Sunday, August 25, 2013

သမဝါယမစနစ် မအောင်မြင်ရခြင်း စနစ်ကြောင့်မဟုတ် အကောင်အထည်ဖော်သူကြောင့်ဟု ပြည်ထောင်စုဝန်ကြီးဆို



သြဂုတ် ၂၃ ၊ ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

မြန်မာ နိုင်ငံ၏ သမဝါယမစနစ် မအောင် မြင်ရခြင်းမှာ စနစ်ကြောင့်မဟုတ် ဘဲ အကောင် အထည်ဖော်သူများ ကြောင့်သာဖြစ်ကြောင်း သမ ဝါယမဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်ဆန်းက ပြည် ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၆ရက်မြောက် နေ့  တွင် ပြောဆိုသွားသည်။

သမဝါယမစနစ်ဆိုသည် မှာ နိုင်ငံ၏ လိုအပ်ချက်ကြောင့် ပေါ်လာသော စနစ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ သမဝါယမစနစ် မှေးမှိန်ခဲ့ရခြင်းမှာ ယင်းစနစ်အား အကောင် အထည်ဖော်သူများ ၏ အားနည်းချက်ကြောင့်သာ ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး က ဖြည့်စွက်ပြောကြားသည်။

သမဝါယမပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းက ''သမဝါ ယမစနစ် အောင်မြင်ဖို့ အတွက် အောက်ခြေ အသင်းခွဲလေးတွေ ရဲ့ တာဝန်ရှိသူအပိုင်းကို ဒီမိုက ရေစီနည်းကျ ပြန် လည်ရွေးချယ် မယ်။ အသင်းသားတွေရဲ့ စည်း မျဉ်းစည်းကမ်းတွေကို အသေ အချာ ရေးဆွဲ လုပ်ကိုင်သွားမယ်။ လိုက်နာဖို့လဲ စည်းကမ်းတွေကို ချမှတ်ထားတယ်''ဟု ပြောသည်။

ဝန်ကြီးက ဆက်လက်ပြော ဆိုရာတွင် အသင်းသားများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ခွင့် ပြုထားသော ရန်ပုံငွေဖြင့်သာ လုပ်ကိုင်ရန်၊ ငွေချေးယူသူများ ထံမှ တစ်စုံတစ် ရာဖြတ်တောက် ခြင်း အား လုံးဝခွင့်ပြုမည်မဟုတ် ကြောင်း၊ ချေးငွေ ထုတ်ချေးရာ တွင် ငွေပြန် ဆပ် သူများကိုသာ ပြန် လည်ထုတ်ချေးခြင်းဖြင့် သမဝါ ယမလုပ်ငန်းအား ဆက်လက် လုပ် ကိုင် သွားမည်ဟု ဆိုသည်။

နိုင်ငံတော်သမ္မတ စီးပွား ရေးအကြံပေးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ''သမစနစ် ကိုအောင်မြင်ချင်ရင် အစိုးရက ချုပ်ကိုင်တာတွေ မလုပ်ဖို့၊ သီး ခြား လွတ်လပ်စွာ လှုပ်ရှားခွင့်ပေး ဖို့ လိုတယ်။ ပံ့ပိုးပေးဖို့ လိုတယ်။ ကူညီပေးရမယ်။ သမဝါယမဆို တာ ပြည်သူတွေထင်သလို ဆို ရှယ်လစ်မဟုတ်ဘူး။ နိုင်ငံရေး မဟုတ်ဘူးဆိုတာကို နားလည် အောင် အစိုးရက ပြန်လုပ်ပေးရ မယ်။ သမဝါယမဆိုတာ နိုင်ငံ ရဲ့ စီးပွားရေးပုံစံတစ်ခုဆိုတာ သိရင် ဒါဟာ အောင်မြင်လာမှာ ပဲ။ အစိုးရပိုင်းက စိတ်ရှည်ရှည် နဲ့ ပြည်သူတွေနားလည်အောင် လုပ်ပေးရမယ်''ဟု ဆိုသည်။

သမဝါယမစနစ်နှင့်ပတ် သက် ၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ''ပြည်ထောင်စုဝန်ကြီး ပြော သလို သမဝါယမအောက်ခြေအ သင်းတွေကို ဒီမိုကရေစီနည်းကျ ဖွဲ့စည်းမယ်ဆိုတာ အလွန်အရေး ကြီးပါတယ်။ တကယ် အောက် ခြေအဆင့်မှာ ဖြစ်နေတာတွေက ကွဲလွဲနေတယ်။ သမဝါယမက လူတစ်ဦးကို ကျပ်တစ်သိန်းနဲ့ချေး တယ်။ စုငွေအနေနဲ့ ၁ဝ ရာခိုင် နှုန်း ထားတယ် ဆိုပေမယ့် ပြန် ထုတ်ယူတဲ့နေရာမှာ ထောက်ခံ စာမျိုးစုံ တောင်းနေတဲ့ အတွက် ထုတ်ရမယ့်သူတွေ စိတ်ပျက်ပြီး မထုတ်ချင်ကြတော့ဘူး။ တချို့ တွေဆိုရင် မိဘသေလို့ သားက သွားထုတ်တာတောင် မရတာတွေ ရှိတယ်။ အဲဒါတွေကို အစိုးရပိုင်း ရယ်၊ လွှတ်တော် ပိုင်းတွေ က သေ ချာကိုင်တွယ်ဖို့ လိုတယ်''ဟုဆို သည်။

Source: Yangon Media Group

No comments: