Monday, December 24, 2012

အတိုက်အခံ၏ တန်ဖိုးနှင့် ပါဝါ



နိုင်ငံရေးကိစ္စ ပြောကြဆိုကြမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားရပ်က မဖြစ်မနေ ပါဝင်နေတဲ့ သဘောရှိပါတယ်။ အတိုက်အခံဆိုတာ အကြမ်းဖျင်း အားဖြင့် နှစ်မျိုးနှစ်စား ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အာဏာရှင်ခေတ် များမှာ အာဏာရှင်စနစ် ဆုံးခန်းတိုင်အောင် နဲ့ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်လာပြီး လူထုတစ်ရပ်လုံးရဲ့ လွတ်လပ်ခွင့်နဲ့ အခြေခံ ရပိုင်ခွင့်များ ရရှိအောင် အာဏာရှင်များနဲ့ အာဏာ ရှင်စနစ်များကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုများ ကြိုးပမ်းဆောင် ရွက်ကြတဲ့ ပါတီများ၊ အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များ အားလုံးကို အတိုက်အခံလို့ သတ်မှတ် ပြောဆိုကြပါတယ်။ အာဏာရှင် စနစ်များ မှာ အတိုက်အခံဟာ အစဉ်သဖြင့် အစိုးရနဲ့ ဆန့်ကျင်ဘက်အသွင် ဆောင်နေလေ့ ရှိပါတယ်။

ဒီမိုကရေစီကို တည်ဆောက်နေတဲ့ ကာလ ဒါမှမဟုတ် ဒီမိုက ရေစီထွန်းကားတဲ့ ခေတ်ကာလ များမှာ ဒါမှမဟုတ် နိုင်ငံများမှာ ဆိုရင်တော့ အတိုက်အခံရဲ့အဓိပ္ပာယ်ဟာ အစိုးရ များက ထမ်းဆောင် ရတဲ့ တာဝန် ဝတ္တရား များကို ပြည့်စုံ ကောင်းမွန်အောင်၊ အမှားအယွင်း နည်းအောင် လွှတ်တော်တွင်း လွှတ်တော်ပ ကနေ စောင့်ကြည့်ဝေဖန် ထောက်ပြပြီး တည့်မတ်ပေးတဲ့ ပါတီများ၊ အဖွဲ့အစည်း များနဲ့ လူ ပုဂ္ဂိုလ်များ အားလုံးကို အတိုက်အခံလို့ သတ်မှတ် ပြောဆိုနိုင်တယ်လို့ ယေဘုယျ အားဖြင့် ဆိုနိုင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲများ မှတစ်ဆင့် လွှတ်တော်အတွင်း ရောက်ရှိလာကြပြီး အစိုးရဖွဲ့နိုင် လောက်တဲ့အထိ ကိုယ်စားလှယ် (အမတ်) အရေအတွက် မရတဲ့ ပါတီ များမှ အမတ်များကို အတိုက်အခံ အမတ်များရယ်လို့ သတ်မှတ်ပြော ဆိုလေ့ ရှိပါတယ်။ အဲဒီအမတ်များရဲ့ မိခင်ပါတီ များကိုလည်း အတိုက်အခံ ပါတီများလို့ သတ်မှတ်ပါတယ်။ (လက်ရှိ မြန်မာနိုင်ငံ မှာ ပေါ်ထွန်း တည်ရှိနေတဲ့ လွှတ်တော်များ အတွင်းမှ အာဏာရ USDP ပါတီမှ အမတ်များက လွဲရင် ကျန်တဲ့ နိုင်ငံရေးပါတီများမှ အမတ်များနဲ့ တစ်သီးပုဂ္ဂလ အမတ်များဟာ အတိုက်အခံများ ဖြစ်ပါတယ်။

ဒီမိုကရေစီ ခေတ်မှာတော့ အတိုက်အခံဆိုတာ အစိုးရလုပ်သမျှ ကိုင်သမျှကို နှောင့်ယှက်ပြီး အစိုးရကို လုပ်လို့ကိုင်လို့မရအောင် ဟန့်တားဖို့ ကြိုးစားတဲ့ အင်အားတစ်ရပ် လုံးဝ မဟုတ်ပါဘူး။ အတိုက်အခံ ပါတီ (ဒါမှမဟုတ်) အတိုက်အခံ အမတ်များဟာ အစိုးရရဲ့ လုပ်ငန်းများကို Issue တစ်ခုချင်း အလိုက် စေ့စပ်သေချာစွာ စောင့်ကြည့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ရင် ပူးပေါင်းဆောင် ရွက်ရပါတယ်။ တစ်စုံတစ်ရာ လွဲမှားဖို့ အကြောင်း ရှိတယ်ဆိုရင် အကျိုးနဲ့ အကြောင်းနဲ့ ထောက်ပြပြီး လမ်းမှန်ကို ရောက်အောင် ပံ့ပိုး ပေးရပါတယ်။ အစိုးရ က တစ်စုံတစ်ရာ အားနည်းနေလို့ ဖြစ်စေ၊ မှားယွင်း နေလို့ဖြစ်စေ အတိုက်အခံများက ကျကျနန ထောက်ပြဝေဖန် တည့်မတ်ပေးနိုင်ရင် ဒါဟာ ပူးပေါင်း ဆောင်ရွက်ခြင်းပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်မှာ အတိုက်အခံဆိုတာ အစိုးရနဲ့ တန်းတူ အရေးပါ ပါတယ်။ အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီရဲ့ စရိုက် လက္ခဏာကို အချက်ခြောက်ချက်နဲ့ တိုင်းတာ ဖော်ပြလေ့ရှိပါတယ်။
၁။ (နိုင်ငံရေးပါတီများကဲ့သို့သော) အသင်းအဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပါဝင် ဆောင်ရွက်ခွင့်ရှိခြင်း။
၂။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ရှိခြင်း။
၃။ သတင်းရင်းမြစ် မျိုးစုံကို လွတ်လပ်စွာ ရယူသိရှိခွင့် ရှိခြင်း။
၎။ လွတ်လပ်စွာ မဲပေးခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်ရှိခြင်း။
၅။ ပုံမှန်ကျင်းပသည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲများ။
၆။ ဥစ္စာဓနကို လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ရှိခြင်း စတာတွေ ဖြစ်ပါတယ်။

ပါတီများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်ကို လစ်ဘရယ် ဒီမိုကရေစီရဲ့ နံပါတ်တစ် စရိုက်လက္ခဏာ အဖြစ် သတ်မှတ်ဖော်ပြ လေ့ရှိတာ တွေ့ရပါတယ်။

ပါတီများ အင်အားကောင်းမှ ဒီမိုကရေစီအင်အား ကောင်းပါ တယ်။ တစ်ပါတီတည်းသာ အင်အား တောင့်တင်းတဲ့ အခြေအနေမျိုးမှာ အလိုအလျောက် အာဏာရှင်စနစ် ပေါ်ပေါက် လာတတ်ပါတယ်။ လွှတ်တော်များမှာ အားကောင်းတဲ့ အတိုက်အခံကို Shadow Government လို့တောင်မှ ခေါ်ဆိုသတ်မှတ်လေ့ ရှိပါတယ်။ အတိုက်အခံကောင်း မရှိဘဲနဲ့ အစိုးရကောင်း ဆိုတာ မရှိနိုင်ပါဘူး။

အတိုက်အခံကောင်း မရှိဘဲနဲ့ ခိုင်မာတောင့်တင်းတဲ့ ဒီမိုကရေစီ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အပြန်အလှန် အားဖြင့် အစိုးရကောင်း မရှိဘဲနဲ့လည်း အတိုက်အခံကောင်း ဆိုတာ မရှိနိုင် ပါဘူး။ ဆိုလိုတာ က အစိုးရများဟာ အတိုက်အခံကို ရပ်တည်ခွင့် ပေးရုံနဲ့ မလုံ လောက်ပါဘူး။ အတိုက်အခံတို့ ရှင်သန် ဖွံ့ဖြိုးခွင့်၊ အစိုးရကို လွတ်လပ်စွာ စောင့်ကြည့် ဝေဖန်ခွင့်နဲ့ အစိုးရ လုပ်ငန်းဆောင်တာ များကို ပူးပေါင်း ဆောင်ရွက်ခွင့် စတာတွေကို စနစ်တကျ ခွင့်ပြုဖို့ လိုအပ်ပါတယ်။

ခိုင်မာတောင့်တင်းတဲ့ အတိုက်အခံများကို ခွင့်ပြုခြင်းဟာ ဒီမိုကရေစီ ကို ခိုင်ခန့် တည်မြဲစေတဲ့ ရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ အခု ဒီမိုကရေစီ ပေါ်ထွန်းမယ် ကြံခါစ မြန်မာနိုင်ငံရဲ့အနေအထားမှာ ပါတီ တွေ အရေအတွက် များပြားနေတာ တွေ့နိုင်ပါတယ်။ သို့သော်ငြား လည်း အင်အားကောင်းတဲ့ ပါတီဆိုတာက များများစားစား မရှိလှဘဲ အခု အစိုးရဖွဲ့နိုင်၊ လွှတ်တော်ကို Majority နဲ့ လွှမ်းမိုးထားနိုင်တဲ့ USDP ပါတီနဲ့ လူထု ထောက်ခံမှုရော နိုင်ငံတကာ ထောက်ခံမှုပါ များစွာ ရရှိနေတဲ့ NLD ပါတီတို့သာ အင်အား အကြီးမားဆုံး ဖြစ်တယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ USDP က အစိုးရ ဖြစ်နေတဲ့ အချိန်မှာNLD နဲ့ တခြားပါတီများက အတိုက်အခံအဖြစ် ရပ်တည်နေပြီး တကယ်လို့ NLD က အစိုးရဖြစ်လာတဲ့ အခါမျိုးမှာ USDP က အားကောင်းတဲ့ အတိုက်အခံ အဖြစ် ရပ်တည်ရမှာ ဖြစ်ပါ တယ်။

တခြား ဘယ်နိုင်ငံနဲ့မှ မတူညီတဲ့ နိုင်ငံရေး စရိုက်လက္ခဏာ (Political Characteristic) များစွာရှိနေတဲ့ မြန်မာ့နိုင်ငံရေးရဲ့ အနာဂတ် အကြောင်း ပြောဆိုကြမယ် ဆိုရင်တော့ ဘယ်ပါတီတွေက ရေရှည်မှာ အင်အား တောင့်တင်းတဲ့ ပါတီတွေဖြစ်လာမယ်၊ အားကောင်းတဲ့ စွမ်းဆောင်ရည် မြင့်တဲ့ အစိုးရတွေ ဖွဲ့စည်းနိုင်မယ်ဆိုတာ အတိအကျ ခန့်မှန်းတွက်ချက် ပြောဆိုဖို့ရာ ခက်ခဲလှပါတယ်။

တိုင်းရင်းသား လူမျိုးစုများအားလုံးကို ကိုယ်စားပြုနိုင်တဲ့ ပါတီကြီးတွေဟာ ရေရှည်မှာ ပေါ်ပေါက် လာနိုင်ပြီး အင်အားကောင်း လာနိုင်သလို လူထု အကျိုးစီးပွားကို ထိထိရောက်ရောက် ဖော်ဆောင် ပေးနိုင်တဲ့ ပါတီများ၊ ပါတီဝင်များရဲ့ အရည်အသွေးကို ပိုင်ပိုင်နိုင်နိုင် မြှင့်တင်ပြီး ကျစ်လျစ် ခိုင်မာစွာ ဖွဲ့စည်းနိုင်တဲ့ ပါတီများဟာလည်း ရေရှည်မှာ တဖြည်းဖြည်း အင်အားကြီးမား လာနိုင်တာပါပဲ။

ဒီမိုကရေစီစနစ်မှာ လူထုထောက်ခံမှု ရရှိဖို့၊ အစိုးရဖွဲ့နိုင်ဖို့ အတွက် အာဏာရ ပါတီဖြစ်စေ၊ အတိုက်အခံ ပါတီများဖြစ်စေ အပြင်းအထန် ကြိုးပမ်းအားထုတ်ရတာ ဖြစ်လေတော့ ပါတီများ ပြိုင်ဆိုင်မှု ကြောင့် တိုင်းပြည်နဲ့လူထု အမြတ်ထွက်တဲ့ သဘောရှိပါတယ်။ တစ်ဖက်မှာလည်း ပါတီများ နိုင်ငံရေး အင်အားစုများ ပြိုင်ဆိုင်တဲ့ ပုံသဏ္ဌာန်တွေ နည်းလမ်းကျနမှု မရှိတဲ့အခါမျိုးမှာ တိုင်းပြည်နဲ့ လူထုကို ထိခိုက်နစ်နာ စေနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။

ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ဆိုရင် အာဏာရ ပါတီနဲ့ အတိုက်အခံ ပါတီများရဲ့လုပ်နည်းလုပ်ဟန်တို့ ဟန်ချက်ညီဖို့ အထူး လိုအပ်ပါတယ်။ မူဝါဒရေးရာမှာ ပါတီများ အကြား မတူကွဲပြားမှုများ ရှိနေတတ်တာက ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ် ပါတယ်။ သို့သော်ငြားလည်း ပါတီများ အားလုံးရဲ့ ရည်မှန်းချက်တွေ ဟာ တူညီတဲ့ ပန်းတိုင်တစ်ခုစီကို ဦးတည်နေဖို့ လိုအပ်ပါတယ်။ လူထု တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို မျက်ခြည်မပြတ်တဲ့ ပါတီများသာလျှင် အတိုက်အခံ အဖြစ်ရော အစိုးရအဖြစ်ပါ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအစိုးရ ဖွဲ့ခွင့်ရထားတဲ့ USDP ပါတီဟာ သမ္မတဖြစ်သူ ရဲ့ စွမ်းဆောင်မှုနဲ့ စေတနာကြောင့် လူထုရဲ့ ငြိုငြင်ခြင်း ခံရမှုလျော့ပါး လာတာတွေ့ရပါတယ်။ ယင်းပါတီအနေနဲ့လည်း အတွေ့အကြုံ ရလာတာနဲ့အမျှ လူထု ထောက်ခံမှုရဲ့ အရေးပါပုံကို တစ်စတစ်စ သဘောပေါက် နားလည် လာသလို လူထုရဲ့ မေတ္တာစေတနာ၊ ခွင့်လွှတ်တတ်မှု၊ သဘောထား ကြီးမှု တို့ကို တန်ဖိုးထားရကောင်းမှန်း သိလာပြီလို့ မျှော်လင့်ရပါတယ်။ အာဏာရပါတီ အပါအဝင် ပါတီများ အားလုံးက မှန်ကန်တဲ့ သဘော ထားများနဲ့ ရှေ့လျှောက် လုပ်နိုင်ကိုင်နိုင်ကြမယ် ဆိုရင် ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရှိဖို့ စိတ်ချရပြီလို့ ဆိုနိုင်ပါတယ်။

အစိုးရများဟာ အတိုက်အခံကို အလေးထားကြရပါတယ်။ အစိုးရများကို တင်မြှောက်ထားတဲ့ လူထုရဲ့ ဆန္ဒသဘောထား များက အတိုက်အခံရဲ့ သဘောထားနဲ့ ထပ်တူကျတဲ့ အခါမျိုးမှာ အစိုးရမူဝါဒ များကို လူထုအလိုကျ အလျင်အမြန် ပြောင်းလဲ ပေးရတဲ့အတွက် အတိုက်အခံရဲ့ တန်ဖိုးနဲ့ပါဝါက ဒီမိုကရေစီကို ပီပြင်စေတယ်လို့ ဆိုရမယ်ဖြစ်ပါတယ်။

အတိုက်အခံကို နောက်တစ်ကြိမ်မှာ ပေါ်ပေါက်လာမယ့် အစိုးရ Government-in-waiting လို့ သုံးနှုန်း ပြောဆိုလေ့ရှိပါတယ်။ ရွေးကောက်ပွဲ တွေဟာ အစိုးရ အပြောင်းအလဲ များကို ဖြစ်ပေါ်စေတာ ဖြစ်လေတော့ အစိုးရဆိုတာ အတိုက်အခံရဲ့ မူဝါဒနဲ့ ဆန္ဒသဘောထား တွေကို ထည့်မတွက်ဘဲ ထင်ရာလုပ်ခွင့် မရှိပါဘူး။ လူထုက အတိုက် အခံရဲ့ မူဝါဒတွေကို အစိုးရရဲ့လုပ်ရပ်တွေထက် ပိုသဘောကျလာပြီ ဆိုရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲတွေမှာ အတိုက်အခံက အစိုးရ ဖြစ်လာ တော့တာပါပဲ။ အတိုက်အခံ ပါတီများဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရေး တို့အတွက် အဓိက ဒေါက်တိုင်ကြီးဖြစ်တယ်လို့ ယူဆချက် တွေလည်းရှိပါတယ်။

တန်ဖိုးနဲ့ ပါဝါကြီးမားတဲ့ အတိုက်အခံ ဆိုတာ အခိုင်အမာ တည်ရှိနေတဲ့၊ အဲဒီအတိုက်အခံဟာ ရွေးကောက်ပွဲတွေမှာ လူထု ထောက်ခံမှု ရမယ်ဆိုရင် အစိုးရဖွဲ့ပြီး တိုင်းပြည်ကို စီမံခန့်ခွဲ ပိုင်ခွင့် ရှိနေတဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီလို့ ခေါ်ဆိုသတ်မှတ်ပါတယ်။ ဒေါ်စုက သူမရဲ့ ပါတီကို အတိုက်အခံ ပါတီလို့ ပြောဆိုတာမျိုးကို ကျေကျေနပ်နပ် လက်ခံသလို လက်ရှိအာဏာရ ပါတီကလည်း အခုအခါ အတိုက်အခံပါတီများကို လုပ်ဖော်ကိုင်ဖက် များအဖြစ် တဖြည်းဖြည်း အသိအမှတ်ပြု လာနေပြီဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံ ဘယ်အချိန် ဒီမိုကရေစီ ဖြစ်ထွန်း ရင့်သန်လာမလဲလို့ မေးရင် အင်အားကြီး အတိုက်အခံအဖြစ် လောလောဆယ် ရပ်တည်နေတဲ့ NLD ပါတီရွေးကောက်ပွဲ တွေမှာ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်တဲ့ အချိန်၊ လက်ရှိအာဏာရ ပါတီဖြစ်တဲ့ USDP အတိုက်အခံ ပါတီအဖြစ် ရပ်တည်တဲ့ အချိန်ဟာ ဒီမိုကရေစီ စတင်ဖွံ့ဖြိုးမယ့် အချိန်ပဲ လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။

No comments: