Tuesday, July 26, 2011

လုံခြုံရေးသတိ

Foot Protection အကြောင်း သိကောင်းစရာ
အရေးပါပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူသူများအနေဖြင့် Foot Protection ဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ လုပ်နည်းလုပ်ဟန်များကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာသိရှိထားရန် လိုအပ်ပါသည်။ အနီးကပ်လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများသည် အရေးပါ ပုဂ္ဂိုလ်၏ အသက်အန္တရာယ်လုံခြုံရေးကို အများပြည်သူရှေ့တွင် ကာကွယ်စောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် public image ကို မထိခိုက်စေရန် သတိပြုရမည် ဖြစ်သကဲ့သို့၊ အခြေအနေများ ရှုပ်ထွေးလာချိန်တွင် သင့်လျော်သော ဆုံးဖြတ်ချက်များကို မြန်မြန် ဆန်ဆန် ချမှတ်လုပ်ဆောင်နိုင်သူများလဲ ဖြစ်ရပါမည်။

အခြေခံစည်းမျဉ်းများ

  • လုံခြုံရေးတာဝန်ယူပေးရမည့်သူ (principal) နှင့် အသက်အန္တရာယ်ကို ခြိမ်းချောက်သူ (threat) အကြားတွင် ကြားခံအဖြစ် တာဝန်ယူရန်
  • အဖွဲ့ဝင်များအချင်းချင်း တာဝန်ခွဲဝေ၍ ပတ်ဝန်းကျင်ကို (၃၆၀ ဒီဂရီ) စဉ်ဆက်မပြတ်စောင့်ကြည့်ရန်
  • Team parameter သတ်မှတ်၍ အရေးပါပုဂ္ဂိုလ်အနီးသို့ မည်သူမျှ ရုတ်ခြည်း ချဉ်းကပ်ခြင်း မပြုနိုင်အောင် တာဝန်ယူရန်
  • အရေးပါပုဂ္ဂိုလ်အား အန္တရာယ်ပြုနိုင်ချေရှိသည်ဟု သံသယဖြစ်ဖွယ် လူတွေ့ပါက အဖွဲ့ဝင်များအား alert လုပ်ရန်
  • မည်သည့်နေရာသို့သွားသွား အ၀င်လမ်း၊ အထွက်လမ်းများကို လေ့လာရန်၊ အရေးပေါ် ပစ္စည်းများ (ရှေးဦးသူနာပြု၊ မီးသတ်ဆေးဗူးများ) ထားရှိသည့် နေရာများအား လေ့လာရန်
  • အခြေအနေ ရှုပ်ထွေးမှုများ (ဥပမာ- ရန်ပွဲများ၊ ပစ်ခတ်မှုများ) ဖြစ်ပွားလာပါက အခင်းဖြစ်ပွားရာနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်
  • လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်
  • အရေးပါပုဂ္ဂိုလ်အား အချို့လုံခြုံရေး အဖွဲ့ဝင်များမှ ဘေးကင်းရာသို့ ဆွဲထုတ်သွားချိန်တွင် အချို့လုံခြုံရေး အဖွဲ့ဝင်များက တိုက်ခိုက်လာသူအား အချိန်ဆွဲထားရန်
သံသယဖြစ်ဖွယ်ရာများ

  • ကုပ်အင်္ကျီရှည်ကြီးများအား အချိန်အခါနှင့် မကိုက်ညီပဲ ၀တ်ဆင်ထားသူများ
  • ပူအိုက်သောနေ့များတွင် အနွေးထည် ၀တ်ဆင်ထားသူများ
  • ပါဆယ်ထုပ် ကိုင်ဆောင်ထားသူများ
  • ပတ်ဝန်းကျင်တ၀ိုက်တွင် လမ်းသလားနေသူများ
  • သဘာဝမကျသော လှုပ်ရှားမှုများနှင့် အနေအထားများ
  • လက်များကို ၀ှက်ထားသူများ

အန္တရာယ်ကို ရှောင်ရှားရန် နည်းလမ်းများ

ပတ်ဝန်းကျင်တွင် သဘာဝမကျသော လှုပ်ရှားမှုများ၊ အနေအထားများနှင့် သံသယဖြစ်ဖွယ်လူများ ရှိနေပါက လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် မူလအစီအစဉ်မှ သွေဖည်သော second split decision ချမှတ်ပြီး၊ လုံခြုံရေးအဖွဲ့ဝင်များအား လိုအပ်သော ညွှန်ကြားချက်များ ပေးအပ်ရန် လိုသည်။

() အရှိန်မြှင့်ရန်
လမ်းလျှောက်သည့် အရှိန်ကိုမြှင့်ပြီး သတ်မှတ်နေရာ (သို့မဟုတ်) လုံခြုံရာနေရာသို့ အမြန်ဆုံးရောက်အောင်သွားရမည်။ ယင်းသို့သွားရာလမ်းတလျှောက်တွင် ပစ္စည်းသယ်ယူလာသူများ၊ မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသူများ၊ ကြားမှ ဖြတ်ဝင်လာသူများနှင့် တိုးတိုက်မိခြင်း မရှိစေရန် ဂရုစိုက်ရမည်။ Team parameter အတွင်းသို့ အပြင်လူရောက်လာပြီး၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် အရေးပါပုဂ္ဂိုလ်အကြားသို့ မရောက်သွားစေရန် အထူးဂရုစိုက်ရမည်။

() လမ်းကြောင်းပြောင်းရန်
မူလ လျှောက်နေသော လမ်းကြောင်းအတိုင်းဆက်မသွားပဲ လမ်းကြောင်းပြောင်းပြီး၊ သံသယဖြစ်ဖွယ်ရာရှိသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ရမည်။

() ပုန်းအောင်းနေရာယူရန်၊ ၀ပ်နေရန်
ထွက်ပေါက်ပိတ်နေခြင်း၊ ပစ်ခတ်နေခြင်း၊ ကျည်ဆံများ မည်သည့်နေရာမှ ပေါ်ထွက်လာသည်ကို မသိနိုင်သည့် အခြေအနေများတွင် အရေးပါပုဂ္ဂိုလ်အား ထိခိုက်မှု ဖြစ်နိုင်ချေ အနည်းဆုံးဖြစ်စေရန်အတွက် ပုန်းအောင်ရမည့်နေရာများ၊ အကာအကွယ်များ ကို ရှာဖွေရမည်။ သတ်ကွင်းဖြစ်နိုင်မည့် နေရာများကို သတိပြုရမည်။

() ထွက်ခွာရန်
အနီးဝန်းကျင်တွင် ယာဉ်၊ အဆောက်အဦးနှင့် လုံခြုံရေးအစီအမံကောင်းသော နေရာများ ရှိနေပါက အဆိုပါနေရာများသို့ အမြန်ဆုံး ထွက်ခွာသွားနိုင်ရန် ကြိုးပမ်းရမည်။


လုပ်နည်းလုပ်ဟန်များ

အရေးပါပုဂ္ဂိုလ်၏ လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်နှစ်ဦး ပါဝင်ပါက (သို့မဟုတ်) အဖွဲ့ဝင်နှစ်ဦးသာ ခေါ်ဆောင်သွားရန် အခြေအနေဖြစ်ပါက အဆိုပါ အဖွဲ့ဝင်နှစ်ဦးသည် အရေးပါပုဂ္ဂိုလ်၏ ရှေ့ မှ နေသည့် (point) တာဝန် နှင့် နောက်မှ နေသည့် (tail) တာဝန်များကို ယူရမည်ဖြစ်ပြီး၊ လိုအပ်လာပါက ဘယ်ဘက်နှင့် ညာဘက်တွင် နေရမည်။ လူအုပ်ထဲတွင် ဖြစ်ပါက အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တဦးနေ၍၊ နောက်ညာဘက်ခြမ်းတွင် တဦးနေရမည်ဖြစ်သည်။

လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်သုံးဦး ပါဝင်ပါက (သို့မဟုတ်) အဖွဲ့ဝင်သုံးဦးသာ ခေါ်ဆောင်သွားရန် အခြေအနေဖြစ်ပါက တြိဂံသဏ္ဍာန် (Triangle Formation) (အရေးပါပုဂ္ဂိုလ်၏ ရှေ့တွင်တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင် တယောက်၊ နောက်ညာဘက်ခြမ်းတွင် တယောက်) နှင့် ပြောင်းပြန်တြိဂံသဏ္ဍာန် (Inverse Triangle Formation) (အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဘက်တွင် တယောက်) စသည့် သဏ္ဍာန်များကို ပတ်ဝန်းကျင်အနေအထားပေါ် မူတည်၍ နေရာယူရမည်။

အဖွဲ့ဝင်သုံးဦးပါဝင်သော လုံခြုံရေး အဖွဲ့သည် ပုံမှန်လှုပ်ရှားသွားလာမှုများ (ဥပမာ- ဈေးဝယ်ထွက်ခြင်း၊ စားသောက်ဆိုင် သွားခြင်း၊ ချိန်းဆိုထားသော နေရာများသို့ သွားခြင်း) စသည်များအတွက် သင့်လျော်သော အရေအတွက် ဖြစ်သည်။ အဆိုပါအဖွဲ့တွင် အဓိကလူ၊ ဒုတိယလူနှင့် တတိယလူ ဟူသည့် တာဝန်သတ်မှတ်ချက် သုံးရပ်ရှိရမည်။ အဓိကလူသည် အရေးပါပုဂ္ဂိုလ်အနီးတွင် အချိန်ပြည့်နေရမည်။ အရေးပေါ်အခြေအနေတွင် လှုပ်ရှားရန် လိုအပ်ပါက ဒုတိယလူနှင့် တတိယလူက တိုက်ခိုက်လာသူများကို အချိန်ဆွဲထားရမည်ဖြစ်ပြီး၊ အဓိကလူက အရေးပါပုဂ္ဂိုလ်အား ခေါ်ထုတ်သွားရမည်။

လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်လေးဦးပါဝင်ပါက diamond formation (အရေးပါပုဂ္ဂိုလ်၏ ရှေ့တွင်တယောက်၊ နောက်တွင်တယောက်၊ ညာဘက်ခြမ်းတွင်တယောက်၊ ဗယ်ဘက်တွင်တယောက်) သဏ္ဍာန်ဖြင့် အရေးပါပုဂ္ဂိုလ်အား စောင့်ရှောက်ရမည်။ လိုအပ်လာပါက အဆိုပါ diamond formation မှ Box formation (အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက် ခြမ်းတွင်တယောက်၊ ရှေ့ညာဘက်ခြမ်းတွင်တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက် ခြမ်းတွင်တယောက်) သဏ္ဍာန်သို့ ပြောင်းလဲရမည်။

လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် နောက်ဗယ်ဘက်ခြမ်း (သို့မဟုတ်) နောက်ညာဘက်ခြမ်း တာဝန်ကို ယူရမည်ဖြစ်သည်။ သို့မှသာ အဖွဲ့နှင့် အရေးပါပုဂ္ဂိုလ်ကို မျက်ချေမပြတ် စောင့်ကြည့်နိုင် မည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်အခြေအနေ၊ အနေအထားကို အကဲဖြတ်နိုင်မည်။

ဧည့်သည်တဦးတယောက်နှင့် တွေ့ဆုံရမည့်အခြေအနေ (သို့မဟုတ်) သတင်းထောက်များနှင့် စကားပြောရမည့် အခြေအနေတွင်မူ ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊ ရှေ့ညာဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဘက် ခပ်လှမ်းလှမ်းတွင်တယောက် (အဖွဲ့ခေါင်းဆောင်) က တာဝန်ယူစောင့်ရှောက်ရမည်။

လုံခြုံရေးအဖွဲ့တွင် ငါးဦးပါဝင်ပါက အရေးပေါ်အခြေအနေများအတွက် ပိုမိုစိတ်ချရသည်။ Box Formation (ရှေ့ဗယ်ဘက် ခြမ်းတွင်တယောက်၊ ရှေ့ညာဘက်ခြမ်းတွင်တယောက်၊ အနီးကပ်နောက်ညာဘက်ခြမ်းတွင် တယောက်၊ ခပ်လှမ်းလှမ်းမှ နောက်ဗက်ဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက်ခြမ်းတွင်တယောက်) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။ လိုအပ်လာပါက Diamond Formation (ရှေ့တွင်တယောက်၊ နောက်တယောက်၊ ညာဘက်တွင်တယောက်၊ ဗယ်ဘက်တွင်တယောက်နှင့် အနီးကပ် နောက်ညာဘက်ခြမ်းတွင်တယောက်) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။

တံခါးပေါက်တခုထဲသို့ ၀င်ပါက အဖွဲ့ဝင်နှစ်ယောက်မှ ကြိုတင်ဝင်ပြီး ဗယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အခြေအနေကို စောင့်ကြည့်ရမည်။ ပြီးမှ အရေးပါပုဂ္ဂိုလ်နှင့် အနီးကပ်နောက်ညာဘက်ခြမ်းမှ တယောက် ပူးတွဲဝင်၍ နောက်တွင် ကျန်ခဲ့သူနှစ်ယောက်မှ အပြင်ဘက် ဗယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အခြေအနေကို စောင့်ကြည့်ရမည်။

အခြေအနေ၊ အချိန်အခါအရ လိုအပ်လာပါက လုံခြုံရေးအဖွဲ့ဝင် ခုနစ်ဦးအထိ တိုးမြှင့်ပြီး Circle Formation (အရေးပါပုဂ္ဂိုလ်နှင့် အနီးကပ်နောက်ညာဘက်ခြမ်းတွင် တယောက်ရှိပြီး၊ ကျန်လူခြောက်ဦးမှ ၀န်းရံပေးထားမှု) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။

အဆောက်အဦးနှစ်ခုအကြား (သို့မဟုတ်) လူသွားလမ်းကြားတခုအတွင်းသို့ သွားရမည်ဆိုပါက တဘက်ထိပ်တွင် နောက်ချန်အဖွဲ့ဝင်တယောက် ရှိရန်လိုအပ်ပြီး၊ အခြားတဘက်ထိပ်သို့ အဖွဲ့ဝင်တယောက်မှ ကြိုသွားကာ နေရာယူရမည်။ ပြီးလျှင် အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက်ခြမ်းတွင်တယောက်၊ နောက်ဘက် ခပ်လှမ်းလှမ်းမှ ဗယ်ဘက်ခြမ်းတွင်တယောက် (အဖွဲ့ခေါင်းဆောင်)က တာဝန်ယူ၍ သွားရမည်။

ရွေ့လျားစက်လှေကား (escalators) ဖြင့် သွားရမည်ဆိုပါက ရှေ့ဆုံးမှ အဖွဲ့ဝင်သည် စက်လှေကားဗယ်ဘက်ခြမ်း၊ သူ့နောက်မှ အဖွဲ့ဝင်က စက်လှေကား၏ ညာဘက်ခြမ်း၊ ပြီးလျှင် အရေးပါပုဂ္ဂိုလ်အားကြားညှပ်၍ နောက်ညာဘက်ခြမ်းမှ အဖွဲ့ဝင်က ညာဘက်ခြမ်း၊ သူ့နောက်မှ ဗယ်ဘက်ခြမ်းတွင် ရပ်နေသော အဖွဲ့ဝင်က နောက်ဘက်အခြေအနေ စသည်ဖြင့် မျက်ချေမပြတ် တာဝန်ယူစောင့်ရှောက်ရမည်။

လှေကား အတက်အဆင်းများတွင်လည်း ရှေ့ဆုံးမှ တယောက်၊ သူ့နောက်မှ အဖွဲ့ဝင်တယောက်၊ ပြီးလျှင် အရေးပါ ပုဂ္ဂိုလ်အား ကြားညှပ်၍ နောက်ညာဘက်ခြမ်းမှ တယောက်၊ နောက်တွင်နှစ်ယောက် တာဝန်ယူစောင့်ရှောက်ရမည်။ ဓာတ်လှေကားစီးပါက လုံခြုံရေးအဖွဲ့ဝင်တဦးက ဓာတ်လှေကားဖြင့် အရေးပါပုဂ္ဂိုလ်သွားမည့် အထပ် (ပထမထပ်၊ ဒုတိယထပ်----------) ကို အရင်သွားရမည်။ ကျန်သူများက စောင့်ကြည့်ပြီး အခြေအနေကောင်းမှသာ ဓာတ်လှေကားတွင်းသို့ ပြန်ဝင်ရမည်။ ဓာတ်လှေကားအတွင်းတွင် အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင် တယောက်၊ အနီးကပ် ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊ နောက်ညာဘက်ခြမ်းတွင်တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင် တယောက် တာဝန်ယူ စောင့်ရှောက်ရမည်။

လုပ်ကြံရန်ကြိုးစားသူများ၏ ပစ်ကွင်းသို့ ရောက်သွားသည့် အခြေအနေများတွင် ပထမဆုံးသေနတ်သံ ထွက်ပေါ်လာသည်နှင့် အနီးကပ်တာဝန်ယူရသူသည် အရေးပါပုဂ္ဂိုလ်အား တွန်းလှဲချ၍ ကိုယ်ခန္ဓာဖြင့် အကာအကွယ်ပေးထားပြီး ခြေထောက်ဖြင့် တွန်းရွှေ့ကာ တရွေ့ရွေ့ ရွှေ့သွားပြီး ပစ်ကွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းရမည်။ ရှေ့ဆုံးမှ တာဝန်ယူရသည့် လုံခြုံရေးအဖွဲ့ဝင်သည် ကားဆီသို့ အမြန်ပြေးရမည်ဖြစ်ပြီး၊ ကျန်လူများမှာ အရေးပါပုဂ္ဂိုလ်အနီးတွင် မုဆိုးဒူးထောက်ထိုင်၍ အကာအကွယ်ပေးရမည်။

နိဂုံး

လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိရေးသည် နိုင်ငံရေးရာ၊ စီးပွားရေးရာ အရေးပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် အလွန်ပင် အရေးကြီးပါသည်။ အန္တရာယ်ကို သတိမမူ၍ မရပါ။ မည်သည့်နည်းနှင့်မျှ ဆုံးရှုံး၍ မဖြစ်နိုင်သော အစားထိုးမရနိုင်သည့် အရေးပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်အတွက် လုံခြံရေးအသိ၊ လုံခြုံရေး သတိသည် အစဉ်မပြတ် ရှိနေရမည့် အရာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခင်မမမျိုး (၂၆၊ ၇၊ ၂၀၁၁)

Monday, July 25, 2011

အတွေးအခေါ်နှင့် လမ်းစဉ်




အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း -၅)

() Civil Society ဆိုင်ရာ အခက်အခဲများ

political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်သို့ သွားရန် ကြိုးပမ်းမှုတွင် civil society ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ နိုင်ငံတော်မှ ကြိုးကိုင်ခြယ်လှယ်မှု ကင်းရှင်းသည့် အစုအဖွဲ့များ၊ လူထုလှုပ်ရှားမှုများနှင့် ပညာတတ်လူပုဂ္ဂိုလ်များ ပါဝင်သော active civil society ရှင်သန်လာရေးသည် အရေးကြီးလှသော လိုအပ်ချက်တရပ်ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းမှ ဒီမိုကရေစီ စံများကို နားလည်ကျင့်သုံးလာစေရေး၊ ကွဲပြားခြားနားမှုများအကြားမှ ညီညွတ်မှုကို နားလည်လက်ခံလာစေရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ၀င်ရောက်စွက်ဖက် ကြိုးကိုင် ချယ်လှယ်မှုများနှင့် တတ်နိုင်သမျှ ကင်းရှင်းရမည် ဖြစ်လေသည်။ သို့မှသာ နိုင်ငံတော်၏ ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို) များသည် state နှင့် society တို့ အကြားတွင် buffer zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။

political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင် civil society အဖွဲ့ အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့် အခြေအနေရှိမရှိကို အကဲဖြတ်လေ့ရှိသည်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံတကာရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်သည်။ လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security concerns) ကို အကြောင်းပြ၍ civil society ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းထားသည်။ သို့ဖြစ်ရာ အာဏာရှင်တို့၏ political liberalization ကို အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရန် ကြိုးပမ်းလိုသူများသည် အဆိုပါ obstacles များကို မည်သို့ ကျော်လွှားမည်နည်းဟူသော လမ်းစဉ်များကို စဉ်းစားထားကြရန် လိုအပ်သည်။

() နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ

နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား များတွင် နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များလည်း ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုသည် ဒီမိုကရေစီ စနစ်၏ အခြေခံသဘောတရားများနှင့် ကွဲပြားခြားနားပြီး၊ အာဏာရှင်ဆန်သော လူ့အဖွဲ့အစည်းသဏ္ဍာန် ဖြစ်တည်နေပါက ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေးကို အတားအဆီး ဖြစ်စေနိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမှုကို ရှေးနှစ်ပေါင်းများစွာကပင် "patrimonialism" ဆိုသော သဘောတရားက လွှမ်းမိုးထားပါသည်။

"patrimonialism" ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များသည် အလုပ်အတူ တွဲလုပ်ရမည့် နိုင်ငံရေးခေါင်းဆောင်ငယ်များ၊ အုပ်ချုပ်ရေး ၀န်ထမ်းများကို သူတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းအတွင်းမှ မိသားစုဝင်များနှင့် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူဟု ယူဆထားသူ များကိုသာ ရွေးချယ်တာဝန် ပေးအပ်ခြင်း ဖြစ်သည်။ အာဏာရှင် အသိုင်းအ၀ိုင်းတွင်သာမက အတိုက်အခံတို့၏ နိုင်ငံရေး အ၀န်းအ၀ိုင်းတွင်ပါ ယင်းသို့ ပြုလုပ်ကြသည့်အခါ နိုင်ငံရေးခေါင်းဆောင်များ၏ အနီးတွင် ရှိနေသူများသည် လိုအပ်လျှင် ခေါင်းဆောင်များကို ဝေဖန်အကြံပြုချက်များ ပေးနိုင်မည့် အရည်အချင်းရှိ ပုဂ္ဂိုလ်များ မဟုတ်ပဲ ခေါင်းဆောင်များ အလိုကျ ခေါင်းညိမ့်လက်ခံပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လုပ်နေသူများသာ ရှိလာသည်။

နိုင်ငံရေးရာများတွင် အရည်အသွေးက အဓိကမကျပဲ မည်သူ့သားသမီး၊ မည်သူ့ဆွေမျိုးသားချင်း ဆိုသည်က အရေးပါလာသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများကသာ များပြီး၊ ဝေဖန် ပိုင်းခြားဥာဏ်ဖြင့် သတိပေးနိုင်သူများက အနီးတွင် မရှိသည့်အခါ ခေါင်းဆောင်များ၏ ငါတကော ကောကာ လုပ်ဆောင်မှုများ ပေါ်ထွက်လာတတ်သည်။ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များပင်ဖြစ်စေကာမူ ဤသဘောတရား၏ လွှမ်းမိုးမှုများကို ခံရပါက အာဏာရှင်ဆန်ဆန် ပြုမူမှုများ ရှိလာတတ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအခွင့်အလမ်းနှင့် စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။

လူ့အဖွဲ့အစည်းမှာလည်း ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးအရ အခွင့်အလမ်း ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအ၀ိုင်းများအား မှီခိုမှုများကို အားပေးလေ့ရှိသည်။ ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော စစ်တပ်တွင်း၌ အရေးပါသော ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား ထောက်ခံအားပေးကြမည်ဖြစ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ အများအပြား ပါဝင်လေ့ရှိသည်။

အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ နိုင်ငံရေးအာဏာကို ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ အားပေးခြင်း မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏ လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။

() စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ

အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး ပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့် ပတ်သက်သော အခြေအနေများ ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်မားနေပါက အရပ်သားပြည်သူလူထုကို နိုင်ငံရေးပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေး၍ စိတ်ဝင်စားမှု အာရုံပြောင်းပေးရသည်။ ယင်းသို့ မဟုတ်လျှင် စီးပွားရေး ဆုပ်ယုတ်မှု အခြေအနေပေါ်မူတည်၍ အာဏာရှင်ဆန့်ကျင်ရေး စနစ် လှုပ်ရှားမှုများ ပေါ်ထွက်လာနိုင်သည်။

အချို့က ဆိုတတ်ကြသည်။ အာဏာရှင်များက ရွေးကောက်ပွဲ မလုပ်ပေးပဲ အာဏာဆက်သိမ်းလျှင်လဲ ရပါလျက် ရွေးကောက်ပွဲပြုလုပ်ပေးသည်မှာ အာဏာရှင်ဘက်က သဘောထား ပျော့ပျောင်းလာခြင်းဖြစ်သည် ဟု ဆိုတတ်ကြသည်။ အာဏာရှင်တို့ဘက်မှ စတင်သည့် political liberalization ဖြစ်ရပ်အချို့အတွက် ဤအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ဖြစ်ရပ်တိုင်း တွင်ကား မဟုတ်ချေ။ ခွေးတကောင်ကို အပြင်သို့ ခေါ်၍ လမ်းလျှောက်ထွက်ပါက လက်ထဲတွင် အတင်းဆုပ်ပြီး ကိုင်ထား၍ မရ။ မထင်မှတ်ချိန်တွင် လွတ်ထွက်သွားနိုင်သည်။ လမ်းလျှောက်ခွင့်၊ ပြေးခွင့် အနည်းငယ်ကိုတော့ ပေးရသည်။ ကိုင်ထားသော ကြိုးကို လိုသလို အဆွဲအဆန့် လုပ်နိုင်ဖို့သာ လိုသည်။ political liberalization ဆိုသည်မှာလည်း ဤနည်းနှယ်နှယ်ပင်။ လွတ်ထွက်သွားမည်စိုး၍ ကြိုးတန်းလန်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။

၁၉၇၃ ခုနှစ်က အီဂျစ်နိုင်ငံတွင် Sadet က တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ တံခါးဖွင့် စီးပွားရေး မူဝါဒ ကျင့်သုံးချိန်တွင် ပြုလုပ်ရန် လိုအပ်သည့် အခြားသော macro-economic arrangements များကို မပြုလုပ်သောကြောင့် လက်တဆုပ်စာ လုပ်ငန်းရှင် တစုသာ ပေါ်ထွက်လာပြီး၊ တိုင်းပြည်တွင် ဆင်းရဲချမ်းသာ ကွာဟနှုန်းက မတရား ထိုးတက်သွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများက တရဟော ထိုးတက်သွားပြန်ရာ နိုင်ငံနှင့် အ၀ှမ်း ဆန္ဒပြပွဲများ ပေါ်လာတော့သည်။ အဆိုပါ အခြေအနေများ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိစေရန် အီဂျစ်အစိုးရက အတိုက်အခံပါတီများကို ပါတီထောင်ခွင့် ပေးလိုက်သည်။ လူအများကို လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့် အနည်းငယ် ပေးလိုက်သည်။

စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့ စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ အာဏာရှင်အစိုးရများ ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက် အပါအ၀င်ပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political liberalization အတွေးအခေါ် လွှမ်းမိုးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ ရပ်တန့်နေခဲ့သည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ဆိုစေ political liberalization အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို အသွင်သဏ္ဍာန်တမျိုးဖြင့် ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေးအတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။ စီးပွားရေး အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့် မျက်လှည့် ဆရာ တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။

သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် လုံးဝ ဆက်စပ်ခြင်း မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင် economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်သည်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်။ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရမည်။

အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသော ဧရိယာ သုံးမျိုးဖြစ်သော liberalization of internal markets, liberalization of external markets, privatization and restructuring စသည်တို့တွင် သင့်လျော်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ နှစ်မျိုးဖြစ်သည့် shock therapy နှင့် gradual reform strategy တို့အနက် အချိန်ကာလနှင့် ကိုင်ညီသည့် မဟာဗျူဟာကို ရွေးချယ်နိုင်မှုကလည်း အရေးကြီးလေသည်။

စီးပွားရေးအခြေအနေဆိုးရွားမှုကြောင့် political liberalization စတင်လာခြင်း ဖြစ်သော်လည်း၊ တက်လာသည့် အစိုးရသစ်မှ အခြေအနေနှင့် ကိုက်ညီမည့် စီးပွားရေးမူဝါဒများကို မှန်မှန်ကန်ကန် အသုံးချနိုင်လျှင် liberalization နှင့် economic growth တို့အကြားတွင် positive relationship ဖြစ်လာနိုင်သည်ဖြစ်ရာ economic reform များ၏ adverse effects များကို ထိန်းချုပ်ရန် နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် economic growth တို့အကြားမှ ဆက်စပ်မှုမှာ positive တခုတည်း မဟုတ်ကြောင်းကိုလည်း သတိပြုကြရန် လိုအပ်သည်။ political liberalization နှင့် economic liberalization တို့ တပြိုင်တည်း ဖြစ်မလာပါက negative marginal effects များ ပေါ်ထွက်လာတတ်ပါသည်။

အရေးကြီးဆုံးအချက်မှာ ဒီမိုကရေစီသည် နိုင်ငံရေး မသေချာမှုနှင့် ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရများသည် ရွေးကောက်ပွဲများဖြင့် မူဝါဒ ချမှတ်နိုင်ရေးကို ကြိုးပမ်းကြရသည်ဖြစ်ရာ စီးပွားရေး မူဝါဒ သက်တမ်းများသည် ရွေးကောက်ပွဲသက်တမ်းဖြင့် အချိန်မတူညီပဲ economic reform ၏ ရေတို adverse effects များ နောက်တကြိမ် ရွေးကောက်ပွဲမတိုင်မီ ပေါ်ထွက်လာပြီး၊ ရွေးကောက်ပွဲသစ်တွင် နိုင်ငံရေးအရ backlash ဖြစ်မည်ကို အာဏာရပါတီများက စိုးရိမ်လေ့ရှိကြပါသည်။ သို့ဖြစ်ရာ ရေတိုတွင် နှောင့်နှေးသော်လည်း ရေရှည် အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ ကြည့်တတ်ကြလေရာ ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင် ရေရှည်စီးပွားရေး တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။

အထက်ပါ အချက်များအပြင် political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထ၀ီဝင် နိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ ရှိပါသေးသည်။ Political liberalization ဆိုင်ရာ ကျမ်းတစောင် မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ Political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်ချီရန် ရည်ရွယ်သူများအနေဖြင့် အဆိုပါ အခြေအနေများကို နားလည်သိရှိထားကြရန် လိုအပ်ပေလိမ့်မည်။


အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၆)

နိဂုံး

နိဂုံးချုပ်ဆိုရသော် ယနေ့ လက်ရှိ ကာလသည် အတွေးအခေါ်များ အလွန် ရှုပ်ထွေးနေသည့် ကာလတခု ဟု ဆိုရပေမည်။ အာဏာရှင်များဘက်မှ political liberalization ကို အကောင်အထည် စတင်ဖော်လိုက်သည်ဖြစ်ရာ အဆိုပါ political liberalization ကို လက်ခံမည်လား၊ လက်မခံဘူးလား၊ အဆိုပါ အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ရနိုင်သည်လား၊ မရနိုင်ဘူးလား၊ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော အာဏာရှင်စနစ်ဖြိုချရေး အတွေးအခေါ်ကို ဆုပ်ကိုင်ထားမည်လား၊ မဆုပ်ကိုင်ထား ဘူးလား၊ ဆုပ်ကိုင်ထားလျှင်ကော အောင်မြင်မည်လား၊ မအောင်မြင်ဖူးလား စသည်တို့ကို တွေးတော ငြင်းခုန်နေကြရုံသာမက အတွေးအခေါ် နှစ်ခုကို ရောသမမွှေထားသည့် အတွေးအခေါ်သစ်များပင် ထွန်းကားလာသည့် ကာလတခုဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးကို လွှမ်းမိုးထားသည့် အတွေးအခေါ်များနှင့် အုပ်စုများကို ခွဲခြားလိုက်ပါက အုပ်စုကြီး ခြောက်ခု ထွက်ပေါ်လာပါသည်။

() Initial Transition အတွေးအခေါ်ကို လက်ခံ၍၊ အဆိုပါ အတွေးအခေါ်က ဦးဆောင်သည့် လမ်းစဉ်များဖြစ်သော လူထုလှုပ်ရှားမှုများ၊ လူထုတိုက်ပွဲများကို ဖော်ဆောင်ကာ ရေတိုပန်းတိုင်အနေဖြင့် ကြားဖြတ်အစိုးရ (၀ါ) ပြည်သူ့အစိုးရ အသွင်သဏ္ဍာန် တမျိုးမျိုး ပေါ်ထွက်ရမည်ဟု စဉ်းစားသူများ

() Political Liberalization အတွေးအခေါ်ကို လက်ခံ၍၊ အာဏာရှင်တို့ဘက်မှ ဖွင့်ပေးလိုက်သော political space များကို အသုံးချကာ နိုင်ငံရေးစည်းဝိုင်းအတွင်းသို့ ၀င်ရောက်ပြီး၊ တစတစ ပြောင်းလဲတိုးတက်မှုများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဟု စဉ်းစားသူများ

() Political Liberalization မှ democratic consolidation ဖြစ်အောင် ပြောင်းလဲတည်ဆောက်ရာတွင်ဖြစ်စေ၊ initial transition မှ democratic consolidation ဖြစ်အောင် တည်ဆောက်ရာတွင်ဖြစ်စေ၊ civil society မှာ အဓိကကျသဖြင့် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပဲ civil society အားကောင်းလာစေရန် ကြိုးပမ်းမည်ဟု စဉ်းစားသူများ

() ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုသည့် သဘောပိုက်ကာ ဖြစ်လာသည့် အခြေအနေတွင် အာဏာ၊ ရာထူး၊ နေရာ၊ အမည်ကောင်း၊ ကိုယ်ကျိုးစီးပွား စသည့် အကျိုးအမြတ်များအား မည်သို့ ရှာမည်နည်း ဆိုသည်ကို စဉ်းစားသူများ

() Initial transition အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်းမရှိ၊ political liberalization အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်း မရှိသော ရောသမမွှေများ

() political liberalization အတွေးအခေါ်ကို အသုံးပြု၍ အာဏာကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန် ကြိုးပမ်းနေသော အာဏာရှင်များနှင့် အပေါင်းအပါများ

အဆိုပါ အုပ်စုခြောက်မျိုးတွင် နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာအတွက် အာဏာရှင်နှင့် အပေါင်းအပါများ နည်းတူ ကြောက်မက်ဖွယ်ကောင်းသော အုပ်စုမှာ ရောသမမွှေများ ဖြစ်ပါသည်။ political liberalization အတွေးအခေါ်ကို လက်ခံပြီး၊ political space ကို အသုံးပြုလိုသူများမှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်လေမည်လားဟု စမ်းလိုသော စေတနာပါသဖြင့် ရောသမမွှေများလောက် ကြောက်ဖို့မကောင်းလှပါ။ အာဏာရူးအခွင့်အရေးသမားများမှာလဲ ၄င်းတို့ ရူးကြောင်းကို လူထုက သိနေပြီး ဖြစ်သဖြင့် နိုင်ငံတော်ကံကြမ္မာအတွက် အန္တရာယ် မရှိလှပါ။

ရောသမမွှေများမှာကား Initial transition အတွေးအခေါ်ကို ဆုပ်ကိုင်ထားသူများဟု လူအများက မြင်ထားလေ့ရှိသော်လည်း ထိုသူများသည် initial transition ၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို လက်ခံခြင်းမရှိကြ။ လူထုလှုပ်ရှားမှု လမ်းစဉ်များ၊ တော်လှန်ရေး လမ်းစဉ်များကိုလဲ လက်ခံယုံကြည် ဖော်ဆောင်ခြင်း မရှိကြ။ political liberalization အတွေးအခေါ်အရ ပေါ်ထွက်လာသော political space တွင်လည်း ပါဝင်ခြင်း မရှိကြ။ သို့ရာတွင် political liberalization အရ ချဲ့ထွင်လာသော public space အခွင့်အရေးကို ယူရန် ကြိုးပမ်းကြသည်။ ယင်းသို့ ကြိုးပမ်း၍ တော်လှန်ရေးပေါ်ပေါက်လာစေပြီး initial transition အတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို ဆက်လက်ကြိုးပမ်းမည်လားဆိုတော့လဲ မဟုတ်ပြန်။ civil society အားကောင်းလာရေးကိုပဲ ဦးစားပေး လုပ်တော့မည် ဖြစ်လာပြန်သည်။

ယင်းသို့ဆိုလျှင် မည်သို့သော Civil Society ကို တည်ဆောက်ရမည်လဲဆိုသည်က မေးစရာရှိလာသည်။ အင်အားစုတိုင်း အင်အားဖြစ်သည် မဟုတ်ပါ။ တိုက်ခိုက်ရေးအင်အားနှင့် ထူထောင်ရေး အင်အားအတွက် တည်ဆောက်မှုသဏ္ဍာန်၊ ပြင်ဆင်မှု သဏ္ဍာန် မတူညီနိုင်ပါ။ evolution အတွေးအခေါ်အရ ပေါ်ထွက်လာသော အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု (collaboration) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအကြားတွင် စေ့စပ်ညှိနှိုင်းပေးမှု (Mediation) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် ပတ်သက်ခြင်း မရှိသော autonomous model ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ သို့တည်းမဟုတ် နောင်ချိန်ခါ revolution တရပ်အတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု (confrontational model) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား ဆိုသည်ကို ကွဲပြားစွာ သိဖို့ လိုအပ်လာပါသည်။

သို့မဟုတ်လျှင် အတွေးအခေါ်ရှုပ်ထွေးမှုများဖြစ်၍ အင်အားစုသော်လည်း အင်အား မဖြစ်ထွန်းပဲ ဖြစ်သွားတတ်သည်။ အခြေအနေအရ လိုသလို ပြောင်းယူလို့ရသည့် အင်အားဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ဖောင်တိန်ကိုင်သူများကို ချက်ချင်း သေနတ်ကိုင်ခိုင်းလို့ မရ။ သေနတ်ကိုင်နေသူများကို ချက်ချင်း ဖောင်တိန်ကိုင်ခိုင်းလို့မရ။ တူကိုင်နေသူများကို ချက်ချင်းဓားကိုင်ခိုင်းလို့မရ။ ဓားရေး ကျွမ်းနေသူများကို ချက်ချင်း တူကိုင်ခိုင်းလို့မရ။ ပြန်လည်ပြင်ဆင်လေ့ကျင့်ယူရပြန်သည်။ လေ့ကျင့်နေဆဲမှာပဲ အင်အားက ပြန်ကွဲထွက်သွားပြီး၊ အခြေအနေနှင့် သဟဇာတ မတည့်ပဲ ပြန်ဖြစ်သွားတတ်ပြန်သည်။

အလုပ်နှင့် အတွေးအခေါ်များကို ရောသမမွှေလိုက်လျှင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါသည်။ ပမာဆိုရလျှင် မြစ်ကမ်းတဘက်ဆီတွင် လမ်းလျှောက်ရင်း၊ ရှေ့ဆက်မသွားပဲ ဟိုဘက်ကမ်းသို့ လှေနှင့် ကူးလိုက်၊ ဒီဘက်ကမ်းသို့ လှေနှင့် ကူးလိုက် လုပ်နေသည်နှင့် တူလှသည်။ လှေရှိသူများက ကူးချည်သန်းချည် လုပ်ရန် မခက်ခဲသော်လည်း နောက်က တကောက်ကောက် လိုက်သူများမှာကား ရေထဲ ကျလိုကျ၊ မောပြီး ကမ်းပါးမှာ ငုတ်တုပ်ထိုင်သူက ထိုင်နှင့် ဘာလုပ်ရမည်မှန်းလဲ မသိ၊ ခရီးမတွင်ပဲ ဖြစ်ကြရတော့သည်။ ပိုဆိုးသည်က revolution နှင့် evolution အတွေးအခေါ် နှစ်ရပ်လုံးကို ရောသမမွှေထားလိုက်လျှင် Initial Transition အတွေးအခေါ်က ဦးဆောင်သည့် လမ်းများမှာလဲ ဖြောင့်ဖြောင့်တန်းတန်းမရှိ၊ political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ကန့်လန့်ကန့်လန့်သဏ္ဍာန် ဖြစ်လာတတ်ပါသည်။

အိမ်ကို ဖြိုချပြီး ပြန်ဆောက်ရမည်လား၊ ဖြိုမချပဲ ဆေးသုတ်ပြင်ဆင်မှု လုပ်ရမည်လား ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ကြရာတွင် တခုတည်းကိုပဲ ရွေးချယ်ရမည် ဖြစ်ပါသည်။ ဖြိုချပြီး ပြန်ဆောက်ရမည် ဆိုလျှင် ဆေးသုတ်ပြင်ဆင်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များ ဖြစ်သကဲ့သို့၊ ဆေးသုတ်ပြင်ဆင်မည်ဆိုလျှင်လဲ ဖြိုချရန် အားထုတ်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များသာ ဖြစ်သည်။ ဆောက်လုပ်ရေးပရောဂျက်တခုတွင် ခေါင်းဆောင် တယောက်က ဖြိုချရမည် ပြောလိုက်၊ နောက်ခေါင်းဆောင်တယောက်က ပြင်ဆင်ရမည် ပြောလိုက် လုပ်နေကြလျှင် နောက်မှ အလုပ်သမားများက ဘယ်လို ကိရိယာတန်ဆာပလာကို ကောက်ကိုင်ကြရမည်နည်း။

အဆိုပါ အတွေးအခေါ် ရှုပ်ထွေးမှု အခြေအနေများသည် နိုင်ငံတော်အနာဂတ် ကံကြမ္မာအတွက် အန္တရာယ်ကြီးပါသည်။ မည်သည့် အတွေးအခေါ်ကို ကျင့်သုံးသင့်သည် ဆိုသည်မှာ လူတယောက်၊ အဖွဲ့အစည်းတခု၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါသည်။ လူ့သဘာဝအရ အမြင်မတူလျှင် အပြန်အလှန် စွပ်စွဲမှုကတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ initial transitionအတွေးအခေါ် ရှုထောင့်မှ ကြည့်လျှင် political liberalization အတွေးအခေါ်ကို ကိုင်စွဲကာ political space တွင်းသို့ ၀င်သွားသူများသည် အရှုံးပေး၊ အညံ့ခံသူများ ဖြစ်ပြီး၊ political liberalization အတွေးအခေါ်မှ ကြည့်လျှင် initial transition ကို လက်ခံသူများသည် compromise မလုပ်လိုသော နိုင်ငံရေးအစွန်းရောက်များ ဖြစ်ပါသည်။ ယင်းသို့ အပြန်အလှန်ရှုမြင်ပြီး၊ အပြန်အလှန် စွပ်စွဲပိုင်ခွင့် ရှိသော်ငြား ထိုသို့ စွပ်စွဲရင်းဖြင့် အချိန်မကုန်ကြစေလိုပါ။ initial transition လက်ခံသူများကလဲ ပါးစပ်ဖြင့် အာနေခြင်းများကို လျှော့ချ၍ ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုး ပေါ်လာရေးကို ကြိုးပမ်းသင့်ကြပါသည်။ political liberalization လက်ခံသူများကလဲ ချဲ့ထားသည့် political space လေးတွင်းသို့ ဘယ်လိုနည်းဖြင့် ၀င်ရ၀င်ရ၊ ရအောင်ဝင်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို အပြောမဟုတ်ပဲ လက်တွေ့ချီတက်နိုင်အောင် ကြိုးပမ်းသင့်ကြပေသည်။

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်သော မြန်မာလူမျိုးတို့၏ အစဉ်အလာဆိုးကြီးကို အလုပ်ဖြင့် သက်သေပြ၍ ဖျောက်ဖျက်ကြဖို့ အချိန်တန်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်သို့ initial transition က ဆောင်ကျဉ်းပေးနိုင်မည်လား၊ political liberalization က ဆောင်ကျဉ်းပေးနိုင်မည်လား ဆိုသည်မှာကား မူအရဆိုလျှင် အဖြေထွက်သော်လည်း လူအရဆိုလျှင် အဖြေမရှိပါ။ မည်သူမျှ တပ်အပ်သေချာ ပြောနိုင်မည်လည်း မဟုတ်သဖြင့် ငြင်းခုန်ရင်း အချိန်မဖြုန်းသင့်ကြတော့ပါ။ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲများကို ဖယ်ရှား၍ အတွေးအခေါ် တခုကို ရွေးကြရမည့် အချိန်ဖြစ်ပါသည်။

ယင်းသို့ ရွေးချယ်ရာတွင် အခြေအနေနှင့် လားရာကို သဘောပေါက်ပြီးမှ၊ ပန်းတိုင်ကို သိပြီးမှသာ ရွေးချယ်မှုများ ပြုလုပ်သင့်ပါသည်။ ရွေးချယ်ပြီးလျှင်လည်း ရှင်းလင်းသည့် အတွေးအခေါ်က ဦးဆောင်သော ပြတ်သားသည့် လမ်းစဉ်များကို ချမှတ်ရပါမည်။ လမ်းကြောင်းများကို လျှောက်လှမ်းရပါမည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များေ၀၀ါးနေတတ်သဖြင့် ပန်းတိုင်နှင့်လဲ အစဉ်အမြဲ ဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခင်မမမျိုး (၂၇၊ ၁၀၊ ၂၀၁၀)

(စာကြွင်း ()- ဤစာကို ရေးသားရာတွင် ကော်ဖီနှင့် လက်ဖရည် ဘယ်အရာက ပိုကောင်းသလဲ ဆိုသော မေးခွန်းသဏ္ဍာန်ကို ဖြေရာ၌ ကော်ဖီ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် လက်ဖရည်၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ယှဉ်တွဲဖြေဆိုသော ရှုထောင့် မှ ရေးသားထားသည်။ ကော်ဖီနှင့် လက်ဖရည် ဘယ်အရာကို ပိုကြိုက်သလဲ ဆိုသော ပုဂ္ဂိုလ်ရေး မေးခွန်းသဏ္ဍာန်ကို စာဖတ်သူတဦးဦးမှ မေးလာပါလျှင်ကား initial transition နှင့် political liberalization အတွေးအခေါ် နှစ်ရပ်တွင် စာရေးသူ ယနေ့အချိန်အထိ လက်ခံကျင့်သုံးနေသော အတွေးအခေါ်မှာ initial transition အတွေးအခေါ် ဖြစ်ပြီး၊ လမ်းစဉ်မှာ လူထုတိုက်ပွဲလမ်းစဉ်ဖြစ်သည်။ ရေတိုပန်းတိုင်မှာ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုတိုက်ပွဲတွင် ပြည်သူများနှင့် ပူးပေါင်းလာသော မျိုးချစ် တပ်မှူးများနှင့် အတိုက်အခံများ ပူးတွဲဖွဲ့စည်းသော ကြားဖြတ်အစိုးရဖြစ်ပါသည်။

စာကြွင်း ()- မူရင်းဆောင်းပါး၏ နိဂုံးအား စာနှစ်ပိုဒ် ထပ်မံ ဖြည့်စွက်ထားပြီး (၂၅၊ ၇၊ ၂၀၁၁) တွင် ပြန်လည်ဖြန့်ဝေပါသည်)



ရည်ညွှန်းကိုးကား
ABDELNASSER, Gamal. (2004): “Egypt: Succession Politics,” Volker Perthes (ed.), Arab Elites: Negotiating the Politics of Change, (ed.), Boulder: Lynne Rienner Publishers.

Alesina, Alberto, and Allan Drazen (1991), “Why Are Stabilizations Delayed?” American Economic Review 81 (5), 1170-1188.

Anderson, Lisa. (1999). Transitions to Democracy. New York: Columbia University Press.

Avant, Deborah. (1994) Political Institutions and Military Change: Lessons from Peripheral Wars. Ithaca, NY: Cornell University Press

Brownlee, Jason. (2007). Authoritarianism in an Age of Democratization. New York, NY:
Cambridge University Press.

Barro, Robert J. (1996), “Democracy and Growth,” Journal of Economic Growth 1 (1), 1-27.

Campos, Nauro (1999), Back to the Future: The Growth Prospects of Transition Economies
Reconsidered, William Davidson Institute Working Paper No. 229, Ann Arbor, MI.

Denizer, Cevdet (1997), Stabilization, Adjustment and Growth Prospects in Transition Economies, Policy Research Working Paper No. 1855, The World Bank, Washington, DC.

CHASE, Robert S.; HILL, Emily B. ve KENNEDY, Paul (1996): “Pivotal States and U.S. Strategy,” Foreign Affairs, 75: 33-51.

Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics. New York, NY: Penguin Books.

Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America. Baltimore: Johns Hopkins University Press.

GALA, Amin A. (1995): Egypt's Economic Predicament: A Study in the Interaction of External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J. Brill.

Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.

Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa. Princeton: Princeton University Press.

KRAMER, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New York, I.B. Tauris.

LINZ, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore, The Johns Hopkins University Press.

Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and Political Legitimacy,” American Political Science Review 53, 69-105.

Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the Third World. London: Lynne Rienner Publishers

Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New York: Routledge

Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic Growth,” Journal of Economic Perspectives 7 (3), 51-69.

Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in Transition,” Journal of the Japanese and International Economies 9 (4), 403-425.

Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),
385-410.

Wolff, Holger C. (1999), Transition Strategies: Choices and Outcomes, Princeton Studies in International Finance No. 85 (June), Department of Economics, Princeton University, Princeton, NJ.