မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဒီစကား
(ဒေါ်အောင်ဆန်းစုကြည်-ဒီလှိုင်းဂျာနယ် ၅၊၈၊၂၀၁၃)
၁၉၈၈ အရေးတော်ပုံကို အကြောင်းပြုပြီး၊ နိုင်ငံရေးထဲ ပါဝင်လိုက်တဲ့အခါမှာ
နိုင်ငံရေးကို ဘယ်လိုမူတွေအရ လုပ်သွားမလဲ၊ တော်လှန်ရေးကြီးဟာ ကျွန်မတို့
နိုင်ငံကို ဘယ်ကိုပို့ဆောင်စေချင်သလဲ ဆိုတာတွေ စဉ်းစားရပါတယ်။
တစ်နည်းပြောရမယ်ဆိုရင် အနာဂတ်ပြည်ထောင်စု
မြန်မာနိုင်ငံတော်နဲ့ စပ်လျဉ်းလို့ Vision ရှိရမယ်လို့ ယုံကြည်ခဲ့ပါတယ်။
Vision ကို မြန်မာဘာသာနဲ့ပြည့်စုံအောင် ပြောရမယ်ဆိုရင် စိတ်ကူးဥာဏ်
(စိတ်ကူးယဉ်မှုမဟုတ်ပါ) ကို အခြေခံတဲ့ မြော်မြင်အိပ်မက်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးလုပ်ဆောင်ရာမှာ လက်ကိုင်ပြုရမဲ့ မူတွေအနေနဲ့တော့ ကျွန်မ ရိုးရိုး
ပဲ မြင်ပါတယ်။ ပြည်သူတွေကို မသေချာတဲ့ ကတိက၀တ်တွေ မပေးရဘူး၊
မလှည့်ဖြားရဘူး၊ ဒါကြောင့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ရရှိဖို့အတွက်
ကျွန်မ အတတ်နိုင်ဆုံးလုပ်ပါမယ်ဆိုတဲ့ ကတိတစ်ခုသာ ပြုခဲ့ပါတယ်။
ကျွန်မ မြော်မြင်အိပ်မက်တဲ့ နိုင်ငံကတော့ သွေးစည်းညီညွတ်တဲ့၊ အေးချမ်း
တိုးတက်တဲ့ နိုင်ငံပါ။
ဒါကြောင့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးနဲ့အတူ အမျိုးသားရင်ကြားစေ့ရေးကို
ရှေ့တန်းတင်ခဲ့တာပါ။ ၁၉၈၈ တုန်းက အမျိုးသားရင်ကြားစေ့ရေးဆိုတာမှာ
တပ်မတော်နဲ့ပြည်သူအကြား ရင်ကြားစေ့ရေးဟာ အလွန်အရေးပါတယ်
ဆိုတာ အားလုံးက လက်ခံခဲ့ကြပါတယ်။ ခုတော့ ဒါကို မေ့သူတွေကလည်း
မေ့သွားကြပြီလား မသိဘူး။ ပထမဆုံး အများပြည်သူကို ကျွန်မ ပြောခဲ့တဲ့
မိန့်ခွန်းမှာပါတဲ့အတိုင်း တပ်မတော်အပေါ် မေတ္တာရှိကြောင်း ယခုလည်း
ပြောတာကို မနှစ်သက်သူတွေ ရှိပါတယ်။ လွှတ်တော်အတွင်း၊ လွှတ်တော်
အပြင်၊ တတ်နိုင်သမျှ နိုင်ငံ့အကျိုးရှေ့ထားပြီး ပူးပေါင်းဆောင်ရွက်တာကို
မကြိုက်သူတွေ ရှိသလို၊ သမ္မတဦးဆောင်တဲ့ အစိုးရကို ဝေဖန်တာကို
သဘောမကျသူတွေကလည်း ရှိပါသေးတယ်။
ဒါတွေအားလုံးဟာ တော်လှန်ရေး၊ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အမြင်
တွေ၊ အတိုက်အခံ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမြင်တွေ ကွဲလွဲတာအပေါ်မှာ
အခြေခံတယ်ထင်ပါတယ်။ ကျွန်မကတော့ တော်လှန်ရေးဆိုတာ တည်ဆောက်ရေးကာလကို ဦးတည်သွားနိုင်ရမယ်။ အမျိုးသားရင်ကြား
စေ့ရေးပန်းတိုင်ကို မျက်ချေပြတ်လို့ မဖြစ်ဘူး။ အတိုက်အခံဆိုတာ
တိုက်ရင်တိုက်၊ မတိုက်ရင်ခံ ဆိုတဲ့ သဘောမဟုတ်ပဲ၊ နိုင်ငံရေးအရ ဆန့်ကျင်
သင့်တာကို ဒီမိုကရေစီလုပ်ထုံးလုပ်နည်းဘောင်အတွင်းက ဆန့်ကျင်ရဲရသလို၊ ပူးပေါင်းဆောင်ရွက်သင့်တယ်ထင်ရင် ပူးပေါင်းဆောင်ရွက်ရမယ်လို့ ယုံကြည်ပါတယ်။
ခြုံငုံပြောရရင် ကျွန်မတို့ ပြည်သူပြည်သားအများစုဟာလုံခြုံမှုနဲ့
လွတ်လပ်မှုကို အာမခံနိုင်တဲ့ နိုင်ငံရေးစနစ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့
ရယူတည်ဆောက်ချင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မ ၈. ၈. ၈၈ အရေးတော်ပုံထဲ
ပါခဲ့တာပါ။
No comments:
Post a Comment