မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
မိုးညှင်း သင်္ချိုင်းစရိတ် ဒေသခံများ စိုးရိမ်
 
 ရန်ကုန်၊ သြဂုတ် ၂၅
 
 ကချင်ပြည်နယ် မိုးညှင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့က အသစ် ရေးဆွဲ ထားသည့်
 သင်္ချိုင်း မြေမြှုပ်၊ ဂူသွင်း၊ သင်္ဂြိုဟ်ခြင်းဆိုင်ရာ စည်းမျဉ်း 
ဥပဒေကြမ်းတွင် ပါရှိသော စရိတ် နှုန်းထားများသည် ဆင်းရဲ နွမ်းပါးသူများ အတွက်
 ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို စိုးရိမ်မိကြောင်း ဒေသခံများက ပြောကြား သည်။
 
 ယင်းစည်းမျဉ်းများတွင် မြေမြှုပ်လျှင် ကျပ် သုံးသိန်း၊ အုတ်ဂူသွင်းလျှင် 
ကျပ် ငါးသိန်း၊ မီးသင်္ဂြိုဟ်လျှင် ကျပ်သုံးသောင်း၊ ပြာကို ဂူလုပ်လျှင် နှစ်ပေ
 ပတ်လည်ကို ကျပ် နှစ်သိန်းဟု သတ်မှတ်ထားရာ ယင်းပမာဏများသည် များပြားပြီး 
မိုးညှင်းတွင် ခရစ်ယာန် ဘာသာဝင်များ၊ အစ္စလာမ် ဘာသာဝင် များ၊ နတ် 
ကိုးကွယ်သူများလည်း ရှိကြ၍ အဆင်မပြေနိုင်ကြောင်း အဆိုပါ မြို့နယ် 
ညောင်ပင်သာဈေး အနီးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
 
 ဂူသွင်း 
သင်္ဂြိုဟ်ကြသည့် ကချင် တိုင်းရင်းသား ခရစ်ယာန်များ၊ တရုတ်လူမျိုး များအတွက် 
မြေဈေး အဆမတန် ကြီးမြင့်နေသဖြင့် ကိုယ့်လယ်မြေတွင် ကိုယ်မြှုပ်ကြသည့် 
ရှမ်း တိုင်းရင်းသားများအတွက် အဆင်မပြေနိုင်ကြောင်း အထူးသဖြင့် မနက် ၆ 
နာရီမှ ည ၆ နာရီအတွင်း သင်္ဂြိုဟ်ခြင်းကိုသာ ခွင့်ပြု၍ ဘာသာဝင် အချို့အတွက် 
အဆင်မပြေကြောင်း ၎င်းက ဆိုသည်။
 
 မိုးညှင်းမြို့ ဆရာတော်ကြီးများ၏ 
မီးသင်္ဂြိုဟ်စက် ဖွင့်လှစ် ပြီးနောက် မြေမြှုပ်ခြင်း၊ ဂူသွင်းခြင်း မပြုရ 
ဆိုသည့် အနေအထားမျိုး ဖြစ်လာ ၍ ခေတ်နှင့်အညီ ဥပဒေ စည်းမျဉ်း စည်းကမ်းကို 
ကချင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေနှင့်အညီ ပြန်လည် ရေးဆွဲခြင်း ဖြစ်ကြောင်း 
မိုးညှင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဦးလှဦးက ပြောကြားသည်။
 
 “အခုဟာက ဥပဒေကြမ်းပါ၊ ဒီလ ၁၉ ရက်နေ့က ချပြထားပြီး အကြံပြုလွှာတွေ ပြင်ဆင် ဖြည့်စွက်စရာတွေ တောင်းထားပါတယ်” ဟု ၎င်းက ဆိုသည်။
 
 ခရိုင်မြို့ ဖြစ်သည့် မိုးညှင်းမြို့တွင် ဆေးရုံကြီး ရှိပြီး ရပ်ဝေး 
ရပ်နီးမှ ဆေးရုံ လာတက်ရင်း သေဆုံးသူ များအတွက် ထောက်ခံချက် ယူရန် ခက်ခဲနိင်
 သကဲ့သို့ ငွေကြေး ကုန်ကျမှုလည်း များပြားကြောင်း မိုးညှင်းမြို့မှ 
ဦးဖေစိန်က ဆိုသည်။ 
 
 “အလှူအတန်း လုပ်တာက ငွေစု ပြင်ဆင်ပြီး 
လုပ်လို့ရတယ်။ သေခြင်းတရား က ပိုက်ဆံ မရှိလို့ စုပါစေ ဦးလို့ ပြောလို့ 
မရဘူး သေချင်တဲ့အချိန် သေတာ ပိုက်ဆံ မရှိတဲ့လူတွေအတွက် လူမှုရေး အခက်အခဲ တွေ
 ရှိနိင်တယ်” ဟု ၎င်းက ဆိုသည်။
 
 မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် 
ရပ်ကွက်ကြီး ၆ ရပ်ကွက် ရှိပြီး မြို့မ သင်္ချိုင်းကြီး အပြင်၊ အုတ်ကျင်း 
သင်္ချိုင်း၊ ပျော်ဘွယ် သင်္ချိုင်း၊ ဗောဓိကုန်းသင်္ချိုင်း၊ ရွာသစ်ကုန်း သင်္ချိုင်း၊ 
အစ္စလာမ် သင်္ချိုင်း၊ နှစ်ခြင်း ခရစ်ယာန် သင်္ချိုင်း၊ ပရိုတက်စတင့်များ 
သင်္ချိုင်းနှင့် တရုတ် သင်္ချိုင်းများ ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment