Monday, February 25, 2013

တူတံစဉ်နဲ့ နိုင်ငံတော်


တူတံစဉ်နဲ့ နိုင်ငံတော် (ကဗျာ)

တူ၊ တံစဉ် ဆိုတာ
နိုင်ငံတော်ရဲ့ အင်အား၊
လယ်သမား၊
အလုပ်သမား ဆိုတာ
နိုင်ငံတော်ရဲ့ လုပ်သား။

ဖြေကြစမ်းပါ-
မိတ်ဆွေတို့ရာ၊
လယ်သမားအရေး
အလုပ်သမားအရေးကို
ရှေးမရှုပဲ
နိုင်ငံတော်သစ်ကို
တည်ဆောက်လို့ ရနိုင်မတဲ့လား။

ဖြေကြစမ်းပါ-
မိတ်ဆွေတို့ရာ၊
ထမင်းငတ်လယ်သမား၊
အစာပြတ်အလုပ်သမားတွေနဲ့
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို
လုပ်ဆောင်လို့ ရနိုင်မတဲ့လား။

ဖြေကြစမ်းပါ
မိတ်ဆွေတို့ရာ-
အဖိနှိပ်ခံနင်းပြား
လယ်သမား၊ အလုပ်သမားတို့ရဲ့
မျက်ရည်စက်၊ သွေးစက်တွေကို
ခရိုနီယဇ်ပလ္လင်ပေါ်မှာ
ပူဇော်ပသလိုက်မှ
ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးက
ပေါ်ထွန်းနိုင်တော့မတဲ့လား။

တူ၊ တံစဉ် ကို
ဖယ်ရှားဖို့ ကြိုးစားတဲ့အခါ
နိုင်ငံတော်အင်အား
ပြိုလဲတတ်တယ်၊
လယ်သမားနဲ့
အလုပ်သမားတွေ
မျက်ရည်ကျတဲ့အခါ
နိုင်ငံတော် အနာဂတ်
ပျက်သုဉ်းတတ်တယ်၊
ဒါဟာ- နိယာမ
ဘယ်တော့မှ
ပြောင်းလဲမှာ မဟုတ်တဲ့
နိယာမ။

မိတ်ဆွေတို့ရေ-
နိုင်ငံတော်သစ်အတွက်
အလုပ်သမား၊
လယ်သမားအရေး
ရှေးရှုကြ။

                                                ခင်မမမျိုး (၂၅၊ ၂၊ ၂၀၁၃)

No comments: