Sunday, February 24, 2013

“စဉ်းစားပေးကြပါဦးဗျို့...”

“စဉ်းစားပေးကြပါဦးဗျို့...”

ကျွန်တော့်မှာ စိတ်ကူးလေးတစ်ခုရှိတယ်။ ဒါပေမယ့် ကိုယ့်ဝန်ကိုယ့်အားက ကိုယ်စိတ်ကူးလေးကို အကောင်အထည်ဖော်နိုင်လောက်အောင် အင်ပြည့် အားပြည့်မရှိဘူး။ သူငယ်ချင်း၊ မိတ်ဆွေ အတော်များများကိုလည်းဖွင့်ဟ တိုင်ပင်ဖူးပေမယ့် သူတို့လည်းဘာမှမတတ်နိုင်ခဲ့ကြဘူ
း။ သူတို့လည်းကိုယ့် လိုဘဲမို့..။
်ကျွန်တော်ဟာ နာဂစ်ပြီးတည်းက ဧရာဝတီတိုင်းထဲက မြို့နယ် အချို့မှာ လူမှု အခြေပြု ကယ်ဆယ်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို UN၊ INGOs၊ LNGO အချို့မှာ အလုပ်လုပ်ကိုင်ရင်း တဖက်မှာ ကိုယ့်အလုပ်နဲ့မဆိုင်တဲ့တွေ့ရှိမှုတစ်
ချို့ကိုလည်းတွေ့ခဲ့ရတယ်။

အဲဒီတွေ့ရှိမှုထဲမှာ ထူးခြားလွန်းပြီး၊ အရမ်းစိုးရိမ်ရတဲ့ တွေ့ရှိမှုတစ်ခုကတော့
ကလေးလေးတွေ (မူလတန်း၊ အလယ်တန်း)အရွယ်နဲ့ကျောင်းထွက်ကြပြီး မိမိ
တို့ ကျေးရွာမှာ ကောက်စိုက်၊ ပျိုးနှုတ်မှသည် မြို့ကြီးပြကြီးနဲ့ ပြည်ပနိုင်ငံတွေ
နယ်စပ်တွေမှာ ကြုံရာအလုပ်မျိုးစုံကိုလုပ်ပြီး မိဘတွေကိုပြန်လည်ထောက်ပံ့
နေကြတာကို သွားတွေ့ရပါတယ်။

အချို့နေရာတွေမှာ ရွာထဲမှာ သက်ကြီးရွယ်အိုနဲ့ လူမမည်ကလေးလေးတွေ၊ သိပ်မသန်စွမ်းလှတဲ့ လူလတ်ပိုင်းအရွယ်တွေလောက်သာတွေ့ရပြီး အလုပ်
လုပ်နိုင်တဲ့ အရွယ်အားလုံးဟာ နေရာအသီးသီးမှာ စားပွဲထိုး၊ အိမ်ဖော်မှသည်
ကြုံရာအဆင်ပြေရာအလုပ်ပေါင်းစုံကို သွားရောက်လုပ်ကိုင်ပြီး မိသားစုဝမ်း
ရေးကို ကူနေကြရရှာပါတယ်။

အချို့ဆို ငွေလည်းပြန်မလာ၊ လူလည်းသတင်းမကြားနဲ့ သေလားရှင်လားမသိ
ပျောက်နေတဲ့သူတွေအများကြီး။ အချို့ ဒုက္ခရောက်နေတဲ့သူတွေအများကြီး။
မိဘမပြောဘဲ ကျိတ်ငိုနေတာမှသည် ဘ၀နဲ့ အသက်နဲ့ရင်းလိုက်ရတဲ့ ကလေး
တွေလည်းအများကြီး။

ထိုင်းမှာ ရေနွေးပူနဲ့လောင်းခံရတဲ့ ကလေးလေး၊ ရှေ့နေမိန်းမက မီးပူနဲ့ ထိုး
နှိပ်စက်တာခံရတဲ့ ကလေးလေး၊ တရုတ်တန်းက အိမ်ရှင်တစ်ဦးရဲ့ခေါင်း
ကျေအောင် အရိုက်ခံလိုက်ရတဲ့ ကလေးလေး၊ မော်ဒယ်မင်းသမီးလောင်း တစ်ဦး နှိပ်စက်လွန်းလို့ သေပြီး အလောင်းပုပ်မှ သိရတဲ့ အိမ်ဖော် မလေးမှ သည် လူမသိသူမသိ အိမ်တွင်းအကြမ်းဖက်ခံရမှုရဲ့ ဓါးစာခံလေးတွေဖြစ်နေ ကြရရှာတယ်။

အခုကျွန်တော့်ရင်ထဲမှာ တောက်လောင်နေတဲ့စိတ်ကူးလေးက ကျွန်တော်တို့
ဟာ အဲဒီလိုကလေးတွေကို အလုပ်သွားမလုပ်နဲ့လို့ တားမရဘူး။ တားရင် ကျွန်
တော်တို့ မိသားစုကိုဘယ်သူထမင်းကျွေးမှာလဲဆိုတဲ့ မေးခွန်းလေးတွေကို သူ
တို့ ပြုံးပြုံးလေးပြန်မေးတတ်တယ်။

အဲဒီတော့ သွားမလုပ်နဲ့ပြောမယ့် အစား၊ အဲလိုအလုပ်သွားလုပ်တဲ့ကလေး
လေးတွေ၊ လူငယ်တွေကို လူတန်းစေ့၊ လုံခြုံစွာအလုပ် ခိုင်းစေရေး၊ ခွင့်ရက်၊ နားရက် မှန်ကန်စွာရရှိရေးနဲ့ လူသားဆန်ဆန်ခိုင်းတတ်တဲ့ အိမ်တွေမှာ အ
လုပ်ရရေးအတွက် စေတနာဝန်ထမ်းအလုပ်အကိုင်ရှာဖွေပေးတဲ့ စီမံချက်
လေးတစ်ခုလုပ်ရင်ကောင်းမှာဘဲဆိုတဲ့ စိတ်ကူးမျိုးပါ။

အဲဒီလုပ်ငန်းစဉ်မှာ အဲဒီကလေးတွေကို အလုပ်အကိုင်ရှာပေးမယ်။ ကိုယ့်အ
ဆက်အသွယ်အနဲ့ ကိုယ်သွားတဲ့သူတွေကိုလည်း မိဘနဲ့ သူတို့ကြား အဆက်
အသွယ်လုပ်ပေးတဲ့၊ ပြန်လည်ပေါင်းစည်းပေးတဲ့၊ ပျောက်နေတဲ့၊ အဆက်အ
သွယ်မရတဲ့ မိသားစုတွေကြားပြန်လည် ရှာဖွေဆက်သွယ်ပေးတဲ့ လုပ်ငန်းစဉ်
လေးတွေပါသလို။ ကလေးငယ်လေးတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးအတွက်
လုပ်အားပေး ရှေ့နေရှေ့ရပ်တွေနဲ့ ၀ိုင်းဝန်းကူညီပေးတာမျိုးတွေလည်းပါဝင်
ပါတယ်။

ဒီနေရာမှာ Project base အဖွဲ့တွေကို လာညွှန်မပြန်စေချင်ပါဘူး။ ပရိုဂျက်
အခြေပြုအဖွဲ့တွေဟာ ပရိုဂျက်(စီမံကိန်း)ရပ်သွားတာနဲ့ ဖုန်းတောင်ကိုင်တော့
တာမဟုတ်တဲ့အတွက် သူတို့အတွက် ဘာမှအထောက်အကူမရပါ။ လူမှုဝန်
ထမ်းစိတ်၊ စေတနာ့ဝန်ထမ်းစိတ်သက်သက်နဲ့ လုပ်ပေးချင်တဲ့အဖွဲ့မျိုးတွေ၊ လူ
မျိုးတွေပါဝင်လုပ်ကိုင်စေချင်ပါတယ်။

ဒီစိတ်ကူးလေးကို လုပ်နိုင်တဲ့၊ လုပ်ချင်တဲ့ မည်သူ၊ မည်သည့်အဖွဲ့အစည်းမဆို
ဝင်ရောက်လုပ်ကိုင်ကြစေချင်ပါတယ်။ လုပ်တဲ့သူတွေကိုလည်း ကျွန်တော်
တတ်နိုင်တဲ့ဘက်က ကူညီနိုင်သမျှလည်း ကူညီချင်ပါတယ်။ တကယ် လုပ်ဖြစ်ကြရင် သတင်းမီဒီယာတွေ၊ လူမှုကွန်ယက်တွေကိုလည်း ၀ိုင်းဝန်း
ပေး ကြဖို့ အကူအညီတောင်းလို့ရမှာပါ။

ဂျော်ဒန်နိုင်ငံမှာ (လုပ်ခလစာအပြည့်အ၀မရ၊ ခွဲခြားခံရလို့) ကျွန်တော်တို့လူ မျိုးတွေ ဒုက္ခရောက်နေတယ်။

ယုဇနပလာဇာမှာ (ဆိုင်ပိတ်ရက်လုံးဝ မပေးတော့လို့)ကျွန်တော်တို့ လူမျိုးတွေ ဒုက္ခရောက်နေတယ်။

လှိုင်သာယာစက်မှုဇုံက အထည်ချုပ်အချို့မှာ (အလုပ်ချိန်၊ လစာ၊ အလုပ်ခွင် အခြေအနေတွေအားနည်းမှုတွေကြောင့်) ကျွန်တော်တို့လူမျိုးတွေ ဒုက္ခရောက်နေတယ်။

ထိုင်းနိုင်ငံထဲက ငါးဖမ်းလှေတွေပေါ်မှာ၊ စက်ရုံတွေထဲမှာ (ဘ၀နဲ့ အသက်နဲ့ ရင်းပြီး) ကျွန်တော်တို့လူမျိုးတွေ ဒုက္ခရောက်နေတယ်။

အရာရာတိုင်းမှာ အစိုးရကိုချည်းအားကိုးနေလို့မရဘူး။ သူလည်း သူ့ဝန်သူ့
အားနဲ့ ၀န်ကြီးကြီးတွေကို မနိုင်သမျှ မနေချိန်မှာ ကျွန်တော်တို့တွေကလည်း ကျွန်တော်တို့နိုင်ရာနေရာကနေ ကျွန်တော်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် တတ်နိုင်ရာကနေ ကူညီပေးနိုင်ကြမယ်ဆို သိပ်ကောင်းမှာဘဲ။

တစ်ခုတော့ရှိတယ်။ အဲလို လူတွေကိုအရင်းပြုပြီး မိမိနာမည်ကြီးရေး၊ အဖွဲ့အ
စည်း နာမည်ကြီးရေးတော့ အသုံးမချကြပါနဲ့လို့လည်း နှိုးဆော်စာနဲ့အတူ တင်
ကြိုတောင်းပန်လိုက်ပါရစေ။ မလုပ်ရင်လည်းနေပါ။ လုပ်ရင်လည်းသူတို့အ
တွက်သာဖြစ်ကြပါစေလို့.....။ ။

စိမ်းခက်စိုး
ဖေဖော်ဝါရီ ၂၀၁၃

No comments: