ရခိုင်ရေနက် ဆိပ်ကမ်းများနှင့် မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ရှိသည့် ရခိုင်ကမ်းမြောင် ဒေသမှာ အလျားမိုင်အားဖြင့် ၄၄၃ မိုင် ရှည်လျားသည်။ ဘင်္ဂလား ပင်လယ်အော်ကို မေးတင်ထားသည့် ကမ်းရိုးတန်း ဒေသဖြစ်၍ ကမ်းရိုးတန်း တစ်လျှောက် မြို့ကြီးများမှာ ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ပင်လယ်ဆိပ်ကမ်းကောင်းများ ရှိနေသည့် နေရာဒေသလည်း ဖြစ်သည်။ စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် သံတွဲဆိပ်ကမ်းများမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အချက် အချာကျသည့် ဆိပ်ကမ်းများအဖြစ်လည်း ထင်ရှားသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် သဘောတူညီချက် ရယူပြီး တည်ဆောက်လျက်ရှိသည့် စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် တရုတ်နိုင်ငံမှ တည်ဆောက်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းများမှာ ရခိုင်ပြည်နယ်၏ စီးပွားရေးရှေ့ အလားအလာ ကောင်းများကို ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း လေ့ လာသုံးသပ်သူများက ဆိုကြသည်။ စစ်တွေ ရေနက်ဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရယူကာ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် အတူစတင်လာ ခြင်းဖြစ်သည်။ ပထမတွင် အိန္ဒိယ နိုင်ငံသည် စစ်တွေဆိပ်ကမ်းကို ၄င်းတို့နိုင်ငံမှ အကုန်အကျခံတည်ဆောက်ပြီး၊ တည်ဆောက်၊ အသုံးပြု၊ လွှဲပြောင်းစနစ်ဖြင့် ဆောင်ရွက်ရန်ကမ်း လှမ်းခဲ့ကြောင်း သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံမှ လက်ခံခြင်းမရှိခဲ့၍ နောက်ဆုံးတွင် တည်ဆောက်၊ လွှဲပြောင်း၊ အသုံးပြုရန် သဘောတူဆောင် ရွက်ခြင်းဖြစ်သည်။ စစ်တွေရေနက်ဆိပ်ကမ်း စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်သည်။ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း ပြီးစီးပါက အထွေထွေ ကုန်တင်သင်္ဘော များသည် စစ်တွေမြို့မှ ၂၂၅ ကီလိုမီတာ ဝေးကွာသည့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းများကို စုန်ဆန် ခုတ်မောင်းတင်ပို့ နိုင်မည်ဖြစ်သည်။ ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ နယ်စပ် သို့ ၆၂ ကီလိုမီတာ အကွာအဝေးရှိ ကုန်လမ်းကြောင်းအား ဆက်သွယ် ဖောက်လုပ်မည်ဖြစ်ပြီး အဆိုပါ လမ်းကြောင်းမှာ အိန္ဒိယနိုင်ငံ၏ အမှတ် ၅၄ အမျိုးသားလမ်းမကြီးနှင့် ဆက်သွယ်ချိတ်ဆက် သွားမည်ဖြစ်သည်။ အဆိုပါလမ်းကြောင်းဖြင့် စစ်တွေမှ ကျောက်တော်၊ ပလက်ဝ၊ စက်ပစ် ပြင်၊ အိုင်ဇော၊ ချန်ပိုင်၊ ရိဒ်၊ တီးတိန် မြို့များသို့ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ကြောင်းဖြင့်လည်း ဆိုသည်။ ဤလမ်းကြောင်းသည် ရခိုင်ပြည်နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရာမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် မြို့နယ်များသို့ ဆက်သွယ်ချိတ်ဆက်နိုင်မည့် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်ဟုလည်းဆို ကြသည်။ အိန္ဒိယ နိုင်ငံအနေဖြင့်လည်း ၄င်း၏ အတွင်းပိုင်း ဒေသရှိ ကိုးလ်ကတ္တား မှ အနောက်ဘင်္ဂလား ပြည်နယ်များ၊ မြောက်ဘက်ပိုင်း ပြည်နယ်များမှ အရှေ့မြောက်ပိုင်းရှိ မီဇိုရာမ်ပြည် နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်၍ ပစ္စည်းများတင်ပို့ရာတွင် မိုးတွင်းကာ လရာသီများ၌ရေကြီးခြင်း၊ တောင် ပြိုခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ကြောင့် ကြန့်ကြာ နှောင့်နှေးမှုများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။ ယင်းအပြင် ကိုးလ်ကတ္တားမှ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် အထိကားလမ်းဖြင့် ၁၉၆၇ ကီလိုမီတာရှိရာ စစ်တွေ ဆိပ်ကမ်းကိုအသုံးပြု၍ ကုလားတန်မြစ် ကြောင်းအတိုင်း သွားမည်ဆိုပါက မီဇိုရမ်ပြည်နယ်သို့ ၁၂၉၄ မီတာသာ သွားရမည်ဖြစ်၍ ကိုးလ်ကတ္တားမှ သွားသည်ထက် ၆၇၃ ကီလိုမီတာ ၄၁၈ မိုင် တိုတောင်းသွားမည်ဖြစ် ကြောင်းဖြင့်ဆိုသည်။ စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း ရေလမ်းကုန်ကျ ငွေ အမေရိကန်ဒေါ်လာ ၁၅.၂၃ သန်း နှင့် ကုန်းလမ်းဖောက်လုပ်ရာ၌ ကုန်ကျမည့် ငွေ အမေရိကန်ဒေါ်လာ ၆၇.၇၇ သန်းရှိမည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံအတွင်း ကုန်းလမ်းဖောက်လုပ်ရာ၌ ကုန်ကျမည့်ငွေမှာ အမေရိကန် ဒေါ်လာ ၄၈.၂ဝ သန်း ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ ဤစီမံကိန်းအရ စစ်တွေ ဆိပ်ကမ်းတွင် တန်ချိန် ၆ဝဝဝ ရေယာဉ်၊ သင်္ဘောများဆိုက်ကပ်နိုင်သည့် ရေအနက်ရရှိရန် သောင်တူးဖော်ခြင်း လုပ်ငန်း၊ စစ်တွေမှ ပလက်ဝအထိ ကုလားတန်မြစ်ကြောင်းအတွင်း ရေ တိမ်သောင် ၃ဝ အား သောင်တူး ခြင်း၊ ရေကြောင်းအတွင်းမှ ကျောက်သောင် ၁ဝ နေရာအား ဖောက်ခွဲ ရှင်းလင်းခြင်း၊ ရေကြောင်းပြကုန်းပေါ် အမှတ်အသား ၆ဝ နှင့် မြစ်တွင်း ရေကြောင်းပြ ဗော်ယာ ၁၅ လုံး တပ်ဆင်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် တန် ၆ဝဝဝ ဆံ့ ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ ကုန်သေတ္တာ များထားရှိနိုင်သည့် ဆိပ်ကမ်းနယ် မြေတည်ဆောက်ခြင်း၊ စစ်တွေမြို့နှင့် အိန္ဒိယ နယ်စပ်စက်ပစ်ပြင်တို့၌ ကုန်းတွင်း ဆိပ်ခံတံတား နှစ်ခု တည်ဆောက်ခြင်း လုပ်ငန်းများကို ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ကုန်စည်များကို ကုလားတန်မြစ်ကြောင်းဖြင့် သယ်ဆောင်နိုင်ရန် တန် ၂၆ဝ ရေယာဉ် ဆယ်စီး အသုံးပြုသွားရန်ရှိကြောင်းလည်း ဆိုသည်။ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုး ရေးစီမံကိန်းနှင့် စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအား ၂ဝ၁၃ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရှိကြောင်းလည်း ဆိုသည်။ ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်တွေမြို့ လက်ရှိဖောင်တော်ကြီး အနီးတွင် ဆိပ်ကမ်း နယ်မြေသစ်ဖော်ထုတ်နိုင်ရန်အတွက် ကျောက်စီနံရံများ ချခြင်း၊ မြေဖို့ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီး မြေကြီးစမ်းသပ်မှု လုပ်ငန်း များကို စတင်နေပြီဖြစ်သည်။ အိန္ဒိယ နိုင်ငံမှ လုပ်ငန်းဆောင်ရွက်မည့် အက် ဆာ နျမေ ကုမ္ပဏီကလည်း စစ် တွေတွင် အထိုင်ရုံးခွဲဖွင့်လှစ်ကာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေပြီ ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကျောက်ဖြူရေနက် ဆိပ်ကမ်းမှာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရေနံစိမ်းများ သယ်ယူနိုင်ရန်နှင့် ရခိုင် ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ သယ်ယူရန် ရည်ရွယ်တည်ဆောက် ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသများမှ ရေနံစိမ်းများကို ဝယ်ယူပြီး တရုတ်နိုင်ငံ သို့သင်္ဘောဖြင့် သယ်ဆောင်နေရသည်။ ထိုသို့သယ်ယူရာ၌ အန္တရာယ် များပြားလှသည့် မလက္ကာရေလက် ကြားကိုဖြတ်သန်းသယ်ယူနေရသည်။ ထို့ကြောင့် အန္တရာယ် များပြားကာ အချိန်ကြာမြင့်သည့် ရေကြောင်း လမ်းကို ဖြတ်သန်းခြင်း မပြုဘဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကိုဖြတ်ကာ ကုန်းတွင်း ရေနံပိုက် လိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရေနံပိုက်လိုင်းဖြင့် ရေနံစိမ်းများကို တင်ပို့သွားမည်ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်ရန် ပိုက်လိုင်းအားသွယ် တန်းရေး သဘောတူညီချက်များကို နှစ်နိုင်ငံအကြား စာချုပ်များ ချုပ်ဆို ခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် ရေနံ စိမ်းပိုက်လိုင်း စီမံကိန်းနှင့် ရေနံ တင်ဆိပ်ကမ်း Workboat Warf စတင်ဆောက်လုပ်ခြင်းကို ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ က ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ကျောက်ဖြူ ကူမင်း ရေနံစိမ်း ပိုက်လိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းသွယ်တန်း မည်ဖြစ်ကာ အရှည်အားဖြင့် ကီလိုမီ တာ ၁၂ဝဝ ကျော် အလျားမိုင် ၇၈ဝ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပိုက်လိုင်းဖြင့် ရေနံစိမ်း တန်ချိန် ၁၂ သန်းကို နှစ်စဉ် တင်ပို့နိုင် မည်ဖြစ်ကြောင်းလည်း သိရသည်။ ကျောက်ဖြူမြို့ အရှေ့ဘက်၊ မဒေးကျွန်းတွင် ရေနံလှောင်ကန်နှင့် ရေနံ တင်ဆိပ်ကမ်း Workboat Worf ကို လည်း စတင်ဆောက်လုပ်နေပြီဖြစ် သည်။ ကျွန်းသားငမန်း ရေနံစိမ်းပိုက်လိုင်းနှင့်အတူ သဘာဝဓာတ်ငွေ့ သယ်ယူရေးပိုက် လိုင်းကိုလည်း သွယ်တန်းသွားမည်ဖြစ်ရာ ကူမင်း-ကျောက်ဖြူ စင်္ကြန် လမ်းတည်ဆောက်ရေးကိုလည်း တရုတ်နိုင်ငံမှ စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းဖြင့် သိရသည်။ ထို့အတူ ကူမင်းမှကျောက်ဖြူ ရေ နက်ဆိပ်ကမ်းထိ မီးရထားလမ်းကို လည်း ဖောက်လုပ်သွားမည်ဟုဆို သည်။ အထူးစီးပွားရေးဇုန် စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ် ကမ်းနှင့်အတူ စစ်တွေနှင့်ကျောက် ဖြူဒေသများတွင် အထူးစီးပွားရေး ဇုန်များကို တည်ဆောက်သွားရန်ရှိ နေကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ သည် မြန်မာနိုင်ငံအတွင်း စီးပွား ရေးရင်းနှီးမြှုပ်နှံမှုများကို လုပ်ကိုင်သွားရန် အစီအစဉ်ရှိနေရာ ရခိုင်ကမ်း မြောင်ဒေသရှိ စစ်တွေဆိပ်ကမ်းကို အခြေပြုပြီး စစ်တွေဒေသတွင် စက် မှုဇုန်တစ်ခုတည်ဆောက်သွားရန် အလားအလာများရှိနေကြောင်း ဒေသ ခံများကဆိုသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆိုလျှင် တရုတ်နိုင်ငံအတွက် မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ ဥရောပ နိုင်ငံများနှင့် အာဖရိက နိုင်ငံများသို့ ထွက်ပေါက်ဖြစ်သည်။ ထို့အတူ စစ်တွေ ရေနက်ဆိပ်ကမ်းမှာ အိန္ဒိယနိုင်ငံအတွက် အာဆီယံ နိုင်ငံများနှင့် ဥရောပသို့ ၄င်း၏ တောင်ပေါ် ဒေသအတွက် ထွက်ပေါက်တစ်ခု ဖြစ်သည်။ ရေနက်ဆိပ်ကမ်းများကို အခြပြု၍ စက်မှုဇုန်များ ထူထောင်လာခြင်းဖြင့် ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူ ပြုလာနိုင်မည် ဖြစ်သည်။ အထူးစီးပွားရေး ဇုန်များသည် ပို့ကုန်လုပ်ငန်းကို ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ဒေသအတွင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ စီးဝင်လာနိုင်သည့် သဘောရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ရေနက်ဆိပ်ကမ်းများ အသုံးပြုခွင့်ပေးခြင်းဖြင့် ကြားခံကုန် သွယ်ရေး နယ်မြေတစ်ခုဖြစ်လာကာ မြန်မာနိုင်ငံအနေဖြင့် ဖြတ်သန်းခ များရရှိလာနိုင်မည်ဖြစ်ကြာင်းလည်း ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အလုပ်သမားခများ သက်သာသည့် အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများကြောင့် ဒေသခံတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။ ထို့အတူ စက်မှုလုပ်ငန်းများ ထူထောင်လာနိုင်သည်ဖြစ်ရာ ဆောက်လုပ်ရေး လုပ်သားများ အလုပ် အကိုင် ရရှိလာနိုင်ကြမည် ဖြစ်သည်။ စက်မှုဇုန်များတွင် ထုတ် လုပ်မည့် ပစ္စည်းများအတွက် ကုန်ကြမ်းပစ္စည်းများ ရောင်းချနိုင်ကြမည်။ စိုက်ပျိုးရေးကုန်ကြမ်းများ၊ မွေးမြူရေး ကုန်ကြမ်းများကို ရခိုင်ဒေသ တွင် ထုတ်လုပ်ရရှိနိုင်ကြသည်။ အမှန်အားဖြင့် အထူးစီးပွားရေး ဇုန်ဆိုသည်မှာ ပြည်ပသို့ တင်ပို့ရန် အဓိကထားရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်သည်။ အထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသို့ တင်ပို့မည်ဆိုပါက အခွန်ကင်း လွတ်ခွင့်ရှိကြောင်းလည်း ဆိုသည်။ ထို့ကြောင့် အထူးစီးပွားရေးဇုန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် စီးဝင်လာနိုင်ဖွယ်ရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ် ပြောကြားကြသည်။ ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်နှင့်အလားအလာ မြန်မာ့ထွက်ကုန်များကို ပြည်ပသို့ ရေကြောင်းဖြင့် တင်ပို့ရာတွင် ယခု အခြေအနေအရ ရန်ကုန်ဆိပ်ကမ်းကိုသာ အဓိကထား အသုံးပြုနေကြရသည်။ အကယ်၍ ရခိုင်ကမ်းရိုး တန်းရှိ စစ်တွေ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများ ပေါ်ပေါက်လာပါက ရခိုင်ဒေသ၏ ကုန်သွယ်မှုပါ ကျယ်ပြန့်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားကြသည်။ အထူးသဖြင့် ရခိုင်ဒေသ၏ ရေထွက်ကုန် ပစ္စည်းများကို တင်ပို့ရာတွင် နယ်စပ်ဒေသများနှင့် ရန်ကုန်ကို အခြေပြုတင်ပို့နေကြရသည်။ ရန်ကုန်မြို့သို့တင်ပို့ပြီးမှ နိုင်ငံခြားသို့ တင်ပို့ရသည့်အတွက် မလိုလားအပ် သည့်ငွေကြေး၊ အချိန်ကုန်ကျမှုများ စွာရှိခဲ့ရသည်။ အကယ်၍စစ်တွေ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများပြီး စီးခဲ့ပါက ကုန်တင်ပို့မှု၊ ကုန်သွယ်မှု ပမာဏများမှာလည်း ကြီးထွားလာ နိုင်မည်ဖြစ်သည်။ ရေနက်ဆိပ်ကမ်း များကြောင့် ရခိုင်ဒေသ၏ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ တိုးတက်ကောင်းမွန် လာမည်ဖြစ်သလို အခြား ဒေသတွင်း လုပ်ငန်းများ တိုးတက် ကြီးပွားနိုင်ဖွယ်ရာ ရှိသည်။ ရေထွက် ကုန်ပစ္စည်းများဆိုလျှင် ကုန်များကို လတ်လတ်ဆတ်ဆတ် တင်ပို့နိုင်မည် ဖြစ်ရာ ပြည်ပပို့ကုန်မှ ဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်သည်။ ရေထွက်ပစ္စည်း နှင့်ပ့တ်သက်၍ ရခိုင်ဒေသတွင် ငါး၊ ပုစွန် ဖမ်းဆီးရေး လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်လာနိုင် မည်ဖြစ်သည်။ စက်မှုစီးပွားဇုန်အတွင်း အအေးခန်း စက်ရုံများကိုလည်းတည် ဆောက်ဖို့ လိုအပ်ကြမည်ဖြစ်သည်။ ဖြစ်ပေါ်လာမည့် စီးပွားရေး အခွင့်အလမ်းများကို မျှော်လင့်ပြီး ဒေသနေပြည်သူတို့ ယခုမှစ၍ ပြင် ဆင်ထားကြဖို့ လိုအပ်ကြမည်ဖြစ် သည်။ ရေနက်ဆိပ်ကမ်းများ တည် ဆောက်ပြီးစီးခဲ့ပါက ပြည်ပနိုင်ငံများက အရင်းအနှီးမြှုပ်နှံသူတို့ဝင်ရောက် လာကြမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံများမှလုပ်ငန်းရှင်များ အနေနှင့် ရခိုင်ပြည်နယ်၏ စီးပွားရေး အခွင့်အလမ်းများကို လှမ်းမျှော် ကြည့်နေကြပြီ ဖြစ်သည်ကို သတင်း ဂျာနယ်များတွင် ဖတ်နေရ၊ တွေ့နေရသည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်တို့ မပေါ့မလျော့ဖို့ လိုအပ်ကြမည်။ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ကြမည်။ အကယ်၍ ကြိုတင်ပြင်ဆင်မှုများသာ မရှိပါက ပြည်ပနိုင်ငံသားတို့၏ ဝါးမြိုခြင်းကို မလွဲမသွေ ခံကြရပေလိမ့်မည်။ သူတို့က အတတ်ပညာနှင့် ငွေကြေးအရင်းအနှီး ရှိသူများ ဖြစ်ကြသည်။ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများအနေဖြင့် ပြည်ပပို့ကုန်ကို ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်သည့် အတွက် လုပ်ငန်းပမာဏမှာ ကြီးမားမှုရှိသည်။ ထို့ကြောင့်ပြည်တွင်းမှ လုပ်ငန်းရှင်များအနေဖြင့် တစ်ဦးတစ်ယောက်ပိုင် ကုမ္ပဏီငယ်များ၊ သုံးလေးဦး ပေါင်းထားသည့် လီမိတက် အဆင့်လောက်မျှဖြင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်ကြောင်း လေ့လာ သုံးသပ်သူများကဆိုကြသည်။ လုပ်ငန်းရှင်များ အပါအဝင် အများပိုင် ကုမ္ပဏီများ ထူထောင်ပြီး ဝင်ရောက် လုပ်ကိုင်နိုင်ကြရန် လိုအပ်ကြောင်း လည်း ဆိုကြသည်။ အချုပ်အားဖြင့် ပြောရလျှင် ရခိုင်ကမ်းရိုးတန်း ဒေသအတွင်း ရေနက်ဆိပ်ကမ်းများ ရှိနေခြင်းမှာ ဒေသအတွင်း ပိုင်ဆိုင်ထားရှိသည့် သဘာဝ အရင်းအမြစ်များပင် ဖြစ်သည်။ နိုင်ငံတကာနှင့် ကူးလူးဆက်သွယ်ပြီးစီး ပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးပေးနိုင်သည့် ပင်လယ်ရေကြောင်း သွားလာရေးအတွက် စိတ်ချရသည့် လုပ်ငန်းကြီးလည်းဖြစ်သည်။ တည်ဆောက်ဖြစ်ပေါ်လာမည့် ရခိုင်ကမ်းရိုးတန်း ဒေသမှ ရေနက်ဆိပ်ကမ်း စီမံကိန်းများသည် ရခိုင်ပြည်နယ်၏ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာ ကောင်းများကို မျှော်မှန်းဖော်ထုတ်နိုင်လျက် ရှိနေပေသည်။ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးသာမက မြန်မာနိုင်ငံနှင့်အဝန်း စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်ကာ ဒေသနေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေ မည်ဖြစ်ရာ စီးပွားရေး လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းကို မျှော်မှန်းနေကြသည့် သူများအနေဖြင့် ကြိုတင်ပြင်ဆင် လုပ်ကိုင်ထားကြရန် လိုအပ်ကြပေလိမ့်မည်။ |
Monday, January 3, 2011
ရခိုင်ရေနက် ဆိပ်ကမ်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment