Tuesday, December 5, 2017

ဘုရားသုံးဆူ နေ့ရက်များ

ဘုရားသုံးဆူ နေ့ရက်များ (၁၁)
============
ဘုရားသုံးဆူ ၁၀၂ စခန်းမှာ တောင်ယာခုတ်ပြီး ကျောက်ဖရုံသီး အကြီးအကျယ် စိုက်ကြတယ်။ ဦးဆောင်သူတွေကတော့ တပ်ရင်း ၁၀၂ က ခေါင်းဆောင် ကိုတိုးကြီးနဲ့ ကိုရဲမွန်၊ ကျန်သူတို့ရဲဘော်တွေပဲ။ ကိုတိုးကြီးက ဂျီတီအိုင် ကျောင်းသား ဟောင်း၊ စိတ်ရင်းကောင်းတယ်။ လူချစ်လူခင်လည်း ပေါတယ်။ ဒါပေမယ့် ပြဿနာက စကားမပီတာ၊ 'တ' နဲ့ 'သ' နဲ့ မကွဲ ဘူး။ ဒါကြောင့် ကျနော်တို့က သူ့ကို စနောက်ကြတယ်။ "ကဲ… တိုတိုတိပ်တိပ်နဲ့ တေတေတပ်တပ် သွားကြမယ်။" တို့၊ "ဝက်သားကွာ အတစ်တစ်လေးတွေတုံးပြီး ချက်ထားတာ၊ တိုးလို့ တံမံတလင်းပေါ် တွန်လိုက်ရတယ်" ဆိုတာမျိုးပေါ့။ ကိုရဲမွန်ကလည်း အသက်ကြီးတဲ့ ဂျီတီအိုင်ဆင်း ကျောင်းသားတယောက်ပဲ။ သူတို့က တပ်ရင်း (၁၀၂) မှာ တထောင့် တနေရာ ဦးဆောင်မှု ယူထားကြတယ်။
တရက်မှာ ကိုတိုးကြီးက ကြွားလာတယ်။ သူတို့ တောင်ယာစိုက်ထားတဲ့အကြောင်း။
ဘုရားသုံးဆူဒေသမှာက ကျောက်ဖရုံသီးက တလုံးကို ၅ ဘတ်ဈေးရတယ်။ ကျောက်ဖရုံသီးက ရေရှည်အထားအသို ခံပြီး၊ မပုတ်မသိုးတတ်တဲ့အတွက်ကြောင့် အိမ်တွေအတော်များများကလည်း ရေရှည်ရိက္ခာအတွက် ဝယ်ယူစုဆောင်းကြတယ်။ တကယ်တော့ ကျောက်ဖရုံသီးကို မြို့ဈေးက လာဝယ်တာ နည်းနည်းပါးပါးပဲရှိတယ်။ ဒေသဈေးကွက် စားသုံးမှုအတွက် လောက်သာ ဝယ်ယူနေကြတာ။ သူတို့က တပ်ရင်း ၁၀၂ နောက်ကျော တောင်ကုန်းကို တောင်ယာခုတ်လိုက်တယ်။ အဲဒီ တောင်ယာမှာ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးတွေ စိုက်ထားတယ်။ သူတို့က တွက်ရေးတော့ စက်သူဌေး။
"အောင်သူ ရ.. ဒီလိုကွ၊ ကျောက်ဖရုံသီးက တပင်ကို ၁၀ လုံးထွက်မယ်။ ငါတို့က အပင် ၁၀၀၀၀ ကျော် စိုက်ထားတာ။ အဲသည်တော့ ကျောက်ဖရုံသီး အလုံး ၁၀၀,၀၀၀ (တသိန်းရမယ်)။ ကျောက်ဖရုံသီးတလုံးကို ၅ ဘတ်ဆိုရင်ကွာ ဝင်ငွေက ၅ သိန်းရမယ်။ လျော့လျော့ပေါ့ပေါ့ ၄ သိန်းတွက်ကွာ။ ဒီအချိန်မှာ အေကေသေနတ်တလက်က ၅,၀၀၀ ဘတ်ပဲ ရှိတယ်။ ဒါဆိုရင် သေနတ်ဝယ်ရင် အလက် ၈၀ ရမယ်။ ကျည်တွေဘာတွေတော့ ထပ်ဝယ်ဖို့ လိုသေးတာပေါ့။" သူတို့တွက်ကိန်းနဲ့ သူတို့ အလုပ်ဖြစ်နေကြတယ်။ အဲဒီကာလမှာ နယ်စပ်မှာ လက်နက်မှောင်ခိုတွေက ရှာရသိပ်မခက်လှဘူး။ အေကေ သေနတ်တလက် ၅,၀၀၀ ဆိုတာလည်း လူတိုင်းသိတဲ့ ဈေးလိုဖြစ်နေတယ်။ ကမ်ဘောဒီးယား ပြည်တွင်းစစ်ပြီးလို့ အဲဒီ ဖက်ကနေ ပိုလျှံလာတဲ့ လက်နက်တွေက ထိုင်းနယ်စပ်ဖက်ကို မှောင်ခိုလမ်းကြောင်းနဲ့ ရောက်လာကြတယ်။ တကယ် တော့ ကျောက်ဖရုံသီးဆိုတာ လူတိုင်းလိုချင်နေတဲ့ ရှားပါးပစ္စည်းမှ မဟုတ်ဘဲ။ ကိုတိုးကြီးတို့ တွက်ထားသလို အလုပ်မဖြစ် ကြောင်း ပြလာတယ်။ အစောပိုင်းမှာ ကျောက်ဖရုံသီး ဝယ်လက်ရှိတယ်။ ခဏနေတော့ ရွာအတွက်က နေ့ဖို့ညစာ ရှေ့ရေး အတွက် ကျောက်ဖရုံသီးက ဖူလုံသွားခဲ့ပြီ။ အဲဒီအခါမှာ ဘုရားသုံးဆူဈေးက မဖြူ -မနီတို့ဆိုင်မှာ ကျောက်ဖရုံသီးနဲ့ ကော်ဖီ ဘာတာစနစ်နဲ့ ဖလှယ်သောက်ကြရတယ်။ ကျောက်ဖရုံသီး တလုံး ၅ ဘတ်- ကော်ဖီတခွက် ၅- ဘတ်။ တပ်ရင်း ၁၀၂ က ရဲဘော်တွေက ကျောက်ဖရုံသီးတလုံးသယ်သွား၊ ၅ မိုင်လောက် ခရီးကိုလမ်းလျှောက်၊ ပြီးတော့ မဖြူ-မနီကို ပိုးပန်းရင်း လက်ဖက်ရည်-ကော်ဖီတခွက်ကို ကျောက်ဖရုံသီးတလုံးနဲ့ လဲလှယ်သောက်။ ပြီးတော့ ပြန်လာ။
ဒီလိုနဲ့ ဟိုဆိုင်မှာလည်း ကျောက်ဖရုံသီးတွေ ပုံလာပြီ။ ကျောက်ဖရုံသီး ၂-လုံး ၅ ဘတ်ဖြစ်လာတယ်။ အရင်က တလုံး ကော်ဖီတခွက်ဆိုရင်၊ နောက်တော့ ကျောက်ဖရုံသီး ၂-လုံးပေးမှ ကော်ဖီတခွက်ရတော့တယ်။ စခန်းဂိုဒေါင်ထဲလည်း ကျောက်ဖရုံသီးတွေပုံလို့။ ဒါနဲ့ ဘုရားသုံးဆူဒေသကို ရန်သူ့စစ်ကြောင်းက ထိုးစစ်ဆင်လာတော့မယ်ဆိုတော့ ကိုတိုးကြီး တို့က "တို့ ကျောက်ဖရုံသီးတွေကို လိုချင်လို့ လာလုတဲ့စစ်ပွဲပဲ။ 'ကျောက်ဖရုံသီးစစ်ပွဲ' လို့ သမုတ်ကြတယ်။
စစ်ပူလာတော့မယ်ဆိုတော့ တပ်ရင်း ၁၀၂ စခန်းအနား ကျောက်တောင်မှာ အခြေချတဲ့ အမေရိကန် ဘုန်းကြီးကလည်း နှုတ်ဆက်တယ်။ "ဒီနေရာမှာ မငြိမ်းချမ်းတော့ဘူး၊ သူထွက်သွားရတော့မယ်" လို့ ပြောတယ်။ တပ်ရင်း ၁၀၂ စခန်းချရာ အနီး ကျောက်တောင်ဂူထဲမှာ အမေရိကန်ဘုန်းကြီးတပါး သီတင်းသုံး စခန်းချနေခဲ့တယ်။ သူ့အကြောင်း သေသေချာချာ မသိရသလို၊ ကျနော်တို့ကလည်း စပ်စုပြီး မမေးဖြစ်ခဲ့ကြဘူး။ သတင်းကြားဖူးတာတော့ တခါက သူက လေယာဉ်မှူးဖြစ်ခဲ့ ဖူးတယ်လို့လည်း ဆိုတယ်။ လေယာဉ်ပျံဆင်းဖို့ တခါ ခက်ခဲနေချိန်မှာ လေယာဉ်ပျံတောင်ပံပေါ်မှာ မြန်မာပြည်က ရဟန္တာ ဘုန်းကြီးတပါးကို တွေ့ရတယ်။ နောက်တော့ လေယာဉ်ရှောရှောရှုရှု ဆင်းသက်သွားနိုင်တယ်ဆိုတဲ့ ပုံပြင်တပုဒ်ကြားရဖူး တယ်။ ဒီဘုန်းကြီးဟာ အဲဒီပုံပြင်ဇာတ်လမ်းထဲက လေယာဉ်မှူးလို့လည်း ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီအမေရိကန် ဘုန်းကြီးက ဝိနည်းစောင့်လွန်းတယ်။ မနက်ဆွမ်းခံရင် ဖိနပ်မစီးဘူး။ မျက်လွှာကိုချထားတယ်။ သတ်မှတ်ထားတဲ့ ခြေလှမ်းက လွဲလို့ ရှေ့ကိုမကြည့်ဘူး။ ဆွမ်းခံတဲ့အချိန်အခါမှာလည်း သတ်မှတ်အရေအတွက်ရှိတဲ့ အိမ်ကိုပဲ ဆွမ်းခံတယ်၊ ရရင်ဖုန်းပေးတယ်။ မရခဲ့ရင်လည်း မရတဲ့အတိုင်း အငတ် ဥပုသ်စောင့်တယ်။ ကျနော်တို့စခန်းက ရဲဘော်တွေလည်း တခါ တလေ ဆွမ်း၊ စားဖွယ်သွားကပ်လှူဖူးတာ ရှိတယ်။ ကျနော်ကတော့ သူတခါငှက်ဖျား ဖျားနေလို့ ဆေးသွားချိတ်ပေးဖူး တယ်။ အခုတော့ ဒီဒေသဟာ မငြိမ်းချမ်းတော့ဘူး ဆိုပြီး ထွက်သွားတော့တယ်။
ဒီအချိန်မှာ ကျနော်တို့စခန်း ရဲဘော်တွေအတွက် စစ်ကြောင်းတက်လာရင်တောင် ခုခံဖို့ သေနတ်မရှိဘူး။ ဒီလိုနဲ့ ဘန်ကောက်တက်ပြီး ကျနော်တို့ ကျောင်းသားအဖွဲ့တွေကို အကူအညီပေးနေကြ အဖွဲ့အစည်း၊ မိသားစုတွေဆီကို အလှူခံ ကြရတယ်။ ပြောရရင် ဘန်ကောက်မှာ အဖွဲ့အစည်းအချို့က ကျောင်းသားအဖွဲ့အစည်းတွေကို ကူညီရေးနဲ့ ထောက်ပံ့ရေး လုပ်ဆောင်နေကြတယ်။ တခုကတော့ ကုလသမဂ္ဂ ဌာနတခုက အရာရှိ ဒေါက်တာတင်မြင့်ဦး ဦးဆောင်တဲ့ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့ (Emergency Relief Fund-- ERF) အဖွဲ့ပဲ။ သူတို့မိသားစု နေထိုင်ရာ တိုင်ပင်းတာဝါ (Taipen Tower) အဆောက်အဦကို စွဲလို့၊ "အိမ်ကြီး" လို့လည်း ခေါ်ကြတယ်။ နောက်တဖွဲ့ကတော့ ဦးမောင်မောင်ဆွေ၊ ဒေါက်တာ ခင်မောင်ကြွယ်၊ ဒေါ်ပြုံးနဲ့ ဦးစိုင်းထွန်းတို့ ဦးဆောင်တဲ့ (United States of Burma--USB) အဖွဲ့ပဲ။ သံရုံးတခု မှာ အလုပ်လုပ်နေတဲ့ ဦးစိုးပိုင်တို့ မိသားစုကလည်း ကူညီကြတယ်။ ဦးအောင်နု ဦးဆောင်တဲ့ (ဒညတ) အဖွဲ့ကတော့ ယခင်က စခန်းတွေကို ကူညီတယ်။ နောက်ပိုင်း သူတို့လည်း နိုင်ငံရေးအသင်းအဖွဲ့ တခုဖြစ်လာပြီးတဲ့နောက်မှာ သူတို့နဲ့ အလွမ်းသင့်သူတွေကိုပဲ ကူညီတော့တယ်။ ကျနော်တို့စခန်းကို USB အဖွဲ့က ဘတ်ငွေတသိန်းကျော် ကူညီတာနဲ့ တပ်စိတ် တစိတ်စာ သေနတ်တွေ ချက်ချင်ဝယ်ယူ တပ်ဆင်နိုင်လိုက်တယ်။ (တပ်စိတ် တစိတ်စာဆိုတဲ့နေရာမှာ လူ ၁၀ ယောက် အတွက် လက်နက်ငယ် ၉ လက်၊ ကျည်နဲ့ RPG-2 ခွင်းဒုံးတလက် ပါဝင်တယ်။) အဲဒီအချိန်မှာ ကျန်စခန်းအသီးသီးက လည်း ငွေရှာကြတယ်။ ဗဟိုပြန်ကြားရေးဌာနက ကိုကိုလေးလည်း ငွေတွေနဲ့ ပြန်လာတယ်။ မွန်ပြည်သစ်ပါတီဆီက သေနတ်အချို့ဝယ်ယူ၊ တပ်ရင်း (၁၀၂) ကို တပ်ဆင်ပြီး သူလည်း ရှေ့တန်းဆင်းဖို့ လုပ်တယ်။
ကျနော်တို့ ဘုရားသုံးဆူစခန်းကို စတက်လာခဲ့တဲ့ မုက္ကနင်ကျေးရွာမှာ နောက်ပိုင်းတော့ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အစိုးရစစ်တပ် ခလရ (၁၀၆) က တပ်ရင်း ထိုင်နေခဲ့တယ်။ တပ်ရင်းမှူးကတော့ နောက်ပိုင်း နာမည်ကြီးလာမယ့် ဒု-ဗမက သီဟသူရ သူရစစ်မောင်ပဲ။ အခု ဘုရားသုံးဆူထိုးစစ်ကိုလည်း သူကပဲ ဗျူဟာမှူးလုပ်ပြီး ထိုးစစ်ဆင်လာမယ်။ တပ်ရင်း ၃ ရင်း ပါမယ်လို့ဆိုတယ်။ အဲဒီအချိန်မှာ မွန်မဟာမိတ် ခေါင်းဆောင်တွေက အမျိုးမျိုး သုံးသပ်နေကြတုန်းပဲ။ အရင်တုန်းက လည်း ဘုရားသုံးဆူဒေသကို လာပြီး ထိုးစစ်ဆင်ခဲ့ဖူးတာ ရှိတယ်။ သို့သော်လည်း အခြေချသိမ်းပိုက် စခန်းထိုင်ထားတာ မျိုး မရှိခဲ့ဘူး။ စခန်းတွေကို သိမ်းပိုက်၊ မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းသွားကြတာ များတယ်။ အကြောင်းကတော့ နောက်တန်း ကနေ ထောက်ပံ့ရတာ ထောက်ပံ့ရေးလမ်းကြောင်း ရှည်လှတယ်။ အခု အချိန်မှာလည်း အရင်လိုပဲ တခဏတာ လာရောက်သိမ်းပိုက်တဲ့ ထိုးစစ်မျိုး ဖြစ်မယ်လို့ မှန်းဆကြသူတွေလည်း ရှိတယ်။ ဒါပေမယ့် ကေအဲန်ယူဒေသက စခန်းတွေ ကိုလည်း တခုပြီးတခု ထိုးစစ်ဆင်သိမ်းပိုက် တိုက်ခိုက်နေပြီ၊ ဒီတခါ ဘုရားသုံးဆူစခန်းရရင် လက်လွှတ်ဖွယ် မရှိဘူး၊ အတည်တကျ စခန်းချသွားနိုင်တယ်လို့ သုံးသပ်နေသူတွေလည်း ရှိတယ်။ စစ်သတင်းကြောင့် စည်ကားစ ကျေးရွာလူထု တွေလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ကုန်ကြတယ်။ တရက်မှာ ဘုရားသုံးဆူအနီးက သစ်စက်မှာ လူအချို့ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တဲ့ ဝရုန်းသုန်းကား သတင်းကြောင့်ပဲ ရွာလန့်ပြီး ပြေးတယ်။ ဘုရားသုံးဆူကျေးရွာ ခြောက်ကပ်သွားတယ်။
မွန်ပြည်သစ်ပါတီကတော့ မွန်အမျိုးသားနေ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်။ ဒီနှစ်ပွဲကို စစ်ကြောင်းလျှောက်၊ ချီတက် အလေးပြုမယ်။ ဘုရားသုံးဆူရွာက ကွင်းမှာ ကျင်းပမယ် ပြင်ဆင်ထားလို့၊ မုတ်ဦးတွေလည်း ရွာလမ်းမမှာ ပြင်ဆင်ထားကြ တယ်။ ရွာလူထုတွေ မလန့်ရအောင်လည်း ရွာထဲမှာ လော်စပီကာနဲ့ လှည့်ပြီး ဗမာ-မွန်-ကရင် ဘာသာတွေနဲ့ ကြေညာ တယ်။ "မိဘပြည်သူများ ခင်ဗျား၊ ရန်သူ့ရဲ့ ထိုးစစ်အပေါ် ဘာမှ စိုးရိမ်ကြောက်လန့် မရှိကြပါနဲ့။ ကျနော်တို့ အောက်ခြေက ရွာတွေမှာ ခံစစ်တွေ သေချာပြင်ဆင်ထားပြီး ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီ အင်အား… မည်မျှ၊ ကေအဲန်ယူနဲ့ ကေအဲန် ဒီအို ကာကွယ်ရေးတပ်ဖွဲ့… အင်အား မည်၍မည်မျှ၊ ကျောင်းသားတပ်ဖွဲ့… အင်အား မည်၍မည်မျှ… ခုခံစစ်ကို သေချာ ပြင်ဆင်ထားပါတယ်၊ မစိုးရိမ်ကြပါနဲ့…. " စပီကာနဲ့ လှည့်ပြီး ကြေညာသံတွေကို ကြားနေကြရတယ်။ ဒါပေမယ့် ရွာက ခြောက်ကပ်နေခဲ့ပြီ။ လူတွေ မရှိတဲ့အခါ ခွေးတွေက အစာရလိုရငြား ကျနော်တို့ သွားလေရာနောက်ကို တကောက် ကောက် လိုက်နေကြတယ်။ အရင်လို မဟောင်နိုင်တော့ဘူး။ ကျနော်တို့ဆီက တခုခု စားရနိုးနဲ့ နှာခေါင်း တရှုံ့ရှုံ့၊ အသနားခံတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်ကြတယ်။
ဒီအချိန်မှာ ကျနော်တို့ ဖတ်ဖူးတဲ့ "ပါရီကျဆုံးခန်း" ဝတ္ထုကြီးက ပိုလို့ ပီပြင်လာသလိုပဲ။ ပြင်သစ်လွှတ်တော်ထဲမှာ အမတ် မင်းတွေက လက်သီးလက်မောင်းတန်း ဆွေးနွေးနေကြပုံကို မြင်ယောင်လာတယ်။ "ကျနော်တို့ဟာ ဂျာမန်ရဲ့ ထိုးစစ်ကို ရိုက်ချိုးနိုင်ပါတယ်။ ဟစ်တလာရဲ့ တပ်တွေဟာ ပြင်သစ်တပ်မတော်ရှေ့မှောက်မှာ ဒူးထောက်ခစားရမှာ။ ပြင်သစ်တွေဟာ သူတို့ရဲ့ နီမောင်းတဲ့ သွေးတွေ၊ သတ္တိတွေကို ပြသဖို့ အချိန်တော်ပါပြီ" စသည်ဖြင့် ကြားယောင်လာတယ်။ ပြင်သစ် လွှတ်တော်ထဲ ဝိုင်အရက်ခွက်တွေ မြှောက်ရင်း၊ ကခုန်ပွဲ အခမ်းအနားတွေကို ရှုစားရင်း။ တချိန်တည်းမှာ စစ်မတိုက်ချင်ဘဲ ရှေ့တန်းကို လိုက်သွားရတဲ့ ကွန်မြူနစ် "လူဆန်း" အဖြစ်ကိုလည်း ကျနော်တို့ မြင်ယောင်နေကြတယ်။
"ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ် မဟုတ်ဘူး။" ဒီလို ရေရွတ်ရင်း လူဆန်းတယောက် ရှေ့တန်းကို တရွတ်တိုက် ပါသွားရပုံ။
ဘုရားသုံးဆူ ထိုးစစ်မတိုင်ခင်မှာ ပူးတွဲစစ်ဆင်ရေး ညှိနှိုင်းဖို့ အစည်းအဝေးခေါ်တယ်။ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်တယ် ဆိုပေမယ့် မွန်ပြည်သစ်မှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို ဦးစီးနေတဲ့ တိုင်ဝမ်လူမျိုး မစ္စတာရပ် (Mr. Yap) က ဖိတ်ခေါ် တာ။ မွန်ပြည်သစ်ပါတီ ဌာနချုပ်အနားမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း ခမ်းမဆောင် တခုမှာ ဒီအစည်းအဝေးကို ကျင်းပတယ်။ ဒီသင်တန်းကျောင်းကတော့ သစ်လုံးတွေကို ခံတပ်တွေသဖွယ် ကာရံထားပြီး၊ ဘူးသီးငပေါင်းကြော်လို တရုတ်စာတွေကိုလည်း စကောချပ်ကြီးတွေပေါ် ရေးလို့ ဆိုင်းပုတ်တွေသဖွယ် ကပ်ထားသေးတယ်။ အစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ စစ်ဦးစီး ဗိုလ်ချုပ်ထောမွန်တို့ တက်ကြတယ်။ ကေအဲန်ယူ ခေါင်းဆောင်တွေဖက်က ဗိုလ်ချုပ် တာမလာဘော၊ ဖူးတာအယ်၊ ဗိုလ်မှူးတူးတူးလေး နဲ့ အချို့ တက်ကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေ ဖက်ကတော့ ကျနော်၊ ဦးမြင့်လှိုင် (၁၀၁ ခွဲ ၂)၊ ကိုသီရီညွန့်၊ ကိုတိုးကြီး၊ ကိုဝင်းမိုး (၁၀၂)၊ ဆရာကျော်တင့်၊ ကိုသန်းနိုင် (၁၀၁) တို့ တက်ကြတယ်။
မစ္စတာရပ်က အမှာစကား စပြောတယ်။ အင်္ဂလိပ်လို။ "အခု အခြေအနေမှာ ရန်သူဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် က စစ်ဗျူဟာ (၂) ဦးဆောင်ပြီး တက်လာတယ်။ ခလရ (၃၁)၊ ခလရ (၁၀၁)၊ ခလရ (၁၀၆) တပ်ရင်းတွေပါတယ်။ ရန်သူ အင်အားနဲ့ မွန်၊ ကရင်၊ ကျောင်းသား အင်အားပူးပေါင်းလိုက်ရင် ကျနော်တို့ဖက်က အင်အားကလည်း မငယ်လှဘူး။ ကျနော်တို့ ညီညွတ်ရင် ဒီထိုးစစ်ကို ရိုက်ချိုးနိုင်မယ်" မိန့်ခွန်းတွေ ခြွေနေတယ်။ သူက မော်စီတုန်းရဲ့ ပြောက်ကျားစစ် ဗျူဟာတွေ ဖြစ်တဲ့ "ရန်လာ ငါနား၊ ရန်နား ငါရှုပ်၊ ရန်ဆုတ် ငါတိုက်၊ ရန်ပြေး ငါလိုက်" စတဲ့ ဗျူဟာတွေကို ကိုးကားပြော သေးတယ်။ အမှည့်ချွေစစ်၊ ခံစစ်ထဲက ထိုးစစ် စသဖြင့် သီအိုရီတွေကိုလည်း ရွတ်နေတယ်။ နည်းနည်းကြာတော့ ဥက္ကဋ္ဌ နိုင်ရွှေကျင်က ကြည့်လို့မရတော့ဘူး ထင်တယ်။ "မစ္စတာရပ်… ခင်ဗျားတော်သင့်ပြီ၊ ကျနော်တို့ အရေးပေါ်နေပြီ၊ ကျနော် တို့ချင်း ဆွေးနွေးပါရစေ" လို့ ပြောတယ်။ မစ္စတာရပ်လည်း ငြိမ်သွားတယ်။ ကေအဲန်ယူဖက်ကတော့ ကိုယ်ဖက်ကိုယ်သာ လုံအောင်ကာ ဆိုတဲ့ သဘောထားမျိုး ပေးတယ်။ တိတိကျကျ ပူးပေါင်းဆောင်ရွက်မှုမျိုး သိပ်မတွေ့ရဘူး။ အရေးပေါ် စက် ဆက်သွယ်ရေးအတွက် စကားဝှက် စက်လိုင်းလဲလှယ်တာလောက်တောင် မတွေ့ရဘူး။ အစည်းအဝေးက ဒီလိုပဲ ပြီးသွားခဲ့ တယ်။ ကျနော်တို့လည်း သူတို့ တိုင်ဝမ်အဖွဲ့ရုံးက ကျွေးမွေးတဲ့ တရုတ်စာ စားကောင်းသောက်ဖွယ်တွေကို စားပြီး ပြန်လာခဲ့ ကြတယ်။ လူသူရှင်းနေတဲ့ ကျေးရွာ ဖုန်ထူထူလမ်းမထဲ ကားဖြတ်မောင်းပြီး ရွာထဲဝင်လာခဲ့တယ်။ ဖိုးဝီးကား နောက်ပွင့် တွေအပေါ်မှာ သေနတ်တွေ တထောင်ထောင်နဲ့ ကောင်းဘွိုင်တွေလို။
"ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။ ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ်မဟုတ်ဘူး။" ကျနော်တို့ ရဲဘော်တွေလည်း ပါရီ ကျဆုံးခန်းထဲက လူဆန်းလို ရေရွတ်ရင်း ရှေ့တန်းကို ဆင်းသွားကြတယ်။


ဘုရားသုံးဆူ နေ့ရက်များ (၁၂)
==================
အစိုးရစစ်ကြောင်းတွေက ၁၉၉၀ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဘုရားသုံးဆူစခန်းကို စတင် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်။ စစ်ပွဲစဖြစ်တော့ ကျနော်တို့ စခန်းက တပ်စိတ်တစိတ်စာပဲ လက်နက်ရှိတော့ သူတို့ကို အခြားအင်အားတွေနဲ့ ပေါင်းပေး လိုက်ရတယ်။ ကျနော်တို့စခန်းရှိရာ ဘုရားသုံးဆူရွာ ကရင်ဘုန်းကြီးကျောင်းက ရှေ့ကျွံနေတယ်။ မွန်နဲ့ကရင်ကြား သတင်း အဆက်အသွယ်ပြတ်နေတယ်။ ပူးပေါင်းဆောင်ရွက်မှု မရှိရင်ခက်မယ်။ ဒီလိုနဲ့ ယခင်တပ်ရင်း (၁၀၁) စခန်းရှိတဲ့ နေရာကို နောက်ဆုတ် ပြန်ပေါင်းကြရတယ်။ မွန်ပြည်သစ်ပါတီက အကြံပြုတယ်။ ကျနော်တို့ ကျောင်းသားတပ်တွေကို တစုတည်း ပြန်စုဖွဲ့ဖို့၊ ဦးစိန်မြ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှာ စစ်ရေးအရ အတွေ့အကြုံရှိတဲ့ တပ်မှူးဟောင်းတွေ ရှိနေတယ်။ သူတို့ ဦးဆောင်မှုကို ခံယူပါ။ စစ်ရေးမှာ ယာယီစုဖွဲ့မှု လုပ်ပါလို့ ဆိုလာတယ်။ ဒီလိုနဲ့ ကျနော်တို့ သဘောတူ လိုက်ကြရတယ်။ မွန်ပြည်သစ်ပါတီဌာနချုပ်ကို တကယ်တိုက်မယ့် မနက်မှာတော့ ကျနော်တို့ တပ်ခွဲ (၂) က ရဲဘော်တွေ၊ တပ်ရင်း (၁၀၁) က ရဲဘော်တွေကို ယခင်ကျနော်တို့ တပ်ရင်း (၁၀၁) စခန်း၊ ဆေးရုံနောက်ကျောဘက်က တောင်ကျော လေးပေါ် တင်ထားလိုက်တယ်။ ရဲဘော် ၆၀ လောက် ရှိပေမယ့်၊ လက်နက်က တဝက်လောက်ပဲ ရှိတယ်။ မွန်ပြည်သစ် ပါတီက ပြောင်းဆက်ထားတဲ့ ၆၀ မမ စိန်ပြောင်း (ပြောင်းရှည်) တလက် ထုတ်ပေးထားတယ်။ ဦးစိန်မြရဲ့ (PDF) အဖွဲ့က ဆရာဘ (ဗိုလ်မှူးဟောင်းလိုဆိုတယ်၊ 'ဆရာဘ' ဆိုတာကတော့ သူရဲ့တော်လှန်ရေး နာမည်ဝှက်ပဲ။ နာမည်ရင်းကို မသိဘူး) ကို ကျနော်တို့ကို ကွပ်ကဲဖို့ လာပူးပေါင်းထားတယ်။
"၁၉၉၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်၊ မွန်ဂျထေကျေးရွာမှာ မွန်ပြည်သစ်ပါတီ တပ်ရင်း (၁၀၁) နဲ့ အစိုးရတပ် ထိတွေ့တယ်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ဘုရားသုံးဆူရွာကျတယ်။
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးနဲ့ ဂျပန်ရေတွင်း (ဘော်ယိပွန်) ကျေးရွာကျတယ်။
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ သမိန်ဗရမ်းစခန်းနဲ့ မွန်ဗဟိုဌာနချုပ်ကျတယ်။
ဘုရားသုံးဆူတိုက်ပွဲတခုလုံးမှာ အစိုးရတပ်က တပ်သား ၂၀ ကျဆုံးတယ်။ ၄၆ ဦးနဲ့ ရှေ့တန်းလုပ်အားရှင် (ပေါ်တာ) ၁၀ ဒဏ်ရာရတယ်။
သောင်းကျန်းသူဖက်က အလောင်း ၄၀ နှင့် လက်နက်မျိုးစုံ ၅၀ ရတယ်။"
ဒီလိုမျိုး "၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော် ကဏ္ဍ (ပ တွဲ)၊ တပ်မတော်သား သုတေသီတဦး၊ (ပကြိမ်)၊ ၁၉၉၁ ဇန်နဝါရီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (စာ- (နှာ- ၂၈၄၊ ၂၈၅) မှာ ဖော်ပြထားတယ်။
တကယ်တော့ ဖော်ပြချက်တွေ မမှန်ပါဘူး။ ဘုရားသုံးဆူတိုက်ပွဲ တခုလုံးမှာ ကျနော်တို့ဖက်က အကျအဆုံး၊ လက်နက် အဆုံးအရှုံး နည်းပါတယ်။ ကျနော်တို့၊ မွန်ပြည်သစ်ပါတီရဲဘော်တွေဖက်က ဒဏ်ရာအနည်းအကျဉ်းသာရှိတယ်။ လက်နက်အဆုံးရှုံးလည်း မရှိသလောက်ပဲ။ အစိုးရစစ်တပ်ဖက်က စာရင်းတွေ ပိုပြပုံရတယ်။
အဲဒီည၊ မွန်ပြည်သစ်ပါတီ ဌာနချုပ်ကို ထိုးစစ်ညက ကျနော်တို့ တပ်ရင်း (၁၀၁) စခန်း နောက်ကျောဖက်က တောင်ကုန်း လေးပေါ်မှာ စခန်းချထားကြတယ်။ ကျနော်တို့ ရဲဘော်အချို့ကတော့ မွန်ပြည်သစ်ပါတီက ဒု-စစ်ဦးစီး ဗိုလ်မှူးအောင်နိုင် နဲ့ ပါသွားကြတယ်။ ဆရာဘကတော့ စကတည်းက ယဉ်သလိုဆိုသလို၊ ကျနော်တို့ရဲဘော်တွေနဲ့ ကီး မကိုက်တော့ဘူး။ သူက မဆလစစ်တပ်မှာ ဗိုလ်မှူးတာဝန်ယူဖူးတယ်ဆိုတယ်။ အဲသည်တော့ စစ်ကြောင်းမှူးစတိုင်ချိုးနေ ပြီး၊ PDF ရဲဘော် ၂ ယောက်လောက်က သူ့ကို ရေပူရေချမ်းကမ်းလှမ်းတာ လုပ်ပေးနေကြရတယ်။ သူ့ကိုခြေအိပ်စွပ်ပေးတာကအစ၊ မျက်နှာ သစ်ဖို့ ရေခပ်ပေးတာကအစ လုပ်နေလို့၊ ကျနော်တို့ ရဲဘော်တွေက ကြည့်မရတော့ဘူး။ ပြောရရင် ကျနော်တို့က အများ အားဖြင့် ခေါင်းဆောင်-ရဲဘော် တန်းတူရည်တူ ဖြတ်သန်းလာကြသူတွေ၊ အဲဒါအပြင် မလိုအပ်တာတွေ အာချောင်နေ တယ်။ အချို့အချက်တွေကတော့ ပြောဖို့ လိုအပ်ပါတယ်။ "ကျည်ချွေပစ်၊ မမြင်ရင် မပစ်နဲ့… မလိုအပ်ရင် မပစ်နဲ့၊ ကျည်ကွယ် မျက်ကွယ်ယူထား၊ တတောင့်ချင်းပစ်…" ဒါမျိုး ပြောတာမျိုးက အိုကေပါတယ်။ သို့သော်လည်း မလိုအပ်တာ တွေ လျှောက်ပြောနေတယ်။
"မင်းတို့အဖွဲ့အစည်းတွေကို မေ့လိုက်တော့၊ ငါက တပ်မှူး၊ ဒီစစ်ပွဲကို ငါက ဦးဆောင်မယ်၊ ငါ့နောက်လိုက်ခဲ့ကြ။ မွန်ဗဟို ကျသွားရင်လည်း ငါက ဦးဆောင် ခေါ်သွားမယ်။ အောက်ဆင်းပြီးတိုက်မယ်။ ယုံတဲ့ကောင် လိုက်ခဲ့… " ဒါမျိုးကျတော့ မလိုအပ်တာတွေ ဖောင်းနေပြီလို့ မြင်မိတယ်။ စကားနဲ ရန်စဲ ကျနော်တို့လည်း ယာယီသဘောနေကြတယ်။ ဖြစ်ချင်တော့ အဲသည် ထိုးစစ်ဆင်မယ့်ညမှာ ဦးမြင့်လှိုင်နဲ့ အချို့လူကြီးတို့ပါ ကျနောတို့ တောင်ကုန်းပေါ် ရောက်နေကြတယ်။ ဆောင်း တွင်းဖြစ်တော့ အေးတယ်။ ကျနော်တို့ ယူနီဖောင်းလောက်နဲ့ အနွေးမလုံဘူး။ လိုအပ်သလောက် ပစ်ကျင်းတွေ တူးထား ကြတယ်။ သို့သော်လည်း အမိုးအကာရှိတဲ့ စနစ်တကျ ဘန်ကာမျိုး လုပ်မထားကြဘူး။ နှစ်ယောက်တတွဲ ကင်းစောင့်ဖို့ ချထားတယ်။ ကျနော်နဲ့ အတူ တာဝန်ကျတာက 'တရုတ်မ' လို့ ကျနော်တို့ခေါ်ကြတဲ့ ယဉ်ထွေး။ သူကတော့ ကျနော့်ကို သွားအိပ်ဖို့ သူစောင့်ထားမယ်ချည်း ပြောနေတယ်။ သေနတ်က နှစ်ယောက် တလက်တည်း။ ကျနော်လည်း အေးတာနဲ့ အိပ်မပျော်နိုင်ပါဘူး။ မနက် ၄-နာရီလောက်ကြတော့ အသင့် (stand to)။ အားလုံး နိုးနေကြပြီ။ နှင်းသိပ်မကွဲသေးတဲ့ အခြေအနေမှာ လက်နက်ငယ်သံ၊ လက်နက်ကြီးသံ အချို့ ကြားနေရတယ်။ စစ်ပွဲဆိုလို့ ဒါဟာ ကျနော့်အတွက် ပထမဆုံး အတွေ့အကြုံပါပဲ။ နည်းနည်းတော့ တုန်လှုပ်နေတယ်။ ဘေးနာက တရုတ်မယဉ်ထွေးကိုကြည့်တော့ သူကတော့ ခပ်အေး အေးပါပဲ။ ယဉ်ထွေးက ငယ်သေးတယ်၊ အထက်တန်းကျောင်းသား ဘဝက တောခိုလာသူ၊ စကားနည်းပြီး၊ သူလုပ်စရာ ရှိတာ လုပ်နေတတ်တဲ့ ခပ်အေးအေးရဲဘော်မျိုးပါပဲ။
မနက် နည်းနည်းလင်းလာတော့ ကျနော်တို့ အောက်ဖက် ဂျပန်ရေတွင်း ကျေးရွာရှေ့ဖက်လမ်းပေါ်မှာ စစ်ကြောင်းတခု လျှောက်လာတာ မြင်ရတယ်။ ဒါပေမယ့် မိန်းမတွေလည်း အတူပါလာတာ မြင်နေရတယ်။ စကားပြောစက်နဲ့ မေးတယ်။ ပစ်ရမလား… "မပစ်နဲ့… အဲဒါ ကိုယ့်စစ်ကြောင်း" အဲသလိုမျိုး မွန်တပ်ဖက်က သတင်းပြန်လာတယ်။ ကျနော်တို့လည်း ကြည့်နေလိုက်ရတယ်။ နောက် သိပ်မကြာခင်မှာ " မဟုတ်ဘူး။ အဲဒါ ရန်သူ့စစ်ကြောင်း … ပစ်" လို့ ပြောတယ်။ လွန်နေပြီ။ အဲဒီအချိန်မှာ ၆၀ မမ စိန်ပြောင်း ပြောင်းရှည်နဲ့ ပစ်တယ်။ သူက သာမန် ၆၀ မမ စိန်ပြောင်းထက်နည်းနည်း ပိုပြေးပြီး (ပို့ယမ်း) အပေါ်မူတည်လို့ ဝေးဝေးရောက်တယ်။ ပထမတလုံး ထွက်သွားတော့ နည်းနည်း အားတက်သွားတယ်။ အလုပ်လုပ်တယ်ပေါ့။ ဒါပေမယ့် ဘယ်နားကျမှန်း မသိဘူး။ ကျနော်တို့ကို အကဲကြည့် (OP) ပေးမယ့် သူလည်း မရှိဘူး။ အဲဒီအချိန်မှာ မွန်ပြည်သစ်ပါတီ ဌာနချုပ်ဖက်ကို ၈၁-မမ စိန်ပြောင်းကြီး ကျသံတွေ ကြားရတယ်။ ကြေးလင်ပန်းကွဲကြီး ထုလိုက်တဲ့ အသံမျိုးနဲ့တူတယ်။ ကျနော်တို့ဖက်ကိုတော့ ဘာမှ မလာဘူး။ ကျနော်တို့ရှိတာ မသိလို့လည်း ဖြစ်နိုင်သလို၊ အရေးပါတဲ့ နေရာမဟုတ်လို့လည်း ဖြစ်နိုင်တယ်။
၈၁-မမ မော်တာ ၈-လုံးလည်း ကျပြီးရော၊ စက်လာတယ်။ "မွန်ပြည်သစ်ပါတီ ဌာနချုပ် ကျသွားပြီ၊ ထွက်တော့" တဲ့။ ဒီနေရာမှာလည်း ကျနော်တို့ရဲဘော်တွေနဲ့ မွန်ပြည်သစ်ပါတီ ရဲဘော်တွေ ရှေ့တန်းမှာကတည်းက နားလည်မှုအချို့ လွဲကြ တာ ရှိတယ်။ မွန်တွေက နောက်ဆုတ်ဆိုရင်၊ မွန်ဘာသာနဲ့ 'တက်… တက်' လို့ အော်တယ်။ အဓိပ္ပါယ်က "ထွက်တော့၊ ထွက်တော့" ပေါ့။ ကျနော်တို့ရဲဘော်တွေက တက်…တက်ဆိုတော့ ရှေ့ကို တက်ခိုင်းတယ် ထင်ကြတာ။ အခုမှာ နေပွင့် ကာစ မနက်ခပ်စောစောပဲ ရှိတယ်။ မွန်ပြည်သစ်ပါတီ ဌာနချုပ်ကျသွားပြီ။ ထွက်တော့ဆိုတော့ ကျနော်တို့လည်း ကားလမ်းတဖက်ကိုကူး၊ တဖက်ခြမ်းက ထုံးကျောက်တောင်ပေါ် တက်ကြတယ်။ အပေါ်တဝက်လောက်မှာ လှိုဏ်လိုမျိုး နားနေရာ နေရာတွေရှိတယ်။ ကျနော်တို့ ဆုတ်ကြတုန်း ၈၁-မမ မော်တာသီး တချို့ကျတယ်။ အထိအခိုက် ဘယ်သူမှ မရှိကြဘူး။
ပြောရရင်တော့ စစ်ဆင်ရေးစီမံမှု အတော်အားနည်းတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်တယ်လို့ ဆိုနိုင်တယ်။ စစ် ကစားတာမျိုး မရှိသလောက်ပဲ။ မွန်ပြည်သစ်ပါတီက အင်အား၊ သင်တန်းကျောင်းဆင်း အင်အားနဲ့ ကျနော်တို့ ကျောင်းသားအဖွဲ့တွေ၊ ကေအဲန်ယူ ဒီထက်အဆက်အစပ် ရှိရှိပေါင်းရင် ဒီထက်ပိုပြီး စစ်ကစားနိုင်မယ်လို့ ကျနော် သိ သလောက် ဦးဏှောက်နဲ့ စဉ်းစားမိတယ်။ အခုတော့ မစရသေးဘူး။ ၈၁-သီး ၈ လုံးကျတာနဲ့ မွန်ပြည်သစ်ပါတီ ဗဟို ဌာနချုပ် ကျသွားပြီဆိုတော့ သိပ်မခံစားနိုင်ဘူး။ အမှန်ကတော့ မွန်ပြည်သစ် ဗဟိုက စစ်ရေးအရ နေရာကောင်း မဟုတ်ဘူး။ လျှို-ချိုင့်ထဲမှာ… ခုခံစစ်ဆင်ဖို့ နေရာကောင်းလည်း မဟုတ်တာတော့ သေချာတယ်။ ဒီလိုနဲ့ ကျနော်တို့ ကျောက်တောင်ပေါ်က လျှိုထဲမှာ တနေ့လုံးနေကြတယ်။ စားစရာကတော့ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာတွေ ရှိနေတယ်။
မွန်ပြည်သစ်ပါတီ စစ်ကော်မရှင် တွဲဘက်အတွင်းရေးမှူးဟောင်း နိုင်ပန်းသာကတော့ သူ့စာအုပ် (မွန်နိုင်ငံရေး လှုပ်ရှားမှု၊ သမိုင်းအတွေ့အကြုံ၊ ဒု-ကြိမ်၊ ၂၀၁၄ ဇန်၊ အရှေ့ကြယ်စာပေ၊ စာ-၂၇၃-၂၇၇) မှာ ဒီလိုသုံးသပ်ထားတာ ဖတ်ရတယ်။ ဘုရားသုံးဆူကို ထိုးစစ်ဆင်မှာကို သူတို့ကြိုတင်ခန့်မှန်းထားကြတယ်။ ထိုင်ဝမ်အကူအညီ အပါအဝင် နိုင်ငံခြား ဆက်သွယ်မှုတွေ ရနေတာ၊ ထိုင်းသစ်ကုန်သည်တို့ သစ်ထုတ်လုပ်ရာ အစိတ်အပိုင်းအတော်များများကို ဘုရားသုံးဆူက ထိန်းချုပ်နေတာကြောင့် ထိုးစစ်လာမယ်လို့ မှန်းထားကြတယ်။ တပ်ရင်း ခလရ (၁၀၆) က ပြင်ဆင်နေတာလည်း သူတို့ သတင်းရထားကြတယ်။ ဒါပေမယ့် စစ်ဦးစီး တာဝန်ခံတွေ ခံစစ်ပြင်ဖို့ ပျက်ကွက်တယ်လို့ နိုင်ပန်းသာက စွပ်စွဲတယ်။ ကျောင်းသားတပ်ရင်း (၁၀၁) (၁၀၂) အင်အားတွေကို သေချာစုစည်း အသုံးမချနိုင်ဘူး။ တဖက်က တာဝန်အတိအကျ ယူထားတဲ့ ကေအဲန်ယူကလည်း တိုက်ပွဲဖြစ်တာနဲ့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်.. စသည်ဖြင့် ဝေဖန်ထား ပါတယ်။ ဒါပေမယ့် ကျရှုံးရတဲ့ အဓိကအချက်ကတော့ (၁) မွန်-ကရင် ပဋိပက္ခကို အကွက်ကျကျ အသုံးချသွားခြင်း (၂) မွန်ပြည်သူတို့ မွန်တပ်ကို ထောက်ခံမှုအားနည်းခြင်း.. လို့ သူက သုံးသပ်ပါတယ်။
ထိုးစစ်မလာမီကတည်းက ပြင်ဆင်မှုအနေနဲ့ 'ဗဟိုစခန်းသစ်' ကို ရေးချောင်းဖျားဖက်ကို ရွှေ့ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်ထောက်ပံ့ရေးပစ္စည်းများ မဆုံးရှုံးခဲ့၊ စစ်ရေးအနေနဲ့ စစ်ရေးတာဝန်ခံတွေကို လွှဲအပ်ထားခဲ့တယ်။ ဒါကြောင့် စစ်ဆုတ်ရာမှာ ထိုင်းနယ်စပ်ကို ဖြတ်ပြီး ဆုတ်ရလို့ မလိုအပ်တဲ့ ငွေသိန်းချီကုန်ကျရမှု၊ စစ်လက်နက် ခဲယမ်းများ ဆုံးရှုံးရမှု တွေ ရှိခဲ့တယ်လို့ သူ့စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။
ကျောက်တောင်ပေါ်က လျှိုထဲမှာ ဆရာဘရဲ့ အညိုအညင်က စပါတော့တယ်။ သူမိန့်ခွန်းတွေ တရစပ်လွှတ်ပါတယ်။ အခု အချိန်က စပြီး သူထိန်းချုပ်မယ်၊ အောက်ကိုဆင်းပြီး သွားတိုက်မယ်။ အဖွဲ့အစည်းတွေကို မေ့လိုက်တော့။ သူ့ဦးဆောင်မှု ကိုနာခံ… စသည်ဖြင့် သည်းမခံနိုင်လောက်အောင် သြဝါဒတွေ လွှတ်ပါတော့တယ်။ အဲဒီမှာ ပြဿနာတက်ကြပါတယ်။ လူ (၆၀) လောက်မှာ လက်နက်ရှိသူ အင်အားကလည်း တဝက်လောက်ပဲ ရှိပါတယ်။ နောက်ဆုံး ညနေစောင်းလာတော့ လက်နက်မရှိတဲ့ ကျန်တဲ့ အင်အားစုတွေ ခုနေရာကခွာမယ်။ စံခလယ် (Songkhlia) ကျေးရွာမှာရှိနေတဲ့ ဒုက္ခသည်စခန်းကို သွားပူးပေါင်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။ ကျန် လက်နက်ရှိတဲ့ရဲဘော်တွေကတော့ ခဏနေခဲ့ပြီး၊ နောက်မှ ပြန်ပူးပေါင်းဖို့ ဆုံးဖြတ်ကြပါတယ်။ ဆရာဘကတော့ အရှိုက်ထိုးခံရသလိုပဲ၊ မြည်တွန်တောက်တီးပြီး 'သွားကြ… ငကြောက်တွေ၊ေ-ာက် သုံးမကျတဲ့ကောင်တွေ' ဒီလို ရေရွတ်ပြီး၊ ကျန်ခဲ့ပါတယ်။ ပြောရရင် သူ့ PDF ရဲဘော်တွေထက်၊ ကျနော်တို့ ABSDF လက်နက်ကိုင်က များနေလို့သာ သူမလွန်ဆန်နိုင်တာပါ။ သို့မဟုတ်ရင် စစ်မြေပြင်စွန့်ခွာမှု… စသဖြင့် စွပ်စွဲချက်တွေ လုပ် နေပါသေးတယ်။ ကျနော်တို့ရဲဘော်တွေလည်း 'ဒါဟာ ငါတို့ တိုက်ချင်တဲ့ စစ် မဟုတ်ဘူး' ဆိုပြီ ထွက်ခဲ့ကြပါတယ်။ ကျနော် အပါအဝင် ရဲဘော် ၃၀ လောက် ကားလမ်းကြီးအတိုင်း စံခလယ်ဒုက္ခသည်စခန်းကို လျှောက်ခဲ့ကြပါတယ်။ နောက် တော့ ယာယီမီးဘေးဒုက္ခသည် စခန်းလို ရွက်ဖျင်မိုး ယာယီတဲတွေမှာ တလလောက် နေထိုင်ကြရပါတယ်။ ဒီကာလမှာပဲ ဦးမြင့်လှိုင်က ထိုင်းရဲတွေနဲ့ ပြဿနာတက်ပြီး၊ ဘန်ကောက်ကို ထွက်သွားခဲ့ရပါတယ်။
အစောပိုင်းက မွန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ထွက်သွားကြတဲ့ ကျနော်တို့ ရဲဘော်တွေနဲ့ မွန်ရဲဘော် ၄၀ လောက်က ဖေဖေါ် ဝါရီ ၁၁ ရက်နေ့ညမှာ မွန်ပြည်သစ်ပါတီ ဗဟိုနား ကပ်ထားကြပါတယ်။ ကိုယ်ပိုင်နိုင် ကျွမ်းကျင်တဲ့နယ်မြေ ဖြစ်တာကြောင့် လည်း အခက်အခဲမရှိပါ။ အရုဏ်လင်းလာတော့ ဌာနချုပ်ထဲ တိုက်ခိုက်ကြပါတယ်။ ကျနော်တို့ စခန်းက ကိုမင်းဇော်တို့၊ အချို့ရဲဘော်တွေ အပါအဝင်ပါ။ အစိုးရစစ်တပ်က အတော်အထိနာပါတယ်။ ကျနော်တို့ဖက်ကတော့ ၇၉-မမ ကျည်စ ထိတာလောက်သာ ဒဏ်ရာ တယောက်-နှစ်ယောက် ရှိခဲ့ပါတယ်။
ဘုရားသုံးဆူကို ပြန်ရဖို့ မတိုက်နိုင်တော့ပါဘူး။ အစိုးရစစ်တပ်တွေအတွက် ထောက်ပံ့ရေးလမ်းကြောင်း ရှည်ပေမယ့်၊ မြန်မာပြည်ဖက်ကနေ ရိက္ခာပို့စရာ မလိုတော့ပါဘူး။ ထိုင်းဖက်က သစ်ကုန်သည်ကြီး 'စီယာဟု'က မြန်မာစစ်တပ်တွေ အတွက် ထိုင်းဖက်ကနေ ရိက္ခာထောက်ပံ့ပေးတာတွေ လုပ်နေပါတော့တယ်။ ဒီအချိန်မှာ အချို့မွန်တပ်မှူးတွေကတော့ ပြောဆိုနေကြပါတယ်။ "သူတို့က တောမှာလာနေတော့ ငါတို့က မြို့ယူကြမယ်" ဆိုပါတယ်။ "မြို့ယူကြမယ်" ဆိုတာက တော့ မြို့သိမ်းတိုက်ပွဲသဘောမျိုး လုပ်ကြမှာပါ။ မြို့ကိုသိမ်းပိုက်မယ်လို့ ဆိုကြတာပါ။ စစ်ရေးလျှို့ဝှက်ချက်ဆိုပေမယ့် ရေးမြို့ ကို ပြန်သွားပြီး တိုက်ခိုက်မယ်ဆိုတာ ကုန်သည်ရော၊ အရပ်သားရော၊ လူတိုင်းကပါ သိနေကြပါပြီ။
 ဘုရားသုံးဆူ နေ့ရက်များ (၁၃)
===============
စံခလယ်ဒုက္ခသည်စခန်းမှာ တလလောက်နေပြီးတော့ နယ်စပ်ရဲ့ အခြားတဖက်ခြမ်း 'ကလိန်ကန်စခန်း' ကို ပြောင်းရွှေ့ အခြေချကြ ရတယ်။ စံခလယ်ဒုက္ခသည်စခန်းမှာ နေကြရတုန်းက ယာယီပဲ။ မီးဘေးဒုက္ခသည်တွေလို ယာယီဖျင်တဲတွေနဲ့ မလုံမခြုံ နေကြရတယ်။ ဘုရားသုံးဆူဒေသက ထွက်ပြေးလာတဲ့ မွန်-ကရင်ဒုက္ခသည် ထောင်နဲ့ချီရှိမယ်။ ဘုရားသုံးဆူကို ထိုးစစ် မလာခင်နဲ့ အဲသည်စခန်းမှာနေတုန်းမှာ ကျနော်တို့ ABSDF အဖွဲ့ဝင်အတော်များများ ဘန်ကောက်ကို တက်သွား ကြတယ်။ ဒုက္ခသည်လျှောက်ကြတယ်။ ဘန်ကောက်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ နိုင်ငံရေး နဲ့ အခြားစိုးရိမ်ဖွယ်အကြောင်းများရှိရင် ဒုက္ခသည်လျှောက်နိုင်တယ်။ ဒုက္ခသည်အဖြစ်ကလည်း မက်စရာ အကြောင်းရှိ တယ်။ စခန်းမှာ ငှက်ဖျားဖျား၊ ငတ်မွတ်၊ အနေအစားဆင်းရဲတဲ့ ဘဝမျိုးထက်စာရင် ဘန်ကောက်လိုမြို့ကြီးမှာ ဒုက္ခရောက်တယ်ဆိုပေမယ့် သက်သက်သာသာ နေနိုင်တယ်။ UNHCR က တလကို ဘတ် ၃,၀၀၀ ထောက်ပံ့ပေးတယ်။ (အဲသည် အချိန်က USD တစ်ဒေါ်လာက ၂၅ ဘတ်လောက်ပဲ ရှိမယ်။) လူရှိကြောင်း သက်သေပြနိုင်အောင် UN ရုံးလေးမှာ တလ တခါ လက်မှတ်ထိုးကြရတယ်။ လကုန်ရင် ATM ဘဏ်ကဒ်ပြားထဲကို ထည့်ပေးတဲ့ ထောက်ပံ့ကြေးငွေ ရောက်လာမယ်။ စုပေါင်းအိမ်ငှားနေတဲ့အခါမျိုးမှာ လုံလောက်တယ်လို့ ဆိုနိုင်တယ်။ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်ကဒ်ပြားက လည်း ထိုင်းရဲတွေရန်က တစုံတရာ လုံခြုံမှုပေးနိုင်တယ်။ နောက်ပိုင်း တတိယနိုင်ငံမှာ အခြေချဖို့ လည်း အခွင့်အလမ်း ရှိတယ်။ ဒါကြောင့် ဒီလို ဒုက္ခသည် ခံယူရေး-မခံယူရေးကိစ္စက စခန်း တွေအတွက် အရေးတကြီး စဉ်းစားရတဲ့ မူဝါဒ တခု ဖြစ်လာခဲ့တယ်။ ကျနော်တို့ ခွဲ (၂) က ဒုက္ခသည် ခံယူရေးမူကို ဆန့်ကျင်တယ်။ 'ဒါဟာ တော်လှန်ရေးမဆန်ဘူး၊ တော်လှန်ရေးကို ဖောက်ပြန်ရာကျတယ်' လို့ ကျနော်တို့ အစုက ခံယူတယ်။ တလတခါ မြို့တက်လက်မှတ်ထိုးလိုက်၊ စခန်း ပြန်လာလိုက်ဆိုတာ လက်တွေ့မကျဘူး။ အဲဒါအပြင် ဒီလိုခွင့်ပြုထားရင် စခန်းမှာ ရဲဘော်တွေကို ထိန်းသိမ်းကွပ်ကဲရမှာ ခက်ခဲတယ်လို့ ယူဆတယ်။ ဒါပေမယ့် တဦးချင်းဆန္ဒအရ ဒုက္ခသည် လျှောက်ချင် ရင်တော့ သွားပေါ့။ တားမြစ်လို့တော့ မရနိုင်ဘူး။ တပ်ရင်း (၁၀၂) ကတော့ ဒုက္ခသည်မူဝါဒအပေါ်မှာ လိုက်လိုက် လျောလျော ရှိတယ်။ ဒါကလည်း သူတို့ စဉ်းစားချက်နဲ့ သူတို့ပေါ့။ တပ်ရင်း (၁၀၁) ကလည်း ကျနော်တို့လိုပဲ ဒုက္ခသည် ကိစ္စကို စိတ်မဝင်စားကြဘူး။ ကေအဲန်ယူ ထိန်းချုပ်ဒေသက ABSDF တပ်ရင်းတွေကတော့ ဘန်ကောက်တက်ဖို့ အလားအလာနည်းတယ်။ ခရီးဝေးတယ်။ ဒါကြောင့် ဒုက္ခသည် ပြဿနာသိပ်ပြီး ရိုက်ခတ်မှု မရှိလှဘူး။ မွန်ပြည်သစ်ပါတီ အောက်က မွန်ကျောင်းသားအဖွဲ့တွေမှာလည်း အဲသလို ဒုက္ခသည်ထောက်ပံ့ကြေး ယူမယ်-မယူဘူး ပြဿနာရှိတယ်လို့ ကြားဖူးတယ်။
ဘုရားသုံးဆူ ဒေသမှာ နယ်စပ်က ကွေ့ဝိုက်သွားတယ်။ ကြားထဲမှာ ထိုင်းက စံခရပူရီ နယ်စပ်မြို့ကလေးရှိတယ်။ မြို့ ကလေးကတော့ ကရင်-မွန်လူမျိုးတွေ အများစုနေထိုင်ကြပြီး၊ ထိုင်းကတော့ ဝန်ထမ်းတွေ အပါအဝင်၊ ၅ ရာခိုင်နှုန်း ဝန်းကျင် လောက်ပဲရှိလိမ့်မယ်။ ဘုရားသုံးဆူနဲ့ စံခလပူရီမြို့က ကီလိုမီတာ ၂၀ လောက် ဝေးတယ်။ မြေနီလမ်း ကားလမ်းပေါက်တယ်။ (အခုတော့ ကတ္တရာလမ်းကျယ်ကြီး ဖြစ်နေပြီ)။ စံခလပူရီကနေ အခြား နယ်စပ်တဖက်ကို ဘီးခီးချောင်းအတိုင်း လှေစီးခရီးသွားရင် ၃-နာရီလောက်အကြာမှာ ကျနော်တို့ ကလိန်ကန်စခန်းရှိတယ်။ ဒါလည်း မွန်ဒုက္ခ သည်ရွာကြီးပဲ။ နယ်စပ်နဲ့ လမ်းလျှောက်ရင် တောထူပြီး တနာရီအကြာ ခရီးလောက်ရှိမယ်။ အဲသည်မှာ မွန်ဗဟိုစခန်း အသစ်လုပ်ထားတဲ့နေရာ၊ "လှပဒပ်" စခန်း ရှိတယ်။ တောလမ်းအတိုင်းလျှောက်ရင် တနင်္သာရီ တောင်ညိုတောင်တန်း ကြီး ဖြတ်ရမယ်။ ပြီးရင် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ်ဒေသတွေကို ဖြတ်ပြီး ဆင်းသွားရင် ရေးမြို့ တောင်ဖက် ဒေသ တွေကို ရောက်နိုင်တယ်။ ကျနော်တို့ ကျောင်းသားစခန်းချဖို့တော့ ရွာနောက်ကျောဖက်က စမ်းချောင်းလေးဖြတ်စီးနေတဲ့ တောင်ကြားလျှိုနေရာကလေးတခုကို ပေးထားတယ်။ ကလိန်းကန်းစခန်းကနေ ချောင်းအောက်ဖက် နာရီဝက်လောက် လမ်းလျှောက်ရတဲ့နေရာမှာ ဗိုလ်မှူးနိုင်ကားရော့ ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ တပ်ရင်း (၃၃၃) တပ်ရင်းစခန်း (ပနန်းထော်ကျေးရွာ) ရှိတယ်။
အဲဒီမှာ တပ်ရင်း (၁၀၁)၊ တပ်ရင်း (၁၀၂)၊ ကျနော်တို့ (၁၀၁-ခွဲ ၂) သုံးအုပ်ပေါင်းပြီး၊ အုပ်စုလိုက် စခန်းချနေကြရတယ်။ အဲဒီမှာ လိုအပ်ချက်အရ နယ်မြေပုံစံ စုဖွဲ့မှု ပြန်လုပ်ကြတယ်။ အဲဒီအခါ ကျနော်က ဘုရားသုံးဆူဒေသ နိုင်ငံရေးမှူး ဖြစ်လာတယ်။ ဒု-နိုင်ငံရေးမှူး အဖြစ် ၁၀၂ က [အမည်မမှတ်မိ] တာဝန်ယူတယ်။ တပ်ရင်း (၁၀၂) စခန်း ဥက္ကဋ္ဌ ကိုသီရိညွန့်က ဒုတိယအကြိမ် မင်းသမီးစခန်းညီလာခံ (၁၉၈၉ နိုဝင်ဘာ၊ ဒီဇင်ဘာ) အပြီးမှာ ဗဟိုကော်မီတီမှာ အတွင်းရေးမှူး (၁) တာဝန်ဖြစ်သွားတယ်။ စစ်ရေးခေါင်းဆောင်အဖြစ် တပ်ရင်း (၁၀၁) က ဆရာကျော်တင့်က တာဝန်ယူ တယ်။ သူက စစ်တပ်ကအငြိမ်းစားပြီး သူ့ရွာမှာ နားနေခဲ့တဲ့၊ တိုက်ပွဲအတွေ့အကြုံများတဲ့ တပ်ကြပ်ကြီးတဦးပဲ။ ကျနော်တို့ စစ်သင်တန်းတွေ လုပ်တုန်းကလည်း သူက ဦးဆောင်သင်တန်းပေးတဲ့အထဲ ပါတယ်။ တပ်ရေးအဖြစ် ကိုတိုးကြီး (၁၀၂) က တာဝန်ယူတယ်။ တပ်ထောက်တာဝန်ကိုတော့ ကျနော်တို့ဆီက ဆရာ ဦးအောင်မြင့်စိုး၊ တပ်ရင်း (၁၀၂) က ကိုရဲမွန် တို့က တာဝန်ယူကြတယ်။ ပြင်ပဆက်ဆံရေးရုံး၊ ထောက်ပံ့ရေးရုံးအဖြစ် စံခပူရီမှာ ကျနော်တို့ အိမ်ကလေးတလုံးငှားထား ကြတယ်။
လက်နက်ရှိတဲ့ ကျနော်တို့တပ်တွေကတော့ ဘုရားသုံးဆူအကျမှာပဲ ရှေ့တန်းကို အခြားလမ်းကြောင်းက ဆင်းသွားကြ တယ်။ အချို့ကလည်း ရှေ့တန်းဆင်းဖို့ ပြင်ပြီးစောင့်နေကြတယ်။ အထူးသဖြင့်တော့ ရေးမြို့ကို စစ်ဆင်ရေး သွားတိုက် ကြမယ်ဆိုတာ တစုံတရာ သိပြီး ပြောဆိုနေကြတယ်။ တပ်ရင်း (၁၀၂) က ကိုကိုလေးဦးဆောင်တဲ့ တပ်ဖွဲ့၊ ကျနော်တို့ ဆီက ကိုဝင်းနိုင်ဦး၊ ကိုမင်းလွင်တို့ အပါအဝင် အချို့တပ်တွေက ဘုရားသုံးဆူကျပြီးနောက်ပိုင်းမှာ အရင် ရှေ့တန်းဆင်း နေကြ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက တောင်ပေါက် ၂၄ ရွာဖက်ကို ဆင်းသွားကြတယ်။ မွန်-ကရင်ပူးတွဲအုပ်ချုပ်ရေး ဒေသတွေပဲ။ တပ်ရင်း (၁၀၁) က ဦးနန္ဒ၊ ကိုတင်စိုးမောင် သူ့တပ်တွေနဲ့ တပ်ရင်း (၁၀၂) က ကိုဝင်းမိုး၊ ကိုကိုဦး၊ ကိုအေးမင်း၊ ကိုဘတိုးတို့ အုပ်စုတွေက ရေးတောင်ပိုင်းဒေသဘက်ကို စစ်ကြောင်းဆင်းကြတယ်။ အခု ခေါဇာမြို့၊ ကဗျာဝကမ်းခြေ ဖြစ်နေတဲ့ ဒေသတွေပဲ။
အဲဒီအချိန်မှာ မွန်ပြည်သစ်ပါတီမှာလည်း နိုင်ငံရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ပန်းသာက သူ့စာအုပ်မှာ ရေး ထားခဲ့တယ်။ ၁၉၉၀ ခုနှစ်၊ ဖေဖေါ်ဝါရီလထဲမှာပဲ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင် နိုင်တင်အောင်၊ ထိုင်ဝမ် အဆက်အသွယ် မစ္စတာယပ် (Mr. Yap)၊ ဦးဇင်းဝိဇျာန်၊ ဦးဥတ္တမတို့ ခေါင်းဆောင်ပြီး လျှို့ဝှက် ဆွေးနွေးပွဲတခုလုပ်တယ်။ ဦးဇင်းဝိဇျာန်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေကို ဖယ်ရှားပြီး မွန်ဆရာဝန်ကြီး တဦး ဖြစ်တဲ့ နိုင်စုအက်ကို သမ္မတ၊ နိုင်တင်အောင်ကို ဝန်ကြီးချုပ်၊ မစ္စတာယပ်ကို နိုင်ငံခြားရေးဝန်ကြီးထားပြီး မွန်အစိုးရအဖွဲ့ တခု ဖွဲ့ဖို့ ကြိုးစားတယ်လို့ ဆိုတယ်။ နောက်ပိုင်းမှာ မစ္စတာယပ်ကိုယ်တိုင်က ဒီအကြောင်းတွေကို မွန်ပြည်သစ်ပါတီဆီကို တိုင်ကြားခဲ့တယ်လို့ ရေးထားတယ်။ ဒါပေမယ့် မွန်ပြည်သစ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ချမ်းတွဲ့ကတော့ ဒီကြိုးပမ်းမှုက အောက်ခြေထုအပေါ် သက်ရောက်မှုမရှိခဲ့ဘူး။ နိုင်ငံရေးအရ ဂယက်ထမှုလည်း နည်းပါတယ်လို့ ဆိုတယ်။ (နိုင်ပန်းသာ၊ စာ- ၂၇၆-၂၇၇)
မွန်ပြည်သစ်ပါတီ၊ ဒု-စစ်ဦးစီးချုပ်က ရေးမြို့ကိုတိုက်ဖို့ စစ်ပြင်ဆင်တယ်လို့ ဆိုတယ်။ အဲဒါကို မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့က သိပြီးတော့ တားမြစ်တယ်၊ စစ်ဦးစီးချုပ်နဲ့ မွန်ပြည်သစ် ဥက္ကဋ္ဌကိုယ်တိုင်က တားမြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ရေးမြို့ကို တိုက်ဖို့ စစ်ဆင်ရေးဖြစ်လာခဲ့တယ်။

ဘုရားသုံးဆူ နေ့ရက်များ (၁၄)
=========
ဘုရားသုံးဆူရွာက ပြန်လည်စည်ကားစပြုနေချိန်မှာ တိုက်ပွဲဖြစ်တော့ ကုန်သည်လမ်းတွေ ပြတ်တောက်သွားတယ်။ သိမ်း လိုက်တဲ့ အစိုးရစစ်ကြောင်းကိုယ်တိုင်က လမ်းတွေသေချာ ပြန်မဖွင့်နိုင်သေးဘူး။ ထိုင်းသစ်ကုန်သည်ကြီး 'စီယာဟု' ပေးတဲ့ရိက္ခာနဲ့ ရှင်သန်နေရတယ်။ တခါတလေ စံခရပူရီဈေးမှာ မြန်မာစစ်တပ်အတွက် စစ်ဗိုလ်၊ စစ်သားတွေ ရိက္ခာ လာဝယ်တာလည်း တွေ့ရတယ်။ ဗျူဟာမှူး ဗိုလ်မှူးချုပ်စစ်မောင်အပြန်ကားကို ကေအဲန်ယူက ချောင်းပစ်တယ်။ RPG ဒုံးနဲ့ ထုတယ်။ ဒါပေမယ့် သူကံကောင်းသွားတယ်။ သူစီးရမယ့်ကားမှာ ဘုန်းတော်ကြီးတပါးကို ရှေ့ကပေးစီးပြီး၊ သူက နောက်က ကားမှာထိုင်လိုက်တဲ့အတွက် ကံသီပြီး လွတ်သွားတယ်။ ဒါပေမယ့် ပုံမှန်ကုန်သည်လမ်းကြောင်း မဖွင့်နိုင်သေး တော့ ကုန်သည်တွေက သောင်တင်ပြီး၊ ပြန်ဖို့စောင့်နေရတယ်။
ဒီလိုနဲ့ ရေးကိုထိုးစစ်ပြန်လုပ်ဖို့ မွန်စစ်ကြောင်းတွေ ဆင်းတော့ ကုန်သည်တွေပါ တအုံတမကြီး လိုက်ပါလာခဲ့တယ်။ ရေးမြို့ တိုက်ဖို့ စစ်ဆင်ရေးကို ကျနော်တို့ ABSDF ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်တာ မရှိပါဘူး။ သို့သော်လည်း ကျနော်တို့ တပ်ဖွဲ့တွေက မွန်တပ်ဖွဲ့တွေနဲ့အတူ စစ်ကြောင်းဆင်းတာ လိုက်ပါသွားကြတယ်။ နောက်ပိုင်းမှာ စစ်ဆင်ရေး ဘယ်လောက် စနစ်မကျပုံကို ကျနော်တို့ ရဲဘော်တွေဆီက ပြန်ကြားကြရတယ်။ ဆင်းသွားတဲ့တပ်တွေက အောက်ခြေမြို့နားကပ်တဲ့အခါ သတင်းမပေါက်အောင် ကုန်သည်တွေကို သစ္စာရေတိုက်၊ သစ္စာဆိုခိုင်းကြတယ်။ မွန်တပ်တွေမှာ ဓလေ့တခုရှိတယ်။ ခင်လွန်းကြပြီဆိုရင် ကျည်ဆံ၊ ဓားတွေကို ရေပုံးထဲထည့် ရေထည့်၊ သစ္စာရေသောက် မိတ်ဆွေဖြစ်ဖို့၊ သစ္စာမဖောက်ကြဖို့ သစ္စာဆို မိတ်ဆွေဖွဲ့လေ့ ရှိကြတယ်။ ABSDF အချို့ခေါင်းဆောင်တွေနဲ့ မွန်တပ်မှူးတွေ အဲသလို သစ္စာဆိုမိတ်ဆွေဖွဲ့တာ လည်း ရှိခဲ့တယ်။ အဲသည်တော့ ကျည်ဆံ၊ ဓားတွေကို ရေပုံးထဲထည့်၊ သစ္စာရေတိုက်ပြီး ကုန်သည်တွေကို သတင်း မပေါက်ကြားစေဖို့ ကတိပြုစေကြတယ်ဆိုတယ်။ ဒါတင်မကသေးဘူး။ မွန်တပ်မှူးအချို့က ရေးမြို့ထဲမှာရှိတဲ့ သူတို့ဆွေမျိုး သားချင်းတွေကို အန္တရာယ်ကနေ ရှောင်နေကြဖို့ သတိပေးစာတွေ မှာကြားကြတယ်လည်း ဆိုတယ်။
မွန်တပ်မှူးတွေကို သူတို့တာဝန်နဲ့ ပူးတွဲပြီး တပ်ခွဲအရွှေ၊ တပ်ခွဲအလွှိန်း၊ တပ်ခွဲထာဝရ စသည်ဖြင့် ခေါ်ကြတယ်။ သဘော ကတော့ တပ်ခွဲတခုကို ကိုင်တဲ့ နိုင်အရွှေ၊ နိုင်အလွှိန်း … စသည်ဖြင့် သိသာအောင် ခေါ်ကြတာပါ။ ကျနော်တို့တပ်တွေက အချို့က တပ်ခွဲထာဝရနဲ့ ပူးတွဲရတယ်။ တပ်ခွဲအရွှေ၊ တပ်ခွဲအလွှိန်း၊ ၁၁၁ တပ်ရင်းမှူး ဗိုလ်မှူးမြင့်ဆွေ၊ ဒု-ရင်းမှူး ဗိုလ်မှူး ကျော်စိုး.. စသည်တို့နဲ့လည်း အလျင်းသင့်သလို စစ်ကြောင်း ပူးတွဲလျှောက်ကြရတယ်။
ဒီလိုနဲ့ ၁၉၉၀ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ရေးမြို့ ကို စစ်ဆင်ရေး တိုက်ဖို့ ဖြစ်လာတယ်။ မွန်-ကျောင်းသား ပူးပေါင်း အင်အား ၃၀၀ ခန့်ရှိမယ်။ မနက်အာရုံတက်မှာ သတ်မှတ်နေရာ ရောက်ဖို့ ပြင်ဆင်ထားကြပေမယ့် အချို့တပ်တွေက သတ်မှတ်နေရာ မရောက်ဘူး။ ပျက်ကွက်တယ်။ သတင်းပေါက်ကြားတော့ ရေးမြို့ပင်လယ်နားမှာ ရေတပ်သင်္ဘော ၂ စင်း အဆင်သင့်ပြင်ဆင်ထားတယ်။ တိုက်လေယာဉ်တွေလည်း အသင့်လုပ်ပြင်ဆင်ထားတယ်။ အစိုးရ စစ်တပ်တွေက ရေးမြို့ ထဲမှာ အိမ်တွေအောက်မှာ ကတုတ်ကျင်းတွေတူးပြီး နေရာယူထားကြတယ်။ ဒီလိုနဲ့ မြို့ထဲအရင် ကျွံဝင်သွားတဲ့ တပ်ခွဲ တခုက လုံးဝပိတ်မိပြီး လက်နက်ချလိုက်ရတဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်။ အကယ်၍ ပြန်လည် ပစ်ခတ်မယ်ဆိုရင်လည်း အိမ်အောက်တွေမှာ နေရာယူထားတဲ့ စစ်သားတွေနဲ့ ပစ်ခတ်ရမယ်။ အရပ်သား အထိအခိုက် များမယ်။ ဒီလိုနဲ့ လူ (၄၀) လောက် တပ်ခွဲတခွဲက လက်နက်ချ အရှင်မိခံလိုက်ကြရတယ်။ ABSDF က ရဲဘော် ၅ ယောက်က မြို့ခံတွေဆိုပြီး၊ အဲဒီ တပ်ခွဲနဲ့အတူ ပါသွားကြတော့ သူတို့ကိုလည်း အရှင်မိတယ်။ အရှင်မိတဲ့ ရဲဘော်အားလုံး ကြိုးတုတ်ပြီး၊ မြို့လည်မှာပဲ ရိုက်သတ်ခံလိုက်ကြရတယ်။ ဝင်ရောက်လာတဲ့ မွန်တပ်တွေက ရဲစခန်းတခု၊ စခန်းတခု၊ တပ်ရင်းဌာနချုပ်တို့ကို တပြိုင် နက်တိုက်ခိုက်တယ်။ တိုက်ပွဲအပြီး သူပုန် အလောင်း ၄၃ လောင်းရတယ်။ အစိုးရစစ်သား ၄ ဦး သေဆုံးတယ်၊ အခြား ၁၄ ဦး ဒဏ်ရာရတယ်လို့ အစိုးရသတင်းကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ပြန်ဖော်ပြတယ်။ (BBC quotes Rangoon Radio, 03/27/90).
ကျဆုံးသွားတဲ့ ABSDF ရဲဘော်တွေထဲမှာ ကိုရွေဘပါတယ်။ သူက ရေးမြို့အခြေစိုက် (ခလရ) ၆၁ က ထွက်လာခဲ့တာ။ စစ်တပ်ထဲက ဖိနှိပ်မှုတွေကို မကျေနပ်လို့ထွက်လာတာ။ တပ်ကြပ်အဆင့်။ တောထဲရောက်တော့ စစ်သင်တန်းတွေပို့ချ တဲ့နေရာမှာ သူတို့ပါခဲ့တယ်။ ပထမတော့ သူက ABSDF တပ်ရင်း (၁၀၁) က၊ နောက်တော့ (၁၀၂) က စစ်သင်တန်းပို့ချ ဖို့ လူလိုလို့ ပြောင်းပေးခဲ့တာ ။ "သူက ရေးမြို့ထဲက တပ်တွေအနေအထားကို သိတော့၊ ရေးမြို့ကို ဝင်စီးဖို့ လုပ်တဲ့အခါ တပ်စု တစ်စုကို ခေါင်းဆောင်ဖို့  တာဝန်ပေးခဲ့တယ်။ ဒီလို တာဝန်ပေးခံရတဲ့အခါမှာ သူက တစ်ခု မေတ္တာရပ်ခံတယ် တဲ့။ ရေးမြို့ ထဲမှာ မသန်မစွမ်း စစ်သည်တွေ စုထားတဲ့နေရာ တနေရာ ရှိတယ်။ အကယ်၍ ရေးကို ဝင်သိမ်းပိုက်လို့ ရတဲ့အခါ အဲဒီ မသန်မစွမ်း စစ်သားတွေကိုတော့ သူ မပစ်ပါရစေနဲ့လို့ ပြောသတဲ့။ ဒါဟာ အခြေအနေရ ရပ်တည်မှု မတူတော့ပေမယ့် သူဟာ အောက်ခြေရဲဘော် တပ်မတော်သားတွေ အပေါ် စာနာထောက်ထားတဲ့ စိတ်ထားရှိတယ်ဆိုတာကို ပြတာပဲ။ သူတို့ ဟာ ရန်သူဘက်က ပိတ်ဆို့တာ ခံလိုက်ရပြီး အရှင် ဖမ်းမိသွားတဲ့ ဆရာရွှေဘတို့ တတွေဟာ ရက်ရက်စက်စက် အသတ်ခံ လိုက်ရတယ်လို့ ကြားသိခဲ့ရတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသား တပ်မတော်က ဆရာရွှေဘ၊ ရဲဘော်တင်ထွန်း၊ ရဲဘော်ခန့် စိုး၊ တင့်လွင်နဲ့ နောက်တယောက် အပါအ၀င် ၅ယောက် ကျဆုံးခဲ့ပြီး၊ မွန်ပြည်သစ်ပါတီက ၃၈ ယောက် ကျဆုံးခဲ့ရတယ်" လို့ ကိုဌေးဝင်းက ရေးတိုက်ပွဲအကြောင်း ပြန်လည်မေးမြန်းရေးထားတဲ့ ဆောင်းပါးမှာ ဖော်ပြထားတယ်။ (ဌေးဝင်း၊ "စစ်သား သူပုန် ကိုရွှေဘ"၊ ၂၀၁၇ အောက်တိုဘာ ၁၊ သံလွင်တိုင်းမ်ဂျာနယ်) ရေးမြို့ထဲမှာ မြို့နယ်ဆရာဝန်ကြီးက ဒီမို ကရေစီအရေးလိုလားတယ်။ အခု ဝင်လာတဲ့သူပုန်တပ်ဖွဲ့တွေမှာ ကျောင်းသားတွေလည်း ပါဝင်ကြောင်း သူသတင်းကြား ထားတော့ ခေါက်ဆွဲကြော်တွေ ကြော်ပြီး ကြိုဆိုဖို့ ပြင်ဆင်ထားတယ်။ မအောင်မြင်တဲ့ စစ်ဆင်ရေးအပြီး သူလည်း အဖမ်းခံ ရတယ်။ ပြန်လည်ဆုတ်လာတဲ့ စစ်ကြောင်းတွေကို နောက်ကနေ လေတပ်က PC-7 တိုက်လေယာဉ်တွေနဲ့ လိုက်ပစ် တယ်။ လေကြောင်းက ပစ်တာ ပထမဦးဆုံး ခံကြရတာပဲ။ သို့ပေမယ့် အထိအခိုက်တော့ မရှိခဲ့ဘူး။ ဒီလို ကျနော်တို့ရဲ ဘော်တွေ ကျဆုံးခဲ့ရတဲ့ သတင်းကို ကျနော်ကို မွန်ဗျူဟာမှူး ဗိုလ်မှူးနိုင်ကားရော့က တိုးတိုးတိတ်တိတ် ခေါ်ပြောပြတယ်။
အဲသည်နောက်ပိုင်းတော့ တိုက်ပွဲတွေ သိပ်မရှိလှဘဲ၊ (အနည်းအကျဉ်းတော့ ရှိပြီး၊ ရင်ဆိုင်တိုက်ပွဲတွေမှာ ကျနော်တို့ဖက် က ကျဆုံးတာတွေလည်း ရှိခဲ့တယ်) ရေးမြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်းဒေသတွေမှာပဲ စည်းရုံးရေးသဘော စစ်ကြောင်း လှည့်နေခဲ့တယ်။ အဲသည်မှာ ကျနော်က စစ်ကြောင်းနိုင်ငံရေးမှူးလည်းဖြစ်၊ တဖက်မှာ ဆေးမှူးအဖြစ်နဲ့ ရှေ့တန်းကို ဆင်း သွားခဲ့တယ်။ အမှန်က စစ်ကြောင်းနိုင်ငံရေးမှူးသာ ဆိုတယ်။ နိုင်ငံရေးအရ သိပ်ဦးဆောင်မှု ပေးနိုင်တာတော့ မဟုတ်ဘူး။ တခါတရံ အစည်းအဝေးရှိတယ်။ အရင်က ဖွဲ့စည်းပုံအတိုင်း (၁၀၁)၊ (၁၀၂)၊ ခွဲ (၂) စသည်ဖြင့် အုပ်စုဖွဲ့ လှည့်လည်သွား လာနေကြတာပဲ။ သို့သော်လည်း အရင်ကထက်တော့ အချင်းချင်းပိုလို့ ရင်းနှီးလာကြတယ်။ နောက်ပြောင်ကျီဆယ်တာ တွေ၊ ပူးပေါင်းဆောင်ရွက်တာတွေလည်း ပိုလာခဲ့တယ်။ ကျနော်တို့ ရှေ့တန်းဆင်းတော့ တတ်နိုင်သလောက် ဆေးဝါးတွေ သယ်ကြရတယ်။ အောက်ရွာတွေမှာ ဆေးကုပေးနိုင်အောင်ရယ်၊ ကိုယ့်ရဲဘော်တွေ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် အောင်ရယ်ပဲ။
ကျနော်နဲ့အတူ ရဲဘော်မျိုးသန့် (ယခု ကနေဒါ)၊ ရဲဘော်မြင့်အောင် (ဂုရု) (ပွင့်သစ်-ကလိန်ကန်ဆိုပြီးလည်း စာတွေ၊ ကဗျာတွေရေးတယ်၊ သူ့အဖေ ဦးအောင်ခင် က ရန်ကုန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ အမှုတွဲနဲ့ ဖမ်းခံရတယ်။) ကိုမင်းဇော် (ယခု ABSDF တပ်ရင်းမှူး) တို့ ပါကြတယ်။ အဲဒါအပြင် မြန်မာပြည်ပြန်ဖို့ ပြန်ထည့်ပေးလိုက်တဲ့ မြေအောက်ရဲဘော် (ယူဂျီ) နှစ် ယောက်လည်း ပါလာခဲ့တယ်။ ကျနော်တို့ရဲဘော်တွေ အများအားဖြင့် လှည့်လည်ကျက်စားတဲ့ ရွာတွေကတော့ ရေး တောင်ပိုင်းဒေသက ခေါဇာရွာ၊ ကဗျာဝ၊ ရင်းရဲ၊ ရင်းဒိန်း၊ ရေးမြို့နဲ့ ၄ မိုင်လောက်ပဲဝေးတဲ့ ဟန်ဂံရွာ .. စသည်ဖြင့် ရှိတယ်။ လှည့်သွားလှည့်လာ၊ ဒီရွာတွေကို ပြန်ဆိုက်တယ်။ မွန်တပ်တွေက ခေါဇာရွာကို စကားဝှက်နဲ့ "မြို့တော်" လို့ ခေါ်ကြတယ်။ ရွာကြီးပဲ။ "ခေါဇာအပျို ပြောစရာမလို" ဆိုတဲ့ စာချိုးလည်း ရှိသေးတယ်။ ခေါဇာရွာသူတွေက ချောတယ်။ အခါကြီး ရက်ကြီး ပွဲလမ်းတွေရှိတဲ့ အခါမျိုးမှာ သေသေချာချာ လှလှပပ ဝတ်စားကြတယ်။ ကျနော်တို့ ရဲဘော်တွေ အပီငန်းဖို့ ဖြစ်တာပေါ့။ ခေါဇာကနေ မိနစ်အနည်းငယ်လျှောက်ရင် ကဗျာဝတံငါရွာ ရှိတယ်။ ပင်လယ်ဆိပ်ကမ်းရှိတယ်။ ပင်လယ် စာ ဖောဖောသီသီ စားရနိုင်တယ်။ ကျန်တဲ့ရွာတွေမှာ ခြံတွေရှိပြီး ဒူးရင်းသီး၊ နာနတ်သီး အသီးအနှံလည်း ဖောဖောသီသီ စားရတယ်။ (အခုတော့ ခေါဇာမြို့ ဖြစ်နေပြီ။ ကဗျာဝလည်း ပင်လယ်အပန်းဖြေဆိပ်ကမ်းလုပ်ဖို့ ပြင်ဆင်နေတယ်။ ငြိမ်းချမ်းရေး အကျိုးဆက်တွေလို့ ဆိုနိုင်မယ်)။
ဒါပေမယ့် ပြဿနာရှိတာက ရွာမှာ အိမ်သာဆိုလို့ ဘုန်းကြီးကျောင်းမှာပဲ ရှိတယ်။ မနက်ဝေလီဝေလင်းဆိုရင် ရွာသား ရွာသူတွေ ရွာပြင်ထွက် တောထိုင်ကြတယ်။ ကျနော်တို့ရဲဘော်တွေက မနက်မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ တန်းစီ ကြရတယ်။ မဟုတ်ရင်တော့ တောထိုင်။ ဒီကိစ္စကတော့ မြို့ကြီးသား ကိုရဲဘော်တွေအတွက် အတော် ကသိကအောက် ဖြစ်ကြရတယ်။ ကျနော်တို့ရဲဘော်တွေက ရွာမှာ 'အမေ'မွေးကြတယ်။ စည်းရုံးရေးအပိုင်ဆိုပြီး မိသားစုသဖွယ် တအိမ်၊ နှစ်အိမ်ရှိထားတတ်ကြတယ်။ တပ်မှူးတွေကတော့ "အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊ သမီးအပျိုလည်း ရှိရမယ်" ဆိုတာမျိုး အိမ်ကြီးအိမ်ကောင်းကို ရှာလို့ စတည်းချတတ်ကြတယ်။ အိမ်မှာစခန်းချရင် မှတ်စုစာအုပ်ကိုထုတ်၊ ဟိုရေးသည်ရေး အလုပ်များချင်ယောင်လည်း ဆောင်တတ်ကြတယ်။ ကျနော်တို့က ဆေးကုနေတဲ့ ဆရာဝန်တွေဆိုတော့ စားရေး သောက်ရေး မခက်ခဲလှဘူး။ စားအိမ်ပေါတယ်။
ကျနော် မှတ်မိသလောက် ကျနော်တို့က တပ်ခွဲအလွှိန်းနဲ့ တွဲရတာများတယ်။ သူက အရပ်မြင့်မြင့်၊ အသံကျယ်ကျယ်၊ ပွင့်ပွင့်လင်းလင်း၊ စိတ်လည်းကောင်းတယ်။ ရေးတောင်ပိုင်းဒေသက သူ့ဇာတိ၊ သူက နည်းနည်းတော့ ဖွန်ကြောင်တယ် ပြောရမလား။ မိန်းမကြီးတွေနဲ့ စကားပြောဆို နေရပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့။ ဒေသခင်တဲ့အလျောက် မွန်ပြည်သစ် ပါတီ အကွဲအပြဲတွေမှာလည်း သူက ဒီဒေသကို အခြေပြုကျန်နေခဲ့တဲ့ သမိုင်းတွေရှိတယ်။ (နောက်တော့ မွန်ပြည်သစ်ပါတီ အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးတော့၊ ပါတီက ခွဲထွက် ဓားပြဖြစ်သွားခဲ့တယ်လို့ ကြားတယ်။ ဓားပြဖြစ်တော့ လည်း ဒီခွင်ပဲ။ နောက်ပိုင်းမှာတော့ လက်နက်ချပြီး အခုတော့ ရေးမြို့မှာ နေတယ်လို့ ဆိုတယ်)။ ကျနော်မှတ်မိသလောက် ကျနော်တို့ ရဲဘော်ထဲက ခပ်ပျော်ပျော်နေတတ်တဲ့ ကိုစိုးလေး (သူက မွန်လူမျိုး၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ (ကွယ်လွန်) နိုင်ထင်နဲ့လည်း တူတော်တယ်)၊ အသားမဲမဲနဲ့ ဘုန်းကြီးလူထွက် ဦးနန္ဒ (၁၀၁ စခန်းမှာ အလုပ်အမှုဆောင်ကော်မီတီဝင် ဖြစ်ခဲ့တယ်)။ တပ်ရင်း ၁၀၂ က ကိုဝင်းမိုး၊ ဆေးမှူးလုပ်တဲ့ ကိုဘတိုး၊ ဆေးတက္ကသိုလ်-၁ ကျောင်းသား ကိုအေးမင်း၊ ကျနော်တို့ခွဲ-၂ က ကိုနေမျိုး၊ ကိုမင်းဇော်၊ ကိုဇော်ဝင်းလွင် အပါအဝင် ရဲဘော်တွေ ရှိကြတယ်။ မွန်ရွာတွေမှာ အောက်နှိုက် မိန်းမပိုးတဲ့ ဓလေ့ရှိတယ်။ သဘောကတော့ ကိုယ်သဘောကျတဲ့ အိမ်က အပျိုမရှိရာကိုသွား၊ သူတို့ အိမ်တွေက ခြေတံ ရှည်တွေ၊ အောက်မှာ ခေါင်းငုံ့ပြီးဖြစ်စေ၊ လမ်းလျှောက်လို့ဖြစ်စေ ဝင်သွားလို့ရတယ်။ အပျိုမအခန်းကြမ်းပြင်မှာ အပေါက် တခုရှိမယ်။ အဲဒီကနေတဆင့် စကားပြောကြလို့ရတယ်။ အဆင်ပြေရင် လက်ကိုင်လို့ရမယ်။ ဒီထက်အဆင်ပြေရင်တော့ ဆင်းလာမှာပေါ့။ ဒီလိုမိန်းမပိုး ပြောဆိုကြတာကိုလည်း မိဘတွေက ခွင့်ပြုထားကြတယ်။ သို့သော်လည်း ဘာသာစကား အခက်အခဲကြောင့် ကျနော်တို့ရဲဘော်တွေက အောက်နှိုက်ဖို့ မစွမ်းကြဘူး။ မွန်ရဲဘော်တွေကတော့ ညညဆိုရင် သွားပြီး အောက်နှိုက်ပိုးပန်းကြတာတွေ ရှိတယ်။ ညကြီးမင်းကြီး မပြောမဆို သွားနေလို့၊ ကျနော်တို့ ကင်းစောင့်တဲ့ရဲဘော်တွေ နဲ့လည်း မကြာခဏဆိုသလို ပြဿနာ ဖြစ်ကြရတယ်။
ဒါပေမယ့် အပျိုပိုးပန်းဖို့၊ ငန်းဖို့တော့ ကျနော်တို့ ရဲဘော်တွေ လက်မနှေးကြဘူး။ ကျနော်တို့ရင်းရဲရွာကို ရောက်ရင် အပျို ချောချောရှိတဲ့ အိမ်တအိမ်ကို ဝင်လေ့ရှိကြတယ်။ အမျိုးသမီးကလည်း ခြံထွက်သီးနှံတွေဖြစ်တဲ့ နာနတ်သီး၊ ဒူးရင်းသီး ခွဲကျွေးလေ့ရှိတော့ အစားလည်းစားရ၊ ပိုးလည်းပိုးရပေါ့။ တရက်တော့ နေမကောင်းလို့ ဆိုပြီး လာခေါ်တယ်။ တပ်ရင်း (၁၀၂) က ဆေးမှူးကိုဘတိုးကလည်း ချက်ချင်းထလိုက်သွားတယ်။ မိုးဥတု ရာသီဥတုက အေးစိမ့်စိမ့် ဖြစ်နေလို့ ကောင် မလေးကလည်း အနွေးထည်ပါးပါးလေး ဝတ်ထားတာ တွေ့ရတယ်။ ကိုဘတိုးက အိမ်ပေါ်ရောက်တာနဲ့ ချက်ချင်း မပြော မဆို ကောင်မလေး လက်ကိုဖမ်းဆွဲပြီး၊ လက်ကောက်ဝတ်က သွေးခုန်နှုန်းကို တိုင်းလိုက်တယ်။ "မှန်း…. ဘယ်လိုအခြေ အနေရှိလဲပေါ့"။ ဟိုက အပြောရခက်နေတယ်။ ရှက်နေတယ်။ နောက်တော့မှ မပြောမဖြစ်လို့ ထုတ်ပြောရတယ်။ နေ မကောင်းတာက သူမဟုတ်ဘူး။ သူ့အဖေ။ ဖြစ်တာက ဝမ်းလျှောနေတာ။ ဘာဖြစ်ဖြစ်ပေါ့။ ဒီလို လွဲတာမျိုးလေးလည်း ရှိခဲ့ ဖူးတာပေါ့။
ဒီလို အပျိုငန်းကြပုံ ဇာတ်လမ်းတွေကို တပ်ရင်း (၁၀၂) က 'မာမီ' လို့ နာမည်ပြောင်ခေါ်တဲ့ သီဟမင်းက စစ်ကြောင်း လျှောက်တုန်း တဟားဟားရယ်လို့ အူနာရအောင် ပုံပြင်ဇာတ်လမ်းတွေကို လက်ထိုးဇာတ် ဖန်တီးပြောတတ်တယ်။ သီဟမင်းပြောဖူးတဲ့ ဟာတတခုက မှတ်မှတ်ရရ ရှိတယ်။ တခါက ရွာတခုမှာ အမေက သမီးဖြစ်သူကို လှမ်းပြောတယ်။ "သမီးရေ… ကျွဲတွေသိမ်း၊ နွားတွေ သိမ်း၊ မွန်တပ်လာတယ်"။ သူဆိုလိုတာက မွန်တပ်တွေက ကျွဲ၊ နွားတွေကို သိမ်းတာ၊ အခွန်ကောက်တာတွေ ရှိတတ်တယ်ပေါ့။ "သမီးရေ… ထမီတွေရုပ်၊ အဝတ်စုတ်တွေရုပ်… ဗမာစစ်တပ်လာတယ်"။ သူက ခပ်နှိမ်နှိမ်ပြောတာ။ စစ်တပ် စစ်ကြောင်းလာရင် ထဘီစုတ်တောင် ချမ်းသာမပေးဘူးပေါ့။ ခိုးဝှက်ကြပုံ ပြောပါတယ်။ နောက်တခါကျတော့ အမေက သမီးကိုပြောတယ်။ "သမီးရေ… လူသာလွတ်အောင်ပြေးပေတော့၊ ကျောင်းသားတပ် လာတယ်"။ သူဆိုလိုချင်တာ… ဘယ်အပျိုမှ မလွတ်စေရဆိုတဲ့ အမောင်ကျောင်းသားတွေပါပဲ။


ဘုရားသုံးဆူ နေ့ရက်များ (၁၅)
========
ကျနော်တို့ စံခလယ်ဒုက္ခသည်စခန်းမှာ ရှိနေတုန်းပဲ ကိုဇော်ထွန်းကို ABSDF ဗဟိုက လှမ်းခေါ်တယ်။ အကြောင်းကတော့ ဝဒေသဖက်ကို ဆေးကုပေးဖို့ မစ်ရှင်တခုမှာ လိုက်သွားဖို့ပဲ။ နောက်ပိုင်းမှာ ကိုဝင်းနိုင်ဦးကလည်း တောင်ပေါက် ၂၄-ရွာ စစ်ကြောင်းကနေ၊ ကေအဲန်ယူ တပ်မဟာ-၆ လမ်းက တဆင့် ဗဟိုကို ရောက်သွားတယ်။ သူလည်း ဝဒေသမှာ ကျန်းမာ ရေး အကူအညီပေးဖို့ မစ်ရှင်မှာ ပါသွားတယ်။ အဲဒီ ကြာအင်းဆိပ်ကြီးစစ်ကြောင်းကပဲ ကိုပိန် (ခေါ်) ဇော်လွင်စိုး (၁၀၂) (ယခု USA) နဲ့ ကျနော်တို့ ခွဲ (၂) က ရဲဘော်မွှေးကြိုင် (ခ) ကိုထွန်းခင်တို့ကလည်း ဝဒေသမစ်ရှင်မှာ ပါသွားကြတယ်။ အချိန်ကတော့ ၁၉၈၉ နှစ်ကုန်ပိုင်းလောက်ဖြစ်မယ်။
ဝတိုင်းရင်းသား တပ်ဖွဲ့တွေက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေါင်းဆောင်မှုကို ပုန်ကန်ပြီး ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီး ဧပြီလ ၁၇ ရက်နေ့မှာ အာဏာသိမ်းလိုက်ကြတယ်။ အရင် ဗကပခေါင်းဆောင်ပိုင်းကိုတော့ တရုတ်ပြည်ဘက် ပို့လိုက်ကြ တယ်။ ပြီးတဲ့နောက်မှာ ဝတပ်ဖွဲ့တွေက ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (ဝသပ) UWSA ကို ဖွဲ့စည်းလိုက်ကြတယ်။ အားလုံးက (ဝသပ) ဘာလုပ်မလဲ စိတ်ဝင်တစား နားစွင့်နေကြတယ်။ သူတို့တိုက်ခိုက်ရေးအင်အားက ၂-သောင်းကျော်၊ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ပေါင်းရင် အင်အား ၃ သောင်းကျော် တိုက်ရည်ခိုက်ရည် ကောင်းတဲ့တပ်ကြီး။ အရင် တရုတ်ပြည် က ထောက်ပံ့ထားတဲ့ လက်နက်ကျည်တွေကလည်း ဂိုဒေါင်တွေနဲ့ ဆိုတာမျိုး ကောလာဟလတွေလည်း ရှိသေးတယ်။ သူတို့က မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) တပ်ပေါင်းစုကို လာဆက်သွယ်တယ်။ သူတို့မှာ ယာယီ ဆန်အခက်အခဲ ရှိနေတယ်။ ကူညီပါ။ သူတို့ ဆက်တိုက်ကြမယ်ဆိုပြီး ပြောတယ်ဆိုတာမျိုး ကျနော်တို့ တဆင့်ပြန်ကြား ရတယ်။ DAB တပ်ပေါင်းစုဖက်က မကူညီလိုက်နိုင်ဘူး။ နောက်ပိုင်းမှာတော့ (ဝသပ) တပ်ဖွဲ့တွေက စစ်အစိုးရနဲ့ ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်။
အဲဒီအချိန်မှာပဲ ABSDF (ဗဟို) ခေါင်းဆောင်တွေက ဝတောင်ပိုင်းဒေသ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်။ ABSDF ဖက်က ဆေးကုသရေး အကူအညီ၊ ပညာရေး (ကျောင်းဆရာ) အကူအညီ ပေးမယ်။ အလားတူပဲ ဝဖက်တက်မယ့် အဖွဲ့ တွေနဲ့အတူ ပလောင်ဒေသမှာ ABSDF တပ်ရင်း (၅၀၁) ဖွဲ့စည်းရေးအတွက်လည်း ပလောင်ခေါင်းဆောင်တွေနဲ့ သဘော တူညီထားတဲ့ မစ်ရှင်လည်း ပါတယ်။ တပ်ရင်း (၅၀၁) ဖွဲ့ဖို့ ရဲဘော်တွေကတော့ သံလွင်စခန်း တပ်ရင်း (၂၀၉) က များတယ်။ ကျနော်တို့ တပ်ရင်း (၁၀၁) ခွဲ ၂ က ကိုသိုက်ထွန်းဦး (ယခု သြစတြေလျ) က တပ်ရင်းမှူးအဖြစ် တာဝန်ပေး ခံရတယ်။
ဝတောင်ပိုင်းဒေသကို လွှတ်မယ့် ဆေးမစ်ရှင်အဖွဲ့မှာ ၅-ဦး ပါတယ်။ အဖွဲ့ခေါင်းဆောင်က ဒေါက်တာပါကျင် (ယခု သြစတြေလျ)၊ သူက ချင်း လူမျိုး၊ ဆရာဝန်။ ၈ လေးလုံး အရေးတော်ပုံပြီးတော့ တောထဲ ထွက်လာခဲ့တယ်။ တိုင်းရင်းသားဖြစ်တဲ့ အလျှောက် ရိုးသား ဖြူစင်တယ်၊ သဘောဖြောင့်တယ်။ လုပ်ချင်ကိုင်ချင်စိတ်၊ တော်လှန်ရေးအတွက် တက်ကြွစိတ်လည်း ရှိတယ်။ ဒါပေမယ့် ချင်းတော်လှန်ရေးပါတီ CNF ကိုလည်း သူက မဝင်ချင်ဘူး။ ဆရာက နိုင်ငံရေး ပါတီတခုခုမှာလည်း ခြေစုံပစ် မဝင်ချင်ဘူး။ နောက်ဆုံး အခု တာဝန်ပေါ်လာတော့ သူနှင့် အံကျဖြစ်သွားတယ်။ ဆေးတက္ကသိုလ် -၂ မှ နောက်ဆုံးနှစ်ကျောင်းသား ကိုဝင်းနိုင်ဦး၊ ကိုဇော်ထွန်း (ဆေး-၂) တို့ပါတယ်။ အုတ်ဖိုဇာတိ ကျနော်တို့ခွဲ-၂ ကရဲဘော် ကိုမွှေးကြိုင် (ခေါ်) ကိုထွန်းခင် (ယခု ကျဆုံး) နဲ့ တပ်ရင်း ၁၀၂ က ကိုပိန် (ဇော်လွင်စိုး) တို့ ပါတယ်။ ကိုပိန်ကတော့ ရန်ကင်းသား၊ ဆေးပညာနဲ့ဝေးပေမယ့် ကိုဝင်းနိုင်ဦးနဲ့ ရင်းနှီးလို့ ပါသွားပုံ ရတယ်။
ABSDF က မြောက်ပိုင်းကို လွှတ်တဲ့ တခြားယူနစ်တွေလည်း ရှိသေးတယ်။ ဝတောင်ပိုင်းဌာနချုပ်ရှိ ကျောင်းတွေမှာ စာသင်ဖို့ ကျောင်းဆရာယူနစ်တွေလည်း ရှိသေးတယ်။ ကိုအောင်နိုင်ဦး (ယခု ပြည်ထောင်စု အပစ်ရပ်စဲရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ JMC)၊ ရှေ့နေကိုဝင်းမောင် (ယခုကနေဒါ) တို့က ကျောင်းဆရာတွေအဖြစ် ပါသွားကြတယ်။ ကိုအောင် နိုင်ဦးက ဒုတိယအကြိမ် ABSDF ညီလာခံအပြီး အရံဗဟိုကော်မတီဝင်၊ ဌာနလက်ကိုင်မရှိ။ ယခု ဝတောင်ပိုင်းဌာနချုပ်ကို တာဝန်ပေါ်လာတော့ သူက ကိုယ်စားလှယ်အဖွဲ့ (မစ်ရှင်) ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ မရှေးမနှောင်း ကြိုပြီးထွက်သွား ကြတဲ့ ယူနစ်ကတော့ ကိုသိုက်ထွန်းဦးက တပ်ရင်းမှူး၊ ကိုသူရဇော် က ဒု-တပ်ရင်းမှူးအဖြစ် တာဝန်ပေးထားတဲ့ ပလောင် ဒေသတွင် ကျောင်းသား တပ်ရင်း (၅၀၁) ထူထောင်ဖို့ကိစ္စ။ ရဲဘော် ၃၀ လောက် ပါသွားတယ်။ ABSDF ဗဟိုနှင့် ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLP)၊ (ဝသပ) ခေါင်းဆောင်များနှင့် ညှိပြီး တာဝန်ပေးခဲ့တာ ဖြစ်တယ်။ သူတို့ က အခုဝတပ်တွေ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဒေသကို ဖြတ်သွားပြီး၊ ပလောင်ဒေသကို သွားရမယ်။ အဲဒီကမှတဆင့် မိုးကုတ်ဒေသကို ထိုးဖောက်ဖို့ပဲ။ မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ပါတီတွေအတွက် အမာခံ လူထု အများအပြားရှိတဲ့ ဒေသလို့ မြင်ထားကြတယ်။ [ဒါပေမယ့် ပလောင်အဖွဲ့က နောက်တော့ သဘောတူထားတာကို ချိုးဖောက်တယ်။ ၅၀၁ မဖွဲ့ဖြစ်ပဲ၊ သူတို့တပ်ဖွဲ့တွေက ABSDF ကချင်ဒေသကို သွားလိုက်ကြရတယ်။] ကိုဇော်နိုင်ကြီး (ယခု ကနေဒါ)၊ ကိုအောင်ဝင်းတင် (နောက်ပိုင်း ABSDF ဆက်သွယ်ရေးတပ်မှူး) တို့လည်း ပါတယ်။ ထူးခြားတာက မောင် သန်းထိုက်ပဲ။ သူက ပီဘိကလေး၊ အဲသည်တုန်းကတော့ ကလေးစစ်သားဆိုတာမျိုးလည်း အထူး သတိမပြုမိကြဘူး။ သူတို့လေးတွေကလည်း တိုက်စိတ်ခိုက်လိုစိတ် ပြင်းပြနေကြတယ်။
မောင်သန်းထိုက်က ၇၄-ကျောင်းသား အရေးအခင်းများက ကျောင်းသားခေါင်းဆောင်ဟောင်းတဦး ဖြစ်သူ ကိုကျော်ဝင်း မောင်ရဲ့သား၊ သူဇာတ်လမ်းကလည်း အဆန်း။ ၈၈-အာဏာသိမ်းပြီးချိန်မှာ လက်နက်ကိုင်တိုက်ဖို့ဆိုပြီး အခြား အထက် တန်းကျောင်းသား တစ်ရာကျော်နဲ့အတူ မုန်း၊ ကျောက်ကြီးလမ်း (ပဲခူးတိုင်း) ဘက်က ကေအန်ယူဒေသကို တက်လာကြ တယ်။ သူတို့ကို စစ်အစိုးရ တပ်ရင်းတခုက ဖမ်းမိတယ်။ တအုပ်လုံးက ကလေးတွေချည်းပဲ၊ ဘာဆက်လုပ်ရမှန်း မသိကြ ဘူး။ စစ်တပ် တပ်ရင်းထဲမှာ ဖမ်းထားရင်း၊ ရေတွင်တူး၊ အိမ်သာဆောက်၊ ထမင်းချက် ကြုံသလို ခိုင်းနေကြတယ်။ ပြန်ပို့ဖို့ အထက် အမိန့်စောင့်နေတာလည်း ဖြစ်နိုင်တယ်။ သူတို့ တချို့က စစ်တပ်အလစ်မှာ ထွက်ပြေးပြီး၊ ကေအန်ယူ တပ်မဟာ ၃ ကတဆင့် သံလွင်စခန်းကို ရောက်လာကြတဲ့ ကလေးအုပ်စုပဲ။ အဲသည်ရဲဘော်တွေထဲမှာ တပ်ရင်းတွေက လိုက်ချင် တယ် ပူဆာကြလို့ ဝမ်းခ တပ်ရင်း (၂၁၁) က ရဲဘော်တွေလည်း ပါလာကြတယ်။ မာနာပလော၊ ပလောင်ကုန်းမှာ လူစု ၁၀ ရက်ခန့်နေပြီး ထွက်လာကြတယ်။ မြောက်ဖက် ခရီးစဉ်ကို အဲဒီအချိန်က ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကျော် (ယခု ထိုင်းနိုင်ငံ) နဲ့ နိုင်ငံရေး/စည်းရုံးရေး တာဝန်ခံ ကိုအောင်ထူး (ယခု BLC) တို့ ဝဌာနချုပ်အထိ လိုက် ပို့ကြတယ်။
အဲဒီအချိန်က ABSDF ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ကိုမိုးသီးဇွန်ကို နောက်ပိုင်းမှာ အခုမစ်ရှင်နဲ့ ပတ်သက်လို့ ပြန်မေးမိတယ်။ အဲသလို ကိစ္စကြီးကြီးကို ဆုံးဖြတ်ခဲ့ကြတဲ့ အချိန်က အသက် ၂၃-၂၄ ပတ်ဝန်းကျင်တွေ။ "အဲသည်တုန်းက တို့လူတွေက တိုက်ချင်တာပဲ သိတယ်။ သေနတ်တွေလည်း မရှိကြဘူး။ ဘာဖြစ်ဖြစ် ကရုမစိုက်ဖူး။ လုပ်ချင်နေတာပဲ သိတယ်။ နယ်မြေ သစ်လည်း ထိုးဖောက်ချင်တယ်။ ရတာ ဘာမဆိုလုပ်ကြမှာပဲ။ အခု စီးပွားရေးမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် enterpreneur လိုပေါ့။ အရဲစွန့်ပြီး ဘာဖြစ်ဖြစ် စွန့်လုပ်ဖို့ အသင့်ရှိတယ်" လို့ ပြန်ပြောပြဖူးတယ်။ ဘာပဲဖြစ်ဖြစ် စွန့်စား စွန့်ဦးတီထွင် ကြံ စည်ခဲ့ကြဖူးတယ်။ ကိုလံဘတ်တို့ နယ်မြေသစ် ရှာခဲ့ကြဖူးသလိုပေါ့။ စွန့်ဦးတီထွင် သူပုန်တွေ လုပ်ခဲ့ကြဖူးတယ်။
သူတို့ စဉ်းစားခဲ့ကြတာက အင်အားကောင်းတဲ့၊ အတွေ့အကြုံရှိတဲ့ ဝတပ်ဖွဲ့များ သေနတ်ပြန်ပေါက်စေရေး၊ အဲဒီအတွက် တတ်နိုင်သမျှ ချည်းကပ်စည်းရုံးရေး။ အနည်းဆုံးတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရဲ့ မျှော်လင့်ချက်တွေကို ရှင်းပြနိုင်မယ် ထင်ထားခဲ့တယ်။ ဖြစ်နိုင်လျှင်တော့ လက်နက်ဂိုဒေါင်တွေထဲက သေနတ်တွေ အကူအညီ တောင်းမယ်ပေါ့။
ဝတပ်ဖွဲ့တွေက အစုအပြုံလိုက် မြောက်ပိုင်းတရုတ်နယ်စပ်ကနေ၊ ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်းနယ်စပ်ကို ရွှေ့လာကြ တယ်။ အဲဒီမှာ မူလဒေသခံ ခွန်ဆာရဲ့ မောင်ထိုင်းတပ် (MTA) တွေနဲ့ နယ်မြေလု စစ်ပွဲကြီး ဖြစ်တော့တယ်။ ဝတပ်မဟာ တွေ ဆင်းလာပြီကြားတော့ ခွန်ဆာတပ်တွေက လမ်းက ဖြတ်တိုက်ကြတယ်။ အဲဒီကြားထဲကို သွားကြတာ။
အဲဒီအချိန်မှာ ကျနော်တို့ ဆရာကိုမင်းလွင်က ကြာအင်းဆိပ်ကြီး၊ ဖားပြကျေးရွာမှာ ပျော်နေတုန်း ကေအဲန်ယူထောက်လှမ်း ရေးက ဖမ်းတာခံရတယ်။ ကျနော်တို့ အချို့ရဲဘော်တွေက ရှေ့တန်းဆင်းရင်း ရွာကလူထုတွေနဲ့ သံယောဇဉ်ဖြစ်နေကြ တယ်။ ဖားပြကျေးရွာမှာ အစိုးရက ဆောက်ထားတဲ့ ကျောင်းရှိတော့ သူက အင်္ဂလိပ်စာဝင်သင်တယ်။ အရင်တုန်းကလည်း ကျနော်တို့ရဲဘော်တွေ ကျောင်းဆရာ လုပ်ဖူးကြတယ်။ ဆေးကုတယ်။ လိုအပ်တဲ့ဆေးတွေကို ရွာက ပိုက်ဆံစိုက်ပြီး မြို့ကို မှာပေးကြတယ်။ အဲဒီမှာ ရမ်းကု ကရင်ဆေးမှူးက သူ့ဈေးကွက်ပျက်လာတယ်။ ကိုမင်းလွင်ကို ရန်သူလို့မြင်လာတယ်။ ဒီလိုနဲ့ လီဆယ်တိုင်ပြီး သူ့ကိုဖမ်းခိုင်းတယ်။ ဖားပြကျေးရွာက ကျောင်းအုပ်ဆရာကြီးလည်း ဖမ်းခံရတယ်။ အချိန်မီ မသိရ ရင် သေသွားနိုင်တယ်။ စွပ်စွဲချက်ကကြီးတယ်။ ရန်သူ့အတွက် သူလျှိုလုပ်ပေးသလို သူ့ကို စွပ်စွဲထားတာ။ ဒါပေမယ့် ကိုမင်းလွင်က ကေအဲန်ယူက တပ်ရင်းမှူး ဗိုလ်မှူးဂျိုးကို ဆေးကုပေးဖူးတယ်။ ရင်းနှီးတယ်။ "မင်းတို့ ငါ့ကို သတ်မယ်ဆို ရင် ဗိုလ်မှူးဂျိုးကိုတော့ ပြောပေးဦး၊ အရမ်းတော့ မသတ်နဲ့" ဆိုပြီး သူက တောင်းဆိုတယ်။ ဗိုလ်မှူးဂျိုးက သိတော့ ABSDF ဗဟိုကို အကြောင်းကြားပေးတယ်။ ဒီလိုနဲ့ ဗဟိုက ဒေါက်တာသောင်းထွန်း နဲ့ ကိုအောင်ထူးတို့က သူ့ကို လာ ကယ်ထုတ်ပေးတယ်။ မာနယ်ပလောကို ခေါ်သွားတယ်။ သူက မနေဘူး ပြန်လာပြီး၊ အဲဒီရွာမှာပဲ ဆက်ဆေးကုပေးပြန် တယ်။
ကျနော်နဲ့ ကျနော်တို့တပ်ဖွဲ့ဝင်အချို့ကတော့ ရေးတောင်ပိုင်းဒေသမှာ လှည့်နေတုန်းပဲ။ ကျနော်တို့ နီးစပ်တဲ့ အုပ်စုထဲက ဆိုရင် ကိုသက်ဌေးနိုင် ကျန်နေသေးတယ်။ ကိုဝင်းနိုင်ဦးနဲ့အတူ လိုက်လာခဲ့တဲ့ ကိုအောင်ကတော့ မြန်မာပြည် ပြန်သွားပြီ။ ဒီလိုနဲ့ ပူးတွဲအုပ်ချုပ်ရေးအစည်းအဝေးတခုကြောင့် ရေးချောင်းဖျား၊ ရေးအရှေ့ခြမ်းကိုလည်း ရောက်တယ်။ အဲဒီမှာ အင်အား ၁၀၀ လောက်ရှိမယ့် ဗိုလ်လယ်ဝါးဦးဆောင်တဲ့ ကေအဲန်ယူ ဗဟိုတပ် (သဝခ) အချို့နဲ့ ဆုံတယ်။ သိရသလောက် အဲသည်တပ်တွေက အရင်ကဓားပြတွေ၊ ဒါပေမယ့် ဗိုလ်ချုပ်မြက စည်းရုံးသိမ်းသွင်းလို့ ကေအဲန်ယူဖြစ်လာတယ်။ ဒါနဲ့ပဲ သူတို့ကို ဗဟိုတပ် (သဝခ) တံဆိပ်တပ်စေပြီး ကေအဲန်ယူက ထိန်းချုပ်တယ်။ သူတို့နဲ့အတူ ရွာတွေကို တွဲသွားကြတော့ ရွာတွေက မကြည်ဖြူကြဘူး။
ကျနော်တို့ ကလိန်ကန်စခန်းမှာနေစဉ်ကာလ မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့ (ယခု မွန်ပြည်သစ်ပါတီ က နားလိုက်ပြီး၊ ရေးမြို့နယ်မှာ နေတယ်။ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်သတင်းစာ အယ်ဒီတာချုပ်လုပ်နေတယ်) နဲ့ ရင်းနှီးလာတယ်။ သူတို့အိမ်က ကျနော်တို့ စခန်းက လျှောက်ထွက်လိုက်ရင် နီးတဲ့ရွာလမ်းဘေးမှာ ရှိပြီး၊ သူ့အမျိုးသမီးက လည်း စိတ်ထားကောင်းတယ်။ စားအိမ်သောက်အိမ် ဖြစ်လာတယ်။ နိုင်ချမ်းတွဲ့ကလည်း ကျနော်တို့ကို နိုင်ငံရေး သင်ကြား ပို့ချမှုတွေ လုပ်ပေးခဲ့တယ်။
သူက ပြောတယ်။ "ခင်ဗျားတို့ အရွယ်ကောင်းတုန်း သွားနိုင်သလောက်သွားပါ။ ဒါဟာ တချိန်မှာ အဖွဲ့အစည်းအတွင်း ကိုယ့်အခန်းကဏ္ဍအတွက် အရေးကြီးလာလိမ့်မယ်" လို့ ဆိုတယ်။ ဗိုလ်ချုပ်ခင်ညွန့်က ရဟတ်ယာဉ်ရှိတော့ သူက ရဟတ် ယာဉ်နဲ့ သွားတာပေါ့ဗျာ။ အဲသည်အချိန်က ဗိုလ်ချုပ်ခင်ညွန့်က လျှမ်းလျှမ်းတောက်၊ နေရာတကာ သူ့မျက်နှာ လှည့်လည် နေချိန်။ "ကျနော်တို့ကတော့ ရဟတ်ယာဉ်တော့ ဘယ်ရှိမလဲ။ ဒီတော့ ကိုယ့်ခြေထောက် ကိုယ်အားကိုး သွားလာရမှာပေါ့။ အရွယ်ကောင်းတုန်းမှာ သွားနိုင်သမျှ သွားသာသွားပါ။ ရှေ့တန်းမှာလည်း များများနေပါ" သူက တိုက်တွန်းတယ်။ အခု အချိန်မှာတော့ သူ ဘာဖြစ်လို့ မွန်ပြည်သစ်ပါတီက နားသွားသလဲ၊ ကျနော် မစဉ်းစားတတ်ဘူး။ အကြောင်းတွေတော့ ရှိမှာ ပေါ့။
နောက်တခုက ရေးအရှေ့ခြမ်းဒေသက ကျောင်းရွာကိစ္စနဲ့ ပတ်သက်တယ်။ ကျောင်းရွာမှာ အစိုးရစစ်တပ်က တပ်စုတစု လာထိုင်တယ်။ နောက်တော့ စစ်သားတွေနဲ့ ရွာသူတွေ အိမ်ထောင်ကျ၊ ကြာလာတော့ ကျောင်းရွာက အစိုးရတပ်အတွက် အမာခံရွာ ဖြစ်သွားတယ်။ ကျနော်တို့ ကပ်လို့မရဘူး။ ရွာသားတွေက သတင်းပေးတယ်။ တနိုင်ငံလုံး ဒီမိုကရေစီအရေး ဒီလောက် စိတ်ဝင်စားထောက်ခံနေကြတာ ကျောင်းရွာက စစ်အစိုးရ အမာခံဆိုတော့ ကျနော်တို့က စိတ်ဆိုးကြတယ်။ ကျနော်တို့ သွားရာလမ်းက ကျောင်းရွာက ကန့်လန့်ကန့်လန့် ဖြစ်နေတယ်လို့ ထင်မိတယ်။ ဒါနဲ့ တရက်မှာ နိုင်ချမ်းတွဲ့နဲ့ ဆုံတုန်း စကားပြောဖြစ်ကြတယ်။
ကျနော်တို့က လူငယ်ပီပီ "ကျောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ထဲ့ရင်မဖြစ်ဘူးလား၊ ပညာပေးကြရအောင်" ဆိုတာမျိုး ပြောဆိုဆွေးနွေးကြတယ်။
နိုင်ချမ်းတွဲ့ကတော့ ပြန်ပြောတယ်။ "အဲသလို လုပ်လို့မရဘူး ဗျ။ ကျနော်တို့က အစားထိုးစရာ အခြားတခု (alternative) ကို ရှာဖို့လိုတယ်။ ဒီရွာလူကြီးက ရန်သူ့အမာခံဖြစ်နေတယ် ဆိုပါတော့ဗျာ။ သူ့ကို သွားသတ်လိုက်တာက အဖြေ မဟုတ်ဘူးဗျ။ သူ့ကို အစားထိုးနိုင်ဖို့ ကျနော်တို့ အမာခံတယောက် ကို ရွေးဖို့လိုတယ်။ ကျနော်တို့လူက တဖြည်းဖြည်းနဲ့ တဖက်လူကို ပြိုင်ဆိုင်နိုင်ဖို့ လုပ်လာရမယ်။ ကျနော်တို့ အမာခံလူက အဆင်သင့် ရယ်ဒီဖြစ်တဲ့ အချိန်မျိုးမှာမှသာ တဖက်လူကို ဖယ်ရှားဖို့ လုပ်ရတယ်။ ပြည်သူလူထုက နားလည်သဘော ပေါက်လာဖို့လည်း အချိန်ပေးရမယ်၊ စည်းရုံး ရမယ်" သူက အဲသလို ရှင်းပြတယ်။ ကျနော်တသက်စာ မှတ်မိသွားတယ်။ နောက်ပိုင်းမှာလည်း ဒီလိုအဖြစ်တွေကို သတိထားကြည့်မိတယ်။
အီရတ်နိုင်ငံကို အမေရိကန် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီး အမေရိကန်တပ်တွေ ၂၀၀၃ မှာ ဝင်တိုက်တော့ ကြားဖြတ်အုပ်ချုပ်ရေးမှူး ပေါ ဘရီမာက လက်မှတ်တချက်ထိုးပြီး၊ ဆက်ဒမ်ဟူစိန်ရဲ့ အီရပ်တပ်ကြီး ကို ဖျက်သိမ်း လိုက်တယ်။ အစားထိုးစရာ ပြင်ဆင်မထားခဲ့ဘူး။ နောက်ပိုင်းမှာ မဆုံးနိုင်၊ မပြီးနိုင် သူပုန်ထတိုက်ခိုက်မှုတွေ ဖြစ်လာ ခဲ့တယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အီရတ်တပ်မတော်သားတွေကပဲ ထကြွပုန်ကန်ကြတော့တာ။ အလားတူပဲ၊ အခု NLD အစိုးရတက်လာတော့ အရင်လူလုပ်သမျှ ခပ်လွယ်လွယ် ပယ်ဖျက်ပစ်နေတာ တွေ့ရတယ်။ အစားထိုးပြင်ဆင်မှု (alternative) ကို သေချာမပြင်ဆင်ထားဘူး ထင်မိတယ်။

ဘုရားသုံးဆူ နေ့ရက်များ (၁၆)
==============
ကျနော်တို့ ရေးတောင်ပိုင်းမှာ ရှိနေတုန်းပဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ABSDF ဗဟိုကော်မီတီ ကိုယ်၌က ရပ်တည်ချက် မသေချာလှဘူး။ အစောပိုင်းမှာ စစ်အစိုးရက ကျင်းပတဲ့ရွေးကောက်ပွဲဟာ တရား မျှတမှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း အကျယ်ချုပ်ချခံထားရတယ်။ ကျန်ပါတီတွေကိုလည်း လွတ်လပ်စွာ စည်းရုံးမဲဆွယ်ခွင့် မပြုဘူး။ ဒါကြောင့် မထောက်ခံဘူး၊ ဆန့်ကျင်ဖျက်ဆီးရမယ်ဆိုတဲ့ သဘောထား ကြေညာ ချက်မျိုး တွေ့ဖူးတယ်။ နောက်တော့ ရွေးကောက်ပွဲနီးလာတော့ သဘောထားပြောင်းပြန်တယ်။ ပြည်သူလူထုရဲ့ သဘော ထားကို လေးစားလိုက်နာမယ်၊ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမှာ မဟုတ်ဘူး ဆိုတာမျိုး ပြန်ပြီး ကြေညာချက်ထုတ် ပြန်တယ်။ ကျနော်တို့ကတော့ ဗဟိုနဲ့ တိုက်ရိုက် စက်ဆက်သွယ်ရေး ရှိနေတာမဟုတ်ဘူး။ ရေဒီယိုက သတင်းတွေကပဲ နားထောင်ပြီး ကြားနေရတာ။
အဲသည်တော့ ရွေးကောက်ပွဲနီးတဲ့ကာလမှာ ကျနော်တို့တပ်တွေက မွန်ပြည်သစ်ပါတီက (၁၁၁) တပ်ရင်း၊ ဒု-ရင်းမှူး ဗိုလ်မှူးကျော်စိုးနဲ့ တွဲနေရတယ်။ ကျနော်တို့ နေထိုင်ရာရွာတွေမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူး။ ရေးမြို့ပတ်ဝန်း ကျင်တဝိုက် လုံခြုံရေးကောင်းတဲ့ရွာတွေမှာသာ သူတို့ရွေးကောက်ပွဲကို ကျင်းပနိုင်ကြတယ်။ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်မှူး ကျော်စိုးက မိန့်ခွန်းပြောတယ်။ "ဒီရွေးကောက်ပွဲကာလမှာ ရေးမြို့မှာ အမြောက်သံ၊ ဗုံးသံတွေ ကြားနေစေရမယ်" လို့ ဆိုတယ်။ လက်တွေ့မှာ မလုပ်နိုင်ပါဘူး။ ရွေးကောက်ပွဲကာစစ် အနေနဲ့ စစ်အစိုးရတပ်တွေက ရှေ့တန်းထွက်လာလို့ ကျနော်တို့လည်း ရွာတွေကရှောင်တိမ်း၊ ကင်းချ၊ စစ်ကြောင်းကို ချောင်းနေကြရတယ်။ နောက်တော့ နောက်ပြောင် တတ်တဲ့ ရဲဘော်တွေကဆိုတယ်။ "ဗုံးသံ၊ သေနတ်သံတွေကို ကက်ဆက်တိပ်နဲ့ သွင်းပြီး၊ ရွေးကောက်ပွဲနေ့မှာ ရေးမြို့ မှာများ သွားဖွင့်ထားလေသလား" လို့ ရယ်စရာအဖြစ် ဆိုကြတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေ နိုင်တာကို၊ ကျနော်တို့က ရေဒီယိုကနေ နားထောင်ပြီး ကြိတ်ဝမ်းသာနေကြတယ်။ တောင်ပြိုကမ်းပြို နိုင်တာကိုလည်း နှစ်ထောင်းအားရ ရှိလှတယ်။ အကယ်၍ NLD က အစိုးရဖွဲ့နိုင်ခဲ့ရင်၊ ဒါမှမဟုတ် စစ်အစိုးရနဲ့ NLD ညှိနှိုင်း ဆွေးနွေးမှုတွေ ဖြစ်လာရင်၊ ကျနော်တို့ အိမ်ပြန်ရဖို့ ဖြစ်လာမှာပေါ့။ အိမ်ပြန်တဲ့အခါ ကျောင်းပြန်တက်ဖို့လည်း စဉ်းစားကြရ မယ်။ ဒီလိုလည်း တိတ်တခိုး မျှော်လင့်နေမိတယ်။ ဒါပေမယ့်လည်း အခြေအနေကို မယုံရဲရဲ ရှိလှတယ်။
အဲဒီကာလ နောက်ပိုင်းမှာ ကိစ္စတခုကြောင့် ကျနော်နောက်တန်း ပြန်တက်ရဖို့ ရှိလာတယ်။ ကျနော်နဲ့အတူ ကိုမြင့်အောင် (ဂုရု)၊ ကိုဝင်းဆန်း၊ ရုံးအဖွဲ့က တဦး-နှစ်ဦး.. စသည်ဖြင့် နောက်ထပ်ရဲဘော် နည်းနည်းပဲပါလာတယ်။ ကျနော်တို့ပြန်ခါနီး တော့ မွန်ပြည်သစ်ပါတီ ကော်မီတီတဦးက လူတယောက်ကို ကျနော်တို့နဲ့အတူ ထည့်ပေးလိုက်မယ် ပြောတယ်။ ကျနော် တို့အတူ ခေါ်သွားပေးဖို့ပေါ့။ အဲဒီ မွန်တယောက်လည်း ကျနော်တို့နဲ့အတူ ပါလာခဲ့တယ်။ လမ်းမှာ ငါးပက်လိုက်၊ ဟင်းစား ရှားလိုက်၊ ထမင်းချက်ပြုတ်တာတွေ သူကလည်း ကူညီပါလာခဲ့တယ်။ ဆိုးတာက အဲဒီသူက မွန်ဗဟိုရောက်ရင် အချုပ်ကျ ခံရမယ့် အချုပ်သား၊ ဒါပေမယ့် ကျနော်တို့ကို အချုပ်သားမှန်း မပြောလိုက်ဘူး။ အချုပ်သားမှန်းသာသိရင် ကျနော်တို့ လည်း လုံခြုံရေးသတိပိုရှိမှာပေါ့။ သာမန်ရဲဘော်တဦးလို့ ထင်တော့ သူ့ကိုလည်း အဖော်ပါလာသလို ခပ်ပေါ့ပေါ့ပဲ ထားမိ တယ်။ ဗဟိုရောက်လို့ လွှဲပြောင်းပေးလိုက်မှသာ အချုပ်ကျခံရမယ့်ရဲဘော်မှန်း သိရတယ်။ လမ်းမှာ ဘာမှပြဿနာမတက် တာ တော်သေးရဲ့လို့ သက်ပြင်းချမိတယ်။ တော်တော်ဆိုးတဲ့သူတွေ။
ကျနော်တို့ ပြန်တက်တဲ့လမ်းက ခေါဇာရွာကနေ လမ်းလျှောက်ရင် 'အလယ်စခန်း' ဆိုတဲ့ရွာကို ရောက်တယ်။ အဲဒီရွာက နည်းနည်းသွားပြီး၊ ရေး-ထားဝယ် ကားလမ်းမကြီးကို ဖြတ်ကြရတယ်။ တခါတလေ ဒီလမ်းပေါ်မှာ စစ်ကားတွေ၊ အရပ် ကားတွေ ဖြတ်တတ်တယ်။ ကားလမ်းကတော့ ခုခေတ်လို မကျယ်ပြော၊ မကောင်းသေးဘူး။ ကားလမ်းဖြတ်တဲ့အခါ သတိ ထားပြီး ဖြတ်ကြရတယ်။ တဖက်ကို ကူးပြီးရင်တော့ ကိုယ့်နယ်ဖြစ်သွားပြီ၊ အဲဒီကမှ တနင်္သာရီ တောင်ညိုတောင်တန်းကြီး ကို ဖြတ်လျှောက်၊ ၂ ရက်ခွဲလောက်လျှောက်ရင် နယ်စပ်ရောက်တယ်။ အဲသည်တောင်တန်းကြီးပေါ်မှာ လျှောက်နေတဲ့ အခါ ခေါင်းပေါ်ကဖြတ်သွားတဲ့ လေယာဉ်ပျံတွေကို အမြဲလိုလို မြင်ရတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဖက်ကိုဆင်းမယ့် လေယာဉ်တွေအတွက် လမ်းကြောင်းကျပုံရတယ်။ ညဆိုရင် လေယာဉ်တွေ မီးတထိန်ထိန်နဲ့ ဖြတ်ပျံသွားတာ မြင်ရတယ်။ ကျနော်တို့က တောင်တွေပေါ်မှာ ချွေးတလုံးလုံးနဲ့ လျှောက်နေရတဲ့ အချိန်မှာ ဒီလေယာဉ်တွေပေါ်မှာ ဘယ်လိုလူတွေများ စီးနေမှာ လဲကွာ၊ အဲသလိုမျိုး ကျနော်တို့ရဲဘော်တွေ ညည်းတတ်ကြတယ်။ တချိန် ရန်ကုန်ကိုလေယာဉ်နဲ့ ပြန်လာတော့ လည်း လမ်းမှာ အောက်ကိုငုံ့ကြည့်မိတယ်။ တချိန်က ဒီတောင်တန်းကြီးတွေပေါ်မှာ ခြေထောက်တွေနဲ့ သွေးခဲ့ရတဲ့ ဘဝ တွေကို ပြန်မြင်ယောင်မိသေးတယ်။
ကျနော်တို့အဖွဲ့ အပြန်လမ်းမကူးခင်မှာ အလယ်စခန်းရွာရောက်တော့ မှောင်စပျိုးနေပြီ။ ကျနော်တို့ အိမ်ကြီးကြီးတလုံး ကို ရွေးပြီး နားကြတယ်။ ကျနော်တို့ရုံးအဖွဲ့ကို နေရာချတယ်။ အိမ်ကတော့ နှစ်ထပ်အိမ်၊ အောက်ခြေမှာ ဝါးထရံကို အပြည့် မကာထားနိုင်ဘူး။ အချို့အခြမ်းတွေ လွတ်နေကြတယ်။ အပေါ်ထပ်မှာတော့ အိပ်ခန်းတခန်းရှိတယ်။ ကျနော်တို့ကတော့ ဘုရားစင်ရှေ့နဲ့ ဝရံတာမှာ နေရာချကြတယ်။ ချက်ပြုတ်စားသောက်ပြီး၊ နည်းနည်းမှောင်တဲ့ အချိန်ကျတော့မှ လူတအုပ် ထပ်ရောက်လာကြတယ်။ နွားကုန်သည်တွေပဲ။ သူတို့က နွားတွေကို မောင်းလာပြီး၊ နယ်စပ်မှာ သွားရောင်းဖို့ ရောက်လာ ကြတာ။ သူတို့လည်း ကျနော်တို့တည်းတဲ့ အိမ်မှာပဲ စတည်းချကြတယ်။ ကျနော်တို့လည်း မီးမရှိမှောင်နေတာရယ်၊ ခရီး ပန်းလာတာရယ်ကြောင့် စောစောပဲ အိပ်ပျော်သွားကြတယ်။
မနက် ၄ နာရီလောက်မှာ ဆူဆူညံညံ အသံတွေကြားရတယ်။ အမျိုးသမီး ငိုသံတွေပါ ကြားရတယ်။ ကျနော်တို့အဖွဲ့လည်း လန့်နိုးလာကြတယ်။ ဘာဖြစ်တာလဲ စူးစမ်းကြည့်တော့ အမျိုးသမီးအခန်းထဲကို လူဝင်တယ်လို့ ဆိုတယ်။ ကျနော်လည်း ခေါင်းနပန်းကြီးသွားတယ်။ အဲဒီအချိန်မှာ အမျိုးသမီးရဲ့ အမေဖြစ်သူကတော့ မီးခွက်တခုထွန်းပြီး တရွာလုံးကို အသံကျယ် ကျယ်နဲ့ မွန်လိုလှည့်ပြောနေတယ်။ ရွာလူကြီးဖြစ်သူကိုလည်း သွားတိုင်တယ်။ "ကျောင်းသားအဖွဲ့က တယောက် သူ့သမီး အခန်းကို တက်တယ်ပေါ့"။ ဒါကြောင့် သူ့သမီးက ငိုနေတာ။ တရွာလုံး နိုးထလာပြီး အုံးအုံးကြွက်ကြွက် ဖြစ်လာတယ်။
ကျနော်လည်း ချက်ချင်းလူစစ်တယ်။ ကိုယ့်လူတွေ ဘယ်သူမှ မပါဘူး။ လွတ်ကင်းတယ်။ ချက်ချင်းထုပ်ပိုး သိမ်းဆည်းဖို့ အမိန့်ပေးတယ်။ ပြီးတာနဲ့ ရွာဥက္ကဋ္ဌနဲ့သွားတွေ့တယ်။ ကျနော်တို့အဖွဲ့က တယောက်မှ မပါကြောင်း၊ လွတ်ကင်းကြောင်း ရှင်းပြတယ်။ ပြီးတဲ့အခါ ချက်ချင်းပဲ၊ မှောင်ရီပျိုးပြမှာ ရွာကထွက်လာခဲ့တယ်။
ဖြစ်ပုံကတော့ အဲသည်ကျနော်တို့တည်းတဲ့အိမ်မှာ အမျိုးသမီး ၂ ယောက်ပဲ ရှိတယ်။ အမေရယ်၊ သမီးရယ်၊ သမီးမှာ ယောက်ျားရှိတယ်။ ဒါပေမယ့် သူ့ယောက်ျားဖြစ်သူက ထိုင်းမှာအလုပ်သွားလုပ်နေပြီး၊ ပြန်မလာတော့ဘူး။ တခုလပ်လို ဖြစ် နေခဲ့တယ်။ အဲသည်တော့ သူတို့ကြံမိကြံရာ ကြံတော့တာပဲ။ ကျနော်တို့ ကျောင်းသားအဖွဲ့က တယောက်ယောက်ကို အမိဆွဲတာ၊ ညပိုင်း သေးထပေါက်တဲ့ အချိန်မျိုးလောက်မှာ လှေခါးထိပ်ကနေ၊ လူချင်းလုံးပြီး အခန်းထဲကိုဆွဲထည့်တာ။ ဒါပေမယ့် ကံကောင်းထောက်မစွာ ကျနော်တို့အဖွဲ့က လူတွေက လွတ်သွားပြီး၊ နွားကုန်သည်အုပ်စုထဲက တယောက်က တော့ 'ကံဆိုးသူမောင်ရှင်' ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း ပြဿနာကို ဘယ်လိုဆက်ရှင်းကြသလဲတော့ မသိဘူး။ ကျနော် တို့လည်း ပြန်တွေးမိတိုင်း ခေါင်းကြီးတယ်။
ဒီလို ရွှေ့ပြောင်းလုပ်သားပြဿနာနဲ့ မိသားစု၊ အိုးအိမ်ပြိုကွဲရတာတွေက မွန်ကျေးရွာအများစုမှာ ဖြစ်နေတယ်။ ရွာတွေမှာ လူငယ် လူရွယ်တွေ မရှိတော့ဘူး။ ယောက်ျားတွေ နည်းသွားတယ်။ အချို့ရွာတွေမှာ နယ်စပ်က ပြန်သယ်လာကြတဲ့ ကိုယ်ခံအားကျ ကူးစက်ရောဂါ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေခဲ့တယ်။ ကြာလေလေ၊ ပိုဆိုးလာလေလေ။ ရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲ ကျန်တော့တယ်ဆိုတာ မွန်ရွာတွေမှ မဟုတ်ဘူး။ ကရင်ပြည်နယ်ထဲက ကျေးရွာတွေမှာလည်း ဖြစ်လာနေတယ်။ ဒါဟာ တဖက်မှာ ပြည်တွင်းစစ် ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ၊ အလုပ်အကိုင် အခွင့် အလမ်းနည်းပါးမှုတွေကြောင့်လို့ အပြစ်ပုံချရင် ရသလို၊ တဖက်မှာလည်း ဒီလိုရွှေ့ပြောင်းအခြေချမှုတွေကြောင့် ပြည်တွင်း စစ်မှာ တိုက်ခိုက်ဖို့ စစ်သားနည်းပါးလာမှု ပြဿနာကို မြန်မာ့တပ်မတော်ရော၊ တော်လှန်ရေးဖက်က တပ်တွေရော ကြုံတွေ့လာနေရတယ်။ လောလောလတ်လတ် ကျနော်တို့အဖွဲ့တွေ ကြုံတွေ့လိုက်ရတာကတော့ မိသားစုတခုအတွင်း အိမ်ထောင်စုပြိုကွဲမှု၊ အားကိုးရာ ပြိုကွဲမှု၊ ကြံရာမရဖြစ်မှုအဆင့် အနိမ့်ဆုံး ပြဿနာတွေပါပဲ။ ကံကောင်းလို့ လွတ်လာ တယ်ပဲ တွေးမိတယ်။ ကျနော်သာ အခန်းထဲလုံးပြီး လှဲချခံရတဲ့သူဆိုရင် ဘယ်လိုနေမလဲ။ မတွေးရဲဘူး။ ဘာစစ်ပွဲတပွဲ မှ မတိုက်လိုက်ရဘဲ ကျရှုံးသွားနိုင်တယ်။ ကိုယ့်အနာဂတ်ကြီးတောင် စောက်ထိုးမှောက်ခုံ ပြောင်းလဲသွားနိုင်သေးတာပေါ့။
အကယ်၍ ကျနော်တို့ရဲဘော်တယောက်ယောက် လှဲချခံရတယ်ဆိုရင်ရော။ ရှင်းပါတော့ မပြီးမစီးနိုင် ပြဿနာတွေ။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့ ဂုဏ်သိက္ခာကျမယ်။ မထင်မှတ်ထားတဲ့ ကိစ္စတွေ စီရင်ရတာ၊ ရွာကို မဟုတ်ဘဲ တောင်းပန် ရတာတွေ၊ မဟာမိတ်မွန်ပြည်သစ်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုရတာတွေနဲ့ အလုပ်ရှုပ်မယ်။ အနည်းဆုံး ကျနော်တို့ အပြန်ခရီးစဉ်က ရက်အနည်းငယ် နောက်ကျပြီးမှ ဖြစ်နိုင်မယ်။ ပြန်တွေးမိရင် ကျောချမ်းနေသေးတယ်။
ကျနော်တို့ နောက်တန်းပြန်ရောက်ပြီး၊ သိပ်မကြာခင်မှာပဲ ကျန်တဲ့တပ်ဖွဲ့တွေပါ ပြန်ခေါ်ရဖို့ ဖြစ်လာတယ်။ အကြောင်းက တော့ မွန်ပြည်သစ်ပါတီက ကျနော်တို့ ကလိန်ကန်စခန်းကနေပြီး လအနည်းငယ်အချိန်ယူပြီး ထွက်ခွာကြဖို့၊ ပိုပြီး တောင်ပိုင်းကျတဲ့ နတ်အိမ်ထောင်စခန်းမှာ ပြောင်းပြီးအခြေချကြဖို့ ပြောလာတယ်။ နတ်အိမ်ထောင်စခန်းကတော့ ထိုင်း နိုင်ငံ သုံဖာဖုံ (Thom Pha Phom) မြို့ကလေးကနေ သွားရင်၊ ဘန်အိတောင် (Ban I-Tong) ဆိုတဲ့ နယ်စပ်ရွာကလေး ရှိတယ်။ မြန်မာဖက်အခြမ်းကတော့ မတ်စောက်တဲ့ တောင်ကြီးရှိပြီး နယ်စပ်စခန်းကို "နတ်အိမ်ထောင်"လို့ ခေါ်ကြတယ်။ အဲဒီနေရာက မွန်-ကရင် စပ်ကြားဒေသလို့ ဆိုနိုင်သလို၊ ကေအဲန်ယူတပ်ဖွဲ့တဖွဲ့၊ ကျနော်တို့ ABSDF က တပ်ရင်း (၂၀၁) တပ်ခွဲတခုလည်း ရှိနေတယ်။ ဘာဖြစ်လို့ နတ်အိမ်ထောင်ဒေသကို ပြောင်းရွှေ့ဖို့ ဖိအားပေးတာမှန်း ကျနော်တို့ နားမလည် ကြဘူး။ မွန်လူကြီးတွေကလည်း သေချာမပြောကြဘူး။
လတ်တလောပြဿနာကတော့ တပ်ရင်း (၁၀၁) က ရဲဘော်အချို့က အရက်မူးပြီး၊ ထိုင်းသစ်တင်ကားအချို့ကို သေနတ်ပြ ပြဿနာ သွားရှာတယ်။ ဒါကြောင့်မိုလို့ ပြဿနာတက်တယ်လို့လည်း အချို့က ဆိုကြတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေကို အာဏာမလွှဲတော့ဘူး။ ဖမ်းမယ်၊ ဆီးမယ် ဖြစ်လာတယ်။ အဲဒီအခါ NLD အဖွဲ့ဝင်အများအပြား တောခိုလာကြမယ်။ ဗိုလ်မှူးကြီး ဦးစိန်မြဦးဆောင်တဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်) မှာ ပူးပေါင်းလာကြမယ်။ မွန်ပြည် သစ်ပါတီက ဒီအခြေအနေကို မျှော်ကိုးပြီး၊ NLD တပ်ကို လက်ခံမယ်။ ကျောင်းသားတွေကို နှင်ထုတ်တယ်ဆိုတာမျိုးလည်း တွက်ဆ ပြောဆိုကြတယ်။ ၁၉၉၀ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက် ဖြစ်မယ်။
အခုမှ ကျနော်ပြန်မေးတော့၊ မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး (ဟောင်း) နိုင်ချမ်းတွဲ့ က ပြန်ရှင်းပြတယ်။ "ဟုတ်တယ်။ ကျနော်တို့ ကျောင်းသားတွေကို နှင်ထုတ်ရတဲ့ကိစ္စကတော့ ဗဟိုအလုပ်အမှုဆောင် (EC) ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ အဓိကအကြောင်းကတော့ ထိုင်းဖိအားပေါ့။ ထိုင်းက ကျနော်တို့ မွန်ပြည်သစ်ပါတီကို အပစ်ရပ်စဲရေးလုပ်ရ အောင် ဖိအားတိုးပေးလာနေတယ်။ ကျနော်တို့ တွက်ဆတာက ခင်ဗျားတို့ကျောင်းသားအဖွဲ့တွေက ပိုလို့ အာရုံစူးစိုက်စရာ အကြောင်းဖြစ်စေတယ်။ ခင်ဗျားတို့ မရှိတော့ရင်၊ မွန်တွေအတွက် ဖိအားသက်သာသွားမလားဆိုပြီး၊ စဉ်းစားခဲ့ကြတာ လည်း ပါတာပေါ့"။ အမှန်ပဲ။ မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရနဲ့ အပစ်ရပ်စဲရေး သဘောတူညီမှုလုပ်ဖို့ ထိုင်းက ဖိအားတိုးပေးလာနေခဲ့တယ်။ တဖက်မှာလည်း တနင်္သာရီတိုင်းမှာ သဘာဝဓာတ်ငွေ့တွေ တွေ့တာ၊ TOTAL တိုတယ်နဲ့ ရေနံကုမ္ပဏီတွေက ထိုင်းနိုင်ငံထဲ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တင်ပို့မယ့် ပိုက်လိုင်းဖောက်ဖို့ ကိစ္စနဲ့ ထိုင်းတွေက အကျိုးစီးပွားတွေ မြင့်မားလာနေတယ်။ နောက်ပိုင်းမှာ ထိုင်းက မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထောမွန်၊ နိုင်ရသ၊ နိုင်ဟံသာတို့ကို ဖမ်းဆီး တာတွေတောင် ရှိခဲ့တယ်။ နယ်စပ်ကိုပိတ်ဆို့တယ်။ နောက်ဆုံး မွန်ပြည်သစ်ပါတီက ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ရတယ်။ ဒါပေမယ့် နိုင်ချမ်းတွဲ့ရဲ့ မိန်းမကတော့ မြန်မာလို သိပ်မတတ်-တတတ်နဲ့ ပြောတယ်။ "နင်တို့ ကျောင်းသားအဖွဲ့တွေ မရှိတော့ရင် ငါတို့ မွန်မလေးတွေ အလှရှိတော့မှာ မဟုတ်ဘူး" တဲ့။ သူဆိုလိုတာက ကျနော်တို့အဖွဲ့တွေ မရှိတော့ရင်၊ မွန်မလေးတွေ အလှ ပြင်ပြင်ဆင်ဆင် မရှိတော့ဘဲ နေမှာကိုပြောတာ။
ဒီလိုနဲ့ ကျနော်တို့ အုပ်ချုပ်မှုကော်မီတီဝင်တွေ တိုင်ပင်အစည်းအဝေး ထိုင်ကြတယ်။ တပ်ရင်း (၁၀၁) နဲ့ (၁၀၂) က နတ် အိမ်ထောင်ဒေသဖက် အကဲကြည့်ဖို့ အဖွဲ့တွေလွှတ်ကြတယ်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ကရိန်းကန်းစခန်းကနေပြီး၊ နတ်အိမ်ထောင်ဒေသကို ရဲဘော်တွေကို စစ်ကြောင်း ၂ကြောင်းခွဲလွှတ်တယ်။ ပထမစစ်ကြောင်းက စခန်းနေရာ ရှာဖွေရေး နဲ့ ဆောက်လုပ်ရေးစစ်ကြောင်း၊ ကျန်စစ်ကြောင်းတကြောင်းကတော့ တပ်ရင်း (၁၀၂) မှ ကိုကိုဦး ဦးဆောင်တဲ့ ရေး တောင်ပိုင်းဒေသကတဆင့် စည်းရုံးရေးစစ်ကြောင်းပဲ။ ကျနော်တို့ ခွဲ (၂) ကတော့ မာနယ်ပလော ဒေသဖက်ကို တက်မယ် လို့ ဆုံးဖြတ်ကြတယ်။ ဥက္ကဋ္ဌဖြစ်သူ ကိုမိုးသီးဇွန်ကို ဆက်သွယ်တော့ သူကလည်း သူရှိနေရာ မာနယ်ပလောဒေသကို လာစေချင်တယ်။ ကျန်တဲ့ ကျနော်တို့ရဲဘော် ၅၀ နီးပါးက (အချို့ထွက်သွားကြသူတွေ ရှိသလို၊ အချို့လည်း တာဝန်တွေနဲ့ အခြားဒေသ ရောက်နေကြတယ်) မာနယ်ပလောကို ရွှေ့ဖို့ ဆုံးဖြတ်ကြတယ်။
ရေးတောင်ပိုင်းဆင်းတဲ့ စစ်ကြောင်းကာလတလျှောက်မှာ အရုတောင်ကျေးရွာ တိုက်ပွဲမှာ ABSDF က ၆ ဦးကျတယ်။ စစ်အစိုးရစစ်ကြောင်းက အဝေးထိုးသဘော ထိုးလာပြီး၊ မနက်ဝေလီဝေလင်း ထိုးစစ်ဆင်တာ။ (၁၉၈၉ သြဂုတ်)၊ ၁၉၉၁ ဇန်နဝါရီလမှာ ရင်းရဲကျေးရွာတိုက်ပွဲမှာ ရေးမြို့သား တပ်ရင်း (၁၀၂) က တပ်မှူးကိုကိုဦး ကျတယ်။ ရဲဘော်တယောက် ကတော့ RPG လက်နက်ပေါက်ထွက်ပြီး နောက်ထွက်မီးနဲ့ ကျဆုံးရတယ်။


ဘုရားသုံးဆူ နေ့ရက်များ (၁၇)
=============
ကလိန်ကန်းစခန်းမှာနေရတော့ စံခရပူရီမြို့ကို ပိုပြီး အရောက်အပေါက်များလာတယ်။ အကြောင်းကတော့ စခန်းကနေ လှေစီးရင် ၃ နာရီလောက်ဆို မြို့ကိုရောက်ပြီ။ ကြားထဲမှာ ထိုင်းဂိတ်က စစ်ဆေးတာမျိုး မရှိဘူး၊ ပိုလွတ်လွတ်လပ်လပ် ဝင် ထွက်လို့ရတယ်။ တဖက်မှာလည်း စံခရပူရီမြို့ထဲမှာ ကျနော်တို့ ထောက်ပံ့ရေးရုံးအတွက် သွပ်မိုးသွပ်ကာ အိမ်ကလေး တလုံးကိုလည်း ငှားထားတယ်။ နောက်ပြီး ရေကန်ကြီးထဲမှာလည်း ပင်လယ်ပြင်စစ်ဆင်ရေးဆိုပြီး ဖောင်အိမ်တလုံး ဝယ်ထားသေးတယ်။ စခန်းအတွက် စက်လှေငယ်တစင်းလည်း ရှိတယ်။
စံခပူရီမြို့က သေးသေးပါ။ တောင်နှမောင်းတွေပေါ်မှာ လက်ချောင်းတွေ ဖြန့်ကားထားသလို တည်ထားတဲ့မြို့၊ မြို့နဲ့ ရေကန် တဖက်ခြားထားတဲ့ မွန်ရွာကိုတော့ 'ဝင်က'လို့ ခေါ်ကြတယ်။ ဒီမြို့နဲ့ ဝင်းကရွာဟာ အရင်တုန်းကတော့ ချောင်းသုံးခုဆုံရာ (ဘီးခီး၊ စံခလယ် (စောင်ခလီယာ) နဲ့ ရမ်တီး) နေရာမှာ ရှိခဲ့တယ်။ ချောင်းသုံးခုဆုံရာကနေ ဖြစ်လာတဲ့ 'ကွေးနိုင်မြစ်' ကို ၁၉၇၉ ခုနှစ်မှာ ဆည်ပိတ်လိုက်ပြီး၊ ဆည်တည်ဆောက်တာပြီးဖို့ ၅ နှစ်ကြာတယ်။ အရင်ကတော့ ခေါင်လိုင်ဆည်လို့ ခေါ်တယ်။ ၂၀၀၁ ခုနှစ်မှာတော့ ထိုင်းလက်ရှိဘုရင်နာမည် 'ဗာဂျီရာလောင်ကွန်' ဆည်အဖြစ် အမည်ပြောင်းတယ်။ ဆည် ပိတ်လိုက်တော့ ရွာဟောင်းကရေမြုပ်သွားတယ်။ ရေမြုပ်သွားတဲ့ ရွာသားတွေကို တောင်ကုန်းမြင့်ပေါ်မှာ ပြန်ပြီး နေရာချ ပေးတယ်။ ဆည်ပိတ်လိုက်လို့ ရေတွေတောင့်သွားတဲ့အခါ ရေကန်ကြီးသဖွယ် မြို့ရဲ့အလှအပ ပေါ်လာတယ်။ တဖက်မှာ ထိုင်းနဲ့ ကရင်အများစုနေရာ စံခရပူရီမြို့ကတဖက်၊ ကျန်တဖက်မှာ မွန်အများစုနေထိုင်တဲ့ ဝင်ကရွာဖြစ်လာတယ်။ မွန်ဆရာ တော်ကြီး ဦးဥတ္တမရဲ့ ဂုဏ်သတင်းကြောင့် ထိုင်းဘုရင်က ကိုးကွယ်တဲ့အခါ မွန်ရွာသားတွေလည်း ဆရာတော်ကြီးကို ခိုလှုံ နေထိုင်စရာ ဖြစ်လာတယ်။ မွန်ဖက်ကမ်းကို သာသနာနယ်မြေအဖြစ် သတ်မှတ်ပေးပြီး၊ ဆရာတော်ကြီးရဲ့ လောင်းရိပ်ခိုစေ တယ်။ မွန်ဘုန်းကြီး ဆရာတော် ဦးဥတ္တမကလည်း "စေတီ ဗုဒ္ဓဂါယာ"ဆိုပြီး၊ ဗုဒ္ဓဂါယာပုံစံ စေတီတဆူ တည်ထားတယ်။
ရွာနှစ်ခုကြားက ရေပြင်မှာတော့ အပန်းဖြေတည်းခိုခန်း (Guest house) တွေ ရှိသလို၊ လောရှမ်းလူမျိုးတွေ အခြေချ နေထိုင်ကြတဲ့ ဖောင်အိမ်ကလေးတွေလည်း ရှိတယ်။ နောက်တော့ မွန်တွေလည်း ဖောင်တွေပေါ် အိမ်သဘော တဲထိုး နေထိုင်ကြတယ်။ (၁၀၁) အဖွဲ့က ဖောင်အိမ်တလုံးကို ဝယ်ပြီး စတည်းချတယ်။ ချက်ပြုတ်စားလိုက်၊ လှေမောင်းလိုက်၊ ရေကူးလိုက် လုပ်နေတာ တွေ့ရတယ်။ တချိန်ကျရင် ပင်လယ်ပြင်စစ်ဆင်ရေးလုပ်ဖို့ ကြိုတင်လေ့ကျင့်နေတာလို့ ဆိုကြ တယ်။ ဒေါက်တာ နိုင်အောင်အကြံ ဖြစ်ပုံရတယ်။ :P :P :P ကျနော်တို့ရဲဘော်တွေ လာတဲ့အခါ ထောက်ပံ့ရေးတဲမှာ တည်းခိုနေ နိုင်ကြသလို၊ ဖောင်အိမ်မှာလည်း နေနိုင်တယ်။ ဘုရားသုံးဆူက လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ မဖြူ-မနီတို့ ညီအမကလည်း ဘုရားသုံးဆူ စခန်းကျတဲ့အခါ ဝင်ကရွာကလေးမှာ ပြောင်းလာပြီးနေထိုင်ကြတယ်။ (လက်ဖက်ရည်ဆိုင်တော့ မဖွင့်တော့ ဘူး)။
အဲဒီမှာ ကျနော်မသီတာနဲ့ စတွေ့တယ်။ သူတို့အိမ်မှာက လက်ဖက်ရည်၊ မုန့်ဟင်းခါး၊ ကွေ့သယိုရောင်းတော့ ကျနော်တို့ ရဲဘော်တွေ မနက်စက်ကျရာ နေရာဖြစ်နေတတ်တယ်။ လက်ဖက်ရည်ဆိုင်ထိုင်၊ အာပေါင်အာရင်းသန်သန် နိုင်ငံရေးတွေ ဆွေးနွေးကြ၊ ခေတ်ကိုသုံးသပ်ကြ လုပ်နေတတ်ကြတယ်။ မသီတာက ငယ်သေးတယ်။ ဒါပေမယ့် သူတို့လက်ဖက်ရည်ဆိုင်ထဲမှာ ချိတ်ထားတဲ့ ဓာတ်ပုံကြီးတပုံကိုကြည့်ရင်း ကျနော်သဘောကျနေမိတယ်။ ဓာတ်ပုံထဲမှာ သူက အသက်ပိုကြီးနည်းနည်း ကြီးပုံရတယ်။ ဓာတ်ပုံထဲက သူ့မျက်လုံးတွေက ဝိုင်းစက်နေတယ်။ နားဆွဲကလေးနဲ့ ပြင်ပြင်ဆင်ဆင်ရိုက်ထားတဲ့ ဓာတ်ပုံ ကို ကျနော်ငေးကြည့်နေတတ်တယ်။ လူကိုယ်တိုင်ကိုတော့ တခါတလေမှသာ မြင်ရတယ်။ သူ့မိသားစုနဲ့ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကတော့ အတော်ရင်းနှီးကျွမ်းဝင်နေပြီ။ အကြောင်းကတော့ သူ့အမဖြစ်သူ မစန္ဒာက ကျနော်တို့ ကျောင်းသားအဖွဲ့က မုဒုံမြို့သား ကိုအောင်ဆန်းနဲ့ စောစောစီးစီးကပဲ အိမ်ထောင်ကျတယ်။ မုဒုံအုပ်စုခေါင်းဆောင် ကို တင်စိုးနောင်၊ ကိုတင်စိုးမောင်တို့က ကိုအောင်ဆန်းကို မြို့ပြမှာ ဆက်သွယ်ရေးအတွက် စံခလီယာဟိုတယ်မှာ စားပွဲထိုး လုပ်စေရင်း၊ တာဝန်ပေးထားတယ်။ အဲသည်အချိန်က တယ်လီဖုန်းဆက်သွယ်ရေးက ခက်ခဲတော့ မြို့ပေါ်က၊ အခြားဒေသ က ဆက်ချင်ရင် ကိုအောင်ဆန်းကို မက်ဆေ့ခ်ျသတင်း ပေးထားခဲ့နိုင်တယ်။ အဲဒီမှာ သူ့အမတော်သူ မစန္ဒာနဲ့တွေ့ပြီး အိမ်ထောင်ကျတယ်။ သူ့အမက မြန်မာစကား ပိုပြီးရေရေလည်လည် ပြောဆိုတတ်သလို၊ ကိုအောင်ဆန်းကလည်း မွန်လို ပြောတတ်တယ်။ သူတို့အဖို့ အဆင်ပြေတာပေါ့။ နောက်တခုကလည်း သူ့အဖေ ဦးလှအိမ်က မြန်မာရေလည်ပြီး၊ ဟိုးအရင် တခေတ် ဦးနုရဲ့ ပါလီမာန်ဒီမိုကရေစီပါတီ (PDP) တော်လှန်ရေးကာလကတည်းက၊ အဲဒီတော်လှန်ရေး ရဲဘော်တွေနဲ့ တလုံးလုံး လက်ပွန်းတတီးနေခဲ့သူ။ ကျနော်တို့ ဘဝတွေကို စာနာမှုရှိတယ်။
သူများတွေက မဖြူ-မနီ ပိုးပန်းနေကြချိန်မှာ ကျနော်ကတော့ သူတို့ကိုရှောင်ပြီး၊ မသီတာကို သဘောကျနေတယ်။ အဲဒီအချိန်က ကျနော်က ၂၅ နှစ်၊ သူက ၁၆ နှစ်လောက်ပဲ ရှိဦးမယ်။ ဒါပေမယ့် သူကမြန်မာစကား မတတ်တော့ ကျနော့် အဖို့ ပြောရလည်း အတော်ခက်နေတယ်။ ကျနော်တို့ ဒေသက တပ်ရေးတာဝန်ယူသူ ကိုရဲမွန်၊ ကျနော်တို့တပ်ခွဲက ကို အောင်မျိုးဆန်းတို့ကလည်း ကျနော့်ကို ရောဂါတက်အောင် ကျပ်ပေးကြတယ်။ ကိုအောင်မျိုးဆန်း၊ ကိုရဲမွန်တို့က ကျနော် တို့ထက် အသက်ကြီးပြီး၊ လူပေါင်းလည်း ဆန့်ကြတယ်။ ဦးလှအိမ်ကို သူငယ်ချင်းလို ပြောဆိုပေါင်းသင်းကြတယ်။ ဦးလှ အိမ်ကလည်း လူငယ်စိတ်၊ အဲသည်အချိန်အထိ ကျောကုန်းမှာ လင်းယုန်ရုပ်ကြီး မင်ကြောင်ထိုးလိုက်သေးတယ်။ ပြီးတော့ ဆေးမင်ကြောင်ကို ကြွားချင်တဲ့စိတ်နဲ့ အင်္ကျီချွတ်၊ ဆိုင်ကိုကျောပေးထိုင်ပြီး သူ့အရုပ်ကို လူသူမြင်အောင် လုပ်တတ်သေး တယ်။ မသီတာတို့ အမေကအေးတယ်။ သူ့အဖေပြီးရင်ပြီး၊ မြန်မာလိုလည်း သိပ်မပြောတတ်ဘူး။
သူတို့က မသီတာကို ကျနော်သဘောကျနေကြောင်း နားဖောက်ကြတယ်။ စနောက်ပြောကြတယ်။ အဲသည်လို အချိန်မျိုး ဆိုရင် ကျနော့်အဖို့ လက်ဖက်ရည်ဆိုင် ထိုင်ရတာ အတော်အနေခက်တယ်။ ဦးလှအိမ်ကလည်း ကျနော်စခန်းလူကြီး တယောက်မှန်း သိထားတော့၊ တယောက်နဲ့ တယောက် "ခင်ဗျား-ကျနော်" နဲ့ ပြောဆိုဆက်ဆံနေရချိန်။
ဒီလိုနဲ့ ရောဂါတက်လာတယ်။ ကိုအောင်မျိုးဆန်းကလည်း စာပေးဖို့ မြှောက်ပေးတယ်။ စာပေးရင်လည်း ဟိုက မြန်မာလို ဖတ်တတ်မှာ မဟုတ်ပြန်ဘူး။ တဖက်မှာလည်း ကျနော်တို့ စခန်းကရဲဘော်တွေ မာနယ်ပလောဒေသဖက်ကို ပြောင်းရွှေ့ရ မှာမို့ အလုပ်ရှုပ် ပြင်ဆင်နေကြရတယ်။ ကျနော့်အဖို့လည်း ချီတုံချတုံ။ ကျနော်မပြောဖြစ်ရင် သူဘယ်လိုသိမှာလဲ။ တနယ် ကို ပြောင်းသွားတဲ့အခါ ဝေးကြရချည်ရဲ့။ ကျနော် ဖွင့်ပြောပြီးပြန်ရင်လည်း ခရီးသွားကြရမှာ၊ ဝေးကြရမှာ။ တာဝန်တွေနဲ့ ဘယ်တော့မှ ပြန်လာနိုင်မယ်… မသိပြန်ဘူး။ ကံမကုန်ရင်တော့ ပြန်ဆုံနိုင်ကြသေးတာပေါ့။
အဲသည်အချိန်မှာ စံခရပူရီမြို့မှာ ကေအဲန်ယူဖက်က ဆက်ဆံဖို့ ဖဒိုမန်းအောင်ဌေး ရှိတယ်။ သူက ၁၉၆၂ ကျောင်းသား ဟောင်း ကျောင်းသားစိတ် ရှိတယ်။ စကားပြောရင် နှာခေါင်းတရှုံ့ရှုံ့နဲ့ ပြောတတ်သူ။ သူ့အိမ်ကိုသွားရင် ၁၉၇၀ ပတ်ဝန်း ကျင်လောက်က ဦးနေဝင်းကို လုပ်ကြံဖို့ ကြိုးစားဖူးတဲ့၊ နိုင်ငံတော် ကျော်ထူးခေါ် (အသံလွှင့်ရုံကို ၁၉၈၀ ခုနှစ်များမှာ လောင်ချာနဲ့ ပစ်ဖူးတဲ့ မန်းငွေအောင်တို့ အစု) က တယောက်ကိုလည်း တွေ့ရတတ်တယ်။ နောက်တော့ တပ်မဟာ ၆-က ဖဒိုမန်းအောင်တင်မြင့် ရှိတယ်။ [နောက်ပိုင်းမှာ တပ်ရင်း ၁၆ က သုမူဟဲက ကေအဲန်ယူက ခွဲထွက်လက်နက်ချတော့ သူပါသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အမျိုးသားလွှတ် တော်အမတ်အနေနဲ့ နေပြည်တော်မှာ ပြန်တွေ့ရတယ်။ ကော့ကရိတ်မဲဆန္ဒနယ်က မဲရွေးကောက်ခံရတာ။] သူတို့ကတဆင့် ကျနော်တို့ရဲဘော်တွေ တပ်မဟာ-၆ နယ်မြေကို ဖြတ်ပြီး မာနယ်ပလောကို သွားနိုင်ဖို့ ညှိနှိုင်းရတယ်။ သွားရမယ့်လမ်းက ကျနော်တို့ စံခရပူရီကနေ တဖက် ထိုင်းနယ်စပ် မဲကသာစခန်းကို သွားရမယ်။ မဲကသာကနေ တောလမ်းရှိတယ်။ တောင်ပေါ်လမ်းတလျှောက် ထိုင်းနယ်ကို ဝင်လိုက်၊ ထွက် လိုက်ဖောက်ထားတဲ့ ခဲမိုင်းတူးတဲ့ လမ်းကြောင်းရှိတယ်။ နောက်ဆုံး တပ်မဟာ ၆- တဖက်နယ်စပ် အဇင်း၊ ကျိုက်ဒုံ ကျေးရွာကို ပေါက်မယ်။ အဲဒီကနေတဆင့် ထိုင်းနိုင်ငံ အုန်းဖျံမြို့၊ မဲဆောက်နီးသွားပြီ။ ကျနော်တို့နဲ့အတူ လက်နက်အချို့ ယူသွားနိုင်ဖို့လည်း ပြင်ဆင်ကြတယ်။ ထိုင်းလူမျိုးတွေ အများစုက မြို့မှာ သွားလာတဲ့အခါ မော်တော်ဆိုင်ကယ်ကို သုံးကြ တယ်။ ကျနော်တို့ကတော့ ခြေထောက်ပဲရှိတယ်။ မြို့ကို ဟိုဖက်ဖြတ်လျှောက်၊ သည်ဖက်ဖြတ်လျှောက် လူကလည်း နေလောင်မဲတူး၊ ချွေးတလုံးလုံးနဲ့ ဖြစ်နေရတယ်။ နိုင်ငံတကာ မိတ်ဆွေတွေကိုလည်း ခရီးစားရိတ်အတွက် ငွေကြေး အကူ အညီတောင်းကြရသေးတယ်။ ဒီကြားထဲမှာ 'လက်ဖက်ရည်ဆိုင်' ဆိုပြီး ကဗျာတပုဒ် ရေးဖြစ်တယ်။
လက်ဖက်ရည်ဆိုင်
လက်ဖက်ရည်ဆိုင်
စစ်ပြန်ကြီးတွေ စတိုင်နဲ့
ကိုယ်တို့လာထိုင်ကြတယ်။
တကယ်တော့
ဘိုင်ကျပြီး ငှက်ဖျားနဲ့ဆွေးနေတဲ့
ပြည်ပြေးကျောင်းသားတွေပေါ့...။
အီကြာကွေးအကြော်နဲ့
နက်စ်ကော်ဖီဖျော်ရောင်းတဲ့ဆိုင်ကိုပဲ
လက်ဖက်ရည်ဆိုင်ဆိုပြီး သူတို့ထိုင်ကြ
ရွာလမ်းမကို စတိုင်ကျကျ ရှုတတ်တယ်။
နယ်စပ်မျဉ်းပေါ်က ဈေးကလေးမှာ
မြို့စရိုက်ကိုပေးတာဆိုလို့ ဒီဆိုင်
လေသေနတ်တွေထိုင်ပစ်
ဦးချစ်ဆိုင်အလား ထင်လိုက်သေးတယ်။
ပြောက်ကျားဘောင်းဘီဂေါက်ဂက်နဲ့
မနက်ဆိုထွက်လာ
ရွာခမ်းလှည့်လည်တော်မူပြီး
လက်ဖက်ရည်ဆိုင်မှာ လသာတယ်...
ပြန်လာတော့ အချင်းချင်းပြောမကုန်
စုပေါင်းစပ်ပေါင်း အကုန်ကြိုက်ကြရတဲ့
အကြီးမ အငယ်မအကြောင်းလေ။
မြို့ဝေးပြဝေးမှာ အာသာဖြေဆေး
ဖျော်ဖြေရေးလည်း ဒီဆိုင်
မိဝေးဖဝေး သံယောဇဉ်ပေး
အိပ်မက်တွေမွေးတာလည်း ဒီဆိုင်။
ဒီလိုနဲ့....
တောင်ပြာတန်းနဲ့ ကျောပိုးအိတ်သီချင်းဆို
တနေရာကို သွားရဦးမယ်။
ကိုယ့်ကိုယ်ကို ခေတ်ကြီးလွယ်ထားပုံနဲ့ နှုတ်ဆက်
ထားရက်ရတော့မှာပဲ ဆိုင်ကလေးရေ...။
မလွမ်းလောက်ပါဘူး။
တံတားကြီး
ဘုရားကြီး
ချဲပွဲနဲ့ လူမိုက်တွေကြီးစိုးတဲ့ ရွာကလေးလေ...။
သေချာပါရဲ့
လက်ဖက်ရည်ဆိုင်
ကောင်တာထိုင်နေတဲ့ ပန်းကလေးဟာ
ပူပုံပန်းနဲ့ မှိုင်ငေးနေတော့မှာပဲ။
သူချစ်တဲ့ကောင်လေးဟာ
စစ်သွေးကြွ ဘာသာခြား၊ တရွာသားကျနော်လေ...။
ယောဟန်အောင် (၁၉၉၀၊ ၂၀၀၄)
==================
ဘုရားသုံးဆူ နေ့ရက်များ အမှတ် (၁၈) တော့ စာအုပ်ထွက်မှ ဝယ်ဖတ်တာ ကောင်းမယ်ထင်တယ်။

ဘုရားသုံးဆူ နေ့ရက်များ

ဘုရားသုံးဆူ နေ့ရက်များ (၅)
===============
ကျနော်တို့ ဘုရားသုံးဆူစခန်းရှိစဉ် သာသနာပြုအဖွဲ့တွေလည်း စခန်းကို ရောက်လာကြတယ်။ သူတို့အတွက် ကျနော်တို့ က ဈေးကွက်အသစ်ဖြစ်နေမလားပဲ။ ရောက်လာတဲ့ အဖွဲ့အစည်းတခုက ဂျိန်းဘာသာလိုမျိုး အဖွဲ့ပဲ။ သူတို့အဖွဲ့အစည်း အခြေခံအယူဝါဒကို PROUT (Progressive Utilization Theory) လို့ ခေါ်ကြတယ်။ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယပညာရှင် နဲ့ လူမှုရေးလှုပ်ရှားသူ ပရာဘတ် ရာဂျန် ဆာကာ (Prabhat Ranjan Sarkar) က ဖော်ထုတ်ခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေး အယူအဆလို့လည်း ဆိုကြ တယ်။ သူက မာ့စ်ဝါဒနဲ့ အရင်းရှင်ဝါဒကြားက အခြားရွေးချယ်စရာ လမ်းကြောင်းတခုရှာတယ် လို့လည်း ဆိုတယ်။ သူတို့ဘာသာတရားက သဘာဝပတ်ဝန်းကျင်၊ အပင်၊ တိရိစ္ဆာန် စသည့်ဖြင့် အားလုံးကို ကာကွယ်မှု ပေးတယ် ဆိုတယ်။ ဘုန်းကြီး၊ သီလရှင်ဖြစ်သူတွေက အဝါရောင်ခြုံထည်ကို ဝတ်ကြရတယ်။ သတ်သတ်လွတ်စားကြရ တယ်။ ဘုန်းကြီးတွေကို 'ဒါဒါ' လို့ခေါ်ပြီး၊ သီလရှင်တွေကို 'ဒီးဒီး' လို့ ခေါ်ကြတယ်။ စခန်းမှာ ဟောပြောချင်တယ်ဆိုတော့ ဟောပေါ့။ ရဲဘော်တွေကိုတော့ သည်းညည်းခံနားထောင်ပေးဖို့ မေတ္တာရပ်ခံရတယ်။ ဒီဟောပြောပွဲပြီးရင် သူတို့က အချို့ ပစ္စည်းတွေ လှူဒါန်းမယ်။ ဖိနပ်တွေလည်း ဝေပေးဖို့ ပါလာတယ်။ "စောစောအိပ်ရင် စောင်ရမယ်၊ စောစောထရင် ဖိနပ် ရမယ်" ဆိုတဲ့ ရဲဘော်တွေအတွက် တစုံတရာ အဆင်ပြေသွားနိုင်တယ်။ ကျနော်တို့ စခန်းစာကြည့်တိုက်ထဲမှာ ဟောပြော ပွဲ စီစဉ်ပေးရတယ်။ သူတို့ ဟောပြောတာကလည်း ဟုတ်သား၊ သိပ္ပံနည်းကျသလိုလို။
"တိရိစ္ဆာန်တွေဟာ မူလက ရေနေ သတ္တဝါတွေ၊ ကမ္ဘာကြီး ရေလွှမ်းစဉ်ကာလ၊ နောက်ပိုင်းမှာ သူတို့က ကုန်းတပိုင်း၊ ရေတပိုင်းသတ္တဝါ (amphibious animals) တွေ ဖြစ်လာကြတယ်။ ရေထဲကနေ ကုန်းပေါ်ကိုတက်လာကြတယ်။ အဲဒီ အတွက်ကြောင့် ကုန်း (မြေ) ကို သိပ်ခင်တွယ်တယ်။ ငါ့မြေ၊ ငါ့လယ်ကွက်၊ ငါ့ဒေသ၊ ငါ့နိုင်ငံ …စသည်ဖြင့် တွယ်တာ ကြတယ်"။ မြေကြီးကို အစွဲအလန်းကြီးကြပုံတွေကို ဟောတယ်။ ဒါတင်မကသေးဘူး။ အိန္ဒိယဗုံတိုသံနဲ့ ကကြရသေး တယ်။ "ဘာဘာနမ်၊ ကေဘာလံ" ဒီလိုစာသားကို အခေါက်ခေါက်အခါခါ ဆိုပြီး ကကြရတယ်။ နောက်ပိုင်းက ရဲဘော်တွေ ကတော့ ဘာာဘာနမ်တင် မကတော့ဘူး။ 'မြနန္ဒာ နေညိုညို ရစ်ကာသန်းတော့' တွေ ဖြစ်ကုန်ကြပြီ။ သူတို့လည်း ကျေနပ် ပြီး ပြန်သွားတယ်။ ကျနော်တို့လည်း ဖိနပ်တွေ၊ အထောက်အပံ့တွေရတယ်။ တခုပဲ စိုးရိမ်မိတယ်။ ဗီဒီယိုမှတ်တမ်းတင် သွားတော့ ဒီဗီဒီယိုကိုများ စစ်အစိုးရ ရသွားရင် ဒုက္ခဆိုပြီး တွေးမိတယ်။ ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားရောဂါရပြီး ရူးကြောင်ကုန်ကြပြီလို့ ဝါဒဖြန့်ရင် ဒုက္ခ။ [အဲသည်အဖွဲ့က ယခုတိုင် စံခရပူရီမြို့ကလေးမှာ တရားထိုင်စခန်းတခုဆောက် ထားတယ်။ မိဘမဲ့ကလေးတွေကို ပညာသင်ပေးဖို့ PROUT School ကျောင်းလေးတခု ဖွင့်ထားဆဲပဲ။]
နောက်တခုကတော့ ထိုင်ဝမ်အဆက်အသွယ် တာအိုဝါဒ (Taoism) ဘုန်းကြီးကျောင်းပဲ။ ကြည့်ရတာ မွန်ပြည်သစ်ကို စစ် သင်တန်းကျောင်းပေးတဲ့ အကူအညီနဲ့အတူ ဘာသာရေးအဖွဲ့လည်း ရောက်လာပုံရတယ်။ သူတို့ကျောင်းကို မွန်ပြည်သစ် ပါတီ ဌာနချုပ်နားမှာ ဆောက်ထားတယ်။ ဘုန်းကြီး၊ သီလရှင်က သာမန်အချိန်မှာ လူလိုပဲ ဝတ်တယ်။ ဝတ်ပြုဆုတောင်း ခါနီးမှ အဖြူရောင် ဝတ်ရုံရှည်ကြီးကို ခြုံလိုက်ရတယ်။ ဆုတောင်းဝတ်ပြုတယ်။ သူတို့ကျောင်းကိုသွားရင် သတ်သတ်လွတ် ထမင်းကျွေးတယ်။ သတ်သတ်လွတ် ဆိုသော်လည်း တကယ့် အသား၊ ငါးတွေလို အမြင်အရ ကောင်းကောင်းစီမံထား သလို၊ အရသာကလည်း ကောင်းလှတယ်။ ဒီနေရာကလည်း ကျနော်တို့ရဲဘော်တွေအတွက် ငတ်ကြီးကျ စားသောက်ဖို့ နေရာတခုပါပဲ။ သူတို့ကန်တော့ရတဲ့ နတ်ဘုရားထဲမှာ ကွမ်ယင်မယ်တော်ပါတယ်။ ဗိုက်ပူပူဘိုးတော်ပါတယ်။ အခြား ကျနော်တို့ အမည်အားဖြင့် မသိနိုင်သေးတဲ့ တရုတ်နတ်ဘုရားတွေလည်း ပါသေးတယ်။ သူတို့ဆီသွားတဲ့အခါ ကျနော် တို့ အမည်တွေကို ကောင်းကင်မှာရှိတဲ့ ဘုရားဆီမှာ မှတ်ပုံတင် register လုပ်ကြရတယ်။ မိုင်းကိုင်စက္ကူလို စာရွက်ကလေး ပေါ်မှာ ကျနော်တို့နာမည်တွေကို တရုတ်ဘာသာနဲ့ ရေးတယ်။ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်ရေးရေး၊ မြန်မာလိုရေးရေး ရတယ်။ ဘုရားသခင်က ဘာသာပေါင်းစုံ ဖတ်တတ်တယ်။ ပြီးတဲ့အခါ အဲဒီစက္ကူပါးကလေးကို မီးရှို့လိုက်တဲ့အခါ လေထဲ လွင့်ပျံသွားတယ်။ ကျနော်တို့ နာမည်တွေလည်း ဘုရားဆီမှာ မှတ်ပုံတင်ပြီးသား ဖြစ်သွားတယ်။ သူတို့က ကျနော်တို့ ကောင်းပေါ့ ဆုတောင်းပေးကြတယ်။
အဲဒီမှာ ပြောပြထားတဲ့ လျှို့ဝှက်ချက်တခု ရှိလာတယ်။ သိပ်ပြီး အရေးကြုံရင်၊ အသက်ဘေးနဲ့ ရင်ဆိုင်ရမယ့် ကာလမျိုးမှာ ဒီ ဂါထာလေးကို ရွတ်ပါတဲ့။ ဘာမှန်းတော့ အဓိပ္ပါယ် မသိပါဘူး။ "ဝူးထိုက်ဖော် မီလား" လို့ ဆိုတယ်။ ဒါကို အသံထွက် ရွတ်လို့ မရဘူး။ တိတ်တိတ်ပဲ စိတ်ထဲက ရွတ်ရမယ်။ အသံထွက်ရွတ်ရင် ဘုရားက ကြားပြီး သူ့အတွက် အလုပ်ရှုပ်မယ်၊ စိတ်အနှောက်အယှက် ဖြစ်ရမယ်ပေါ့။ ဒီလို ဂါထာရွတ်လိုက်တာကို ဘုရားက ကြားတဲ့အခါ အကယ်လွှတ်ပါလိမ့်မယ် .. စသည်ဖြင့်ပေါ့လေ။ ဟုတ်တော့ ဟုတ်နေကြတယ်။
ဒီလိုနဲ့ မွန်အမျိုးသားနေ့အကြို တပ်ဖွဲ့ပေါင်းစုံ ဘောလုံးပွဲ ဖြစ်လာခဲ့တယ်။ ကျနော်တို့ကလည်း တပ်ရင်း ၁၀၁၊ ၁၀၂ ပေါင်းပြီး ဒိုင်းယူဖို့ ဘော်လုံးတဖွဲ့ ထွက်တယ်။ မွန်ပြည်သစ်ပါတီကလည်း တပ်ရင်းအလိုက် ဘောလုံးအဖွဲ့တွေ ထွက်ကြတယ်။ ဘူးသီးငါးပေါင်းကြော်စာနဲ့ ဗိုလ်သင်တန်းကျောင်း အသင်းကလည်း ဝင့်ဝင့်ကြွားကြွား ဘောလုံးပွဲ မှာ လာယှဉ်တယ်။ ကျနော်တို့ အသင်းမှာတော့ မြန်မာ့လက်ရွေးစင်တွေပါတယ်။ တပ်ရင်း (၁၀၂) က ကိုယဉ်ထွေး ဆိုရင် မြန်မာ့လက်ရွေးစင် ဂိုးသမား၊ တပ်ရင်း (၁၀၁) က မင်းလွင်ကြီးဆိုရင် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား၊ အခြားနယ်အဆင့် လက်ရွေးစင်၊ တက္ကသိုလ် ကျောင်းလက်ရွေးစင်တွေလည်း ရှိကြတယ်။ သို့ပေသော်လည်း အာဟာရ က မပြည့်၊ လေ့ကျင့်မှုက မရှိ၊ ငှက်စားထားတာလည်း ရှိနေကြသေး။
ဒီလိုနဲ့ ကန်လာကြတာ ဖိုင်နယ်ပွဲမှာ ကျောင်းသားအဖွဲ့နဲ့ ဗိုလ်သင်တန်းကျောင်း အဖွဲ့တို့ တွေ့ဖို့ ဖြစ်လာတယ်။ ဒိုင်းဆုကြီး ကို မက်သလို၊ ဆုရမယ့်ငွေသားကလည်း မက်စရာ။ အနည်းဆုံးတော့ ဗိုက်ပွဲခံသွားနိုင်တယ်။ ဒီလိုနဲ့ ဘောပွဲက အကြိတ် အနယ်။ အရှုံးမခံနိုင်တော့ဘူး။ ဘောလုံးက ကျနော်တို့ ဂိုးဘက်လည်း နီးလာရော၊ ကျနော်တို့ ကျောင်းသားအစုဆီက အသံကြီး တခဲနက်ထွက်လာတယ်။ "ဝူးထိုက်ဖော် မီလား"
ဘောလုံးက ဂိုးတိုင်ကို ချော်ထွက်သွားတယ်။ ဘုရားကယ်လိုက်တာပေါ့။ ဒီလိုနဲ့ မွန်ဗိုလ်သင်တန်းကျောင်း အဖွဲ့ဖက် ဂိုးတိုင်နားကို ကပ်လာတယ်။ ကျနော်တို့လည်း ဂိုးသွင်းတော့မယ် ဆိုတော့ ရင်တခုန်ခုန် တခဲနက် အားပေးနေကြရတယ်။ မွန်ရဲဘော်တွေဖက်က အသံကြီးထွက်လာတယ်။ "ဝူးထိုက်ဖော် မီလား"။ သူတို့ကလည်း တာအိုဘာသာရေး စည်းရုံးမှု တစုံတရာ ခံကြရတဲ့သူတွေ၊ ဒီအကြောင်းလည်း သိသင့်သလောက် သိထားကြသူတွေ။
"ဝူးထိုက်ဖော် မီလား"
"ဝူးထိုက်ဖော် မီလား"
ဒီလိုနဲ့ ဘော်လုံးကွင်းတကွင်းလုံး "ဝူးထိုက်ဖော် မီလား" ဆုတောင်းသံတွေနဲ့ ဆူညံနေခဲ့တယ်။ တာအို ဘာသာရေး အဖွဲ့ လည်း ဘောလုံးပွဲပရိသတ်ထဲပါတယ်။ သူတို့လည်း မျက်နှာပူပူနဲ့ အစောကပဲ ကွင်းထဲက ထွက်သွားကြတယ်။ ပွဲပြီးတော့ သရေကျတယ်။ ကျနော်ကတော့ ကျနော်တို့ ဘောလုံးကန်နေစဉ်ကာလမှာ ဘုရားသခင်ကတော့ ဘောလုံးကို ဟိုဖက် သယ်ပြေးလိုက်ရ၊ ဒီဖက်သယ်ပြေးလိုက်ရ လုပ်နေမှာတော့ မြင်ယောင်မိတယ်။ [ဒါပေမယ့် အခုထက်တိုင် ကျနော့်မိန်းမ မွန်ရွာသူကတော့ တာအိုဘာသာကို ဆက်လက်ကိုးကွယ်တုန်းပဲ။ အိမ်မှာလည်း ကွမ်ယင်မယ်တော် ဘုရားစင်တခု ရှိတယ်။]
ဓာတ်ပုံကို မိုက်တယ်ပြောသူတွေအတွက် အပိုထည့်ပေးပါတယ်။


ဘုရားသုံးဆူ နေ့ရက်များ (၆)
===============
ကျနော် စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး မကြာခင်မှာပဲ၊ စစ်သင်တန်းဆင်းပွဲ ကျင်းပဖို့ ဖြစ်လာတယ်။ ရက်စွဲ သေချာမမှတ်မိပေမယ့် ၁၉၈၉ ခုနှစ်၊ မတ်လထဲ ဖြစ်ဖို့များတယ်။ စစ်ကြောင်းလျှောက်၊ ဘင်ခရာတပ်ဖွဲ့နဲ့ ချီတက်အလေးပြု ဖို့ ဖြစ်လာတယ်။ အမှန်တကယ်က အခုစစ်သင်တန်းကျင်းပနေစဉ်မှာ ကျနော်ကိုယ်တိုင်လည်း သင်တန်းသားပဲ။ လုပ်အား ထည့်ဝင်မှုကလည်း သာမန်သင်တန်းသား တယောက်လိုပါပဲ။ သို့သော်လည်း ကံတရားအရ သင်တန်းဆင်း စစ်ကြောင်းက စခန်းဥက္ကဋ္ဌ ကျနော့်ကို ချီတက်အလေးပြုရဖို့ ဖြစ်လာတယ်။ ကျနော့်မှာ ယူနီဖောင်းတောင် ကောင်းကောင်းပြင်ဆင်ချိန် မရလိုက်ဘူး။ သိပ်မတော်တဲ့ ပြောက်ကျားယူနီဖောင်းတစုံကို လက်ခေါက်၊ ခြေခေါက်ဝတ်၊ သိပ်မတော်တဲ့ စစ်ဖိနပ်တစုံ နဲ့ သင်တန်းဆင်းပွဲ ပြီးသွားတယ်။ သင်တန်းဆင်းပွဲမှာ ဘယ်လိုမိန့်ခွန်း ပေးမိတယ်ဆိုတာ သေချာ မမှတ်မိတော့ဘူး။ ကျောင်းသားရဲဘော်တွေကြား ညီညွတ်ရေးနဲ့ မပြီးသေးတဲ့ တော်လှန်ရေးခရီးကို အင်တိုက်အားတိုက် ဆက်လုပ်ကြဖို့ လောက်ပဲ ဖြစ်နိုင်ပါတယ်။
သင်တန်းပြီးတော့ ရှေ့တန်းဆင်းကြဖို့ ပြင်ဆင်မှုတွေ ဖြစ်လာတယ်။ ကျနော်တို့က မွန်ပြည်သစ်ပါတီ ဗဟိုစစ်ရုံးနဲ့ သွား ဆွေးနွေးကြရတယ်။ လက်နက်တွေ၊ ကျည်တွေ ငှားကြရတယ်။ ကျနော်တို့ဖက်က လုပ်ချင်တဲ့ စစ်ရေးအစီအစဉ်ကိုလည်း တင်ပြကြရတယ်။ အဲသည်အချိန်က ကျနော်အဓိက ဆက်ဆံရတာက ကျောင်းသားရေးရာ တာဝန်ခံ နိုင်ဗညားအောင်နဲ့ စစ်ရေးကိစ္စဆိုရင် မွန်ပြည်သစ်ပါတီ ဗဟိုစစ်ကော်မရှင် တွဲဘက်အတွင်းရေးမှူး နိုင်ပန်းသာနဲ့ ဆက်ဆံရတယ်။ သူက အရပ်မနိမ့်မမြင့်၊ ခပ်ပိန်ပိန်ပါးပါးပဲ။ စကားပြောရင် လေအေးလေးနဲ့ ပြောတယ်။ ကျနော်တို့ကိုလည်း တတ်နိုင်သလောက် နိုင်ငံရေးပို့ချဆွေးနွေးမှုတွေ လုပ်တယ်။ ကျနော်လေးစားမိတဲ့ မွန်ခေါင်းဆောင်ထဲမှာပါတယ်။ [နောက်ပိုင်းမှာ သူ လက်နက်ချသွားတယ်ကြားတော့ ကျနော်အတော်အံ့အားသင့်ရတယ်၊ နားမလည်နိုင်ဘူး ဖြစ်မိတယ်။] နောက်ပိုင်းမှာ တော့ မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထောမွန် (ယခု ပါတီဥက္ကဋ္ဌ)၊ အဲသည်အချိန်က ဒု-ဥက္ကဋ္ဌ နိုင်ထင် (ကွယ်လွန်) နဲ့ အဓိက ဆက်ဆံရတယ်။ ဥက္ကဋ္ဌနိုင်ရွှေကျင်ကတော့ မြို့နဲ့ တပ်ပေါင်းစုမှာ နေတာများပြီး၊ တခါတလေမှ ကျနော်တို့ တွေ့ရတယ်။ သူကတော့ လူဖြူဖြူ ကျော့ကျော့၊ အင်္ကျီပုဆိုးဝတ်ရင်လည်း နုတဲ့အရောင်တွေ ရွေးချယ်ဝတ် တတ်တယ်။ တော်လှန်ရေးခေါင်းဆောင် တယောက်ထက်စာရင်၊ မင်းသားတယောက်နဲ့တောင် ပိုတူနေသေးတယ်။
ကျနော်တို့ ရဲဘော် ၂၀ ရှေ့တန်းထွက်ဖို့ လက်နက်၊ ကျည်ရတယ်။ မွန်ရဲဘော်တွေက ပထမပိုင်းမှာ ဒီကျောင်းသားတွေက ဗမာအချင်းချင်းတိုက်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေသေးတယ်။ နောက်ပိုင်း တိုက်ပွဲအချို့ဖြစ်ပြီးမှသာ ယုံကြည်မှုရလာ ကြတယ်။ အဲသလို ရှေ့တန်းထွက်ကြဖို့ လူရွေးကြတဲ့အခါမှာလည်း ပြဿနာကြီးတယ်။ သူလည်း ရှေ့တန်းသွားချင်၊ ကိုယ် လည်း ရှေ့တန်းသွားချင် ဖြစ်နေကြတယ်။ မိန်းကလေးတွေကိုယ်တိုင်ကလည်း ရှေ့တန်းသွားပါရစေ တောင်းဆိုနေကြ တယ်။ နောက်ဆုံး သင့်တော်သူ ရဲဘော် ၂၀ ကို ရွေးလိုက်တယ်။ (ရှေ့တန်းထွက်ဖို့ မပါရလို့ တုန်လှုပ်ခြောက်ခြားရေး အဖွဲ့ဝင် ရဲဘော်တွေက နောက်ပိုင်းမှာ ဒညတစခန်းဖက်ကို ကူးပြောင်းသွားကြတယ်။) ၁၉၈၉ ခုနှစ်၊ မေလလောက်မှာ စစ်ကြောင်းစထွက်ဖြစ်တယ်။ ကျနော်တို့ရဲဘော်ကြီး ကိုဝင်းနိုင်ဦးက ဆေးမှူးလိုအပ်ချက်အရရော၊ နိုင်ငံရေးအရ ဦးဆောင် ဖို့ပါ။ စစ်ကြောင်းနဲ့ ပါသွားခဲ့တယ်။ ကျနော်တို့ တပ်ရင်း (၁၀၁) က စစ်ကြောင်းတွေကို နာမည်ပေးရာမှာ ရောင်နီ-၁၊ ရောင်နီ-၂ စသည်ဖြင့် ပေးတယ်။ ရောင်နီ-၄ အထိ ရှိခဲ့တယ်။ တပ်ရင်း (၁၀၂) ကလည်း နောက်ပိုင်းမှာ စစ်သင်တန်းတွေ ပြီးသွားတဲ့အခါ စစ်ကြောင်းတွေ စုဖွဲ့လှုပ်ရှားတယ်။ သူတို့ကတော့ စစ်ကြောင်းတွေကို အောင်ဆန်း-၁၊ အောင်ဆန်း-၂ စသည်ဖြင့် နာမည်ပေးတယ်။ အထူးသဖြင့် မုဒုံဂွင်နဲ့ ကြာအင်းဆိပ်ကြီး တောင်ပေါက် ၂၄-ရွာ မွန်-ကရင် ပူးတွဲအုပ်ချုပ်ရေး ဒေသမှာ စစ်ကြောင်းလှုပ်ရှားကြတာ များတယ်။
မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်နွန်လာ ကွယ်လွန်ခဲ့တဲ့ ၁၉၈၉ သြဂုတ်လ ၈-ရက် (၈၈၈၈) ပထမနှစ်ပတ်လည် အခမ်းအနား မှာတော့ ကိုတင်စိုး နောင်၊ ကိုဝင်းနိုင်ဦးတို့ စစ်ကြောင်းက မုဒုံအပေါ်ဖက် တောင်ကြောမှာ ရှိနေခဲ့တယ်။ သူတို့အစီအစဉ် က မုဒုံ၊ ကမာဝက်မှာရှိတဲ့ တပ်ရင်းစခန်းတခုကို ရော့ကက်နဲ့ ပစ်ဖို့ပဲ။ မွန်ပြည်သစ်ပါတီ တပ်တွေနဲ့အတူ ဗိုလ်ချုပ် ထောမွန်လည်း ပါလာတယ်။ ကိုဝင်းနိုင်ဦးက ပြန်ပြောပြတယ်။ "ကျနော်တို့ တောင်ပေါ်ရောက်တော့ ညနေစောင်းပဲ။ အောက်မှာ မီးရောင်တွေနဲ့ ကားတွေသွားနေတာ၊ တပ်ရင်းစခန်းကို အဆောင်တွေ အစီအရီလေး တွေ့နေရတယ်။ စိတ်ကူးယဉ်နေမိတယ်။ မနက်ဖြန်မနက်ဆိုရင်တော့ အဲဒီအဆောက်အဦးတွေ မီးလောင်ပျက်စီးမှာကို တွေးနေမိတယ်။ ကျနော်တို့ ဆီမှာက 2.75 Rocket launcher တွေ ပါလာခဲ့တယ်။ နက်ဖြန်တော့ အပီ ပစ်ပြီ" သူက ပြန်ပြောပြတယ်။ သူ ပြောတဲ့ 2.75 ရော့ကက်ဆိုတာ မှောင်ခိုဈေးကွက်ထဲ ဖောဖောသီသီ ဝယ်လို့ရတယ်။ ဒေါ်လာ ၁၀၀ အောက်ပဲ ဈေးရှိတယ်။ ဘယ်နိုင်ငံကထုတ်မှန်း သေချာတော့ မသိဘူး။ အမှန်က လေယာဉ်ပေါ်ကနေ ဝေဟင်၊ လေယာဉ်ပေါ်ကနေ မြေပြင်ကို ပစ်တဲ့လက်နက်မျိုးပဲ။ ဒါပေမယ့် ဒါကို လျှော့တိုက်ပစ်လို့ ရအောင် စီစဉ်တဲ့အခါ ပစ်လို့ရတယ်။ ၁၀-ကီလိုမီတာ ကျော် သွားတယ်။
[ https://en.wikipedia.org/wiki/Folding-Fin_Aerial_Rocket ]
နောက်တနေ့ မနက်ရော့ကက်ပစ်ဖို့ စီစဉ်တော့ သူစိတ်ဓာတ်ကျပုံကို ပြောတယ်။ ရော့ကက်ပစ်ရအောင် လျှောက်မြောင်း၊ ချိန်တွယ်ပစ်ရတဲ့ စနစ်တွေ သေချာပါမလာဘူး။ ရော့ကက်ကို သစ်ပင်မှာ ဖာ့ခယ်မ (ထိုင်းလူမျိုးများဝတ်တဲ့ ခါးပတ် နံငယ်ပိုင်း) နဲ့ ချည်လိုက်တယ်။ ပထမတလုံး ထွက်သွားတယ်။ ဘယ်ကျမှန်း မသိဘူး။ ပစ်မှတ်ထက်ကို အဝေးကြီး ထွက်သွားခဲ့တယ်။ နောက်တော့ ပြန်ချိန်၊ ပွဲပြီးတော့ ရော့ကက် ၁၁ လုံးလောက်ပစ်တာ ၁ လုံးပဲ စစ်တပ်ဝင်းထဲကျခဲ့ တယ်။ ထိခိုက် ဒဏ်ရာလည်း မရှိလောက်ဘူးထင်တယ်။
နောက်ပိုင်းမှာ ကချင် ကေအိုင်အို ဥက္ကဋ္ဌ ဦးဘရန်ဆိုင်းက မွန်ပြည်သစ်ပါတီကို ပိုက်ဆံထုတ်ပေးပြီး၊ ဘုရားသုံးဆူဒေသက ကျောင်းသားစခန်းတွေအတွက် လက်နက် (၈၀) ဝယ်ပေးတယ်ဆိုတဲ့ သတင်းမျိုးကြားရတယ်။ ABSDF ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော်လည်း သူ့စာအုပ်ထဲမှာ ဒီအချက်ကို ရေးထားတယ်။ ဟုတ်-မဟုတ်သေချာတော့ မသိဘူး။ သူရေးထားတာ တော့ ဒီသတင်းကြားပြီးနောက် ကိုစိုးလေး (ဘုရားသုံးဆူစခန်း ၁၀၁ က EC)၊ ကိုအောင်ကြည်ဦး၊ ကိုကိုနိုင် (တပ်ရင်း ၁၀၂) နဲ့ မွန်ပြည်သစ်ပါတီဗဟိုကို လက်နက်ထုတ်ဖို့ သွားတယ်လို့ ဆိုတယ်။ မရခဲ့ဘူး။ ပေးပြီးပြီလို့ နိုင်ထင်က ပြန်ပြော လိုက်တယ်။ သူကတော့ အဆိုးမြင်နဲ့ ဖော်ပြထားတယ်။ (ထွန်း၊ စာ ၃၁၂-၃၁၃) ကျနော်တို့ကတော့ သေချာမသိနိုင်ဘူး။ ကျနော်တို့ ၁၀၁-၁၀၂ တပ်ရင်းတွေကို ထုတ်ပေးခဲ့တဲ့ လက်နက်တွေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သေချာတာက အလက် (၈၀) မရှိတာတော့ ကျိန်းသေတယ်။
ကျနော်တို့ ရဲဘော်တွေကြားထဲမှာ စိတ်အပန်းဖြေစရာ ကိစ္စလေးတွေ ရှိနေတယ်။ စခန်းက ထွက်ခွင့်ရတဲ့အခါ မွန်ဗဟို ထဲက အမျိုးသမီးတပ်ကို သွားလည်တဲ့သူလည်း ရှိတယ်။ မွန်-ကရင်စစ်ပွဲတုန်းက မွန်အမျိုးသမီးတပ်က နာမည်ကြီးပြီး တပ်မှူးမပုက နာမည်ကျော်တယ်။ တပ်အဝင်မှာ သူတို့မွန်စာနဲ့ ဒပ်စမွတ်ဗရဲ (ဒပ်သွပ်ဗြဲ) [အမျိုးသမီးတပ်] လို့ ရေးထား တာကို ကျနော်တို့က ပေါင်းဖတ်လို့ရတဲ့ အသံထွက်အတိုင်း 'ဒပ်သွပ်ဗြဲ' လို့ပဲ ခေါ်ကြတယ်။ အဲသလို သွားလည်တဲ့ ရဲဘော်တွေကို ဟိုက ဖမ်းထားပြီး ပြန်လွှတ်မပေးတာလည်း ရှိတယ်။ ကျောင်းသားရေးရာ တာဝန်ခံ နိုင်ဗညားအောင် လိုက်ထုတ်ပေးမှ ဒီရဲဘော်တွေ စခန်းပြန်ကြရတယ်။ နိုင်ဗညားအောင်လည်း အဲသလိုကိစ္စတွေနဲ့ အလုပ်ရှုပ်ရသေးတယ်။
စခန်းအနီးမှာ အရက်ပုန်းရောင်းတဲ့ လောရှမ်း (Lao-Thai) မလေး အမွန်ဆိုတာလည်း ရှိသေးတယ်။ သူက အရက်ရောင်း တော့ သူ့ကို သွားပိုးပန်းချင်သူတွေက အရက်ဝယ်သောက်ပေါ့။ ကျနော်တို့မြို့က (ဗကသ) က လွှတ်လိုက်တဲ့ တပ်မှူးကြီး တွေလည်း အမွန်ဆိုင်မှာ ပွဲကျနေတာ မြင်ရတယ်။ (အသိတွေပါ)။ တရက်မှာတော့ အမွန်က ကျနော်တို့ဆေးရုံကို ရောက် လာတယ်။ သူ့အဖေကို ဘိန်းဖြတ်ချင်လို့ဆိုပြီး လာပြတာ။ ကျနော်လည်း ဘိန်းတခါမှ မဖြတ်ဘူးသလို အတွေ့အကြုံလည်း မရှိဘူး။ ဒီတော့ အစိမ်းဖြတ်ရတယ်။ သူ့အဖေ ဘိန်းဖြတ်လို့ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်၊ ဆားရည်ချိတ်ပေး၊ အကိုက်အခဲ ပျောက်ဆေးပေး၊ စောင့်ကြည့်ဖို့ပဲ လုပ်ရတယ်။ ဒီလိုနဲ့ အစောပိုင်းမှာ ဘိန်းဖြတ်ရင်ဖြစ်တဲ့ လက္ခဏာတွေ သူ့ အဖေမှာ တွေ့ရတယ်။ နောက် ၂-၃ ရက်ကြာတော့ သက်သာလာတယ်။ ကျနော်လည်း ကိုယ့်ကိုယ်ကို ဟုတ်လှချည်လား ဆိုပြီး နည်းနည်းဘဝင်မြင့်မိတယ်။ နောက်တော့မှ သိတယ်။ သူ့သမီး 'အမွန်'က ထမင်းချိုင့်လာပို့ရင်း ဘိန်းကိုခိုးပေးနေ တာကိုး။ အဲသည်တော့ လက္ခဏာတွေ ပျောက်သွားတာပေါ့။ ဘိန်းကတော့ မပြတ်ပါဘူး။ အမွန်တို့ဆိုင်မှာလည်း ကျနော် တို့ ရဲဘော်တွေ စက်ကျတယ်။
ဘုရားသုံးဆူစခန်းအကြောင်း ပြောရင်၊ မပါမဖြစ်ကတော့ မွန်ပျိုဖြူချော မဖြူ-မနီပဲ။ သူတို့က ဘုရားသုံးဆူရွာမှာ ကော်ဖီ ဆိုင်လေး ဖွင့်ထားကြတယ်။ သူတို့က နွမ်းပါးပေမယ့်၊ ဣနြေ္ဒသိက္ခာရှိတယ်၊ အနေအထိုင်တတ်တယ်။ သူတို့ကို လာ ပိုးပန်းမှန်း သိပေမယ့်၊ မောင်ကျောင်းသားတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဆက်ဆံတယ်။ ဒါနဲ့ပဲ ကျနော်တို့စခန်းက ကျောင်းသားတွေလည်း ခရီးတနာရီကျော် ဘုရားသုံးဆူကျေးရွာဈေးကို ချီတက်၊ ရှိသမျှ ဝတ်ကောင်းစားလှနဲ့ ဟန်ရေး ပြကြရတယ်။ ၁၀၁-၁၀၂ ABSDF တပ်ရင်း ၂ ရင်းပေါင်း စုစပ်ကြိုက်ကြရတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဝမ်းနည်းစရာ သူတို့ညီအမ နှစ်ယောက်က ကံကောင်းတာလား၊ ကံဆိုးတာလား မသိဘူး၊ ကျောင်းသားအဖွဲ့က လူတွေနဲ့ မစွံခဲ့ကြဘူး။
ဒီလိုနေစဉ်မှာပဲ တနေ့ ရုပ်ရှင်ရုံရှေ့မှာ ဓါးထိုးမှု ပြဿနာဖြစ်တယ်။ တပ်ရင်း ၁၀၂ က ကိုတင်လှကို တပ်ရင်း ၁၀၁ က ရဲဘော်တယောက်နဲ့ ဓါးနဲ့ထိုးလိုက်တာ။ ဒီဒဏ်ရာနဲ့ ကိုတင်လှသေတယ်။ ကိုတင်လှက ရဲအရာရှိဟောင်းလို့လည်း ဆိုတယ်။ သူက ကိုယဉ်အေး၊ ကိုထွန်းမြင့်တို့ အုပ်စုက။ ဘုရားသုံးဆူဒေသကို ရောက်လာတာ နောက်ကျတယ်။ ရောက် လာတဲ့အခါ သူတို့က တပ်ရင်း (၁၀၂) ကို ဝင်ပူးပေါင်းကြတယ်။ သူတို့အုပ်စုက မြို့ကလာကြတော့ ပြောင်ပြောင်ယောင် ယောင်ရှိတယ်။ အဲဒါအပြင် ရုပ်ရှင်ရုံသွားရင်၊ နမ့်ကိတ်ကော်ဖီဆိုင်ကို သွားရင် စစ်တပ်က အီကွေးမင့်ခါးပတ်မျိုးနဲ့ ဓားမြောင်ထိုးလို့ သွားလာကြတယ်။ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်လူကြီးတွေကတောင် "ခင်ဗျားတို့ဗျာ… ဒီဒေသမှာ အန္တရာယ်လည်း မရှိပါဘူး။ ဓားတွေဘာတွေဆောင် သွားလာဖို့လည်း မလိုအပ်ပါဘူး" လို့ သတိပေးကြသေးတယ်။ ဖြစ်နေ ကြတာက ကျနော်တို့ (၁၀၁) စခန်းက မုဒုံအုပ်စုတွေ၊ ကျန်ရဲဘော်တွေက သူတို့ကို ကြည့်မရဘူး။ ကိုတင်လှက ထောင် ထောင်မောင်းမောင်းနဲ့ ပိုပြီး မိုက်တီးပုံပေါက်တယ်။ ကျန်တာကတော့ မြို့ သား-တောသားကိစ္စတွေလည်း ဖြစ်နိုင်တယ်။ ဒီလိုနဲ့ တညမှာ ရုပ်ရှင်ရုံမီးရောင်အောက်မှာပဲ ကျနော်တို့ (၁၀၁) စခန်းက ရဲဘော်တယောက်က ကိုတင်လှကို ဓားနဲ့ထိုး လိုက်တယ်။ သေသွားတယ်။ သူဆောင်ထားတဲ့ ဓားမြောင်နဲ့ပဲ သူ့ကိုပြန်ထိုးထဲ့လိုက်တာ။ ရုတ်ရုတ်သဲသဲပဲ။ ကျနော်တို့ စခန်းက ရဲဘော်တွေလည်း ချက်ချင်းပြန်လာကြတယ်။ စခန်းက ဆရာကျော်တင့်ကတော့ စစ်ရေးအတွေ့အကြုံရှိတဲ့ အလျောက် တပ်ရင်း (၁၀၂) က လာတိုက်ရင် ပြန်ခုခံရအောင် ညတွင်းချင်းမှာပဲ၊ ကင်းပုန်းဝပ်တယ်။ ဒါပေမယ့် (၁၀၂) ဖက်က လက်တုံ့ပြန်လာတိုက်တာ မရှိခဲ့တော့ ကံကောင်းတယ်။ ပြီးတဲ့နောက်မှာ ကျနော်တို့စခန်းက ဓားထိုးတယ်လို့ သင်္ကာမကင်း ဖြစ်ရတဲ့ ရဲဘော် ၂-ယောက်ကို ဖမ်းလိုက်တယ်။ စခန်းမှာ အချုပ်မရှိတော့ မွန်ပြည်သစ်ပါတီ၊ မော်လမြိုင် ခရိုင်ရုံးမှာ သွားချုပ်ရတယ်။ ကျနော်နဲ့ ကိုသီရိညွန့် (တပ်ရင်း ၁၀၂ စခန်းဥက္ကဋ္ဌ) ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့တယ်။ အတွေ့အကြုံလည်း မရှိကြဘူး။ ဒီလိုဘဲ စစ်ဆေးမေးမြန်းတော့ သူတို့ကလည်း ဘူးခံငြင်းနေတယ်။ ၁၉၉၀၊ ဖေဖေါ်ဝါရီလ ဘုရားသုံးဆူထိုးစစ် ဖြစ်လာတဲ့အခါ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးက သူတို့အကျဉ်းသားတွေကို မထိန်းသိမ်း နိုင်တော့ဘူး။ ပြန်လွှတ်ပေးလိုက်ရတယ်။
အဲဒီအချိန်မှာ ABSDF ဗဟိုပြန်ကြားရေးအနေနဲ့ ဝါဒဖြန့်ချိရေးနဲ့ နိုင်ငံတကာကို သတင်းပေးနိုင်ဖို့ အရုဏ်ဦး စာစောင် (Dawn journal) ကို အင်္ဂလိပ်လိုနဲ့၊ ဒေါင်းအိုးဝေဂျာနယ်ကို မြန်မာလို ထုတ်ဝေဖြန့်ချိတယ်။ အဓိကကတော့ ကိုကိုလေး က ပြန်ကြားရေးဌာနကို ကိုင်တယ်။ ဒါပေမယ့် အင်္ဂလိပ်စာစောင်ကိစ္စမှာတော့ Burma Issue အဖွဲ့က မက်စ် အက်ဒီဂါ (Max Ediger) ကို ကျေးဇူးတင်ရလိမ့်မယ်။ သူက အသေအချာ စီစဉ်ဆောင်ရွက်ပေးတယ်။ (နောက်ပိုင်း ထိုင်းနိုင်ငံ ပြန်ဝင်ခွင့်မရဘဲ ကမ္ဘောဒီးယားမှာ ကွယ်လွန်သွားတယ် ကြားတယ်။) ကျနော်တို့နဲ့အတူ တောခိုလာတဲ့ ပုသိမ်က ကျောင်းဆရာ မင်းဆန်းမင်းကတော့၊ ပြန်ကြားရေးဌာနကို ကူမယ်ဆိုပြီး၊ ဘန်ကောက်တက်သွားတယ်။ နောက်ပိုင်း ABSDF နိုင်ငံခြားရေးရုံးကိုရောက်၊ နောက်တော့ နိုင်ငံခြားထွက်သွားခဲ့တယ်။ ကျနော်တို့နဲ့အတူပါလာတဲ့ ရှေ့နေ ကိုမျိုးညွန့်ကတော့ ဘယ်အချိန်ပြန်သွားတယ် မသိဘူး။
စကားမစပ် အဲသည်အချိန်က ဘုရားသုံးဆူကို ကျောင်းသားခေါင်းဆောင် တယောက် ရောက်လာခဲ့တယ်။ သူက ဘုရား သုံးဆူ ကျေးရွာမှာ ကေအဲန်ယူရဲ့ အကောက်ဂိတ်မှာ ဖဒိုနန်းဒိုနဲ့အတူ အလုပ်လုပ်တယ်။ အကောက်ဂိတ်ဆိုတဲ့ သဘော အတိုင်း ငွေရွှင်တယ်လေ။ ကျနော်တို့ ABSDF စခန်းကိုလာရင်တော့ ငတ်မယ်။ ပြတ်မယ်။ မျှစ်၊ မျှစ်ချဉ်နဲ့ ပဲသာ စားရ မယ်။ သူ ဘာတာဝန်နဲ့ လာသလဲ မသိပါဘူး။ ၃-၄ လလောက်အကြာမှာ တိတ်တဆိတ် ပြန်သွားခဲ့တယ်။ အခု NLD အစိုးရမှာတော့ တာဝန်ကြီးကြီး ထမ်းဆောင်နေတယ်။

ဘုရားသုံးဆူ နေ့ရက်များ (၇)
===============
ကျနော်တို့ ဘုရားသုံးဆူစခန်းကို လာခဲ့တဲ့တောလမ်း ခရီးမှာပဲ ရွာပျက်တရွာ တွေ့ခဲ့ရတယ်။ ရေးအရှေ့ဖျားဒေသ ဖြစ်လိမ့် မယ်။ ဘာဖြစ်လို့ ဒီရွာပျက်စီးသွားရသလဲ၊ သေချာ မသိခဲ့ရဘူး။ အစိုးရစစ်တပ်နဲ့ မွန်သူပုန်တွေအကြား တိုက်ပွဲကြောင့် ဖြစ်နိုင်သလို၊ လောလောလတ်လတ် မွန်-ကရင်တိုက်ပွဲကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပိုင်း ကျနော်တို့ တပ်တွေ ရှေ့တန်းဆင်းတော့ ပြည်တွင်းစစ်ရဲ့ ဒုက္ခအဖုံဖုံကို ပိုလို့နားလည် ခံစားမိလာကြတယ်။ မွန်ရွာတွေမှာ ကလေးတွေငိုနေရင် "ဟမယ်.. ကလိန်း" (ဗမာလာပြီ) ဆိုရင်၊ ကလေးတွေ အငိုတိတ်သွားတယ်။ ကျနော်တို့ ငယ်ငယ်က 'ဒေဝေါကြီးလာပြီ' ဆိုပြီး မိဘတွေခြောက်လှန့်ကြသလိုပေါ့။ ကရင်ကျေးရွာတွေမှာလည်း အလားတူပါပဲ။ "ပရော်.. ဟဲလီး" (ဗမာလာပြီ) လို့ ကလေးတွေ အငိုတိတ်အောင် ခြောက်လှန့်တာပါပဲ။ ကျနော်တို့ ဗမာနဲ့ တိုင်းရင်းသားတွေအကြား နားလည်မှု၊ ယုံကြည်မှု ဘယ်လောက် ပျက်ယွင်းနေပြီလဲ ဆိုတာ ပိုလို့ သဘောပေါက်လာခဲ့တယ်။ ကျနော်တို့ ရှေ့တန်းဆင်းကြတဲ့အခါ ခေါဇာရွာ (ယခု ခေါဇာမြို့၊ ရေးမြို့နယ်) မှာ ရှိစဉ်လည်း အစိုးရစစ်တပ်လာရင် ရွာက အစိုးရခန့် မူလတန်းပြဆရာမတောင် ရွာသား တွေနဲ့အတူ ရောပြေးတာကို မြင်ကြရသေးတယ်။
ကျနော်တို့ တောထဲထွက်လာတုန်းက ပြဿနာ၊ ပဋိပက္ခတွေကို ဒီလောက် အလေးအနက် မစဉ်းစားခဲ့ကြဘူး။ မစဉ်းစား ထားကြဘူး။ အမှန်ပြောရရင် ကျနော်တို့မှန်းတာက တောထဲသွားမယ်၊ လက်နက်ယူမယ်၊ ပြန်လာတိုက်မယ်။ (ရဲဘော် သုံးကျိပ်တို့ ဂျပန်ကို စစ်သင်တန်းသွားယူကြသလိုပေါ့။ ခဏကြာတော့ လွတ်လပ်ရေးရရော)။ ဒီလောက်ပဲ။ ကျနော်တို့ မြင်ထားကြတာက မြန်မာပြည်ရဲ့ ပြဿနာက ဒီမိုကရေစီ ဆိတ်သုဉ်းမှု ပြဿနာ နဲ့ စစ်အာဏာရှင် အုပ်ချုပ်ထားမှု ပြဿနာ။ တဖက်မှာလည်း ရေရှည်မဟုတ်ဘူးလို့ တိတ်တခိုး မျှော်မှန်းထားမိတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ စစ်အစိုးရက ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပြုထားတယ်။ သိပ်မယုံကြည်လှပေမယ့် အနှေးနဲ့အမြန် ရွေးကောက်ပွဲ က ဖြစ်လာမှာပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို နောက်ပိုင်းသိပ်မကြာခင်မှာ ကြေညာလိုက်တယ်။ ဒီအခါမှာ ဒီမို ကရေစီလိုလားတဲ့ ပါတီတွေက အနည်းနဲ့ အများဆိုသလို အနိုင်ရမှာပဲ။ ဆွေးနွေးညှိနှိုင်းရမှုတွေ ဖြစ်လာမယ်။ အနည်းဆုံး တောတွင်းရောက် ကျောင်းသားတွေ ပြန်ခေါ်ရေးတို့၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှာပဲတို့ အနည်းဆုံး စိတ်ထဲက တိတ် တခိုး မျှော်လင့်ထားမိတယ်။ တောထဲရောက်ရောက်ချင်း ရင်ဆိုင်ရတဲ့ မေးခွန်းက "ခင်ဗျားတို့.. ကျနော်တို့ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားသလဲ။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေကို ဘယ်လိုသဘော ထားသလဲ"… ကျနော်တို့ အဖြေတွေက အမျိုးမျိုး။ "ခင်ဗျားတို့ဟာ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးနေတာ၊ လူမျိုးစု လူနည်းစု တိုင်းရင်းသားတွေကို ဖိနှိပ်နေတယ်။ ဗမာလူမျိုးဖြစ်ရေး ဇာတ်သွတ်သွင်းနေတယ်"။ ကျနော်တို့က ဒီ မဟာဗမာ ဆိုတဲ့ စကားလုံးကို အခုမှ ကြားဖူးတော့တယ်။ "ဖက်ဒရယ်မူ ကို ဘယ်လိုသဘောထားပါသလဲ" အဲဒါမှ ပိုဆိုးတယ်။ ကျနော်တို့ လူငယ်ကျောင်းသင်တန်း ကာလတလျှောက်လုံး 'ဖက်ဒရယ်' ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်ကြမှာ၊ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲမယ့် အရေးလို့ သင်ကြားခဲ့ကြရဖူးတာ။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆားဗီယားမှာ ပြည်တွင်းစစ် ဖြစ်လာပြီး၊ ဘော့ဇနီးယား၊ ဟာဗီဂိုဗီးနား၊ ကရိုအေးရှား၊ ဆလိုဗေးနီးယား (၁၉၉၂)၊ မက်ဆီဒိုးနီးယား (၁၉၉၃) ဆားဗီးယား၊ မွန်တီနီဂရိုး (၂၀၀၀) မှာ ခွဲထွက်လို့ ကုလသမဂ္ဂဝင် နိုင်ငံဖြစ်လာကြတာတွေ ရှိတယ်။ ဒီလိုနိုင်ငံတွေ ပြိုကွဲ တာကို ဘောလ်ကန်နိုင်ဇေးရှင်း (Balkanization) သရုပ်လက္ခဏာလို့တောင် သမုတ်ကြတာတွေ ရှိတယ်။ အာဏာသိမ်း ပြီး စစ်အစိုးရကလည်း ဒီလိုတိုင်းပြည်ပြိုကွဲမှာပဲဆိုတဲ့ သတင်းစကားကို ပေးနေတဲ့အချိန်။ ရုပ်ရှင်တွေမှာလည်း "အဖေနဲ့ သားများ" ဆိုပြီး အဖကြီးစိုးရေးဝါဒ ရုပ်ရှင်ကားတွေ ပြသနေတယ်။ သီချင်းတွေမှာလည်း "အခိုင်မာဆုံးသော ပြည်ထောင်စုတွေ ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျှက် ရှိကြပေ" ဆိုတာမျိုး သီချင်းတွေကို ရေဒီယိုတွေက လွှင့်ပေးနေတဲ့ ကာလ။
ကျနော်တို့ကို ဖြည်းဖြည်းချင်း နိုင်ငံရေးနဲ့ အသိပညာပေးသွားတာက မဟာမိတ် ခေါင်းဆောင်တွေပဲ။ နိုင်ဗညားအောင်၊ နိုင်တင်အောင် (နိုင်ငံခြားရေး၊ မွန်ပြည်သစ်ပါတီ)၊ နိုင်ပန်းသာ (မွန်ပြည်သစ်ပါတီ) တို့ပါတယ်။ ကေအဲန်ယူဖက်ကဆိုရင် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဖူးတာအယ်ပါတယ်။ ကျနော်က သူ့မျက်နှာဝိုင်းဝိုင်းကြီး အသံကျယ်ကျယ်၊ လေးလေးနဲ့ စကားပြောပုံကို သဘောကျသလို၊ သူကလည်း ကျနော့်ကို သဘောကျပုံရတယ်။ သူက လူကောင်ကြီးတယ်။ အသက် ကြီးလာတော့ စကားပြောရင်း၊ အစည်းအဝေးထိုင်ရင်း အိပ်ပျော်သွားတတ်တာလည်း ရှိတယ်။ ရုပ်ရှင်ကားတွေဆိုရင် အေးအေးဆေးဆေး စိမ်ပြေနပြေ ထိုင်ကြည့်တတ်တယ်။ အနုပညာကိုလည်း ခုံမင်ပုံရတယ်။ သူကိုယ်တိုင် တပ်မဟာ (၆) ဒူးပလာယာခရိုင်မှာ ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းဖူးသေးတယ်။ ပြည်တွင်းက ပါလာတဲ့ ကိုထက်ခေါင် (ပြည်သူ့အသံ သတင်းစဉ်) နဲ့ အခြားအနုပညာသမားတွေ ခေါ်တယ်။ ကျောင်းသားတပ်ဖွဲ့က လူတွေကို မင်းသား၊ မင်းသမီးရွေးစေတယ်။ ရုပ်ရှင် တကားရိုက်ဖို့ လိုအပ်တဲ့ ဇာတ်ပစ္စည်း၊ အဝတ်အစား၊ ယူနီဖောင်းတွေ ဝယ်ဖို့ ငွေထုတ်ပေးတယ်။ နောက်ဆုံးတော့ မင်းသား၊ မင်းသမီးတွေက လက်နက်ချအိမ်ပြန်၊ အချို့လည်း ကျဆုံး၊ သေဆုံးနဲ့ အဲဒီရုပ်ရှင်ကားကြီးကို အခုတိုင်မမြင်လိုက် ကြရဘူး။ ဗိုလ်ချုပ်တာမလာဘော (ကွယ်လွန် ကေအဲန်ယူ ဥက္ကဋ္ဌ) ကလည်း အဲဒီအချိန်က ဘုရားသုံးဆူဒေသမှာ ကေအဲန်ဒီအို (ကရင်ကာကွယ်ရေး ရဲတပ်ဖွဲ့ ဗိုလ်ချုပ်) အဖြစ် လာရှိနေတတ်တယ်။ အလုပ်ကတော့ သိပ်ရှိပုံ မရဘူး။ အေးအေးလူလူ ပုခက်တလုံး ချည်အိပ်နေတာ တွေ့ရတယ်။ ကျနော်တို့ကလည်း သူနဲ့ စကားသွားပြောဆိုရင် ကရင် တော်လှန်ရေးသမိုင်းကြောင်းတွေ၊ ဗြိတိသျှတပ်မတော်တွင်း သူတို့တာဝန်ယူဖူးချိန် အတွေ့အကြုံတွေကို ပြောပြတတ် တယ်။
သူတို့က ကျနော်တို့ နိုင်ငံရေးသိပ္ပံမှာ သင်ခဲ့ရတဲ့ ခေတ်ကြီး ၅ ခေတ်ကို တမျိုးတဖုံ အဓိပ္ပါယ် ပြန်ဖွင့်ပေးကြတယ်။ ကျနော်တို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ က ပေးတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ တက္ကသိုလ်အထိ ဖတ်ကြရတယ်။ ကျနော်တို့ သမိုင်းဖြစ်စဉ်မှာ ခေတ်ကြီး ၅ ခေတ် ကို ဖြတ်ကြရတယ်။
၁။ သမိုင်းဦး ဘုံမြေခေတ်
၂။ ကျေးပိုင်ကျွန်ပိုင်ခေတ်
၃။ မြေရှင် ပဒေသရာဇ်ခေတ်
၎။ အရင်းရှင်ခေတ်
၅။ ဆိုရှယ်လစ်ခေတ် .. စသည်ဖြင့်ကို ဖြတ်သန်းလာခဲ့ကြရတယ်။
ဆိုရှယ်လစ်ခေတ် ရောက်မှသာလျှင် မတရားမှု အဖုံဖုံ ချုပ်ငြိမ်းမယ်။ လူလူချင်း ခေါင်းပုံဖြတ်မှုတွေ ကင်းဝေးလို့ သာယာ ဝပြောသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မယ် စသဖြင့် သင်ကြားခဲ့ကြရသကိုး။ ဒါပေမယ့် သူတို့ရဲ့ ဆွေးနွေးချက် တွေမှာ သူတို့က ထပ်ပြီး အသေးစိတ်ပြောလာတယ်။ ကျနော်တို့က လူတိုင်း ပိုင်ဆိုင်မှုမရှိတဲ့၊ အားလုံး ညီတူညီမျှ ပိုင်ဆိုင် ကြတဲ့ သမိုင်းဦး ဘုံမြေကို ခေတ်ကို ဖြတ်သန်းလာကြရတယ်။ အဲဒီမှာ လူတွေအချင်းချင်းကြား ပြဿနာနည်းတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ဖြစ်လာကြတဲ့ အခါ အုပ်စုအချင်းချင်း တိုက်ခိုက်တယ်၊ သိမ်းသွင်းတယ်။ အင်အားကြီးသူက အင်အား နည်းသူကို အနိုင်ယူတဲ့ ကျေးပိုင်ကျွန်ပိုင်ခေတ် ဖြစ်လာခဲ့တယ်။ လူတချို့က သခင်ဖြစ်ပြီး လူတချို့က ကျွန်ဖြစ်ကြတယ်။ ဒီမှာ ဖိနှိပ်ခေါင်းပုံဖြတ်မှု၊ ဂုတ်သွေးစုတ်မှုတွေ စတင်လာခဲ့တယ်။ လူဟာ ပိုင်ဆိုင်မှုပစ္စည်းတခုသဖွယ် ဖြစ်သွားပြီး ကျေးကျွန်တွေသဖွယ် ရောင်းစားစရာ ကုန်ပစ္စည်း ဖြစ်သွားခဲ့တယ်။ နောက်တဆင့်မှာတော့ မြေရှင်ပဒေသရာဇ်ခေတ် ဖြစ်လာခဲ့တယ်။ အဲဒီမှာ မြို့ပြနိုင်ငံတော်တွေ ပေါ်ပေါက်လာတယ်။ ဘုရင်တွေက သူတို့ ခွန်အားရှိပြီ ထင်တဲ့အခါ ဘေးနားကမြို့ပြ နိုင်ငံတော်တွေကို တိုက်ခိုက်ကြတယ်။ သိမ်းပိုက် နိုင်ငံထူထောင်ကြတယ်။ ကျနော်တို့ ရာဇဝင်တွေထဲက စကားနဲ့ ပြောရင် လက်ရုံးဆန့်တန်းကြတယ်။ နိုင်ငံတိုင်းမှာ ဒီအဆင့်ဟာ မလွဲမသွေ ဖြတ်သန်းခဲ့ကြတယ်။ ဗမာဘုရင် အင်အားကြီးလာရင် မွန်ကိုတိုက်တယ်၊ ရှမ်းကိုတိုက်တယ်၊ ယိုးဒယားကိုတိုက်တယ်။ လာအိုအထိ တိုက်တယ်။ ဒီလို ဖြတ်သန်းလာခဲ့ရတာဟာ မလွဲမရှောင်သာ ဖြတ်သန်းလာခဲ့ကြရတဲ့ သမိုင်းပဲ။ သူတို့ တိုင်းရင်းသားတွေ နားလည်တယ်။ စစ်ပွဲတွေဟာ တိုင်းရင်းသားအချင်းချင်း မုန်းလို့တိုက်တာမဟုတ်ဘူး။ ဘုရင် (ပဒေသရာဇ်) တွေ၊ အင်ပိုင်ယာပြည့်ရှင် တွေရဲ့ ဆန္ဒတွေနဲ့သာ တိုက်ကြတာ ဖြစ်တယ်… လို့ သူတို့က ရှင်းပြတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အခုတိုင် စစ်တိုက်နေကြ တာလဲ… မေးခွန်းထုတ်တယ်။ တိုင်းရင်းသားတွေ အချင်းချင်း မုန်းလို့မဟုတ်ဘူး။ အုပ်စိုးသူလူတစုရဲ့ လိုအင်ဆန္ဒကြောင့် သာ စစ်တိုက်နေကြတာ။ တိုင်းရင်းသား ပြည်သူအချင်းချင်းက မုန်းလို့မဖြစ်ဘူး၊ ချစ်ကြည်ကြရမယ်။ စစ်တိုက်ခိုင်းနေတဲ့ စစ်အစိုးရသာ ဘုံရန်သူဖြစ်တယ်… စသည်ဖြင့် သူတို့ တော်လှန်စစ်ဆင်နွှဲနေကြရခြင်းရဲ့ တရားကို ထူထောင်တယ်။ ကျနော်တို့ကလည်း သဘောကျကြတယ်။
တခါ ကျနော်တို့ကို တိုင်းရင်းသားခေါင်းဆောင်တွေက ဆွေးနွေးပြတယ်။
"ကျနော်တို့ နိုင်ငံရဲ့ ပြဿနာက ဒီမိုကရေစီဆိတ်သုဉ်းမှု ပြဿနာ နဲ့ တိုင်းရင်းသားအရေး ပြဿနာ၊ တခုတည်း ဖြေရှင်းလို့ မရနိုင်ဘူး" ကျနော်တို့ လက်ခံကြတယ်။ ကျနော်တို့တောထဲ ထွက်လာခါစတော့ ဒီမိုကရေစီအရေးပဲ။ အခုတော့ တိုင်းရင်း သားအရေးကိုပါ ကျောပိုးဖို့ လက်ခံလာကြတယ်။ "အဆက်ဆက် အုပ်စိုးခဲ့တဲ့ မြန်မာအစိုးရအဆက်ဆက်နဲ့ ဗမာပါတီ အဆက်ဆက်က တိုင်းရင်းသား ပြဿနာကို ဘယ်လိုသဘောထားကြသလဲ။ တိုင်းရင်းသားပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးဖို့ စိတ်ဆန္ဒမရှိကြဘူး။ နိုင်ငံရေး အာသီသ မရှိကြဘူး။ ဖိနှိပ်တယ်။ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်။ ဒါကြောင့် သူတို့တွေ ကျရှုံးရတာပဲ" လို့ ဆိုတယ်။ ကျရှုံးသွားတဲ့ ဖဆပလ အစိုးရနဲ့ ဖဆပလ ပါတီကြီး၊ လောလောလတ် လတ် ပြိုကွဲသွားတဲ့၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရနဲ့ (မဆလ) ပါတီ၊ သိပ်မကြာခင်မှာဘဲ အင်အား သောင်းချီရှိနေရာကနေ ပြိုကွဲသွားတဲ့ ကွန်မြူနစ်ပါတီ-ဗမာပြည် (ဗကပ) ကို ဥပမာပေးကြတယ်။ "တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မူဝါဒမမှန်တဲ့ ပါတီတွေဟာ နောက်ဆုံးမှာ မြန်မာပြည်မှာ ပြိုကွဲပျက်စီးကြရတာပဲ။" သူတို့က ဒီလိုနိဂုံးချုပ်ကြ တယ်။ [အခုအချိန်မှာတော့ အာဏာရပါတီ NLD ရဲ့ တိုင်းရင်းသားရေးရာ မူဝါဒတွေက ဘယ်သို့ရှိမလဲ စသည်ဖြင့်လည်း စောကြောစဉ်းစားနေမိတယ်။]
ဒီလိုနဲ့ နောက်ပိုင်း ABSDF ဗဟိုကော်မီတီ အစည်းအဝေး၊ ညီလာခံတွေမှာ တိုင်းရင်းသားရေးရာ မူဝါဒတွေကို စဉ်းစားကြ တယ်။ တိတိကျကျဆွေးနွေးကြပြီး နောက်ပိုင်းမှာ ဖက်ဒရယ်မူကို အတည်ပြုလက်ခံကြတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး/ ပေါ်ထွန်းရေးဟာ အရေးကြီးကြောင်းနဲ့ နောက်ပိုင်းမှာ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ လေ့လာဖို့ အစီအစဉ်တွေ လုပ်ကြတယ်။
ဒီကာလထဲမှာ တိုင်းပြည်ထဲမှာ ဖိနှိပ်မှုတွေက တိုးလာနေတယ်။ ကျောင်းတွေက ပိတ်ထားဆဲ၊ အစိုးရက ကျောင်းသား သမဂ္ဂ ဦးဆောင်လှုပ်ရှားသူတွေကို ဖြိုခွဲဖို့ ဖြစ်လာခဲ့တယ်။ တိုင်းပြည်ထဲမှာ အံတုလှုပ်ရှားမှု နည်းနည်းကလေးကိုမျှ သည်းညည်းမခံနိုင်တဲ့ မူဝါဒကို ကျင့်သုံးလာတယ်။ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ဈာပနအခမ်းအနားမှာလည်း ဦးဆောင်လှုပ်ရှားတဲ့ ကျောင်းသား တွေကို ရှာဖွေဖမ်းဆီးတာတွေ ဖြစ်လာခဲ့တယ်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းလိုက်တယ်။ သိပ်မကြာခင်မှာပဲ လူ့ဘောင်သစ်ပါတီ ဒု-ဥက္ကဋ္ဌကိုသက်ထွန်းကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြန်တယ်။ ဧပြီလထဲမှာ ကိုအောင်ဒင် အပါအဝင် ဗကသခေါင်းဆောင်တွေ ထပ်ပြီး ဖမ်းဆီးခံရပြန်တယ်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း ဖမ်းဆီးခံရမယ့် အရေးမြင်ပုံရတယ်။ အဲသည်တော့ ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီးလောက်မှာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာခဲ့တယ်။ နောက်ပိုင်းမှာ လူ့ဘောင်သစ်ရဲဘော် များလည်း သူနဲ့အတူ နယ်စပ်ဒေသကို တဖွဲဖွဲ လိုက်လံထွက်ပြေးလာကြတယ်။ အချို့က ရှမ်းပြည်နယ် အက်စ်၊ အက်စ်၊ အေ စခန်းတွေဖက် တက်သွားကြသလို၊ အချို့က ကျနော်တို့ ဘုရားသုံးဆူ (၁၀၁) စခန်းကို ရောက်လာကြတယ်။
တချိန်တည်းမှာပဲ ကျနော်တို့ဆေးတက္ကသိုလ်-၂ နောက်ဆုံးနှစ်ကျောင်းသား (ကျနော်တို့အပေါ် စီနီယာတန်းက) ကိုဇော် ထွန်း၊ ရန်ကုန်တက္ကသိုလ်က ဆရာဦးမြင့်လှိုင်တို့လည်း ဘုရားသုံးဆူစခန်းကို ပူးပေါင်းရောက်လာကြတယ်။ သူတို့ဖြစ်ပုံက ဒီလို။ ကျနော်တို့ ABSDF ဖွဲ့စည်းပြီး မကြာခင်လောက်မှာပဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အကြီးဆုံးတပ်ပေါင်းစု Democratic Alliance of Burma (DAB)- မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစုကို ဖွဲ့တယ်။ ဒီအေဘီမှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ကြပြီး၊ မြန်မာနိုင်ငံ ရဟန်းပျိုသမဂ္ဂလိုမျိုး သပိတ်တုန်းက ပါဝင်လာပြီး၊ ထွက်ပြေးလာကြတဲ့ ရဟန်းပျိုတွေလည်း ပါဝင်ကြတယ်။ ရဟန်းတွေက နိုင်ငံရေး-စစ်ရေးမှာ ပါဝင်သင့်သလားဆိုပြီး အစောပိုင်းမှာ ကန့်ကွက်မှုတွေ ရှိသေးတယ်။ နောက်ပိုင်းတော့ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်များမှအပ ပါဝင်ဆွေးနွေးခွင့် ရှိသည်ဆိုပြီး၊ ရဟန်းပျိုသမဂ္ဂကို လက်ခံပါဝင်စေတယ်။ ရန်ကုန်တက္ကသိုလ် ဇီဝဗေဒဌာနက နည်းပြ ဆရာဦးမြင့်လှိုင်၊ ကိုဇော်ထွန်းတို့ကတော့ ရန်ကုန်မှာကတည်းက သူတို့ဦးဆောင်ပါဝင်တော့ အထွေထွေသပိတ်ကော်မီတီ (General Strike Committee- GSC) ကို ဒီအေဘီမှာ အဖွဲ့ဝင် ဝင်တယ်။ ပြည်တွင်းကိုယ်စားပြု ဆိုပေမယ့် လူနည်းနည်းပဲ ပါတယ်။ နောက် ပိုင်းမှာ သူတို့က ကရင်နီတိုးတက်ရေးပါတီ (KNPP) နယ်မြေကတဆင့် ဖြတ်လို့ မြန်မာပြည်မြောက်ပိုင်း (ဗကပ) တပ်ဖွဲ့ တွေ ရှိရာဆီ ခရီးရှည်ချီတက်ကြဖို့ အစီအစဉ်လုပ်ကြတယ် ဆိုတယ်။ သူတို့နဲ့အတူ ရှေ့နေကိုကျော်လင်း၊ ရခိုင်တဦးတို့ ပါဝင်တယ်။ သူတို့ကို ကေအဲန်ပီပီဥက္ကဋ္ဌ စောမော်ရယ်က ခရီးဆက်မသွားဖို့ ဟန့်တားထားလိုက်တယ်။ ဖမ်းတာတော့ မဟုတ်ဘူး။ အဲသည် ကရင်နီစခန်းမှာ အတန်ကြာနေလိုက်ကြရတယ်။ နောက်တော့ ကိုမိုးသီးဇွန်ကလည်း တိုက်တွန်း တာနဲ့ သူတို့က ကျနော်တို့ ဘုရားသုံးဆူစခန်းကို ရောက်လာခဲ့ကြတယ်။ (DPNS) လူ့ဘောင်သစ်ပါတီဝင် ရဲဘော်ဟောင်း တွေ ကျနော်တို့စခန်းကို ရောက်လာတာ တခုကောင်းတယ်။ ပြည်တွင်းကို မြေအောက် (UG) ဆက်သွယ်ရေးလမ်းကြောင်း ပွင့်လာတယ်။ ဆိုးကျိုးတခုကတော့ နောက်ပိုင်းမှာ တပ်ရင်း (၁၀၁) ၂-ခြမ်းကွဲဖို့ အကြောင်း ဖြစ်လာခဲ့တယ်။
ဘုရားသုံးဆူ နေ့ရက်များ (၈)
===============
ဓာတ်ဆားရည်ထဲမှာ ရောထားတဲ့ အဝါရောင်ကွီနိုင်ဆေးရည်တွေက သွေးကြောထဲကို တစက်ပြီးတစက် စီးဝင်နေတယ်။ ကျနော်ငှက်ဖျား ဖျားနေတာ ၃-၄ ရက်ရှိပြီ။ ခေါင်းထဲမှာ ဘာမှစဉ်းစားလို့မရဘူး။ နားထဲမှာ ကွီနိုင်ဆေးတွေရဲ့ နောက်ဆက် တွဲ အာနိသင်ကြောင့် နားအူနေတယ်။ အစားအသောက်ကလည်း စားမဝင်ဘူး၊ ခါးခါး အရည်တွေ ထိုးထိုးအံတယ်။ ဒီတခါ ကိုယ်တိုင်ဖျားတဲ့ ငှက်ဖျားက တော်တော်ဆိုးတယ်။ ကိုဝင်းနိုင်ဦးက ကျနော့်ကို ဓာတ်ဆားရည်နဲ့ ကွီနိုင် ဒရစ် (drip) ချိတ် ပေးပြီး၊ အစည်းအဝေးတခု သွားတက်နေတယ်။ ကွီနိုင်နဲ့ ဓာတ်ဆားရည်တွေ… တစက် ပြီးတော့ နောက်တစက်။ ခေါင်းထဲ လည်း ရှုပ်ထွေးနေတယ်။ ဘာမှ မစဉ်းစားချင်ဘူး။
ကိုဝင်းနိုင်ဦး သွားတာက စခန်းအစည်းအဝေးတခုပဲ။ အခု စခန်းမှာ အုပ်စုအဖွဲ့တွေကြား ပြဿနာတက်နေတယ်။ နောက် ဆုံး စခန်းကွဲဖို့ ဆုံးဖြတ်ချက် ချရလောက်အောင် ဖြစ်လာနေတဲ့ အစည်းအဝေးပဲ။ ပြောရရင် ကျနော်တို့ အခုစခန်းသစ် ဆောက်တဲ့ နေရာကို ရောက်တုန်းက ကျနော်က အခြေခံကျလှတဲ့ မုဒုံသား၊ သံဖြူဇရပ်သားတွေကို သဘောကျလှတယ်။ သူတို့ရဲ့ အတတ်ပညာ၊ လုပ်အားကြောင့်သာ ဒီစခန်းကြီး ဖြစ်လာတာ။ ကျနော်တို့ မြို့သားတွေက နှီးတောင်ကောင်းကောင်း ဖျာတတ်တာ မဟုတ်ကြဘူး။ သူတို့ပဲ ဘားတိုက်ဆွေဆောက်ဖို့ ပုံစံဆွဲ၊ ထုတ်တန်းတွေ ရေချိန်ကိုက်၊ တိုင်ထူ၊ အမိုးကာ လုပ်ကြတာ။ ဒါတင်မက သူတို့က ရိုးသားလှတယ်။ နိုင်ငံရေးအရ ဘာမှ သိပ်မသိကြဘူး။ တခါတလေ စနောက်ပြီး ပြောကြတာ… မုဒုံရရင်တော့ သူတို့ရှေ့ဆက်မလိုက်တော့ဘူး။ ဒီမုဒုံ မှာပဲ ကျန်နေရစ်မယ်။ ကျန်တဲ့သူတွေ ရှေ့ဆက်တိုက် ကြပေတော့လို့ ပြောရလောက်အောင် ဒေသစွဲကလည်း ကြီးလှတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တောင် တွေးမိသေးတယ်။ ဒီလူတွေနဲ့ပဲ တသက်လုံးတော်လှန်ရေး လုပ်တော့မယ်လို့ စဉ်းစားထားမိခဲ့တာ။
အခုတော့ နောက်ပိုင်းရောက်လာတဲ့ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ အုပ်စုပဋိပက္ခသဘောမျိုး စလာတယ်။ ပြောရရင် အခြေခံကတော့ မြို့စွဲ၊ နယ်စွဲ၊ အုပ်စုစွဲပါပဲ။ ကိုမိုးသီးဇွန် ထိုင်းနယ်စပ်ရောက်လာတော့ သူကပထမပိုင်း မဲဆောက်ကို ရောက်လာခဲ့တယ်။ သိပ်မကြာခင်မှာ တွေ့သင့်တဲ့လူနဲ့ တွေ့ရအောင် ဘန်ကောက်ရောက်လာတယ်။ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတခုမှာ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့အတူ လူလုံးပြ ဆန္ဒပြနေတာ ဓာတ်ပုံတွေ့ရတယ်။ အဲသည်အချိန်မှာ သူက အရင် ဘုရားသုံးဆူဒေသကို ဆင်းသွားတယ်။ ကျနော်က နောက်က လိုက်ပြီးတော့မှ စခန်းကို ပြန်ဖြစ်တယ်။ အဲသည် အချိန်က ထိုင်းနိုင်ငံတွင်း သွားရေးလာရေးမှာ အခုကာလလို သိပ်ပြီးတင်းတင်းကျပ်ကျပ် မရှိလှဘူး။ သပ်သပ်ယပ်ယပ် ဝတ်စားရင် သွားလို့ရတယ်။ တခါတလေ မတော်မဆ ထိုင်းရဲဖမ်းဆီးခံရတာမျိုးလည်း ရှိတတ်ကြတယ်။
ကျနော်က ဘုရားသုံးဆူစခန်းကို ကိုအိုက်စံ (နိုင်ငံခြားဆက်ဆံရေး/ ထောက်ပံ့ရေး အဖွဲ့ဝင်) နဲ့ အတူ ဆင်းလာကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့စခန်းက မရီရီထွန်းက ကင်ဆာရောဂါဖြစ်လို့ ကုသရင်း သူ့အတွက် ဘန်ကောက်မှာ အခန်းတခု ငှားပေးထားတယ်။ စခန်းကလူတွေသွားရင်လည်း အဲသည်စခန်းမှာ စတည်းချကြတယ်။ ကျနော်နဲ့ ကိုအိုက်စံက အဲသည် အခန်းကလေးမှာ ဆုံကြပြီး၊ အတူတူစခန်းကို ပြန်ဆင်းလာကြတယ်။ ကိုမိုးသီးဇွန်ကို သိပ်မနှစ်မြို့ကြောင်း သူ့စကားအရ သိရတယ်။ ကျနော့်သဘောထားကတော့ အဖြူထည်ပါပဲ။ အဓိက ကျန် ABSDF ခေါင်းဆောင်တွေ မနှစ်မြို့ကြတာက မြို့က လာတဲ့ခေါင်းဆောင်တွေက အပြောကြီးကြတယ်။ (ဗကသ) ရဲ့ အခန်းကဏ္ဍကို သိပ်ရှေ့တန်းတင်လွန်းတယ်။ နယ်စပ်က ဖြစ်ပျက်နေတဲ့၊ သူတို့တည်ဆောက်နေရတဲ့ အခြေအနေကို ကိုယ်ချင်းမစာနာနိုင်ကြဘူး။ နားမလည်ကြဘူး ဆိုပါတော့။ ဒီလိုနဲ့ စခန်းပြန်ရောက်လာတယ်။
ကိုမိုးသီးဇွန်က သူနယ်စပ်မထွက်လာခင် ၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ "အမျိုးသား နိုင်ငံရေးလှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်" ခေါင်းစဉ်နဲ့ စာတမ်းတစောင် ရေးသားပေးပို့တယ်။ အဲဒီစာမှာ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် အချို့ပါတယ် ဆိုပေမယ့်၊ NLD ရဲ့ ပကတိအခြေအနေမှန်ကို ထင်ဟပ်တယ်လို့ ဆိုကြတယ်။ အဲဒီစာတမ်းမှာ "NLDပါတီသည် ခေါင်းဆောင်ဆိုသူ အမျိုးသမီးကို ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်လွန်းနေကြောင်း၊ ယင်းသည် ကောင်းသည့် လက္ခဏာမဟုတ်ကြောင်း၊ ပုဂ္ဂိုလ်ရေးဆန်လွန်းလျှင် အဖွဲ့အစည်းပါ ကျဆုံးသွားနိုင်ကြောင်း ၊ NLDသည် ဆွမ်းလောင်း အသင်း၊ သာရေးနာရေးအသင်း၊ ရေကြည်တော်ဝတ်အသင်း တစ်ခုထက်မပိုကြောင်း၊ လူထုကို ကိုယ်စားမပြု၊ နိုင်ငံရေး ဦးဆောင်မှုမပေးဘဲ ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ်နေကြောင်း၊ လူထုကနိုင်ငံရေး ပါတီတွေအပေါ် စိတ်ပျက်နေကြ ကြောင်း၊ 'စည်းကမ်းရှိပါ၊ ညီညွတ်ပါ'ဆိုသည့် အဘိဓမ္မာမှာ ကျဆုံးသွားပြီး ဖြစ်ကြောင်း၊ ယင်းအဘိဓမ္မာဖြင့် ဒီမိုကရေစီကို မရနိုင်ကြောင်း၊ လူတန်းစားပျက်ကြီးများနှင့် ထောင်ထားသည့် ပါတီဖြစ်၍ နိုင်ငံကို ခေါင်းမဆောင်နိုင်ကြောင်း" စတဲ့ အချက်တွေ ဖော်ပြပြီး ဝေဖန်သုံးသပ်ခဲ့တယ်။ သိပ်မကြာခင်မှာဘဲ လူ့ဘောင်သစ်ဒီမိုကရက်ပါတီပါတီ (DPNS) အချို့ ခေါင်းဆောင်တွေက "မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့လေတံခွန်" စာတမ်းကို ထုတ်လို့ ကိုမိုးသီးဇွန် စာတမ်းအပေါ် တုံ့ပြန် ဝေ ဖန်ကြပြန်တယ်။ ကိုမိုးသီးဇွန် နယ်စပ်ကို ထွက်ခွာလာပြီးတဲ့နောက်မှာ 'ဝါးရုံပင်ညီလာခံ' လို့ ခေါ်တဲ့ DPNS ညီလာခံ ကျင်းပတယ်။ ပါတီကြားထဲ သွေးကွဲကြတယ်။ အဲဒီနောက်ပိုင်း အချို့ခေါင်းဆောင်၊ ရဲဘော်တွေ စခန်းကို တဖွဲဖွဲရောက် လာကြတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင်လည်း စစ်အစိုးရက ၁၉၈၉ ခုနှစ်မှာ လက်နက်ကိုင်ပုန်ကုန်မှုနဲ့ မျက်ကွယ်သေဒဏ် ပေးခံရတယ်။
ထူးခြားတဲ့ တယောက်ကတော့ ကိုဌေးအောင်ပါ။ သူက သံလျှင်လူ့ဘောင်သစ်ကို ခေါင်းဆောင်ပြီး၊ စကားပြော အေးဆေး ညက်ညောတယ်။ ရှေ့နေတဦးဖြစ်ပြီး စကားပြောရင်လည်း နိုင်ငံရေးအနှစ်အသား ပြည့်ဝတယ်။ သူက မူစလင်ဘာသာ ကိုးကွယ်သူတယောက် ဖြစ်တဲ့အတွက်သူ့ကို "ကုလားလေး ဌေးအောင်" လို့လည်း ချစ်စနိုးခေါ်ကြတယ်။ သူက မူစလင် တဦးဖြစ်တော့ သူများထက်စာရင် အစားအသောက်ခက်တယ်။ ခါးကိုင်းကိုင်းနဲ့ လမ်းလျှောက်တတ်ပြီး၊ သူလုပ်နေကျ အလုပ်ကတော့ ထောင်ထဲမှာ သူဖြတ်သန်းခဲ့ရတဲ့အတိုင်း ဟိုဖက်သည်ဖက် စင်္ကြန်လျှောက် စဉ်းစားနေတတ်တာမျိုးပဲ။
နောက်တယောက်ကတော့ ဆရာ ဦးအောင်မြင့်စိုး (ခေါ် မောင်စိုးချိန်ပါ)။ သူက မောင်စိုးချိန်ကလောင်နာမည်နဲ့ ကဗျာ တွေလည်း ရေးဖူးတယ်လို့ ဆိုတယ်။ သူက လယ်သမားကေဒါတယောက်နဲ့ ပိုတူတယ်။ အသားဖြူဖြူပေမယ့် အင်္ကျီ လက်တိုတိုကို ခေါက်ဝတ်၊ ပုဆိုးတိုတိုနဲ့ အမြဲတမ်း တက်ကြွတဲ့အသွင် ဖမ်းထားတတ်တယ်။ ကျန်တဲ့ ရဲဘော်တွေကိုလည်း "ရဲဘော်ကြီး၊ ရဲဘော်ကြီး" လို့ ခေါ်တတ်တယ်။ တနင်္သာရီတိုင်းဖက် တက္ကသိုလ်တခုမှာ မြန်မာစာပို့ချနေတဲ့ နည်းပြ ဆရာ တဦးလို့လည်း သိရတယ်။ လူ့ဘောင်သစ်ပါတီထဲမှာ လျှို့ဝှက်သဖွယ် (ပြန်လေ့လာကြည့်တော့ တရားဝင်ဖွဲ့စည်းပုံတော့ မရှိဘူး) ဖွဲ့ထားတဲ့ ပေါ်လစ်ဗျူရို (နိုင်ငံရေးဦးသျှောင်) အဖွဲ့ဝင်တဦးလိုလိုလည်း သိရတယ်။ ဆရာ ဦးမြင့်လှိုင်နဲ့ ကိုဇော်ထွန်းက နောက်ပိုင်းမှာ စခန်းကို ရောက်လာတယ်။ သူတို့ကို EC ဘားလို့ ခေါ်တဲ့ စခန်းခေါင်းဆောင်တွေ အများစု နေထိုင်တဲ့ ဘား-၆ မှာ နေရာချထားပေးခဲ့တယ်။ အဲသည်အချိန်က မြို့ထဲက လူ့ဘောင်သစ်ရဲဘော်တွေ ဖြစ်တဲ့ ကို ဇော်လေး၊ ကိုမြင့်အောင် (သူကတော့ မျက်မှန်ထူထူ စကားလုံးကြီးတွေပြောလို့ ဂုရု လို့ခေါ်ကြတယ်)၊ ကိုထွန်းခင် (ကိုမွှေးကြိုင်)၊ မျိုးကြီး၊ ကိုခင်မောင်လင်း… စသည်ဖြင့် ရောက်လာကြတယ်။ သူတို့က တက်ကြွတဲ့၊ ထက်မြက်တဲ့ လူငယ် တွေဖြစ်ပြီး ကျနော့်ကိုတော့ အကိုကြီးတယောက်သဖွယ် ဆက်ဆံကြတယ်။ သူတို့နဲ့ စကားပြောရတာကောင်းတယ်။ အချို့ကို ဘား-၄ မှာ နေရာချထားပေးတယ်။ ကျနော် မသိခဲ့ရတဲ့ မြို့ပြနိုင်ငံရေး အခင်းအကျင်းကို ရှင်းပြနိုင်တယ်။ သူတို့က လက်နက်ကိုင်တော်လှန်ရေး ဆက်လုပ်ဖို့လည်း ရဲရဲတောက်။ ဒါပေမယ့် လက်ဝဲဆန်ဆန် အတွေးအခေါ်တွေကိုလည်း သူတို့ ဖတ် မှတ် အာဂုံဆောင်ထားကြတယ်။
ကိုမိုးသီးဇွန် စခန်းရောက်တော့ စာကြည့်တိုက်မှာ စခန်းချတယ်။ စာကြည့်တိုက်မှူး ကိုအောင်နိုင်ဦး (ယခု USA)၊ ကိုတေဇာမင်းတို့နဲ့ အဖွဲ့ကျတယ်။ သူ့ကံကြမ္မာပဲ ပြောရမလား မသိဘူး။ သူနဲ့တွေ့ဖူးတဲ့သူတွေက ချစ်လုံးလုံး၊ မုန်းလျားလျားပဲ။ ချစ်ခင်တဲ့ သူတွေကလည်း သူဘာလုပ်လုပ် သည်းညည်းခံ ကြည်ညိုချစ်ခင်ကြတယ်။ မုန်းတဲ့သူ တွေကလည်း စကားတခွန်းမပြောကြည့်ဘဲ နာမည်ကြားဖူးရုံနဲ့ မုန်းနေတဲ့ အခြေအနေမျိုး၊ သူနယ်စပ်ရောက်ခါစက ABSDF ဗဟိုက သူ့ကိုအကြံပေးအဖြစ် ခန့်ထားလို့လည်း တာဝန်တိတိကျကျ မရှိ၊ ဘုရားသုံးဆူစခန်းမှာ လာနေနိုင်တယ်။ သူ့ ပြဿနာကတော့ စည်းကမ်းလုံးဝ မရှိတာပဲ။ စောင်ကို တနေရာက ခြုံလာတယ်။ ကြုံတဲ့နေရာမှာ ချသွားတယ်။ လူတယောက်ရဲ့ ပုဆိုးကို၊ အင်္ကျီကို မပြောမဆို ယူဝတ်သွားတယ်။ ကြုံတဲ့နေရာမှာထားခဲ့တယ်။ မြင်တဲ့ဖိနပ် ကောက်စွပ် သွားတယ်။ ကြုံတဲ့ဖိနပ် ကောက်စီးပြီး ပြန်လာတယ်။ အဝတ်အထည်၊ အသုံးအဆောင် ရှားပါးကျပ်တည်းလှတဲ့ ရဲဘော်တွေ အတွက်အတော်ဒုက္ခ ဖြစ်ကြရတယ်။ တရက်မှာ နမ့်ကိတ်စခန်း မုဒုံအုပ်စုက ကိုမြင့်အောင် လုပ်ထားတဲ့ လက်လုပ် ယမ်းထောင်းသေနတ် (တောပုန်းလို့ ခေါ်ကြတယ်) ကို ယူပစ်တယ်။ သေနတ်က တော်ရုံကိစ္စတွေမှာ အမဲပစ်ဖို့ လုပ်ထားတာ။ ယမ်းငွေ့တွေ မဲကနဲ တထောင်းထောင်း မှောင်ထပြီး၊ ကျည်ထွက်သွားတော့ သူသိပ်ကျေနပ်သွားတယ်။ နောက်တနေ့ "ပြည်သူတရပ်လုံး အိမ်တိုင်း ယမ်းထောင်သေနတ် ကိုယ်စီဆောင်ကြ" ဆိုတာမျိုး ရေးတယ်။
ဒီကြားထဲမှာ စခန်းထဲ လူနည်းနေတယ်။ ရောင်နီ (၁) (၂) ရှေ့တန်းစစ်ကြောင်း ဆင်းနေကြသလို၊ DAB (မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်) က စစ်ကြောင်းတွေဖွဲ့မယ်ဆိုပြီး၊ ABSDF နဲ့ DAB အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်းက လူခေါ်တာရှိလို့ ၁၉၈၉ ခုနှစ်၊ ဇွန်လလောက်မှာ စခန်းကနေ လူပို့လွှတ်လိုက်ရတာလည်း ရှိတယ်။ ကျနော်တို့က တိုက်ချင် ခိုက်ချင် သွေးရဲ နေကြသူတွေ။ သေနတ်က လက်ထဲမရှိဖြစ်နေ။ ဒီအချိန်မှာ DAB စစ်ကြောင်း အတွက် လူခေါ်တယ်ဆိုတော့ ကျနော်တို့ အားတက်သွားကြတယ်။ တပ်ရင်းတခုကို (၁၀) ယောက် ဗဟိုဌာနချုပ်ကို ပို့လွှတ်ပေးဖို့ ခေါ်တာ။ စခန်းမှာ တိုင်ပင်ကြတယ်။ ကျနော်တို့ စခန်းကတော့ စစ်သင်တန်းတွေပြီးလို့ တစုံတရာ စစ်တပ် ပုံစံကျနေကြပြီ။ တပ်ရင်း (၁၀၂) ကတော့ နောက်ကျသေးတယ်။ အခုမှ စစ်သင်တန်းတွေလုပ်တုန်း၊ အဲသည်တော့ အနစ်နာခံတဲ့အနေနဲ့ ကျနော်တို့ စခန်းကပဲ ရဲဘော် (၂၀) ပို့လွှတ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အမှန်ကတော့ သွားချင်သူတွေ များနေလို့ လူလည်ကျလိုက်တာ။ ကျနော်တို့စခန်းက ကိုနေမျိုး (RIT)၊ ကိုမင်းလွင်ကြီး (ဘောလီဘော လက်ရွေးစင်)၊ ကိုဝင်းသိန်း (သံဖြူဇရပ်အုပ်စု) အပါအဝင် ရဲဘော် ၂၀ ကို ဗဟိုဌာနချုပ်ကို ပို့လွှတ်လိုက်တယ်။ [ဟိုရောက်တော့ စစ်ကြောင်းဖွဲ့ဖို့က အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတယ်။ စစ်ကြောင်း အစီအစဉ်ဆိုတာ ကလည်း မသေမချာ၊ ဒုက္ခရောက် သောင်တင်နေရတော့တယ်။ နောက်ဆုံး ဝမ်းခါခံစစ်စခန်းထဲ ဝင်တိုက်ပေးရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်။]
အဲသည်အချိန်မှာ စခန်းထဲမှာ သင်တန်းကျောင်းဆောက်ရအောင် ဆိုပြီး "တောတွင်းတက္ကသိုလ် (Jungle University) အဆောင်များအဖြစ် စခန်းနဲ့ နည်းနည်းလှမ်းတဲ့ မြေကွက်လပ်မှာ ဆောက်နေတယ်။ ကိုတင်စိုးနောင်က တွဲဖက် အတွင်းရေးမှူး (၂) ဖြစ်ပေမယ့်၊ ဗဟိုမှာ အခြေမစိုက်ဘူး။ စခန်းမှာပဲ လာပြန်နေတယ်။ အဲဒီစခန်းဆောက်တဲ့ နေရာမှာ မုဒုံရဲဘော်တစုနဲ့ မူးနေတာမျိုး ရှိတယ်။ တခါတလေ သူတို့သေနတ်ဖောက်ကြတာကလည်း ကျန်သူတွေအတွက် နားလည်မှုလွဲစရာ ဖြစ်တယ်။ သူ့ရဲ့ညီ ကိုတင်စိုးမောင် (RIT) က စခန်းအထွေထွေ အတွင်းရေးမှူး တာဝန်ယူထားပြီး၊ ကျနော်နဲ့ တွဲလုပ်ရတယ်။ ပြဿနာ များများစားစား မရှိပါဘူး။ အလုပ်ဖြစ်ကြတယ်။ သို့သော် ကြားထဲမှာ မူးပြီး ကျနော့်ကို ပြဿနာလာရှာတာမျိုးတော့ ရှိခဲ့တယ်။ ဒါပေမယ့် အုပ်စုစွဲ၊ ဒေသစွဲတွေကြောင့် ယခင်စခန်းရဲဘော်များနဲ့ နောက်မှ ရောက်လာသူ ရဲဘော်များအကြား တင်းမာမှုတွေ ရှိလာခဲ့တယ်။ ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားရင်းမှာပဲ ခွဲထွက်ဖို့အထိ ဖြစ်လာခဲ့တယ်။ အရင်က ရိုးသားတယ်ထင်ခဲ့တဲ့ ရဲဘော်တွေဟာ နောက်က သွေးထိုးမြှောက်ပေးတဲ့အခါ မဆင်မခြင် ပြုမူ တတ်တာကိုလည်း မြင်တွေ့ရတယ်။
ကိုမိုးသီးဇွန်ကလည်း စခန်းမှာရှိနေတဲ့ သူတွေကိုအုပ်စုဖွဲ့၊ ကျန်တဲ့တဖက်ကလည်း မြှောက်ပေး၊ သူ့ကိုယ်ပိုင်စခန်း ဖြစ်လာ စေရေး သွေးထိုးနေတယ်လို့လည်း ယူဆနိုင်တယ်။ အမှန်တကယ်က ကိုမိုးသီးဇွန်က ABSDF တပ်ရင်း (၂၀၄) မှာ အဖွဲ့ဝင် နဲ့ ကိုယ်စားလှယ် ဖြစ်ပြီးသား။
ဒီအချိန်မှာ ကျနော် လဲတာပဲ။ ငှက်ဖျား အပြင်းစားနဲ့ ရူးမတတ်ဖြစ်တယ်။ ငှက်ဖျားကတဖက်၊ စခန်း ပြဿနာက တဖက်။
 ဘုရားသုံးဆူ နေ့ရက်များ (၉)
===========
ကျနော်တို့ ဘုရားသုံးဆူ (၁၀၁) စခန်းကွဲဖို့ တကယ် လိုအပ်သလား။ မကွဲရင်ကော မဖြစ်ဘူးလား။
အခုထိတိုင် သေချာအဖြေမရှိပါဘူး။ အကယ်၍ အသစ်ရောက်လာတဲ့ လူ့ဘောင်သစ်အုပ်စုတွေ၊ ဆရာဦးမြင့်လှိုင်တို့၊ ဦးအောင်မြင့်စိုး၊ ကိုဌေးအောင်တို့က ခေါင်းဆောင်မှု လိုချင်တယ်ဆိုရင်ဖြင့် အချိန်တခုစောင့်၊ စခန်းမှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပတဲ့အခါ ခေါင်းဆောင်မှုထဲ ပါလာနိုင်ပါတယ်။ အရည်အချင်းရှိသလောက် ခေါင်းဆောင်မှုထဲလဲ ပါလာနိုင်ပါ တယ်။ အခြားရဲဘော်များလည်း ဒီလောက်အမြင်မကျဉ်းကြပါဘူး။ စခန်းခေါင်းဆောင် အများကြားထဲ တချို့ သူတို့လူတွေ ပါလာနိုင်ပါတယ်။ ဒါပေမယ့် စခန်းတခုလုံး ထိန်းချုပ်ဖို့ အခြေအနေမျိုးထိတော့ မရောက်နိုင်ဘူး။ တဖက်ကလည်း သူတို့လက် သူတို့ခြေ သူတို့က မူဝါဒကို ချုပ်ကိုင် နိုင်တဲ့ အခင်းအကျင်းမျိုး တခုရည်ရွယ်ထားပုံလည်း ရတယ်။ သူတို့ ကတော့ အရင်ရောက်ပြီး၊ စခန်းခေါင်းဆောင်မှုကို အချို့သူတွေ ကြီးစိုးထားတာကို "ကျောင်းထိုင်ဆရာတော်ဝါဒ" လို့ ဆိုကြတယ်။
အကယ်၍ စခန်းမကွဲကြရင် သွေးထွက်သံယို ဖြစ်မှာလား။ ဒါလည်း သိပ်မသေချာဘူး။ စခန်းထဲမှာ အုပ်စုလိုက် တင်းမာမှု ရှိနေတာတော့ မှန်ပါတယ်။ ဒါပေမယ့် တချိန်ရုပ်ပျက်ဆင်းပျက် ဖြစ်ရလောက်အောင် အကြမ်းဖက်မှုမျိုးတော့ မဖြစ် လောက်ဘူး။ ဒါပေမယ့် အချို့သောမုဒုံအုပ်စုက လူတွေ မူးပြီးယမ်းတာ၊ သေနတ်ဖောက်နေတာက တဖက်အတွက် အကြောင်းပြစရာ ဖြစ်စေတယ်။ လုံခြုံမှု မရှိဘူးလို့ ခံစားရစေတယ်။
နောက်တခါ တပ်ရင်း (၁၀၂) က စခန်းဥက္ကဋ္ဌ ကိုသီရီညွန့် အပါအဝင်၊ ခင်မင်ရတဲ့ အုပ်စုတွေက ပြောတယ်။ အကယ်၍ (၁၀၁) မှာ ဆက်နေလို့ မဖြစ်နိုင်ဘူးဆိုရင်လည်း သူတို့ (၁၀၂) နဲ့ လာပူးပေါင်း နေနိုင်ကြောင်း ဖိတ်ခေါ်ကြတယ်။ သွားနေ ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချိန်ပြန်ကွဲမှာပဲ။ စခန်းကွဲမယ့်ကိစ္စကို အချိန်ရွှေ့ဆိုင်းထားတာမျိုးပဲ ဖြစ်လိမ့်မယ်။
ဒီလိုနဲ့ တပ်ရင်း (၁၀၁) စခန်း ကွဲသွားတယ်။ ပြောရရင် နောက်မှရောက်လာတဲ့ လူ့ဘောင်သစ်အုပ်စုနဲ့အတူ၊ အချို့သော ရဲဘော်တွေက ခွဲထွက်သွားခဲ့တယ်။ အစောက ပြောခဲ့သလို ကျနော်ဒီပြဿနာမှာ ဘယ်လိုဆုံးဖြတ်ရမယ်မှန်း မသိခဲ့ဘူး။ ငှက်ဖျား အပြင်းအထန်ဖြစ်နေခဲ့တာ။ ငှက်ဖျားသက်သာလာတဲ့အခါ ကျနော်က သူတို့ခွဲထွက်တဲ့ အုပ်စုဘက် ရပ်တည်ပေး မယ်လို့ ဆုံးဖြတ်လိုက်တယ်။ စခန်းကနေ ခွာကြမယ်ဆိုတော့ ခွာကြတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပုံစံမျိုး "ထုတ်ပြန် ရှင်းလင်းမှု" လုပ်တယ်။ အဓိကကိစ္စအဖြစ် ဘုရားသုံးဆူဒေသ နယ်မြေဥက္ကဋ္ဌ ကိုဇော်ဦးရဲ့ အောက်ခြေနဲ့ မနီးစပ်မှု၊ အခွင့်ထူးခံမှုတွေကို ပြစ်တင်ထားတယ်၊ အဲဒီနောက်ကွယ်မှာ ဒေါက်တာနိုင်အောင်က ရပ်တည်ထောက်ခံပေးနေသလိုမျိုး ရေးထားတယ်။ အဲဒီစာကြမ်းကို ကိုဌေးအောင်က ရေးတယ်။ ကျနော်က ဖတ်ရမယ့်သူဆိုတော့ ပြင်းထန်တဲ့ အသုံးအနှုန်း တွေကို ကျနော်ပြန်ဖြုတ်တယ်။ နောက်တနေ့မှာ စခန်းစာကြည့်တိုက်ထဲမှာ လူစု၊ ကျနော်တို့ ထုတ်ပြန်ရှင်းပြချက်ကို ဖတ်ပြီး စခန်းက ထွက်လာခဲ့ကြတယ်။ အဲဒီထုတ်ပြန်ချက်မှာ တော်လှန်ရေးအကျိုးစီးပွားတို့၊ ဖောက်ပြန်တယ်တို့… ဒီလို ပုံမျိုးနဲ့ဆိုရင် တော်လှန်ရေးအောင်မှာ မဟုတ်ဘူး… စသည်ဖြင့် လက်ဝဲဆန်ဆန် အသုံးအနှုန်းတော်တော်များများ ပါဝင်နေ ခဲ့တယ်။ နောက်ဆုံးစခန်းကထွက်လာတော့ ကျနော်နဲ့အတူ ရဲဘော် (၆၂) ယောက် ပါလာခဲ့တယ်။ ကျနော်တို့ဆေးကုပေး လို့၊ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ ခင်မင်ပြီး ကျနော်တို့ကို သံယောဇဉ်ဖြစ်နေတဲ့ သူတွေကတော့ နိုင်ငံရေးလည်း သိပ် နားမလည်ဘူး။ ကျနော်တို့ ထွက်သွားကြတာကိုလည်း စိတ်မကောင်းဖြစ်ကြတယ်။ ကျနော်တို့လည်း မတတ်နိုင်ဘူး။ စိတ် မကောင်း ဖြစ်ကြရတယ်။
စခန်းမကွဲခင်ကတည်းက ကျနော်တို့ ပြဿနာကို မဟာမိတ် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူ ခေါင်းဆောင် အများစုကို ရှင်းပြ ပြောဆိုထားတာ ရှိတယ်။ ဒါပေမယ့် အင်အားစုအားလုံးက ညီညွတ်ကြဖို့၊ ပေါင်းစည်းကြဖို့ကိုပဲ တိုက်တွန်းကြ တယ်။ ခွဲထွက်ရပ်တည်ဖို့ဆိုတာ ဘယ်သူမှ အားမပေးကြဘူး။ အဲသလို ပြောဆိုဆွေးနွေးကြတဲ့အခါ ဆရာဦးမြင့်လှိုင်တို့လို လူကြီးတွေကလည်း ပြဿနာရှိပြန်တယ်။ ကျနော်တို့လို လူငယ်တွေကိုကျတော့ မဟာမိတ်တွေက ကလေး၊ လူငယ်တွေ လိုပဲ ဆက်ဆံကြတယ်။ ဆက်ဆံမှု ပြဿနာက ရိုးရှင်းတယ်။ ဆရာဦးမြင့်လှိုင်ကျတော့ အရင်က မြောက်ဖက်ကို တက်ဖို့ ကြိုးစားဖူးတဲ့ကိစ္စတွေကိုလည်း သိတယ်။ သူကလည်း ကျန်တဲ့သူတွေကို ဗိုလ်မထားတဲ့ အချိုးမျိုးနဲ့ ဆက်ဆံတတ်တော့ ပြဿနာ ပိုရှိရတယ်။ တခါမှာ မွန်ပြည်သစ်ပါတီက စည်းရုံးရေးနဲ့ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ နိုင်ဖေသိန်းဇြာနဲ့ တွေ့ ကြတယ်။ တွေ့တာနဲ့ တယောက်နဲ့တယောက် ရိထေ့နေကြတာမျိုး ဖြစ်နေတယ်။
"ဆရာကြီး၊ လုပ်ပါဦးဗျ… တော်လှန်ရေးက ဘယ်တော့အောင်မှာလဲ" အဲသလိုမျိုး ဆရာနိုင်ဖေသိန်းဇြာဖက်က စကားစ နှုတ်ဆက်တယ်။
"ခင်ဗျားတို့တွေ အမြင်ကျဉ်းတဲ့ တိုင်းရင်းသားအမြင်တွေ အရင်စွန့်ရမယ်၊ တပ်ပေါင်းစုကို သေချာလုပ်၊ ဒီလိုမဟုတ်လို့ ကတော့ တော်လှန်ရေး တသက်လုံးမအောင်ဘူး" အဲသလိုမျိုး ဆရာဦးမြင့် လှိုင်က တုံ့ပြန်တယ်။ ပြီးတော့ သူ့ရဲ့ ဇစ်ပို (Zippo) မီးခြစ်ကို ဟန်ပါပါ ထုတ်ခြစ်တယ်။ ဆေးလိပ်မီးညှိတယ်။ ပြီးမှ မျက်မှန်ကို ကျော်ကြည့်ပြီး ဆွေးနွေးတယ်။ ဒီလိုပုံမျိုးနဲ့တော့ အဆင်ပြေဖို့ ဝေးလိမ့်မယ်လို့ ထင်မိတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကတော့ တခါတလေ အဲသလို ဆက်ဆံရေးပြဿနာ ရှိလာရင်တောင် ရူးသလို၊ ပေါသလိုလုပ် ဖြတ်သန်း လိုက်ရင် တော်ရုံကိစ္စက ပြီးသွား တတ်တယ်။ သူတို့နဲ့ကျတော့ အလိုလိုကမှ အဖုအထစ် ဖြစ်ရသလိုမျိုး ဖြစ်နေပြန်တယ်။ ကိုဌေးအောင်ကတော့ အေးဆေးတယ်။ ညက်တယ်။ သူတပါး နားကျအောင် ပိုပြီး ချည်းကပ်ပြောတတ်တယ်။
နောက်ဆုံးတော့ ကေအဲန်ယူက ဘုရားသုံးဆူတာဝန်ခံ ဆရာမန်းအောင်ဌေးက ကျနော်တို့ စခန်းကထွက်လာတဲ့ အုပ်စုကို ဘုရားသုံးဆူကျေးရွာ အပြင်ဖက်က ကရင်ဘုန်းကြီးကျောင်း၊ ဇရပ်တခုမှာ နေရာချပေးတယ်။ အဲသည်အချိန်မှာ ဘုရား သုံးဆူကျေးရွာက စစ်ကြီးပြီးလို့၊ ပြန်နာလံထ အတော်လည်း စည်ပင်နေခဲ့ပြီ။ ကရင်ဘုန်းကြီးကျောင်းမှာက ဆရာတော် တပါးပဲ ရှိတယ်။ ဇရပ်ဆောင်ကြီးက အတန်ကြီးပြီး၊ ကျနော်တို့ ၆၂ ယောက်လုံး နေလို့ရလောက်အောင် ဆန့်တယ်။ ဇရပ် က အမိုးသာရှိပြီး၊ အကာဟင်းလင်းဖြစ်နေတဲ့ နေရာပဲ။ ဘာပဲဖြစ်ဖြစ် ကျောချစရာ နေရာတခုရလို့ ကျနော်တို့ ဝမ်းသာကြ တယ်။ ကျနော်တို့ ၆၂ ယောက်ထဲမှာ လူ့ဘောင်သစ်ရဲဘော်တွေသာမက၊ ယခင် ဘုရားသုံးဆူစခန်း အတွင်းရေးမှူး လုပ်ဖူးတဲ့ ကိုအောင်မျိုးဆန်း၊ စာကြည့်တိုက်က ရဲဘော် ကိုအောင်နိုင်ဦး၊ ကျနော်တို့ ဆေးရုံက ရဲဘော်တွေအပြင်၊ အချို့တက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ စက်မှုတက္ကသိုလ်က ကိုနေမျိုး၊ ကိုဇော်ဝင်းလွင်၊ ကိုမင်းဇော်တို့လည်း ပါလာကြ တယ်။ ဘုန်းကြီး ကျောင်းစခန်းရောက်တဲ့အခါ လူ ၁၁-ဦး ပါဝင်တဲ့ နောက်ထပ်စခန်းကော်မီတီကို ထပ်မံရွေးချယ်တင် မြှောက်ကြပြန်တယ်။ ကျနော်က အခုအစုရဲ့ ဥက္ကဋ္ဌ၊ ကိုဝင်းနိုင်ဦးက အထွေထွေ အတွင်းရေးမှူး ဖြစ်လာတယ်။
ဘုန်းကြီးကျောင်းဝင်းက ကျယ်ပြောတယ်။ ခြံစည်းရိုးခတ်ထားတာတော့ မရှိဘူး။ နောက်ဖက်မှာ ခပ်မြင့်မြင့် တောင်ပူစာ တခုရှိပြီး၊ အဲသည် တောင်ပူစာအပေါ်မှာ ဇရပ်တခုရှိတယ်။ အဲဒီဇရပ်ကတော့ ကျနော်တို့ ပုံမှန်အစည်းအဝေး ထိုင်စရာ ဖြစ်လာခဲ့တယ်။ ကျနော်တို့လည်း ကျောင်းထိုင်ကရင် ဆရာတော်ကို ဆေးကုပေးတာ၊ ကျောင်းသန့်ရှင်းရေးလုပ်ပေးတာ၊ ကျောင်း ဝေယျာဝစ္စ လုပ်ပေးတာနဲ့ စည်းရုံးထားကြရတယ်။ ဆရာတော်ကလည်း စကားနည်းတယ်။ သူ့ကျောင်းမှာ လူရှိ နေတာကိုလည်း နည်းနည်းအားတက်နေပုံရတယ်။
ကျနော်တို့မှာ လုံလောက်တဲ့ရိက္ခာ ရှိပြီ။ သေနတ်တလက်မှ မရှိပါ။ နောက်ပိုင်းမှသာ လုံခြုံရေးသဘောမျိုး တလက်၊ နှစ်လက် မဟာမိတ်က ငှားပေးတယ်။ စောင်ရှိပြီ။ ဘုရားသုံးဆူဆောင်းမှာ စောင်က အရေးကြီးတယ်။ စားဖို့ဟင်းသီး ဟင်းရွက်ကတော့ သင်္ဘောသီးတွေ အများကြီးရှိသလို၊ ဘုရားသုံးဆူဈေးကလည်း ဝယ်ခြမ်းစားသောက်လို့ရတယ်။ စခန်း အတွက် လိုအပ်တဲ့ အခြေခံစည်းကမ်းတွေလည်း ချပြီးပြီ။ အဲဒီအချိန်မှာ အတွင်း-အပြင် အဓိကပြဿနာ ၂-ရပ်နဲ့ ထပ်ပြီး ရင်ဆိုင်ကြရပြန်တယ်။ ပြင်ပ ပြဿနာကြီးကတော့ ကျနော်တို့ ခွဲထွက်လာခဲ့တာကို ဗဟိုကော်မီတီက အသိအမှတ် မပြုဘူး။ ပိုဆိုးတာက တွဲဘက်အတွင်းရေးမှူး (၂) ကိုထွန်းဦးက ကျနော်တို့ ၆၂ ယောက်လုံးကို ဖမ်းဆီးဖို့ မဟာမိတ် တပ်ဖွဲ့တွေကို အကြောင်းကြားတယ်။ မဟာမိတ်အင်အားစုတွေက ကြေးနန်းစာကို ကျနော်တို့ကို ပြန်ပြတယ်။ [အဲဒီ ကိစ္စ ကြောင့်ပဲ ကိုထွန်းဦးအပေါ် အမြင်မကောင်းကြဘူး။ အာဏာကို အဆုံးစွန်သုံးတယ်လို့ မြင်တယ်။ ကျနော်တို့ဖြစ်ပျက်နေ တဲ့ ပြဿနာတွေကို အရင်နားထောင်ဖို့ မကြိုးစားဘူး။ ဒီအချိန်ဟာ ABSDF ထဲမှာ သေချာတည်ငြိမ်မှု မရသေးတဲ့အချိန်၊ မရင့်ကျက်ကြသေးတဲ့အချိန်၊ အခုလိုဖမ်းမိန့် ထုတ်တာဟာ လွန်လွန်းတယ်လို့ မြင်မိတယ်။ နောက်ပိုင်း သောင်ရင်းမြစ်ထဲ သူ ရေနစ်ကျဆုံးရတဲ့အထိ ကျနော်တို့အဖွဲ့က ဝမ်းနည်းတယ် မခံစားကြရဘူး။]
ဒုတိယပြဿနာကတော့ ကျနော်တို့ ၆၂ ဦးကြားထဲက ကော်မီတီထဲ ဖြစ်တဲ့ ပြဿနာပါ။ တခါတလေ အသေးအဖွဲ့လို့ ကျနော်တို့ထင်တဲ့ ပြဿနာတွေကို အရှည်ကြီး ဆွေးနွေးနေကြရတယ်။ ကျနော်တို့ ၆၂ ဦးကြား ဖွဲ့ထားတဲ့ စခန်းကော်မီတီ ထဲမှာ ပြောရရင် ကျနော်တို့ ကျောင်းသားအုပ်က ၈ ဦး၊ တဖက်မှာ ၃ ဦးလိုလို အမြဲဖြစ်နေခဲ့တယ်။ ၃-ဦး ဆိုတာက ဦးမြင့်လှိုင်၊ ဦးအောင်မြင့်စိုးနဲ့ ကျနော်တို့ ဆေးတက္ကသိုလ်-၂ ကျောင်းသား ကိုဇော်ထွန်းတို့ပဲ။ ဘာပြဿနာဖြစ်ဖြစ် ယေဘုယျ မဲခွဲရင် ၈ မဲ-၃ မဲ ဖြစ်နေလိမ့်မယ်။ အဲသည်တော့ ဦးမြင့်လှိုင်က လုပ်တယ်။ "မဲ မခွဲနဲ့၊ မဲခွဲရင် မင်းတို့က လူအုပ်နဲ့ နိုင်မှာပဲ။ အဲသည်တော့ သဘောတရားအရ ကျေလည်အောင် ဆွေးနွေးမယ်" လုပ်တယ်။ ပြဿနာတိုင်းကို ဖင်ပူ အောင် အစည်းအဝေးထိုင်ရတယ်။ သဘောတရားအရ ကျေလည်အောင် ဆိုတဲ့အခါ ဘာမှန်းမသိ ဟိုကိုးကား၊ သည်ကိုးကား ငြင်းခုန်ကြရပြန်တယ်။ အစည်းအဝေးခေါ်မယ်ဆိုတဲ့ အသံကြားရင် ဖျားချင်သလိုလို၊ ခေါင်းလေးသလိုလို ဖြစ်လာရတယ်။ ရဲဘော်အများစုကတော့ တက်တက်ကြွကြွ ရှိကြပါတယ်။
တခါတလေ ပြဿနာတွေမှာ ဘယ်လိုဆုံးဖြတ်ရမှန်း မသိဘူး။ အဲသည်တော့ နေမျိုးကြီး (စက်မှုတက္ကသိုလ် ကျောင်းသား) ကို ကြည့်နေရတယ်။ သူက အဖြောင့်စဉ်းစားတယ်။ ကောက်ကောက်ကွေ့ ကွေ့တွေ မရှိဘူး။ အဲသည်တော့ နေမျိုး (ကြီး) ရပ်တည်တဲ့အတိုင်း ကျနော်လိုက်ပြီး ရပ်တည်တာများတယ်။ အဲဒီ ၆၂-ဦး အစည်း အဝေးတွေက ကျနော့်ကို လေ့ကျင့်ပေး လိုက်သလိုပဲ။ နောက်ပိုင်း တော်ရုံအစည်းအဝေးလောက်တော့ မဖြုံတော့ဘူး။ ထုသားပေသား ကျသွားတယ်။ တော်ရုံ တန်ရုံ ငြင်းခုန်တတ်သူမျိုးလည်း မဖြုံတော့ဘူး။ ၆၂-ဦး ကော်မီတီက လေ့ကျင့်ပေးလိုက်တာလို့ ဆိုနိုင်တယ်။ အဲသည် အချိန်မှာ ပြည်တွင်းက မြေအောက် (UG) အဆက်သွယ်လုပ်ပေးတဲ့ ဦးအုန်းသန်း ဘုရားသုံးဆူကို တက်လာရင်း ကျနော် တို့ စခန်းကို ရောက်လာတတ်တယ်။ သူ့ရဲ့ခရီးစဉ်အတွက် ဘယ်သူက စားရိတ်စားက ထုတ်ပေးတယ်တော့ မသိဘူး။ (ထင်မိတာ တပ်မဟာ-၆ မှူး၊ ဗိုလ်ချုပ်ရွှေဆိုင်းက ပေးပုံရတယ်)။ ဒါပေမယ့် သူလာတိုင်း ပြည်တွင်းက စာအုပ်တွေ ဂုန်နီ အိပ်ကြီးတွေနဲ့ ပါလာတတ်တယ်။ အများစုကတော့ နိုင်ငံရေးစာအုပ်တွေပဲ။ နိုင်ငံရေးစာအုပ်တွေ ဆိုတဲ့အခါ လက်ဝဲ အယူအဆ စာအုပ်တွေက များတယ်။ ကျနော်တို့လည်း အချိန်အများစု အားနေတော့ ဒီစာအုပ်တွေကို ကျနော်တို့ဖတ်ဖြစ် ကြတယ်။ လူလျောက်ချီရေးတဲ့ "ပါတီ"၊ တရုတ်တော်လှန်ရေးအကြောင်း "ဒီရေမြင့်သစ်"၊ မော်စီတုန်းရေးတဲ့ စစ်ရေးကျမ်း (၆) စောင် စာအုပ်ကလေးတွေ၊ အဘိဓမ္မာ (၄) စောင် စာအုပ်ကလေးတွေ အဲသည်တော့မှ မြင်ဖူး၊ ဖတ်ဖူးတော့တယ်။ ဒါပေမယ့် ကျနော်တို့ ရဲဘော်အများစုကြားမှာ အကြိုက်ဆုံး၊ ရေပန်းအစားဆုံးကတော့ ဆရာမြသန်းတင့် ဘာသာပြန် (အီလျာ အာရင်ဘတ်ရေးတဲ့) ပါရီ ကျဆုံးခန်းပဲ။ အဲသည်မှာ ဘာမှန်းမသိ တက်ကြွနေတဲ့ ပြင်သစ်ကွန်မြူနစ် လူငယ် "လူဆန်း" ရဲ့ ထုံအပုံမျိုးကို သဘောကျတယ်။ ပြောတမျိုး လုပ်တမျိုး လုပ်တတ်တဲ့ ပြင်သစ်ရေပေါ်ဆီ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်တွေရဲ့ ဟာသမြောက်ပုံကို သဘောကျတယ်။ စခန်းမှာ တယောက်က စာကြောင်းတခုပြောလိုက်ရင် တောင် ဘယ်စာအုပ်ကဟာကို ရည်ညွှန်းတယ်ဆိုတာမျိုး သဘောပေါက်မိကြတယ်။ "ခြေလေးချောင်း တော်လှန်ရေး" ကိုလည်း သဘောကျတယ်။ အဲဒီထဲက ဇာတ်ကောင် မြင်းကြီးကလိုဗာ… စသည်ဖြင့်လိုမျိုး အချို့ရဲဘော်တွေလည်း မြင်းကြီး၊ နွားကြီး နာမည်တွေ ရကုန်ကြတယ်။
အဲသည်အချိန်မှာ ကေအဲန်ယူက ခေါင်းဆောင်တယောက် ကျနော်တို့နဲ့ လာလာပေါင်းပြီး၊ ရင်းနှီးမှုရအောင် ကြိုးပမ်းလာ တယ်။ မန်းငြိမ်းမောင်ပဲ။ သူက အရင်တုန်းက ကိုးကိုးကျွန်းကို ပို့ခံရပြီး၊ မအောင်မြင်တဲ့ လှေခရီးနဲ့ ထွက်ပြေးလာတဲ့သူ။ နောက်ပြီး ဆရာမြသန်းတင့်ရဲ့ "ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်" ဆိုတဲ့ ဝတ္ထုမှာ ဇာတ်ကောင်သံချောင်းက သူ့ကို ပုံထားရေးထားတာ ဆိုတော့ လေးစားမှုလည်း ရှိကြတယ်။ သူက ကျနော်တို့အုပ်စုကို တိုးတက်တဲ့အစု (တနည်း လက်ဝဲယုံကြည်တဲ့ အုပ်စု) လို့ ယူဆထားပုံရတယ်။ ဒါကြောင့်လည်း ကျနော်တို့အကြိုက်တွေ ပြောပြီး၊ ယုံကြည်မှုရအောင် စည်းရုံး၊ လာထောက်လှမ်းနေတာလည်း ဖြစ်နိုင်တယ်။

ဘုရားသုံးဆူ နေ့ရက်များ (၁၀)
============
ကိုဇော်ထွန်းနဲ့က ကျနော် ကျောင်းမှာကတည်းက သိတယ်။ သူက ဒေသကောလိပ်ပြီးတော့မှ ဆေးကျောင်းရောက်လာ တာ ဖြစ်ပြီး၊ ကျနော်တို့က ၁၀-တန်းအောင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့် တန်းရတဲ့နှစ်မှာ ဆေးတက္ကသိုလ် ပထမနှစ် တက်ရ တယ်။ သူတို့ အတန်းက ကျနော်တို့ထက် ၆-လလောက်စောပြီး၊ စီနီယာ အတန်းဖြစ်လာတယ်။ ကိုဇော်ထွန်းကို သိရတဲ့ အကြောင်းက သူ့အစ်ကို ကိုဇော်မင်း (ဒေါက်တာဇော်မင်း) နဲ့ ပတ်သက်တယ်။ ကိုဇော်မင်းနဲ့ ကျနော်၊ ကိုမင်းလွင်တို့က ကျောင်းမဂ္ဂဇင်းကိစ္စတွေ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ရင်း ရင်းနှီးလာကြတယ်။ ဆေး-၂ မှာလည်း စာပေဝါသနာပါတဲ့ အုပ်စုက နည်းတော့ ကျနော်တို့ အတန်းမတူပေမယ့် ပေါင်းမိကြတယ်။ မကြာခဏ ဆိုသလို စကားဝိုင်းဖွဲ့မိကြတယ်။ ကိုဇော်မင်းက အဲသည် အချိန်မှာ ကျောင်းပြီးလို့ အင်းစိန်၊ ဖော့ကန်ဖက်မှာ ဆေးခန်းတခုဖွင့်ပြီး ထိုင်နေတယ်။ ကျနော်က အင်းစိန်မှာ နေတော့ တခါတလေ သူ့ဆေးခန်းကို လိုက်သွားတယ်။ လူနာရှင်းနေတဲ့အခါ စကားပြောဆိုကြပေါ့။ တခါတလေလည်း ကျနော်တို့က RIT ရှေ့မှာရှိတဲ့ (စိုက်ပျိုးရေးဌာန ဝင်းအတွင်းက) သူတို့အိမ်ကို သွားလည်တတ်တယ်။ အိမ်ကတော့ အစိုးရက ပေးထားတဲ့ အရာရှိအိမ်ဖြစ်ပြီး၊ ခြေတံရှည် တထပ်အိမ်ကလေးပဲ။ ကျနော်က သူ့အစ်ကို ကိုဇော်မင်းနဲ့ မိတ်ဆွေ ဖြစ်တော့ ကိုဇော်ထွန်းက ကျနော့်ထက်အတန်းကြီး (စီနီယာ) ဆိုပေမယ့် စကားဝိုင်းထဲ ဝင်လို့မရဘူး။ သူ့အစ်ကိုက သူ့ညီကို ဟန့်ထားပုံရတယ်။ ကျနော်တို့ စကားထိုင်ပြောနေရင် ကိုဇော်ထွန်းက အိမ် အပေါ်တက်လိုက်၊ အောက်ဆင်း လိုက်နဲ့ ချောင်းနေတတ်တယ်။
ဒါပေမယ့် ၁၉၈၈၊ ဇွန်လသပိတ် ကျောင်းမတက်ရေးကိစ္စမှာတော့ ကိုဇော်ထွန်းက ကျောင်းမှာ တက်တက်ကြွကြွ ဦးဆောင် လှုံ့ဆော်ခဲ့တယ်။ ဖြစ်ပုံကဒီလို။ ကျနော်တို့ ဆေးတက္ကသိုလ်-၂ မှာ ကျောင်းသားအရေးအခင်း မတ်လ ကျောင်းတွေ ပိတ်ပြီး၊ ပြန်ဖွင့်တော့ ကျနော်တို့သူငယ်ချင်း ကိုမင်းလွင် (3rd M.B.,B.S) နဲ့ အတန်းတူ ကိုမင်းတို့ သပိတ်ပါဝင်ခဲ့မှုနဲ့ ကျောင်းထုတ်ခံရတယ်။ ဆေး-၁ မှာလည်း ကျောင်းသား အချို့ကျောင်းထုတ်ခံရတယ်။ ကျနော်တို့က ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေကို ပြန်တက်ခွင့်ပေးရေးနဲ့ အကယ်၍ ခွင့်မပေးရင် ကျောင်းမတက်ဘဲ ဆန္ဒပြကြမယ်လို့ စည်းရုံးကြတယ်။ ကျနော်တို့ ကျောင်းကလူတွေက စိတ်ဝင်စားဟန် မပြကြဘူး။ "ဒီမောင်တွေက သူ့ဘာသာနေလည်း စာမေးပွဲက ကျမှာပဲ။ ကျောင်းလည်း သူ့ဘာသာ ထွက်ကြရမှာပဲ။ သိပ်မထူးပါဘူး။ သူတို့ကျောင်းပြန်တက်ခွင့်ရရေးလည်း စိတ်မဝင်စားပေါင်" ဆိုတာမျိုး တုံ့ပြန်ကြတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ အဲဒီတဝိုက်မှာ စာမေးပွဲတွေက ဘာသာတခုပြီးတခု ဆက်တိုက် ဖြစ်နေကြတယ်။ အဲဒီတော့ စာမေးပွဲတွေ ကို အနည်းဆုံး ဆိုင်းငံ့တာ၊ ရွှေ့ပေးတာမျိုးတော့ လုပ်စေချင်ကြ တယ်။ အဲဒီအချိန်မှာ ကိုဇော်ထွန်းက နံရံကပ်ပိုစတာ တွေ ကပ်တာ၊ အခန်းတိုင်းကို စာတန်းတွေ လိုက်ထည့် ထားတာလုပ်ပြီး စည်းရုံးတယ်။ ဒီလိုနဲ့ ကျောင်းမတက်ရေး ကမ်ပိန်း လှုပ်ရှားမှုကို ဆေး-၂ က စခဲ့တယ်။ [ဆေး-၂ ပါမောက္ခချုပ် ဒေါက်တာမျိုးသွယ်က သူတို့ကို ကျောင်းပြန်တက်ခွင့်ပေးဖို့ တာဝန်ယူတယ်၊ ကျောင်းပြန်တက်ကြပါ ဆိုတော့ မရတော့ဘူး။ အဆောင်မှာ ကျောင်းမတက်ရေး 'ဖဲဝိုင်း'တွေက အရှိန်ရနေကြပြီ။ ရှုံးသူရှုံးလို့ နိုင်သူနိုင် ပွဲကြီး ပွဲကောင်း ဖြစ်နေကြပြီ။]
ဆေး-၂ က ကျောင်းသားတွေ ဇွန်လသပိတ်အတွက် ရန်ကုန်တက္ကသိုလ် မိန်း (ပင်မ) ထဲ သွားပူးပေါင်းကြတော့ အဲဒီ သပိတ်စင်မြင့်မှာ ခွဲစိတ်ခန်းဝတ်ရုံ အစိမ်းကိုဝတ်၊ ခွဲစိတ်ခန်းက မျက်နှာဖုန်းကိုတပ်လို့ ရဲရဲတောက် မိန့်ခွန်းတက်ပြောနေတဲ့ ကျောင်းသားတယောက်ကို တွေ့ကြရတယ်။ ကျနော်တို့က ကိုဇော်ထွန်းမှန်း ချက်ချင်း သိကြတယ်။ နောက်ပိုင်း ၈၈၈၈ ကာလ၊ သပိတ်တွေ အရှိန်မြင့် ဆေး-၂ ကျောင်းသားသမဂ္ဂ ဖွဲ့ကြတော့ အတန်းကြီးဖြစ်တာရယ်၊ သူ့တက်ကြွစိတ်ရယ် ကြောင့် ကျနော်တို့က ကိုဇော်ထွန်းကို ဆေး-၂ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ် နေရာပေးကြတယ်။ ဒါပေမယ့် သူက ကျနော်တို့ ဆေး-၂ ကျောင်းသားတွေနဲ့ လာ မလှုပ်ရှားဘူး။ သပိတ်အင်အားစုတွေ စုဖွဲ့ထားတဲ့ အထွေထွေ သပိတ် ကော်မီတီ (GSC) မှာ တာဝန်ယူ အလုပ်ရှုပ်နေခဲ့ တယ်။ သပိတ်ပြီးပြန်တော့လည်း ဦးနုဦးဆောင်တဲ့ ဒီ/ငြိမ်းကော်မီတီမှာ 'ငါ.. ထိန်းရမယ်ကွ' ဆိုပြီး အလုပ်ရှုပ်နေတယ်ကြားရတယ်။ နောက်ပြီး နယ်စပ်ရောက်မှသာ DAB တပ်ပေါင်းစုမှာ (GSC) အနေနဲ့ အဖွဲ့ဝင်အဖြစ် ရောက်လာကြောင်း၊ ပါဝင်ကြောင်း သိကြရတယ်။ ကျနော်တို့ ဆေး-၂ က အတန်းကြီး ဒေါက်တာ ကျော်သက်ဦးနဲ့ ဘားအံက ဆရာဝန်ဖြစ်ပြီသူ ဒေါက်တာမြင့်ချိုလည်း အခြား မဲသရေစခန်းကို ရောက်လာကြောင်း သိရတယ်။
ကိုဇော်ထွန်းက တက်ကြွတယ်။ ရိုးသားတာလည်း မေးခွန်းထုတ်စရာ မလိုဘူး။ ဆေးပညာအပေါ်မှာလည်း လေးနက် တယ်။ ပုဆိုးကို တိုတိုဝတ်၊ စစ်အင်္ကျီလက်ခေါက်ဝတ်လို့ ကေဒါကောင်းတယောက်လို နေတတ်တယ်။ ဆေးကုသပေးစရာ ရှိရင် လည်း စိတ်ပါလက်ပါ ကုသတယ်။ လမ်းလျှောက်ရင်တော့ နည်းနည်း မြောက်ကြွကြွ နိုင်သလို ထင်ရတယ်။ ဒါပေ မယ့် ကျန်တဲ့ ကျနော်တို့ ဆေးကျောင်းသားအုပ်စုနဲ့ မရင်းနှီးနိုင်ဘူး ဖြစ်နေရတယ်။ တခုခု ခံနေသလိုပဲ။ တောင့်တောင့်ကြီး ဖြစ်နေသလို ခံစားရတယ်။ အထူးသဖြင့် စခန်းကော်မီတီထဲမှာ ၈ မဲ-၃ မဲ ဖြစ်နေရ တဲ့ကိစ္စမှာ သူက တဖက် ၃-မဲထဲ ပါနေရတဲ့အတွက်လည်း နည်းနည်းတော့ စိတ်အနှောက်အယှက် ဖြစ်နေရသေးတယ်။ အဲဒါအပြင် အဲဒီကာလမှာ ကိုဇော်ထွန်းက ကျူးဘားတော်လှန်ရေး ခေါင်းဆောင် ချေဂွေဗားရားရေးတဲ့ "ပြောက်ကျားစစ်" စာအုပ်ကိုလည်း အင်္ဂလိပ်ဘာသာကနေ၊ မြန်မာဘာသာကို ပြန်နေသေးတယ်။
အဲဒီမှာ ရဲဘော် ၆၂ ယောက်ပဲ ဆိုတော့ သိပ်မကြာခင်မှာ တယောက်အကြောင်း တယောက်သိ၊ သဘောထား မတူညီကြ ပေမယ့် တကယ့်ရဲဘော်အရင်းတွေလို ရင်းနှီးလာကြတယ်။ စခန်းမှာ ကက်ဆက်လေးတလုံး ရှိတယ်။ ဆရာကြီးတွေက ခင်ညွန့်ရည်ရဲ့ "စမ်းချောင်းလေး ရှိရာအရပ်ဆီ ကျမသွားရပါဦးမည်" ဆိုတာမျိုး ကက်ဆက်ခွေကိုဖွင့်ဖို့ လုကြတယ်။ ကျနော်တို့ကတော့ ဇော်ဝင်းထွဋ်ရဲ့ "ဂန္ဓဝင်စိမ်း" တို့၊ စိုင်းထီဆိုင်တို့၊ ခိုင်ထူးတို့ ခေတ်ပေါ်တေးသွားတွေကို ပိုလို့ သဘော ကျကြတယ်။ စခန်းမှာ ဂီတာလည်းရှိတော့ တခါတလေ ဂီတဆည်းဆာလည်း ဖြစ်ကြတယ်။ တခါတလေ ည မအိပ်ခင်မှာ လည်း တောင်တောင်အီအီ သူ့အကြောင်း၊ ကိုယ့်အကြောင်း စကားတွေ ပြောဖြစ်ကြတယ်။ ဘဝရဲ့ ဒဿနပဲဆိုဆို အချစ်၊ ဘဝ၊ မိန်းမ… အိမ်ထောင်ရေး၊ မိသားစု စသည်ဖြင့် ရှုမြင်ပုံတွေကို ဖလှယ်မိကြတယ်။ ကျနော်တို့ အားလုံးက လူပျိုတွေ၊ ဆရာကြီးတွေ အများစုကတော့ အိမ်ထောင်ရှိကြပြီးသား၊ အသက်အရွယ်အားဖြင့်၊ အလုပ်အကိုင်အားဖြင့်လည်း ကျနော် တို့ထက် လူ့ဘဝကို လက်တွေ့ဖြတ်သန်းမှု ပိုများကြသူတွေ…။
လသာတဲ့ ညအောက်မှာ ကျနော်တို့ အလွမ်းတွေက ဘယ်ကိုလွမ်းရမှန်း မသိကြဘူး။ အလွမ်းတွေက ပရမ်းပတာ။ ရည်းစားဆိုလို့ နာမည်ခံရုံလောက်သာ ရှိခဲ့ကြတာ။ အဆောင်ရှေ့ သီချင်းဆိုဖူးရုံ၊ ခြေအေးဝမ်းယောင် သူမသိ ကိုယ်ပိုး ဘဝတွေလောက်နဲ့။ အဝေးကနေ ဇီးကွက်လိုလို ညငှက် အော်သံလည်း ကြားနေရတယ်။ လရောင်က ကျနော်တို့အိပ်နေ တဲ့ ဇရပ်ထဲကို ဖြာကျနေတယ်။ တခါတလေ ဆောင်းရနံ့ သင်းလာတဲ့ လေပြည်နဲ့အတူ ညမွှေးတတ်တဲ့ ပန်းရနံ့တွေက ကျနော်တို့ခြုံစောင်တွေအပေါ်ကို ဖြတ်ပြီး တိုက်ခတ်သွားတတ်တယ်။ ကျနော်တို့က မိန်းမယူမယ်ဆိုရင် ကိုယ်စံထားတဲ့ ကိစ္စမျိုးကို ပြောဆိုဆွေးနွေးနေကြတယ်။
"ကျနော်ကတော့ ကျနော်ယူမယ့် မိန်းကလေးကို စံ ၃-မျိုး သတ်မှတ်ထားတယ်ဗျ" ကျနော်က ပြောမိတယ်။
"အယ်လဲ့… လုပ်ပါဦး" တယောက်က ဝင်ထောက်ပေးတယ်။
" ပထမအချက်က အရှေ့ကို သိပ်မထွက်ရဘူး၊ အနောက်ကို သိပ်မဝင်ရဘူး။ ဆိုလိုတာက သိပ်ပြီးထက်တဲ့ မိန်းမမျိုးကို ကျနော် မကြိုက်တတ်ဘူး။ ဒါပေမယ့် လူတောမတိုးတဲ့ တုံးတုံးကြီးလည်း ဖြစ်မနေရဘူး။ နောက်တချက်က.. ကြည့်လိုက် ရင် အခု ရေချိုးထားသလို သန့်စင်နေတာမျိုး ဖြစ်ရမယ်"
"ဟုတ်ပါပြီဗျာ…. ကျန်တဲ့ တချက်လုပ်ပါဦး"
"ကျနော့်ကိုချည်း သိပ်မမှီခိုရဘူး။ သူ့ဘာသာ ခြေထောက်ပေါ်လည်း ရပ်တည်နိုင်ရမယ်" … ကျနော်က ပြောတယ်။ ကျနော်တွေ့ဖူးတယ်။ အိမ်ထောင်တွေမှာ အမျိုးသမီးဖြစ်သူက မှီခိုလွန်းတဲ့အခါ သူ့လွတ်လပ်မှု ဆုံးရှုံးသွားရတယ်လို့ ထင်မိ တယ်။ သူ့ဘာသာ ခြေထောက်ပေါ်ရပ်တည်တာဟာလည်း အမျိုးသမီး အခွင့်အရေးအတွက် ပိုပြီးကောင်းစေတယ်လို့ ကျနော်ထင်မိတယ်။
"ငါကတော့ ဘာမူမှ မရှိဘူး။ အဆင်ပြေရင် လာဟေ့… ကောက်ရိုးပုံပဲ" ကျနော်တို့ရဲဘော် တယောက်က ဝင်နောက်တယ်။
ကိုမိုးသီးဇွန်ကတော့ "လ- ၃ လုံးမူ" လို့ ပြောဖူးတယ်ဗျ။ ရဲဘော်တယောက်က ဝင်ပြောတယ်။ အမှန်က သူအတည်ပြော တာလို့တော့ ကျနော်မထင်ဘူး။ ကျနော်တို့ဆီမှာ မြေအောက်လှုပ်ရှားမှု က- ၃ လုံးမူ (အကျိုးအကြောင်း ခိုင်လုံရမယ်၊ အကန့်အသတ် ရှိရမယ်၊ အကျိုးအမြတ် ရှိရမယ်) စတဲ့ မူဝါဒမျိုးတွေ ကြားဖူးတဲ့အခါကျတော့ လ-၃ လုံးမူဆိုပြီး တမင် နောက်တာလို့ ထင်နေတယ်။ "လုပ်ပါဦး လ-၃ လုံးမူ" .......
"ပထမဗျာ လွတ်လပ်ရမယ် (လ)၊ သူများပိုင်ရှင် ရှိနေရင် မဖြစ်ဘူးလေ" ဟုတ်သား။
"ဒုတိယကတော့ လွယ်ရမယ် (လ)၊ တော်လှန်ရေးသမားတွေကွာ၊ အချိန်လည်း များများမပေးနိုင်ဘူး။ သူက သိပ်ကြီး အိုင်တင်ခံနေရင်လည်း ဘယ်လိုလုပ်မလဲ၊ ၃-နှစ် ၃-မိုးဆိုတာတွေနဲ့တော့ မဖြစ်ဘူးကွ၊ လွယ်ရမယ်" ဒုတိယ (လ) ကို ဒီလို အဓိပ္ပါယ်ဖွင့်တယ်။
"တတိယ (လ) ကတော့ လူလစ်ရမယ်။ လူမလစ်ရင် ဘာမှ လုပ်လို့မရဘူးလေ။ မဟုတ်ဘူးလား" ဟား… ဟား…ဟား… ရယ်သံတွေ ဆူသွားတယ်။ ကျနော်တို့က အဟုတ်မှတ်လို့ နားထောင်နေကြတာ။
ကျနော်တို့ ရဲဘော်တွေ သွားရင်း၊ လာရင်း လူငယ်ပီပီ မိန်းကလေးလှလှ
မြင်ရင် သဘောကျတတ်ကြပါတယ်။ ဘုရား သုံးဆူဒေသက အလှပဂေး မဖြူ၊ မနီ တို့ကို ပိုးပန်းတာလည်း ကျနော်တို့စခန်းက မနည်းလှပါ။ စခန်းခေါင်းဆောင်တွေက အစ၊ ရဲဘော်တွေအထိ ပါပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က မြို့ကြီးသားတွေ မဟုတ်လား။ ကျနော်တို့ တချိန် မြို့ပြန် ကြရမယ်လို့ အိပ်မက်တွေ ရှိနေ တုန်း။ တောထဲမှာ တွေ့တာနဲ့ ဖြစ်သလို အိမ်ထောင်ပြုတာမျိုးတော့ မဖြစ်ချင်ကြဘူး။ အနည်းဆုံး ဈေးတင်ထားချင်ကြပါသေးတယ်။ တော်လှန်ရေး ဘယ်အချိန်အောင်မယ်ဆိုတာ မကျိန်းသေလှပေမယ့်၊ စစ်ပြန်တွေအတွက် ရွာကျန်လေးတွေတော့ ရှိကောင်းပါရဲ့ ဆိုတာမျိုး စိတ်တင်းထားကြပါတယ်။
ဒါပေမယ့် ဆရာဦးမြင့်လှိုင်တို့၊ ဆရာဦးအောင်မြင့်စိုးတို့ ဆွေးနွေးတဲ့ အချစ်ကိစ္စကို ကြားရတော့ နည်းနည်းတော့ ရုပ်ကြမ်း ဆန်လွန်းတယ် ထင်မိတယ်။ ကိုဌေးအောင်ကတော့ အဲဒီအချိန်က လူပျိုကြီး၊ မိန်းမ မရှိသေးဘူး။ သူကတော့ ဒီဘာသာ ရပ်မှာ ခပ်မဆိတ်ပဲနေတယ်။
"အမျိုးသမီးကလည်း ကိုယ့်ကို ချစ်တယ်ကွာ၊ ကိုယ်ကလည်း အမျိုးသမီးကို ချစ်တယ်ကွာ၊ နှစ်ဦးကြည်ဖြူရင် ပြီးတာပဲ။ ဘာဖြစ်လို့ အသိုင်းအဝိုင်းတွေ၊ အခြေအနေတွေကို ထည့်စဉ်းစားနေရမှာလဲ" ဆိုတယ်။ ဟုတ်တော့၊ မဟုတ်သေးဘူးပေါ့။ ဒါဖြင့်ဆိုရင် "အချစ်ဟာ တကြိမ်ထက် ပိုရှိနိုင်သလား"။
"ရှိနိုင်တာပေါ့။ တကယ်တော့ အချစ်ဆိုတာ ယောက်ျားနဲ့ မိန်းမ တယောက်နဲ့ တယောက်လိုအပ်ချက်တွေကြောင့် ဖြစ်ပေါ် လာကြတာ။ ယောက်ျားကလည်း မိန်းမကိုလိုအပ်တယ်။ မိန်းမကလည်း ယောက်ျားကို လိုအပ်တယ်။ အိမ်ထောင်ရေး ဆိုတာတွေက လူမှုအဖွဲ့အစည်းက တနည်းအားဖြင့် စည်းနှောင်ထားမှုတွေပဲ။ အချစ်ဆိုတာက ဒီလိုစည်းနှောင်ထားမှုတွေ ထက် ပိုပြီးလည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။" သူတို့ပြောတာကို ကျနော်တို့ လူငယ်အများစုက လက်မခံချင်ကြဘူး။ ကျနော် တို့က စံရည်အပြည့်အဝကို မျှော်မှန်းထားလို့လည်း ဖြစ်နိုင်သလို၊ ကျနော်တို့က သိပ်ပြီး စံပြအခြေအနေကို မှန်းထားတာမျိုး ဖြစ်နိုင်တယ်။ အချစ်နဲ့ ပတ်သက်ရင် လက်တွေ့မရှိကြသေးတဲ့ အူရိုင်း မလယ်မဝယ်လေးတွေ ဖြစ်နိုင်သလို၊ သူတို့ ပတ်သက် တွေ့ကြုံပြောနေကြတဲ့ အချစ်ဆိုတာက ကျနော်တို့ လက်တွေ့မကြုံရသေးတာလည်း ဖြစ်နိုင်တယ်။
ဒီလို ဘုန်းကြီးကျောင်း စခန်းသစ်မှာ နေစဉ်မှာပဲ ကေအဲန်ယူ တပ်မဟာ (၄)၊ မင်းသမီးစခန်းမှာ ကျင်းပတဲ့ ABSDF အရေး ပေါ် ညီလာခံကို တက်ဖို့ ဖြစ်လာခဲ့တယ်။ ကိုမိုးသီးဇွန်က သေဘောပိုးစခန်း တပ်ရင်း (၂၀၄) က ကိုယ်စားလှယ်အနေနဲ့ လာတက်တယ်။ မင်းသမီးစခန်း ညီလာခံအပြီးမှာ ကိုမိုးသီးဇွန်ကို ဗဟိုကော်မီတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရ တယ်။ ဒေါက်တာနိုင်အောင်က ဒု-ဥက္ကဋ္ဌ၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး ဖြစ်လာတယ်။ ဒီညီလာခံကို ကျနော်နဲ့ ကိုဌေးအောင် ရောက်တယ်။ ညီလာခံကိုယ်စားလှယ်အဖြစ် မဟုတ်ဘူး။ ကျန်တဲ့ရက်တွေမှာ ကျနော်တို့ကို နေရာချထားတဲ့ အိမ်တလုံးမှာ ကျနော်နဲ့ ကိုဌေးအောင် ၂ ယောက်သား ကွေးနေကြရတယ်။ ဆောင်းတွင်းလည်း ဖြစ်တဲ့ အလျောက် အချမ်းပြေ နေပူစာလှုံလိုက်၊ လမ်းလျှောက်လိုက်နဲ့ ညီလာခံကျင်းပချိန်တွေမှာ ပြင်ပမှာ အချိန်ဖြုန်းနေကြရ တယ်။ ကျနော်တို့အရေး တင်ပြဖို့ ညီလာခံအလှည့်၊ အချိန်ကို စောင့်ဆိုင်းနေကြရတယ်။
ကျနော်တို့က ဒီညီလာခံကို ကျနော်တို့ ရဲဘော် ၆၂ ယောက်ရဲ့ ရပ်တည်မှုကို ညီလာခံက အသိအမှတ်ပြုရေး အတွက် ရောက်လာကြတာ။ ကျနော်တို့က အမြင့်ဆုံးအဖြစ် ကျနော်တို့အစုကို ဘုရားသုံးဆူ ဒေသမှာ ABSDF တပ်ရင်း (၁၀၃) အဖြစ် အသိအမှတ်ပြုပေးဖို့၊ အကယ်၍ မဖြစ်နိုင်ခဲ့ဘူးဆိုရင် အနိမ့်ဆုံး ABSDF တပ်ရင်း (၁၀၁) ခွဲ (၂) အဖြစ် အသိ အမှတ်ပြုပေးဖို့ ရည်မှန်းထားတယ်။ ညီလာခံကိုယ်စားလှယ် အများရှေ့မှာ ကျနော်တို့ပြဿနာကို တင်ပြရတယ်။ လျှောက်လဲပြီး ရပ်တည်ချက် တနေရာအတွက် တောင်းကြရတယ်။ ကိုဌေးအောင်က ရှေ့နေတဦးပီပီ တင်ပြပုံ အပြော အဆိုကောင်းတယ်။ ညီလာခံကိုယ်စားလှယ်အများကနေ စာနာမှုရအောင် တင်ပြပြောဆိုနိုင်တယ်။ ညီလာခံကနေ ကျနော်တို့ကို ယာယီအဖြစ် တပ်ရင်း (၁၀၁) ခွဲ (၂) အဖြစ် အသိအမှတ်ပြုပေးခဲ့တယ်။
ကျနော်တို့ မင်းသမီးစခန်းက ပြန်လာတော့ အောင်ပွဲခံနိုင်တဲ့အတွက် အားလုံးက ဝမ်းသာကြတယ်။ ဘုန်းကြီးကျောင်းရဲ့ နောက်ဖက်၊ တောင်ပူစာလေးရဲ့ ဘေး၊ ရေကန်နံဘေးမှာ ကျနော်တို့ စခန်းသစ်ဆောက်ဖို့ စိုင်းပြင်းကြတယ်။ အဲဒီအချိန် မှာပဲ ဘုရားသုံးဆူကို ရန်သူ့ထိုးစစ်၊ စစ်ကြောင်း တက်လာမယ့် အသံက ကြားနေရပြီ။

 https://www.facebook.com/aung.nyeen/posts/10214573735087903


Aung Thu Nyeen