Saturday, December 22, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်


သန်းဝင်းလှိုင် ဒီဇင်ဘာ ၂၂၊ ၂၀၁၂
 ဗိုလ်ချုပ်အောင်ဆန်းသည် ရာထူးနှင့်အာဏာကို မမက်မောသလို ပကာသနကိုလည်း အလေးမထားပေ။ ဟိတ်ဟန်လည်း မလုပ်တတ်။ ရိုးသားမှုကို မြတ်နိုး၍ အမှန်တရားကို ဦးထိပ်ပန်သည်။ သူသည် တိုင်းပြည်နှင့်လူမျိုး သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးကိုသာ အလေးအနက် စိတ်ဝင်စားကာ မြန်မာ့လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတေ လျှာက်တွင် ပြည်သူလူထုလေးစားယုံကြည်ထောက်ခံမှု အရဆုံးသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။
အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ ဆိုဗီယက်ပြည်ထောင်စုမှ လီနင်၊ တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အမေရိကန် (၁၆) ဆက်မြောက် သမ္မတ လင်ကွန်း၊ ဗီယက်နမ်မှ သမ္မတ ဟိုချီမင်း တို့ကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားဖြောင့်မတ်၍ ရိုးရိုးကုပ် ကုပ်သာ နေထိုင်ဝတ်စားဆင်ယင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် အ၀တ်အစားနှင့် ပတ်သက်၍ ချေးမများခဲ့။ ဖြစ်သလိုနေထိုင်စားသောက် ခဲ့သည်။ ဗိုလ်ချုပ်ကိုယ် တိုင် ရေးသားခဲ့သော အထ္ထုပတ္တိတွင် ဤသို့ ရေးသားထားလေသည်။
“ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှ ကွာ၏။ သူနှင့်ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူကားလက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏။ သူကား နု၏။ မင်းသားကျချင်၏။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက်အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါ မြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏။ ကျွန်တော်ကား မ၀တ်တတ်။ မြန်မြန်ညစ်အောင် ၀တ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျှင်၏။ ကျွန်တော်ကား ထူ၏။ အေး၏။”
ဤသို့ပင် ဗိုလ်ချုပ်သည် သူ့ငယ်စဉ်က အနေအထိုင်အစားအသောက် ၀တ်စားဆင်ယင်ခဲ့ပုံကို မကွယ်မ၀ှက်ရေးသားခဲ့၏။
ဗိုလ်ချုပ်သည် သူကိုယ်တိုင် ထိုကဲ့သို့ ရေးခဲ့သည်သာမက သူ ရေနံချောင်းအမျိုးသားကျောင်းဘ၀တွင် ၀တ်စားဆင်ယင်မှု နှင့် ပတ်သက်၍ အတော်ဂွကျ၏။ ကျောင်းသားများကြားတွင် ဂိုက်ပေးခြင်း၊ ဆိုက်ပေးခြင်း မရှိဘဲ ရိုးရိုးကုပ်ကုပ် ဖြစ်သလို ၀တ်စားဆင်ယင်တတ်မှုကြောင့် တကျောင်းလုံးက ရယ်စရာမောစရာ ဖြစ်နေခဲ့သည်။
တဖန် ဗိုလ်ချုပ် ရှစ်တန်းကျောင်းသားဘ၀တွင် မိခင်အမေစုထံမှ အနီရောင် ပိုးရောချည်လုံချည်များ ပို့ပေးလေ့ရှိ၏။ ဗိုလ်ချုပ်သည် ထိုလုံချည်များကို ကြိုက်နှစ်သက်သဖြင့် ခုံခုံမင်မင်ဝတ်တော့၏။ အကယ်၍ ၀တ်နေစဉ် အောက်အနားက စုတ်ခဲ့သော် ထိုအစုတ်ကိုပင် ပြန်၍ ထုံးပြီး ချည်နှောင်ဝတ်ဆင်ခဲ့၏။ ဗိုလ်ချုပ်ကား သူ့ဝတ်စားမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ကို ဤသို့ ဂရုမစိုက်၊ ရှက်လည်းမရှက်ပေ။
ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်းအမျိုးသားအထက်တန်းကျောင်းမှ ၁၉၃၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ခဲ့၏။
ထိုခေတ်ထိုအချိန်အခါက တက္ကသိုလ်ကျောင်းသားပိုင်းတွင် ၀တ်စားဆင်ယင်မှုက ပကာသန လွှမ်းမိုးလျက်ရှိ၏။ ကြော့ကြော့မော့မော့နှင့် ဆံပင်ကို ဖြီးလိမ်းပြီး ဟော်လံဒီယာပင်မင်းပြန်ပိုးသက္ကလပ်အင်္ကျီကြွေပြောင်ပြောင် တိုက်ကော်လာနှင့် ၀တ်ဆင်ပြီး ရွှမ်းရွှမ်းမြည်နေသည့် ရွှေတောင်မန္တလေးပိုးလုံချည်ကို ဆင်မြန်းကာ မှန်ကဲ့သို့ ဖိတ်ဖိတ်တောက်နေသော ရှူးဖိနပ်ကို စီး၍ စတိုင်ထုတ်နေကြချိန်လည်း ဖြစ်သည်။
မျက်နှာတွင်လည်း အကောင်းစားအလှရည်များကို လိမ်းပြီး အမျိုးမျိုးသော နံ့သာများကို အသုံးပြု၍ ခြယ်သကြသည်။
ထိုကဲ့သို့သော တက္ကသိုလ်ကျောင်းသားများထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကား ထူးခြားသော သူတစ်ယောက် ဖြစ်နေသည်။ ဖားလျား ကျနေသော ပင်နီအင်္ကျီနှင့် ကြေးနီရောင် ဘန်ကောက်လုံချည်တပတ်ရစ်ကို ၀တ်ကာ အမြီးပြတ် ဘုံဘိုင်ရေညှပ်ဖိနပ်ကို စီးလျက် အိမ်တော် ရာထီးတစ်ချောင်းကို နေပူမိုးရွာမရှောင် အမြဲတမ်းဆောင်းတတ်ပြီး ဆံပင်စုတ်ဖွားနှင့် ဖြစ်သလို နေတတ်သော ဗိုလ်ချုပ်အောင် ဆန်းကို မြင်တွေ့ရသော ကျောင်းသားကျောင်းသူတိုင်းက နှာခေါင်းရှုံ့ကြသည်။ ဘယ်လိုလူပါလိမ့်ဟူသော အကြည့်မျိုးဖြင့်လည်း စူးစမ်းကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းကို တက္ကသိုလ်ကျောင်းသားတိုင်းက လူ့ဂွစာ၊ လောက၀တ်ခေါင်းပါးသူဟူ၍ ကွယ်ရာ၌ အတင်းတုတ်ကြသည်။ ဗိုလ်ချုပ်ကား မည်သူ့ကိုမျှ အရေးမလုပ်၊ သူနေတတ်သလို၊ နေချင်သလို နေရရင်ပြီးရောဟူသည့် လူစားမျိုးဖြစ်သည်။
ပဲခူးကျောင်းဆောင်မှ စာသင်ခန်းသို့ သွားသောအခါ၌လည်း အင်္ကျီ ဘိုသီဘတ်သီနှင့် ဖိနပ်ကပိုကရိုစီး၍ သွားတတ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ဒုတိယကျောင်းသားညီလာခံကို မန္တလေးမြို့၌ နွေရာသီအတွင်းကျင်းပရာ ထိုနှစ်က အမ်အေ ရာရှစ် က ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းက အတွင်းရေးမှူးဖြစ်သည်။ မန္တလေးညီလာခံသို့အလာ ဗိုလ်ချုပ်သည် သူ့အစ်ကို ဦးအောင်သန်းမြို့အုပ်အိမ်သို့ ၀င်လည်သည်။ အပြန်တွင် အစ်ကိုအောင်သန်းအိမ်၌ သူ့တွင်ပါလာသော ပုဆိုးနှစ်ထည်အနက် တစ်ထည်မှာ ကျန်ခဲ့သည်။ ဤသည်ကို မသိဘဲ ထွက်လာရာ နောက်မှနေ၍ လိုက်ခေါ်ပေးသော်လည်း ခေါ်သံကိုပင် ဂရုမစိုက်နိုင် ခဲ့ချေ။ ကျောင်းသားညီလာခံနှင့် ပတ်သက်၍ မည်မျှစိတ်စောနေ၍ လုံချည်ကျန်မှန်းပင်မသိသူ ဖြစ်သည်။ ဤသို့ ဗိုလ်ချုပ်ကား အ၀တ်အစားနှင့်ပတ်သက်၍ အလေးမထားသူဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းမှထွက်၍ နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ရောက်လုပ်ကိုင်စဉ်ကာလတွင် ဗိုလ်ချုပ်နှင့် အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဦးနုက နိုင်ငံရေးကိစ္စမှလွဲ၍ မည်သည့်အရေးကိစ္စကိုမှ အလေးမထားသော ဗိုလ်ချုပ်၏ နေထိုင်ခဲ့ပုံကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး တစ်ခု၌ ဤသို့ ပြောဆိုခဲ့သည်-
“ပါတီဌာနချုပ်မှ သခင်အောင်ဆန်း၏ အခန်းက သန့်ရှင်းသပ်ရပ်မှု မရှိသည့်အတွက် ကျော်ကြားသည်။ မည်သည့်အခါမှ သိမ်းဆည်းခြင်းမပြုသော ကြမ်းတမ်းသော အိပ်ရာပေါ်တွင် သူအိပ်သည်။ ကြမ်းပိုးများက လာသမျှလူကို သူ့အိပ်ရာနှင့် သူ့အခန်းထဲမှ မောင်းထုတ်နေကြသည်။ အောင်ဆန်းတစ်ဦးတည်းသာလျှင် အမှုမထားဘဲ သူ့အခန်းထဲ၌ နေနိုင်၊ အိပ်နိုင်လေသည်။ တခါတွင် ခရိုင်မှ ဧည့်သည်များ ကျွန်တော်တို့ဆီရောက်လာကြသည်။ ဌာနချုပ်မှ သခင်အဖွဲ့ဝင်အချို့က ဧည့်သည်များကို စင်္ကြံပေါ်တွင် မအိပ်စေချင်ကြသောကြောင့် သခင်အောင်ဆန်း၏အခန်းကို (ထိုစဉ်က သခင်အောင်ဆန်းသည် အထွေထွေအတွင်းရေးမှူးဖြစ်နေသည်။) ဧည့်သည်များအား နေရာချပေးသည်။ ဧည့်သည်များက အတွင်းရေးမှူး၏ အခန်း၌ တည်းခွင့်ရရှိသောကြောင့် သဘောကျကြသည်။ သို့သော် ကြမ်းပိုးများ ရှိနေကြောင်းကို သူတို့ စတင်မခံစားရမီအချိန်ကလေး၌သာ ဖြစ်သည်။ ညသန်းခေါင်းခန့်အချိန်သို့ ရောက်သောအခါ တပ်ချီနှိပ်စက်သော ကြမ်းပိုးဒဏ်ကို မခံနိုင်ကြတော့သော ဧည့်သည်များက အိပ်ရာခင်း စောင်များကို သယ်ဆောင်လျက် အခန်းထဲမှ တယောက်မကျန် အကုန်ပြေးထွက်ကြကာ စင်္ကြံထဲတွင်ပင် ဖြစ်သလိုအိပ်စက်ခဲ့ကြသည်။
နိုင်ငံရေးသည် သခင်အောင်ဆန်း၏ ဘ၀ဖြစ်သည်။ ဆာလောင်မွတ်သိပ်ခြင်းနှင့် ဆင်းရဲမှုဒဏ်သည် သူ့အဖို့ အရေးမပါသော အရာများဖြစ်သည်။ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ကျွန်တော်တို့အပါအ၀င် လုပ်ဖော်ကိုင်ဖက် အများစုသည် အစားကောင်းကောင်းကို တခါတရံတောင်းတကြသည်။ သခင်အောင်ဆန်းသည်က ထိုကဲ့သို့သော အရာများကို မည်သည့်အခါမျှ မတမ်းတချေ။ သူက ပျော့ပြောင်းသူမဟုတ်ချေ။ သူ့ခန္ဓာကိုယ်ကို သံမဏိဖြင့် တည်ဆောက်ထားသည့်အလား ထိုအင်အားဖြင့် သူ တော်လှန်ရေးလုပ်ခဲ့သည်။”
ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်းနှင့် အတူနေစဉ်က သူ့တွင် ၀တ်စရာမရှိသောကြောင့် သခင်သန်းထွန်း၏ လုံချည်နှင့် အင်္ကျီတို့ကို ယူ၍ ၀တ်သည်။ ထိုအချိန်က သခင်သန်းထွန်းသည် ကန်တော်ကလေးအရပ်၌ ကျောင်းဆရာလုပ်၍ ၀င်ငွေမှန်နေသဖြင့် အင်္ကျီအသစ်နှင့် လုံချည်အသစ်များဝယ်၍ သေတ္တာထဲတွင် တရိုတသေ သိမ်းဆည်းထားသည်။ ဗိုလ်ချုပ်က ယူ၍ ၀တ်သဖြင့် မကျေနပ်သော်လည်း ဘာမှမပြောချေ။ လျစ်လျူရှုထားသည်။ ဗိုလ်ချုပ်ကလည်း ၀တ်ပြီး မဟောင်းမချင်း ဘယ်တော့မှ မချွတ်ပေ။ ပြန်လည်း မပေးချေ။ ဟောင်းနွမ်းနံစော်နေသဖြင့် သခင်သန်းထွန်းကလည်း မတော့တော့ပေ။
ရဲဘော်သုံးကျိပ်စတင်ဖွဲ့စည်းပြီး ယိုးဒယား(ထိုင်း) နိုင်ငံတွင်ရှိစဉ်က အစည်းအဝေးတစ်ခုတွင် စကားပြောစရာရှိသဖြင့် စစ်ယူနီဖောင်းကို ၀တ်ပြီး ထွက်သွားရာ စီးသွားသော စစ်ဖိနပ်မှာ ကျပ်နေသဖြင့် ဗိုလ်မင်းခေါင်အား ကြည့်ခိုင်းရာ ဘယ်နှင့်ညာမှားစီးထားသဖြင့် နောက်ဆုံး အမှန်ပြန်၍ စီးခဲ့ရသည်။
ဗိုလ်ချုပ်မှာ ထိုသို့ ဖိနပ်စီးရာတွင်ပင် ဘယ်နှင့်ညာမှားစီးခဲ့သည်အထိ သူ၏ စိတ်တွင် မြန်မာပြည် လွတ်လပ်ရေးနှင့် ပတ်သက်၍ မည်မျှစိတ်ရောက်နေသည်ကို ခန့်မှန်းနိုင်ပါသည်။
ဂျပန်ခေတ် (၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့ မှ ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့အထိ) အတွင်း ဗိုလ်ချုပ်သည် ဗမာ့တပ်မတော်၏ စစ်ဝန်ကြီးနှင့် စစ်သေနာပတိချုပ်ပင် ဖြစ်သော်လည်း အ၀တ်အစားနှင့် ပတ်သက်၍ စစ်အင်္ကျီနှစ်ထည်နှင့် စစ်ဘောင်းဘီနှစ်ထည်သာ ရှိသည်။ အောက်ခံစွပ်ကျယ်တစ်ထည်မျှပင် ကောင်းကောင်းမရှိချေ။ ဇာပေါက်တွေကဲ့သို့ အပေါက်ဗရပွနှင့် စွပ်ကျယ်တစ်ထည်သာ တော်လှန်ရေးပြီးသည်အထိ ၀တ်ခဲ့ရာ မည်မျှအထိ ခြိုးခြံချွေတာ တင်းတိမ်နိုင်သည်ကို မှန်းဆနိုင်ပါသည်။
ထို့ကြောင့်လည်း ဆရာကြီးဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာ စာအုပ်တွင်-
“သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တခါတွေ့ဖူးသော သူကို နောက်တစ်ခါ တွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကို
သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကားကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ မြန်မာပြည်လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုလျှက်ရှိနေသည်။
သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏ စကားကို သူမကြား။ သူပြောချင်တာတွေကိုသာ စွတ်၍ ပြောနေတတ်သည်။
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား၊ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင်မလုပ်၊ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲ နေ၏။ သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သော သူတစ်ဦး ဖြစ်၏။
သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းမဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍ လုပ်သော နိုင်ငံရေးသတ္တ၀ါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ” ဟူ၍ ရေးသားခဲ့လေသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကို တပ်မတော်သားတိုင်းက ချစ်ခဲ့ကြသည်။ ပြည်သူလူထုကလည်း ရိုသေခဲ့ကြသည်။ ရောက်လေရာ အရပ်တိုင်း၌ သူ့ကို ပြည်သူတို့ နှုတ်ဖျားဝယ် “ ဗိုလ်ချုပ်” “ဗိုလ်ချုပ်” ဟူ၍ တရွရွ တဖွဖွ ရှိခဲ့ကြသည်။
တဖန် မြန်မာပြည်လွတ်လပ်ရေးအတွက် ဗြိတိသျှ ခေါင်းဆောင်များနှင့် ဆွေးနွေး၍ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်ရောက်လာရာ လူထုအား “ကျုပ်ဘိလပ်က ပြန်လာတာ ဘာပါလဲလို့ မေးရင် ယူနီဖောင်းတစ်စုံပဲ ပါလာတယ်” ဟု ပြောခဲ့ဖူးသည်။ ဗိုလ်ချုပ်ကား ထိုသို့ဖြင့် စိန်ရွှေ၊ မော်တော်ကား၊ အိမ် ဝေးစွ အ၀တ်အစားကိုပင် မက်ခဲ့သူမဟုတ်ပေ။ ရန်ကုန်မြို့ ဗဟန်းရပ် နတ်မောက်လမ်း အမှတ် ၂၅ ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် လုပ်ထားသော ဗိုလ်ချုပ်အိမ်နှင့်ခြံသည် ဗိုလ်ချုပ်၏ အိမ်ခြံ မဟုတ်ပေ။ နောင်တွင် မဆလ ပါတီ ဥက္ကဋ္ဌကြီး ဖြစ်လာသည့် ဗိုလ်နေ၀င်း၏ အိမ်သာဖြစ်ပြီး၊ ဗိုလ်ချုပ်နေထိုင်ရန် ခေတ္တပေးခဲ့ခြင်းသာ ဖြစ်သည။် ဗိုလ်ချုပ်အိမ်ရှိ ပရိဘောဂ မှ အစ မော်တော်ကား အဆုံး ဗိုလ်ချုပ်ကိုယ်ပိုင်ဟူ၍ ဘာမျှ မရှိပေ။ ရောင်းရင်းမိတ်ဆွေသူငယ်ချင်းများက ပေးလှူထားခြင်းသာ ဖြစ်သည်။ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော စာအုပ်အများစုမှ ဗိုလ်ချုပ်အပိုင်မဟုတ်။ ဂျာနယ်ကျော် ဦးချစ်မောင် နှင့် သခင်သန်းထွန်းတို့၏ စာအုပ်များသာ ဖြစ်ပြီး ၊ ငှားရမ်းဖတ်ရှုခြင်းသာဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နောက်ဆုံး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ကျဆုံးချိန်အထိ သူ့တွင် လုံချည်နှစ်ထည်၊ အင်္ကျီသုံးထည်၊ တိုက်ပုံတစ်ထည် နှင့် အိန္ဒိယခေါင်းဆောင်ကြီး ပဏ္ဍစ်နေရူးချုပ်ပေးခဲ့သော လောင်းကုတ် စစ်ဝတ်စုံ တစ်ထည်သာ ကျန်ရှိခဲ့သည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ဗုဒ္ဓဟူးနေ့သည် ဗိုလ်ချုပ်၏ ၉၈ နှစ်မြောက် မွေးနေ့ဖြစ်သလို ၅၇ နှစ်မြောက် မြန်မာနိုင်ငံ ကလေးများ နေ့လည်း ဖြစ်ပေသည်။
ဗိုလ်ချုပ်တွင် ခေါင်းဆောင်မှုအရည်အသွေးဂုဏ်အင်္ဂါ၊ ပွင့်ပွင့်လင်းလင်းပြောတတ်သည့် ဂုဏ်အင်္ဂါ၊ လိမ်ညာမပြောတတ်သော ရိုးသားသည့် ဂုဏ်အင်္ဂါ၊ ရိုးရိုးသားသား ၀တ်စားဆင်ယင်၍ ခြိုးခြံချွေတာတတ်သည့် ဂုဏ်အင်္ဂါ များ သည် ဗိုလ်ချုပ်၏ အရည်အချင်းများပင်ဖြစ်သည်။
မည်သို့ဆိုစေကာမူ ဗိုလ်ချုပ်၏ ၀တ်စားဆင်ယင်မှု၊ ရိုးသားပုံ၊ ရောင့်ရဲတင်းတိမ်နိုင်ပုံ နှင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ပုံကို လေ့လာကာ ယခုခေတ် မြန်မာ စစ်အာဏာရှင်များ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားကာ စည်းစိမ်ယစ်မူးနေပုံကို ကြည့်ရင်း ဗိုလ်ချုပ်ကိုသာ လွမ်းဆွတ်တမ်းတနေမိပါတော့သည်။

No comments: