Wednesday, February 20, 2013

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်းခရီး(၇)


by May Thingyan Hein on Tuesday, February 19, 2013 at 9:02am ·
အပိုင်း(၇)

နောက်ပြောချင်တာက ဘာလဲဆိုတော့ အဲဒီတုန်းက တောထဲမှာ ပျောက်သွားတဲ့ သူတွေလည်း ရှိတယ်။ ပျောက်သွားတဲ့ ကျောင်းသားတွေ တော်တော်များတယ်။ ဘုရားသုံးဆူ စခန်းတင်မဟုတ်ပါဘူး။ စခန်း တော်တော်များများမှာလည်း ဖြစ်ပါတယ်။ ဒေါက်တာဇော်မင်းရဲ့ ညီ ကိုဇော်ထွန်းဆိုတာလည်း တောထဲမှာ ပျောက်သွားတယ်။
အဲဒီလိုပဲ တောထဲမှာပျောက်သွားတဲ့ သူတွေက အများကြီးပဲ။ နာမည်ရှိလို့ သိတဲ့ သူတွေလည်း ပါသလို၊ နာမည်မရှိ၊ မသိဘဲနဲ့ ပျောက်သွားကြတဲ့ သူတွေလည်း အများကြီးပဲ။ စခန်းတော်တော်များများမှာ ဖြစ်ပါတယ်။
စခန်းတွေမှာလည်း နေရာပေါင်းစုံက လာတဲ့ လူတွေကို စုထားတာ ဆိုတော့ သူ့အုပ်စု ကိုယ့်အုပ်စုနဲ့ လူတွေက အများကြီးဆိုတော့ စာရင်းတွေဘာတွေလုပ်ထားတာလည်း မရှိကြဘူး။

အဲဒီတုန်းက ကျောင်းသားတွေမှာ ဘာတွေလည်း ရှိသလဲ ဆိုတော့ ဗိုလ်ချုပ်စောမောင်တို့ အစီစဉ်နဲ့  လေယာဉ်ပျံကြီးတွေနဲ့ ခေါ်လို့ မြန်မာပြည်ပြန်သွားတဲ့ သူတွေလည်း ရှိသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အိမ်ကိုယ် ပြန်သွားတဲ့ သူတွေလည်း ရှိတယ်။ နောက် ဘန်ကောက်မှာ ဒုက္ခသည်အမည်ခံတဲ့ သူတွေလည်း ရှိတယ်ဆိုတော့ အားလုံးက စခန်းကို ကျနော်သွားတော့မယ်ဆိုပြီးတော့ အသိပေးပြီးမှ သွားကြတာလည်း မဟုတ်ဘူးလေ။

နောက် စခန်း စည်းကမ်းနဲ့ ဆိုရင်တော့ စစ်စခန်းဖြစ်နေတော့ အဲလို တပ်ကနေ ထွက်သွားရင်ကျနော်တို့က တပ်ပြေးလို့ သတ်မှတ်တာကိုး။ တပ်ပြေးဆိုရင် အရေးယူမယ် အချုပ်ချမယ်ဆိုတာလည်း ရှိတာတယ်ဆိုတော့ ဒီလိုပဲ ထွက်သွားကြတယ်လို့ပဲ မှတ်လိုက်ကြတာပေါ့။ နယ်စပ်ဆိုပေမဲ့လို့ ဟိုဘက်ဒီဘက်က သွားတာလာတာ ဒီလောက်ကြီး ခက်လှတာ မဟုတ်ဘူးလေ။
ကိုဇော်ထွန်းကို ကျနော် သိပါတယ်၊ အရမ်းခင်လှတယ်လို့ မဟုတ်ပေမဲ့ သိတဲ့ထဲမှာ ပါတယ်။ သူ ဘယ်လို ပျောက်သွားသလဲ ဆိုတာကတော့… ဒီလိုဗျ။ ပြောရရင် ဇာတ်လမ်းကတော့ ရှည်တယ်။

သူနဲ့ ဆရာဦးမြင့်လှိုင်ဆိုတာလေ၊ ဆရာဦးမြင့်လှိုင်ဆိုတာကတော့ အခု အမေရိကားမှာ ရှိတယ်။ သူတို့က အယူအဆလေးမှာ နည်းနည်းလေး ပြင်းထန်တာလေးတွေ ရှိတယ်။ ကိုဇော်ထွန်းတို့ ဦးမြင့်လှိုင်တို့ တောထဲ ရောက်လာတယ်၊ ABSDF ထဲ ရောက်လာတယ်။ သူတို့လည်း တပ်ပေါင်းစုမှာ တာဝန်ယူရတာတွေလည်း ရှိတယ်။ နောက် မာနယ်ပလောဆိုတာ KNU ဌာနချုပ်နယ်မြေပဲလေ။

အဲဒီတုန်းက ABSDF ကနေ ပလောင်အဖွဲ့ကို သွားပြီးတော့ ကူညီမယ်ဆိုတော့ စစ်ကြောင်းဖွဲ့တယ်၊ ပလောင်တွေကို ကူညီဖို့ စစ်ကြောင်းဖွဲ့တဲ့အခါမှာလည်း ဆရာဝန်တွေ၊ ကျောင်းဆရာတွေ လိုတဲ့အခါကျတော့ ကျောင်းဆရာလည်း ဖြစ် ဆရာဝန်လည်းဖြစ်ဆိုတော့ ကိုဇော်ထွန်းတို့ ကိုမြင့်လှိုင်တို့ပါလာတယ်။

ကျနော်တို့ ကျောင်းသားတပ်က သူတို့ရဲ့ ဒေသဖွံ့ဖြိုးရေးတွေဘာတွေကို  ကူညီ၊ သူတို့ကလည်း ကျနော်တို့ကို လက်နက်ပြန်တပ်(လက်နက်ပေးမယ်) ပေးမယ်ပေါ့၊ အဲဒီလို ပုံဆန်မျိုးနဲ့ စစ်ကြောင်းကို  လွှတ်လိုက်တာပေါ့လေ။ အဲလို လွှတ်လိုက်တဲ့အချိန်မှာ ပလောင်အဖွဲ့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်လိုက်တော့ လွှတ်လိုက်တဲ့ ကျောင်းသား စစ်ကြောင်းက ပလောင်အဖွဲ့ဆီမရောက်တော့ဘဲနဲ့  မြောက်ပိုင်းအဖွဲ့ ကို ရောက်သွားတယ်၊ ကိုသိုက်ထွန်းဦးတို့ ဦးဆောင်တဲ့အဖွဲ့ဆိုတာ အဲဒါ။

ကိုမြင့်လှိုင်တို့ ကိုဇော်ထွန်းတို့ အဖွဲ့ကတော့ မာနယ်ပလောကတပ်ပေါင်းစု  ရှိတဲ့ နေရာကို ပြန်လာပြီး တော့ တပ်ပေါင်းစု တာဝန်ကိုပဲ ယူတယ်။ အဲလို ကြားကာလမှာပဲ သူတို့က ကွန်မြူနစ်ပါတီက ထုတ်တဲ့ ပြည်သူ့အာဏာ ဂျာနယ်ကို မာနယ်ပလော်မှာ လိုက်ဝေတယ်၊ လျှို့ဝှက်ပြီး ဝေတာပေါ့။အဲလိုမျိုးတွေ လုပ်တော့ ကျနော်တို့ရဲ့ ဗိုလ်ချုပ်မြကလည်း ကွန်မြူနစ်ဆိုရင် လုံးဝကို ကြည့်လို့ရတာမဟုတ်ဘူး။ သူတို့က အဲဒါမျိုးတွေ လုပ်တော့ သူတို့ကို အကျယ်ချုပ်တွေ ဘာတွေ ကျခဲ့တာတွေလည်း ရှိတယ်။

အဲလိုအချိန်မှာ ၁၀၁ က ကျနော်တို့နဲ့ အဆင်မပြေခဲ့တဲ့ အုပ်စုကလည်း မာနယ်ပလောမှာ ရောက်လာ၊ ဆရာနိုင်ဝင်းဆွေတို့ဘာတို့လည်း ရောက်လာ။ ကိုမိုးသီးတို့နဲ့ အားလုံးနဲ့ ဆက်စပ်ကျပြီးတော့ ယာယီတော်လှန်ကော်မတီဆိုတာ ဖြစ်။ အဲလို ဖြစ်ပြီးတော့ ကျနော်တို့ ညီလာခံဖြစ်ပြီး အကွဲအပြဲတွေ ကြားထဲမှာပဲ ပျောက်သွားတာ။ ဘယ်လိုပုံဆန်နဲ့ပျောက်သွားသလဲတောင် မသိဘူး။ ကိုမိုးသီးတို့ အုပ်စုထဲကပါပဲ။

အဲဒီယာယီကော်မတီမှာတော့ ကျနော်မပါပါဘူး၊ အဲဒီအချိန်တုန်းက ကျနော်က တပ်ရင်းမှာပြန်ရောက်နေပြီ၊ ယာယီကော်မတီဆိုတာက ဗဟိုကော်မတီထဲမှာ ရှိတဲ့အချို့နဲ့ တပ်ရင်းမှာ ရှိတဲ့ ခေါင်းဆောင်အချို့ပေါင်းပြီးတော့ ဖွဲ့ထားတာပေါ့။
အဲဒီတုန်းက ဘုရားသုံးဆူစခန်းက ဗဟိုနဲ့ ဘယ်လို ဆက်သွယ်ကြသလဲဆိုတော့ နီးစပ်ရာမြို့လေးတွေ ဖြစ်တဲ့ ဥပမာ ဘုရားသုံးဆူစခန်းဆိုရင်တော့ ဆန်ခဒ္ဒဘူရီမှာ ဆက်သွယ်ရေးရုံးလေး ထားထားတာ ရှိတယ်။ များသောအားဖြင့် တယ်လီဖုန်းတွေနဲ့ ဆက်သွယ်ကြတယ်။ ABSDF ကွဲကာနီးမှ ကြေးနန်းဆက်သွယ်ရေး စနစ်ဆိုတာ ရှိလာတာ။ အရင်တုန်းကတော့မြို့ပေါ်ခံ အခြေခံပြီးတော့မှ ဆက်သွယ်တဲ့ ပုံဆန်မျိုးပါပဲ။ နောက် တခါတရံမှာတော့ မဟာမိတ်ကနေ တဆင့်ကြေးနန်းနဲ့ ဆက်သွယ်တာတွေ ရှိတယ်။

နောက် လူလွှတ်ပြီး လူ အသွားအပြန်နဲ့ လွှတ်ပြီး ဆက်သွယ်တာတွေ ရှိတယ်။နောက် ကျနော်တပ်ရင်းကို ပြန်ရောက်တော့လည်း ဘုရားသုံးဆူ အရင်စခန်းက ကျသွားတော့ ကျနော်တို့နေရာစခန်းက ဘုရားသုံးဆူ အလွန် တောနက်နက်ထဲကို ပိုရောက်သွားတယ်။ ၁၉၈၉ မှာ ဘုရားသုံးဆူ ကျတယ်၊ ကျနော်က ၁၉၉၀ ညီလာခံပြီးတော့ စခန်းကို ပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ စခန်းက ရေးဘက်ကို ပိုနီးသွားတယ်။

အဲဒီမှာပဲ နေနေတုန်း ၁၉၉၁ ညီလာခံလုပ်မယ်ဆိုတော့ ဘုရားသုံးဆူစခန်းကပဲ ကျနော့်ကို ကဲ ပြန်သွားဦးဆိုပြီးတော့ လွှတ်လိုက်တော့ ကျနော်က ဗဟိုကို ညီလာခံကိုယ်စားလှယ်အနေနဲ့ပြန်တက်ရတယ်။ အဲဒီတုန်းက ကျနော်တို့ ဘုရားသုံးဆူကနေ ၄ ယောက်လား မသိဘူး ညီလာခံလာတက်ရတယ်။

အဲဒီညီလာခံမတိုင်ခင်မှာ ကျနော်တို့ ဆီမှာယာယီတော်လှန်ကော်မတီ ကိစ္စဖြစ်နေတာ ရှိတယ်။ နောက် အတွေးအခေါ် ကိစ္စပေါ့ဗျာ၊ စစ်ရေးအမြင်နဲ့ ပြတ်ပြတ်သားသား လုပ်ရမယ်ဆိုတဲ့ အမြင်ရှိတဲ့ သူတွေနဲ့ နိုင်ငံရေးအမြင်နဲ့ သွားမယ်ဆိုတဲ့ အမြင်မတူတာတွေ ရှိရင်လည်း စုစုစည်းစည်းနဲ့ သွားကြမယ်ဆိုတာကို ညှိုနှိုင်းပြီး လုပ်ကြမယ်ဆိုတဲ့ စိတ်မျိုးတွေနဲ့ သွားကြမယ်ဆိုပြီး မျှော်လင့်တာပေါ့ဗျာ။

စစ်ရေးအမြင်ကိုလည်း ပြတ်ပြတ်သားသားထားပြီး လုပ်မယ်၊ နိုင်ငံရေးအမြင်နဲ့လည်း လုပ်စရာရှိတာ လုပ်ကြတာပေါ့၊ အားလုံး ပေါင်းစပ်စုစည်းပြီး လုပ်မှ ရမယ်ဆိုတဲ့ အမြင်ပေါ့ အဲဒီလို ဆွေးနွေးရင်းနဲ့ပဲ ဘယ်မှာသွားပြီး ပြဿနာ တက်လဲဆိုတော့ ညီလာခံမှာ ဗဟိုကော်မတီကို ရွေးချယ်တင်မြှောက်တဲ့အခါမှာ အများစုကတော့ ခါတိုင်းလုပ်သလိုပဲေ၇ွးချယ်တင်မြှောက်တဲ့ ပုံသဏ္ဍန်နဲ့လုပ်ကြမယ်ပေါ့။

(တပြိုင်နက်တည်းမှာပဲ ကြွားပြီးပြောရမယ်ဆိုရင်တော့ နယ်စပ်မှာ အဖွဲ့အစည်းနဲ့ စနစ်တကျ မဲနဲ့ေ၇ွးချယ်တင်မြှောက်တယ်ဆိုတဲ့ အစဉ်အလာက ကျနော်တို့ ABSDF ကနေ စခဲ့တာလို့ ပြောလို့ရတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေမှာတော့ အမည်အဆိုပြုပြီးတော့ တင်ပြီးတော့ လုပ်တာပေါ့၊ကျနော်တို့ကတော့ လျှို့ဝှက်မဲပေးစနစ်နဲ့ကို သေချာလုပ်ခဲ့တယ်)

အဲဒီမှာ ကိုမိုးသီးက သူ့ရဲ့ အတွေးအခေါ်ပေါ့နော်၊ ဒါကို မှားတယ်လို့တော့ ပြောလို့မရပါဘူး။ သူ ပြောချင်တာက ဘာလဲဆိုတော့ တကယ်တမ်း ဦးဆောင်မဲ့ သူတယောက်ကိုပဲေ၇ွးချယ်လိုက်ပေါ့၊ အဲဒီလူကပဲ သူနဲ့ ယုံကြည်စွာ လက်တွဲနိုင်မဲ့ သူတွေနဲ့ပဲ ဗဟိုကော်မတီကို ဖွဲ့စည်းမယ်ပေါ့။ သူပြောချင်တာက ဥက္ကဋ္ဌ လုပ်တဲ့ သူအနေနဲ့ သူမပြောနိုင်တဲ့  သူတွေနဲ့ လက်တွဲလုပ်ရရင်ပြောရ ခက်တယ်ပေါ့။အဲဒီလို အမြင်ပေါ့။

အဲဒီမှာ ကိုမိုးသီးတို့နဲ့ ကျနော်တို့ အမြင်မတူဘူးပေါ့၊ အဲဒီမှာ စပြီးတော့ ပြဿနာ တက်တယ်။ ပြဿနာ တက်တော့ မဟာမိတ်တွေကလည်း ၀င်ညှိပါတယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့ အစည်းဝေးတွေကလည်း တော်တော်ကြာတယ်။ ၁၉၉၁ သြဂုတ်လ ၁၁ ရက်နေ့ လောက်ကတည်းက စလုပ်နေတဲ့ ညီလာခံက အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ ပြီးတယ်။

တော်တော်ကြာတယ်ညီလာခံလုပ်နေတာ။ တကယ်တော့ အဆင်မပြေဖြစ်လိုက် မဟာမိတ်ဆွေဝင်ညှိပေးလို့ နားလိုက်၊ ဟိုဘက် ဒီဘက်ကိုယ်စားလှယ်တွေ ဖွဲ့ပြီးတော့ ဆွေးနွေးလိုက်နဲ့ အဲလိုတွေဖြစ်နေတာ။ အထဲထဲမှာ ဦးဆောင်မှု တိုက်ပွဲတွေ ဖြစ်နေတာပေါ့ဗျာ၊ အတွေးအခေါ်တိုက်ပွဲက တော်တော်ပြင်းတယ်။

မြောက်ပိုင်းကိစ္စက ကျနော်မှတ်မိသလောက်ပြောရရင်  ညီလာခံလုပ်နေတုန်းမှာပဲ ကိုမိုးသီးတို့လည်း ညီလာခံထဲမှာရှိနေတဲ့ ကာလထဲမှာပဲ ကိုမိုးသီးက မြောက်ပိုင်းမှာ ရန်သူ့စပိုင်တွေ ဖမ်းမိထားတယ်လို့ အကြောင်းကြားလာတယ်။ အဲဒီကိစ္စကိုတော့ ဆက်သွယ်မေးမြန်းနေတုန်းပဲ ဆိုတာမျိုး ပြောလာတာ ရှိတယ်။

သူပြောလိုက်တဲ့ ပုံဆန်က ဟိုဘက်မှာ ရန်သူတွေ ၀င်တယ်ဆိုတော့ လက်ရှိ ကျနော်တို့ရဲ့ ညီလာခံထဲမှာလည်း ဒီလိုရှိတယ်ဆိုတဲ့ ပုံဆန်မျိုး ပေါ့ ။ သူက ကျနော်တို့ကိုလည်း သူက စေ့စပ်ကြေအေးရေးသမားတို့ ဖြန်ဖြေရေးသမားတို့ အဲလိုမျိုး စွတ်စွဲခံနေရတဲ့ အနေအထားမျိုး ဖြစ်နေတော့ ကျနော်တို့ပဲ အဲလိုလူမျိုးတွေ ဖြစ်နေသလိုလို သူ့လေသံက ပါသွားတယ်၊ ဒါကတော့ လူငယ်သဘောသဘာဝနဲ့ တယောက်နဲ့ တယောက်အမြင်မကြည်လင်ချိန်မှာ ဖြစ်တဲ့ အခံလေးလည်း ရှိမယ်လို့ ထင်ပါတယ်။

နောက်တခုက ကျနော်အမှတ်မမှားဘူးဆိုရင် ကျနော်တို့ ညီလာခံလုပ်နေတုန်းမှာပဲ  မြောက်ပိုင်းကနေ ထွက်ပြေးလာတဲ့သူ အချို့က အစိုးရနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တာ ရှိတယ်။မြောက်ပိုင်းမှာ ကျောင်းသားတွေကို ဖမ်းနေပြီ ဘာဘာညာညာတွေ ဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ ကျနော်ပြောတာ မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ ၅၅ ဦးကို ပြောတာမဟုတ်ဘူးနော်၊ အဲဒါတွေထက် စောတယ်၊ အများကြီး စောတယ်။ အစောပိုင်းမှာ မြောက်ပိုင်းကနေ ထွက်ပြေးလာတဲ့ သူ ကျနော်အမှတ်မမှားဘူးဆိုရင် ကိုတိုက်ပိတ်တို့လား ဘာလား ညာလား မသိဘူး။ ကျနော် နာမည်လည်း သေချာမသိဘူးနော်၊ အဲဒီလို ပထမဆုံး ထွက်ပြေးလာတဲ့ သုံးလေး ငါးဦးပဲ သူတို့သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ ကျနော်တို့က လေဒီယိုကနေ ကြားရတယ်။

ကျနော်သိရသလောက်က အဲဒီသတင်းစာရှင်းလင်းပွဲ လုပ်တဲ့ သူက ပါဂျောင်မှာ ဖမ်းထားရင်းနဲ့ လွှတ်သွားတာ။
အဲလို လွှတ်လာတဲ့ သူတွေရဲ့ လက်ထဲမှာပဲ ဓါတ်ပုံတွေ ဘာတွေပါလာတယ်ဆိုလားမသိဘူး၊ မြောက်ပိုင်းက အဲဒါနဲ့ စပြီးတော့ သံသယဖြစ်တာ။ ဘာကြောင့် စခန်းထဲက ဓါတ်ပုံတွေ ပါသွားရတာလဲ။

အဲဒီတုန်းက သတင်းစာရှင်းလင်းပွဲကိုလည်း ထောက်လှမ်းရေးက သေချာလုပ်ပေးတယ်လေ။ အဲဒါကို ကျနော်တို့ လေဒီယိုမှာ ကြားလိုက်ရတော့ ကျနော်တို့ မြောက်ပိုင်းနဲ့ပတ်သက်ပြီး သိတာ နောက်မြောက်ပိုင်း ကိစ္စတွေဘာတွေ ဆွေးနွေးကြတော့လည်း ကိုစိုးလင်းပြောခဲ့သလိုပါပဲ ကျနော်တို့ကလည်း မြောက်ပိုင်းကိစ္စတွေဘာတွေကို ဂဃနန မသိဘူး။

အဲဒီအချိန်မှာ ညီလာခံမတိုင်ခင်မှာ မြောက်ပိုင်းက ကိုယ်စားလှယ် ၃ယောက်က တောင်ပိုင်းကိုလာပြီး ညီလာခံလာတက်တယ်။ ကိုလှဌေးဆိုတာ တယောက်၊ အခု အိန္ဒိယနယ်စပ်မှာ ရှိတယ်။ ကချင်ကျော်ကျော်၊ နောက်ကိုစိုးလင်းပေါ့။ အဲဒီ ၃ယောက် ကျနော်တို့ ဆီကို ရောက်လာတယ်။ သူတို့က ဗဟိုနဲ့ ဆွေးနွေးဖို့ ဆိုပြီး မြောက်ပိုင်း ကိုယ်စားလှယ်အနေနဲ့ ရောက်လာကြတာပေါ့။

အဲဒီအချိန်တုန်းက ကျနော်တို့ တောင်ပိုင်းမှာ ဘာမှ မဖြစ်သေးဘူး၊ကိုနေ၀င်းအောင်တို့ ကိုလည်း မဖမ်းရသေးဘူး၊ ဆရာနေ၀င်းအောင်တို့က ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ထဲမှာပါတယ်။ ညီလာခံတုန်းက ကိုစိုးလင်းက မြောက်ပိုင်းပြန်ရမယ်ဆိုတဲ့ အတွက် သူကတော့ အရွေးမခံဘူးပေါ့လေ၊ ကိုနေ၀င်းအောင်ကတော့ ဗဟိုအလုပ်အမှုဆောင်ပဲ။

အဲဒီတုန်းကတော့ တဘက်နဲ့ တဘက်ဒီလိုတွေ မြင်ကြတယ်ဆိုတာကို ခုလို နှစ် ၂၀ကျော်ပြီးချိန်မှာတော့ မှားတယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီတုန်းကတော့ မာန်တွေက တက်ကြတယ်ဗျ။ နောက်အတွေ့အကြုံကလည်း မရှိဘူး။ နောက် စိတ်ကလည်း ပြင်းကြတယ်လေ။ ပြင်းတယ်ဆိုတာကလည်း အစိုးရ ကို ရန်သူတို့၊ စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ကျေမှုန်းကြဆိုတဲ့ စကားမျိုးတွေ မပြောရင်တောင်မှ လူက သိပ်အဆင့်မရှိသလိုပဲပေါ့လေ။ ဒါကလည်း တောထဲမှာ ဆိုတော့ ဒါမျိုးတွေလည်း ရှိကြတာပေါ့လေ။

နောက် ညီလာခံလုပ်နေပြီး ညီလာခံမှာလည်း ကိုယ့်ရဲ့ အထုတ်ကြီးက တော်တော်ကြီးကို ကြီးကြီးမားမားဖြစ်နေတဲ့ အချိန် နောက် မာနယ်ပလောဘက်ကိုလည်း အစိုးရထိုးစစ်က စပြီးတော့ ပြင်နေပြီ မဟာမိတ်ကလည်း စစ်ပူနေပြီ၊ အဲလိုဖြစ်နေတဲ့အချိန် ကျနော်တို့မှာလည်း ပြဿနာတက်နေချိန်မှာ မြောက်ပိုင်းမှာလည်း သူလျှိုမိတယ် ဘာညာ ဖြစ်နေချိန်မှာ ဒီဘက်မှာလည်း အတွေးအခေါ်ပြဿနာဖြစ်နေချိန် ဆိုတော့ ကျနော်တို့ဆီမှာ pressure ကတော်တော်ကြီးတယ်လေ။

အဲဒီတုန်းက ညီလာခံရဲ့ တိုက်ပွဲကတော်တော်ပြင်းနေတဲ့ အချိန်ပဲ
အဲဒီမှာ ပြောရင်တော့ နှစ်ဖွဲ့ဖြစ်သွားတာပေါ့၊ နောက်ဆုံး မဟာမိတ်တွေက ညှိပေးတယ်၊ညှိပေးလို့မရတော့ကဲ မင်းတို့ဟာမင်းတို့ပဲ ဆွေးနွေးကြတော့ ဆိုတော့ ကျနော်တို့အဖွဲ့က နောက်ဆုံး ဒီညီလာခံကို ဒီမိုကရေစီနည်းလမ်းအရပဲေ၇ွးချယ်တင်မြှောက်မယ်လို့ ဆုံးဖြတ်လိုက်တော့ ကိုမိုးသီးတို့အဖွဲ့က လာမတက်တော့ဘူး။

လာမတက်တော့ဘဲ  ညီလာခံ ဆက်လုပ်လိုက်တယ်ပေါ့လေ။ ပြောမယ်ဆိုရင်တော့ သူတို့က ဒီညီလာခံကို walk out လုပ်လိုက်တာပေါ့။ ပြီးတော့ သူတို့ဟာ သူတို့ ဖွဲ့လိုက်တယ်ပေါ့။ အဲလိုဖြစ်နေရင်းနဲ့ပဲ  ကိုမိုးသီးဇွန်တို့က ခွဲထွက်သွားတာပေါ့။

သူတို့ထွက်သွားပေမဲ့ ကျနော်တို့ ကျန်တဲ့ အများစုနဲ့ပဲ ညီလာခံကို ဆက်ပြီး ကျင်းပတယ်၊ ဗဟိုကော်မတီရွေးတယ်။ ညီလာခံပြီးတာနဲ့သိတ်မကြာဘူး စစ်တွေ ဖြစ်လာတော့ ကျနော်တို့လည်း မာနယ်ပလောက လွဲပြီးတော့ ကျနော်တို့ စခန်းတော်တော်များများနေရာတွေကနေ ဆုတ်ပေးလိုက်ရတယ်။

ဆုတ်ပေးလိုက်ပြီးတော့ ထိုင်းဘက် ကမ်းမှာ စခန်းတွေပြန်နေရာချရတယ်။ ကျနော်တို့က သံလွင်မြစ်တလျှောက်မှာ နေတယ်။ ထိုင်းကလည်း တရားဝင်ခွင့်ပြုတာမဟုတ်ဘူး။ လူသားချင်းစာနာလို့ ကူညီတယ်ဆိုတဲ့ သဘောပဲ ရှိတယ်။
အဲဒီမှာ ဆက်စပ်ပြီး ပြောချင်တာက ကျနော်တို့ အဖွဲ့ နှစ်ဖွဲ့ကွဲနေတဲ့ ကိစ္စအပြင်ကို အဖွဲ့ရဲ့ အသိအမှတ်ပြုခံရရေးအတွက်ကို ကျနော်တို့ ကြိုးစားနေတဲ့ အပိုငးတွေလည်း ရှိတယ်။ နောက် အဖွဲ့ ၂ ဖွဲ့ ကွဲသွားတာက ကျနော်တို့ ကြားမှာ ဂယောက်ကယက်ဖြစ်သွားတာတွေလည်း ရှိတယ်။ တချို့ စခန်းတွေဆိုရင် ကွဲသွားတယ်၊ စခန်းလိုက် ဟိုဘက် ဒီဘက် ကွဲသွားတာတွေ ပါသွားတာတွေလည်း ရှိတယ်။ ဟိုဘက်ဒီဘက် မပါဘူး ကြားနေဆိုတာတွေလည်း ရှိတယ်။

အဲဒီကြားထဲမှာ ဟိုဘက် ဒီဘက်ကွဲတဲ့ အခြေအနေ၊ နောက်ဆက်တွဲပါလာတဲ့ မဟာမိတ်ဆက်ဆံရေး ၊ ရိက္ခာကိစ္စတွေ
အဲဒါတွေကို စီမံရတယ်၊ အဲလို စီမံနေတဲ့ ကြားထဲကနေ စောတုန်းက မြောက်ပိုင်းက လာတဲ့ ကိုယ်စားလှယ်ထဲက ကိုကျော်ကျော်ကို ကဲ မဖြစ်ချေဘူး ခင်ဗျားတို့ကလည်း ဒီဘက်ပါလာတဲ့အတွက် ဘာမှန်းလဲမသိဘူး မြောက်ပိုင်းကို ခင်ဗျား ပြန်ပြီးတော့ ဟိုကနေ သတင်းအချက်အလက်တွေ နဲ့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ပြန်ပြီးတော့ အစီရင်ခံဖို့၊ ဒီဘက်မှာ ဖြစ်သွားတဲ့ အခြေအနေကိုလည်း ဟိုဘက်မှာ ပြန်ရှင်းပြဖို့ ဆိုပြီးတော့ ကိုကျော်ကျော်ကို ပြန်လွှတ်လိုက်တယ်၊ အဲဒီထဲက သူက ပြန်မလာတော့ဘူး။

သူ့ကို ကျနော်တို့က ညီလာခံပြီးမှ ပြန်လွှတ်လိုက်တာပါ၊ ကျနော့်အထင် သူက ပတ်စပို့လုပ်ရတာတွေ ဘာတွေ ရှိတော့ သေချာတာကနော့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင်မှာ သူ့ကို  ပြန်လွှတ်လိုက်တာကတော့ သေချာပါတယ်။
အဲဒီတုန်းက မြောက်ပိုင်းမှာ ဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သတ်ဖြတ်မှုတွေဖြစ်လာမှ ကျနော်တို့ သိလာရတာ။ ရှေ့မှာဘယ်လို သတ်ဖြတ်မှု တွေ ရှိခဲ့သလဲ ဆိုတာ မသိဘူး။

ကိုကျော်ကျော်ကို လွှတ်လိုက်ပြီးတော့ သူ့ဆီကနေလည်း ကျနော့်ဆီကို သတင်းတွေ ပြန်ပို့တာမရှိဘူး၊ ကျနော် ဘာမှ မသိရဘဲနဲ့ ယင်ဒီကနေ နေရှင်း သတင်းစာမှာ ရေးတော့မှ ကျနော်သိရတာ။ ၁၉၉၂ ခုနှစ် ဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့ မှာ မြောက်ပိုင်းမှာ ကျောင်းသား ၁၅ ယောက်ကို သတ်တယ်ဆိုတာကို အဲဒီတော့မှ ကျနော်သိရတယ်။ အဲလို နေရှင်းမှာ ရေးတော့ ဘန်ကောက်ရုံးကနေ ကျနော့်ဆီကို အကြောင်းကြားမှ ဒီကိစ္စကို ကျနော်က သိရတာ။


ရှေ့ဆက်ဖော်ပြပေးပါမည်။

( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ရေးသား  ဖော်ပြရာမှာ

 ကျမရဲ့ အမြင်နဲ့  ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ

ဒေါက်တာနိုင်အောင်ရဲ့ ကာယကံရှင် ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: