Friday, December 1, 2017

ကန်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး သတင်းစာရှင်းလင်းပွဲအဖွင့်မိန့်ခွန်း


ဒေါ်အောင်ဆန်းစုကြည်။ ။ ဝန်ကြီး Tillerson ကို မြန်မာနိုင်ငံဆီ ဖိတ်ခေါ်ခွင့်ရတဲ့အတွက် အထူး ဝမ်းသာပါတယ်။ ကျမတို့ဟာ မနီလာမြို့တော်မှာ အချိန်တို တွေ့ခဲ့ကြပြီးပါပြီ။ အဲဒီမှာ ဆွေးနွေးခဲ့ကြတဲ့ကိစ္စကို ဒီကနေ့ မနက် တွေ့ဆုံချိန်မှာ ဆက်လက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ သူက ဧည့်သည်ဖြစ်တဲ့ အတွက် သူ့ကို အရင် စကားပြောခွင့်ပေးမယ်လို့ ကျမက ပြောခဲ့ပါတယ်။ ကျမတို့ အထူး ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။
ဝန်ကြီး Tillerson။ ။ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ မင်္ဂလာပါ။ ကျနော့်ကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ မြန်မာပြည်သူတွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါ ကျနော့်ရဲ့ ပထမဦးဆုံးမြန်မာနိုင်ငံ ခရီးစဉ်ပါ။ မြန်မာပြည်သူတွေရဲ့ အဖိနှိပ်ခံရမှုကို ဆန့်ကျင်တဲ့ ကြိုးပမ်းမှု၊ ပိုမိုလွတ်လပ်ပြီး ပိုပြီးငြိမ်းချမ်းသော၊ ပိုမိုကြွယ်ဝသော၊ ပိုပြီး ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းရရှိရေး ပိုပြီး ကြိုးပမ်းမှုတွေမှာ အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့ အတူတကွ ရပ်တည်ခဲ့ပါတယ်။ ဒီကနေ့ ကျနော် နေပြည်တော်ကို ရောက်ရှိနေတာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးကို ထပ်မံ အတည်ပြုဖို့ ဖြစ်ပြီး ကျနော်တို့ရဲ့ တာဝန်ယူမှုဟာ ဆက်လက် ခိုင်မာနေဆဲပါ။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြီးခဲ့တဲ့နှစ်က မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။ ရွေးကောက်ခံအစိုးရအနေနဲ့ အစောတလျင်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး မကြာသေးမီက ရရှိခဲ့တဲ့ ဒီမိုကရေစီအခြေခိုင်ရေး၊ ငြိမ်းချမ်းမှု ပြန်လည်သင့်မြတ်မှုဖော်ဆောင်ရေး၊ သာယာဝပြောရေး၊ လူ့အခွင့်အရေး ပိုမိုထွန်းကားရေး တို့အတွက် ကြိုးပမ်းရာမှာ ကျနော်တို့ ဆက်လက် ထောက်ခံသွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ပြဿနာဟာ မနှစ်က ရွေးကောက်ခံအစိုးရ တာဝန်ယူတဲ့အချိန်ကစပြီး မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှု တခု ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လွှတ် ပေးထားတဲ့ ဒေသခံအဖွဲ့တွေရဲ့ ကျယ်ပြန့်သော ရက်စက်မှုတွေအကြောင်း ခိုင်မာတဲ့သတင်းတွေကြောင့် ကျနော်တို့ အထူး စိုးရိမ်မကင်း ဖြစ်ရပါတယ်။ သိန်းနဲ့ချီတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်တွေ ဘင်္ဂလားဒက်ရှ်ဘက် ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ကိစ္စအတွက်လည်း စိတ်ထိခိုက်ရပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က ARSA တွေက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ပြီး အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ကိစ္စနဲ့ အဲဒီအကြမ်းဖက်မှုတွေအပေါ် သည်းခံစိတ်လုံးဝမထားဘဲ လက်တုံ့ပြန်ခဲ့မှုတွေကိုလည်း ကျနော်တို့ အမှန်တကယ် ရှုတ်ချပါတယ်။ ရန်စတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက်လည်း ဝမ်းနည်းမိကြောင်း ဖော်ပြလိုပါတယ်။
ဒီပြဿနာရဲ့ စာနာမှုဆိုင်ရာ အကြပ်အတည်းဟာ မယုံကြည်နိုင်လောက်အောင် ကြီးမားလှပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒက်ရှ်ဘက်ကို ထွက်ပြေးနေကြပါတယ်။ အရေအတွက်မသိရတဲ့ တိုင်းရင်းသားအုပ်စု အများအပြားဟာလည်း အိုးအိမ်စွန့်ပစ်ခဲ့ရပြီး စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ မလုံမလောက်နဲ့ နေထိုင်နေကြရပါတယ်။
လွန်စွာဆိုးဝါးလှတဲ့ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒုက္ခသည်တွေအတွက် စာနာမှုဆိုင်ရာ အထောက်အပံ့အဖြစ် နောက်ထပ် ဒေါ်လာ ၄၇ သန်း ပေးလှူသွားမယ်လို့ ကျနော် ဒီကနေ့ ကြေညာလိုပါတယ်။ ဒါနဲ့ပါဆိုရင် ဒီနှစ်အတွင်း သြဂုတ်လကစလို့ ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံကို အမေရိကန်အစိုးရက ပေးအပ်တဲ့အကူအညီ ၈၇ သန်း ရှိခဲ့ပြီဖြစ်ပြီး ၁၉၁၆ အောက်တိုဘာလ ကစပြီး ကြည့်မယ်ဆိုရင် ဒီဒေသအတွင်း အိုးအိမ်စွန့်ပစ် ထွက်ပြေးရသူတွေအတွက် စာနာမှု အထောက်အပံ့ငွေ စုစုပေါင်း ဒေါ်လာ ၁၅၁ သန်း ရှိခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာနဲ့အဝန်း စာနာမှုအထောက်အပံ့ပေးတွေကို တစိုက်မတ်မတ် ပေးအပ်နေဆဲဖြစ်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီရေးအားထုတ်မှု တစိတ်တပိုင်းအနေနဲ့ အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ဒီအလှူငွေတွေ ပေးအပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
ဒီပြဿနာကို မြန်မာအစိုးရရဲ့ တုံ့ပြန်ကူညီမှုဟာ ပိုမို ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းအောင်မြင်ဖို့အတွက် အဓိကကျတဲ့ အဆုံးအဖြတ်တရပ်ဖြစ်ပါတယ်။ ဘယ်ဒီမိုကရေစီအတွက်မဆို သော့ချက်ကျတဲ့ စမ်းသပ်မှုတရပ်ကတော့ အကာအကွယ်အမဲ့ဆုံးလူတွေ၊ ဘေးဖယ်ခံရမှု အများဆုံးလူတွေကို အဲဒီအစိုးရက ဘယ်လို ဆက်ဆံသလဲ ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ နယ်နိမိတ်အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်အားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ပျက်ကွက်သူတွေကို တာဝန်ရှိစေဖို့ ဆိုတာတွေဟာ အစိုးရတရပ်နဲ့ လုံခြုံရေးတပ်ဖွဲ့များရဲ့ ဝတ္တရားဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးရဲ့ စီးပွားဖွံ့ဖြိုးရေး၊ ရပိုင်ခွင့်များ လေးစားလိုက်နာရေးကို ထောက်ခံသောအားဖြင့် အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖန်တီးဖို့ အတွက် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေကို အကောင်အထည်ဖော်ပြီး ဒုက္ခသည်အားလုံးကို သူတို့ဆန္ဒအတိုင်းပြန်လာစေဖို့ မြန်မာအစိုးရက တာဝန်ယူတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်း မြင်သာမှုရှိရေး၊ သက်ဆိုင်သူအားလုံးက ခိုင်လုံစိတ်ချရတယ်လို့ သတ်မှတ်တဲ့ နိုင်ငံသားဖြစ်ရေးလမ်းကြောင်းကို သူတို့ဆန္ဒအတိုင်း အပြည့်အဝ ကိုက်ညီ အောင် ဖော်ဆောင်ပေးနိုင်ရေးတို့ ပါဝင်ရမှာဖြစ်ပါတယ်။ အခုအချိန်ဟာ ဒီတာဝန်ယူမှုတွေကို အကောင်အထည်ဖော်ရမယ့်အချိန် ကျရောက်ပြီ ဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ အိုးအိမ်စွန့်လွှတ် ထွက်ပြေးနေရတဲ့ဒုက္ခသည်အားလုံး သူတို့အိမ်နဲ့ လယ်မြေတွေဆီ လုံခြုံစွာ သူတို့ဆန္ဒအတိုင်း ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့အခြေအနေ ဖန်တီးပေးဖို့ အစိုးရရဲ့တာဝန်ယူမှုတွေကိုလည်း ကျနော်တို့ထောက်ခံပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံအစိုးရတို့ကြား မကြာသေးမီက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ အားပေးပါတယ်။ နေရင်းရပ်ထံ ပြန်လိုသူတွေ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်ဘက်လုံးကို တိုက်တွန်းပါတယ်။ ဒီဖြစ်စဉ်အတွက် အစိုးရနှစ်ရပ်လုံးကို ကူညီဖို့ ကျနော်တို့ အဆင်သင့်ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ မကြာသေးမီက ပြင်းထန်တဲ့စွပ်စွဲမှုတွေကို ခိုင်လုံစိတ်ချရပြီး ဘက်မလိုက်သော စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေကို တာဝန်ရှိစေရမှာလည်းဖြစ်ပါတယ်။ ဒီလို ပြစ်မှုတွေအတွက် တရား ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်းမှာသာမက မြန်မာနိုင်ငံအနှံ့မှာလည်း အလားတူ ကျူးလွန်မှု၊ ချိုးဖောက်မှုတွေ အတွက် ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျနော်ရဲ့တွေ့ဆုံမှုတိုင်းမှာ မြန်မာအရပ်သားအစိုးရအနေနဲ့ ပြည့်ဝထိရောက်ပြီး ဘက်လိုက်မှုကင်းမဲ့သော စုံစမ်း စစ်ဆေးမှု တရပ်ကို ဦးဆောင်ဖို့ တောင်းဆိုခဲ့ပြီး တပ်မတော်က စစ်တပ်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီချဉ်းကပ်မှုကို အပြည့်အဝ ထောက်ခံပါတယ်။
ဖြစ်ပျက်ခဲ့သမျှကို ခိုင်လုံစိတ်ချရပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုက တိကျတဲ့အဖြေ ဖော်ထုတ်လာနိုင်မယ့်အဖြေနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ လုပ်ဆောင်တာကို စောင့်ဆိုင်းရင်း ရက်စက်ကြမ်းကြုတ်မှုအတွက် တာဝန်ရှိခဲ့သူတွေ - သူတို့လုပ်ရပ်ရဲ့အကျိုးဆက်ကိုခံရအောင် အမေရိကန် ပြည် ထောင်စု အနေနဲ့ ဖြစ်နိုင်သမျှ နည်းပညာတွေ၊ အကြုံးဝင်တဲ့ အမေရိကန် ဥပဒေတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ သူ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်း စစ်တပ်ဖြစ်ရေး၊ လေးစားခံထိုက်တဲ့အဖွဲ့အစည်းတရပ်ဖြစ်ရေးအတွက် လုပ်ဆောင်ဖို့ ရည်မှန်းချက် ထား တဲ့ကိစ္စကိုလည်း အမေရိကန်က ထောက်ခံပါတယ်။ မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ထွန်းရေးတို့အတွက် စစ်တပ်ရဲ့ထောက်ခံမှုဟာ မရှိမဖြစ် လိုအပ်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် ကျနော် ပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့တစိတ်တပိုင်းအနေနဲ့ မြန်မာနိုင်ငံတလွှား အရပ်သားတို့ရဲ့ ခံပြင်း မကျေနပ်မှုတွေကို ပြေလည်အောင်ဆောင်ရွက်ပေးဖို့ ခိုင်မာစိတ်ချရတဲ့ အဆောက်အအုံတွေ တည်ဆောက်ပေးဖို့ စစ်တပ်နဲ့အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒုက္ခရောက်ရမှုတွေ ပေါ်ပေါက်စေခဲ့တဲ့ လုပ်နည်းလုပ်ဟန်တွေကို အသိအမှတ်ပြုပြီး ဆုံးခန်းတိုင်အောင် ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိသမျှ ဒီဖြစ်စဉ်ဟာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
စစ်တပ်ဟာ အကြမ်းဖက်မှုကို တုံ့ပြန်ဖို့၊ ဒါမှမဟုတ် တခြား သောင်းကျန်းမှုတွေကို တိုက်ခိုက်ဖို့ တာဝန်ရှိတယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဘယ်လို တုံ့ပြန်မှုမျိုးမဆို စည်းကမ်းနဲ့ ကိုက်ညီရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို အန္တရာယ်ဖြစ်စေနိုင်မယ့် ပမာဏအထိ မဖြစ်ရအောင် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အကြမ်းဖက် အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် မြန်မာအစိုးရနဲ့လက်တွဲ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
လူအများအပြားက လောလောဆယ်မှာ ရခိုင်ပြည်နယ်ကိုပဲ အာရုံစူးစိုက်ပေမယ့် ကချင်၊ ရှမ်းနဲ့ တခြားဒေသတွေမှာလည်း ပြင်းထန်တဲ့ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတယ်ဆိုတာ ကျနော်တို့ သတိပြုကြရပါလိမ့်မယ်။ ဒီပဋိပက္ခတွေမှာလည်း ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသား လူ့အဖွဲ့အစည်း အများအပြားကို ဒုက္ခရောက်စေတဲ့ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီပဋိပက္ခတွေ အဖြေရရှိရေးအတွက် ကြိုးပမ်းမှုကို ကျနော်တို့ ထောက်ခံပါတယ်။ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုတွေကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရှေ့ဆက်နိုင်ဖို့ တရားမျှတပြီး အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတရပ် လိုအပ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်း မိတ်ဆွေနိုင်ငံတွေဟာ မြန်မာအစိုးရနဲ့ သူ့ရဲ့ပြည်သူတွေကို ဒီပြဿနာကို လျင်လျင်မြန်မြန်၊ ပါးပါးနပ်နပ်၊ ပွင့်ပွင်းလင်းလင်း ဖြေရှင်းနိုင်ရေးအတွက် ကူညီဖို့ ပိုင်းဖြတ်ထားကြပါတယ်။ ကျနော်တို့ဟာ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး အောင်မြင်ဖို့ ဆက်လက် ကူညီမှာဖြစ်ပြီး ဒီ ချမ်းသာကြွယ်ဝ၍ လှပသောနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်စိတ်ချနေပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်။ ။ အခြေအနေကို နားလည်ပေးတဲ့အတွက် ဝန်ကြီး Tillerson ကို ကျေးဇူးတင်ကြောင်း ခပ်တိုတိုပဲ ပြောပါရစေ။ ဒီကိစ္စကို အတော်လေး အသေးစိတ် ကျမတို့ ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဖော်ဆောင်ရေးဟာ အရေးအကြီးဆုံး ဖြစ် တယ်ဆိုတာ ကျမတို့ သဘောတူညီပါတယ်။ ဒါကိုလည်း တရားဥပဒေစိုးမိုးရေးရှိမှသာ အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။ (မကြားရ..) စိုးမိုး ရေးဆိုတာဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ကာကွယ်ဖို့သာဖြစ်တယ်ဆိုတာ လူတိုင်း သဘောပေါက်သင့်ပါတယ်၊ လူတွေကို အပြစ်ပေးဖို့ မဟုတ်ပါဘူး။ ဒါကို ကျမတို့အားလုံး နားလည်ကြရင် ဒီပြဿနာတွေအတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက်နိုင်ကြမယ်လို့ ထင်ပါတယ်။ ဒီပြဿနာတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့တကွ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကျန်အဖွဲ့ဝင်အားလုံးအတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ပါတယ်။
ဝန်ကြီး Tillerson ပြောသလိုပါပဲ။ ကျမတို့ဟာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာခဲ့ကြတာပါ။ ကျမတို့နဲ့ အမေရိကန် ပြည် ထောင်စု ဆက်ဆံရေးဟာ ခိုင်မာပြီး အခြေအနေအရပ်ရပ်အောက်မှာ အစမ်းသပ်ခံနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အတားအဆီးတွေရှိပေမယ့် အပြန်အလှန် နား လည်မှု၊ ချစ်ခင်ရင်းနှီးမှုတွေနဲ့ ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အခုလည်း အခက်အခဲ အများအပြားမရှိဘဲ ကျော်လွှားသွားနိုင်မှာသေချာပါတယ်။ ဒါပေမယ့် အခုတည်ရှိနေတဲ့စိန်ခေါ်မှုတွေဟာ အမှန်တကယ်ပဲကြီးမားလှပြီး ပြဿနာမျိုးစုံ ရောထွေး ပါဝင်နေတယ်ဆိုတာ ဝန်ကြီး Tillerson အသိအမှတ်ပြုဖို့ ကျမ အနေနဲ့ မျှော်လင့်ပါတယ်။ ဒါဟာ မျက်နှာစာတခုတည်းရှိတဲ့ ရခိုင်ပြဿနာ မဟုတ်ပါဘူး။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာ အများအပြား ပါဝင် ပတ်သက် နေပါတယ်။ ဒါကြောင့်လည်း ပြဿနာပြေလည်ရေးအတွက် အားလုံးပါဝင် ပတ်သက်နေရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဟာ ကျမတို့ပြည်သူ အားလုံး ပါဝင်ပတ်သက်နေပြီး နားလည်မှုတည်ဆောက်ရေး (…မကြားရ…) လူမှုအသိုက်အဝန်းတွေကြား သဟဇာတဖြစ်ရေးအတွက် တာဝန်ယူမှုတို့နဲ့ စတင်ရမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားတဦးချင်းစီရဲ့ တာဝန်ဖြစ်ပြီး ကျမတို့မိတ်ဆွေများရဲ့အကူအညီနဲ့ ဒီတာဝန်ကို အပြည့်အဝ ဖော်ဆောင် နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments: