Wednesday, September 26, 2012

သီရိညွန့်မှ မြန်မာနိုင်ငံရှိ ညီမထံ အိတ်ဖွင့်စာ



ညီမလေး
အစ်ကို့ကို သတိတရစာရေးလို့ ဝမ်းသာပါတယ်။
အစ်ကို ဆရာကြီးလုပ်ပြီးသည် စာကို ရေးတာမဟုတ်ပါဘူး။ အစ်ကို ရေးတာ ဖတ်ချင်တယ်ဆိုလို့ အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ဆီ ရေးတာလို့ မှတ်ယူစေချင်ပါတယ်။
မြန်မာပြည်ပြန်လာချင်တာပေါ့ ညီမရယ်။ သို့ပေမယ့်လည်း အစ်ကို အရင်ပြောခဲ့သလိုပဲ လောလောဆယ်တော့ ပြန်မလာဘဲတင်းခံနေတုန်းပါပဲ။
အစ်ကို့ ညီမအရင်းမတွေ့ရတာ ၂၄နှစ်ရှိပြီ။ ရွှေတိဂုံဘုရားကိုလည်း ဦးခိုက်ဖူးမြော်ချင်လှပြီ။ ကျန်တာတွေတော့ မရေးတော့၊ မတွေးတော့ပါဘူး။ စိတ်ပျော့ညံ့သွားပြီး အညံ့ခံမိမှာစိုးလို့ တတ်နိုင်သမျှမတွေးဘဲ မေ့မေ့ပျောက် ပျောက်ပဲနေပါတယ်။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို မေ့ထားတယ် လို့ပြောတာပါ။ တိုင်းပြည်နှင့် လူမျိုးကိုတော့ ဘယ်တော့မှမေ့မထားပါဘူး။
တစ်ခုပဲတိုင်းပြည်အတွက် ကြိုးပမ်းနေကြတဲ့ မျိုးဆက်သစ်၊ မျိုးဆက် ဟောင်းတွေအားလုံး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေလိုသူများရဲ့ ညှပ် ကြောင်းထဲ ဆင်ထားတဲ့အကွက်ထဲ သူတို့လိုချင်တဲ့ပုံစံထဲ အချိန်ကိုက် တိုးဝင်သွားမိပြီး၊ ၈၈ မျိုးဆက်အချင်းချင်းကော၊ မျိုးဆက်တူတူ၊ မတူတူ စိတ်ဝမ်းကွဲ၊ လက်တွဲဖြုတ်ကြတာမျိုးတော့ မဖြစ်စေချင်ဘူး။ ခေတ်အဆက် ဆက်၊ တော်လှန်ရေးအဆက်ဆက်၊ဘယ်နိုင်ငံမှာ၊ ဘယ်နေရာမဆို၊ အချောင် သမားတွေ၊ အခွင့်အရေးသမားတွေ၊ လူမဆန်အောင်မှားတဲ့သူတွေရှိကြ၊ ရှိခဲ့ကြတာပါပဲ။ တစ်ဦးတစ်ယောက်၊ တစ်အုပ်စုရဲ့ အမှားကြောင့် တစ်ခုလုံး ကို ပစ်ပယ်တာမျိုး မဖြစ်သင့်ဘူး။ ခြေမ မကောင်းရင် ခြေမကို ဖြတ်ဆို တာမျိုးပဲ ဖြစ်သင့်ပါတယ်။
အစ်ကိုတို့တတွေ တိုင်းပြည်ကို ပစ်ပြီးထွက်သွားတာ မဟုတ်ပါဘူး။ အိမ်ကထွက်သွားတာမှန်ပေမယ့် တိုင်းပြည်ထဲမှာပဲ စစချင်းရှိနေခဲ့ကြပါ တယ်။ မြန်မာပြည်ထဲမှာပဲ နယ်စပ်တစ်လျှောက်က တောတောင်၊ လျှို မြောင်တွေထဲမှာ စားစရာမရှိ၊ ငှက်ဖျားနှင့် လုံးပြီးဆေးမရှိ၊ ဆန်မရှိတဲ့ ဘဝကစခဲ့ကြရတာပါ။ ဘယ်သူမှ တောထဲမှာ ဇိမ်နှင့်မနေခဲ့ကြရပါဘူး။ ထွက်လာတဲ့သူအများစုဟာ ငြိမ်းချမ်းစွာတောင်းဆိုလို့ မရတော့လို့ စစ်ဆို တာမကောင်းဘူး ဆိုတာသိပေမယ့် လက်နက်ကိုင်တိုက်ယူမှပဲရတော့မယ် လို့ ယုံကြည်ဆုံးဖြတ်ခဲကြလို့ ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်ကြတော့ မယ်ဆိုပြီး တိုင်းပြည်နှင့်လူမျိုးကို ကယ်တင်လိုချင်တဲ့စိတ်နှင့် ထွက်လာ ခဲ့ကြတာပါ။ တချို့လည်းတိုက်ပွဲတွေမှာကျသွားကြတယ်။ ငှက်ဖျားကြောင့် သေတဲ့ သူကသေ၊အသတ်ခံရလို့သေတဲ့သူတွေ၊ ပျောက်သွားသူတွေ၊ ခြေ လက်အင်္ဂါ ပေးလှူခဲ့ရသူတွေပြောရရင်တော့ ရင်နာစရာတွေ ရင်နှင့်အမျှပါပဲ လို့ဆိုရမှာပါပဲ။
တချို့ကတော့ လပိုင်းပဲနေသွားခဲ့တယ်။ တချို့ကနှစ်နဲ့ချီပြီးနေခဲ့ကြ တယ်။ တချို့ကတော့ ဆယ်စုနှစ်တစ် ခုထိ အခုဆို ဆယ်စုနှစ် နှစ်ခုကျော် ထိနေလာခဲ့၊ နေနေဆဲတွေရှိနေတုန်းပဲ။ အင်အားချင်းမမျှလို့ စခန်းတွေတစ်ခု ပြီးတစ်ခုကျ၊ နောက်ဆုံးမာနယ်ပလောဌာနချုပ်အပါအဝင် စခန်းတွေ အားလုံးပြုတ်ပြီး နေစရာမရှိတော့မှ နိုင်ငံခြားကို အားမတန်မာန်လျှော့ပြီး ထွက်ခဲ့ကြရတာအများစုပါ။ နိုင်ငံခြားမရောက်ဘဲ ပျောက်သွား၊ ဘဝပျက် သွားသူတွေလည်း တစ်ပုံကြီးပါ။
အများစုက ရောက်ရာအရပ်ကနေ ပြည်တွင်းမှာ တိုက်ပွဲဝင်နေကြသူ တွေကိုအင်မတန်တန်ဖိုးထားလေးစားကြပါတယ်။ဘယ်တုန်းကမှ မကောင်း မပြောခဲ့ကြပါဘူး။ မြန်မာပြည်တော်လှန်ရေးဟာ မြန်မာပြည်တွင်းမှာပဲ ရှိတယ်။ မြန်မာပြည်တွင်းမှာပဲလုပ်လို့ ရမယ်ဆိုတာ အများစုက သဘော ပေါက်ပြီးသားပါ။ လက်တွေ့လည်း လုပ်ပြခဲ့ကြပါတယ်။ နောင်လည်း ပြန်စွန့်ပြီးလုပ်ကြမယ့်သူတွေ အများ ကြီးရှိနေပါတယ်။
အခု ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့ အတိုက်အခံတွေနှင့် လက်တွဲ ညှိနှိုင်းလုပ်ဆောင်နေတာတချို့ရှိနေပေမယ့် ၁၉၈၈ စက်တင်ဘာ ၁၈ ရက် ကလိုမျိုးက အချိန်မရွေးဖြစ်ပေါ်နိုင်တယ်။ အဲဒီအခါမှာ ကိုယ်တို့ဘာလုပ်ကြ မလဲဆိုတာကို ကြိုတင်စဉ်းစားပြင်ဆင်ထားကြရင် ကောင်းမယ်။
တိုတိုပြောရရင်တော့ တိုင်းပြည် ချစ်တဲ့သူမှန်သမျှ တောခိုဖူးမှရယ်၊ ထောင်ကျဖူးမှရယ်မခွဲခြား မသတ်မှတ်ကျဘဲ ကိုယ်လုပ်နိုင်တဲ့နေရာ ကနေ လုပ်နိုင်သမျှ အားသွန်ခွန်စိုက် လုပ်ကိုင်ကြရင်၊ ‘ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါ သည်’ဆိုတာ အမှန်ပဲဖြစ်လာပါလိမ့်မယ်။
လေးစားလျက် – ကိုသီရိညွန့်

No comments: