Tuesday, December 17, 2013

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသူ ဒေါ်မြင့်မြင့်အေး အပါအ၀င် သုံးဦးကို ထောင်ဝင်စာတွေ့ခွင့် မပေးခြင်းကြောင့် ကျန်းမာရေး စိုးရိမ်ရလျက်ရှိ



ပဲခူးတိုင်း(အနောက်ပိုင်း)ဒေသကြီး ပေါင်းတည်အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြသည့် ဒေါ်မြင့်မြင့်အေး အပါအ၀င် သုံးဦးကို ထောင်ဝင်စာတွေ့ခွင့် မပေးခြင်းကြောင့် ကျန်းမာရေးကို စိုးရိမ်လျက်ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၆)ဖြင့် စွဲချက်တင် ဖမ်းဆီးခြင်းခံထားရသည့် လယ်သမားရေး ဆောင်ရွက်သူ ကိုသန့်ဇင်ထက်၊ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး၊ ၀ိမုတ္တိ စေတနာ့ဝန်ထမ်းအဖွဲ့မှ ဒေါ်ခင်မိမိခိုင်တို့ သုံးဦးမှာ ယင်းအမှုကို ပယ်ဖျက်ပေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်ချက် တက်ထားသော်လည်း ပြင်ဆင်ချက်ပြန်ချပေးရန် ကြန့်ကြာနေသည့်အတွက် အစာငတ်ခံ ဆန္ဒပြခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

"တွေ့ခွင့်မရဘူး။ တစ်နေကုန်အောင် စောင့်နေပေမယ့် လက်ထောက်ထောင်မှူး၊ ထောင်ဆရာဝန်နဲ့ပဲ တွေ့ရတယ်။ ထောင်ပိုင်ကြီးနဲ့ တွေ့ခွင့်မရခဲ့ဘူး။ ထောင်စည်းကမ်း ဖောက်ဖျက်လို့ ထောင်ဝင်စာ ပိတ်ထားတယ်လို့ပဲ ပြောတယ်" ဟု ဒီဇင်ဘာ ၁၆ ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သော ဒေါ်ခင်မိမိခိုင်၏အစ်မ ဒေါ်ခင်အေးမှီက ပြောကြားသည်။

စွဲချက်တင်ခံရသူ သုံးဦးအနက် ကိုသန့်ဇင်ထက်မှာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၆)အပြင် ပုဒ်မ(၁၈)ဖြင့် ပူးတွဲစွဲဆို ခံရခြင်းဖြစ်ကြောင်း၊ မူလတရားရုံးက စွဲချက်ပယ်ဖျက်ပေးရန် အဆင့်ဆင့်ပြင်ဆင်ချက် တက်ခဲ့သော်လည်း တိုင်းတရားလွှတ်တော်တွင် ကြန့်ကြာနေခြင်းဖြစ်ကြောင်း စွဲချက်တင်ခံရသူများ၏ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းထံက သိရသည်။

"အပေါ်ရုံးက ပြန်ချမပေးတော့ အောက်ရုံးက ဘာမှလုပ်မပေးနိုင်ဘူး။ ခုလိုမျိုး အမိန့်မချနိုင်သေးတဲ့ အမှုမျိုးကို တိုင်းတရားလွှတ်တော်ရုံးက စွဲချက်တင်ထားတာကို ပယ်ဖျက်သင့်မသင့် သိပ်အကြာကြီး စဉ်းစားစရာ မလိုဘူး။ အောက်ရုံးက စွဲချက်အတည်ဆိုလည်း အတည်။ ပယ်ဖျက်တယ်ဆိုလည်း ဖျက်တယ်ပေါ့။ ဘာလို့ကြန့်ကြာနေရမှာလဲ" ဟု ၎င်းကပြောကြားသည်။

၎င်းတို့သုံးဦးမှာ နတ်တလင်း မြို့နယ်အတွင်းရှိ လက်ပံပါးပျဉ်ကျေးရွာနှင့် ချောင်းကန်းကြီးကျေးရွာတို့တွင် ခမရ(၇၅)နှင့် နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့မှ သိမ်းဆည်းထားသော လယ်ဧက ၁၅၀ ကျော် ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ဆင်နွှဲကြသည့် တောင်သူလယ်သမားများကို အားပေးခဲ့သည့်အတွက် နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ တရားလိုပြု၍ တရားစွဲဆိုခြင်းဖြစ်သည်။

"အစာငတ်ခံဆန္ဒပြတာ လေးရက်ရှိပြီဆိုတော့ သူတို့တွေရဲ့ ကျန်းမာရေးကို စိုးရိမ်တယ်။ ထောင်ဝင်စာ တွေ့ခွင့်မရတာတော့ မဖြစ်သင့်ဘူး" ဟု ဒေါ်မြင့်မြင့်အေး၏ တူမဖြစ်သူ မဟန်စုစုယဉ်က ပြောကြားသည်။

No comments: