Friday, December 1, 2017

မြန်မာ့ခေါင်းဆောင်နှင့်ရခိုင်အရေးကိစ္စပိုမိုဆွေးနွေးခဲ့ဟု ကနေဒါ ဝန်ကြီးချုပ် ပြောကြား၊ လက်ညှိုးထိုးအပြစ်တင်ခြင်းထက် လူသားချင်း စာနာထောက်ကူမှုကိုသာ ပေးမည်ဟု ဆို


==============================================
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ့ခေါင်းဆောင်၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပို၍ ဆွေးနွေးခဲ့ကြောင်း
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ထုတ်ဖော်ပြောကြား လိုက်သည်။

ဖိလစ်ပိုင်သို့ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့် ထရူးဒိုးက နိုဝင်ဘာ
၁၄ ရက် (ယနေ့) ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
ခဲ့ခြင်းဖြစ်ပြီး ရခိုင်အရေးကိစ္စတွင်မြန်မာကို လက်ညှိုးထိုးအပြစ်တင်ခြင်းထက်
လူသားချင်းဆိုင်ရာ စာနာထောက်ကူမှုများကိုသာ ပို၍ ပေးအပ်သွားမည်ဟုလည်း
ဖွင့်ဟခဲ့သည်။ အသက် ၄၅ နှစ်ရှိ ထရူးဒိုးမှာ ၂၀၁၅ နိုဝင်ဘာ ၄ မှစကာ ကနေဒါ၏
၂၃ ဦးမြောက်နှင့်လက်ရှိဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး
ဖိလစ်ပိုင်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်
အရေးကိစ္စနှင့် ပတ်သက်၍ ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
ရခိုင်အရေးကိစ္စမှာ ကနေဒါအပါအ၀င် ကမ္ဘာတစ်ဝန်းရှိ များစွာသော နိုင်ငံများအတွက်
အလွန်ပင် စိုးရိမ်နေရသည့် ကိစ္စတစ်ခုဖြစ်သည်ဟု ဂျပ်စတင်ထရူးဒိုးက ဆိုခဲ့သော်လည်း
နိုင်ငံတကာ မီဒီယာများက အသုံးပြုနေကြသည့် `ရိုဟင်ဂျာ´ အမည်ကို ထုတ်ဖော်
သုံးစွဲခြင်းမရှိဘဲ ရခိုင်ပြည်နယ်မှ မွတ်ဆလင် ဒုက္ခသည်များအဖြစ်သာ ပြောဆိုသုံးစွဲ
သွားခဲ့သည်။
ကနေဒါမှာ မြန်မာနှင့် ဆက်ဆံရေးကောင်းမွန်သည့်နိုင်ငံတစ်ခုလည်း ဖြစ်ပြီး မြန်မာနိုင်ငံ
ဆိုင်ရာ ကနေဒါ အထူးသံတမန် ဘော့ရေးကလည်း ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကော့ဘဇာ
ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါ ဒုက္ခသည်များ အရေးကိစ္စ
အတွက် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပိုမိုစေ့စပ်ဆွေးနွေး ညှိနှိုင်းရန်
စီစဉ်ထားပြီး ဘော့ရေးကဒေါ်အောင်ဆန်းစုကြည်အား အလွန် စည်းမျဉ်းစည်းကမ်း
လွန်စွာကြီးသည့် အမျိုးသမီး တစ်ဦးအဖြစ်မှတ်ချက်ပြုထားသည်။
ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုးသည်လည်း နိုဝင်ဘာ ၁၀ က ဗီယက်နမ်နိုင်ငံ
ဒါနန်းမြို့ တွင် ကနေဒါ အထူးသံတမန် ဘော့ရေးနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံပြီး ရခိုင်အရေးကိစ္စများ ဆွေးနွေးခဲ့သည်။
သြဂုတ် ၂၅ ရက်နေ့က ဘင်္ဂလီစစ်သွေးကြွများက မြန်မာ့ လုံခြုံရေးကင်းစခန်းများကို
စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအာဏာပိုင်များက နယ်မြေရှင်းလင်းရေး
ပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီ ခြောက်သိန်းကျော် ထွက်ပြေးသွားခဲ့ရသည်ဟု
လည်း သတင်းများက ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်၏ ဆောင်ရွက်မှုများအတွက် ပြစ်တင်ရှုတ်ချခြင်းမရှိသည့် မြန်မာ့
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု
ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုသူအချို့ ရှိနေပြီး အရှေ့တောင်အာရှ နိုင်ငံများ
အနက် မွတ်ဆလင် အများစုနေထိုင်သည့်မလေးရှားက ဘင်္ဂလီအရေးကိစ္စနှင့် ပတ်သက်၍
စိုးရိမ်ကြောင်း အခိုင်အမာ ထုတ်ပြောထားမှုများလည်း ရှိနေသည်။
သို့သော် အာဆီယံ၏ မူဝါဒအရ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်
လွှမ်းမိုးခြင်း မရှိသည့် သဘောတူညီမှုအတိုင်း ဖိလစ်ပိုင်တွင် ကျင်းပခဲ့သည့် အစည်းအဝေး
ပွဲများတွင် ထင်ရှားစွာ မီးမောင်းထိုး ဖိအားပေးပြောဆိုခြင်းများ မရှိခဲ့ပေ။
Ref : CBC
The Ladies News

No comments: