ဒါတွေကို ဘယ်လိုမှ မမေ့နိုင်
by Ye Myint on Wednesday, September 19, 2012 at 7:34am ·
ဒီနေ့ ဆို မြန်မာပြည်မှာ စက်တင်ဘာ ၁၉ ရက်ဘဲ။
ဟိုးငယ်ငယ်တုံးက 1988 စက်တင်ဘာ ၁၈ ညနေမှာ ဒီကောင်တွေ အာဏာသိမ်းတယ်ဆိုတဲ့  ကြေငြာချက်ကို ကြားကြားချင်း ဗကသ ဗဟို (ဆေးရုံကြီးရှေ့ ၊ လသာ အထက ၂) ဆီကို ပြန်ပြေးလာခဲ့ တယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖျောက်ဖျက် ကြဘို့ ပေါ့ ။ ကျနော့ လိုဘဲ ပြန်ပြီး အပြေးရောက်လာတဲ့  သူငယ်ချင်းတွေလည်းတွေ့ ရတယ်။ ဒေါသကလည်း ငယ်ထိပ်ရောက်နေတော့  ဘယ်သူတွေလည်းတောင် သေချာမကြည့် မိဘူး။ မျက်လုံးတွေလဲပြာနေတယ်။ ကျနော်စိတ်ပူတာက အလှူငွေဖြတ်ပိုင်း တွေဘဲ။ ဗကသ ကို မိဘပြည်သူတွေက လှူထားတာ နဲတာမှ မဟုတ်တာ။ ဖြတ်ပိုင်းတွေထဲမှာ အလှူ့ ရှင်တွေ နာမည်တွေ ၊ အများအားဖြင့် လိပ်စာတွေလည်းပါတော့ ၊ ဒီစာရွက်စာတမ်းတွေကို လုံခြုံစွာသိမ်းဆည်းဘို့ ဒါမှမဟုတ် လိုအပ်ရင် ဖျောက်ဖျက်ပစ်ဘို့ ခေါင်းထဲဝင် လာတယ်။ ဧရာဝတီတိုင်းဖက်က သင်္ဘောနဲ့ လာလှူထားတဲ့  ဆန်အိပ်တွေကလည်း စာသင်ခန်းအနဲ ဆုံးနှစ်ခန်းလောက်အပြည့်ထင်တယ်။ ဒါနဲ့ အလှူငွေဖြတ်ပိုင်းတွေကို ကျနော်တာဝန်ယူပြီး လုပ်မယ်လို့  သူငယ်ချင်းတွေကို ပြောမိတယ်။ မှတ်မှတ်ရရ မဟာမင်းကြီးအောင်သန်း (ကိုအောင်သန်းကြီး ၊ ယခုကွန်လွန်၊ ABSDF) ရဲ့ စစ်ကျောပိုးအိပ်ကြီးကို ယူပြီး ထည့် သိပ်ရတာ အိပ်ကြီး ပြည့် လုရော။ အဲ့ ဒီကျောပိုးအိပ်ကြီး ကျောပေါ်တင်ပြီး ဘယ်သွားထားရမလဲ စဉ်းစားရတယ်။ ခေါင်းက အရမ်းပူနေတာ့  အဖြေကလဲထွက်မလာ။ စိတ်ကို လျှော့လိုက်ပြီး စဉ်းစားတော့ ရှေ့ တည့်တည့် က ဆေးရုံကြီးသွားမြင်တယ်။ ကျနော် ၂၁ နှစ်လောက်က GI surgery လုပ်ခဲ့ ရတော့  လူနာဆောင် (၇) က ဆရာဝန်ကြီးတွေရော၊ တချို့ ဝန်ထမ်းတွေနဲ့  သူနာပြု တချို့ ပါ ရင်းနှီးနေသေးတယ်။ အဲ့ ဒီ Ward 7 ကို တက်သွားပြီး ဆရာဇော်ကို ရှာရတော့တယ်။ ဆရာဇော် (senior surgeon) ကလည်းကျနော့ ကိုမှတ်မိပါတယ်။ သူ့ ခွင့် ပြုချက်နဲ့ ကိုကျော်မြင့်  Office ထဲသွားဖွက်ထားလိုက်တယ်။ ကိုကျော်မြင့် ရော ဆရာဇော်တို့ ရော Nurse တွေအားလုံးလဲ ဒီအာဏာသိမ်းတဲ့ ကြေငြာချက်ကြောင့်  အတော့ ကို မခံမရပ်နိုင်ဖြစ်နေတာ သူတို့ မျက်နှာတွေမှာ မြင်နေရတာပေါ့ ။ ကျနော်မှာခဲ့ တယ်။ ကျနော် နှစ်ပတ်အတွင်းလာမယူရင် ခွဲစိတ်ခမ်းက အမှိုက်တွေနဲ့ ရောပြီး ဖျောက်ဖျက်ပေးပါလို့ ။ ဘယ်ပြန်သွားယူနိုင်တော့မှာလဲ။ စက်တင်ဘာ ၂၅ မှာ နယ်စပ်ကို ထွက်ခဲ့ တာကိုး။ ဆေးရုံကြီးကပြန်ဆင်းလာတော့ မှောင်ရီပျိုးလေးထင်တယ်။ ကိုယ်နေတဲ့ အရပ်ကို မပြန်နိုင်တော့ဘဲ အဲ့ ဒီနားဝန်းကျင်က သူငယ်ချင်းအိမ်မှာ သွားအိပ်ရတယ်။ တညလုံးအိပ်လို့ မရဘူး။
ကိုယ့် မင်းကိုယ့် ချင်းရပ်ကွက်က လူထုက ညကြီးမိုးချုပ်ထဲမှာ အာဏာသိမ်းရင် အာဏာဖီဆန်တယ်ကွဆိုပြီး ၊ စစ်ကြောင်းနဲ့ ထွက်လာတာ။ မြို့ တော်ခန်းမရှေ့ မှာ ညမှောင်မှာင်ထဲ ပစ်ခံကြရတာ G3 သံတွေ မိုးလုံးညံနေတာဘဲ။ ကျနော် ဘာမှလဲမတတ်နိုင်။ ဒေါသမျက်ရေဘဲဆက်တိုက်ကျနေတယ်။ အဲ့ ဒီစစ်ကြောင်း လူဘယ်လောက်သေသွားတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ညအမှောင်ထဲမှာ။ တချို့ သူငယ်ချင်းတစုကလဲ ကုန်သွယ်ရေးဝန်ကြီးရုံးက သိမ်းထားတဲ့  M-79 နဲ့  ၀န်ကြီးများရုံးသွားပစ်တာ တမြို့ လုံးကြားလိုက်ရတယ်။
အဲ့ ဒီည မျက်လုံးကြောင်တောင်နဲ့  အိပ်ခဲ့ ရတယ်။ နောက်နေ့ မနက် စက်တင်ဘာ ၁၉ ပေါ့။ ဒီနေ့ နှစ်ပတ်လည်ပေါ့ ။ ကျနော် အစောကြီးထပြီး ဗကသ ဗဟိုကို ပြန်သွားတယ်။ ကျနော့လိုဘဲ အစောကြီးရောက်လာတဲ့ သူငယ်ချင်းတွေလဲတွေ့ ရတယ်။ မှန်တမ်းတင်ချင်တာက ၊ အဲ့ ဒီလို ဗကသ ဗဟိုကို လာစုကြတာ အဲ့ ဒီနေ့ မနက်စောစောမှာ အခြေခံကျောင်းသာများသမဂ္ဂကအသီးသီးက အထက်တန်း အလည်တန်း ကျောင်းသား ကျောင်းသူလေးတွေက ပိုများတယ်။ ဗကသ CEC မှတ်မှတ်ရရ ကိုသူရိန် (ပြန်ကြားရေး) နဲ့ နောက် တယောက်နှစ်ယောက်လောက်ပဲထင်တယ်။ ကိုပေါ်ဦးတို့ တော့ လုံခြုံရေးအရ တခြားတနေရာမှာ ရှိနေတယ်ဆိုတာ သိရတယ်။
ဒါနဲ့ ဘာဆက်လုပ်ကြမလဲ ပေါ့ ။ အားလုံးလိုလို တသံထဲနော်။ အာဏာဖီဆန်မယ်လို့  ကြွေးကြော်ကြတယ်။ ကိုသူရိန်နဲ့ ကျနော် က ကလေးတွေနဲ့ ချီတက်ကြမယ်ပေါ့ ။ တချို့ ကလည်း ပြောတာပေါ့ ၊ ညကလည်းဆက်တိုက်ပစ်နေတယ်၊ ဒီမနက်လဲ သေနတ်သံတွေဆက်ကြားနေရတယ်၊ စစ်ကြောင်းချီရင် အပစ်ခံရမယ်လို့ သတိပေးကြတယ်။ ကျနော့အနေနဲ့ ကတော့  သေပစေ သွားမယ်လို့  မဲပေးတယ်။ ဒေါသကငယ်ထိပ်မှာ ပြန်ရောက်နေတာကိုး။ ကိုသူရိန်(ပြန်ကြားရေး) လဲဒီလိုဘဲ သဘောတူတယ်။ ဒါနဲ့  စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၈ နာရီကျော်လောက်ထင်တာဘဲ။ လသာ အထက ၂ ကနေ စစ်ကြောင်းစထွက်တယ်။
ဗကသခွပ် ဒေါင်းအလံတော်ကို ကိုင်ပြီး တပ်ဦးကချီတက်မဲ့ လူရွေးတော့ အထက်တန်းကျောင်းသားလေးတွေကဘဲ အတင်းလုယူပြီး အကိုတို့ မသေနဲ့ အုံး ကျနော်တို့ အရင်သေမယ်။ အကိုတို့ လွတ်ရင် ဆက်တိုက်ပွဲဝင်ကြပါတဲ့ ။ ကျနော်တို့ ကလဲ မင်းတို့ ရှေ့ ဆက်လူ လုပ်ရအုံးမှာ ငါတို့ ယူမယ်ပေါ့ ။ ဒါပေမဲ့ မရဘူး။ ဒါနဲ့ အလှည့် ကျကိုင်ကြမယ်လို့  သဘောတူပြီး ကိုသူရိန် (ကျနော်မှတ်မိသမျှ) ၊ ကျနော်နဲ့ တချို့ ဗကသ ကျောင်းသားကြီးများပါ စစ်ကြောင်းကို ထိမ်းကွပ်ပေးရင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း ဗိုလ်ချုပ်ဈေးရှေ့ ကဖြတ်ပြီး ဗိုလ်အောင်ကျော်လမ်းလက်ကိုချီတက်တဲ့တယ်။
အစီအစဉ်က ဗိုလ်အောင်ကျော်လမ်းရောက်ရင် ညာဘာချိုး အနော်ရထာလမ်းကိုဖြတ်ပြီး ၀န်ကြီးများရုံးရှေ့ ဂိတ်ဝတဲ့ တဲ့မှာ သွားပြီး အာဏာဖီဆန်ပြမယ် ပေါ့။ ဒါပေမဲ့  ဗိုလ်အောင်ကျော်လမ်း နဲ့ ထိတော့ ဗယ်ဘက်က ရထားလမ်း ဂုံးပေါ်မှာ တပ်ခွဲတခွဲနဲ့ ပိတ်ထားတယ်။ G4 တွေကို ဒေါက်နဲ့ ထောက်ပြီး ၀မ်းလျားမှောက်နေရာယူထားကြတယ်။ လမ်းကိုလဲပိတ်ထားတယ်။ ဂုံးပေါ်မှာလဲ 60 mm မော်တာတလက် ထောင်ထားသဗျာ။ ကျနော်တို့ ကလည်း အဲ့ ဒီဗယ်ဘက်ကို ချိုးကွေ့ ဘို့  အစီစဉ်မရှိပါဘူး။ ညာဘက်ပဲချိုးကွေ့ ကြတာပေါ့ ။ သမဂ္ဂကြွေးကျော်သံတွေ ညံအောင် ကြွေးကြော် ၊ ခွပ်ခေါင်းအလံတွေကို ဝှေ့ ရမ်းပြီး ညာဘက်ချိုးကွေ့ တယ်။
အဲ့ ဒီအချိန်မှာဘဲ မြို့ တော်ခန်းမရှေ့ မှာ ကြည့်မြင်တိုင်ဘက်က ချီတက်လာတဲ့  စစ်ကြောင်းကို အသေပစ်နေပြီ။ သေနတ်သံ ညံနေတာဘဲ။ ညီမလေး ၀င်းမော်ဦးတို့  အထက်တန်းကျောင်းသားကျောင်းသူလေးတွေ ကျဆုံးတာ အဲ့ဒီအချိန်အဲ့ဒီမှာလို့ ဘဲ နောက်မှ ပြန်စဉ်းစားမိတယ်။ ဒါ့ကြောင့် ကျနော်တို့ စစ်ကြောင်း ၀န်ကြီးများရုံးဂိတ်ဝကို မသွားတော့ဘဲ အနော်ရထာလမ်းမှာ ညာထပ်ချိုးပြီး မြို့ တော်ခန်းမရှေ့ ဘက်က အပစ်ခံနေရတဲ့ စစ်ကြောင်းတွေနဲ့ သွားပေါင်းမယ်လို့ ပေါ့ ။
ဒါပေမဲ့  ချိုးချိုးချင်းဘဲ ၀န်ကြီးများရုံးအမိုးပေါ်တွေဆီက ပုံးစောင့် နေတဲ့ ကောင်တွေက ပစ်ပါလေရော။ အလှည့် ကျအလံကိုင်ထားတဲ့ ကျောင်းသားလေး ခွေကျသွားတယ်။ ရုပ်ရှင်ထဲက slow motion လိုဘဲ။ ကိုသူရိန်ရဲ့အော်ဟစ်အားပေးသံ ၊ စစ်ကြောင်းတခုလုံးက ကြွေသံတွေ နားထဲမှာ သေနတ်သံတွေနဲ့ မသဲမကွဲဘဲ ဆူညံနေတာဘဲ။ ကျနော်လဲ ကြွေးကြော်တာဘဲ။ ဆက်တိုက်ပစ်တော့  ရှေ့ ဆုံးက ကလေးတွေကျတာများတယ်။ ခွပ်ဒေါင်းအလံတော်ကို ကျနော်တို့ အလှည့်ကို ပေးလို့ ကို မကိုင်တာ။ ဆက်တိုက် လဲကျနေတာ့ အားလုံးဝတ်ကြ အားလုံးဝတ်ကြ ဆိုတဲ့ အသံတွေ ဆူသွားတယ်။ ကျည်ဆံတွေလဲ တရွီးရွှီးနဲ့ အနားကရော အပေါ်ကရော ဖြတ်ပြေးနေတယ်။ အားလုံးလဲ ၀တ်ချလိုက်ကြတယ်။ ရှေ့မှာ ရော အလည်မှာရော နောက်မှာရော ထိကြတာဘဲ။ G3 ကျည်ဆံက သိပ်အားပြင်းတာကိုး။ ငါးမိနစ်လောက်ထင်တယ် ပစ်လဲပြီးရောတချက်နားကြတယ်ထင်တယ်။
ကျနော်တို့ စစ်ကြောင်းက ကံဆိုးစွာနဲ့ မြို့ တော်ခန်းမရှေ့ မှာလိုစစ်ကြောင်းတွေမစုံတော့ သေသူ ဒဏ်ရာရသူတွေကို ဘေးက၀င်ဆွဲမဲ့ ပေးမဲ့ လူလဲမရှိ။ ထပြေးတော့လဲ အပစ်ခံရတယ်။ ၀တ်နေမှ၊ ဒါနဲ့  လူနဲနဲစီ ထပြေးကြလို့ ဝိုင်းအော်ကြတယ်။ တစုလောက်ထပြေးလိုက် ပစ်လိုက်ဘဲ၊ လွတ်တဲ့ လူလဲလွတ်။ မလွတ်တဲ့ လူလဲ ကျဆုံးပေါ့ ။ ပြေးကြတာက နောက်ဖက်ကို။ စိန့် ပေါကျောင်းအုပ်နံရံဘေးကပ်ပြီး ဗိုလ်အောင်ကျော်လမ်းပေါ် ချိုးချကြတာပါဘဲ။ နောက်ဆုံးလူနဲလာမှ ကျနော် ထပြေးတဲ့ တစုထဲပါတယ်။ ထုံးစံအတိုင်းထလဲ ပြေးရော သူတို့ ကလည်း ပစ်ပြန်တာပေါ့ ။ ကျည်ဆံတွေ အုပ်နံရံမှန်တဲ့ အသံတွေရော ထိသွားတဲ့ သူတွေအသံတွေရော နားထဲလုံးထွေးနေတယ်။ အုပ်နံရံဘေး ချိုးကွေ့ ပြီးလို့  တခြားကိုယ့် လိုဘဲ လွတ်လာတဲ့ လူတွေနဲ့ ပြန်စုပြီးမှ ကဗျာကယာကိုယ့် ကိုယ်ကို ပြန်ကြည့်  လက်နဲ့ လိုက်စမ်းပြီး ငါ့မှာရောထိထားလားပေါ့ ။ တချို့ ဆို သွေးပူနေတော့ ထိတာကို မသိဘူး။ သွေးတွေကျလာမှသိတယ်။ ဒါနဲ့ မသေတဲ့ သူတွေ ဗိုလ်ချုပ်လမ်းအတိုင်း ဗကသ ဗဟိုဆီပြန်သွားကြတယ်။
ဘားလမ်းထိပ်ရောက်မှ ကျနော့် စိတ်မှာတွေးလာတယ်။ ကျဆုံးသွားတဲ့ သူတွေဘယ်လောက်ရှိမလဲ ၊ မသေမရှင်တွေကျန်ခဲ့ ရင် ဘယ်လိုလုပ်မလဲလို့ တွေးပြီး ၊ တယောက်ထဲ ပြန်လှည့်ပြန်တယ်၊ တယောက်ထဲဆိုတော့  စစ်ကြာင်းလိုက်ကြီးမဟုတ်တော့ မပစ်ဘူး။ ဒါနဲ့ စိန့် ပေါကျောင်းဘေးအုပ်နံရံနဲ့ ပြန်ကပ်ပြီး အပစ်ခံခဲ့ ရတဲ့ နေရာကို ပြန် ချောင်းကြည့်တယ်။ သွေးကွက်ကြီးတွေ အများကြီးကလွဲလို့ ဘာမှ မကျန်တော့ပါဘူး။ ချက်ချင်း အလောင်းတွေရော ဒဏ်ရာရတဲ့ လူတွေရောကို ကားနဲ့ သယ်ထုတ်သွားတယ်ထင်တယ်။
အဲ့ ဒီနေရာမှာ ဖိနပ်တွေ ဦးထုပ်တွေ ခမောက်တွေဘဲ သွေးကွက်တွေပေါ်မှာ တွေ့ ရတော့တယ်။ ဒါကိုဗျာ အင်မတန်ဆင်းရဲတဲ့  ကလေးတသိုက်က ဖိနပ်တွေကို ကောက်ယူနေတယ်။ ကျနော်လဲထပ်ပြီး ရင်နင့် သွားတယ်။ သူတို့ လေးတွေက ပြန်ရောင်းစားမှာ။ စားဝတ်နေရးအတွက်။ ဒါပေမဲ့  ကျနော်ကလဲ ကျဆုံးသူတွေရဲ့ ဖိန်တွေဆိုတော့ သူတို့ ကို အော်ထုတ်ပြီး ခမောက်နှစ်လုံးနဲ့  ကျဆုံးသူတွေရဲ့ ဖိနပ်တွေပြန်သယ်လာခဲ့တယ်။ ဘားလမ်းထိပ်ရောက်တော့  စပါယ်ဦးတေးသံသွင်းဘက်မှာ သူငယ်ချင်းတချို့ စုတတ်လို့ ဘားလမ်းထဲ ချိုးချပြီး စပါယ်ဦးတေးသံသွင်းဆိုင်ဘက်ကို ရောက်သွားတယ်။ ကြက်ဖကြီးတို့  (ထွန်းထွန်း Now, Aussie) နဲ့ ကျော်ဌေးတို့ နဲ့ ပြန်ဆုံတယ်။ ကျနော့ပုံက ချွေးတွေသံတွေထွက် ခမောက်နှစ်လုံးမှာ ဖိနပ်တွေ အပြည့် နဲ့ ဆိုတော့ သူတို့ ကလည်း ကျနော့ကို ဘယ်ဖြစ်လာတယ်ဆိုတာ ခန့်မှန်းလို့ မရဘူးလားမသိဘူး။ ကျနော်လဲ စကားလုံးတွေ ဗလုံးရျှုပ်ထွေးနဲ့  ပြေပြတော့မှ ကျနော်သယ်လာတဲ့  ဖိနပ်တွေအကြောင်း ဇာတ်ရည်လည်သွားတယ်။ အဲ့ ဒီကနေ ရှေ့ ဆက်တာတွေ အများကြီးပါဗျာ။
ကျနော်မှတ်မိခဲ့ တဲ့  ဟိုးရှေးရှေးတုံးက စက်တင်ဘာလ ၁၉ ရက်နေ့  တနေ့ ရဲ့  မနက်ခင်းပါဗျာ။ ခုအချိန်ဆို တို့ တိုင်းပြည်မှာ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ဘဲ၊
September 18, 6:55 PM EST, USA.
ကျဆုံးသွားတဲ့  သူတွေကို တနေ့ မှ မမေ့ပါ။

No comments:
Post a Comment