Friday, August 5, 2011

NEVER FORGET 8888

 

စေ့စပ်ဆွေးနွေးရေး ဆိုရာဝယ် (အပိုင်း - ၃)

စေ့စပ်ဆွေးနွေးရေးနှင့် တွန်းအား (Leverage)

စေ့စပ်ဆွေးနွေးမှု အောင်မြင်ရေးအတွက် အတွက် စေ့စပ်ဆွေးနွေးရေးကို ဦးတည်စေတဲ့ တွန်းအားဟာ အလွန်အရေးကြီးပါတယ်။ တွန်းအားတွေ အမျိုးမျိုးရှိတဲ့အနက် carrots and sticks ဆိုတဲ့ တွန်းအားကတော့ နာမည်ကြီး ရေပန်းစားပါတယ်။ carrots ဆိုတာက positive inducements တွေ ဖြစ်ပါတယ်။ အခြားတဘက်က တန်ဖိုးထားနိုင်မယ့် အရာတွေကို လေ့လာဖော်ထုတ်ပြီး၊ ဒီအရာတွေကို လိုချင်တပ်မက်စိတ်နဲ့ စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းပေါ် တက်လာအောင် မျှားခေါ်တာ ဖြစ်ပါတယ်။ Kelman က ဖြစ်နိုင်ချေရှိတဲ့ carrots တွေကို စာရင်းပြုစုခဲ့တာမှာ စီးပွားရေးအခွင့်အလမ်း၊ နိုင်ငံတကာ တရားဝင်မှု၊ အပစ်အခတ် ရပ်စဲရေး၊ နှစ်ဘက်တင်းမာမှု လျှော့ချရေး စတာတွေ ပါဝင်ပါတယ်။

စေ့စပ်ဆွေးနွေးပွဲအတွက် ကမ်းလှမ်းရာမှာ carrots တွေကို ထည့်သွင်းကမ်းလှမ်းနိုင်ဖို့ လိုပါတယ်။ ဥပမာ- အတိုက်အခံဘက်မှ အာဏာရှင်တွေကို ကမ်းလှမ်းတဲ့အခါ ပဋိပက္ခပြီးဆုံးချိန် တရားမျှတမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ အချက်က အဓိက ကျပါတယ်။ များသောအားဖြင့် အာဏာရှင်တွေ ကြောက်ရွံ့တာက သူတို့ကျူးလွန်ခဲ့တဲ့ humanitarian crimes တွေအတွက် ခုံရုံးတင် စစ်ဆေးခံရခြင်းဖြစ်ပါတယ်။ အာဏာလက်လွှတ်လိုက်ရပြီး နောက်ပိုင်းမှာ ခုံရုံးတင်ခံရမှာကို ကြောက်ရွံ့တဲ့ အာဏာရှင်တွေဟာ ကြောက်ကန်ကန်ပြီး အာဏာကို အတင်းအကျပ် ဆုပ်ကိုင်ထားလေ့ ရှိကြပါတယ်။ စေ့စပ်ဆွေးနွေးဖို့အတွက် အတိုက်အခံတွေက စတင်ကမ်းလှမ်းခဲ့ရင် အာဏာရှင်တွေကို ဒါနဲ့ ပတ်သက်တဲ့ ဘယ်လို အာမခံချက်တွေ ပေးနိုင်မလဲ။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်ပြီး positive inducements တွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒီလို မပေးနိုင်တဲ့အခါ (သို့မဟုတ်) ပေးနိုင်မယ့် လက်တွေ့နိုင်ငံရေး ဦးဆောင် အဖွဲ့မရှိတဲ့ အခါကျရင်တော့ စေ့စပ်ဆွေးနွေးမှုကို ဦးတည်တာထက် အာဏာရှင်အစိုးရ ဖြုတ်ချနိုင်ရေးကိုသာ အတိုက်အခံတွေ အနေနဲ့ ဦးတည်သင့်ပါတယ်။

Sticks ဆိုတာကတော့ negative inducements တွေပဲ ဖြစ်ပါတယ်။ inter-state conflicts တွေ မှာတော့ နိုင်ငံရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ စစ်အင်အားသုံး ဖြေရှင်းမှု ဆိုပြီး သဏ္ဍာန်သုံးမျိုး ရှိပါတယ်။ intra-state conflicts တွေဆိုရင်တော့ နိုင်ငံတကာ ဖိအားနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေး အဖြေရှာမှုကို အတိုက်အခံတွေဘက်က ကမ်းလှမ်းတဲ့အခါ အာဏာရှင်တွေ အပေါ်မှာ လုံလောက်တဲ့ နိုင်ငံတကာ ဖိအား ပေးထားနိုင်သလား ဆိုတဲ့ အချက်နဲ့ ပြည်သူလူထုရဲ့ ဆန္ဒဟာ စေ့စပ်ဆွေးနွေးရေးလား၊ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ရေးလား ဆိုတဲ့ အချက်တွေကို ကွဲပြားအောင် လေ့လာဖို့ လိုပါတယ်။

ပြည်တွင်းရေး ပဋိပက္ခတွေမှာ အင်အားကြီးနိုင်ငံတွေက double edge သံတမန်ရေးရာ မူဝါဒကို ကျင့်သုံးလေ့ရှိကြပါတယ်။ နိုင်ငံရဲ့ ပထ၀ီဝင် အနေအထားဟာ အင်အားကြီးနိုင်ငံများရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အချက်အချာ နေရာတွေဖြစ်ရင် အခြေအနေက ပိုဆိုးပါတယ်။ လုံလောက်တဲ့ နိုင်ငံတကာ ဖိအားကို အာဏာရှင်တွေအပေါ်မှာ မပေးနိုင်ပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထပ်မံစဉ်းစားဖို့ လိုပါတယ်။ ပြည်သူရဲ့ ဆန္ဒက စေ့စပ်ဆွေးနွေးရေး မဟုတ်ပဲ အတိုက်အခံတွေကနေ အာဏာရှင်ကို အနိုင်တိုက်ရေးကို အလိုရှိနေချိန်မှာ အတိုက်အခံတွေက စေ့စပ်ဆွေးနွေးရေး ဦးတည်ချက်ကိုပဲ အကောင်အထည်ဖော်နေတဲ့အခါ အတိုက်အခံနိုင်ငံရေး အဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ အက်ကြောင်းတွေ ထလာတတ်ပါတယ်။ အတိုက်အခံတွေဘက်ကနေ ရပ်တည်ပေးလိုစိတ်တွေ ပြည်သူလူထုအကြားမှာ လျော့ကျလာတတ် ပါတယ်။ အဲဒီ အခြေအနေမျိုးတွေမဖြစ်အောင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာအခြေအနေ၊ ပြည်သူလူထုအခြေအနေ၊ အာဏာရှင်အခြေအနေစတဲ့ အခြေအနေကြီး သုံးရပ်ကို မျက်ချေမပြတ်လေ့လာနေဖို့ လိုအပ်လှပါတယ်။

နိုင်ငံရေးပညာရှင် Solomon က ဘယ်လိုအခြေအနေ၊ အချိန်အခါမျိုးမှာ ဘယ်လို ဆုပေးဒဏ်ပေး စနစ်တွေကို ဘယ်လိုအချိုးကျ ပေါင်းစပ်ပြီး၊ စေ့စပ်ဆွေးနွေးမှုကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကို သိနားလည်မှုဟာ နိုင်ငံရေးခေါင်းဆောင်တွေ၊ စေ့စပ်ဆွေးနွေးအဖြေရှာလိုသူတွေ အတွက် လိုအပ်တဲ့ စွမ်းရည်တရပ်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

တွန်းအားနဲ့ ပတ်သက်ပြီး နောက်ထပ်စဉ်းစားစရာ အချက်တခုကတော့ ဘယ်သူ့ဆီမှာ အကောင်းဆုံး best alternative to a negotiated agreement (BATNA) ရှိနေသလဲ ဆိုတာပါပဲ။ တခါတရံမှာ BATNA ကို “walk-away leverage” လို့လဲ ခေါ်ဝေါ်သုံးစွဲတတ်ကြပါတယ်။ စေ့စပ်ဆွေးနွေးရေး မအောင်မြင်ခဲ့ရင် (သို့မဟုတ်) မဖြစ်မြောက်ခဲ့ရင် စေ့စပ်ဆွေးနွေးရေးမဟုတ်တဲ့ တခြားသင့်လျော်မယ့် နည်းလမ်းကို အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ဘက်က ပိုမို အားသာချက် ရှိပါတယ်။ တွန်းအားကို တိုင်းတာဖို့အတွက် ပညာရှင် Shell က ရိုးရှင်းတဲ့ နည်းလမ်းလေး တခုကို ဖော်ထုတ် ရေးသားခဲ့ပါတယ်။ သူ့နည်းလမ်းကတော့ စေ့စပ်ဆွေးနွေးမှု မဖြစ်မြောက်ခဲ့ရင် (သို့မဟုတ်) မအောင်မြင်ခဲ့ရင် ဘယ်သူ့ဘက်က ပိုပြီး ဆုံးရှုံးနိုင်မလဲ ဆိုတာ ပြန်လည်ဆန်းစစ်ချက်ပဲ ဖြစ်ပါတယ်။ ဆုံးရှုံးမှု ပိုများတဲ့ဘက်မှာ တွန်းအားနည်းပြီး၊ ဆုံးရှုံးမှု ပိုနည်းတဲ့ဘက်မှာ တွန်းအားများပါတယ်။ နှစ်ဘက်စလုံးက ဆုံးရှုံးမှု တူနေခဲ့ရင်တော့ စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်သွားလေ့ရှိပါတယ်။

ဒီလိုမဟုတ်ပဲ တဘက်ဘက်မှာ အားကောင်းတဲ့ best alternative to a negotiated agreement ရှိနေခဲ့ရင်တော့ အဲဒီဘက်က အနိုင်ရလေ့ရှိပါတယ်။ ပြည်တွင်းရေး ပဋိပက္ခတွေမှာ အာဏာရှင်တွေအတွက် စေ့စပ်ဆွေးနွေးရေး မဟုတ်တဲ့ BATNA ကတော့ political liberalization အတွေးအခေါ်ကို အခြေခံတဲ့ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election) များ ကျင်းပခြင်းနဲ့ အာဏာရှင် ရုပ်သေးအစိုးရ တရပ် ပေါ်ပေါက်လာရေးဖြစ်ပြီး၊ အတိုက်အခံတွေအတွက် စေ့စပ်ဆွေးနွေးရေးမဟုတ်တဲ့ BATNA ကတော့ Initial Transition အတွေးအခေါ်ကို အခြေခံတဲ့ လူထုတိုက်ပွဲ၊ လက်နက်ကိုင် တိုက်ပွဲများမှ တဆင့် ပြည်သူ့အစိုးရ (၀ါ) ကြားဖြတ်အစိုးရ တရပ် ပေါ်ပေါ်လာရေး ဖြစ်ပါတယ်။ အဲဒီ BATNA နှစ်ခုမှာ ဘယ်ဘက်မှာ ပြည်သူအများက ထောက်ခံ အားပေးသလဲ ဆိုတဲ့ အချက်က အရှုံး၊ အနိုင်ကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ အာဏာရှင်ဘက်က စေ့စပ်ဆွေးနွေးရေးကို ရှောင်ရှားနိုင်မယ့် BATNA ကို အကောင်အထည် ဖော်နေချိန်အထိ အတိုက်အခံတွေဘက်မှာ BATNA မရှိပဲ စေ့စပ်ဆွေးနွေးရေးကိုပဲ ဦးတည်ဖော်ဆောင်နေတယ် ဆိုရင်တော့ အနိုင်အရှုံးက မေးခွန်းထုတ်စရာတောင် မလိုအပ်တော့ပါဘူး။ အတိုက်အခံတွေဘက်က သေချာပေါက် ရှုံးမှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင် Fisher and Ury တို့က စေ့စပ်ဆွေးနွေးရေး ပါဝါဆိုတာကို လူအများက ချမ်းသာကြွယ်ဝမှု၊ နိုင်ငံရေးအဆက်အနွယ်၊ စစ်ရေးအင်အား စတာတွေနဲ့ တိုင်းတာတတ် ကြပေမယ့် အမှန်တကယ် အရေးအကြီးဆုံး စေ့စပ်ဆွေးနွေးရေး ပါဝါကတော့ စေ့စပ်ဆွေးနွေးမှု မဖြစ်မြောက်ခဲ့ရင် (သို့မဟုတ်) မအောင်မြင်ခဲ့ရင် ဘာဆက်လုပ်နိုင်မလဲဆိုတဲ့ BATNA ပဲ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ မိမိနဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်နေတဲ့ ဘက်တဘက်မှာ ဒီလို စေ့စပ်ဆွေးနွေးရေးပါဝါ မရှိခဲ့ရင် ဘယ်လို စေ့စပ်ဆွေးနွေးရေး ကမ်းလှမ်းချက်၊ တောင်းဆိုချက်ကိုမှ ဂရုစိုက်စရာ မလိုအပ်ပဲ ကိုယ့်ရဲ့ BATNA အောင်မြင်အောင် လုပ်ရေးကိုသာ အာရုံစိုက်ရန် လိုကြောင်း ပညာရှင်အများက မှတ်ချက်ပေးထားခဲ့ကြပါတယ်။

ပြည်တွင်းရေး ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ်၊ ဘက်တဘက်ဟာ တခြားဘက်တဘက်ထက် ပိုပြီး စစ်ရေး၊ နိုင်ငံရေးအင်အားနည်းနေခဲ့ရင် (သို့မဟုတ်) စေ့စပ်ဆွေးနွေးရေးက လွဲလို့ တခြား ဘာလမ်းစဉ်ကိုမှ ကျင့်သုံးစရာ မရှိတော့ဘူးဆိုရင် (သို့မဟုတ်) အခြားဘက်တဘက်က မက်မောနိုင်ဖွယ်ရှိတဲ့ ဘယ်လို positive inducements ကိုမှ မပေးနိုင်တော့ဘူး ဆိုရင်တော့ normative leverage strategy ကို ကျင့်သုံးကြလေ့ရှိပါတယ်။ ဒီမဟာဗျူဟာကို ကျင့်သုံးမယ်ဆိုရင် တခြားဘက်ရဲ့ နိုင်ငံရေးသဘောထားတွေ၊ သမိုင်းကြောင်းတွေကို သိနားလည်ဖို့ လိုအပ်ပါတယ်။ တဘက်က ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စံချိန်စံညွှန်းတွေကို နားလည်အောင်လေ့လာပြီး၊ ဒီလုပ်ထုံးလုပ်နည်းတွေအကြားမှာ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်ယူရမလဲဆိုတာကို အသာစီး မရတဲ့ဘက်က တွက်ချက်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်များကို အသာစီးရနေတဲ့ဘက်က ချမှတ်တာ ဖြစ်တဲ့အတွက် အသာစီး မရတဲ့ဘက်က လေးစားမှုပြပြီး၊ တဘက်ရဲ့ စာနာမှုကို တောင်းခံဖို့ လိုကြောင်း ပညာရှင် Shell က ဆိုထားခဲ့ပါတယ်။

ပြည်တွင်းရေး ပဋိပက္ခတွေမှာ အာဏာရှင်တွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို တောင်းဆိုခြင်း၊ အာဏာရှင်များထံ အသနားခံစာတင်ခြင်း၊ အခြား BATNA လမ်းစဉ်များကို မစဉ်းစားပဲ စေ့စပ် ဆွေးနွေးရေး လမ်းစဉ်တခုတည်းကိုသာ ကျင့်သုံး၍ အာဏာရှင်တို့ဘက်မှ သဘောထား ပျော့ပျောင်းကာ စေ့စပ်ဆွေးနွေးလာမည့် အချိန်ကို စောင့်စားခြင်း စတာတွေဟာ အာဏာရှင်ဘက်ရဲ့ အသာစီးရနေမှုကို အသိအမှတ်ပြုပြီး၊ အားနည်းတဲ့ဘက်က normative leverage strategy ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေက ဒီလို normative leverage strategy ကို အကောင်အထည် ဖော်နေပြီဆိုရင် ပြည်သူလူထုအနေနဲ့ အခြေအနေကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။

အာဏာရှင်ဘက်ကို အသာစီး ပေးထားပြီး၊ normative leverage strategy ကို အကောင်အထည် ဖော်လိုက်ရမှုဟာ အတိုက်အခံတွေဘက်မှာ တခြား လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြေအောက်လှုပ်ရှားမှုစတဲ့ BATNA လမ်းစဉ်တွေကို ကျင့်သုံးနိုင်သည့် အခြေအနေ လုံးဝ မရှိ၍တော့လား (သို့မဟုတ်) သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းရဲ့ ပိုနေမြဲ၊ ကျားနေမြဲ နေလိုမှုလား ဆိုတာကို သေသေချာချာ ခွဲခြားနိုင်ဖို့ လိုအပ်ပါတယ်။ ပထမအခြေအနေ အတိုင်းဆိုလျှင်တော့ အာဏာရှင်စနစ် ဖြိုချရေး အတွေးအခေါ်ကို လက်လျှော့ပြီး၊ political liberalization အတွေးအခေါ်ကို လက်ခံသင့်ပါတယ်။ ဒုတိယအခြေအနေ အတိုင်း ဆိုရင်တော့ အာဏာရှင်ဘက်ကို အသာစီးပေးပြီးမှ၊ အာဏာရှင်ရဲ့ စာနာမှုကို တောင်းခံလိုတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ နေရာမှာ စေ့စပ်ဆွေးနွေးရေးအပြင် တခြား လမ်းစဉ်တွေကို ကိုင်စွဲအသုံးချနိုင်မယ့် နိုင်ငံရေးအင်အားစုတွေက အစားထိုးပြီး လူထုနဲ့ တသားတည်းဖြစ်အောင် ကြိုးပမ်းသင့်ပါတယ်။

ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ဖန်တီးဖို့ အတိုက်အခံများက Normative Leverage strategy ကို ကျင့်သုံးလာခဲ့ရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ အတွေးအခေါ်ကြီးနှစ်ရပ်ဖြစ်တဲ့ initial transition နဲ့ political liberalization တို့မှာ အခြေခံတဲ့ လမ်းစဉ်တွေရဲ့ ရှေ့မှာ ကန့်လန့်ပိတ်ဖြစ်ပြီး၊ တိုင်းပြည်မှာ political deadlock ဖြစ်သွားတတ်ပါတယ်။ အဲဒီအခြေအနေက ရှည်ကြာလာခဲ့ရင် တိုင်းပြည်ရဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လဲ ဒီလိုအခြေအနေမျိုးကို ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ လက်ခံလေ့မရှိကြပါဘူး။

ပဋိပက္ခ တခုမှာ အတိုက်အခံတွေဘက်က Initial transition ကို ထိထိရောက်ရောက်ဖြစ်အောင် အချိန်ကာလတခုအထိ အကောင်အထည် မဖော်နိုင်တော့ဘူးဆိုရင် အာဏာရှင်တို့ဘက်က စတင်တဲ့ political liberalization ကို ထောက်ခံ အကူအညီပေးမှုတွေ ဖြစ်လာတတ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရတွေကို နိုင်ငံအများစုက အသိအမှတ်ပြုပြီး international legitimacy ပေးလိုက်တာတွေ ကမ္ဘာနဲ့အ၀ှမ်းမှာ ပေါ်ထွက်နေပါတယ်။ ဒီလိုဖြစ်သွားစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ထင်ရှားတဲ့ အကြောင်းရင်းကတော့ အတိုက်အခံတွေဟာ နိုင်ငံတကာအကူအညီကိုပဲ အားကိုးနေကြလို့ ဖြစ်ပါတယ်။

အာဏာရှင်တွေဘက်က political liberalization ကို BATNA အနေနဲ့ အသုံးပြုလိုက်တဲ့အခါ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို ပြန်တင်ဖို့ကလဲ မဖြစ်နိုင်၊ အတိုက်အခံတွေဘက်မှာကလဲ စေ့စပ် ဆွေးနွေးရေးကလွဲလို့ တခြား ဘယ်လို BATNA မှ မရှိတော့တဲ့အတွက် political liberalization က ပေါ်ထွက်လာတဲ့ အစိုးရကိုပဲ နိုင်ငံတကာ အစိုးရတွေအနေနဲ့ လက်ခံစကားပြောရတော့တဲ့ အဆင့်ကို ရောက်သွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးလမ်းကြောင်းတွေနဲ့ ပတ်သက်ရင် အတွေးအခေါ် ရှင်းလင်းဖို့ အလွန်အရေးကြီးပါတယ်။

အာဏာရှင်နဲ့ အတိုက်အခံတို့အကြားမှာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့အတွက် စေ့စပ်ဆွေးနွေးမှု ပန်းတိုင် ဆိုတာ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးမှုနဲ့ ပတ်သက်ရင် ဒါရဲ့ အစားထိုးပန်းတိုင်အနေနဲ့ အာဏာရှင်တွေဘက်မှာ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဆိုတာရှိပါတယ်။ အတိုက်အခံတွေဘက်မှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေးတို့နဲ့ ပေါင်းစပ်တက်လာတဲ့ ကြားဖြတ်အစိုးရ (၀ါ) ပြည်သူ့အစိုးရဆိုတာ ရှိပါတယ်။ စေ့စပ်ဆွေးနွေးမှုပန်းတိုင်ကို ရှောင်ဖယ်ပြီး အာဏာရှင်တွေဘက်က အစားထိုးပန်းတိုင်ကို ရွေးလိုက်တာနဲ့ တပြိုင်နက် အတိုက်အခံဘက်ကလဲ ကိုယ့်ဘက်က အစားထိုးပန်းတိုင်ကို ရွေးချယ်ရမှာပါ။ ဒီလို ရွေးချယ်မှုတွေမှာ ပြည်တွင်းခေါင်းဆောင်တွေနဲ့ ပြည်ပခေါင်းဆောင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေက တူချင်မှ တူပါလိမ့်မယ်။ အပြန်အလှန် ထောက်ခံမှုကလဲ လိုချင်မှ လိုပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လို လုပ်နည်းလုပ်ဟန် ကွဲပြားမှုတွေ ရှိသည်ဖြစ်စေ ပန်းတိုင်ကတော့ တူညီဖို့ လိုအပ်ပါတယ်။

စေ့စပ်ဆွေးနွေးရေး၊ တွန်းအားတို့နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သွေးနဲ့ မော်ကွန်းတင်ထားရတဲ့၊ ရေရှည် ဆင်းရဲနွမ်းပါးမှု သံသရာကနေ ရုန်းမထွက်နိုင်ခဲ့တဲ့ သမိုင်းသင်ခန်းစာတွေ အပြည့်ပါ။ တခြားနိုင်ငံများရဲ့ နိုင်ငံရေးနဲ့ သမိုင်းသင်ခန်းစာတွေကို သိဖို့ မလိုပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးမှာ လက်တွေ့ ဘယ်လို ပါဝင်ဆောင်ရွက်ဖို့ပဲ လိုတယ်လို့ အချို့က ဆိုတတ်ကြပါတယ်။ ဖဲသမားတွေ ဘ၀ပျက်တယ်ဆိုတာကို ကိုယ်တိုင်ဖဲရိုက်၊ ဘ၀အပျက်ခံပြီးမှ သိစရာ မလိုပါ။ ဘိန်းဖြူထိုးရင် သေတတ်တယ်ဆိုတာကို ကိုယ်တိုင် ဘိန်းစားပြီး၊ သေပြစရာ မလိုပါ။ သူတပါးဘ၀များမှ သင်ခန်းစာများကိုလဲ ယူသင့်ရင် ယူတတ်ဖို့ လိုပါတယ်။ သူတပါးနိုင်ငံရဲ့ သမိုင်းသင်ခန်းစာများမှလဲ ရှောင်အပ်၊ ဆောင်အပ်တဲ့ သင်ခန်းစာတွေကို ယူသင့်ရင် ယူတတ်ဖို့လိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး


ARE WE FORGET 8888 UPRISING?
ARE WE FORGET WHY WE ARE HERE?
ARE WE FORGET WHY WE LEFT OUR MOTHER LAND?
ARE WE FORGET WHAT WE SAY TO OUR PARENT BEFORE WE LEFT?
ARE WE FORGET WHAT WE PROMISE TO OUR MOTHER LAND?
ARE WE FORGET WHAT WE VOW TO OUR FALLING COMRADE?
ARE WE FORGET YOUR FRIENDS/COMRADE BLOOD ON YOUR HAND?
ARE WE FORGET ..................?
ARE WE FORGET ...................?
ARE WE FORGET .....................?

"NEVER FORGIVE"
"NEVER FORGET"
"NEVER GIVE UP"

AS LONG AS PEOPLE OF BURMA ARE NOT FREE, YOU ARE NOT FREE.
NEVER FORGER 8888.jpgNEVER FORGET 8888

No comments: