချပ်ကြီးနဲ့ ရုပ်ရည် သနားကမားကောင်လေးနှစ်ယောက် လည်ကတုံးလက်ရှည်ဝတ်ပြီး လက်အုပ်ကလေးတွေ ချီထားတယ်။ အရေးအခင်းကာလ ကျောင်းပိတ်တုန်းက ကိုယ်တိုင်လည်း လက်ဘက်ရည်ဆိုင်ဖွင့် စားပွဲထိုးဖျော်ဆရာလုပ်လာခဲ့ဖူးတော့ “အလိုလေးဗျာ။ သူ့ဆိုင် လက်ဘက်ရည်သောက်လာဖို့များ ရှိခိုးဦးတင် ကန်တော့ပန်းဆင် ပင့်နေလိုက်တာ။” လို့ အောင့်မေ့မိတယ်။ ဟုတ်တယ်လေ။ နှမစတေး ဆွားဒီးခပ်လုပ်ရအောင် အင်ဒီးယားအဲယားလိုင်း၊ ထိုင်းအဲယားလိုင်းက လေယာဉ်မောင်တွေလည်း မဟုတ်။ လက်ဘက်ရည်ပဲ။ ကောင်းကောင်းဖျော်ရောင်းရင် လူလာမှာပေါ့။ ဒါပေမယ့်လည်းလေ။ ခုခေတ် လက်ဘက်ရည်ဆိုင်တွေက လက်ဘက်ရည်ဆိုင်ထဲဝင်သွားရင် လက်ဘက်ရည်ကလွဲရင် အကုန်ပလုံ စုံစိနေလို့ ဘာသောက်ရမှန်းတောင် မသိ။ ဟိုးတုန်းက အဝေးပြေးလမ်းပေါ်က ယာဉ်ရပ်နားစရာ ဆိုင်ကလေးတွေလို အပူအအေး၊ အပေါ့အလေး၊ အဆာပြေအ၀စား၊ လိုချင်တာအားလုံးရစေ့မယ် ဖြစ်ကုန်ပြီ။

         သူ့ခေတ်နဲ့ သူ့အခါပေပဲ။ ကြည့်စမ်းပါဦး။ တောရောက်သွားတာ ကြာလို့ထင်ပါရဲ့။ လူလည်း အရိုင်းစိတ်တွေဝင်ပြီး တွေ့သမျှမြင်သမျှ အထူးတဆန်း ဖြစ်နေတယ်။ တော်ပါသေးရဲ့။ ဖာလူဒါလောက်တော့ မှတ်မိနေသေးလို့။ အလိုလေးလေး။ စောနထူးဆန်းတာ ဘာဟုတ်သေးတုန်း။ စားပွဲထိုးကောင်လေးလာတော့ အောက်မေးလေး ပြုတ်မတတ် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ အရင်ကလို ၀မ်းတီးတူးကော်၊ လက်ဘက်ရည်တိုက် နို့နှိုက် အာပြဲကြီးနဲ့ လှမ်းအော်စရာ မလိုတော့ဘူး ပိတ်သတ်ကြီးရေ။ မီနူးဓါတ်ပုံထဲက လိုချင်တာရွေးပေးရင် ဘောင်းဘီအိပ်ထဲက တက်ပလက်အပြားကလေးနဲ့ တစ်ချက်တွိလိုက်တာနဲ့ ပွဲသိမ်းရော။ အချိန်တန်တော့ နောက်ထပ်ဝတ်စုံတစ်မျိုးနဲ့ အလုပ်သမားလေးတွေက မှာထားတဲ့အတိုင်း လာချပေးတယ်။ ပိုက်ဆံရှင်းတော့မလား။ “အကိုရေ လာပါဦး။ ဒီဝိုင်းက ဘာတွေမှာ ဘာတွေစား၊” မလုပ်နဲ့။ အနားရှိတဲ့သူက စောနလိုပဲ ကျောက်သင်ပုန်း တွိလိုက် ဂွိသွားပြန်ရော။ ဟန်ကျလိုက်တာကွယ်။ သိပ္ပံဆန်းကျယ် ၀တ္ထုထဲမှာ မဟုတ်ပဲ အပြင်မှာ ဂယ်ကြီးတို တိုးတက် လွယ်ကူ လျှင်မြန်နေချက်များ။ မျက်စိမနောက် ယောက်ယက်လည်း ခတ်မနေဘူး။ အော်ကာဟစ်ကာ ပြေးကာလွှားကာလည်း မရှိဘူး။ အမှားအယွင်းလည်း မရှိ။ အကွက်ကိုစေ့လို့။

          သူ့ဆိုင်ကလေးကြည့်ပြီး “ဟိုက်ရှားဘား” လို့ အထင်ကြီးသဘောကျသွားရာကနေ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးမိလိုက်တော့ တွေးလေတွေးလေ ရင်နာမဆုံး ဖြစ်ရလေပဲ။ ထားပါတော့ဗျာ။ လမ်းဘေးမှာ လက်ဘက်ရည်ရောင်းတဲ့ တပိုင်တနိုင် ပုဂ္ဂလိကဆိုင်ကလေးကတောင် ခေတ်မှီနည်းပညာနဲ့ ပစ္စည်းကိရိယာတွေကို လက်တွေ့ကျကျ အသုံးချရကောင်းမှန်းလည်းသိ၊ အကျိုးရှိရှိလည်း အသုံးချနေကြသေးရင် ကျုပ်တို့ဆီက နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာအသီးသီးမှာရှိကြတဲ့ ပညာတတ် အရာရှိမင်းကြီးတွေက ဘာဖြစ်လို့များ မျောက်အုန်းသီးရတဲ့အဆင့်လောက်တောင် မရှိရတာပါလိမ့်။ ဘယ်ရုံး ဘယ်ဌာနကိုသွားသွား။ ကွန်ပြူတာဆိုတာ သီးခြားအခန်းကလေးထဲမှာ လူလေးငါးယောက်လောက် ခိုင်းတာလုပ်ပေးဖို့ ပစ္စည်းစုံ ပုံထားပေးနိုင်ရင် တော်တော် ဟုတ်လှပေါ့။ ရုံးလုပ်ငန်းမှန်သမျှကို စားပွဲတိုင်းက ပေထက်အက္ခရာ တင်နေတုန်း ရှိသေးတယ်။ လိုချင်ရင် မိတ္တူကူးစက်ဆီ ပြေးခိုင်းနေတုန်း ရှိသေးတယ်။ သည်ဘက်ခန်းကစာကို ဟိုဘက်ခန်းရောက်ချင်ရင် အရွက်လိုက်ရိုက်ထုတ်ပြီး လူကိုယ်တိုင်သွားပေးမှရတယ်။ ဟိုဆိုင်က ကောင်လေးတွေလို ဒီမှာတွိလို့ ဟိုမှာ မဂွိဘူး။

         ဥပမာဆိုကြပါစို့။ ဗဟိုဆေးသိုလှောင်ရုံမှာ ဆေးရုံအတွက် လိုအပ်တဲ့ ဆေးနဲ့ ဆေးဝါးကိရိယာတွေ ထုတ်ကြရမယ်။ ဆေးရုံတွေကို တောင်းတောင်း မတောင်းတောင်း လိုအပ်တဲ့ဆေးဝါးတွေကို အချိန်မှန်မှန် ဆေးရုံအရောက်ပို့ပေးတဲ့ အထွေထွေ ဆေးခွဲတမ်းဆိုတာ ရှိပါတယ်။ အဲဒီခွဲတမ်းနဲ့မှ မလုံလောက်လို့၊ ကုန်သွားလို့၊ ကုန်ခါနီးပြီမို့လို့ဆိုရင် အရေးပေါ်ဆေးခွဲတမ်းဆိုတာကို တောင်းလို့ရတယ်။ အဲဒါတွေကို “ပေး ဟေး ဟေးပါတော့။ မြအသွေး ငှက်ကျေးစေတမန်။” ဆိုပြီး စာတိုက်က တောင်းလို့မရဘူး။ အီးမေးတော့ မစဉ်းစားနဲ့။ ဖုန်းလည်းဆက်လို့မရ။ လူကြုံပါးလို့မရ။ ဆိုတဲ့ အရပ်တွေရှိတယ်။ ဒီအခါကျတော့ လွယ်ပါတယ်။ “အိမ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး။” ဆိုတဲ့ ဆရာဝန်တွေ ရှိသားပဲ။ သူတို့က ခေါင်းစဉ်ရှာနေတာ။ ခေါင်းစဉ်ကလေးတပ်ပေးလိုက်ရင် စေတနာ့ဝန်ထမ်း တစ်ပါတ်ကြာကြာ နှစ်ပါတ်ကြာကြာ ရန်ကုန်မှာ ဆေးသွားထုတ်ပေးချင်သူတွေများလို့ အလှည့်နဲ့ စီစဉ်ပေးရမယ်။ ကိုယ်လည်း အဲလိုနဲ့ပဲ အဲဒီရုံးကြီး အခေါက်ခေါက်အခါခါ ရောက်ဖူးရတာပါ။ မသိသေးတဲ့သူတွေကို ဖောက်သည်ချပြမယ်။ သားသားတို့ ဘယ်လိုလုပ်နေကြရသလဲလို့။

          ပထမဦးဆုံး ဂိတ်ဝမှာ သတင်းပို့တဲ့ဆီကစ။ စတိုထဲကို ၀င်တယ်ထွက်တယ်ဆိုတာ မင်းဘဏ္ဍာတိုက်ထဲ ၀င်တာနဲ့ တူတူပဲ။ တံခါးမရှိ ဓါးမရှိ ဥဒဟို ၀င်လို့ဘယ်ရမလဲ။ ထွက်ရင် ပိုစိစစ်ရမှာပေါ့။ (တော်ပါသေးရဲ့။ ချွတ်တော့ မရှာဘူး) ကိုယ်လိုချင်တဲ့ ပစ္စည်း တောင်းတဲ့ပစ္စည်းတွေရဲ့ စာရွက်စာတမ်း ပြည့်စုံ မပြည့်စုံကို အရင်စစ်တယ်။ ပြည့်စုံမှ လူကြီးနဲ့ဝင်တွေ့။ ဘယ်ကလာလဲ မောင်ရေခဲကို မေးမြန်းပြောဆိုနေစဉ် စစ်ဆေးရတာက ကြွေးကျန်ပေးရန်ရှိမရှိပေါ့။ ပိုက်ဆံကို ပြောတာ မဟုတ်ဘူး။ ကိုယ့်ဆေးရုံနဲ့ သူတို့ဌာနအကြားမှာ အဆက်အသွယ်တွေ ပြတ်တောက်နေကြတာက အရင်တစ်ခါ ပြန်သွားပြီးကတည်းကနေ အခုတစ်ခေါက် ဆေးပြန်လာထုတ်တဲ့အထိပဲလေ။ မာကြောင်းသာကြောင်း မေးချင်တောင် အရင်လူတွေက အဲသည်ဆေးရုံမှာ ရှိချင်မှ ရှိတော့တာ။ ပြီးရင်တော့ မီးစိမ်းပြပြီ။ ဘာတွေထုတ်မှာလဲ။ အရည်ကလပ် အဖတ်ကလပ်၊ ဓါတ်ငွေ့၊ ဓါတ်မှန်၊ သူ့ဆိုင်ရာဆိုင်ရာ ဌာနခွဲတွေမှာ ဆိုင်ရာဆိုင်ရာ ဌာနမှူးတွေနဲ့ တွေ့စေသတည်း။ လူကြီးကတော့ လူကြီးအလုပ်လုပ်ရတာပေါ့။ ဘယ်သူကမှ ရစ်တယ်ထစ်တယ် ထုံးစံ မရှိဘူး။ စိစစ်၍ထုတ်ပေးပါရန် လက်မှတ်ရလိမ့်မယ်။ ဒါဆိုရင် စိစစ်ခြင်း အမှု ပြုလို့ရပြီ။ အရင်တစ်ခါ အရေအတွက် ဘယ်လောက်ထုတ်ထားတယ်။ အခုတစ်ခါ ဘယ်လောက်ထုတ်ခွင့် ရှိတယ်။ အခု ဘယ်လောက်ထပ်တောင်းထားတယ်။ ပုလင်းအခွံပြန်အပ်ရတဲ့ ဆေးတွေကိုလည်း စိစစ်ရတယ်။ ပုလင်းခွံပေါ်က နံပါတ်နဲ့ ထုတ်ပေးတုန်းကနံပါတ်နဲ့ ကိုက်ရဲ့လား တစ်လုံးချင်း စိစစ်တယ်။ လွဲနေရင် လျော်လို့မရဘူး။ ထုတ်ပေးမယ့်ထဲက တစ်လုံးလျော့သွားပြီ။ မလွဲတာတောင်မှ အတွင်းက ပလပ်စတစ်အဖုံးကလေး ပါမလာဘူးဆိုရင် မေ့ဆေးငွေ့ပုလင်းခွံကို ပြန်လက်မခံဘူး။ ပြန်သယ်သွားရတယ်။ ထုတ်မယ့်အထဲက လျှော့။ ပြန်အပ်ခြင်းအမှုပြီးရင် စာရင်းကိုက်ခြင်းအမှု ပြုရတယ်။ သည်လိုဆိုရင် စီစစ်ပြီးမို့ ဤမျှသော အရေအတွက် ထုတ်ခွင့်ပြု သဘောတူလိမ့်မယ်။

            ဒါဆိုရင် နောက်တဆင့်တက် စတိုထဲမှာ ထိုမျှသော အရေအတွက် ထုတ်ပေးနိုင်ရန် အလုံအလောက် ရှိမရှိ။ ဂိုးဦး နောက်တစ်ခန်း။ ရှိ ထုတ် ကျန် အရေအတွက်ကလေး ကိုယ့်လျှောက်လွှာပေါ် ရောက်လာလိမ့်မယ်။ ပြန်ဝင်ဦး လူကြီးအခန်း။ “သြော် ပြီးခဲ့ပြီလား။ မြန်သားပဲ။” လို့ လူကြီးက ပြုံးပြီး အားပေးတဲ့အချိန်မှာ နေ့တ၀က်ကျိုးသွားလိမ့်မယ်။ လူကြီးဆီက အခါခါပြန်လာပြိးရင် စာရေးမလေးတွေ အများကြီးရှိတဲ့ဌာနမှာ စာရွက်ကလေးတွေ အများကြီးဖြည့်ပြီး လက်မှတ်ကလေးတွေလည်း အများကြီးထိုးခဲ့ရဦးမယ်။ ဘယ်လောက်များသလဲဆိုတော့ ကိုယ်တစ်ယောက်တည်း မနိုင်တော့လို့ စာရေးမလေးကို မုန့်ဖိုးပေးပြီး ကူပါကယ်ပါဦး နဲ့ စစ်ကူတောင်းရတဲ့အထိပဲ။ လက်မှတ်ထိုး နံမည်ရေးနဲ့တင် ရွာတွေကိုလည် လို့။ ပြီးရင် အရာရှိအမျိုးမျိုးနဲ့ ဆက်လက်ဝင်တွေ့ပွဲကြီး ကျင်းပရပြန်တယ်။ အားလုံးက လှိုက်လှဲစွာ ကူညီကြပါတယ်။ ဒါပေမယ့် ပစ္စည်းတွေ လာထုတ်ပါတော့ ဆိုတဲ့ဆီကိုရောက်တဲ့အချိန်မှာ စာရေးမလေးတွေ ခေါင်းဖြီးထီးခေါက်နေပြီ။ ထုတ်လာတဲ့ပစ္စည်းနဲ့ စာရင်းနဲ့ ကိုက်ဖို့ကတော့ ဘယ်သူ့တာဝန်မှ မဟုတ်ဘူး။ ကိုယ့်တာဝန်။ ကိုယ့်ဘာသာ စီစစ်သိမ်းဆည်းယူ။ ဗမာစောစော ရှမ်းတောပြန် တဲ့။ ရုံးတက်ချိန်ကစလုပ်လည်း ရုံးဆင်းချိန်နီးမှ ပြီးတယ်။ ဘယ်သူကမှ ရစ်လို့ထစ်လို့ မောင်းလို့ ကျောင်းလို့ မဟုတ်ဘူး။ စာရွက်တွေ တထပ်ကြီးကို စာရင်းစာအုပ်တစ်ထပ်ကြီးနဲ့ လူတစ်အုပ်တစ်မကြီး ၀ိုင်းဝန်းတိုက်ဆိုင် စစ်ဆေး စိစစ်ကြတော့ ဂလောက်တော့ ရှိမှာပေါ့။ ဟိုလက်ဘက်ရည်ဆိုင်က သူငယ်ကလေးတွေလို သည်စားပွဲကတွိ၊ မီးဖိုချောင်မှာ ဂွိတဲ့ စစ်စတမ်ကလေးနဲ့ဆို ဘယ်လောက်များ ကောင်းလိုက်မလဲလို့ စိတ်ကူးယဉ်ကြည့်မိတာပါ။ ကွန်ပြူတာဆိုတာ စာရိုက်ဖို့ တမျိုးတည်း သုံးလို့ရတာ မဟုတ်တဲ့အကြောင်းကို ဘယ်လိုပြောပြရပါ့မလဲ မသိပါဘူး။

          သူများဌာနသွားပြီး သောသောထေ့ထေ့နဲ့ ကွိုင်ရှာနေလိုက်တာ။ မင့်ဌာနကရော ဘယ်လောက်ခေတ်မီနေသတုန်း လို့ အမေးခံရမစိုးလို့ သည်တစ်ခါတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အလှည့်ပေါ့ဗျာ။ သိလိုသူများ အမေးတော်ရှိလို့ မောင်စံဖားတို့ဆေးရုံကြီးက အရေးပေါ်လူနာများ ခွဲစိတ်ကုသခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက်အထား ဒေတာများ ရှာဖွေစုဆောင်းလေသောအခါ ကိုယ်လိုချင်သော အချက်အလက်များက ရန်ကုန်ဆေးရုံကြီး ဆေးမှတ်တမ်းဌာနရဲ့ မှတ်တမ်းမှတ်ရာ ကွန်ပြူတာဖိုင်တွေထဲမှာ ရွေးချယ်ဆွဲထုတ်၍ မရနိုင်ပါဘူး။ သူတို့ဆီမှာ အတက်အဆင်း၊ အသေအပျောက်၊ ရောဂါအမျိုးအစားကိုသာ ခွဲခြားမှတ်သားသိမ်းဆည်းထားတာ။ ခွဲခန်းထဲမှာ ဘာတွေခွဲခဲ့သလဲဆိုတဲ့ ဒေတာလိုချင် ခွဲခန်းမှာ သွားကောက်မှ ရမယ်။ ခွဲခန်းထဲမှာ ကွန်ပြူတာ မရှိဘူး။ မှတ်တမ်းစာအုပ်ကြီးတွေပဲ ရှိတယ်။ လိုချင်တာက တစ်နှစ်စာဆိုတော့ ခွဲခန်းမှတ်တမ်း စာအုပ်ရှည်ကြီး လေးငါးအုပ်ကနေ သုံးရက်တိတိ မနေမနား လက်ဆစ်တွေနာလာအောင်ကို ကူးယူရတယ်။ လူနာဦးရေ ထောင့်တစ်ရာကျော်ကျော်ရလာတာကို အသက်အရွယ်၊ ကျား/မ၊ ရောဂါ၊ ခွဲစိတ်မှု၊ သူ့ဟာနဲ့သူအမျိုးအစားခွဲတော့ ကိုယ်တစ်ယောက်တည်းမနိုင်လို့ စစ်ကူတောင်းပြီး စာရွက်လွတ်ပေါ်မှာ တာလီခြစ်လို့ မနှုတ်လောက် တစ်ဆယ်ချေးစံနစ်နဲ့ လက်ကလေးတွေ ချိုးချိုးပြီး ရေရတယ်။ အဲဒါတွေ ပျားတုပ်နေလို့ ဟိုတလောက တစ်ပါတ်ဆယ်ရက်လောက် စာတောင် မရေးနိုင်ဘူးလေ။ တကယ်တော့ အဲဒါတွေ အားလုံးက ကွန်ပြူတာနဲ့ဆို ကလစ်ကလေး တစ်ချက်နှစ်ချက်နဲ့ ပြီးတာဗျ။ တစ်ခုတော့ ရှိတာပေါ့လေ။ ဒေတာတွေအားလုံးက စာအုပ်ထဲမှာ ရေးဖြည့်သလို နေ့စဉ်မှန်မှန် ကွန်ပြူတာထဲ ရိုက်ထည့်ထားရမှာပေါ့။

        ခွဲခန်းကတော့ ထားပါတော့လေ။ သူ့မှာ ကွန်ပြူတာမှ မရှိတာ။ ဒါဖြင့် ကွန်ပြူတာရှိတဲ့ လူနာဆောင်ထဲမှာတော့ ဒေတာတွေ ပြည့်စုံတယ်လား။ အဟင်း အဟင်း။ တခြားဟာတွေကတော့ ထားပါတော့လေ။ အသေအပျောက် စာရင်းကလေးကတော့ ပြည့်ပြည့်စုံစုံ ရှိပေလိမ့်မပေါ့။ ဆေးရုံကြီးက အဖိတ်အစင်များဟာ မသိလိုက်မသိဘာသာတော့ ဘယ်ဟုတ်မလဲနော့။ မှတ်တမ်းဌာနက ကွန်ပြူတာကြီးက ဂလောက်တော့ အားကိုးလို့ရပါတယ်။ အဲသည်နှစ်က သည်အဆောင်တွေက လူနာအသေအပျောက်ကို အမည်အသက်၊ မှတ်ပုံတင်၊ ရောဂါနံမည်တပ်ပြီး ထုတ်လိုက်တော့ လျှောက်လွှာစာရွက်နဲ့ ငါးမျက်နှာရလာတယ်။ ဟား ဟား ဟား။ ဘာရမလဲ။ ကိုယ်ကောက်ထားတဲ့စာရင်းထဲမှာ သေတဲ့လူတွေ လိုက်ရှာပြီး နှုတ်လိုက်ရင် ခွဲထားတဲ့လူနာ အသေအပျောက်စာရင်း ရတာပေါ့။ ဟုတ်သေးပေါင်ဗျာ။ ဘာတွေ စာရင်းမကိုက်မှန်းကို မသိဘူး။ လွဲပြန်တယ်။ ဟိုမှာသေပြီး သည်မှာ မသေတာ၊ သည်မှာသေပြီး ဟိုမှာ မသေတာတွေ ရှုတ်ကုန်တယ်။ တစ်နှစ်စာဒေတာမှာ နောက်ပိုင်းခြောက်လက စာရင်းအင်းတွေကို ကွန်ပြူတာကြီးက ကောင်းကောင်း မပေးတော့ဘူး။ ဘယ်လိုထုတ်ထုတ် တင်းခံနေတယ်။  ဖြစ်ချေဘူးကွယ်။ လူနာဆောင်တွေထဲက အသေအပျောက်ဘုတ်အုပ်ကြီးထဲကပဲ ကူးချရုံ ရှိတာပေါ့။ မောင်စံဖားကလေး မင်း ငယ်ပါသေးတယ်ကွယ်။ လူနာဆောင် သုံးဆောင်မှာ နှစ်ဆောင်က အဲ့စာအုပ်ကြီး ဆက်မဖြည့်တော့ပဲ ဖုန်တက်နေတာ မနည်းပြန်ရှာရတယ်။ နောက်ဆုံးမှာ ဆရာမတွေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကြီးကို တစ်ရွက်ချင်းလှန်ပြီး ပိုက်စိတ်တိုက်ရှာကူးရပါတယ်ဗျ။

          သူတို့ခမျာလည်း နေ့မအားညမအား ယားလို့တောင် မကုပ်အားရှာတာ အင်္ဂလိပ်ရုပ်ရှင်တွေထဲကလို ကွန်ပြူတာကလေး ချောက်ချက်ချောက်ချက် ဘယ်လုပ်အားပါ့မလဲ။ တခြားဌာနဆိုင်ရာတွေမှာလည်း သည်လိုပဲ ရှိပေလိမ့်မယ်။ နောက်တစ်ခုက ဌာနဆိုင်ရာတွေအနေနဲ့ သတင်းအချက်အလက် လုံခြုံရေး၊ မပေါက်ကြားရေး ဆိုတာတွေကလည်း ရှိသေးတယ်လေ။ သည်တော့ အကြံကောင်းပေးရရင် ဌာနအကြီးအကဲတွေရဲ့ ရုံးခန်းတိုင်းမှာ ကွန်ပြူတာကျွမ်းကျင်သူ စာရေးမ ငယ်ငယ်ချောချောကလေးတွေ ခန့်ပေးထားရင် မကောင်းဘူးလား။ စက်ကပ်ကျေးလေးတွေလေ။ စက်ကပ်ကျေးလေးတွေပေါ့။ အိမ်ကဟာမကြီး ကပ်ကျေးစာ မမိအောင်တော့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကကြ ဆရာတို့။ မလိုလားအပ်ပဲ ပြုန်းတီးနေတဲ့ အချိန်တွေ ငွေတွေ လုပ်အားတွေဟာ သူတို့လို ကျွမ်းကျင်သူကလေးတွေကို နေရာတကျ အသုံးပြုလိုက်ရုံနဲ့ အများကြီး သက်သာသွားမှာ။ ရုံးနေပျော်၍ စာတော်ရမည် ဆိုတာ ကြားဖူးတယ် မဟုတ်လား။ ရုံးချိန်အတွင်း အပြင်ထွက်တာတွေ နည်းသွားသလို ရုံးဆင်းရင်လည်း ဟိုပွေသည်ပွေ ခြေမရှည်နိုင်တော့ဘူး။ (လူကြီးပါဆိုမှ စတယ်မီနာက စကားပြောလာပြီပဲဟာ)

         နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းတွေဆီက ကြားရရင်များ မယုံရင်ပုံပြင်မှတ်ပဲ။ ၀ဒ်ထဲကလူနာ သွေးဖောက်ပြီးရင် ပုလင်းကလေးကို ပုံစံနဲ့ဖြည့်ပြီး ပိုက်လိုင်းကလေးနဲ့လွှတ်လိုက်၊ နောက်သုံးနာရီကြာရင် ကုတင်ခေါင်းရင်းက ကွန်ပြူတာမှာ အဖြေဖတ်လို့ရပြီတဲ့။ ဓါတ်မှန်ဆိုလည်း သည်မှာလို ဖလင်အချပ်ကြီးကို “ရော့ ရေမစိုစေနဲ့ ခြောက်အောင်ကိုင်ထားဦး၊ ခြောက်မှ အိပ်ထဲထည့်” ဆို လူနာကို ပေးထားတာ မဟုတ်ဘူး။ ဒစ်ဂျစ်တယ်နဲ့ ခေါင်းရင်းက စကရင်မှာ လိုသလို စိတ်ကြိုက်ကြည့်ယူရတာတဲ့။ ငိုချင်ထှာ။ ကျုပ်ဆေးရုံလာကြည့်ဗျာ။ ဒါဖောက်ချင်တယ်ဆို အရင်ဆုံး နာရီကိုကြည့်ရတယ်။ ဒီအချိန် ဆေးရုံက စားရိတ်မျှပေးဓါတ်ခွဲခန်း မှီသေးလား။ မမှီရင် အထဲမှာပဲ ချားဂျဘဲ လို့ ခေါ်တဲ့ ပိုက်ဆံပေး၍ အရေးပေါ်ဝန်ဆောင်မှုတောင်းပြီးဖောက်လို့ ရသေးလား။ မရရင် အပြင်ဓါတ်ခွဲခန်းကို လွှတ်ရမှာ။ ဘယ်မှာဖောက်မလဲ နဲ့ လူနာတတ်နိုင်သလား ငြှိပြီးရင် ပုလင်း အရင်သွားတောင်း၊ ပြန်လာတော့ သွေးဖောက်ပြီး သွားပြန်ပို့၊ နောက်တစ်နေ့ အဖြေသွားပြန်ရွေးခိုင်း၊ လူနာခမျာ အစောင့်ရော ငွေရော ပျားပန်းခပ်နေရတယ်။ ဆေးဝယ်တာကလည်း အခါခါ။ အဲဒါတွေကရော တွီလို့ ဂွီလို့ မရနိုင်ဘူးလား။

          ပြောမယ့်သာပြောတာပါလေ။ အဲဒါတွေအားလုံး နိုင်ငံခြားက အထောက်အပံ့ရလို့ နေရာတိုင်းမှာ ကွန်ပြူတာကွန်ယက်ကြီးနဲ့ ထိန်းချုပ်လုပ်ဆောင်သွားမယ်ဆိုပါစို့။ ကိုယ့်ဆီလို မီးပျက်ပုံမျိုးနဲ့ဆို တစ်နေ့ဘယ်နှစ်ခါလောက် ငုတ်တုတ်မေ့နေရမယ် မသိဘူး။ ဓါတ်လှေကားတောင် ခဏခဏ ပိတ်မိနေရတဲ့ဥစ္စာ။ ဆေးရုံကြီးမှာ အသက်ရှူစက်တပ်ထားတဲ့လူနာတွေဆို မီးပျက်တာနဲ့ လက်နဲ့ထိုင်ထိုင်ညှစ်ပေးရတာ မမှတ်သေးဘူး။ ဓါတ်မှန်ပုံကလေးတစ်ပုံ ကြည့်ရဖို့အရေး အ၀ိုင်းကလေးလည်နေတာနဲ့တင် လူနာလည်း အသက်မှီလိုက်မှာ မဟုတ်ဘူး။ သူများနိုင်ငံလို ပေဂျာလုပ်လို့ ပြန်ခေါ်ရင်လည်း “မကြားရဘူး။ မကြားရဘူး။” နဲ့ ဆေးရုံအပြင်ထွက် ဖုန်းလေးကို ငါးမျှားသလိုမျှားပြီး လိုင်းရှာရမှာ။ အမ်းမှာလို တစ်နေ့ နှစ်နာရီသာ မီးလာမည်ဆိုတဲ့အရပ်တွေက ရန်ကုန်ကထွက်လိုက်ရင် ဒလလောက်မှာ တွေ့ရပြီ။ ထန်းတစ်ပင်ကရွာတွေ ခုထက်ထိ မီးမလင်းသေး။ (မြေဈေးတွေသာ တစ်ဧက သိန်းတစ်ထောင်လောက် ဖြစ်နေတာ) ဘုံဘိုင်ရေ ၂၄နာရီ လက်ဆေးဖို့မလာပဲ ခွက်နဲ့ခပ်ဆေးနေရတဲ့အရပ်မှာ သူမို့လို့ မတန်မရာ စိတ်ကူးယဉ်ပလေတယ်။ တော်ပြီကွာ။ နောက် အဲဒီလက်ဘက်ရည်ဆိုင် ဘယ်တော့မှ မထိုင်တော့ဘူး။

No comments: