Monday, December 24, 2012

ဒုဿစေတီနဲ့ပတ်သတ်၍

ဒုဿစေတီနဲ့ပတ်သတ်၍

အမေး။ ။ ဗြဟ္မာ့ပြည်က ဒုဿစေတီအကြောင်းကို သိချင်ပါတယ်ဘုရား၊ စာထဲတွေ့ရတာက ၀တ်လဲပုဆိုး ဋ္ဌာပနာတယ်ဆိုတာပဲ တွေ့ရပါတယ်၊ တခြားဘာပစ္စည်းများ ဋ္ဌာပနာသေးပါသလဲဆိုတာ သိချင်ပါတယ်ဘုရား။

အဖြေ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးတဲ့နောက် ယခု ငါဝတ်ထားတဲ့ အ၀တ်တွေဟာ ရဟန်းများနဲ့ မလျှောက်ပတ်ဘူး၊ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿပဘုရားရှင် လက်ထက်တော်က မိတ်ဆွေ ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးကနိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူပါတယ်။ အလောင်းတော်ဟာ ဗြဟ္မာမင်းလာရောက် ဆက်ကပ်တဲ့ပရိက္ခရာများကို သပ္ပာယ်စွာဆင်မြန်းပြီး ၀တ်လဲတော်ကို မြှောက်ပစ်လိုက်သတဲ့။ အဲဒီမြှောက်ပစ် လိုက်တဲ့ ၀တ်လဲတော်ကို ဗြဟ္မာမင်းက ဆောင်ယူပြီး၊ သုဒ္ဓ၀ါသဗြဟ္မာ့ဘုံမှာ စေတီတည်ထားပါသတဲ့။

စေတီတော်ဟာ ဗုဒ္ဓ၀ံသအဋ္ဌကထာ(၃၃၃)မှာ ဆိုထားပါတယ်။ ဒုဿစေတီတော်ကို တည်ထားတဲ့ ဃဋိကာရဗြဟ္မာဆိုတာ ကဿပဘုရားရှင်လက်ထက်တော်က ဘုရားရှင်နှင့် အလွန်အကျွမ်းဝင်တဲ့ အိုးလုပ်သမား တစ်ဦးဖြစ်ခဲ့ပါတယ်။ ကဿပဘုရားရှင်ရဲ့ တရားတော်ကို နာယူရတဲ့အတွက် အနာဂါမ်တည်ပြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အနာဂါမ်ဘ၀နှင့် ကွယ်လွန်ရင် သုဒ္ဓါဝါသငါးဘုံရှိရာ တစ်ဘုံဘုံကို ရောက်ပါတယ်၊ ဒါကြောင့် ဃဋိကာရဗြဟ္မာကြီးဟာ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သုဒ္ဓါဝါသငါးဘုံတွင် တစ်ဘုံဘုံသို့ရောက်နိုင်ပါတယ်။ ဒါကြောင့် ဒုဿစေတီဟာလည်း သုဒ္ဓါဝါသဘုံ တစ်ဘုံဘုံတွင် တည်ရှိနေမည်မှာ အမှန်ဖြစ်ပါတယ်။ ဤနေရာ၌ ဃဋိကာရဗြဟ္မာကြီးဟာ သုဒ္ဓါဝါသငါးဘုံအနက် အကနိဋ္ဌဘုံမှာဖြစ်တဲ့အတွက် ဒုဿစေတီတော်ဟာလည်း အကနိဋ္ဌဘုံမှာပဲရှိနိုင်တယ် ဟုယူဆသင့်ပါတယ်လို့ သမန္တစက္ခုဒီပနီကျမ်းက ဆိုထားပါတယ်။

စေတီတော်၏ ဉာဏ်တော်အမြင့်ကိုလည်း သမန္တစက္ခုဒီပနီကျမ်း၌ ကျမ်းအမျိုးမျိုးတို့ကို ထောက်ဆ၍ (၁၂)ယူဇနာရှိပါတယ်လို့ မှတ်ယူရမယ်လို့ ပြဆိုထားပါတယ်။

နောက်မေးခွန်းတစ်ခုက ဒုဿစေတီတွင် ၀တ်လဲတော်မှတစ်ပါး ဌာပနာထားတဲ့ တစ်ခြားပစ္စည်းကို ကျမ်းတွေမှာ မတွေ့ရပါဘူး။ ၀တ်လဲတော်ကို ပါဠိလိုဒုဿလို့ခေါ်ပါတယ်၊ ၀တ်လဲတော် ဌာပနာတာကို အကြောင်းပြု၍ ဒုဿစေတီလို့ခေါ်တွင်ခြင်းဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရ ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှr

ဦးကောဝိဒ(မြိတ်) http://venkawwida.com/ မှr

No comments: