Monday, August 26, 2013

မြန်မာနှင့် ခွေးမဝင်ရ




“လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် ပညာရေး နိမ့်ကျမှုကြောင့် အလုပ်ရရှိရေး အဆိုများကို လွှတ်တော်သို့ တင်သွင်းမည်” ဟူသည့် သတင်းကို ဖတ်လိုက်ရပါသည်။ (မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားကြောင်း (၂၁-၈-၂၀၁၃) ရက် စွဲထုတ် မြန်မာ့ပို့စ်မှာ တွေ့မိပြီး ပြုံးမိလိုက်ပေသည်။ အဲဒီအဆိုပါ ပုဂ္ဂိုလ်က လူငယ်တွေနှင့် ပတ်သက်ပြီး ဘယ်လောက်အထိ၊ ထိတွေ့ ဆက်ဆံနေသလဲ ဆိုတာတော့ ကျွန်တော် မသိပါ။ ကျွန်တော် ကတော့ မန္တလေးမှာ နည်းပညာ သင်တန်းကျောင်းတစ်ခု ဖွင့်ပြီး လူငယ် တော်တော်များများ ကို လုပ်ငန်းခွင်ထဲ အလုပ်ရသည်အထိ ပို့ပေးနေသည့် အင်ဂျင်နီယာ၊ ကျောင်းအုပ်ကြီး တစ်ယောက်မို့ လူငယ်တွေ အကြောင်း ကောင်းကောင်း သိထားသူ တစ်ဦး ဖြစ်ပါသည်။

ကျွန်တော်တို့ မန္တလေးက မြန်မာလူငယ်များ သိပ်ဟန်မကျလှ။ အရည်အသွေး၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်၊ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား၊ အလုပ် လုပ်ချင်စိတ်၊ စည်းကမ်း လိုက်နာမှု ဘာတစ်ခုမျှ မစွံ။ အလုပ် ရရှိဖို့ လွှတ်တော်က စီစဉ်ပေးတော့ရော မြန်မာ လူငယ်တွေက ဘာတတ် လို့လဲ။ ဘာတွေ လုပ်တတ်ကြလို့လဲ။ အတတ်ပညာ ဘာမှမရှိ။ ကျောက်ပွဲလိုလို၊ ဘောလုံး ပွဲလိုလို၊ နှစ်လုံးထီလိုလို၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ ယောင်ခြောက်ဆယ်တွေသာ များသည်။ တစ်ခါတလေ ရှေ့က မော်တော်ဆိုင်ကယ် စီးသွားရင်း၊ ကွမ်းသွေးတွေ ကို ဘေးတိုက် လေထဲ လှမ်းထွေးလို့၊ နောက်က ကျွန်တော့်မျက်နှာ ကွမ်းသွေးတွေ ရွှဲခဲ့ဖူးတာလည်း အကြိမ် မနည်းတော့။ ဆိုင်ကယ်စီးရင်း ဦးထုပ် မဆောင်းကြလို့ မျက်စိရှေ့ ပိုးစိုးပက်စက် သေသူတွေလည်း မနည်းတော့။ မြင်ရ တွေ့ရတာ စိတ်မချမ်းသာ။ အပျော်အပါး ကျတော့ ရှေ့ဆုံးက။ ဝါဆိုလပြည့်ဆို ပြင်ဦးလွင်ကို ဆိုင်ကယ်တွေနဲ့ အုပ်လိုက် တက်ကြ။ မူးကြ ရူးကြ။ သင်္ကြန်ဆိုလည်း မူးရူးပြီး လဲကြ ကွဲကြ။ တောင်ပြုန်းဆိုလည်း မလွတ်လိုက်ရ။ ခါးချိုးပြီး အလုပ် လုပ်တဲ့ လူငယ်တွေ မရှိကြတော့။ တရုတ်၊ ဂျပန် လူငယ်တွေ အလုပ်ကို အရူးအမူး လုပ်ကိုင်နေတဲ့ အချိန်မှာ မြန်မာ လူငယ်တွေက အပျော်အပါး လိုက်စားပြီး အလေလိုက် ကောင်းနေကြတုန်း။ မိဘတွေက သင်တန်း တက်ခိုင်းလို့သာ တက်ကြသည်။ ကျွန်တော့် သင်တန်းဆင်းလို့ အလုပ်ထဲ ဝင်မည့်သူ စာရင်းပေးပါ။ အလုပ်ခန့်မယ်ဆိုတော့ လူ (၁၀၀) မှာ (၁၀) ယောက်တောင် မရှိ။ အဲဒီ လုပ်တဲ့ (၁၀) ယောက်ကလည်း နောက် နှစ်လလောက် ရှိတော့ သုံးယောက်လောက်ပဲ ကျန်တော့တယ်။ တကယ် လုပ်စားရတော့ ပင်ပန်းပြီး ထွက်ပြေးကြရော။

အမှန်တော့ လူငယ်တွေ အလုပ်မရှိတာ မဟုတ်။ အလုပ် လုပ်ချင်စိတ် မရှိကြတာပါ။ သူတို့က အတတ်ပညာ ကျွမ်းကျင်အောင် သင်ယူ လေ့ကျင့်ပြီး ကျွမ်းကျင် ပညာရှင်များဖြစ်အောင် ကြိုးစားချင်စိတ် မရှိကြ။ အလုပ် လုပ်ဖို့ ချော့ခေါ်နေတာတောင် မလုပ်ကြပါဘူး။ အလုပ်လုပ်ပြီး ချမ်းသာချင် ကြတာ မဟုတ်ဘူး။ အချောင်လိုက်ပြီး ချမ်းသာချင်စိတ်တွေ များနေကြတာ။

တစ်ခါတုန်းကလည်း B.E ဘွဲ့ရ လူငယ် အုပ်စု တစ်စု ကျွန်တော့် သင်တန်းကျောင်းကို ရောက်လာကြ ပါတယ်။ အင်ဂျင်နီယာ ဘွဲ့ရတွေပါ။ လျှပ်စစ်၊ စက်မှုနဲ့ ဘွဲ့ရတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော။ “သူတို့ အလုပ် မရှိကြလို့ ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက အဖြေရှာပေးပါ” ဆိုပြီး ရောက်လာကြ တာ ဖြစ်ပါတယ်။ အိုကေပေါ့။ ဆွေးနွေးပွဲလေး စတော့ ကျွန်တော် မေးတယ်။ သူတို့ကို ဘာဘွဲ့တွေ ရသလဲ။ တစ်ယောက်ချင်းစီ ထဖြေတယ်။ B.E တွေ၊ B.Tech တွေ ချည်းပဲ။ ကျွန်တော်က တစ်ယောက်ချင်းစီကို ဆက်မေး ပါတယ်။ “မင်းဘာလုပ်တတ်သလဲ၊ ဆရာ ချက်ချင်း အလုပ်ထဲ သွင်းပေး မယ်” လို့ ပြောပါတယ်။ ကား ပြင်တတ်သလား၊ အဲယားကွန်း ပြင်တတ် သလား၊ အီလက်ထရွန်နစ် ပစ္စည်းတွေ ပြုပြင်တတ်သလား၊

ဂဟေ ဆော်တတ်သလား၊ တွင်ခုံ ကိုင် တတ်သလား။ ဟာ ! ဘယ်သူမှ ဘာမှကို မလုပ်တတ်ကြတာ။ ရှက်ပြုံးလေးတွေ ပြုံးပြီး “မတတ်ပါဘူး ဆရာ” ဆိုတဲ့ စကားကိုပဲ ဖြေကြပါတယ်။ ဒါကလည်း သူတို့လေးတွေ အပြစ် မဟုတ်ပါဘူး။ G.T.U ကျောင်းတွေကို ကွမ်းယာဆိုင် ပေါသလို ပေါအောင် ဖွင့်ပြီး လက်တွေ့ မပါတဲ့ မြန်မာပြည်ရဲ့ ‘အမြုံပညာရေးစနစ်’ ကြောင့် ကလေးတွေ ဘာမှ မတတ်ကြတာပါ။ ဒီအထိတော့ သူတို့မှာ အပြစ်ပြောစရာ မရှိပါဘူး။ ကျွန်တော်က ဆက်ပြောပါတယ်။ ဘွဲ့ရ ပညာမတတ်တွေကို အခုဆရာ့ နည်းပညာကျောင်းမှာ လာတက်ကြပါ။ စောစောက မေးတဲ့ မင်းတို့ မတတ်ဘူးဆိုတဲ့ ပညာတွေ အားလုံးကို အခမဲ့ သင်ပေးမယ်။ သင်ပြီးလို့ လေ့ကျင့်ရေး ကာလတွေ ပြီးရင် အလုပ်ပါ ခန့်ပေးမယ်။ လုပ်မယ့် သူ စာရင်းပေးကြပါ ဆိုပြီး စာရင်းကောက်တော့ တစ်ယောက်မှ စာရင်းမပေး ကြပါဘူး။ တကယ့် ကိုယ်တွေ့ပါ။ သူတို့က ဘွဲ့လက်မှတ် ပြပြီး အရာရှိ လုပ်စားချင်နေကြတာ။ တကယ့် အင်ဂျင်နီယာ အတတ်ပညာ တတ်အောင် သင်ပြီး လက်ကြောတင်းအောင် အလုပ် လုပ်ချင်ကြတာမှ မဟုတ်ဘဲ။ အချောင် ကြီးပွားချင်တဲ့ စိတ်ပဲ ဖြစ်နေကြတာကို စစ်ဆေး တွေ့ရှိလိုက် ရပါတယ်။ သက်သောင့်သက်သာ နေချင်တဲ့ စိတ်ကသာ ကြီးစိုးနေကြ ပါတယ်။ ပြီးတော့ အလုပ်မရလို့ ဆိုပြီး တခြားကို အပြစ်တွေ တင်ကြရော။

အဲဒီတော့ အရည်အချင်း မရှိတဲ့ လူငယ်တွေကို အရည်အချင်း ရှိလာအောင် အရင် လုပ်ပေးကြပါဦး။ လွှတ်တော်ကို နောက်မှ တင်ကြပါ။ အရည်အချင်းတွေ ရှိပြီး လုပ်တတ်၊ ကိုင်တတ်တွေ ဖြစ်လာကြရင်လည်း အလုပ်ကို ချစ်တဲ့စိတ်၊ အလုပ်လုပ်ပြီး ရတဲ့ ချွေးနှဲစာကို တန်ဖိုးထားတတ်တဲ့ အတွေးအခေါ် တွေ ရှိအောင်လည်း လူငယ်တွေကို အရင် သင်ပေးကြပါဦး။ တစ်ခါလာလည်း လွှတ်တော်တင်၊ နောက်တစ်ခါလာလည်း လွှတ်တော်တင်။ အဲဒီတင်တဲ့ လူတွေက လူငယ်တွေအတွက် ဒီအသက်အရွယ်အထိ ဘာတွေများ ပေးဆပ်ပြီးခဲ့ကြပြီလဲလို့ မေးလိုက်ရင် ပြောရဲပါတယ်၊ အဲဒီလူတွေ တောင်းဆိုတာက လွဲပြီး ဘာမှ မပေးဖူးတဲ့ လူတွေပဲ ဆိုတာ သေချာ ပြောရဲပါတယ်။ Pain and Blame Game ဒါတွေပဲ။ အဖွဲ့အစည်းတွေကလည်း မပြေလည်မှုတွေ ညည်းညူကြ၊ နာကျင်ကြေကွဲ ကြ။ တစ်ဖွဲ့က အခြား တစ်ဖွဲ့ကို အပြစ်တင်ကြ။ ပြည်သူက အစိုးရ လွှဲချ။ အစိုးရက ပြည်သူတစ်ခါ ပြန်လွှဲချ။ ဂျာနယ်တွေကလည်း အဖြေ မပေးဘူး။ ပုစ္ဆာတွေ ပိုရှုပ်ပြီး ပိုခက်အောင် ဖွပေးကြ။ လူငယ်တွေ ပျက်စီးနေလို့ မပျက်စီးအောင် ဘာတစ်ခုမှ လုပ်မပေးကြတာကို တွေ့ရပါတယ်။ အနုပညာသမားတွေကလည်း ဝိုင်းဝန်း ဝေဖန် ထောက်ပြတဲ့ အလုပ်၊ လှောင်ပြောင် သရော်တဲ့အလုပ်၊ အတင်းပြောတဲ့ အလုပ်၊ သမိုင်းကို ပြန်ရစ်ကြည့်တဲ့ အလုပ် ဒါတွေပဲ လုပ်နေကြတယ်။ ကိုယ်တတ်နိုင် သလောက် မြန်မာစာ တတ်ရင် မြန်မာစာ လိုက်သင်ပေးပေါ့။ အင်္ဂလိပ်စာ တတ်ရင် အင်္ဂလိပ်စာသင် ပေးပေါ့။ လက်သမား တတ်ရင် လက်သမား ပညာတွေ သင်ပေးပေါ့။ စက်ချုပ်၊ ပန်းထိုး၊ ကြိမ်ထိုးတတ် ရင် တတ်တာတွေ သင်ပေးပေါ့။ အခုတော့ ဟောပြောကြ၊ ရေးကြသားကြနဲ့။ အလုပ်ကို လက်တွေ့ ဘယ်သူမှ မလုပ်ကြပါဘူး။ အလုပ်မပါ အပြောသက်သက် သမားတွေချည်းပဲ။

ဒီလိုနဲ့ တိုင်းပြည်က စုတ်ပြတ်နေပြီ။ ဒီလို အတိုင်းသာ ဆက်သွားနေရင်တော့ တစ်ချိန်တုန်းက ဟစ်တလာရဲ့ နာဇီတွေ ပိုင်တဲ့ ဆိုင်မှာ ဆိုင်းဘုတ်တွေ ချိတ်ခံခဲ့ရတာ ဖတ်ဖူး၊ တွေ့ဖူးတယ်။ ဂျူးနဲ့ ခွေးမဝင်ရတဲ့။ အဲဒီတုန်းက ရုပ်ရှင်မို့ သိပ်မခံစားရဘူး။

အခုတော့ ရင်ထဲမှာ ပူလှပြီ။ နောင်ဆိုရင် ကျွန်တော်တို့ မြန်မာ လူငယ်တွေ အပျင်းထူပုံ၊ စည်းကမ်းမဲ့ပုံ၊ အရည်အချင်းမရှိဘဲ အပျင်းကြီး အကောင်း ကြိုက်ပုံတွေကြောင့် နိုင်ငံခြားသားတွေ ပိုင်တဲ့ လုပ်ငန်းတွေ မှာ ခွေးသာသာ နေရာက အလုပ်တွေပဲ လုပ်ကြရတော့မယ်။ အပေါက်စောင့်၊ မိလ္လာသိမ်း၊ သန့်ရှင်းရေး၊ တံမြက်စည်းလှည်း အဲဒါတွေတောင် လုပ်ခွင့်ရရင် ကံကောင်းလို့မှတ်။ တကယ်လို့များ ဂျူးတွေတုန်းကလို ‘မြန်မာနှင့် ခွေးမဝင်ရ’ လို့များ ဆိုင်းဘုတ် အတပ်ခံခဲ့ရရင် . . .။

အောင်စိုးဦး (မြင်းခြံ)

No comments: