Sunday, February 24, 2013

“အန်ကယ်မျိုး နှင့် တူနှစ်ကောင်”


by Soe Min on Sunday, February 24, 2013 at 12:44am ·
          ကိုမျိုးသည် ယပက်လက်တို့ရပ်ရွာတွင် တစ်ဝမ်းတစ်ခါးရှာစားရုံထက်ပိုသော ဘ၀ရှေ့ရေး တိုးတက်ရာကြီးပွားကြောင်းအတွက် လစာကလေးကောင်းကောင်း၊ လူရိုသေရှင်ရိုသေရာထူးကလေး ရလိုရငြား သတင်းစာဖတ်ကာ စာပစ်သော အလုပ်လုပ်နေသူ လူငယ်လေးတစ်ဦး ဖြစ်၏။ လက်ဦးပိုင်းမတော့ နန်းခင်ဇေယျာကလေးဆီ မိတ်ဆက်စာပို့ထားသူလိုလို၊ မိုးယုစံကလေးဆီ Friend request ပို့ထားသူလိုလို၊ ပြတ်ပြတ်သားသား အဖြေမပေးပဲ Fan page ထဲတွင် အတင်းဝင် like လုပ်ခိုင်းရုံလောက်သာ ပြန်စာရလေသည်။ စာပစ်သက်ရင့်လာသောအခါ အင်တာဗျူးလာဖြေရန် ဖိတ်စာရလာ၏။ ဖေ့စ်ဘုတ်ပေါ်က ပိတ်သတ်ကြီးကို ကျေးဇူးတင်ပါသည် ဟု မယ်လိုဒီကလေးက အကယ်ဒမီပေးပွဲတွင် စကားထဲထည့်အပြောခံရသည့်နှယ် ကျွမ်းထိုးမတတ် ၀မ်းသာလေသတည်း။ ချတ်တင်ခန်းထဲက အလန်းဇယားကလေးက အပြင်မှာတွေ့ရအောင် ဟု ချိန်းသည့်နှယ်လည်း ရင်ခုန် စိတ်လှုပ်ရှားမိလေသည်။ ညညအိပ်၍ပင် မပျော်ပေ။ မှန်ထထကြည့်လိုက်၊ ဖုန်းနှင့်ဓါတ်ပုံရိုက်လျက် ဖေ့စ်ဘုတ်ပေါ်တင်ကာ ကွန်မန့်တွေ စောင့်ဖတ်လိုက်၊ အိုက်တင်မျက်နှာပေးပြောင်းကာ နောက်တစ်ပုံတင်လိုက်နှင့် အလုပ်ရှုပ်နေ၏။ စိတ်ကူးပေါက်လျှင် သနပ်ခါးဘဲကြားလေးနှင့်တစ်ပုံ ရိုက်ပြန်၏။ အရွယ်ကလေးရှိတုန်း ငယ်ဂုဏ်ကလေးနဲ့ဆိုတော့ လုပ်တိုင်းတင့်တယ်တာပေါ့လေ ဟုလည်း ကိုယ့်ဘာသာ အားတင်းထား၏။ ယပက်လက်တိုင်းပြည်တွင် အလုပ်လျှောက်ရာ၌ ရုပ်ခံမရှိပဲ လုပ်ကြံ၍ မရနိုင်ပေ။ သူတို့သည် ၀န်ကြီးချုပ်ရွေးရာ၌ပင်လျှင် လန်းလန်းစင်စင်ရှိမှ တန်းဝင်ခွင်ကျ လက်ခံကြသည်ဟူသတတ်။ သည်အတွက်ကတော့ ပူစရာလိုမည်မထင်ပါ။ အမေမွေးပေးထားသည့် ကြည့်ပျော်ရှုပျော်ရုပ်ကလေးက သူတို့ဆီက ကနွဲ့ကလျမောင်ကလေးတွေထက်တော့ သာပါသည်။
          ရောမတွင် အလုပ်လုပ်လိုက ရောမစကား နားလည်ရမည်ကိုလည်း ပူစရာ မလိုပါ။ ယပက်လက်စကားကို ထမင်းစားရေသောက် ပြောနိုင်ရုံမက ယပက်လက်စာကိုလည်း ရတဖတအဆင့်လောက် ရှိပါသည်။ သူတို့ဆီက ဘယ်ယပက်လက်နဲ့မဆို စကားပေါက်အောင် ပြောဆိုနှီးနှောနိုင်ပါသည်။ သို့သော် မြန်မာစကားပြန်ပါသော ယပက်လက်နှင့်မရပါ။ သူ့စကားကို ယပက်လက်ကသာ နားလည်ပြီး စကားပြန်က နားမလည်သောကြောင့် ဖြစ်သတည်း။ ဤသို့ဤနှယ် loss in translation ဟုခေါ်သည့် လေယူလေသိမ်းအမှုဖြင့် ဗူးလုံးနားမထွင်း ကိစ္စများရှိလာသောအခါ စိုးရိမ်စိတ်တို့ ပိုလာလေသည်။ ဖေ့စ်ဘုတ်ပေါ်တွင် နိုင်ငံရေးအိမ်ရှေ့စံကြီးဟု မြှောက်စားတောက်ကြွားနေသူကြီးတစ်ယောက်၏ သိုးဆောင်းဘာသာမိန့်ခွန်းလွှာကို ၀က်ဝက်ကွဲ ၀ိုင်းဗြင်းနေသည်တို့ကို ဖတ်ရသောအခါ သူလည်းပဲ ချစ်အားငယ်ရသူမယ် ဖြစ်လာ၏။ အင်္ဂလိပ်စကားကို yes, no, go to jail လောက်တော့ ဖြောင့်အောင် ပြောနိုင်သော်လည်းပဲ သူငယ်ငယ်ကသင်လာခဲ့သည့် မွန်သံဝဲ၀ဲ accent ကို ယပက်လက်တို့ အထင်မကြီးမည်စိုး၏။ အမေရိကန်ရုပ်ရှင်တွေအကြည့်များသဖြင့် ကပ္ပလီအသုံးအနှုန်းတွေ ယဉ်ပါးနေသည်ကလည်း တမှောင့်။ ဂိမ်းထဲက သတ္ထုသံပါပါ အင်္ဂလိပ်စကားကြီးတွေကလည်း နားစွဲနေပြန်သေးသည်။ ခက်ပဲခက်ရချည်ရဲ့လေ။ တောင်စဉ်ရေမရ လိုက်ဖတ်ရင်းက ကြံကြံဖန်ဖန် ဖျာလိပ်နတ် ဟောတာ ဘယ်လောက်မှန်ပါပေတယ်ဆိုပြီး ပရိုမိုးရှင်းဝင်သည့် မနပ်တနပ် မမလေးတစ်ဦး၏ စာကိုဖတ်ရပြန်တော့ သူလည်းမေးချင်လာ၏။ သို့သော် gender issue က စကားပြောပြန်လေသည်။ သုံးတောင်ဝတ်သီးသန့်ဆိုပဲ။ ဒါသက်သက်မဲ့ လိင်ခွဲခြားဆက်ဆံတာ မဟုတ်လို့ဘာလဲ။ သူတို့ မိန်းမတွေချည့် သီးသန့်မေးတဲ့နတ်ရှိရင် ငါတို့ ယောင်္ကျားတွေချည့် မေးလို့ရတဲ့နတ်ကော ဘာလို့ မရှိရသလဲ ဟု စောဒက တက်မိပြန်သည်။ တွေးရင်းတောရင်း ငေးရင်းမောရင်း အိပ်ပျော်သွားသောအခါ သူတော်ကောင်းမို့ နတ်ကောင်း မ သည်ထင်ပါရဲ့။ နတ်မင်းကြီးတစ်ပါးက အိပ်မက်ပေးလေသည်။ သူက ဖျာလိပ်နတ်တော့ မဟုတ်။ အတောင်နှစ်ဆယ်ဝတ်သီးသန့် ခွခေါင်းအုံးနတ် အဲလေ ဖက်လုံးနတ် ဖြစ်ပါလေသတဲ့။ မေးလိုက မနက်ဖြန် ကြွခဲ့မယ်ဆိုပြီး ကြော်ငြာဝင်ပြီး အမြည်းကျွေးသွားပါလေတယ်။
          မနက်နေဖင်ထိုးသောအခါ တူတော်မောင် မျောက်လောင်းနှစ်ကောင်က အိပ်ပုတ်ကြီးနေသူ ဦးရီးတော်အား ခွခေါင်းအုံးကြီးတစ်လုံးဖြင့် တဖုန်းဖုန်း ရိုက်၍ နှိုးလေသည်။ ခါတိုင်းလိုဆိုရင်ဖြင့် အနှီသူတောင်းစားလေးနှစ်ကောင်အား မနက်စာဖူလုံသွားအောင် ဘရိတ်ဖတ်ကျွေးလိုက်မည် ဖြစ်သော်လည်း ယခုတော့ အိပ်မက်အရ ဒင်းကလေးတွေကို မြှောက်ပင့် ချော့မော့ ခိုင်းရဦးမည်ဖြစ်ရာ ရှိစေ ဟု ခွင့်လွှတ်ပလိုက်၏။
           “ဟေ့ရောင်တွေ။ နေ့ခင်း ၀ါးတီးဆွဲပြီးရင် လျှောက်ဒိုးမနေနဲ့။ အိမ်ခဏပြန်လာခဲ့ဦး။ မင်းတို့နဲ့ငါ လုပ်စရာရှိတယ်။”
          “အကျွေးအမွေး အစီအစဉ်လေးတော့ ထည့်ပြောပါ လေးလေးရယ်။ သားတို့မှာလည်း တစ်နေ့စာ Agenda ကပြည့်နေတာ။ Incentive မရှိရင် မလာနိုင်ဘူး။”
         “အောင်မာ။ ငါတီးထည့်လိုက်ရလို့ နာဦးမယ်။ ဟိုတစ်နေ့က ငါ့ကွန်ပြူတာကြီး မင်းတို့နှစ်ကောင် ၀င်ကမြင်းတာ lock ကျသွားပြီ။ အဲဒီအတွက် ငါ မင်းတိှု့ဆီ အာကာနဘံ မလာရသေးဘူး။ အဲဒီအကြွေးနဲ့ ချေပလိုက်မယ်။ မလာလို့ကတော့ သေပြီသာမှတ်။”
          “လာရမှာပေါ့ လေးလေးရယ်။ လူကြီးများ ပေါင်းရသင်းရ တယ်ခက်။ သူတို့စိတ်ချည့်ပဲ။ အငယ်တွေကပဲ အမြဲအလျှော့ပေးပေါင်းရတယ်။ ခိုင်းလည်းခိုင်းချင်သေး။ အထက်စီးနဲ့ အပြောကလည်း မလျှော့၊”
          နေ့ခင်းရောက်သောအခါ ကိုမျိုးနှင့် တူမောင်နှစ်ကောင်သည် ခွခေါင်းအုံးကြီးအား ပုဆိုးအင်္ကျီဆင်မြန်းလျက် ရှံပန်းထည်အနီကြီးကိုလည်း ဗောင်းတော်ဆင်လေသည်။ အိမ်တံခါးပိတ်၍ တိတ်တိတ်ပင့်ဖိတ်သောအခါ ဖက်လုံးတော်ကြီးလည်း ငြိမ့်ငြိမ့်ပါအောင် လှုပ်ယမ်းစီးပူးလေတော့သတည်း။
           “ကိုကို အရမ်း အရမ်း မဆွဲနဲ့လေကွာ။ သည်မှာ နောက်ကလိုက်လိုက်ထိန်းနေရတာ မလွယ်ဘူး။”
           “ငါဘယ်မှာ ဆွဲလို့လဲကွ။ မင်းပဲ ပြန်ပြန်ဆွဲယူသွားလို့ ငါပြန်ပြန်ဖမ်းနေရတာ။”
           “ဟေ့ကောင်နှစ်ကောင်။ တိတ်တိတ်နေ။ အဲဒါ မင်းမေဂျီးတော် ဖက်လုံးနတ်ကြီးက သူဝင်လာတဲ့အကြောင်း သိအောင် Signal ရိုက်နေတာ။”
            “ဒါဆိုလည်း လေးလေး ပြန်ရိုက်လိုက်လေ။ ရထားဖြစ် ရထားဖြစ် လို့။”
           “ဟယ်လိုတက်စတင် ၀မ်းတူးသရီး။ နတ်မင်းကြီး။ ကြားလား ကြားလား။ ကြားရင်အကြောင်းပြန်။ ဒါပဲ။”
          “ဟာ။ အဲလို ဟုတ်ပါဘူး။ နတ်မင်းကြီးရေ။ ရောက်ပြီလား။ ရောက်ရင် ညာဘက်ကို သုံးချက်ယိမ်းပြပါ။ ယိမ်း။ ယိမ်း။ ယိမ်း။ ဟော တွေ့လား။ သုံးချက်ပြည့်ပြီ။ သူရောက်ပတဲ့။”
          “ဟုတ်တယ်။ ဟုတ်တယ်။ အဲဒါ သားတို့ တွန်းတာ မဟုတ်ဘူး။ သူ့ဘာသူ ဆွဲဆွဲယူသွားတာ။ မေး မေး။ လေးလေး သိချင်တာမေးလေ။ ဘယ်စော်ကို ပွေးမလို့ ကြံနေတာလဲ။”
         “မင့်အဘတဲ့မှပဲ။ စော်ကြည်ဖို့က နတ်ကူစရာမလိုဘူးကွ။ အလုပ်အကြောင်း မေးမလို့။ နတ်မင်းကြီးခင်ဗျား။ ကြာသာပတေးသားလေး အလုပ်လျှောက်ထားတာ အဆင်ပြေဖို့ ကူညီပါဦး။ သေချာပါ့မလား။ ဘာတွေ ပြင်ဆင်ထားရမလဲ။ အင်တာဗျူးဖြေရင် ဘာရောင်လေးဝတ်သွားရမလဲ။ ဘာညွန့်လေးဆောင်သွားရမလဲ။ ဟယ် သိချင်တာတွေကလည်း အများကြီး။ သူကလည်း ခေါင်းငြိတ်ခေါင်းခါလောက်ပဲ ဖြေတာ။ အဆင်မပြေပါဘူး။ မထူးတော့ဘူး။ ဆက်ပင့်ရအောင်။ နတ်မင်းကြီး ဗီဇာပါလား။ ဗီဇာပါရင် ဒီထဲက တစ်ယောက်ယောက်ဆီ ၀င်ပူးစမ်းပါ။ မေးစရာလေးတွေရှိလို့။ နတ်မင်းကြီး ၀င်ပူးစမ်းပါ။ ကိုကို ညီညီ။ ဟေ့ရောင်နှစ်ကောင်။ ပင့် ပင့် လက်အုပ်ချီပြီးပင့် ဘယ်သူ့ဆီဝင်ဝင်ကွာ။”
          ပီကေတစ်ခုညက်ခန့်ကြာသောအခါ အငယ်ကောင်သည် မျက်လွှာကလေးချသွားပြီး သူမဟုတ်တော့သလို ငြိမ်၍သွားလေသည်။ သိပ်တော့ စိတ်ချရတာ မဟုတ်။ သည်အကောင် မျောက်မူးလဲက သူများကို ကြပ်ရမယ်ဆို ပါရမီပါပြီးသား။ မင်ကသေပါဘိသနဲ့။ သို့သော်  “ကိုယ်တော်ကြီး၊ ကိုယ်တော်ကြီး။” ဟုခေါ်သဖြင့် “ဘာလဲ” ဟု မျက်လုံးကို ၀င့်ကြည့်ပြီး ထူးလိုက်သောအခါ ခါတိုင်းတွေ့နေကျ မျောက်လောင်းလေး၏မျက်နှာတွင် မျက်လုံးဝိုင်းကြီးနှင့် ညုတုတု ကြည့်နေသော ပြုံးစစ မျက်နှာပေးကို အံ့သြဖွယ် တွေ့ရလေသည်။ ဟုတ်မှာပါ။ မအောင်ဖြူတုန်းကလည်း တကယ့်မိဗျားကြီးတစ်ပါးလို သိမ်မွေ့နူးညံ့သွားပြီး ဘယ်လိုကြီး ပြုံးမှန်း မသိဘူးဆိုပဲ။ ဒါလည်း မင်းသားကြီးတစ်ပါးပါး ဖြစ်ပေလိမ့်မယ်။ မဟုတ်မှလွဲရော။ ဒီမင်းသားကြီး ငါမြင်ဖူးတယ်နော်။ ရင်းရင်းနှီးနှီးကို မြင်ဖူးတာ။ ဒီမျက်နှာကြီး ခွေးချီသွားတောင် မှတ်မိပါတယ်။ ဒါပေသိ ပြောရဲဘူး။
            “ကိုယ်တော်ကြီးရဲ့ အမည်နာမကလေးများ မိန့်ကြားပါဖျာ့။”
           “ကျွန်တော့ကို မေးတာလားဗျာ။ ကျွန်တော့ကို ကိုဦး လို့ ခေါ်ရင် ရပါပြီဗျာ။ ကျွန်တော်က ခင်ဗျားတို့ ဖျာလိပ်နတ်မမအောင်ဖြူလို ဘိုးတော်ဘုရားမတိုင်မီက ပဒေသရာဇ်နတ် မဟုတ်ဘူးဗျ။ နတ်သက်ကလေးမှ ဆယ်ကျော်သက်ပဲ ရှိသေးတာ။ ကျွန်တော့မျက်နှာကိုမြင်ရင် ကျွန်တော့်အသံကိုကြားရင် မှတ်မိနေဦးမယ့်သူတွေ ရှိဦးမှာပါ…ဗျာ။”
          “ဟုတ်ပ။ ဟုတ်ပ။ ချက်ဆို နားခွက်က မီးတောက်ပါပြီ။ ကိုဦးရယ်။ ဒီမျက်နှာပေးနဲ့ ဒီအသံကြီးကို လူပြက်တွေတောင် ခုထက်ထိ ပြက်စားလို့ မ၀သေးဘူး။ ဒါပေသိ မင်းသားကြီးလို့ပဲ ခေါ်ပါရစေနော်။ နတ်ကို နတ်လိုပဲ ဆက်ဆံပါ့မယ်။ တော်တော်ကြာ ကျန်ရစ်သူဘွားတော်ကြီှးက အသရေဖျက်မှုနဲ့ တရားလာစွဲနှေ ဒုက္ခ။ လက်စသတ်တော့ တို့ကိုယ်တော်ကြီးသည်း နတ်ဖြစ်တာတောင် ဟိုလူခွ သည်လူခွနဲ့ ခွခေါင်းအုံးနတ်ဖြစ်ရလေတယ်။”
          “ဖက်လုံးနတ်လို့ ပြောပါဗျာ။ ဟိုလူ့ရင်ခွင် သည်လူ့ရင်ခွင် အဖက်ခံချင်လို့ ဖက်လုံးနတ်ဖြစ်တာပေါ့ဗျ။”
         “သဘောတော်မြတ်အတိုင်းပါ ကိုယ်တော်။ ကိုယ်တော့်အကြောင်းက အင်တာဗျူးစရာတောင် မလိုတော့တဲ့ ဆယ်လီဗျစ်တီကြီးပါဖျာ့။ ညီဘွားကလေးကိုသာ စောင့်ရှောက်တော်မူပါဦး။ အခု အလုပ်အင်တာဗျူးဖြေမလို့ဖျ။ ဘာတွေ ကျက်ထားရမလဲ။ စပေါ့ရိုက်ပေးစမ်းပါဦး။”
         “ရှေးထုံးလည်း မပယ်နဲ့။ ဈေးသုံးလည်း မကြွယ်နဲ့တဲ့။ ခင်ဗျားတို့ မြန်မာလူမျိုးတွေ ဘာအလုပ်ခွင်စာမေးပွဲပဲ ဖြေဖြေ တို့တာဝန်အရေးကြီးသုံးပါး ဦးထိပ်ထားပြီး ဖြေပေါ့ဗျာ။ ဘဘတို့လက်ထက်မှာ ဆေးရုံအသစ်ကြီးကဘယ်လောက်၊ တက္ကသိုလ်အသစ်ကြီးကဘယ်လောက် ဆောက်ခဲ့ပြီးပြီဆိုတာလည်း မမေ့နဲ့ပေါ့။”
        “အကြီးကြီးတွေ လွဲကုန်ပါပြီ။ အခုဟာက ဆရာဝန်တွေ PSC ဖြေတာ မဟုတ်ဘူးဗျ။ ထိုင်းမှာ အလုပ်လျှောက်ထားလို့ အင်တာဗျူးသွားဖြေတာ။”
         “Oops.. Sorry.. တို့ကို ခွင့်လွှတ်။ ကျွန်တော်လည်း ခင်ဗျားတို့ပင့်လို့သာ ရောက်လာတာ။ ဘယ်အရပ်ဘယ်ဒေသကဆိုတာ GPS နဲ့ Check in မ၀င်ရသေးဘူး။ ခဏစောင့်။ ဖေ့စ်ဘုတ်ပေါ်တင်လိုက်ဦးမယ်။ “Ko Ko Oo is here.” လို့။
ရပြီ။ ခများတို့က သီရိဒုံကြီးရဲ့ မေတ္တာရိပ်အောက်မှာကိုး။ ထိုင်းဆိုတာ ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားတွေနဲ့ အသိရှိရင် ဘာအလုပ်ရှားစရာ ရှိသလဲ။ Friend request ပို့လိုက်လေ။ တင်သမျှဓါတ်ပုံတွေ like ချည့်ပဲ ထိုင်လုပ်နေ။ မလွတ်စေနဲ့။ သူတို့စာမျက်နှာပေါ်မှာ ကိုယ့်နံမယ်ကြီး ဖတ်ချင်ချင် မဖတ်ချင်ချင် လူမြင်နေပလေ့စေ။ ကြောင်တောင်တောင် ကြည့်မနေနဲ့။ Friend finder ထဲကို ဘူမိဘော လို့ ရိုက်ထည့်လိုက်ပြီးရှာ။ ခိခိ။ နံမယ်လေးကိုက ခင်ချင်စရာကြီး။”
          “ညီဘွားအကောင့်ထဲမှာ ဘွရှင်တို့၊ ဘြင်မဂျီးတို့ဆိုတာတော့ ရှိတယ်လေ။ သူတို့နဲ့ရော ပလူးပလဲ လုပ်ဖို့ လိုသလား။”
         “သွားမလုပ်နဲ့။ ချောင်းရိုက်ခံရတဲ့အထဲ ပါချင်လို့လား။ အဲဒီဟာမကြီးက အမေဂျမ်းရဲ့ အကောင့်ပွားလေ။ သိဘူးလား။ ဟိုတလောတုန်းက မင်းလောင်းကလေး အကောင့်နဲ့တွေ့မှ virus ၀င်သွားပြီး “ဟုတ်ကဲ့ရှင့်” “ကျေးဇူးတင်ပါတယ်ရှင့်” “ကောင်းပါပြီရှင့်” တွေ မိုးမွှန်ကုန်ရော။ သူတို့က စလုံးမှာ။ ကိုယ်က ယပက်လက်မှာ။ ရေမြေချင်းမတူဘူး။ လိုင်းမပူးနဲ့။ စတ်ကူးမတ်ကူးမှာ ဓါတ်ကူးမတတ်ရင် ဟန်သစ်ငြိမ်လို ဟန်အသစ်ကလေးနဲ့ ငြိမ်နေရဦးမယ်။”
      “သတင်းကတော့ စုံပါပေတယ်။ ကိုယ်တော့်အကောင့်ကလေးလည်း ညီဘွားသိပါရစေ။ Friend  ငါးထောင်ပြည့်လို့ Follow ပဲ လိုက်ရလိုက်ရ။ တော်တော်တော့ entertain နိုင်မယ့်ပုံပေါက်တယ်။”
       “လူ့ဘ၀ကတည်းက entertainer လုပ်စားလာခဲ့ပြီကောကွယ်။ မထူးဆန်းတာတွေ လေမရှည်နဲ့။ bytes/kyat ခေတ်ကို မရောက်သေးဘူး။ မိနစ်နဲ့ အဖြတ်ခံရမှာ။ လိုရင်းကိုမေး။”
       “ညီဘွားရဲ့ အင်္ဂလိပ်စကားက အင်တာဗျူးဖြေတဲ့အခါ အဆင်မပြေမှာစိုးလို့ တစ်ပွဲတိုး၊ လက်ပူတိုက်ပြီးဖတ်စရာ စာအုပ်ကောင်းကောင်းလေးများရှိရင် လမ်းညွှန်ပါဦး။”
        “ခင်ဗျားတို့ အဲဒါ ခက်တာပေါ့ဗျာ။ ကိုယ်သွားမယ့်နိုင်ငံမှာ ရောင်းသူဝယ်သူ အသံတူဖို့ပဲ လိုတယ်ဗျ။ ခင်ဗျားဘာသာခင်ဗျား အင်္ဂလန်မှာမွေးလို့တတ်လာတဲ့ အိုင်းရစ်ရှ်လေသံ၊ စကော့တစ်ရှ်လေသံနဲ့ သွားပြောနေလည်း ဆံပင်ဖြူဖြူ မျက်လုံးစိမ်းစိမ်းကြီးနဲ့ဆိုရင်သာ သည်းသည်းခံနားထောင်ပြီး သဘောပေါက်ချင်ယောင်ဆောင်ပြမှာ။ သူလိုကိုယ်လို မျက်ဝန်းညိုကြီးနဲ့ တံတွေးစင်အောင် လာမှုတ်နေရင် သူတို့လည်း ဘလယ်ဒီဖူး ဂိုးတူဟဲလောက်တော့ ပြန်ပြောတတ်တယ်။ ဟိုက ကိုယ့်အလုပ်ရှင်ဗျ။ နွားရှေ့ထွန်မကျူးချင်နဲ့။ သူတို့တောင် This one lah. No have. ဖြစ်နေတာ။ ထိုင်းသံနဲ့ ပြောမှ ထိုင်းတွေသဘောပေါက်မယ်။ အကောင်းဆုံးက Sky train ကို ဂိတ်စဂိတ်ဆုံး လိုက်စီးလိုက်။  ဘူတာစဉ်တွေ ကြော်ငြာတဲ့ အင်္ဂလိပ်သံကို သေချာနားထောင်။ အဲဒီအသံအတိုင်းပြော။ အိုကေသွားမယ်။”
         “တိန်။ ကောင်းလိုက်တဲ့အကြံ။ ဒါဆို အင်တာဗျူးသွားဖြေရင် ဘယ်လိုဝတ်သွားရမလဲ။ ဟိုလေ။ သားက အမေ့ကို အရမ်းအတုယူတာဆိုတော့ ရောက်လေရာအရပ်မှာ ကိုယ့်ကို သူများတွေက ၀ိုင်းကြည့်ပြီး မြန်မာဒီဇိုင်းကလေးတွေက သိပ်ကာလာဖူးဖြစ်တာပဲ လို့ အပြောခံရအောင် တိုက်ပုံနဲ့ ပိုးပုဆိုးဆင်တူကလေးတွေဝတ်ရမလား။ ဟိုးတုန်းက နောင်တော်ကြီး ဓါတ်ရှင်ထဲမှာ ၀တ်ခဲ့သလိုတိုက်ပုံအနက်ကို ချိတ်ရောင်စုံကလေးနဲ့ ၀တ်ရမလား။ ယူနီဖောင်းအဖြူဆွတ်ဆွတ်ကို ၀မ်းဆက်ချုပ်ဝတ်ရမလား စဉ်းစားနေတာ။”
        “ပဲမများနဲ့။ ဆွဲစားခံရလိမ့်မယ်။ ကိုယ်ရောက်နေတာ ဘယ်အရပ်လဲဆိုတာ သတိထားစမ်းပါဦး။ အဲဒီမှာ အချောအလှ အပျိုမကလေးတွေထက် ခင်ဗျားတို့အရွယ် သူငယ်တောင့်တောင့်စင်စင်ကလေးတွေက ဈေးပိုရတယ်ဆိုတာ မသိဘူးလားဗျ။ Three shadow, do not know ရင် ဂျီသူငယ်ကလေး Tiger အကစ်ခံရတော့မယ်။ ထိုင်းလိုပဲဝတ်။ ရှပ်အင်္ကျီကျပ်ကျပ်ကလေးကို လက်ခေါက်ပြီးတော့ဝတ်။ ဘောင်းဘီကျပ်ကျပ်ကို တင်ပါးအောက်ချက်ပြုတ်၊ အတွင်းခံကလေးပေါ်နေအောင် အောက်ချဝတ်။ နားဋောင်းတစ်ဘက်နဲ့ လက်ပတ်ရောင်စုံကလေးတွေ ပါပစေ။ ကော်ကိုင်းမျက်မှန် မတော်တရော် ကြောင်ကြောင်ကြားကြားကြီးတပ်။ မနက်အိပ်ယာထရင် ခေါင်းလုံးဝ မဖြီးခဲ့နဲ့။ မျက်နှာ ကရင်ပတ်ပုတ်ပြီး မက်စကာရာလေးနဲ့ မျက်တောင်ကော့ချင်ကော့ခဲ့။ အဲဒီရက်တစ်ရက်တော့ မရှိလည်း အိုင်ဖုန်းလေးတစ်လုံးလောက် ငှားကိုင်လာဖို့လိုမယ်။ ဒီလောက်ဆို အလုပ်ရဖို့က တ၀က်သေချာသွားပြီ။”
        “မကြီးစန်းတောင် သူ့လောက် မတတ်ဘူး။ ကျေးဇူးကြီးပါပေတယ်။ ယတြာတွေဘာတွေရော လုပ်ဖို့လိုမလား။ ကုမ္ပဏီဝင်းတံခါးအ၀က နတ်စင်ကလေးမှာ သူများတွေ ပန်းခွေတွေဆွဲနေတာ၊ အမွှေးတိုင်တွေ ထွန်းနေတာ တွေ့တယ်။ လိုက်လုပ်ရမလား။”
        “ခင်ဗျား နတ်ကိုစော်ကားရင် နတ်ကိုင်ခံရမှာပေါ့ဗျာ။ နတ်ကိုင်ခံရရင် ဘာဖြစ်တတ်သလဲ သိလား။ ကြီးလာမှာပေါ့။ ပြဿနာတွေ ပိုကြီးလာတတ်တယ်ဗျ။ ဒါပေမယ့် မကြောက်ပါနဲ့ဗျာ။ သူတို့ ယိုးဒယားနတ်တွေက ကျွန်တော်တို့ဆီက အလောင်းဘုရားတို့ ဘုရင့်နောင်တို့ နံမယ်ကြားရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ပြီးသားဗျ။ အဲဒီတော့ ယတြာပေးမယ်ဗျာ။ ရန်ကုန်ကလူက လုပ်ပေးရမှာ။ ရုံးဖွင့်ရက် မနက် ကိုးနာရီထိုးတဲ့အခါ အငှားကားတစ်စီးနဲ့ ရွှေဂုံတိုင်မီးပွိုင့်ကဖြတ်၊ လှည်းတန်းလမ်းဆုံကိုကျော်၊ ဘုရင့်နောင် လမ်းမကြီးထဲကိုဝင်လာပြီး ဘုရင့်နောင်တံတားကြီးကို ဖြတ်ရလိမ့်မယ်။ ဟိုဘက်ကိုရောက်ရင် လှိုင်သာယာထဲကိုဝင် အောင်ဇေယျတံတားက အင်းစိန်လမ်းကို ပြန်တက်ခဲ့။ ဗဟိုလမ်းအတိုင်းလာလို့ မြေနီကုန်းရောက်ရင် ရွှေဂုံတိုင်ပွိုင့် ပြန်ဖြတ်မယ်ဗျာ။ ညနေ ရုံးဆင်းချိန်မတိုင်မီ ပြန်ရောက်တယ်ဆိုရင် ခင်ဗျားလျှောက်ထားတဲ့အလုပ် ရပြီသာမှတ်လိုက်တော့။”
       “သေပြီဆရာ။ ရက်စက်ပ နတ်မင်းရယ်။ ဖက်လုံးစောင့်နတ်ဖြစ်မယ့်အစား မော်တော်ပီကယ်နတ်ပဲ ဖြစ်ဖို့ ကောင်းတော့တယ်။ ဒါ သက်သက် ညစ်တာပဲ။ ညကျရင် ကိုယ်တော်ဝင်သွားတဲ့ ဖက်လုံးတော့ သေရအောင်သာပြင်။ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ပစ်မယ်။”
       “အလကား စ တာပါဗျာ။ ခညားကလည်း စိတ်ကြီးရန်ကော။ ဒေါသရှေ့ထား မှားတတ်တယ်တဲ့။ တော်ပြီ။ တော်ပြီ။ ကျွန်တော် သွားရတော့မယ်။ ကျွန်တော် သွားရတော့မယ်။ ကျွန်တော် …. သွား … ရတော့ မယ်…။”
          (တူနှစ်ကောင်ကပဲ မွှေလေသလား။ လေးလေးမျိုးကပဲ ရှည်လေသလားတော့ မသိပါ။ ကိုကိုဦးဆိုတဲ့ နတ်တစ်ပါးတော့ လေသွားတာ အမှန်ပါ။ နောက်တစ်ခါ ဖက်လုံးနတ် မေးဖြစ်မယ်ဆိုရင်တော့ ဇာတ်လိုက်ကျော်ကြီး ကိုမျိုးကိုယ်တိုင် ရေးတင်လိမ့်မည် ဖြစ်ပါကြောင်း)။

No comments: