Sunday, August 25, 2013

ဒဂုန်တာရာ အထိမ်းအမှတ် ဂူဗိမာန် ပြုလုပ်လိုသူများ အရိုးများတောင်းခံနိုင်ဟုဆို



မန္တလေး၊ သြဂုတ် ၂၄ The Voice Weekly

ပြည်တွင်းစစ်မီးများ မငြိမ်းသေးသော မြန်မာနိုင်ငံတွင် ‘မုန်းသူမရှိ၊ ချစ်သူသာရှိ’၊ ‘နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်ပေးတာ’ စသော ငြိမ်းချမ်းရေး စာများကို တစိုက်မတ် မတ် ရေးသားပြောဆို နေထိုင်ခဲ့သော ငြိမ်းချမ်းရေးစာဆို စာရေးဆရာကြီး ဒဂုန်တာရာ၏ အထိမ်းအမှတ် ဂူဗိမာန် ပြုလုပ်လိုသူများကို ဆရာကြီး၏အရိုးများ ဝေပေးမည ဖြစ်ကြောင်း ဈာပနကော်မတီနှင့် ဆရာကြီးဒဂုန်တာရာ၏ အထိမ်းအမှတ် ဂူဗိမာန် ဖြစ်မြောက်ရေး ကော်မတီတို့ ထံမှ စုံစမ်းသိရှိရသည်။

“ဆရာကြီးတပည့်တွေ၊ ချစ်ခင်လေးစားသူတွေက အနယ်နယ်အရပ်ရပ်မှာ ရှိနေတော့ ဂူဗိမာန် တည်ဖို့ အရိုးတောင်းလာရင် ပေးမှာပါ။ ဆရာတော်တွေကိုလည်း လျှောက်ထားပြီး ဖြစ်ပါတယ်” ဟု ဂူဗိမာန် ဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဝင်းငြိမ်းက ပြောကြားသည်။

ဆရာကြီး၏ မွေးရပ်မြေဖြစ်သော ကျိုက်လတ်မြို့နှင့် ရန်ကုန်၊ မန္တလေးမြို့နှင့် အခြားမြို့များတွင် ဆရာကြီးကို လေးစားကြည်ညိုသူများက ဆရာကြီး အထိမ်းအမှတ် ဂူဗိမာန် ပြုလုပ်လိုပါက ဆရာကြီး ၏ ကျန်ရစ်သော အရိုးများကို ဂူဗိမာန် ဖြစ်မြောက်ရေး ကော်မတီသို့ တရားဝင် တောင်း ခံနိုင် ကြောင်း၊ တောင်းခံသူ မရှိပါက ကျန်ရစ်သော အရိုးပြာများအားလုံးကို အောင်ပန်းမြို့တွင် တည်ဆောက်မည့် ဆရာကြီး၏ အထိမ်းအမှတ် ဂူဗိမာန်အတွင်း ထည့်သွင်း တည်ဆောက် သွား မည် ဖြစ်ကြောင်း ဂူဗိမာန် ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ဈာပန ကျင်းပရေးကော်မတီက အရိုးနှင့် အရိုးပြာကို ထိန်းသိမ်းထားပြီး အရိုးပြာကို သြဂုတ်လ ၃၀ ရက်နေ့တွင် အောင်ပန်းမြို့၏ တောင်ဘက် ကလောနှင့် ပင်လောင်းမြို့အစပ်ရှိ ဘီလူးချောင်းအတွင်း သို့ မျှောချမည် ဖြစ်ကြောင်း၊ ကျန်ရစ်သော အရိုးများကို ဆရာကြီးအမှတ်တရ ဗိမာန်တွင် ထည့် သွင်း သွားမည် ဖြစ်ကြောင်း ဈာပန ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဆရာဦးအံ့မောင်ထံမှ သိရသည်။

“ဆရာကြီးရဲ့ အရိုးအိုးနှင့် အရိုးပြာကို ကျွန်မတို့အိမ်မှာ ထိန်းသိမ်းထားပါတယ်” ဟု ဆရာကြီး၏ တူမဖြစ်သူ ဆရာမ သင်းမြစန္ဒီက ဆိုသည်။

အောင်ပန်းမြို့တွင် ဆရာကြီး အမှတ်တရ ဂူဗိမာန် တည်ဆောက်ရန် အတွက် မြေနေရာ ရှာဖွေနေပြီး သြဂုတ်လ ၃၀ ရက်နေ့တွင် အတည်ပြု ရွေးချယ် မည် ဖြစ်ကြောင်း၊ ကော်မတီ အနေနှင့် အောင်ပန်း မြို့အထွက် မယ်ခိုတောင်ပေါ်နှင့် အခြားနေရာများတွင် ရှာဖွေနေကြောင်းနှင့်
မြေနေရာတွေ့ရှိပါက ဆရာကြီး ဂူဗိမာန်ကို တူမဖြစ်သူ ဒေါ်သန္တာနေဝင်း က အဆောက်အအုံ အတွက် အကုန်အကျခံ တည်ဆောက်မည်ဖြစ်ပြီး ဆရာကြီးဈာပန အတွက် သွေးသောက် ဝတ် (ဒေသအခေါ်) ကူငွေအားလုံးကို ဂူဗိမာန် တည်ဆောက်ရေးတွင် ထည့်သွင်း တည်ဆောက်သွား မည် ဖြစ်ကြောင်း၊ ဂူဗိမာန် မပြီးမချင်း အရိုးကို တောင်း ခံနိုင်ကြောင်း ကော်မတီ ပြောရေး ဆိုခွင့် ရှိသူထံမှ သိရသည်။

ဆရာကြီး ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဖခင်ဦးအုံးခင်၊ မိခင်ဒေါ်ဖွားရှင်တို့ 
က ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းရွာတွင် မွေးဖွားခဲ့ပြီး အသက် ၉၅ နှစ်အရွယ် သြဂုတ်လ ၁၉ ရက် တွင် ကွယ်လွန်ခဲ့ကာ သြဂုတ်လ ၂၁ ရက်နေ့တွင် အောင်ပန်းမြို့တွင် ဈာပနကျင်းပခဲ့သည်။

No comments: