Tuesday, February 26, 2013

ဒီကိန်းဂဏန်းတွေသာမှန်ရင် ကြောက်ခမန်းလိလိ အဂတိလိုက်စားမှုဖြစ်ပါတယ်။

ယနေ့အကြိုက်ဆုံး ကွန်မင့်များ...။

# koswarkyal 2013-02-24 13:31
ဒီကိန်းဂဏန်းတွေသာမှန်ရင် ဒီပမာဏဟာ ဦးစိုးသိန်းရဲ့ ကြောက်ခမန်းလိလိ အဂတိလိုက်စားမှုဖြစ်ပါတယ်။ အလုံသင်္ဘောကျင်းလုပ်ကိုင်ခွင့်ရသူဟာ စက်မှု ၁ ၀န်ကြီးဟောင်း ဗိုလ်ချုပ် ကြီးစိန်အောင်ရဲ့ သားမက်ဖြစ်ပါတယ်။ သူဟာ အကြီးစားစက်တွေ၊ ကားတွေ တင်သွင်းတဲ့သူလည်းဖြစ်ပါတယ်။ သင်္ဘောကျင်းကိုလည်း ဈေးပေါပေါနဲ့ ရထားပါတယ်။ ဦးစိုးသိန်းနဲ့
ရင်းနှီးပါတယ်၊၊ ဦးစိုးသိန်းရဲ့ လာဘ်စားမှုတွေကို သမ္မတကမျက်ကွယ်ပြုထားရင် အစိုးရအတွက် အလားအလာမကောင်းပါဘူး။ဒီအစိုးရ လက်ထက်မှာသမ္မတက ကာထားရင် နောက်အစိုးရလက်ထက်မှာ ထောင်ထဲဝင်ရမှာပါ။ အခုအစိုးရလက်ထက်မှာတောင်
ပြည်ထောင်စုလွှတ်တော်ကို တရားဝင်စစ်ဆေးဖို့တိုင်ရင် နောက်ဆက်တွဲက ဦးစိုးသိန်းထွက်မလား...သမ္မတက ဇွတ်ကာမှာလား ...။ တိုင်တဲ့သူက မီဒီယာကတဆင့် ရဲရဲဝံ့ဝံ့ တိုင်မလား...။ ဆက်သွယ်ရေးဝန်ကြီး လာဘ်စားတယ်ဆိုတာ ကလေးမုန့်ဖိုးသာသာလောက်ပါ။ အခုအလုံသင်္ဘောကျင်း စီမံကိန်းကနေ ဒီကုမ္ပဏီရသွားနိုင်တဲ့ အမြတ်ဟာ ဒေါ်လာ ၁ဘီလီယံနီးပါးရှိပြီး အခွန်သက်သာခွင့် ဒေါ်လာသန်း၁၀၀လောက်ရှိပါတယ်။ သမ္မတကို cover လုပ်ပြီး တိုင်းပြည်နစ်နာစေတဲ့ ဒီအမိန့်ကို ဖျက်မလား.... ရွေးချယ်ခွင့်က ဦးစိုးသိန်းလက်ထဲမှာရှိပါတယ်။

သမ္မတက ဇွတ်ကာမယ် ဆိုရင်တော့ တိုင်းပြည်မှာ အကြီးအကျယ်ပြသနာရှိလာနိုင်တယ်။
အလုံသင်္ဘောကျင်းဟာ လက်ပန်တောင်းတောင်ထက်တောင် တိုင်းပြည်ပိုနစ်နာစေပါတယ်။

-----------------------------------------------------------------------------------------
# yan naing myo 2013-02-25 15:18
Good Governance..Clean Government တဲ့လား...ဝါးဟားဟား

သားတို့ကမှားတွက်မိလို့နဂိုသန်း 30 ကိုနှစ်ထပ်ကိန်းတင်ပြီးသန်း 900 ဖြစ်အောင်အမှားပြင်လိုက်တာပါဘဘဦးစိုးသိန်းရယ်။ ထွီ

မရှိလို့ရောင်းစားတဲ့မုဆိုးမတောင်အခွန်ကောက်တဲ့ကောင်တွေသူသမီးလင်တွေ..သူ့အမေလင်တွေမို့လို့မြန်မာတပြည်လုံး GDP ထက်တောင်များတဲ့အခွန်ကင်းလွတ်ခွင့် ပေးသတဲ့လား။

===================================================
မူရင်းသတင်း

 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စီမံကိန်းအတွက်ဟုဆိုကာ ကုမ္ပဏီတစ်ခုတည်းအား ကျပ်သန်းပေါင်း ၇၇၄၀၀၀ တန်ဖိုးရှိ ကုန်စည်မျိုးစုံကို အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပေး

weekly-3-feb24
အလုံသင်္ဘောကျင်းနှင့် မြန်မာ့စက်မှု ဆိပ်ကမ်းအကြား စီမံကိန်း အကောင်အထည်ဖော်နေမှုကို ၂၀၁၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခုမှ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖိုး (ကျပ်သန်းပေါင်း ၇၇၄၀၀၀ တန်ဖိုးရှိ) ရှိသည့် ကုန်စည်မျိုးစုံအား အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန် တင်ပြမှုအပေါ် ခွင့်ပြုပေးခဲ့သည်ဟု သတင်းရရှိပါသည်။
မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရု(ပ်) အက်စ် ကုမ္ပဏီလီမိတက်မှ တင်သွင်းရန် လျှောက်ထားခြင်းဖြစ်ပြီး အလုံသင်္ဘောကျင်း နေရာတွင် မြှုပ်နှံမည့် စီမံကိန်းအတွက်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဖြင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
၄၈ ဧကကျယ်ဝန်းသော အလုံသင်္ဘောကျင်း နေရာတွင် မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင် ဂရု(ပ်)အက်စ် ကုမ္ပဏီလီမိတက်မှ ဆိပ်ခံတံတား တည်ဆောက်၍ ဆိပ်ကမ်းဝန်ဆောင်မှုများ ပေးရန်နှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်း တည်ဆောက်ခွင့် ရရှိထားကြောင်း သိရသည်။
စီမံကိန်းနှင့် ဆက်စပ်၍ တင်သွင်းမည့် ပစ္စည်းများအတွက် စတင်လျှောက်ထားစဉ်က အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးသာ တင်သွင်းရန် လျှောက်ထားခြင်းဖြစ်ကြောင်း၊ စတင်လျှောက်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးအား MIC မှ ခွင့်ပြုမိန့်ပေးခဲ့ကြောင်း၊ ယင်းနောက်တွင် အဆိုပါဒေါ်လာ သန်း ၃၀ ဖိုးမှာ တွက်ချက်မှု လွဲသွားသည့်အတွက်ဟုဆိုကာ ဒုတိယအကြိမ် ပြန်လည်ပြင်ဆင် လျှောက်ထားကြောင်း၊ ပြင်ဆင်ရာတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အစား သန်း ၉၀၀ ဖြစ်ကြောင်း၊ ထိုသို့ပြန်လည် လျှောက်ထားချက်ကိုလည်း MIC မှ ထပ်မံခွင့်ပြုပေးခဲ့ပြန်သည်ဟု သိရသည်။
သို့သော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့်မူ အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် ပြန်လည်ပြင်ဆင် လျှောက်ထားသည့် သန်း ၉၀၀ ကြား ကွာဟချက်မှာ များပြားလွန်းသည့်အတွက် ချက်ခြင်းခွင့်ပြုပေးခြင်း မပြုခဲ့ဘဲ MIC သို့ ပြန်လည်စိစစ်နိုင်ရန် ပေးပို့ခဲ့သည်ဟုလည်း သိရသည်။
MIC ဖြင့် နီးစပ်သူတစ်ဦးက "ကျွန်တော်သိသလောက် အလုံသင်္ဘောကျင်းမှာ စီမံကိန်းလုပ်မယ့် ကုမ္ပဏီ မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင် ဂရု(ပ်)အက်စ်ကုမ္ပဏီက အစတုန်းက အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးရှိတဲ့ ပစ္စည်းတွေ ပြည်ပကနေသွင်းဖို့ အခွန်ကင်းလွတ်ခွင့် လျှောက်တယ်။ အဲဒါကို MIC က ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရတယ်။ နောက်ကျတော့ တစ်ခါထပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ က မှားသွားလို့ဆိုပြီး ပြန်ပြင်လျှောက်တယ်လို့ သိရတယ်။ သန်း ၃၀ ဖိုး လျှောက်ထားတုန်းက လျှောက်ထားမှုမှာပါတဲ့ ပစ္စည်းအမျိုးအစားနဲ့ အရေအတွက်အတိုင်းကိုပဲ ပြန်ပြင်လျှောက်တာ တန်ဖိုးမှာပဲ ပြောင်းသွားတာ။ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖိုး ကင်းလွတ်ခွင့် ပြန်တင်တယ်။ ဒါကို MIC ကလည်း တစ်ခါထပ်ပြီး ခွင့်ပြုပေးခဲ့တယ်။ ဘဏ္ဍာအခွန်ကျတော့ သန်း ၃၀ နဲ့ သန်း ၉၀၀ ကြားက ကွာဟချက်က အရမ်းများသွားတဲ့အတွက် ချက်ခြင်းမပေးဘဲ MIC ကို စိစစ်ပေးဖို့ ပြန်တင်လိုက်တယ်လို့တော့ သိရတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိတော့ ဘဏ္ဍာအခွန်က ခွင့်မပြုရသေးဘူးလို့ သိရတယ်" ဟု ပြောပြခဲ့သည်။
ကျပ်သန်းပေါင်း ၇၇၄၀၀၀ ပေါ်တွင် အခွန်ကင်းလွတ်ခွင့် ပေးပါက နိုင်ငံတော်မှ ရရှိမည့် ကုန်သွယ်လုပ်ငန်းခွန် တစ်မျိုးတည်းပင် ကျပ်သန်းပေါင်း ၃၈၇၀၀ အထိ ဆုံးရှုံးမည်ဖြစ်သည်။ Customs Duty အား ထည့်သွင်းတွက်ချက်ပါက ကျပ်သန်းပေါင်းများစွာ နစ်နာမည်ဖြစ်သည်။
ဆိပ်ခံတံတားနှင့် ကုန်သေတ္တာ သိုလှောင်လွင်ပြင် တည်ဆောက်ရန် တင်သွင်းမည့် ကုန်ပစ္စည်းများထဲတွင် အမေရိကန်ဒေါ်လာ ၈၀၀၀၀ ၀န်းကျင် တန်ဖိုးရှိ Wagon ကားများ၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ကျော် တန်ဖိုးရှိ Saloon ကားများကိုပါ ထည့်သွင်းလျှောက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ အခွန်ကင်းလွတ်ခွင့် လာရောက်လျှောက်ထားမှုများမှာ နှစ်စဉ်များစွာရှိကြောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူတိုင်း လာရောက်လျှောက်ထားလေ့ရှိကြောင်း ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၉၀ ကျော်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံသည့် လုပ်ငန်းပေါင်း ၁၀၀ နီးပါးရှိပြီး အဆိုပါစီမံကိန်းများ အားလုံးအတွက် လိုအပ်သည်ဟုဆိုကာ တင်သွင်းသည့် ကုန်ပစ္စည်းများအားလုံးကို အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပေးသည်။
ကျပ်သန်းပေါင်း ၇၇၄၀၀၀ မှာ ကုမ္ပဏီတစ်ခုတည်းမှ စီမံကိန်းတစ်ခုအတွက် လျှောက်ထားသည့် ပမာဏသာ ဖြစ်သည်။
အခွန်ကင်းလွတ်ခွင့်ပေးသည်ဟု ဆိုရာတွင် ပုံမှန်အတိုင်းဆိုပါက စတင်လျှောက်ထားစဉ်က စီမံကိန်း အဆိုပြုချက်ပါ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ကျော်လွန်၍ ကင်းလွတ်ခွင့် လျှောက်ထားလေ့ မရှိကြောင်း၊ ပမာဏများစွာ လျှောက်ထားလာသည် ဆိုပါက ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ကျော်မကျော် စိစစ်ရန် လိုအပ်ပြီး မည်သည့်အတွက်ကြောင့် ခွင့်ပြုခြင်းဖြစ်ကြောင်း စိစစ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။ 
            
Myanmar Citizens Investment Law အရ နိုင်ငံသားများမြှုပ်နှံမှု

ခုနှစ် လုပ်ငန်းအရေအတွက် ပမာဏ(ကျပ်သန်း)
၂၀၀၇ (နိုဝင်ဘာလထိ) ၆၇၉ ၁၄၁၃၈၁ ဒသမ ၃၄
၂၀၀၈ (စက်တင်ဘာလထိ) ၆၉၃ ၁၅၇၇၉၆ ဒသမ ၇၆
၂၀၀၉ (ဇူလိုင်လထိ) ၇၀၂ ၁၆၉၅၄၄ ဒသမ ၁၀
၂၀၁၀ (နိုဝင်ဘာလထိ) ၇၆၅ ၁၀၅၀၆၂၅ ဒသမ ၃၄
၂၀၁၁ (အောက်တိုဘာလထိ) ၈၁၃ ၁၄၃၄၃၄၆ ဒသမ ၂၇
၂၀၁၂ (သြဂုတ်လ ၁၃ ရက်ထိ) ၈၅၇ ၁၈၄၄၀၉၃ ဒသမ ၄၅
၂၀၁၂(အောက်တိုဘာ ၁ ရက်ထိ) ၈၆၀ ၁၉၀၄၇၈၈ ဒသမ ၅၆
၂၀၁၂(နိုဝင်ဘာလ ၁၉ ရက်ထိ) ၈၆၅ ၁၉၉၉၄၃၀ ဒသမ ၈၁

No comments: