Monday, August 8, 2011

စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ်

စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် (အပိုင်း - ၄)

စေ့စပ်ဆွေးနွေးရေးနှင့် ဖြစ်စဉ် (Process)

စေ့စပ်ဆွေးနွေးမှုဆိုတာ ရှုပ်ထွေးတဲ့ သဘောတရားတခု ဖြစ်သလို၊ စေ့စပ်ဆွေးနွေးမှု ဖြစ်ပေါ်လာရေး အတွက် လုပ်ဆောင်ချက်တွေကလဲ ရှည်လျားလှပါတယ်။ ဒီလို ရှုပ်ထွေးရှည်လျားတဲ့ လုပ်ဆောင်ချက်တွေကို ဖြစ်စဉ်အဆင့်ဆင့် ခွဲခြားသတ်မှတ်လိုက်တဲ့ အခါကျတော့ အကောင်အထည် ဖော်တဲ့အခါ လွယ်ကူသွားစေပါတယ်။ နိုင်ငံရေးပညာရှင် Shell ဆိုသူက စေ့စပ်ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် အဆင့်ဆင့်ကို ပြင်ဆင်သောအဆင့်၊ သတင်းအချက်အလက် ဖလှယ်သောအဆင့်၊ စေ့စပ်ဆွေးနွေးမှု စတင်သောအဆင့်နဲ့ စေ့စပ်ဆွေးနွေးမှု ပြီးဆုံးပြီး အကောင်အထည်ဖော်ရန် commitment ရှိသောအဆင့် ဆိုပြီး အဆင့်လေးဆင့် ခွဲခြားဖော်ပြခဲ့ပါတယ်။ ဒီအဆင့်လေးဆင့်ဟာ နောက်ဆုံးအဆင့်ကို မရောက်မချင်း ဆင့်ကဲ ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီစေ့စပ်ဆွေးနွေးမှု ဖြစ်စဉ်ကို စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နိုင်ငံတကာ ရေးရာတွေမှာ အသုံးပြု ဖော်ဆောင်နေကြပါတယ်။

ပဋိပက္ခဖြေရှင်းရေးမှာ စေ့စပ်ဆွေးနွေးမှုကို ဖြစ်စဉ်တရပ်အနေနဲ့ အသုံးပြုဖော်ဆောင်မယ်ဆိုရင် ပထမဦးဆုံး Track I, II, III ခေါင်းဆောင်မှုအကြောင်းကို နားလည်သိရှိဖို့ လိုပါတယ်။

Track I ခေါင်းဆောင်တွေ ဆိုတာက မြင်သာ၊ ထင်သာရှိပြီး တိုင်းပြည်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ စစ်ရေးခေါင်းဆောင်များကို ဆိုလိုပါတယ်။ ပြည်တွင်းရေး ပဋိပက္ခတွေမှာတော့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လူမျိုးစုခေါင်းဆောင်တွေ ပါဝင်ပါတယ်။ စေ့စပ်ဆွေးနွေးအဖြေရှာမှုတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အများပြည်သူက လက်ခံတဲ့ အခြေအနေမှာ ရှိနေရပါမယ်။ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေဟာ လူထုနဲ့ တသားတည်း ရှိနေဖို့ လိုအပ်လှပါတယ်။

ကမ္ဘာ့သမိုင်းထဲက လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ စေ့စပ်ဆွေးနွေးတဲ့ ညီလာခံတွေ ပေါ်ပေါက်လာပြီးမှ စေ့စပ်ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက လူထုတရပ်လုံးကို ကိုယ်စားမပြုတာကြောင့် အသွင်ပြောင်းမှုတွေ စတင်လိုက်တာနဲ့ ပြည်တွင်းစစ်မီးတွေ၊ တိုင်းပြည်ခွဲထွက်မှုတွေ စတင်လာခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် Track I ခေါင်းဆောင်မှု တာဝန်ဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီတာဝန်ကို ယူဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေ (သို့မဟုတ်) အများက သဘောတူ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေဟာ မိမိတို့ကို လူထုရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ခေါင်းဆောင်အဖြစ် ဘယ်အခြေအနေထိ ကိုယ်စားပြု ခွင့်ပေးထားသလဲ ဆိုတာကို စဉ်ဆက်မပြတ် အကဲဖြတ်နေဖို့ လိုအပ်ပါတယ်။

Track II ခေါင်းဆောင်တွေကတော့ အစိုးရအဖွဲ့အစည်းတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေမှာ ဦးဆောင်တာဝန်များ တရားဝင် တာဝန် ထမ်းဆောင်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းတွင်းမှာ သြဇာသက်ရောက်သူများ ဖြစ်ပါတယ်။ Track II ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိပါတယ်။ Lederach က Track II ခေါင်းဆောင်သုံးမျိုးကို ခွဲခြား ဖော်ပြခဲ့ပါတယ်။ ပထမ တမျိုးကတော့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နယ်ပယ်က လူအများလေးစားခံရတဲ့ လူပုဂ္ဂိုလ်တွေကို Track II ခေါင်းဆောင်တွေအဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ ဘာသာရေးအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေကို Track II ခေါင်းဆောင်မှုအဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။ တတိယတမျိုးကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဘက်နှစ်ဘက်ဆီက အလယ်အလတ်တန်း ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

Track II ခေါင်းဆောင်မှုဟာ ပညာရေးရေချိန်နဲ့ လူမှုရေး ရေချိန် မြင့်မားတဲ့ ပရော်ဖက်ရှင်နယ်တွေ အများဆုံး ပါဝင်တဲ့ အဆင့် ဖြစ်တဲ့အတွက် ပဋိပက္ခတွေ တင်းမာနေတဲ့ အချိန်နဲ့ political deadlock ဖြစ်နေချိန်တွေမှာ စေ့စပ်ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့အရေးတွေကို ဆောင်ရွက်ဖို့ အသင့်တော်ဆုံး ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။ ပြဿနာတွေကို ညှိနှိုင်းအဖြေရှာတဲ့ အုပ်စုတွေကို ဖွဲ့စည်းပြီး ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်အကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြုလုပ်နိုင်သူအများစုဟာ Track II ခေါင်းဆောင်မှုမှာ ပါဝင်နေ တတ်ပါတယ်။

Track III ခေါင်းဆောင်မှုမှာ ဒေသဆိုင်ရာ ပညာရေး၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ပရော်ဖက်ရှင်နယ်တွေ ပါဝင်ပါတယ်။ အန်ဂျီအိုအဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်းတွေ ပါဝင်တဲ့အတွက် လူထုနဲ့ တသားတည်း ဖြစ်နေသူတွေ အများဆုံး ပါဝင်ပါတယ်။ ပဋိပက္ခဖြေရှင်းရေး၊ စေ့စပ်ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ Civil Society အားကောင်းဖို့က အလွန်အရေးကြီးပါတယ်။ Track III ခေါင်းဆောင်မှုက ဒီလိုအပ်ချက်ကို အဖြည့်ဆည်းပေးနိုင်ဆုံး အုပ်စုတခု ဖြစ်ပါတယ်။

သတင်းမီဒီယာတွေက Track I ခေါင်းဆောင်တွေကို ပိုပြီး အာရုံထားလေ့ရှိပါတယ်။ ဒါကို Track II, III ခေါင်းဆောင်မှုက နားလည်ပြီး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေကို မိမိတို့ဘာသာ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ တခါတရံမှာ Track II, III ခေါင်းဆောင်တွေက ဒီသဘောကို နားမလည်ပဲ ပေါ်ပြူလာနိုင်ငံရေး နည်းလမ်းတွေကို အသုံးပြုပြီး မီဒီယာတွေပေါ် အတင်းခုန်တက်ခြင်း (သို့မဟုတ်) ကိုယ်ပိုင် လူထုဆက်ဆံရေး မီဒီယာဖြင့် ပေါ်ပြူလာဖြစ်အောင် ပြုလုပ်ခြင်းတွေ ရှိတတ်ကြပါတယ်။ ဒီလို လုပ်လာတဲ့အခါ Track II, Track III အဆင့်မှာ အကောင်အထည်ဖော်ထားတဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်စေတတ်ပါတယ်။ လူအများရဲ့ အာရုံစိုက်မှု ခံရလေလေ၊ လှုပ်ရှားမှုတွေအတွက် ဘောင်ကျဉ်းလေ ဖြစ်တတ်တာကို သတိပြုဖို့ လိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် (အပိုင်း - ၅) (နိဂုံး)

နိုင်ငံရေးပညာရှင် Harold Saunders က စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အဆင့်ငါးဆင့်ကို ခွဲခြားပြီး အဆင့်တိုင်းမှာ Track I, II, III ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍတွေကို ရေးသားဖော်ပြထားခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးပွဲတိုင်းမှာ ဒီအဆင့် ငါးဆင့်ကို ဖြတ်သန်းဖို့ လိုအပ်တာ မဟုတ်ပေမယ့်၊ ဒီအဆင့်တွေကို သိခြင်းအားဖြင့် ဘယ်လိုကဏ္ဍမှာ ဘယ်လိုလူတွေက ဘယ်လိုတာဝန်တွေ ထမ်းဆောင်လို့ ရတယ်ဆိုတာကို ခွဲခြား သိနိုင်ပါတယ်။ ဇာတ်ပွဲတခုကို အောင်အောင်မြင်မြင်ကနိုင်ဖို့ ဇာတ်ဆရာ၊ မန်နေဂျာ၊ ရှေ့ထွက်မင်းသား မင်းသမီး၊ ခေါင်းဆောင်မင်းသား၊မင်းသမီး၊ ဇာတ်ကသူများ၊ မိတ်ကပ်ဆရာ၊ ကြိုးဆွဲ၊ ထမင်းချက် အားလုံးက ကိုယ့်ကျွမ်းကျင်တဲ့ တာဝန်ကို ကိုယ်ကျေပြွန်ဖို့ လိုအပ်ပါတယ်။ လူတိုင်းစင်ပေါ်တက်ပြီး ဇာတ်ကချင်လို့ကတော့ ဇာတ်ခေါင်းကွဲမှာပါပဲ။ စေ့စပ်ဆွေးနွေးရေးဆိုတာက ပဋိပက္ခတွေ ပြေလည်ဖို့ ဖြေရှင်းခြင်း ဖြစ်တဲ့အတွက် အလွန်ခက်ခဲတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်နေပါတယ်။ သူ့နေရာနဲ့သူ တာဝန်ကျေဖို့ လိုအပ်လှပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ပဋိပက္ခဆိုတာ တဦးတယောက်တည်းက ဖြေရှင်းလို့ မရသလို၊ အဖွဲ့အစည်းတခုကပဲ ဖြေရှင်းလို့ ရတာ မဟုတ်ပါဘူး။


Saunders ရဲ့ စေ့စပ်ဆွေးနွေးမှု ဖြစ်စဉ်မှာ ပြဿနာများကို ဆန်းစစ်၍ စေ့စပ်ဆွေးနွေးရန် ဆုံးဖြတ်ခြင်း၊ ပဋ္ဋိပက္ခတွင် ပါဝင်နေသူများအကြား ဆက်ဆံရေးအပေါ်တွင် သက်ရောက်သော issues များအား ရှာဖွေလေ့လာဖော်ထုတ်ခြင်း၊ ပူးတွဲအဖြေရှာလိုသော ဆန္ဒပေါ်ထွက်ခြင်း၊ Scenario များ တည်ဆောက်ခြင်းနှင့် စေ့စပ်ဆွေးနွေးခြင်း၊ သဘောတူညီချက် များအား စုပေါင်းအကောင်အထည်ဖော်ခြင်း စတာတွေ ဖြစ်ပါတယ်။

() Phase One: Defining the problem and Deciding to engage

ဒီအဆင့်က ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အတိုက်အခံအင်အားစုတွေနဲ့ အစိုးရဘက်တော်သားတွေအနေနဲ့ ပဋိပက္ခတွေ ဆက်ရှိနေခြင်းအားဖြင့် တိုင်းပြည်အတွက် ဘယ်လိုအကျိုးကျေးဇူးမှ မရှိစေတာ၊ တဘက်နဲ့ တဘက်ကို အနိုင်တိုက်ဖို့ ဆိုတာလဲ ဘယ်လိုမှ မဖြစ်နိုင်တော့တာကို သိမြင်လာကြတာ ဖြစ်ပါတယ်။ တဘက်နဲ့ တဘက် ဆန့်ကျင်နေကြရင်း တယောက်တပေါက် လုပ်ချင်ရာ လုပ်နေကြတာတွေကြောင့် တိုင်းပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေမှု၊ ပြည်သူလူထုအများ အတိဒုက္ခရောက်မှု၊ ထိခိုက်နစ်နာမှု များသာ ဖြစ်နေတာကို သိမြင်ပြီး တဘက်တည်းကနေ unilateral action တွေ အကောင်အထည်ဖော်နေရုံနဲ့ တိုင်းပြည်အနာဂတ်အတွက် ဘယ်လိုအကျိုးကျေးဇူးမှ မရှိနိုင်တာကို နားလည်လာကြတဲ့ နိုင်ငံရေးအတွေးအခေါ် ပေါ်ထွက်လာတဲ့ အဆင့် ဖြစ်ပါတယ်။ အဲဒီလို အချိန်မှာမှ စေ့စပ်ဆွေးနွေးအဖြေရှာဖို့ ဆုံးဖြတ်လာကြတာပါ။ အတိုက်အခံတွေဘက်ကနေ စေ့စပ်ဆွေးနွေးရေးဆိုတာကို တဘက်သတ် တောင်းဆိုနေရုံနဲ့ ဒီလိုနိုင်ငံရေးအဆင့်ကို မရောက်နိုင်ပါဘူး။

ပဋိပက္ခတွေကြောင့် အာဏာရှင်တွေဘက်မှာလဲ နိုင်ငံတကာ တရားဝင်မှုတွေ မရတာ၊ နိုင်ငံတကာဖိအားပေးခံရတာတွေ ရှိနေပြီး၊ အတိုက်အခံဘက်မှာလဲ အဆုံးသတ်တိုက်ပွဲ မတိုက်နိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီဆိုရင် ဒါဟာ mutually hurting stalemate ဖြစ်နေပြီလို့ သုံးသပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်ခဲ့ရင် စေ့စပ်ဆွေးနွေးရေး ဖြစ်လာအောင် လုပ်ယူလို့ ရပါတယ်။ ဒီလို လုပ်ယူတဲ့အခါမှာ Track II နဲ့ Track III အခန်းကဏ္ဍက အလွန် အရေးကြီးပါတယ်။

အာဏာရှင်တွေဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အတိုက်အခံဘက်က အင်အားစု ခေါင်းဆောင်တွေအနေနဲ့ မရှုံးမနိုင်ဖြစ်ပြီး political deadlock ဖြစ်နေတာကို တွေ့မြင်နေပေမယ့် open moves ကို လက်တွေ့လုပ်ဖို့ ခဲယဉ်းလေ့ရှိပါတယ်။ သူတို့ ရောက်နေတဲ့ ခေါင်းဆောင်အခြေအနေမှာ တဘက်က တဘက်ကို အရှုံးပေးလိုက်တယ်လို့ နောက်လိုက်တွေက ထင်မှာကိုလဲ စိုးရိမ်လေ့ရှိကြပါတယ်။ သူတို့ရဲ့ အင်အားကို တဘက်နဲ့ တဘက် ပြကြရမှာလဲ ဖြစ်တဲ့အတွက် စေ့စပ်ဆွေးနွေးလိုပါတယ်လို့ စတိတ်မင့်တွေ ထုတ်တာ၊ တောင်းဆိုတာ၊ ဆက်ဆံရေးအရာရှိ ခန့်တာတွေ လုပ်တတ်ကြပေမယ့် လက်တွေ့စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို စတင်ဖို့ကျတော့ လျှို့ဝှက်ပဲဖြစ်စေ ၀န်လေးလေ့ရှိပါတယ်။ symbolism of talking with an enemy ဆိုတာကို နောက်ပါအင်အားစုတွေ သိသွားမှာကို စိုးရိမ်လေ့ရှိပါတယ်။

ဒါကြောင့် လက်တွေ့အကောင်အထည်ပေါ်လာဖို့အတွက် ကနဦးအနေနဲ့ ပညာရှင်တွေ၊ Track II- III ခေါင်းဆောင်တွေက စတင်ပေးဖို့ လိုပါတယ်။ ၁၉၉၀ နှောင်းပိုင်း ကာလတွေတုန်းက Tajikistan နိုင်ငံရဲ့ ဒိုင်ယာလော့ဖြစ်စဉ်ကို ပညာရှင်တွေ၊ Track II- III ခေါင်းဆောင်တွေက စတင်ခဲ့ကြတာပါ။ ထိပ်ပိုင်းခေါင်းဆောင်တွေအကြားမှာ တရားဝင် ဒိုင်ယာလော့ခ် ဆွေးနွေးပွဲကြီးတွေ မစတင်ခင် တနှစ်လောက်အကြာမှာ ကတည်းက ပညာရှင်တွေအကြား၊ အလယ်အလတ် ခေါင်းဆောင်တွေအကြားမှာ တရားမ၀င် ဒိုင်ယာလော့ခ်တွေ အများအပြား လုပ်ခဲ့ကြတာပါ။ အဲဒီကနေမှ အရှိန်ရလာပြီး ခေါင်းဆောင်ကြီးတွေအကြားက တရားဝင် ဆွေးနွေးပွဲတွေ ပေါ်ထွက်လာတာပါ။ ပညာရှင်တွေ၊ ခေါင်းဆောင်ငယ်တွေ ပါဝင်တဲ့ ဒိုင်ယာလော့ခ်အုပ်စုဟာ “Memorandum on a Negotiating Process for Tajikistan,” ဆိုတာကို ရေးဆွဲတင်သွင်းနိုင်ခဲ့ကြပြီး၊ တရားမ၀င်ဆွေးနွေးပွဲများစွာကနေ official platform တခုကို ရောက်အောင် တည်ဆောက်နိုင်ခဲ့ကြပါတယ်။

လက်တွေ့မှာ ဒီအဆင့်ကို စတင်ဖို့က အခက်ခဲဆုံး ဖြစ်ပါတယ်။ အစပျိုးတဲ့ ပညာရှင်တွေနဲ့ နှစ်ဘက်ခေါင်းဆောင်ငယ်တွေကို လူအများက အကြီးအကျယ် ဝေဖန်တိုက်ခိုက်မှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ သာမန် လမ်းဘေးရန်ပွဲကို ၀င်ရောက်စေ့စပ်ဖို့ ကြိုးပမ်းမှုမှာတောင် နှစ်ဘက်စလုံးရဲ့ တိုက်ခိုက်မှုကို ကြားကနေ အချောင်ခံရနိုင်မှုတွေ ရှိသေးတယ်ဆိုရင် တိုင်းပြည်တခုမှာ ဖြစ်နေတဲ့ ပဋိပက္ခကို ကြားဝင်စေ့စပ်တာမှာက ဒီထက် ပိုဆိုးနိုင်ပါတယ်။ နိုင်ငံရေးအခြေအနေကို ခံစားချက်များ ဘေးဖယ်ပြီး လက်တွေ့ကျကျ သုံးသပ်နိုင်သူတွေ၊ ဝေဖန်မှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရဲသူတွေ၊ ကိုယ်လုပ်တဲ့ အလုပ်အတွက် ဘယ်သူမြှောက်ပေးလို့၊ ဆွယ်လို့ လုပ်တာပါလို့ ဘယ်သူ့ကိုမှ ဖြေရှင်းချက် ထုတ်မနေပဲ လုပ်စရာရှိတာကို လုပ်ရဲသူတွေကသာ ဒီအဆင့်ကို စတင်ဖို့ လိုအပ်ချိန်တွေမှာ အစပျိုး ဦးဆောင်နိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။

() Phase Two: Mapping Issues and Relationships

ဒီအဆင့်မှာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အတိုက်အခံ အင်အားစုတွေသာမက ပြည်သူတွေပါ ပါဝင်လာပါတယ်။ အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေက စေ့စပ်ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ထောက်ခံအားပေးမှုကို တည်ဆောက်ခြင်းအားဖြင့် ရရှိလာမယ့် အောင်မြင်နိုင်မှု အတိုင်းအတာကို တွက်ချက်ကြပါတယ်။ ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလဲ တိုင်းပြည်မှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေကို အာဏာပိုင်တွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးတွဲဖြေရှင်းလို့ ရနိုင်မလဲ ဆိုတာကို စဉ်းစားလာကြပါတယ်။

ဒီအဆင့်မှာ Track I ခေါင်းဆောင်တွေ တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိချင်မှ ရှိနိုင်ပါတယ်။ ပြည်သူလူထုကလဲ တွေ့ဆုံဆွေးနွေး အဖြေရှာမှုကို တောင်းဆိုလှုပ်ရှားမှုတွေ ဖြစ်လာချိန်မှာ issues နဲ့ relationships တွေကို တွဲစပ်မှုတွေ လုပ်လာပါတယ်။ သို့ပေမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေ အချင်းချင်း လက်ဆွဲနှုတ်ဆက်တာ၊ တွေ့ဆုံနှုတ်ဆက်တာ၊ ညစာစားပွဲတက်တာတွေ စတဲ့ symbolic significance ကို ဖန်တီးတဲ့ အဆင့်ထိပဲ တက်လို့ ရလေ့ရှိပါတယ်။ ဒီအဆင့်ကို အရှိန်မြှင့်ရမှာက ပညာရှင်တွေနဲ့ Track II-III ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

ဒီအဆင့်မှာ ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ နိုင်ငံရေးအင်အားစုတွေအကြား၊ လူမျိုးစုတွေအကြားက ဆက်နွယ်မှုတွေ၊ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ဘယ်အရာတွေက ကန့်သတ်ထားတယ် ဆိုတာကို အဖြေထုတ်တာ၊ တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဦးစားပေးရမယ့် ကဏ္ဍတွေကို ဖော်ထုတ်တာ၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ ပြုလုပ်လာကြပါတယ်။ အင်အားစုတွေအကြား တရားဝင်ဆွေးနွေးပွဲမဟုတ်သေးတဲ့ ဆွေးနွေးပွဲလေးတွေ ကျင်းပပြီး တဘက်နဲ့ တဘက် ပြောဆိုတာတွေကို အပြန်အလှန် နားထောင်ပေးတာ၊ နှစ်ဘက်စလုံးက ဆုံးရှုံးနစ်နာမှုတွေနဲ့ နာကျည်းချက်တွေကို အသိအမှတ်ပြုတာ၊ ဖြစ်ရပ်တွေကို ၀ါဒတွေ၊ ယုံကြည်ချက်တွေ၊ ရှုထောင့်တွေကနေ မကြည့်ပဲ လူသားချင်းစာနာမှုပေါ် အခြေခံပြီး ရှုမြင်သုံးသပ်တာတွေ လိုအပ်ပါတယ်။

နိုင်ငံရေးပညာရှင် Spector နဲ့ Zartman တို့က စေ့စပ်ဆွေးနွေးရေးကို တရားဝင် မစခင် အခင်းအကျင်း (prenegotiation environment) မှာ အင်အားစုတွေအားလုံး လက်ခံနိုင်မယ့် ချဉ်းကပ်နည်းလမ်းတွေကို ရှာဖွေဖို့ ပိုမိုလွယ်ကူကြောင်း လေ့လာတင်ပြခဲ့ပါတယ်။ အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ၁၉၉၃ ခုနှစ် prenegotiation အခင်းအကျင်း အခြေအနေက အဓိကကျကြောင်း ပညာရှင်အများက ထောက်ပြပြောဆိုခဲ့ပါတယ်။

Phase III : Generating the will for a joint solution

စေ့စပ်ဆွေးနွေးအဖြေရှာရေးကို ကြိုးပမ်းသူတွေဟာ ဒီအဆင့်ရောက်မှ ပူးတွဲ အဖြေရှာလိုတဲ့ ဆန္ဒတွေ နိုင်ငံရေးအင်အားစု အသိုင်းအ၀ိုင်းတွေအတွင်းမှာ ပေါ်ပေါက်လာအောင် အရှိန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အင်အားစုတွေအကြားမှာ မတူညီတဲ့ ၀ါဒတွေ၊ အတွေးအခေါ်တွေ၊ ယုံကြည်ချက်တွေ၊ အကျိုးစီးပွားတွေ ရှိနေတဲ့ အတွက် စေ့စပ်ဆွေးနွေး အဖြေရှာရေးကို အင်အားစုအားလုံးက သဘောတူလက်ခံထားပြီး ဖြစ်မယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒီအဆင့်မှာ ထူးခြားတာက Track I ခေါင်းဆောင်တွေကိုယ်တိုင် စေ့စပ်ဆွေးနွေးရေးအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်လာလေ့ ရှိတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ Track I ခေါင်းဆောင်တွေ ရွေးချယ်စဉ်းစားလေ့ရှိတဲ့ substantive and procedural considerations တွေကို ပညာရှင်တွေက သုတေသနပြု လေ့လာကြရာမှာ အချက်ကြီးသုံးချက်ကို တွေ့ခဲ့ကြပါတယ်။

  • ချဉ်းကပ်နည်းလမ်း- စေ့စပ်ဆွေးနွေးရာမှာ ဘယ်လို issues တွေကို ဆွေးနွေးမှာလဲ။ ပါဝင်မယ့် လူမျိုးစုတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အတိုက်အခံအဖွဲ့အစည်းတွေရဲ့ positions တွေက ဘာတွေလဲ။ အကျိုးစီးပွားက ဘာတွေလဲ။ စေ့စပ်ဆွေးနွေးခြင်းဖြင့် အားလုံးအတွက် အကျိုးကျေးဇူးရှိမယ့် အခွင့်အလမ်းတွေ က ဘယ်မှာလဲ။
  • ပါဝင်သူများ - စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ရောက်လာမယ့် stakeholders တွေက ဘယ်သူတွေ ဖြစ်မလဲ။ ဘယ်လို ကျွမ်းကျင်နားလည်သူတွေ ပါဝင်ဖို့ လိုအပ်သလဲ။ ပါဝင်သူတွေရဲ့ ကိုယ်ရေးရာဇ၀င်တွေ၊ တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ အလေ့အထတွေက ဘာတွေလဲ။ ဘယ်လို ညွန့်ပေါင်းအဖွဲ့အစည်းတွေကို ဖွဲ့နိုင်မယ့် အလားအလာရှိနိုင်သလဲ။
  • တွန်းအား- ဘယ်လို စံနှုန်းနဲ့ သဘောထားတွေကို အင်အားစုတွေက လက်ခံကြသလဲ။ စံနှုန်းတွေ ကျင့်သုံးနိုင်အောင် ဘယ်လို re-framing လုပ်မလဲ။

တခါတရံမှာ Track I ခေါင်းဆောင်တွေက စေ့စပ်ဆွေးနွေးမှုဆိုင်ရာ pre-conditions တွေကို ကြေညာချက်တွေထုတ်ပြီး သတ်မှတ်လေ့ရှိကြပါတယ်။ Pre-conditions တွေဆိုတာ စေ့စပ်ဆွေးနွေးမှုဖြစ်စဉ်ကို နှောင့်နှေးစေတဲ့ အရာတွေ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးကြမယ့် အင်အားစုတွေအကြား တိုးတိုးတိတ်တိတ် ညှိနှိုင်းကြရမယ့် အရာတွေ ဖြစ်ပါတယ်။ အမှန်တကယ် စေ့စပ်ဆွေးနွေး အဖြေရှာရေးကို ဦးတည်ဆောင်ရွက်တဲ့အခါ စတိတ်မင့်ထုတ်ပြီး pre-conditions ချပေးတဲ့ နည်းဗျူဟာကို အသုံးပြုလို့ မရပါဘူး။ ရလဒ်က စေ့စပ်ဆွေးနွေးရေးကို မဦးတည်ပဲ political deadlock ဖြစ်စေနိုင်ပါတယ်။

သို့ပေမယ့် ဒီနည်းဗျူဟာက diplomatic cover ရစေတဲ့အတွက် အတိုက်အခံအင်အားစု အချို့က သုံးလေ့ရှိပါတယ်။ စတိတ်မင့်ထုတ်ပြီး pre-conditions သတ်မှတ်တာကို အာဏာပိုင်တွေဘက်က စေ့စပ်ဆွေးနွေးဖို့ အမှန်တကယ် ရည်ရွယ်ချက်ရှိတယ်လို့ သုံးသပ်လေ့မရှိပါဘူး။ အာဏာပိုင်တွေဘက်ကို နိုင်ငံတကာ ဖိအားတိုးလာအောင်၊ အတိုက်အခံဘက်မှာ diplomatic cover ရလာအောင် ကြိုးပမ်းတဲ့ threat လို့ပဲ ယူဆပါတယ်။ ဒီလို နည်းဗျူဟာကို တခြားနိုင်ငံရေးအဆင့်တွေမှာ အသုံးပြုရင် political deadlock ဖြစ်ပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် Phase III မှာ သုံးလိုက်ရင်တော့ ဖြစ်စဉ်တခုလုံးကို ပျက်စီးသွားစေတတ်တဲ့အတွက် စေ့စပ်ဆွေးနွေးအဖြေရှာရေးကို အမှန်တကယ် လိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေ အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။ အလားတူပါပဲ။ အာဏာပိုင်တွေဘက်ကလဲ စေ့စပ်ဆွေးနွေးအဖြေရှာရေးကို တကယ်လိုလားတယ်ဆိုရင် pre-conditions သတ်မှတ်ချက်တွေကို ရှောက်ကြဉ်ရမှာ ဖြစ်ပါတယ်။

Phase III အဆင့်မှာ Track II - III ခေါင်းဆောင်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကိုလဲ ပညာရှင်တွေက လေ့လာဖော်ထုတ်ထားကြပါတယ်။ အဓိက လုပ်ငန်းတာဝန်တွေကတော့
  • စေ့စပ်ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူများအကြား အပြုသဘောဖြင့် ဆက်ဆံကြမည့် ဒိုင်ယာလော့ခ် အခင်းအကျင်းဖြစ်အောင် ဖန်တီးပေးခြင်း
  • တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ပြဿနာများကို ဖြေရှင်းရန် စေ့စပ်ဆွေးနွေးပွဲတွင် ပါဝင်သူများ သဘောတူညီထားသည့် အချက်အလက်များကို လေ့လာသုံးသပ်၍ ဆက်ဆံရေးပျက်ပြယ်နိုင်သော အခြေအနေများတွင် ၀င်ရောက်ထိန်းသိမ်းပေးခြင်း
  • စေ့စပ်ဆွေးနွေးပွဲ ပျက်ပြားစေနိုင်သည့် အဖျက်သဘော ဆက်ဆံရေးအခြေအနေများ ဖြစ်ပွားလာပါက အဆိုပါ ဆက်ဆံရေးအခြေအနေများကြောင့် မည်သို့သော အလားအလာများ ပေါ်ပေါက်စေနိုင်သည်ကို လေ့လာဆန်းစစ်ပြီး စေ့စပ်ဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို ထိပ်ပိုင်းခေါင်းဆောင်များ ဆက်လက်စွဲကိုင်မည့် အခြေအနေများ ဖန်တီးပေးခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီအဆင့်မှာ အရေးကြီးဆုံးကတော့ လိုအပ်မယ့် အပေးအယူတွေ ဖော်ထုတ်ခြင်း၊ common ground ရှာဖွေခြင်းနဲ့ consensus ရအောင် ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Phase Four: Scenario Building and Negotiation

ဒီအဆင့်မှာ Track I ခေါင်းဆောင်တွေအကြား တရားဝင်စေ့စပ်ဆွေးနွေးမှုတွေ စတင်လာပြီ ဖြစ်ပါတယ်။ Track II- III ခေါင်းဆောင်တွေ အနေနဲ့လဲ စေ့စပ်ဆွေးနွေးပွဲ ပျက်ပြားသွားစေမယ့် အခြေအနေတွေ မဖြစ်ပွားလာအောင် အထူးအာရုံစိုက်ရမယ့် အဆင့်ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးကြရမှာ Track I ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအရ ဆီလျော်ပြီး၊ လက်တွေ့မှာလဲ အကောင်အထည်ဖော်လို့ရမယ့် သဘောတူညီချက်တွေ ပေါ်ထွက်လာအောင် ဦးတည် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ Track II – III ခေါင်းဆောင်တွေကတော့ ကျင်းပနေဆဲ စေ့စပ်ဆွေးနွေးပွဲတွေရဲ့ အခြေအနေကို လေ့လာသုံးသပ်တာတွေ၊ စေ့စပ်ဆွေးနွေးပွဲပျက်ပြားစေနိုင့်မယ့် အခြေအနေတွေကို စောင့်ကြည့်ထိန်းချုပ်တာတွေ၊ ပျက်ပြားစေမယ့် အခြေအနေတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်တာတွေ၊ Track I ခေါင်းဆောင်တွေက တဘက်က အခြေအနေကို တီးခေါက်လိုတဲ့အခါမှာ float trial balloons အနေနဲ့ ဆောင်ရွက်ပေးတာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးပွဲမှာ အသုံးပြုကြတဲ့ Policy framework အသီးသီးမှာ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက working group တွေ တည်ဆောက်ပြီး လိုအပ်တာ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

Phase Five: Acting Together to Implement Agreements

ဒီအဆင့်မှာ ခေါင်းဆောင်တွေ၊ ပညာရှင်တွေအနေနဲ့ သဘောတူထားတဲ့ စာချုပ်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ Track I ခေါင်းဆောင်တွေအနေနဲ့ judicial and physical arrangements တွေကို အာရုံစိုက်ပြီး၊ Track II – III ခေါင်းဆောင်တွေက perceptions and human relationships တွေ ပြောင်းလဲလာရေးကို အာရုံစိုက်ရပါမယ်။ Post-agreement negotiation အဆင့်မှာ အလုပ်ပြီးမြောက်ရေးကို ဦးစားပေးကြရမှာ ဖြစ်ပါတယ်။

နိဂုံး

စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတာ စကားလုံးအနေနဲ့ အသုံးပြုနေရုံနဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ပါ။ တဘက်နဲ့ တဘက် pre-conditions တွေ ချမှတ်ပြီး diplomatic cover အတွက် အသုံးချနေရုံနဲ့လဲ အောင်မြင်လာနိုင်တဲ့ အရာမဟုတ်ပါ။ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတာ ဖြစ်စဉ် တရပ်ဖြစ်ပါတယ်။ ဖြစ်စဉ်တရပ်အောင်မြင်ဖို့က တည်ဆောက်ယူရပါတယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းရပါတယ်။ အရေးကြီးဆုံးကတော့ တိုင်းပြည်ရဲ့ ပဋိပက္ခအခြေအနေကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်နေပြီး၊ mutually hurting stalemate အဆင့်ရောက်နေတာကို သိမြင်တဲ့ ပညာရှင်တွေနဲ့ Track II – III ခေါင်းဆောင်တွေကလဲ Phase I ကို အစပျိုးရဲရပါတယ်။ ဒီလိုမဟုတ်ရင်လဲ စေ့စပ်ဆွေးနွေးရေးကို ဖြစ်ချင်တဲ့ Track I ခေါင်းဆောင်တွေက Track II- III အလုပ်တွေကို တာဝန်ခွဲဝေမှု လုပ်တတ်ဖို့ လိုတယ်။ စေ့စပ်ဆွေးနွေးရဲ့ ဖြစ်စဉ်ရဲ့ protocol တွေကိုလဲ သိမြင်ဖို့ လိုပါတယ်။ တဘက်က Track II, III တွေ လွှတ်ချိန်မှာ တဘက်ကလဲ Track II, III တွေပဲ ပြန်လွှတ်ဖို့ လိုအပ်ပါတယ်။ တဘက်က Track II, တဘက်က Track I တို့တွေ့နေရတဲ့ စေ့စပ်ဆွေးနွေးပွဲရဲ့ အောင်မြင်နိုင်မှု ရာနှုန်းက တော်တော်နည်းပါတယ်။  စစ်မှန်သော စေ့စပ်ဆွေးနွေးရေးကို ဦးတည်စေတဲ့ ချဉ်းကပ်နည်းလမ်း၊ ဆက်ဆံရေးတည်ဆောက်မှု၊ တွန်းအားတွေ ရှိမှသာ ထိရောက်တဲ့ စေ့စပ်ဆွေးနွေးအဖြေရှာရေး ဖြစ်စဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၁၊ ၁၊ ၁၁)

ကိုးကားစာရင်း-

Freeman, Charles. Arts of Power: Statecraft and Diplomacy (Washington, DC: United States Institute of Peace Press, 1997)

Saunders, Harold. “Prenegotiation and Circum-negotiation: Arenas of the Multilevel Peace Process,” in Turbulent Peace: The Challenges of Managing International Conflict, ed. Chester Crocker, Fen Osler Hampson, and Pamela Aall (Washington, DC: United States Institute of Peace Press, 2001)

Lederach, John Paul. Building Peace: Sustainable Reconciliation in Divided Societies (Washington, DC: United States Institute of Peace Press, 1997)

Solomon, Richard H., and Nigel Quinney. American Negotiating Behavior: Wheeler-dealers, Legal Eagles, Bullies, and Preachers (Washington, D.C.: United States Institute of Peace Press, 2010)

Druckman, Daniel. “Negotiating in the International Context,” in Peacemaking in International Conflict: Methods and Techniques, ed. I. William Zartman (Washington, DC: United States Institute of Peace Press, 2007)

Fisher, Roger and William Ury, Getting to Yes: Negotiating Agreement Without Giving In (Boston: Houghton Mifflin, 1922),

Laue, James E. “Contributions of the Emerging Field of Conflict Resolution,” in Approaches to Peace: An Intellectual Map, ed. Scott W. Thompson, Kenneth M. Jenson, Richard N. Smith, and Kimber M. Schraub (Washington, DC: United States Institute of Peace Press, 1991)

Hopmann, P. Terrence. “Bargaining and Problem Solving: Two Perspectives on International Negotiation,” in Turbulent Peace: The Challenges of Managing International Conflict, ed. Chester Crocker, Fen Osler Hampson, and Pamela Aall (Washington, DC: United States Institute of Peace Press, 2001)

Mnookin, Robert H., Scott R. Peppet, and Andrew S. Tulumello, Beyond Winning: Negotiating to Create Value in Deals and Disputes (Cambridge, Mass.: Belknap Press of Harvard University Press, 2000)

Pruitt, Dean G. Negotiation Behavior (New York: Academic Press, 1981)

Marks, Susan Collin. Watching the Wind: Conflict Resolution during South Africa’s Transition to Democracy (Washington, DC: United States Institute of Peace, 2000)

Bazerman, Max H. and Margaret A. Neale, Negotiating Rationally (New York: Free Press, 1992)

Thomas, Kenneth W. and Ralph H. Kilmann. Thomas-Kilmann Conflict Mode Instrument (Palo Alto, Calif.: CPP, Inc., 2002)

Shapiro, Daniel L. “Supplemental Joint Brainstorming: Navigating Past the Perils of Traditional Bargaining,” Negotiation Journal 16, no. 4 (2000)

Shell, G. Richard. Bargaining for Advantage: Negotiation Strategies for Reasonable People (New York: Penguin Books, 2000)

Hayner, Priscilla. Negotiating justice: Guidance for Mediators. (International Center for Transitional Justice, 2009)
Deegan, Heather. South Africa Reborn: Building a New Democracy (University College London Press, 1999)

Touval, Saadia. “Multilateral Negotiation: An Analytic Approach,” Negotiation Journal 5, no. 2 (April 1989): 163.

Weaver, Gary. Culture Communication, and Conflict: Readings in Intercultural Relations (Needham Heights, Mass.: Ginn Press, 1994)

No comments: