Showing posts with label အမှာစကား. Show all posts
Showing posts with label အမှာစကား. Show all posts
Friday, December 1, 2017
ကန်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး သတင်းစာရှင်းလင်းပွဲအဖွင့်မိန့်ခွန်း
ဒေါ်အောင်ဆန်းစုကြည်။ ။ ဝန်ကြီး Tillerson ကို မြန်မာနိုင်ငံဆီ ဖိတ်ခေါ်ခွင့်ရတဲ့အတွက် အထူး ဝမ်းသာပါတယ်။ ကျမတို့ဟာ မနီလာမြို့တော်မှာ အချိန်တို တွေ့ခဲ့ကြပြီးပါပြီ။ အဲဒီမှာ ဆွေးနွေးခဲ့ကြတဲ့ကိစ္စကို ဒီကနေ့ မနက် တွေ့ဆုံချိန်မှာ ဆက်လက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ သူက ဧည့်သည်ဖြစ်တဲ့ အတွက် သူ့ကို အရင် စကားပြောခွင့်ပေးမယ်လို့ ကျမက ပြောခဲ့ပါတယ်။ ကျမတို့ အထူး ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။
ဝန်ကြီး Tillerson။ ။ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ မင်္ဂလာပါ။ ကျနော့်ကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ မြန်မာပြည်သူတွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါ ကျနော့်ရဲ့ ပထမဦးဆုံးမြန်မာနိုင်ငံ ခရီးစဉ်ပါ။ မြန်မာပြည်သူတွေရဲ့ အဖိနှိပ်ခံရမှုကို ဆန့်ကျင်တဲ့ ကြိုးပမ်းမှု၊ ပိုမိုလွတ်လပ်ပြီး ပိုပြီးငြိမ်းချမ်းသော၊ ပိုမိုကြွယ်ဝသော၊ ပိုပြီး ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းရရှိရေး ပိုပြီး ကြိုးပမ်းမှုတွေမှာ အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့ အတူတကွ ရပ်တည်ခဲ့ပါတယ်။ ဒီကနေ့ ကျနော် နေပြည်တော်ကို ရောက်ရှိနေတာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးကို ထပ်မံ အတည်ပြုဖို့ ဖြစ်ပြီး ကျနော်တို့ရဲ့ တာဝန်ယူမှုဟာ ဆက်လက် ခိုင်မာနေဆဲပါ။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြီးခဲ့တဲ့နှစ်က မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။ ရွေးကောက်ခံအစိုးရအနေနဲ့ အစောတလျင်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး မကြာသေးမီက ရရှိခဲ့တဲ့ ဒီမိုကရေစီအခြေခိုင်ရေး၊ ငြိမ်းချမ်းမှု ပြန်လည်သင့်မြတ်မှုဖော်ဆောင်ရေး၊ သာယာဝပြောရေး၊ လူ့အခွင့်အရေး ပိုမိုထွန်းကားရေး တို့အတွက် ကြိုးပမ်းရာမှာ ကျနော်တို့ ဆက်လက် ထောက်ခံသွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ပြဿနာဟာ မနှစ်က ရွေးကောက်ခံအစိုးရ တာဝန်ယူတဲ့အချိန်ကစပြီး မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှု တခု ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လွှတ် ပေးထားတဲ့ ဒေသခံအဖွဲ့တွေရဲ့ ကျယ်ပြန့်သော ရက်စက်မှုတွေအကြောင်း ခိုင်မာတဲ့သတင်းတွေကြောင့် ကျနော်တို့ အထူး စိုးရိမ်မကင်း ဖြစ်ရပါတယ်။ သိန်းနဲ့ချီတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်တွေ ဘင်္ဂလားဒက်ရှ်ဘက် ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ကိစ္စအတွက်လည်း စိတ်ထိခိုက်ရပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က ARSA တွေက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ပြီး အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ကိစ္စနဲ့ အဲဒီအကြမ်းဖက်မှုတွေအပေါ် သည်းခံစိတ်လုံးဝမထားဘဲ လက်တုံ့ပြန်ခဲ့မှုတွေကိုလည်း ကျနော်တို့ အမှန်တကယ် ရှုတ်ချပါတယ်။ ရန်စတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက်လည်း ဝမ်းနည်းမိကြောင်း ဖော်ပြလိုပါတယ်။
ဒီပြဿနာရဲ့ စာနာမှုဆိုင်ရာ အကြပ်အတည်းဟာ မယုံကြည်နိုင်လောက်အောင် ကြီးမားလှပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒက်ရှ်ဘက်ကို ထွက်ပြေးနေကြပါတယ်။ အရေအတွက်မသိရတဲ့ တိုင်းရင်းသားအုပ်စု အများအပြားဟာလည်း အိုးအိမ်စွန့်ပစ်ခဲ့ရပြီး စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ မလုံမလောက်နဲ့ နေထိုင်နေကြရပါတယ်။
လွန်စွာဆိုးဝါးလှတဲ့ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒုက္ခသည်တွေအတွက် စာနာမှုဆိုင်ရာ အထောက်အပံ့အဖြစ် နောက်ထပ် ဒေါ်လာ ၄၇ သန်း ပေးလှူသွားမယ်လို့ ကျနော် ဒီကနေ့ ကြေညာလိုပါတယ်။ ဒါနဲ့ပါဆိုရင် ဒီနှစ်အတွင်း သြဂုတ်လကစလို့ ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံကို အမေရိကန်အစိုးရက ပေးအပ်တဲ့အကူအညီ ၈၇ သန်း ရှိခဲ့ပြီဖြစ်ပြီး ၁၉၁၆ အောက်တိုဘာလ ကစပြီး ကြည့်မယ်ဆိုရင် ဒီဒေသအတွင်း အိုးအိမ်စွန့်ပစ် ထွက်ပြေးရသူတွေအတွက် စာနာမှု အထောက်အပံ့ငွေ စုစုပေါင်း ဒေါ်လာ ၁၅၁ သန်း ရှိခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာနဲ့အဝန်း စာနာမှုအထောက်အပံ့ပေးတွေကို တစိုက်မတ်မတ် ပေးအပ်နေဆဲဖြစ်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီရေးအားထုတ်မှု တစိတ်တပိုင်းအနေနဲ့ အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ဒီအလှူငွေတွေ ပေးအပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
ဒီပြဿနာကို မြန်မာအစိုးရရဲ့ တုံ့ပြန်ကူညီမှုဟာ ပိုမို ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းအောင်မြင်ဖို့အတွက် အဓိကကျတဲ့ အဆုံးအဖြတ်တရပ်ဖြစ်ပါတယ်။ ဘယ်ဒီမိုကရေစီအတွက်မဆို သော့ချက်ကျတဲ့ စမ်းသပ်မှုတရပ်ကတော့ အကာအကွယ်အမဲ့ဆုံးလူတွေ၊ ဘေးဖယ်ခံရမှု အများဆုံးလူတွေကို အဲဒီအစိုးရက ဘယ်လို ဆက်ဆံသလဲ ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ နယ်နိမိတ်အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်အားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ပျက်ကွက်သူတွေကို တာဝန်ရှိစေဖို့ ဆိုတာတွေဟာ အစိုးရတရပ်နဲ့ လုံခြုံရေးတပ်ဖွဲ့များရဲ့ ဝတ္တရားဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးရဲ့ စီးပွားဖွံ့ဖြိုးရေး၊ ရပိုင်ခွင့်များ လေးစားလိုက်နာရေးကို ထောက်ခံသောအားဖြင့် အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖန်တီးဖို့ အတွက် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေကို အကောင်အထည်ဖော်ပြီး ဒုက္ခသည်အားလုံးကို သူတို့ဆန္ဒအတိုင်းပြန်လာစေဖို့ မြန်မာအစိုးရက တာဝန်ယူတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်း မြင်သာမှုရှိရေး၊ သက်ဆိုင်သူအားလုံးက ခိုင်လုံစိတ်ချရတယ်လို့ သတ်မှတ်တဲ့ နိုင်ငံသားဖြစ်ရေးလမ်းကြောင်းကို သူတို့ဆန္ဒအတိုင်း အပြည့်အဝ ကိုက်ညီ အောင် ဖော်ဆောင်ပေးနိုင်ရေးတို့ ပါဝင်ရမှာဖြစ်ပါတယ်။ အခုအချိန်ဟာ ဒီတာဝန်ယူမှုတွေကို အကောင်အထည်ဖော်ရမယ့်အချိန် ကျရောက်ပြီ ဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ အိုးအိမ်စွန့်လွှတ် ထွက်ပြေးနေရတဲ့ဒုက္ခသည်အားလုံး သူတို့အိမ်နဲ့ လယ်မြေတွေဆီ လုံခြုံစွာ သူတို့ဆန္ဒအတိုင်း ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့အခြေအနေ ဖန်တီးပေးဖို့ အစိုးရရဲ့တာဝန်ယူမှုတွေကိုလည်း ကျနော်တို့ထောက်ခံပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံအစိုးရတို့ကြား မကြာသေးမီက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ အားပေးပါတယ်။ နေရင်းရပ်ထံ ပြန်လိုသူတွေ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်ဘက်လုံးကို တိုက်တွန်းပါတယ်။ ဒီဖြစ်စဉ်အတွက် အစိုးရနှစ်ရပ်လုံးကို ကူညီဖို့ ကျနော်တို့ အဆင်သင့်ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ မကြာသေးမီက ပြင်းထန်တဲ့စွပ်စွဲမှုတွေကို ခိုင်လုံစိတ်ချရပြီး ဘက်မလိုက်သော စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေကို တာဝန်ရှိစေရမှာလည်းဖြစ်ပါတယ်။ ဒီလို ပြစ်မှုတွေအတွက် တရား ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်ချက်ဟာ ရခိုင်ပြည်နယ်အတွင်းမှာသာမက မြန်မာနိုင်ငံအနှံ့မှာလည်း အလားတူ ကျူးလွန်မှု၊ ချိုးဖောက်မှုတွေ အတွက် ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျနော်ရဲ့တွေ့ဆုံမှုတိုင်းမှာ မြန်မာအရပ်သားအစိုးရအနေနဲ့ ပြည့်ဝထိရောက်ပြီး ဘက်လိုက်မှုကင်းမဲ့သော စုံစမ်း စစ်ဆေးမှု တရပ်ကို ဦးဆောင်ဖို့ တောင်းဆိုခဲ့ပြီး တပ်မတော်က စစ်တပ်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီချဉ်းကပ်မှုကို အပြည့်အဝ ထောက်ခံပါတယ်။
ဖြစ်ပျက်ခဲ့သမျှကို ခိုင်လုံစိတ်ချရပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုက တိကျတဲ့အဖြေ ဖော်ထုတ်လာနိုင်မယ့်အဖြေနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ လုပ်ဆောင်တာကို စောင့်ဆိုင်းရင်း ရက်စက်ကြမ်းကြုတ်မှုအတွက် တာဝန်ရှိခဲ့သူတွေ - သူတို့လုပ်ရပ်ရဲ့အကျိုးဆက်ကိုခံရအောင် အမေရိကန် ပြည် ထောင်စု အနေနဲ့ ဖြစ်နိုင်သမျှ နည်းပညာတွေ၊ အကြုံးဝင်တဲ့ အမေရိကန် ဥပဒေတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ သူ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်း စစ်တပ်ဖြစ်ရေး၊ လေးစားခံထိုက်တဲ့အဖွဲ့အစည်းတရပ်ဖြစ်ရေးအတွက် လုပ်ဆောင်ဖို့ ရည်မှန်းချက် ထား တဲ့ကိစ္စကိုလည်း အမေရိကန်က ထောက်ခံပါတယ်။ မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ထွန်းရေးတို့အတွက် စစ်တပ်ရဲ့ထောက်ခံမှုဟာ မရှိမဖြစ် လိုအပ်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ် ကျနော် ပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့တစိတ်တပိုင်းအနေနဲ့ မြန်မာနိုင်ငံတလွှား အရပ်သားတို့ရဲ့ ခံပြင်း မကျေနပ်မှုတွေကို ပြေလည်အောင်ဆောင်ရွက်ပေးဖို့ ခိုင်မာစိတ်ချရတဲ့ အဆောက်အအုံတွေ တည်ဆောက်ပေးဖို့ စစ်တပ်နဲ့အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒုက္ခရောက်ရမှုတွေ ပေါ်ပေါက်စေခဲ့တဲ့ လုပ်နည်းလုပ်ဟန်တွေကို အသိအမှတ်ပြုပြီး ဆုံးခန်းတိုင်အောင် ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိသမျှ ဒီဖြစ်စဉ်ဟာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
စစ်တပ်ဟာ အကြမ်းဖက်မှုကို တုံ့ပြန်ဖို့၊ ဒါမှမဟုတ် တခြား သောင်းကျန်းမှုတွေကို တိုက်ခိုက်ဖို့ တာဝန်ရှိတယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဘယ်လို တုံ့ပြန်မှုမျိုးမဆို စည်းကမ်းနဲ့ ကိုက်ညီရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို အန္တရာယ်ဖြစ်စေနိုင်မယ့် ပမာဏအထိ မဖြစ်ရအောင် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အကြမ်းဖက် အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် မြန်မာအစိုးရနဲ့လက်တွဲ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
လူအများအပြားက လောလောဆယ်မှာ ရခိုင်ပြည်နယ်ကိုပဲ အာရုံစူးစိုက်ပေမယ့် ကချင်၊ ရှမ်းနဲ့ တခြားဒေသတွေမှာလည်း ပြင်းထန်တဲ့ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတယ်ဆိုတာ ကျနော်တို့ သတိပြုကြရပါလိမ့်မယ်။ ဒီပဋိပက္ခတွေမှာလည်း ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသား လူ့အဖွဲ့အစည်း အများအပြားကို ဒုက္ခရောက်စေတဲ့ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီပဋိပက္ခတွေ အဖြေရရှိရေးအတွက် ကြိုးပမ်းမှုကို ကျနော်တို့ ထောက်ခံပါတယ်။ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုတွေကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရှေ့ဆက်နိုင်ဖို့ တရားမျှတပြီး အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတရပ် လိုအပ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်း မိတ်ဆွေနိုင်ငံတွေဟာ မြန်မာအစိုးရနဲ့ သူ့ရဲ့ပြည်သူတွေကို ဒီပြဿနာကို လျင်လျင်မြန်မြန်၊ ပါးပါးနပ်နပ်၊ ပွင့်ပွင်းလင်းလင်း ဖြေရှင်းနိုင်ရေးအတွက် ကူညီဖို့ ပိုင်းဖြတ်ထားကြပါတယ်။ ကျနော်တို့ဟာ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး အောင်မြင်ဖို့ ဆက်လက် ကူညီမှာဖြစ်ပြီး ဒီ ချမ်းသာကြွယ်ဝ၍ လှပသောနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်စိတ်ချနေပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်။ ။ အခြေအနေကို နားလည်ပေးတဲ့အတွက် ဝန်ကြီး Tillerson ကို ကျေးဇူးတင်ကြောင်း ခပ်တိုတိုပဲ ပြောပါရစေ။ ဒီကိစ္စကို အတော်လေး အသေးစိတ် ကျမတို့ ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဖော်ဆောင်ရေးဟာ အရေးအကြီးဆုံး ဖြစ် တယ်ဆိုတာ ကျမတို့ သဘောတူညီပါတယ်။ ဒါကိုလည်း တရားဥပဒေစိုးမိုးရေးရှိမှသာ အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။ (မကြားရ..) စိုးမိုး ရေးဆိုတာဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ကာကွယ်ဖို့သာဖြစ်တယ်ဆိုတာ လူတိုင်း သဘောပေါက်သင့်ပါတယ်၊ လူတွေကို အပြစ်ပေးဖို့ မဟုတ်ပါဘူး။ ဒါကို ကျမတို့အားလုံး နားလည်ကြရင် ဒီပြဿနာတွေအတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက်နိုင်ကြမယ်လို့ ထင်ပါတယ်။ ဒီပြဿနာတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့တကွ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကျန်အဖွဲ့ဝင်အားလုံးအတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ပါတယ်။
ဝန်ကြီး Tillerson ပြောသလိုပါပဲ။ ကျမတို့ဟာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာခဲ့ကြတာပါ။ ကျမတို့နဲ့ အမေရိကန် ပြည် ထောင်စု ဆက်ဆံရေးဟာ ခိုင်မာပြီး အခြေအနေအရပ်ရပ်အောက်မှာ အစမ်းသပ်ခံနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အတားအဆီးတွေရှိပေမယ့် အပြန်အလှန် နား လည်မှု၊ ချစ်ခင်ရင်းနှီးမှုတွေနဲ့ ကျော်လွှားနိုင်ခဲ့ကြပါတယ်။ အခုလည်း အခက်အခဲ အများအပြားမရှိဘဲ ကျော်လွှားသွားနိုင်မှာသေချာပါတယ်။ ဒါပေမယ့် အခုတည်ရှိနေတဲ့စိန်ခေါ်မှုတွေဟာ အမှန်တကယ်ပဲကြီးမားလှပြီး ပြဿနာမျိုးစုံ ရောထွေး ပါဝင်နေတယ်ဆိုတာ ဝန်ကြီး Tillerson အသိအမှတ်ပြုဖို့ ကျမ အနေနဲ့ မျှော်လင့်ပါတယ်။ ဒါဟာ မျက်နှာစာတခုတည်းရှိတဲ့ ရခိုင်ပြဿနာ မဟုတ်ပါဘူး။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာ အများအပြား ပါဝင် ပတ်သက် နေပါတယ်။ ဒါကြောင့်လည်း ပြဿနာပြေလည်ရေးအတွက် အားလုံးပါဝင် ပတ်သက်နေရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဟာ ကျမတို့ပြည်သူ အားလုံး ပါဝင်ပတ်သက်နေပြီး နားလည်မှုတည်ဆောက်ရေး (…မကြားရ…) လူမှုအသိုက်အဝန်းတွေကြား သဟဇာတဖြစ်ရေးအတွက် တာဝန်ယူမှုတို့နဲ့ စတင်ရမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားတဦးချင်းစီရဲ့ တာဝန်ဖြစ်ပြီး ကျမတို့မိတ်ဆွေများရဲ့အကူအညီနဲ့ ဒီတာဝန်ကို အပြည့်အဝ ဖော်ဆောင် နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Wednesday, August 7, 2013
ဒီစကား
(ဒေါ်အောင်ဆန်းစုကြည်-ဒီလှိုင်းဂျာနယ် ၅၊၈၊၂၀၁၃)
၁၉၈၈ အရေးတော်ပုံကို အကြောင်းပြုပြီး၊ နိုင်ငံရေးထဲ ပါဝင်လိုက်တဲ့အခါမှာ
နိုင်ငံရေးကို ဘယ်လိုမူတွေအရ လုပ်သွားမလဲ၊ တော်လှန်ရေးကြီးဟာ ကျွန်မတို့ နိုင်ငံကို ဘယ်ကိုပို့ဆောင်စေချင်သလဲ ဆိုတာတွေ စဉ်းစားရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် အနာဂတ်ပြည်ထောင်စု
မြန်မာနိုင်ငံတော်နဲ့ စပ်လျဉ်းလို့ Vision ရှိရမယ်လို့ ယုံကြည်ခဲ့ပါတယ်။
Vision ကို မြန်မာဘာသာနဲ့ပြည့်စုံအောင် ပြောရမယ်ဆိုရင် စိတ်ကူးဥာဏ်
(စိတ်ကူးယဉ်မှုမဟုတ်ပါ) ကို အခြေခံတဲ့ မြော်မြင်အိပ်မက်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်ဆောင်ရာမှာ လက်ကိုင်ပြုရမဲ့ မူတွေအနေနဲ့တော့ ကျွန်မ ရိုးရိုး
ပဲ မြင်ပါတယ်။ ပြည်သူတွေကို မသေချာတဲ့ ကတိက၀တ်တွေ မပေးရဘူး၊
မလှည့်ဖြားရဘူး၊ ဒါကြောင့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ရရှိဖို့အတွက်
ကျွန်မ အတတ်နိုင်ဆုံးလုပ်ပါမယ်ဆိုတဲ့ ကတိတစ်ခုသာ ပြုခဲ့ပါတယ်။
ကျွန်မ မြော်မြင်အိပ်မက်တဲ့ နိုင်ငံကတော့ သွေးစည်းညီညွတ်တဲ့၊ အေးချမ်း
တိုးတက်တဲ့ နိုင်ငံပါ။
ဒါကြောင့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးနဲ့အတူ အမျိုးသားရင်ကြားစေ့ရေးကို
ရှေ့တန်းတင်ခဲ့တာပါ။ ၁၉၈၈ တုန်းက အမျိုးသားရင်ကြားစေ့ရေးဆိုတာမှာ
တပ်မတော်နဲ့ပြည်သူအကြား ရင်ကြားစေ့ရေးဟာ အလွန်အရေးပါတယ်
ဆိုတာ အားလုံးက လက်ခံခဲ့ကြပါတယ်။ ခုတော့ ဒါကို မေ့သူတွေကလည်း
မေ့သွားကြပြီလား မသိဘူး။ ပထမဆုံး အများပြည်သူကို ကျွန်မ ပြောခဲ့တဲ့
မိန့်ခွန်းမှာပါတဲ့အတိုင်း တပ်မတော်အပေါ် မေတ္တာရှိကြောင်း ယခုလည်း
ပြောတာကို မနှစ်သက်သူတွေ ရှိပါတယ်။ လွှတ်တော်အတွင်း၊ လွှတ်တော်
အပြင်၊ တတ်နိုင်သမျှ နိုင်ငံ့အကျိုးရှေ့ထားပြီး ပူးပေါင်းဆောင်ရွက်တာကို
မကြိုက်သူတွေ ရှိသလို၊ သမ္မတဦးဆောင်တဲ့ အစိုးရကို ဝေဖန်တာကို
သဘောမကျသူတွေကလည်း ရှိပါသေးတယ်။
ဒါတွေအားလုံးဟာ တော်လှန်ရေး၊ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်
တွေ၊ အတိုက်အခံ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမြင်တွေ ကွဲလွဲတာအပေါ်မှာ
အခြေခံတယ်ထင်ပါတယ်။ ကျွန်မကတော့ တော်လှန်ရေးဆိုတာ တည်ဆောက်ရေးကာလကို ဦးတည်သွားနိုင်ရမယ်။ အမျိုးသားရင်ကြား
စေ့ရေးပန်းတိုင်ကို မျက်ချေပြတ်လို့ မဖြစ်ဘူး။ အတိုက်အခံဆိုတာ
တိုက်ရင်တိုက်၊ မတိုက်ရင်ခံ ဆိုတဲ့ သဘောမဟုတ်ပဲ၊ နိုင်ငံရေးအရ ဆန့်ကျင်
သင့်တာကို ဒီမိုကရေစီလုပ်ထုံးလုပ်နည်းဘောင်အတွင်းက ဆန့်ကျင်ရဲရသလို၊ ပူးပေါင်းဆောင်ရွက်သင့်တယ်ထင်ရင် ပူးပေါင်းဆောင်ရွက်ရမယ်လို့ ယုံကြည်ပါတယ်။
ခြုံငုံပြောရရင် ကျွန်မတို့ ပြည်သူပြည်သားအများစုဟာလုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံနိုင်တဲ့ နိုင်ငံရေးစနစ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ရယူတည်ဆောက်ချင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မ ၈. ၈. ၈၈ အရေးတော်ပုံထဲ ပါခဲ့တာပါ။
Wednesday, September 19, 2012
ဒီနေ့  စက်တင်ဘာလ (၁၉) ရက်နေ့ ။
ဒါတွေကို ဘယ်လိုမှ မမေ့နိုင်
by Ye Myint on Wednesday, September 19, 2012 at 7:34am ·
ဒီနေ့ ဆို မြန်မာပြည်မှာ စက်တင်ဘာ ၁၉ ရက်ဘဲ။
         ဟိုးငယ်ငယ်တုံးက 1988 စက်တင်ဘာ ၁၈ ညနေမှာ ဒီကောင်တွေ အာဏာသိမ်းတယ်ဆိုတဲ့  ကြေငြာချက်ကို ကြားကြားချင်း ဗကသ ဗဟို (ဆေးရုံကြီးရှေ့ ၊ လသာ အထက ၂) ဆီကို ပြန်ပြေးလာခဲ့ တယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖျောက်ဖျက် ကြဘို့ ပေါ့ ။ ကျနော့ လိုဘဲ ပြန်ပြီး အပြေးရောက်လာတဲ့  သူငယ်ချင်းတွေလည်းတွေ့ ရတယ်။ ဒေါသကလည်း ငယ်ထိပ်ရောက်နေတော့  ဘယ်သူတွေလည်းတောင် သေချာမကြည့် မိဘူး။ မျက်လုံးတွေလဲပြာနေတယ်။ ကျနော်စိတ်ပူတာက အလှူငွေဖြတ်ပိုင်း တွေဘဲ။ ဗကသ ကို မိဘပြည်သူတွေက လှူထားတာ နဲတာမှ မဟုတ်တာ။ ဖြတ်ပိုင်းတွေထဲမှာ အလှူ့ ရှင်တွေ နာမည်တွေ ၊ အများအားဖြင့် လိပ်စာတွေလည်းပါတော့ ၊ ဒီစာရွက်စာတမ်းတွေကို လုံခြုံစွာသိမ်းဆည်းဘို့ ဒါမှမဟုတ် လိုအပ်ရင် ဖျောက်ဖျက်ပစ်ဘို့ ခေါင်းထဲဝင် လာတယ်။ ဧရာဝတီတိုင်းဖက်က သင်္ဘောနဲ့ လာလှူထားတဲ့  ဆန်အိပ်တွေကလည်း စာသင်ခန်းအနဲ ဆုံးနှစ်ခန်းလောက်အပြည့်ထင်တယ်။ ဒါနဲ့ အလှူငွေဖြတ်ပိုင်းတွေကို ကျနော်တာဝန်ယူပြီး လုပ်မယ်လို့  သူငယ်ချင်းတွေကို ပြောမိတယ်။ မှတ်မှတ်ရရ မဟာမင်းကြီးအောင်သန်း (ကိုအောင်သန်းကြီး ၊ ယခုကွန်လွန်၊ ABSDF) ရဲ့ စစ်ကျောပိုးအိပ်ကြီးကို ယူပြီး ထည့် သိပ်ရတာ အိပ်ကြီး ပြည့် လုရော။ အဲ့ ဒီကျောပိုးအိပ်ကြီး ကျောပေါ်တင်ပြီး ဘယ်သွားထားရမလဲ စဉ်းစားရတယ်။ ခေါင်းက အရမ်းပူနေတာ့  အဖြေကလဲထွက်မလာ။ စိတ်ကို လျှော့လိုက်ပြီး စဉ်းစားတော့ ရှေ့ တည့်တည့် က ဆေးရုံကြီးသွားမြင်တယ်။ ကျနော် ၂၁ နှစ်လောက်က GI surgery လုပ်ခဲ့ ရတော့  လူနာဆောင် (၇) က ဆရာဝန်ကြီးတွေရော၊ တချို့ ဝန်ထမ်းတွေနဲ့  သူနာပြု တချို့ ပါ ရင်းနှီးနေသေးတယ်။ အဲ့ ဒီ Ward 7 ကို တက်သွားပြီး ဆရာဇော်ကို ရှာရတော့တယ်။  ဆရာဇော် (senior surgeon) ကလည်းကျနော့ ကိုမှတ်မိပါတယ်။ သူ့ ခွင့် ပြုချက်နဲ့ ကိုကျော်မြင့်  Office ထဲသွားဖွက်ထားလိုက်တယ်။ ကိုကျော်မြင့် ရော ဆရာဇော်တို့ ရော Nurse တွေအားလုံးလဲ ဒီအာဏာသိမ်းတဲ့ ကြေငြာချက်ကြောင့်  အတော့ ကို မခံမရပ်နိုင်ဖြစ်နေတာ သူတို့ မျက်နှာတွေမှာ မြင်နေရတာပေါ့ ။ ကျနော်မှာခဲ့ တယ်။ ကျနော် နှစ်ပတ်အတွင်းလာမယူရင် ခွဲစိတ်ခမ်းက အမှိုက်တွေနဲ့ ရောပြီး ဖျောက်ဖျက်ပေးပါလို့ ။ ဘယ်ပြန်သွားယူနိုင်တော့မှာလဲ။ စက်တင်ဘာ ၂၅ မှာ နယ်စပ်ကို ထွက်ခဲ့ တာကိုး။ ဆေးရုံကြီးကပြန်ဆင်းလာတော့ မှောင်ရီပျိုးလေးထင်တယ်။ ကိုယ်နေတဲ့ အရပ်ကို မပြန်နိုင်တော့ဘဲ အဲ့ ဒီနားဝန်းကျင်က သူငယ်ချင်းအိမ်မှာ သွားအိပ်ရတယ်။ တညလုံးအိပ်လို့ မရဘူး။
         ကိုယ့် မင်းကိုယ့် ချင်းရပ်ကွက်က လူထုက ညကြီးမိုးချုပ်ထဲမှာ အာဏာသိမ်းရင် အာဏာဖီဆန်တယ်ကွဆိုပြီး ၊ စစ်ကြောင်းနဲ့ ထွက်လာတာ။ မြို့ တော်ခန်းမရှေ့ မှာ ညမှောင်မှာင်ထဲ ပစ်ခံကြရတာ G3 သံတွေ မိုးလုံးညံနေတာဘဲ။ ကျနော် ဘာမှလဲမတတ်နိုင်။ ဒေါသမျက်ရေဘဲဆက်တိုက်ကျနေတယ်။ အဲ့ ဒီစစ်ကြောင်း လူဘယ်လောက်သေသွားတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ညအမှောင်ထဲမှာ။ တချို့ သူငယ်ချင်းတစုကလဲ ကုန်သွယ်ရေးဝန်ကြီးရုံးက သိမ်းထားတဲ့  M-79 နဲ့  ၀န်ကြီးများရုံးသွားပစ်တာ တမြို့ လုံးကြားလိုက်ရတယ်။
         အဲ့ ဒီည မျက်လုံးကြောင်တောင်နဲ့  အိပ်ခဲ့ ရတယ်။ နောက်နေ့ မနက် စက်တင်ဘာ ၁၉ ပေါ့။ ဒီနေ့ နှစ်ပတ်လည်ပေါ့ ။ ကျနော် အစောကြီးထပြီး ဗကသ ဗဟိုကို ပြန်သွားတယ်။ ကျနော့လိုဘဲ အစောကြီးရောက်လာတဲ့ သူငယ်ချင်းတွေလဲတွေ့ ရတယ်။ မှန်တမ်းတင်ချင်တာက ၊ အဲ့ ဒီလို ဗကသ ဗဟိုကို လာစုကြတာ အဲ့ ဒီနေ့ မနက်စောစောမှာ အခြေခံကျောင်းသာများသမဂ္ဂကအသီးသီးက အထက်တန်း အလည်တန်း ကျောင်းသား ကျောင်းသူလေးတွေက ပိုများတယ်။ ဗကသ CEC မှတ်မှတ်ရရ ကိုသူရိန် (ပြန်ကြားရေး) နဲ့ နောက် တယောက်နှစ်ယောက်လောက်ပဲထင်တယ်။ ကိုပေါ်ဦးတို့ တော့ လုံခြုံရေးအရ တခြားတနေရာမှာ ရှိနေတယ်ဆိုတာ သိရတယ်။
               ဒါနဲ့ ဘာဆက်လုပ်ကြမလဲ ပေါ့ ။ အားလုံးလိုလို တသံထဲနော်။ အာဏာဖီဆန်မယ်လို့  ကြွေးကြော်ကြတယ်။ ကိုသူရိန်နဲ့ ကျနော် က ကလေးတွေနဲ့ ချီတက်ကြမယ်ပေါ့ ။ တချို့ ကလည်း ပြောတာပေါ့ ၊ ညကလည်းဆက်တိုက်ပစ်နေတယ်၊ ဒီမနက်လဲ သေနတ်သံတွေဆက်ကြားနေရတယ်၊ စစ်ကြောင်းချီရင် အပစ်ခံရမယ်လို့ သတိပေးကြတယ်။ ကျနော့အနေနဲ့ ကတော့  သေပစေ သွားမယ်လို့  မဲပေးတယ်။ ဒေါသကငယ်ထိပ်မှာ ပြန်ရောက်နေတာကိုး။ ကိုသူရိန်(ပြန်ကြားရေး) လဲဒီလိုဘဲ သဘောတူတယ်။ ဒါနဲ့  စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၈ နာရီကျော်လောက်ထင်တာဘဲ။ လသာ အထက ၂ ကနေ စစ်ကြောင်းစထွက်တယ်။
        ဗကသခွပ် ဒေါင်းအလံတော်ကို ကိုင်ပြီး တပ်ဦးကချီတက်မဲ့ လူရွေးတော့ အထက်တန်းကျောင်းသားလေးတွေကဘဲ အတင်းလုယူပြီး အကိုတို့ မသေနဲ့ အုံး ကျနော်တို့ အရင်သေမယ်။ အကိုတို့ လွတ်ရင် ဆက်တိုက်ပွဲဝင်ကြပါတဲ့ ။ ကျနော်တို့ ကလဲ မင်းတို့ ရှေ့ ဆက်လူ လုပ်ရအုံးမှာ ငါတို့ ယူမယ်ပေါ့ ။ ဒါပေမဲ့ မရဘူး။ ဒါနဲ့ အလှည့် ကျကိုင်ကြမယ်လို့  သဘောတူပြီး ကိုသူရိန် (ကျနော်မှတ်မိသမျှ) ၊ ကျနော်နဲ့ တချို့ ဗကသ ကျောင်းသားကြီးများပါ စစ်ကြောင်းကို ထိမ်းကွပ်ပေးရင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း ဗိုလ်ချုပ်ဈေးရှေ့ ကဖြတ်ပြီး ဗိုလ်အောင်ကျော်လမ်းလက်ကိုချီတက်တဲ့တယ်။
       အစီအစဉ်က ဗိုလ်အောင်ကျော်လမ်းရောက်ရင် ညာဘာချိုး အနော်ရထာလမ်းကိုဖြတ်ပြီး ၀န်ကြီးများရုံးရှေ့ ဂိတ်ဝတဲ့ တဲ့မှာ သွားပြီး အာဏာဖီဆန်ပြမယ် ပေါ့။ ဒါပေမဲ့  ဗိုလ်အောင်ကျော်လမ်း နဲ့ ထိတော့ ဗယ်ဘက်က ရထားလမ်း ဂုံးပေါ်မှာ တပ်ခွဲတခွဲနဲ့ ပိတ်ထားတယ်။ G4 တွေကို ဒေါက်နဲ့ ထောက်ပြီး ၀မ်းလျားမှောက်နေရာယူထားကြတယ်။ လမ်းကိုလဲပိတ်ထားတယ်။ ဂုံးပေါ်မှာလဲ 60 mm မော်တာတလက် ထောင်ထားသဗျာ။ ကျနော်တို့ ကလည်း အဲ့ ဒီဗယ်ဘက်ကို ချိုးကွေ့ ဘို့  အစီစဉ်မရှိပါဘူး။ ညာဘက်ပဲချိုးကွေ့ ကြတာပေါ့ ။ သမဂ္ဂကြွေးကျော်သံတွေ ညံအောင် ကြွေးကြော် ၊ ခွပ်ခေါင်းအလံတွေကို ဝှေ့ ရမ်းပြီး ညာဘက်ချိုးကွေ့ တယ်။
      ဒါပေမဲ့  ချိုးချိုးချင်းဘဲ ၀န်ကြီးများရုံးအမိုးပေါ်တွေဆီက ပုံးစောင့် နေတဲ့ ကောင်တွေက ပစ်ပါလေရော။ အလှည့် ကျအလံကိုင်ထားတဲ့ ကျောင်းသားလေး ခွေကျသွားတယ်။ ရုပ်ရှင်ထဲက slow motion လိုဘဲ။ ကိုသူရိန်ရဲ့အော်ဟစ်အားပေးသံ ၊ စစ်ကြောင်းတခုလုံးက ကြွေသံတွေ နားထဲမှာ သေနတ်သံတွေနဲ့ မသဲမကွဲဘဲ ဆူညံနေတာဘဲ။ ကျနော်လဲ ကြွေးကြော်တာဘဲ။ ဆက်တိုက်ပစ်တော့  ရှေ့ ဆုံးက ကလေးတွေကျတာများတယ်။ ခွပ်ဒေါင်းအလံတော်ကို ကျနော်တို့ အလှည့်ကို ပေးလို့ ကို မကိုင်တာ။ ဆက်တိုက် လဲကျနေတာ့ အားလုံးဝတ်ကြ အားလုံးဝတ်ကြ ဆိုတဲ့ အသံတွေ ဆူသွားတယ်။ ကျည်ဆံတွေလဲ တရွီးရွှီးနဲ့ အနားကရော အပေါ်ကရော ဖြတ်ပြေးနေတယ်။ အားလုံးလဲ ၀တ်ချလိုက်ကြတယ်။ ရှေ့မှာ ရော အလည်မှာရော နောက်မှာရော ထိကြတာဘဲ။ G3 ကျည်ဆံက သိပ်အားပြင်းတာကိုး။ ငါးမိနစ်လောက်ထင်တယ် ပစ်လဲပြီးရောတချက်နားကြတယ်ထင်တယ်။
         ကျနော်တို့ စစ်ကြောင်းက ကံဆိုးစွာနဲ့ မြို့ တော်ခန်းမရှေ့ မှာလိုစစ်ကြောင်းတွေမစုံတော့ သေသူ ဒဏ်ရာရသူတွေကို ဘေးက၀င်ဆွဲမဲ့ ပေးမဲ့ လူလဲမရှိ။ ထပြေးတော့လဲ အပစ်ခံရတယ်။ ၀တ်နေမှ၊ ဒါနဲ့  လူနဲနဲစီ ထပြေးကြလို့ ဝိုင်းအော်ကြတယ်။ တစုလောက်ထပြေးလိုက် ပစ်လိုက်ဘဲ၊ လွတ်တဲ့ လူလဲလွတ်။ မလွတ်တဲ့ လူလဲ ကျဆုံးပေါ့ ။ ပြေးကြတာက နောက်ဖက်ကို။ စိန့် ပေါကျောင်းအုပ်နံရံဘေးကပ်ပြီး  ဗိုလ်အောင်ကျော်လမ်းပေါ် ချိုးချကြတာပါဘဲ။ နောက်ဆုံးလူနဲလာမှ ကျနော် ထပြေးတဲ့ တစုထဲပါတယ်။ ထုံးစံအတိုင်းထလဲ ပြေးရော သူတို့ ကလည်း ပစ်ပြန်တာပေါ့ ။ ကျည်ဆံတွေ အုပ်နံရံမှန်တဲ့ အသံတွေရော ထိသွားတဲ့ သူတွေအသံတွေရော နားထဲလုံးထွေးနေတယ်။ အုပ်နံရံဘေး ချိုးကွေ့ ပြီးလို့  တခြားကိုယ့် လိုဘဲ လွတ်လာတဲ့ လူတွေနဲ့ ပြန်စုပြီးမှ ကဗျာကယာကိုယ့် ကိုယ်ကို ပြန်ကြည့်  လက်နဲ့ လိုက်စမ်းပြီး ငါ့မှာရောထိထားလားပေါ့ ။ တချို့ ဆို သွေးပူနေတော့ ထိတာကို မသိဘူး။ သွေးတွေကျလာမှသိတယ်။ ဒါနဲ့ မသေတဲ့ သူတွေ ဗိုလ်ချုပ်လမ်းအတိုင်း ဗကသ ဗဟိုဆီပြန်သွားကြတယ်။
      ဘားလမ်းထိပ်ရောက်မှ ကျနော့် စိတ်မှာတွေးလာတယ်။ ကျဆုံးသွားတဲ့ သူတွေဘယ်လောက်ရှိမလဲ ၊ မသေမရှင်တွေကျန်ခဲ့ ရင် ဘယ်လိုလုပ်မလဲလို့ တွေးပြီး ၊ တယောက်ထဲ ပြန်လှည့်ပြန်တယ်၊ တယောက်ထဲဆိုတော့  စစ်ကြာင်းလိုက်ကြီးမဟုတ်တော့ မပစ်ဘူး။ ဒါနဲ့ စိန့် ပေါကျောင်းဘေးအုပ်နံရံနဲ့ ပြန်ကပ်ပြီး အပစ်ခံခဲ့ ရတဲ့ နေရာကို ပြန် ချောင်းကြည့်တယ်။ သွေးကွက်ကြီးတွေ အများကြီးကလွဲလို့ ဘာမှ မကျန်တော့ပါဘူး။ ချက်ချင်း အလောင်းတွေရော ဒဏ်ရာရတဲ့ လူတွေရောကို ကားနဲ့ သယ်ထုတ်သွားတယ်ထင်တယ်။
       အဲ့ ဒီနေရာမှာ ဖိနပ်တွေ ဦးထုပ်တွေ ခမောက်တွေဘဲ သွေးကွက်တွေပေါ်မှာ တွေ့ ရတော့တယ်။ ဒါကိုဗျာ အင်မတန်ဆင်းရဲတဲ့  ကလေးတသိုက်က ဖိနပ်တွေကို ကောက်ယူနေတယ်။ ကျနော်လဲထပ်ပြီး ရင်နင့် သွားတယ်။ သူတို့ လေးတွေက ပြန်ရောင်းစားမှာ။ စားဝတ်နေရးအတွက်။ ဒါပေမဲ့  ကျနော်ကလဲ ကျဆုံးသူတွေရဲ့ ဖိန်တွေဆိုတော့ သူတို့ ကို အော်ထုတ်ပြီး ခမောက်နှစ်လုံးနဲ့  ကျဆုံးသူတွေရဲ့ ဖိနပ်တွေပြန်သယ်လာခဲ့တယ်။ ဘားလမ်းထိပ်ရောက်တော့  စပါယ်ဦးတေးသံသွင်းဘက်မှာ သူငယ်ချင်းတချို့ စုတတ်လို့ ဘားလမ်းထဲ ချိုးချပြီး စပါယ်ဦးတေးသံသွင်းဆိုင်ဘက်ကို ရောက်သွားတယ်။ ကြက်ဖကြီးတို့  (ထွန်းထွန်း Now, Aussie) နဲ့ ကျော်ဌေးတို့ နဲ့ ပြန်ဆုံတယ်။ ကျနော့ပုံက ချွေးတွေသံတွေထွက် ခမောက်နှစ်လုံးမှာ ဖိနပ်တွေ အပြည့် နဲ့ ဆိုတော့ သူတို့ ကလည်း ကျနော့ကို ဘယ်ဖြစ်လာတယ်ဆိုတာ ခန့်မှန်းလို့ မရဘူးလားမသိဘူး။ ကျနော်လဲ စကားလုံးတွေ ဗလုံးရျှုပ်ထွေးနဲ့  ပြေပြတော့မှ ကျနော်သယ်လာတဲ့  ဖိနပ်တွေအကြောင်း ဇာတ်ရည်လည်သွားတယ်။ အဲ့ ဒီကနေ ရှေ့ ဆက်တာတွေ အများကြီးပါဗျာ။
   ကျနော်မှတ်မိခဲ့ တဲ့  ဟိုးရှေးရှေးတုံးက စက်တင်ဘာလ ၁၉ ရက်နေ့  တနေ့ ရဲ့  မနက်ခင်းပါဗျာ။ ခုအချိန်ဆို တို့ တိုင်းပြည်မှာ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ဘဲ၊
September 18, 6:55 PM EST, USA.
ကျဆုံးသွားတဲ့  သူတွေကို တနေ့ မှ မမေ့ပါ။
Monday, September 3, 2012
မိုးနှောင်းမိုးမှာ မိုးသီးတွေရွာရင် မိုးကြိုးကြီးပစ်တတ်တယ်
by Zay Yar Min on Monday, September 3, 2012 at 4:33pm
ကျွန်တော်တို့ကလေးဘ၀တုန်းကပေါ့။
အခုလိုစက်တင်ဘာလောက်မှာများမိုးတွေတအားရွာရင်၊မိုးသီးမိုးတွေရွာရင် အညာဒေသနေတောင်သူလယ်သမားအခြေခံလူတန်းစားတို့
စိတ်သိပ်ညစ်ကြရတာ။မကြာခင်ဖော်ရတော့မည့်မြေပဲခင်းတွေအထိနားလွန်းလို့လေ။
ကျွန်တော်တို့ကလေးအရွယ်ဆိုတော့အဲတာတွေနားမလည်ပါဘူး။ခံရဖူးသူတွေကတော့သိတာပေါ့။
မိုးတွေရွာလာပြီဆိုတာနဲ့ဘောလုံးလေမပြည့်တပြည့်လေးကုတင်အောက်က ဆွဲထုတ်လာပြီးမိုးရေထဲမှာဆော့ကြတာပဲ။
သိပ်ပျော်စရာကောင်းတာကိုး။ကျွန်တော်တို့မိုးရေထဲမှာဘောလုံး
ကန်တာကိုအိမ်ပြတင်းတံခါးဝမှာ
ဆေးပေါ့လိပ်ကြီးခဲပြီးငူငူကြီးထိုင်ကြည့်နေတတ်သူက အဖွား။
ကလေးတွေပျော်နေတာကိုလည်းသူ ကျေနပ်ပုံရတယ်။ဒါပေမယ့်တခုခုကိုတွေးနေသလိုလို၊စိုးရိမ်နေသလိုလိုပဲ။
တစ်ခါတစ်လေကျတော့ မိုးသီးမိုးတွေရွာတတ်တယ်။အဲလိုရွာတဲ့အခါအဖွားက ကျွန်တော်တို့ ကလေးတွေ ကိုပေးမဆော့ဘူး။
ပြီးတော့လည်းပြောသေးတယ်...
'မိုးသီးမိုးတွေရွာရင် အပြင်ထွက်ပြီးအော်ဟစ်
ဆူညံ့မနေနဲ့ တဲ့။ ကိုယ့်အိမ်ထဲမှာပဲအေးဆေးအိပ်နေ၊
မိုးသီးတွေရဲ့နောက်မှာ မိုးကြိုးကြီးတွေပါတယ်၊မိုးကြိုးပစ်တာခံရရင် တစ်ကိုယ်လုံးမဲမဲကြီးဖြစ် သွားပြီးအားလုံးသေကုန်မယ်ငါ့မြေး' တဲ့။
ကျွန်တော်ရဲ့အဖွား အ သုံးလုံးကျောင်းဆင်းကြီး က အဲလိုဆုံးမဖူးတယ်။
ကျွန်တော်လည်းတွေးမိတယ်။ မိုးသီးတွေရွာတုန်းထွက်ဆော့ရင် အနည်းဆုံးတော့ မိုးသီးရဲ့ဒဏ်ချက် စာမိမယ်။နာမယ်။
အခုတော့ကိုယ့်အလုပ်ကိုယ့်ဝမ်းရေးအတွက်တနယ်အဝေးဆီရောက်နေတော့ ကျွန်တော့် ရွာကလေး ကိုလွမ်းမိတယ်။
ဒီအချိန်ဆို မြေပဲတွေဖော်ဖို့ ပြင်ဆင်နေလောက်ပြီ။
မိုးသီးမိုးတွေကောရွာနေသလား၊ကျွန်တော့်ညီလေးညီမလေးတွေ မိုးရေထဲထွက်ဆော့နေကြလေ မလား။
မိုးသီးမိုးတွေရွာတုန်းများမစဉ်းစားမဆင်ခြင်ပဲအပြင်ထွက်ဆော့အော်ဟစ်နေရင် မိုးသီးဒဏ်ကြောင့်နာနေလေမလား။
အခုတလော ကျွန်တော့ရွာလေးကိုသတိရလိုက်တာဗျာ။
ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
၃/၀၉ /၂၀၁၂ ။
Tuesday, August 28, 2012
လူကိုဖျက်ဆီးတာ
“It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it.” (Aung San Suu Kyi)
"လူကိုဖျက်ဆီးတာ ကြောက်ရွံ့မှုပါ၊ အာဏာမဟုတ်ဘူး။ အာဏာရှိတဲ့လူအဖို့ သူစွဲကိုင်ထားတဲ့အာဏာ လက်လွှတ်လိုက်ရမှာကို ကြောက်ရွံ့စိတ်က သူ့ကိုဖျက်စီးပြီး အာဏာမဲ့သူတွေကျပြန်တော့ အာဏာရှင်တွေရဲ့ ဒါးသွား မိမိအပေါ်ကျရောက်လာမှာကို ကြောက်ရွံ့တုန်လှုပ်စိတ်က ဖျက်စီးတတ်ပြန်တယ်" (အောင်ဆန်းစုကြည်)
Friday, August 10, 2012
ဆုံးမစာများ
ဝ မရှိဘဲနဲ့  ၀ိမလုပ်ပါနဲ့ 
ခေါ်တိုင်းလည်း မသွားနဲ့ 
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ့ 
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။
စာနာတတ်သူသည် ရိုင်းရိုင်းပြပြပြောခဲ၏။
ခရမ်းမြို့ နယ် ရွှေဘိုဆုကျေးရွာဆရာတော်ဘုရား၏ဆုံးမစာ
Wednesday, February 1, 2012
We Are Flying To Be Free အခမ်းအနားတွင် ကိုမင်းကိုနိုင် ပြောကြားခဲ့သော အမှာစကား
ဒီနေ့ ဒီလိုပွဲမျိုးကို ယောင်လို့တောင် မမက်ခဲ့ဖူးပါဘူး။ ကျွန်တော့်အရှေ့က နောင်တော်အစ်မတော်တွေဟာ ဟိုး ၁၉၆၂ ဇူလိုင် ၇ အရေးတော်ပုံကတည်းက စပြီး ကျောင်း သားအရေးတော်ပုံတွေ စခဲ့တာ။ ဒီမိုကရေစီအရေးတိုက် ပွဲတွေ ဝင်ခဲ့တာ ရခဲ့သမျှတွေဟာ ဆုလာဒ်တွေ မရှိခဲ့ပါ ဘူး။ နံပါတ်တုတ်တွေ မျက်ရည်ယိုဗုံးတွေ၊ သံဆူးကြိုး တွေ၊ လက်ထိပ်တွေ၊ ခြေထိပ်တွေ၊ ခြေကျင်းတွေ ပြီး တော့ အုတ်နံရံလေးဘက်ကြားကို ရောက်ရတယ်။ စစ် ကြောရေး စခန်းတွေထဲမှာ လူစဉ်မမီအောင် ဘဝပေးခဲ့ ရတာတွေ အများကြီးပါ။ ကျွန်တော်တို့ရှေ့က အစ်ကို တော် အစ်မတော်တွေ ပေးဆပ်ခဲ့ရတဲ့အပေါ် ကျွန်တော် တို့ လိုက်ပါခဲ့ရတာပါ။
ဒီနေ့ ဒီအချိန်မီးရောင်စုံတွေနဲ့ ပြိုးပျက်နေတဲ့ အပြုံးတွေကြားထဲမှာ ပြန်ဆုံကြတယ်ဆို ပေမယ့် တကယ်ဆိုရင် ကြည်နူးဖို့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အပြည့်အဝ မကြည်နူးနိုင်ဘူး။ ခုပဲ ကျွန်တော့်ကို ထောင်ထဲမှာ တစ်ယောက်တည်းကျန် ခဲ့တဲ့ ရဲဘော်တွေဆီက သတင်းစကားတွေ၊ စာတိုလေး တွေ ကျွန်တော့်ဆီ ရောက်လာတယ်။ စင်ရဲ့ နောက်မှာ ပဲ ကျွန်တော်ဖတ်ရတော့ ဆို့ဆို့နင့်နင့် ခံစားရပါတယ်။ အို ကံတရားက သူတို့ကိုမှ ရွေးပြီးတော့ ရက်ရက်စက် စက် နှိပ်ကွက်လေရော့သလား တွေးမိပါတယ်။ အများ ကြီး ပြန်လာကြတဲ့အထဲမှာ ဘာလို့ သူတို့ ကျန်နေခဲ့တာ လဲ။ တစ်ခုခုတော့ မှားနေပြီ။ လူတွေရဲ့ ဘဝ၊ လူတွေ ရဲ့ အသက်ကို အဲသလို အလောင်းအထပ်တွေ လုပ်တာ မျိုးတွေ၊ သံသယတွေ ထပ်ပြီး မခံစားနိုင်တော့ပါ။ လူတွေရဲ့ ဘဝတွေ မိခင်တွေရဲ့ မျက်ရည်တွေကို ပေး ဆပ်ပြီးတော့မှ အပေးအယူလုပ်ရတဲ့ စနစ်ဆိုးကြီးတွေ အမြစ်မကျန်အောင် ကျွန်တော်တို့ လက်ကျန်ဘဝတွေ ကို ဆက်ပြီး လိုအပ်ရင် ပေးဖို့ အသင့်ပါပဲလို့ ကြုံတုန်း ကတိပြုပါတယ်။ ကျွန်တော် ဘာမှ ပြင်ဆင်မထားရ ဘူး။ ဒီလိုပွဲမျိုးဟာ အပြည့်အဝ လွတ်လွတ်လပ်လပ် ခံစားလို့ ကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ စိတ်ထဲ မှာ လိပ်ပြာမလုံဘူးဗျာ။ အမှန်အတိုင်းပြောရရင် ကျွန် တော်ဆိုရင် သရက်ထောင်ထဲမှာ တစ်ယောက်တည်းကျန် ခဲ့တဲ့ ကိုသန်းဇော်ရဲ့ မျက်နှာကို စေ့စေ့မကြည့်ဘဲနဲ့ ကျွန် တော်ကျောခိုင်းပြီး ထွက်ခဲ့ရတာ။ တစ်ယောက်တည်း ကျန်ခဲ့တဲ့သူတွေ အများကြီးရှိတယ်။ သူတို့အတွက် ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ ပေးရပါမယ်။ အဲ ဒီအတွက် ကျွန်တော်စဉ်းစားတယ်။ ဟောဒီအားလုံးက သူတို့ ကြားသွားအောင် စကားတစ်ခွန်းလောက်များ အတူတကွ ပြောပေးနိုင်ကြမလားလို့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသမားများ၊ အမြန်ဆုံး လွတ်မြောက်ပါ စေ ဆိုတာလောက်ပါပဲ။ ထောင်နံရံတွေ ပဲ့တင်ထပ်သွား အောင် ကျွန်တော်တို့ အော်နိုင်ပါတယ်။
စဉ်းစားထားတာ ညီအစ်ကိုတွေ ပြန်ဆုံချိန်တစ်နေ့နေ့မှာတော့ ဒေါ်လာ တွေကို ရောင်စုံပုသိမ်ထီးကလေးလုပ်ပြီး မြိုင်မြိုင်ဆိုင် ဆိုင် ခါးပတ်တွေကြားမှာ ဧရာဝတီဆိုတဲ့ အသံ ဦးရွှေ ရိုးကနိုင်ပါစေဆိုပြီး ကျွန်တော်က ကဗျာဆန်ဆန်တွေး လာခဲ့ပေမဲ့ ညီအစ်ကိုတွေ ပြန်မဆုံနိုင်သေးဘူး။ ဘာဖြစ် လို့လဲ ကျွန်တော်တို့ရဲ့ လျှာတွေကပဲ ခါးလို့လား စနစ် ဆိုးရဲ့ အသီးကပဲ ခါးနေသလား၊ ကျွန်တော်စဉ်းစား တယ်။ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ လျှာတွေ ခါးလို့ မဟုတ်ဘူး။ စနစ်ဆိုးကိုက ခါးနေလို့ပါ။ ခေတ် သစ်စနစ်သစ်တစ်ခုရဲ့ ချိုမြိန်တဲ့ အရသာကို ကျွန်တော် တို့လည်း ငတ်ငတ်မွတ်မွတ်ကြီး သုံးဆောင်ချင်လှပါပြီ။ နောက်လာမယ့် မျိုးဆက်တွေအတွက်ပါ ကျွန်တော်တို့ အပင်စိုက်သူတွေလို စိုက်ခဲ့တဲ့ အပင်ဟာ ၂၃ နှစ်အကြာ မှာ တစ်စုံတရာသော အတိုင်းအတာ ရောက်ခဲ့ပါပြီ။ သီးချိန်တန်ပါပြီ။ ပွင့်ချိန်တန်ပါပြီ။ အဲဒီ အသီးအပွင့် တွေကို ဆက်ပြီးခံစားဖို့အတွက် ထိန်းသိမ်းဖို့ တာဝန်ရှိ ပါတယ်။ စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ အသီးအ ပွင့်တွေကို ဝိုင်းပြီး ကာကွယ်ကြမယ်မဟုတ်လား။ (ခဏ သူတို့ ဘာဖြစ်ချင်လဲ မေးလိုက်ဦးမယ်) ကျွန်တော်အသံ ကောင်းတဲ့ သူလည်းမဟုတ်လို့ ထောင်ထဲမှာကျတော့ နောက်ဆုံးရေးခဲ့တဲ့ သီချင်းရှိပါတယ်။ ကျွန်တော်ကိုယ် တိုင်က ရေးသားပြီးတော့ ကျွန်တော်နဲ့ အတူနေခဲ့တဲ့ ကိုရဲခေါင်ထွဋ်က သံစဉ်ကို တာဝန်ယူထားပါတယ်။ အဲဒီသီချင်းကိုပဲ ကျွန်တော့် ညီ၊ ညီမတွေက ဝိုင်းပြီး ဆိုမယ်ဆိုရင် ပိုပြီး ကျက်သရေ မင်္ဂလာ ရှိမယ်။ ပြီးတော့ ခမ်းနားမယ် မြင်ပါတယ်။ သဘောတူပါလား။ (တူပါတယ်ဟုသံပြိုင်
အသံနှင့်လက်ခုပ်သံများ) The Messenger
Saturday, January 21, 2012
၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား
by TheMessenger NewsJournal on Saturday, January 21, 2012 at 8:04am
၂၁-၁-၂၀၁၁ နေ့လည် ၂ နာရီမှ ၄ နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား အပြည့်အစုံဖြစ်ပါသည်။
ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော် က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန် ထွက်လာတဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေသိမ်းတဲ့နေ့ပါ။ လောကဓမ္မတာအရပြောရင် ထိုက်တန်တဲ့ တုန့်ပြန်မှုနဲ့ ရလဒ်တွေကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။
ဆိုလိုတာကတော့ ခုလို သတင်းမီဒီယာ  သမားတွေရဲ့ရှေ့မှာ တဖျတ်ဖျတ်တောက်နေတဲ့ ဓာတ်ပုံ မီးတွေရဲ့အောက်မှာ ကျွန်တော်တို့ရပ်ပြီးတော့ စကား ပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ကျန် ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိသူမသိဘဝနဲ့ အသက်စွန့် သွားတဲ့ ကျောင်းသားလူငယ်တွေ၊ ဘဝရဲ့အစိတ်အပိုင်း များစွာကို ချပေးခဲ့ရပြီးတော့ ဒီလောကကို စွန့်လွှတ်သွား ရသူတွေ ကျောင်းသူပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော် တို့ မတ်တပ်ရပ်နေနိုင်သေးတဲ့အချိန် ဒီနေ့၊ ဒီအချိန်လို  အခင်းအကျင်းမျိုးမှာ အခု သတင်းလောကမှာရော ပြည် သူလူထုရဲ့ ပြန်ကြားရေးလောကမှာရော ရေပန်းစားနေ တဲ့ မေးခွန်းတွေရှိပါတယ်။
အဲဒါက ဘာလဲဆိုတာ့ နိုင်ငံ ရေး အခြေအနေကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ မေးခွန်း ပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတာကို ဘယ်လိုမြင်သ လဲဆိုတဲ့ ကိစ္စပါ။ တော်တော်ကို ကျယ်ကျယ်လောင် လောင် ကြားနေရပါတယ်။ အကောင်းမြင်သလား၊ အဆိုး မြင်သလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် အထူးသဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက် တွေ လက်ရှိ ပကတိနိုင်ငံရေးအခြေအနေ ဘယ်လိုမြင် သလဲဆိုတော့ '' တစ်ဝက်ကြီးများတောင်လို့လည်း အ ကောင်းမမြင်ပါဘူး။ တစ်ဝက်တည်း နည်းလိုက်တာလို့ လည်း အဆိုးအမြင်ပါဘူး'' တကယ်တော့ ကျွန်တော်တို့ က ရေရှိမှ အသက်ရှင်မယ့် ငါးလိုပဲ။ ငါးတွေအတွက် ကတော့ တစ်ဝက်ကိစ္စ မဟုတ်ပါဘူး၊ အသက်ကိစ္စပါ။ ရေများဖို့လိုပါတယ်။
ဒါကြောင့်လည်း သတင်းသမား တွေ၊ မီဒီယာသမားတွေ သိပါလိမ့်မယ်။ ၂၃ နှစ်တာ ပေးဆပ်ပြီးတဲ့နောက်မှာ ရလာတဲ့ အသီးအပွင့်တွေအဖြစ် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်းမီဒီယာသမား တွေ တာဝန်ကိုထမ်းနေကြတယ်လို့ ကျွန်တော်သိတယ်။  ဒါပေမဲ့ ကျွန်တော်တို့ရလာသမျှကတော့ ပြည်တွင်းသတင်း  ငတ်မှုဆိုတဲ့ ပြဿနာမှာ အကြောင်းအရာ တစ်ခုဆိုပါ တော့၊ ၂ဝဝ၈၊ ၂ဝ၁ဝ အဲဒီတုန်းကဆိုရင် သတင်းမီဒီ ယာတွေရဲ့ ဖော်ပြနိုင်စွမ်းက ဖက်တစ်ဖက်တည်းကိုပဲ တင်ပြရပါတယ်။ အဲဒီအခါကျတော့ မတူကွဲပြားခြားနား  တဲ့ အမြင်တွေအတွေးတွေကို ဖော်ပြခွင့်မရတဲ့အခါမှာ တစ်ဖက်သတ်ဖော်ပြတဲ့ အချက်အလက်တွေကပဲ အမှန် တရာဆိုတာ ဖြစ်ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်း  မယ်ဗျာ။
ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော် တို့ဆန္ဒကို နားလည်ကြမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အတူတူ အဲဒီအပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ် ရတာပါပဲ။ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ပါသလို၊  စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ အတွေးမျိုးနဲ့  ဆိုရင်တော့ ဒီလောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထားရတာတွေ၊ အဲဒီလို တစ်ဖက် သတ် အမြင်တွေ      ဖော်ပြလို့ မကြိုက်တာတွေကို မိမိနဲ့ သဘောမကျ တာတွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။သဘော ထားတွေ၊ အယူအဆတွေ အမျိုးမျိုးတင်ပြနိုင်ကြပါစေ ဆိုတဲ့ လွတ်လပ်ခွင့်မျိုးကို စာပေလောကသမားတွေ ထပ်ပြီး ခြေလှမ်းလှမ်းကြဖို့ ထပ်ပြီးတော့ ရေးကြထည့် ကြဖို့ ကျွန်တော်တိုက်တွန်းပါရစေ။
တချို့က ပြောပါ တယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ် လဲ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံးသိခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ မျိုး ဆက်အားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ အဲဒီ မျိုးဆက် တွေဟာ ၈၈ အရေးတော်ပုံကြီး ပြီးတဲ့အခါမှာ နယ်ပယ် အသီးသီးကို စိမ့်ပြီး ဖြာပြီး ဝင်ရောက်သွားပါတယ်။  ဒီအချက် အရေးကြီးပါတယ်။ စီးပွားရေးလောက၊ အနု ပညာလောက၊ သတင်းမီဒီယာ၊ နိုင်ငံရေးသီးသီးသန့် သန့်လုပ်မယ့် လောက ဒီလိုပဲ အများပြည်သူအကျိုးကို သယ်ပိုးမယ့် အသင်းအဖွဲ့တွေ ပရဟိတလောကတွေထဲ ကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေ အထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့ အားနဲ့ ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့ အသီးသီးသော အစိတ် အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင်အဖွဲ့အစည်း တွေထိ ရောက်ခဲ့ပါတယ်။ အဲဒီအင်အားစုတွေရဲ့ စိတ်တွေ အဲဒီတုန်းက လူငယ်တွေ ၈၈ ရဲ့ ပုံရိပ်တွေပါ။ ဒီနေ့ မြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မသွေးကြောကြီး ထဲကလို တစ်ဆတ်ဆတ်ခုန်နေကြတုန်းပါ။
ဒီနေ့ သတင်း သမားတွေရှေ့မှာ ရပ်ရတဲ့ ၈၈ တွေဟာ ဘာလဲ ဆိုတော့ မကြာမီကမှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်း  ထောင်တွေကနေ ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြင့်ရင် ၈၈ တွေ ဘာလုပ်မှာလဲ၊ မေးခွန်းရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ သမိုင်းမှာ ၈၈ ပြီးတော့မှ နယ်ပယ်အသီး သီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်ထဲကပြန် ထွက်လာပြီး ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ်နဲ့အားမရ နှစ် ကြိမ်၊ နှစ်ကြိမ်နဲ့အားမရ သုံးကြိမ်ဆိုသလို၊ သံကောင်း မှန်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီး အတိုက်ခံ ပေမှာ ထပ်ပြီး အထုခံတဲ့ ဓားတွေအဖြစ် လောကကြီးထဲ ပြန်ရောက် လာတာပေါ့။ အဲဒီတော့ ၈၈ တွေက ဘာဆက်လုပ်မှာ လဲဆိုတဲ့မေးခွန်းဟာ နယ်ပယ်အသီးသီးမှာရှိပြီးသားဖြစ် တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီး လက်တွဲ ကြဖို့ ကျွန်တော်တို့နယ်ပယ်အသီးသီးကို ထပ်မံဖြန့်ကျက် ပြီးော့ အများအကျိုး၊ တိုင်းပြည်အကျိုး၊ လောကပါလ တရားသုံးပါး ထွန်းကားဖို့အရေးကို ဆက်ပြီးတော့ ဆောင် ရွက်သွားမှာပါလို့။ အဲဒါကို ကျွန်တော်ပြောချင်ပါတယ်။
အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ရှိခဲ့ပါတယ်။ ယေဘူယျအားဖြင့် မှန်ချင်မှန်ပါလိမ့် မယ်။ High Light အနေနဲ့တော့ ကျွန်တော်တို့ဟာ လောက ပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတရေး၊ လွတ်လပ် ခြင်း တန်းတူညီမျှခြင်းဆိုတဲ့ အချက် သုံးပါးနဲ့ ပတ် သက်ရင်တော့ လောကပါလတရားသုံးပါးကို တည် ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာတော့ ဘက်မ လိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလ တရား သုံးပါး တည်ထောင်သူဘက်ကနေ ပြတ်ပြတ် သားသား ဘက်လိုက်ရမှာ အဲဒါလေးကို အသိပေးပါရ စေ။ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံး ကိုယ်စားပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူ တွေနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စပါ။
 ဒါ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာ ပြည်သူလူ ထုရဲ့ ပေးဆပ်မှုရဲ့ နောက်ဘဝများစွာ အသက်များစွာ စတေးပြီးတဲ့နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြင်း ပယ်လို့မရတဲ့ ပကတိမျက်မှောက်တရားအဖြစ် နောက် ဆုံး လက်ရှိအစိုးရကိုယ်တိုင် လက်ခံထားပါပြီ။ အဲဒါ ပြည်သူ့အောင်ပွဲ၊ လူထုအောင်ပွဲဆိုတာကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ် ခြယ်ခြင်း အခွင့်ထူးခံခြင်းဆိုတဲ့ အဟောင်းကြီးကို ဖက် တွယ်ထားချင်တဲ့သူတွေကတေ့ နေရာတကာမှာ ရှိဦးမှာ ပါပဲ။ လွန်ဆွဲပွဲတစ်ခုလိုပါ။ လွန်ကြိုးနှစ်ဖက်ပဲရှိပါတယ်။  ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစု တွေ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့က တစ်ဖက်၊ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုသူတွေကတစ်ဖက် အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ က ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများဘက်ကပဲ လွန်ဝင်ဆွဲဦးမှာဆိုတာကို ရှင်းရှင်လးင်းလင်း ကတိပေး ထားပါတယ်။
အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ  အခုလို ရပ်ပြီး စကားပြောရတဲ့ ကာလ ဘာဖြစ်လဲဆို တော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရ ကမ္ဘာ ပျက်မယ့်နှစ်မှာ ကျွန်တော်တို့ ကျွန်ပြန်ဖြစ်ခဲ့ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဆို တော့၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူတွေ အများစုက တစ်ကယ်တမ်းသာ ဦးညွတ်မယ်ဆိုရင်တော့ ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံသစ်တည်ဆောက်ရုံတင် မက ဘူး။ ကမ္ဘာသစ်ပါ တည်လို့ရမယ်ဆိုတာ ယုံ့ပါတယ်လို့ ပြောရင်း ကျွန်တော့်စကားကို အဆုံးသတ်ချင်ပါတယ်။
Share