Friday, August 30, 2013

ကျောင်းထုတ်ခံရသည့် နေပြည်တော် ဆရာမ ကိစ္စ

ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး
==============================

======

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်း ပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရပင်စင်ပေးလိုက်
ခြင်းဖြစ်ကြောင်း သိရသည်။

ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ ၁၅ ရက်တွင် လက် မှတ်ရေးထိုး၍ ပညာရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်းဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်
သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

မယူမနေရပင်စင် ပေးလိုက် သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်း
ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆ ပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်မှာ လုပ်သက် ၁၈ နှစ်ရှိပြီး အသက် ၄၈ နှစ် အရွယ်ရှိသူ ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ အခြေခံပညာဦးစီး ဌာန၊ နေပြည်တော် ပညာရေးညွှန်ကြား ရေးမှူးရုံးထံသို့ မေးမြန်းရာ ဖြေ ဆိုရန် ငြင်းဆိုခဲ့ပြီး၊ နိုင်ငံတော် သမ္မတရုံးသို့လည်း ဆက်လက် မေးမြန်းခဲ့ရာ ၄င်းတို့နှင့်မဆိုင်၍ ပညာရေးဌာနထံသာ မေးမြန်းရန်
ပေါ်ပြူလာနယူးစ်သို့ ဖြေကြားကြ သည်။

ဆရာမ ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို စွဲချက်သုံးချက်နဲ့ စွပ်စွဲ တာ။ ခွင့်မဲ့ပျက်ကွက်တာ၊ ရန် ကုန်ကို အကြောင်းမကြားဘဲသွား တာ၊ ၈၈ ပွဲအခမ်းအနား သတင်း စာရှင်းလင်းပွဲတက်တာ။ ကျွန် မကတော့ ရဲရဲပြောရဲတယ်။ ၈၈ ပွဲကိုတက်လို့ ရည်ရွယ်ပြီးဖြုတ်တာ''ဟုပြောသည်။

ယခုကဲ့သို့ကျောင်းဆရာမ ပင်စင်ပေးခံခဲ့ရမှုကို ရန်ကုန် အ ရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက် အောင်က အပြင်းအထန်ဆန့်ကျင် ကြောင်း ပြောကြားလိုက်သည်။

''ဒီပြစ်ချက်နဲ့ ထုတ်တယ်ဆို ရင်တော့ ပညာရေးဝန်ကြီးဌာန က တော်တော်လွန်တယ်''ဟု ၄င်းက ပြောသည်။

၈၈ အရေးတော်ပုံကို ယခင် အစိုးရက ချိုးချိုးနှိမ်နှိမ်ပြောခဲ့ကြ ခြင်းမျိုး ရှိပြီး၊ သိမ်ငယ်အောင်၊ သိမ်ဖျင်းအောင် လုပ်ခဲ့ကြတာမျိုး ရှိကြောင်း၊ ၈၈ အရေးတော်ပုံက ကြီးမားသည့် အချိုးအကွေ့ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုလိုသာ ဆိုပါက ထိုပွဲကို တက်ရောက်ခဲ့ သော ဝန်ကြီး ဦးအောင်မင်းအပါ အဝင် အခြားအစိုးရဝန်ထမ်း တို့ကိုပါ ပွဲ တက်သည့်ကိစ္စကြောင့် အငြိမ်းစားပေးမည်လားဟု မေး စရာရှိကြောင်းဟု ဦးသန်းထိုက် အောင်က ဆက်ပြောသည်။

PN-051
 
 


ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခြင်း ~
Written by တက္ကသိုလ်ဆရာဆရာမများအသင်း

တက္ကသိုလ်ဆရာ/ဆရာမများအသင်း -
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှ အလယ်တန်းပြဆရာမ၊ ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခြင်း
၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆုတ် (၆) ရက်နေ့ (တနင်္လာနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့

၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန် ထမ်းဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်အား (၁) ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ (၂) ခွင့်ပြုချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ (၃) နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းအား တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ကာယကံရှင် ဆရာမ ဒေါ်စိုးစိုးခိုင်နှင့်ထပ်တူ လွန်စွာ အံ့သြ တုန်လှုပ်ဝမ်းနည်းမိပါသည်။

၂။ လုပ်သက် (၁၈) နှစ်ပြည့်သည်အထိ နိုင်ငံတာဝန်ကိုကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းတစ်ဦးအား ခွင့်မဲ့ (၅) ရက် ပျက်ကွက်ရုံမျှ၊ ခွင့်ပြုချက်မဲ့ နယ်ဝေး ခရီးသွားခဲ့ရုံမျှဖြင့် ရာထူးမှ ထုတ်ပယ်သည်အထိ အရေးယူခဲ့ခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ်လုံးဝ မျှတမှု မရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ ၀န်ထမ်းစည်းမျဉ်း ၊စည်းကမ်းများကိုမျက်ကွယ်ပြုပြီး၊ ပုဂ္ဂိုလ်ရေး အာဃာတဆန်ဆန် လုပ်ပိုင်ခွင့် အာဏာကိုလွန်ကဲစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့သည်ဟု သုံးသပ်ရပါသည်။

၃။ နိုင်ငံဝန်ထမ်းတစ်ဦး မြန်မာနိုင်ငံ၏သမိုင်းတွင် မော်ကွန်းတင်ရမည့်ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံငွေရတုအခမ်းအနားသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်မိသည့်အတွက် နိုင်ငံဝန်ထမ်းတစ်ဦးအား ရာထူးမှ ထုတ်ပယ်ခြင်းသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဦးဆောင်ဦးရွက်ပြုပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တစ်ရပ်လုံးမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးအပေါ် ပညာရေးဝန်ကြီးဌာနမှ မထီမဲ့မြင် ပျက်ရယ်ပြုသည့် သဘောသက်ရောက်နေ ပါသည်။ ထိုပြင်၊ ၈၈၈၈ အရေးတော်ပုံသည် လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခု၊ လူတန်းစားအလွှာတစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ မြန်မာနိုင်ငံသားပြည်သူတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာန၏ပြုမှုဆောင် ရွက်ချက်များသည် မြန်မာပြည်သူ တစ်ရပ်လုံးနှင့် မြန်မာ့သမိုင်း၏အကြီးအကျယ်ဆုံးအရေးတော်ပုံကြီးအား သေးသိမ်အောင် ဆောင်ရွက်လိုက်သည့် သဘော သက်ရောက်နေပါသည်။

၎။ မိမိတို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် စည်ကမ်းဥပဒေ ပျက်ကွက်ခဲ့သော နိုင်ငံဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေး ဆန်ဆန် ကာကွယ်လို၍ မဟုတ်ဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်အား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာ ရည်ရွယ်ပါသည်။

၅။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်း ဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်၏ အမှုကိစ္စသည် ကာယကံရှင် တစ်ဦးတည်း၏ကိစ္စဟု မှတ်ယူ၍မရဘဲ၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တာဝန် ထမ်းဆောင်လျက်ရှိကြသော ဆရာ/ဆရာမများ (အဆင့်မြင့်/အခြေခံ)၊ ၀န်ထမ်းများ၏ ဘ၀လုံခြုံရေးကို တိုက်ရိုက်ခြိမ်း ခြောက်နေသော အရေးအရာကိစ္စဖြစ်သည်ဟု ယူဆရသည့်အတွက်လည်းကောင်း၊ အပိုဒ် (၂) နှင့် (၃) တွင် ဖော်ပြခဲ့သည့်အတိုင်း လုပ်ပိုင်ခွင့် အာဏာကို လွန်ကဲစွာအသုံးပြုပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် အာဃာတဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည့်အတွက် ကြောင့်လည်းကောင်း၊ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် နိုင်ငံ၏သမိုင်းမော်ကွန်းဝင် ၈၈၈၈ အရေးတော်ပုံ ကြီးနှင့် မြန်မာ တစ်မျိုးသားလုံးအား သေးသိမ်အောင် ပြုမူခဲ့ခြင်း ဖြစ်သည်ဟုယူဆရသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ပြုမူ ဆောင်ရွက်ချက်အား မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

၆။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖေါ်ပြပါကိစ္စရပ်များအား အပြည့်အ၀တာဝန်ခံရမည်ဖြစ်ပြီး၊ ဖြစ်စဉ်တစ်ရပ်လုံးအား ပုဂ္ဂိုလ်ရေးအာဃာတ၊ အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ရန်၊ အများပြည်သူအား ယနေ့မှစ၍ (၁၅) ရက်အတွင်း ဥပဒေနှင့်အညီပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြန်လည် ရှင်းလင်ချက်၏ ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ဤကန့်ကွက်လွှာကို အသိပေး ထုတ်ပြန်လိုက်သည်။

တက္ကသိုလ်ဆရာဆရာမများအသင်း (UTA)

(မောက္ခပညာရေးမဂ္ဂဇင်း)




 ပညာရေးဝန်ကြီးဌာန ရှင်းလင်းချက်


"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"

ဩဂုတ် ၂၉ ၂၀၁၃

၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြ ဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်း စတင်ဖွင့်လှစ်ပါသည်။ ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်း ချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။

ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ပါ။ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်း အုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါသည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။

အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ်စနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက်ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ ၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များတွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃မှစ၍ တွဲဖက်အမိန့် ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။

ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက်သွယ်ဘဲ အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။

စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွထွေသွေေးအားနည်း ရောဂါဖြင့် ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့ မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှ သာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှဝန်ခံခဲ့ပါသည်။

ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော်လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော် လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည်ဝန်ထမ်းစည်းကမ်းကိုအကြိမ်ကြိမ်လိုက်နာမှု မရှိခြင်းကြောင့်အမှတ်(၂)အခြေခံ ပညာဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ရက်နေ့တွင် မယူမနေရအငြိမ်းစားပေးရန်ဆုံးဖြတ်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများတွင်အလားတူခွင့်မဲ့ပျက်ကွက်ခြင်းနှင့်အမိန့်မနာခံခြင်းများကိုဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့်စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal(သို့မဟုတ်)Dismiss ပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။

သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ECဆုံးဖြတ်ချက်အရremovalအမိန့်ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့်ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက် http://www.moi.gov.mm/news/30/08/2013/id-796 မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Posted From Popular Myanmar News Journal




ပညာရေးဝန်ကြီးဌာနရဲ့  မတရားဖြေရှင်းချက်ကို ဆက်လက်တုန့် ပြန်သွားမည်။

ဆရာမဒေါ်စိုးစိုးခိုင်မှာ သွေးအားနည်းရောဂါ အမှန်တ ကယ်ဖြစ်နေပြီး ဆေးကုသမှုခံယူနေရတယ်ဆိုတာကို လိမ်ညာခဲ့ပါတယ် ဆိုပြီး ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ ဗြောင် လိမ်ပြီး ကြေညာလိုက်ပြန်ပြီ။

အလုပ်သမားတွေ ၀န်ထမ်းတွေမှာ ခွင့်ခံစားပိုင်ခွင့်တွေ ရှိကြပါတယ်။ တစ်နှစ်အတွင်း ရသင့်တဲ့ ခွင့်ရက် (Annual Leaves)၊ နှစ်ရှည်ကြာ လုပ်သက်ခွင့် (Long Service Leaves) ၊ ကျန်းမာရေးခွင့် (Sick Leaves With Medical Certificate and Without Medical Certificate)၊

မိသားစုစောင့်ရှောက်မှုခွင့် (Carer Leaves)၊ သားဖွားမှုဆိုင်ရာခွင့် (Maternity Leaves)၊ မိဘအုပ်ထိန်းစောင့်ရှောက်မှုခွင့် (Parental Leaves) နဲ့  အရေးပေါ်အလုပ်ပျက်ကွက်မှု ခံစားပိုင်ခွင့် (Emergency Absence) ဆိုပြီး ခံစားပိုင်ခွင့်တွေ ရှိကြပါတယ်။

ထို့ အတူ တစ်နှစ်အတွင်းမှာ ကျောင်းချိန်နောက်ကျတာ (၄၃) ရက်ရှိပြီဟု ဆိုထားရာတွင် မည်သည့်အထောက်အထား ခိုင်ခိုင်လုံလုံနှင့်မျှ ဖေါ်ပြထားခြင်း မရှိပေ။ ယခုကဲ့သို့  အကြောင်းပြ ထုတ်ပယ်သည့်အခါမှသာလျှင် တွက်ချက်ဖေါ်ပြခြင်းသည် မတရားပြစ်ဒဏ်ပေးရန် ဖန်တီးသောအချက်တစ်ခုသာ ဖြစ်ပေသည်။

ထို့ အပြင် ဆိုးရွားလှသော ဖေါ်ပြချက်မှာ ၀န်ထမ်းများအနေဖြင့် “၀န်ထမ်းစည်းမျဉ်းအရ နယ်မြေကျော်လွန် သွားလာခွင့် တင်ပြရမည်” ဆိုသော အချက်ပင်ဖြစ်သည်။ ဤအချက်သည် ၀န်ထမ်းများအပေါ် မတရားဆောင်ရွက်ထားသော ကန့် သတ်ချူပ်ခြယ်မှု ဖြစ်သည်။

ပြည်သူ့ ဝန်ထမ်းများအား ရာဇ၀တ်သားများသဖွယ် ခြေချုပ်အမိန့် အား သွယ်ဝိုက်ပြဌာန်းလိုက်နာခိုင်းခြင်ပင် ဖြစ်သည်။ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီနိုင်ငံကြီးများတွင် အလုပ်သမားတစ်ဦးအနေဖြင့် ခွင့်ရက်တောင်းခံရာတွင် ခွင့်တောင်းခံရခြင်း အကြောင်းရင်းအား ခွင့်ရက်ရပိုင်ခွင့်ထဲမှ ဖြစ်ပါက ဘာလုပ်မည် ဘယ်သွားမည်ဟု အသေးစိတ် ဖေါ်ပြစရာ မလိုပေ။

ကိုယ်ရေးကိုယ်တာကိစ္စအား အလုပ်ရှင်မှ သိစရာ မလိုသလို ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မေးမြန်းပိုင်ခွင့် မရှိပေ။ ထို့ အတူ အဆိုပါ ၀န်ထမ်းသည် မည်သည့်ဒေသမဆို သွားလာပိုင်ခွင့် ရှိသည်မှာ ၄င်းး၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်ကာ မည်သည့်ဒေသသို့  သွားလာရောက်ရှိခဲ့သည်ကို မည်သည့်အလုပ်ရှင်ကိုမျှ သတင်းပို့ စရာ မလိုပေ။

ယခုကဲ့သို့  ထုတ်ပြန်ကြေညာခဲ့သော ပညာရေးဝန်ကြီးဌာန ၏ ဖြေရှင်းချက်သည် ၄င်းတို့  မတရားမှုကို ဖုံးကွယ်ရန် အကြောင်းပြကာကွယ်ခြင်း၊ ကျောင်းဆရာမ ဒေါ်စိုးစိုးခိုင်အပေါ် မတရားလုပ်ဆောင်မှု အကြောင်းပြ ဖန်တီးမှုသာ ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် သိက္ခာရှိရှိ သမာသမတ်ရှိရှိ အသိပညာရှိရှိဖြင့် မှန်ကန်မျှတစွာ ဆောင်ရွက်ရမည့်အစား ယခုကဲ့သို့  ကလိမ်ကကျစ်ကျစွာ လုပ်ဆောင်ခြင်းသည် အလွန့် အလွန် ရှက်ဖွယ်တိတိပင် ဖြစ်ပေသည်။

ဤကဲ့သို့  ပညာရေးဝန်ကြီးဌာန၏ လိမ်ညာဖြေရှင်းချက် ထုတ်ပြန်ခြင်းသည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ ဆရာမများ၊ ပညာရေးပိုင်းဆိုင်ရာ ၀န်ထမ်းများ၊ ပညာသင်ကြားနေသော ကျောင်း သူကျောင်းသားများ၏ ဘ၀ပေါင်းများစွာအတွက် ထိခိုက်စေသည်သာမက မြန်မာနိုင်ငံ၏ ပြည်သူ့ ဝန်ထမ်းအားလုံးအား မထေမဲ့မြင် မတရား စော်ကားလိုက်ခြင်းဖြစ်သည်ဟု ဆိုလိုက်ရပါသည်။

ပညာရေးဝန်ကြီးဌာန၏ မမှန်ကန်သော ဖြေရှင်းချက် အား ပြန်လည်ရုပ်သိမ်းပြီး ကျောင်းဆရာမတစ်ဦးအပေါ် မတရားလုပ်ဆောင်မှုအား တရားဝင် တောင်းပန်ခြင်း မပြုပါက ပြည်သူ့  ၀န်ထမ်းအပေါင်းမှ ဆက်လက်ကန့် ကွက်သွားကာ တရားမျှတမှု ရရှိသည်အထိ လက်တွေ့ တုန့်  ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်။

Posted From Nik Nayman
 
 
 

1 comment:

Anonymous said...

ဆရာသမဂ္ဂတွေဖွဲ့ ကြစို့ 