Wednesday, December 18, 2013

မြန်မာဘောလုံးအသင်း နည်းပြချုပ်ဟောင်း ပက်ဆောင်ဟွာ ၁၉ ရက်နေ့တွင် ကိုရီးယားပြန်မည် ...





မြန်မာဘောလုံးအသင်း နည်းပြချုပ်ဟောင်း ပက်ဆောင်ဟွာ ၁၉ ရက်နေ့တွင် ကိုရီးယားပြန်မည် ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာဘောလုံးအသင်း ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ရန် အဆုံးအဖြတ် ကန်ရမည့် အင်ဒိုနီးရှားနှင့် ပွဲစဉ်တွင် နည်းစနစ်ပိုင်း ဆိုင်ရာ အမှားအယွင်းများ ကျူးလွန်ခဲ့သော မြန်မာဘောလုံး အသင်း၏ နည်းပြချုပ် ပက်ဆောင်ဟွာသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား နိုင်ငံသို့ ပြန်မည် ဖြစ်ကြောင်း မြန်မာ ယူ-၂၃ ဘောလုံး အသင်းမန်နေဂျာ ဦးစိုးမိုးက ပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံသား နည်းပြချုပ် ပက်ဆောင်ဟွာနှင့် မြန်မာ ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားသော စာချုပ်မှာ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း SEA Games အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ် အုပ်စု နောက်ဆုံးပွဲတွင် အင်ဒိုနီးရှား အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် မြန်မာဘောလုံး အဖွဲ့ချုပ်က ပက်ဆောင်ဟွာကို ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း ဦးစိုးမိုးက ထပ်လောင်းရှင်းပြသည်။ “သူ ပထမ ဒီနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ပြန်မလို့။ နောက်တော့ ပုဂ္ဂိုလ်ရေးကိစ္စတွေ လုပ်စရာ ကျန်သေးလို့ဆိုပြီး နှစ်ရက်နေဦးမယ် ပြောတယ်။ သူ့ကို လုံခြုံရေး ဂရုပြုဖို့ မှာထားရတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။ မြန်မာအသင်းနည်းပြချုပ် ပက်ဆောင်ဟွာသည် ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့တော် သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပသော အင်ဒိုနီးရှား ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်သည့်အုပ်စု နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်တွင် SEA Games အားကစားပြိုင်ပွဲတွင် ထိပ်တိုက် တွေ့ဆုံရာ၌ နိုင်သည့် အသင်းအား ဦးစားပေး အုပ်စု တက်စေသည့် Head to Head စနစ် ကျင့်သုံးသည်ကို မသိရှိခဲ့ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ မြန်မာ ယူ- ၂၃ အမျိုးသား ဘောလုံးအသင်းသည် အင်ဒိုနီးရှား အမျိုးသား ယူ-၂၃ ဘောလုံးအသင်းကို သရေကျရုံမျှဖြင့် အုပ်စု တက်နိုင်မည် ဖြစ်သော်လည်း ယင်းနေ့တွင် နည်းပြ ပက်ဆောင်ဟွာ၏ အမှားများကြောင့် ရှုံးနိမ့်ခဲ့ကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ပြောဆိုထားသည်။ ပက်ဆောင်ဟွာနှင့် တိုက်စစ်မှူး ကျော်ကိုကိုတို့ လူမှုပြဿနာ အနည်းငယ် တက်ခဲ့ခြင်းကြောင့် အဆိုပါ ပွဲစဉ်အတွင်း မြန်မာအသင်း၏ အဓိက တိုက်စစ်မှူး ကျော်ကိုကိုကို ပွဲထွက် လူစာရင်းတွင် ထည့်သွင်းခြင်း မရှိခဲ့ကြောင်း မြန်မာ ဘောလုံးအသင်း မန်နေဂျာ ဦးစိုးမိုးက ဆိုသည်။ အဆိုပါ မြန်မာအသင်း၏ အရှုံးရလဒ်ကြောင့် အိမ်ရှင် မြန်မာ ပရိသတ်များ ဒေါသထွက်ကာ သုဝဏ္ဏ အားကစားကွင်း လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်သားများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး မြန်မာ ဘောလုံးအသင်း အင်္ကျီများကို မီးရှို့ခြင်းနှင့် ဘောလုံးကွင်း အတွင်းရှိ ထိုင်ခုံများ ရိုက်ချိုး ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ မြန်မာအသင်း နည်းပြချုပ် ပက်ဆောင်ဟွာကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာဘောလုံး အဖွဲ့ချုပ်က ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး နည်းပြ ပက်ဆောင်ဟွာကို ယခင်နှစ်များ အတွင်းက ခေါ်ယူစာချုပ် ချုပ်ခဲ့သည့် နိုင်ငံခြားသား နည်းပြများထက် လစာသုံးဆ ပိုပေးခဲ့ရကြောင်း ဦးစိုးမိုးက ဆိုသည်။ သို့ရာတွင် လစာပမာဏ အတိအကျကိုမူ ၎င်းထံမှ သိရှိရခြင်း မရှိပေ။

No comments: