Thursday, June 19, 2014

သန္တိသုခ သတင်း

မဟာသန္တိသုခကျောင်းကို စီးနင်းခဲ့မှု အပြီးမှာ လူဝတ်လဲခံရပြီး အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းက ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးက သံတမန် ၂ ယောက် ဒီနေ့မနက် သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒီတော့ ဆရာတော်ရဲ့ အခြေအနေနဲ့ သံရုံးဘက်က ဘယ်လို အကူအညီတွေ ပေးမှာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဗြိတိန် သံရုံးက ပြောရေးဆိုခွင့် ရှိသူ Joseph Fisher ကို ဆက်သွယ် မေးကြည့်ရာမှာ...
မေး။ သူ့ အခြေအနေကို ဘယ်လို သိခဲ့ရပါလဲ။
ဖြေ။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဦးဥတ္တရတို့ ကောင်းကောင်း စကားပြောခဲ့ရပါတယ်။ လောလောဆယ် သူ့ကို တရား ရုံးကနေ ရမန်ယူပြီး ဖမ်းထားတာပါ။ ကျွန်တော်တို့က သူ့အတွက် ကောင်စစ်ဖက်ဆိုင်ရာ အကူညီတွေ ပေးနေတာပါ။ ပြီးတော့ ဦးဥတ္တရအနေနဲ့ ဥပဒေအရ ရှေ့နေငှားခွင့်ရဖို့ လိုအပ်ရင်ဆေးကုသမှု ခံယူခွင့်ပြုဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
မေး။ ဦးဥတ္တရကို အာမခံနဲ့ ပြန်လွတ်အောင်ရော လုပ်လို့ရနိုင်မယ် ထင်ပါလား။
ဖြေ။ လက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ ကောင်စစ်ဖက်ဆိုင်ရာ အကြံပေး ကူညီတာတွေ တတ်နိုင်သလောက် လုပ်နေပါတယ်။ လာမယ့် ဇွန်လ ၂၀ ရက် သောကြာနေ့မှာ သူ့ကို တရားရုံးထုတ် စစ်ဆေးတဲ့ အခါမှာလည်း ကျွန်တော်တို့ သံရုံးက တာဝန်ရှိသူတွေ တက်ရောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေနဲ့ မနက်တုန်းက ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် နားလည်သလောက်တော့ သောကြာနေ့ ရုံးထုတ်တဲ့အခါ ဗြိတိသျှ သံအရာရှိတွေကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။
မေး။ ဦးဥတ္တရဟာ ဗြိတိန်နိုင်ငံသား ဖြစ်တဲ့အတွက် သူ့ကို ဗြိတိန်နိုင်ငံဆီ ပြန်ခေါ်နိုင်အောင်ရော စီစဉ်လို့ရမယ့် အနေအထား ရှိပါလား။
ဖြေ။ ကျွန်တော်က ဥပဒေရေးရာ ကျွမ်းကျင်တဲ့သူ မဟုတ်တော့ ဥပဒေရဲ့လုပ်ထုံးလုပ်နည်း အသေးစိတ်ကို မပြောနိုင်ပါဘူး။ ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ အဓိကကျတာက ဦးဥတ္တရဟာ ဗြိတိန်နိုင်ငံသားဖြစ်တဲ့အတွက် သံရုံးကနေ ကောင်စစ်ဖက်ဆိုင်ရာ အကူအညီ အကြံဉာဏ်တွေ ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ဆက်ပြီး အကူညီပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ထောင်ထဲမှာ သူနေရတဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ မနက်က သွားတဲ့အထဲမှာ ကျွန်တော်ကိုယ်တိုင်တော့ မပါပါဘူး။ ဒါပေမယ့် သံအရာရှိတွေဟာ သူနဲ့ စကားအကြာကြီးပြောခွင့် ရခဲ့ပြီး သူ့အခြေအနေနဲ့ အမှုအကြောင်း အပါအဝင်အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော် ပြောခဲ့သလိုဘဲ သူ့ကို ဥပဒေအရ ရှေ့နေငှားခွင့်ပြုဖို့နဲ့ လိုအပ်သလို ဆေးကုသခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
မေး။ တခြား အဖမ်းခံထားရတဲ့ ဘုန်းကြီးတွေ အကြောင်းရော ဘာတွေသိရပါလဲ။
ဖြေ။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဗြိတိန်နိုင်ငံသားဖြစ်တဲ့ ဦးဥတ္တရကိုပဲ တွေ့ဆုံခဲ့တာဖြစ်ပြီး ကျန်တဲ့ ဘုန်းကြီးတွေကတော့ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကောင်စစ်ဖက်ဆိုင်ရာ အကူညီတွေ ပေးလို့မရပါဘူး။


သန္တိသုခ ဖမ်းဆီးခံသံဃာများ ဇွန် ၂၀ တွင် မလွတ်လျှင် ရွှေည၀ါဆရာတော်နှင့် ဦးဝီရသူ ဦးဆောင်ဆန္ဒပြမည်

အင်္ဂလန်ဆရာတော်အ ပါအ၀င် ဖမ်းဆီးခံ
သံဃာတော် ငါးပါးအား ဇွန်လ ၂၀ ရက်တွင်
 ပြန်လွှတ်မပေးပါက ရွှေညဝါ ဆရာတော်၊
 မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့်
 ဆရာ တော်ဦးပါမောက္ခတို့က ဦးဆောင်၍ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း


ဆရာတော်ဦးပါမောက္ခက မိန့်သည်။

ဆရာတော်ဦးပါမောက္ခနှင့် သံဃာတော်အချို့သည် အင်္ဂလန်ဆရာတော်အပါအ၀င် ဖမ်းဆီးခံသံဃာတော်ငါးပါးအား ဇွန်လ၂၀ ရက်တွင် ပြန်လွှတ်ပေးရန်အတွက်  နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော်ထံ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးမှုများ အဖြေမထွက်ပါက အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား ရုံးချိန်းထုတ်မည့် ဇွန်လ ၂၀ ရက်တွင် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

 ‘‘ဟိုနေ့ကလည်း တစ်ခါ နတ်စင်တစ်ရာကျောင်းတိုက်မှာ ဆွေးနွေးခဲ့ကြတယ်။ မနက်ဖြန် ညမှာလည်း တစ်ခါဆက်ဆွေးနွေး ဦးမယ်။ ဆွေးနွေးမှာကတော့ ၂၀ ရက်မှာ  သံဃာတော်တွေကို အပြီးပြန်လွှတ်ပေးဖို့ပဲ။ ၂၀ ရက် မှ ပြန်လွှတ်မပေးဘူးဆိုရင်တော့ ဆရာတော်ဦးဝီရသူရယ်၊ ရွှေည ၀ါဆရာတော်ရယ်၊ ဦးပဉ္ဇင်းရယ် ဦး ဆောင်ပြီး လုပ်သင့်လုပ်ထိုက် တာတွေလုပ်ပြီး ဆန္ဒပြတောင်းဆို သွားမယ်’’ ဟု ဆရာတော်ဦးပါ မောက္ခက မိန့်သည်။

ဇွန်လ ၁၁ ရက်ညက တိုင်း သံဃနာယက ဆရာတော်များနှင့်သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ်၊နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်အား ချိပ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ ၁၃ ရက်တွင်အင်္ဂလန်ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ သံဃာတော်များအား ဖမ်းဆီးလူဝတ်လဲ ခံရမှုနှင့် ပတ် သက်ပြီး အခြားသံဃာတော်များ နှင့် ပြည်သူများက တိုင်းသံဃာ နာယက ဆရာတော်များနှင့် သာ သနာရေးဝန်ကြီးဌာနအား  အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဇွန်လ ၁၆ ရက်တွင်လည်း အင်္ဂလန်နိုင်ငံ၌ ရောက်ရှိနေသောမြန်မာနိုင်ငံသားများက  အင်္ဂလန်ဆရာတော်နှင့်   သံဃာတော်လေးပါးအား ပြန်လွှတ်ပေးရန်အတွက် လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

7 Day  News daily




သူတို့ကိုလွှတ်မပေးနိုင်ရင်
ဝီရသူကို ပြန်ဖမ်းပါ
သူတို့နှင့်အတူနေပါစေ

အကယ်၍ ဦးသိန်းစိန်အရေးယူဖြေရှင်းမပေးလျှင် အံ့မောင်နှင့်
အပေါင်းအပါများကို သံဃာအားဖြင့် မဖြစ်မနေ ဖြုတ်ရပေတော့
မည်။ အလေးအနက် သတိချပ်သင့်၏။
ဝီရသူ(မစိုးရိမ်)

သူတို့ကိုလွှတ်မပေးနိုင်ရင်
ဝီရသူကို ပြန်ဖမ်းပါ
သူတို့နှင့်အတူနေပါစေ။

ဆရာတော်၏ရေးသားချက်
ဓါက်ပုံ။ ဦးဝီရသူ FACEBOOK
သတင်း ။ 7Day News Daily

“မေတ္တာဟူသည်”



“မေတ္တာဟူသည် စိမ့်စမ်းရည်သို့ တည်ငြိမ်အေးညံ့ မြရောင်ဖန့်သား။ သိမ့်သိမ့်ရစ်ခြုံ ကိုယ်၌လှုံမူ နံ့ထုံမဉ္ဇူ ပျံ့အေးကြူသို့ မတူပြိုင်ကင်း၊ သည်းထိချဉ်းလိမ့်။ ညှင်းညှင်းငြိမ့်ငြိမ့် တသိမ့်သိမ့်ရှင့်။ ဖိန့်ဖိန့်ဖျောင်းမျှ ဖြောက်မရသည်။ သာစွမေတ္တာ၊ အရသာ အရသာ။”

          ဘဘဘိုကလေးတင့်အောင်ရေးပြီး အံတီထားဆိုခဲ့တဲ့ “မေတ္တာဟူသည်” သီချင်းကလေးဟာ နားထောင်လိုက်တဲ့အခါတိုင်း ကြက်သီးမွေးညင်းထလောက်အောင် ကောင်းတယ်လို့ ပြောရင် နားထောင်ဖူးတဲ့သူတွေကတော့ ငြင်းစရာရှိမယ် မထင်ပါဘူး။ မကြားဖူးသည့်တိုင်အောင်တောင် မေတ္တာဆိုတဲ့သဘောကို သိမြင်ခံစားဖူးမယ်ဆိုရင် သီချင်းထဲက စာသားတွေကို ကူးစက်ခံစားနိုင်ပါလိမ့်မယ်။ ပြောမယ့်သာပြောရတာပါ။ သည်ခေတ်ကြီးထဲမှာ မေတ္တာဆိုတာ လူရွှင်တော်လောက်ပဲ သိမယ့်သူတွေကြားထဲ ကျွဲပါးစောင်းတီး မလုပ်ချင်ပါဘူး။ ဘယ်နေရာသွားသွား၊ ဘာစာတွေဖတ်လိုက်ဖတ်လိုက် အမုန်းမီးတွေ၊ မနာလို ၀န်တို မစ္ဆေရိယစကားသံတွေ ညံညံစာနေတော့ သည်ကမ္ဘာကြီးမှာ မေတ္တာတရားတွေ ဆိတ်သုဉ်းကုန်ပြီလား လို့တောင် အောင့်မေ့မိတယ်။ ကိုယ်နဲ့ကိုယ့်သားသမီး ဆွေမျိုးသားချင်းကလွဲရင် တလောကလုံးကို လူလို့မမှတ်တဲ့သူတွေမှာ မေတ္တာတရားရှိလိမ့်နိုးနိး ထင်မိတာကိုက ကိုယ့်အမှားပါလေ။ (အမှန်တော့ သူတို့ကသာ လူစိတ်ပျောက်နေသူတွေပါ။) ကြာလာတော့ မေတ္တာတွေ တုံးလွန်းတဲ့ မေတ္တာတုံးကြီးတွေကို ခနဖြစ်ဖြစ် စွန့်ခွာပြီး ကိုယ့်ဘာသာ ခင်ရာမင်ကြောင်း မိတ်ဆွေကောင်းများနဲ့ စိတ်ပြေလက်ပျောက် နှီးနှောပြီး ကူးးစက်လောင်မြိုက်နေတဲ့ ကိုယ့်နှလုံးသားကို မေတ္တာရေစင် ပက်ဖြန်းလို့ လန်းဆန်းစေရပါတယ်။

          သည်ရက်ပိုင်းအတွင်း သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကိုယ့်စာဖတ်ပရိသတ်လို့ ပြောတဲ့ အိမ်တစ်အိမ်ကို ရောက်ခဲ့တယ်။ မြင်တာနဲ့ သိဟောင်းကျွမ်းဟောင်းတစ်ယောက်လို မှတ်မိနေပြီး ရေးထားတဲ့ စာအကြောင်းပေအကြောင်းလေးတွေ ပြောရတာ ကောင်းပါတယ်။ ဒါပေမယ့် တအောင့်လောက်ကြာတဲ့အခါမှာ သူက ကိုယ့်ပရိသတ် မဟုတ်တော့ပဲ ကိုယ်ကသာ သူ့ပရိသတ်ဖြစ်သွားတာ အံ့သြစရာပါပဲ။ ကလေးတွေ ကျောင်းက ပြန်လာကြပြီလေ။ မိုးရေထဲမှာ ဆော့ကစားလာကြတဲ့ ပေတလူးကလေးတွေက သူတို့ရဲ့ တစ်နေ့တာကို အလုအယက် ဇာတ်ကြောင်းပြန်နေကြတာ ဆူလို့ညံလို့။ အကြီးကလေးတွေက မိုးကာကလေးတွေ ခေါက်သိမ်းပြီး အ၀တ်အစားလဲပေး၊ ခြေလက်သန့်စင်ပေး။ အငယ်လေးတွေက ဗိုက်ဆာလာကြလို့ထင်တယ်။ မီးဖိုချောင်ထဲ ဟပ်ထိုးလိုက်ဝင်ပြီး လှန်လှောစားသောက်ကြ။ တိုင်ကြတောကြ။ အကုန်လုံးကတော့ “အမေ့” ဆိုပြီး ပုဏ္ဏားတိုင်ထားကြတာပေါ့လေ။ အဲသည်ကလေးလေးယောက်နဲ့ ဂျင်ခြေလည်နေသူ လူလတ်ပိုင်း အမျိုးသမီးဟာ အပျိုကြီးတစ်ယောက် လို့ သိရင်တော့ သူတို့ဇာတ်လမ်းဟာ နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ်။ ဟုတ်တယ်။ ကလေးတွေ အားလုံး သူမွေးထားတာ တစ်ယောက်မှ မပါဘူး။ (မွေးစရာလား။ အပျိုကြီးပါဆို) မွေးစားထားတာတဲ့။ အပျိုကြီးများ အဲသလိုပဲလေ။ သူများဥကို ကိုယ့်ဥ မှတ်ချင်ကြတာ။ ဘာမှမွေးစရာမရှိရင် ခွေးတွေ ကြောင်တွေနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အမျိုး။ ဒါပေမယ့် ဒီအပျိုကြီးကတော့ ၀ါသနာပါလွန်းလို့ သူများကလေးတွေ ဆတ်ဆတ်ဆော့ဆော့ လိုက်မွေးစားထားတာ မဟုတ်ပါဘူး။ မလွှဲမရှောင်သာ မျက်နှာလွှဲခဲပစ် မလုပ်ရက်လို့ အဖတ်ကြီးတွေ တင်သွားတာ လို့ ပြောရမယ်။ သူ့ခမျာ အားနာတတ်တယ် ထင်ပါရဲ့နော်။ ကဲ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ မဟုတ်ဘူးလား။

          တစ်ချိန်တုန်းက ဧည့်လမ်းညွှန်လုပ်တဲ့ မရွှေချောဟာ တကာတော်ရေမြေ့ရှင်လုပ်လိုသူ ဂျပန်ဧည့်သည်ကြီးကို ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ အဖိတ်ခံရအောင်ဆိုတဲ့ စေတနာနဲ့ အားရပါးရ ကူညီခဲ့ပါသတဲ့။ အလှူရှင်ရဲ့ ဆန္ဒက ကိုယ်တို့တိုင်းပြည်မှာ အေကိုက်တဲ့သူတွေ အပေါများဆုံး နယ်စပ်မြို့ကလေးတွေက တမလွန်ခရီးအတွက် Boarding Pass ရထားပြီးသား လူနာတွေရဲ့ နောက်ဆုံးဆန္ဒကလေးတွေကို ဖြည့်ဆည်းပေးချင်ပါသတဲ့။ အဲဒါနဲ့ တာချီလိတ် ကျိုင်းတုံတ၀ိုက်ကို ဆာဗေးဆင်းကြည့်တဲ့အခါမှာ လူနာတွေအားလုံး တောင့်တမိတဲ့ နောက်ဆုံးဆန္ဒက သူတို့သေသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ သားသမီးလေးတွေကို ပညာတတ်ကလေးတွေ ဖြစ်စေချင်တယ်တဲ့။ ဖြစ်ရစေ့မှာပေါ့လေ။ မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာကလေးတစ်ခုကို စာသင်ကျောင်းကလေးနဲ့ တွဲဖွင့်နိုင်ရင် အဆင်ပြေသွားမယ့် ဥစ္စာ။ သူများကမှ အမေလာသည် ငွေပါသည် လုပ်နိုင်သေးရင် ကိုယ့်ဘက်ကလည်း လူကလေးစိုက် ကုသိုလ်ဝင်ယူလိုက်ရင် ကိုယ့်တိုင်းပြည်က ကလေးတွေ ဘ၀လှပသွားစေမှာ မဟုတ်လား။ ဒါပေမယ့်လည်း ငွေစိန် လှေလှော်ရင်း တက်ကျိုးတာ မိုးနတ်မင်းကြီးက ကျီစားလို့ပါ။ တို့မြန်မာတွေ သေခါနီး ဟိုဟာမှာ သည်ဟာမှာ၊ သားရေးသမီးရေးတွေ စီစဉ်၊ ကျန်ရစ်သူတွေ ကတိတောင်းနေတဲ့အချိန်မှာ အလှူရှင် ဂျပန်ကြီးကတော့ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ကောက်ကာငင်ကာ ဂိသွားပါတော့တယ်။ သားသမီးတွေက အဲသည်လမ်းကို ဆက်လျှောက်ရန် ဆန္ဒမရှိပါတဲ့။ ကဲ။ တို့အမကြီးနဲ့ ဟိုက “ငါမှာတာတွေ မမေ့နဲ့နော်” လူနာတွေနဲ့ အကြားမှာ ဟတ်ကော့ကြီးဖြစ်ပြီး သူ့ခမျာ “မကြီးအောင် ညာတယ်” လို့ စကားနာထိုးခံရပါတယ်။ စိတ်နာသွားလို့နဲ့ တူပါရဲ့။ နှစ်လအတွင်းမှာ လူနာထက်ဝက်ကျော် ပြုတ်ပြုတ်ပြုန်းသွားပါသတဲ့။ စကတည်းက နေမကောင်းပါဘူးဆိုတဲ့သူတွေကို သူက အိပ်မက်လာပေးပြီး ပုံပြောသွားတာကိုး။

          သည်အချိန်အထိက သူ့ဘက်မှာ ဆုတ်သာတက်သာ။ “ဆောရီး ကိုကို၊ မီးကိုခွင့်လွှတ်။” လုပ်လို့ ရပါသေးတယ်။ ဒါပေမယ့် မမက အားနာတတ်လေတော့ သူတစ်ယောက်တည်း မတတ်နိုင်သော်ငြား တတ်နိုင်သူတွေက မွေးစားချင်တယ်ဆိုရင် အဖြေတစ်ခုများ ထွက်လေမလား မျှော်လင့်နေသေးတယ်။ ဒီရောဂါက အဖေရော အမေရော ရှေ့ဆင့်နောက်ဆင့် သွားမှာဆိုတော့ မွေးစားမယ့်သူ မရှိရင် သည်ကလေးတွေ ဘယ်သူကြည့်မှာလဲ။ ဒါနဲ့ပဲ ကလေးငါးယောက် မွေးထားတဲ့ အခါလူမျိုးအိမ်က အပျိုဖော်ဝင်စ သမီးအကြီးဆုံးကလေးကို သားသမီးမရှိတဲ့ ရည်ရည်မွန်မွန် ရှမ်းမောင်နှံက ချစ်လွန်း သနားလွန်းလို့ မွေးစားပါရစေဆိုပြီး တောင်းတောင်းပန်ပန် နေရပ်လိပ်စာပေးလို့ ခေါ်သွားပါတော့တယ်။ သူ့အမေရဲ့ နောက်ဆုံးအချိန်မှာ သမီးကြီးကို တလို့ ဖအေကိုယ်တိုင် လိုက်ခေါ်တဲ့အခါမှသာ ရွာအတု၊ လိပ်စာအတု၊ လူအတုကြီးတွေ ဖြစ်နေမှန်းသိရပြီး ဗမာရဲတိုင်မရ၊ ထိုင်းရဲတိုင်မရ၊ ကိုယ်အ ကိုယ်ခံ လို့ အပြစ်တင်ခံရပါတယ်။ နယ်စပ်ဆိုတာ ဒီလိုဟာမျိုးတွေ ဆန်းမှမဆန်းတဲ့ဟာကို။ မပဋာတို့၊ ကိသာဂေါတမီတို့ကမှ ကိုယ့်ကလေးကိုယ်ပိုက်ပြီး အရူးဇာတ်ခင်းရတာ။ သည်မှာက သူများကလေးနဲ့ ရူးမတတ် ခံစားရတော့ ကျန်တဲ့ကလေးတွေကို ဘယ်သူ့လက်ထဲမှ မထည့်ဝံ့တော့ဘူး။ အိမ်ကအမေဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းရှင်းပြပြီး ခွင့်တောင်းရတယ်။ “မွေးပါရစေ အမေရယ်။ မများပါဘူး။ လေးယောက်တည်းပါ။” ပေါ့။

            ရုပ်ရှင်ထဲကလို ဆိုရင်ဖြင့်  သူ့အမေကိုလည်း အကောင်းဆုံးဇာတ်ပို့ဆု ပေးရမှာပါပဲ။ တစ်ဦးတည်းသော သမီးအပျိုကလေးက မလိမ်မာ တစ်ခါမှ မမိုက်ရပဲ ကလေးလေးယောက်ပိုက် ပြန်လာရမယ့်အရေးမှာ ခင်အုန်းမြင့်ကြီး သင်္ကြန်မိုးထဲမှာ လုပ်သလို “နင် ငါ့မျက်နှာကို သေသေချာချာ ကြည့်စမ်း။ ဖြန်း။” လို့ မလုပ်ရှာပါဘူး။ ကိုယ်စထားတဲ့ဇာတ် ကိုယ့်ဘာသာကိုယ် ဆက်ကနိုင်ဖို့အရေး ကတိတစ်ခုပဲ တောင်းသတဲ့။ “စဉ်းစား။ ကိုယ့်ဘာသာကိုယ် စဉ်းစား။ သည်တစ်သက် အိမ်ထောင် မပြုတော့ဘူး လို့ သေချာရင် ခေါ်ခဲ့။” တဲ့။ အသက်သုံးဆယ် မပြည့်သေးတဲ့ သမီးပျိုကလေးကို ရည်းစားသနာ ရှိသလား မရှိသလား မှ မမေး၊ နောင်ကျ စိတ်ပြောင်းသွားမှာစိုးလို့ ချည်ပြီးတုပ်ပြီး ချုပ်ရဲတဲ့ မာမီ့ကိုလည်း အလေးပြုရမှာပါပဲ။ အတ္တကြီးတဲ့သူတွေ တွေးသလို ကိုယ်ကမွေးမှ ကိုယ့်သားဖြစ်တာ၊ ငါသေရင် ငါ့မျိုးဆက် ကျန်ရမယ် ဆိုတာမျိုး ဘာလို့ မစဉ်းစားကြသလဲ မသိဘူး။ လိုက်လည်းလိုက်တဲ့ သားအမိပါ။ သည်လိုနဲ့ ကလေးတွေ ရန်ကုန်ရောက်လာတော့ နောက်တစ်ယောက်တောင် အဆစ်ပါလာလိုက်သေး။ လားဟူသားဖွားဆရာမကလေးကမွေးတဲ့ ရှစ်လသားရင်ခွင်ပိုက်ကလေး။

            ကိုယ်ရောက်တဲ့အချိန်မှာတော့ အဲသည် ရှစ်လသားကလေးလေးက တစ်တန်းတက်နေပြီ။ ပြန်လာတာနဲ့ အမေ့ဆို ကပ်ချွဲလိုက် အဖွားဆို ကပ်ချွဲလိုက် လုပ်နေတာ။ ဆော့တာကလည်း လက်လက်ကိုထလို့။ မျက်နှာပေါ်မှာ အပြုံးကလေးက ရွှင်နေတာပဲ။ အဖွားလုပ်သူကတော့ အဲသည်လူမမယ်ကလေးဟာ ကျောင်းကပြန်တော့ ကျူရှင်၊ ကျူရှင်ကပြန်တော့ စာကျက်ဝိုင်း၊ အတန်းပိုင်ဆရာမနောက်က တကောက်ကောက်လိုက်နေရတဲ့ မိုးလင်းမိုးချုပ် ပညာရေးကြီးကို မြည်တွန်တောက်တီးနေပါတယ်။ သမီးဖြစ်သူကတော့ ခေတ် စံနစ်အရ ကလေးကို အဲသလိုမှ အပ်မထားနိုင်ရင် အတန်းထဲမှာ သိပ်မျက်နှာငယ်ရတာမို့ ဟိုတုန်းကလို မဟုတ်တော့တဲ့အကြောင်း သူ့အမေ နားလည်အောင် ရွှေပြည်အေး တရားဟောပါတယ်။ ကိုယ်ကလည်း မနေနိုင်မထိုင်နိုင် ၀င်ငံရတာပေါ့လေ။ သည်အရွယ်ကလေးမှာ “အရီးလာသည်။ ထီးပါသလား။ အဆီမစား။ အသီးစားပါ။” ဂုဏ်ထူးထွက်အောင် ရေးတတ်ဖို့ တစ်နေ့ ၁၂ နာရီ စာသင်ချိန်ကြီးဟာ မလွန်လွန်းဘူးလား လို့။

            ကိုယ့်အနေနဲ့ကတော့ သည်ကလေးလေးတွေ ပညာတတ်ဖို့ထက် အသိအလိမ်မာရှိဖို့က ပိုအရေးကြီးတယ် ထင်တာပဲ။ ကိုယ်ကလွဲရင် အားကိုးစရာ မရှိတဲ့ဘ၀မှာ ကိုယ့်အားကိုယ်ကိုးတတ်အောင် အရင် သင်ပေးစေချင်တယ်။ ကိုယ့်သမီးကို ကိုယ်မွေးသလို ထမင်းခွံ့ကျွေး၊ ရေချိုးပေး၊ အရိပ်တကြည့်ကြည့် လိုက်လုပ်ပေးနေရင် သူတို့ဘာသာ မလုပ်တတ်မှာစိုးတယ်။ သည်အမေ သည်အဖွားကို တစ်ကမ္ဘာမှတ်ပြီး နေလာရင် သူတို့မရှိတော့တဲ့အခါရော ဘယ်လိုနေကြမလဲ။ လောကကြီးဆိုတာ လူလိမ်တွေ လူယုတ်မာတွေနဲ့ တင်းကြမ်းပြည့်နေတာ။ ဘယ်သူ့ကို ယုံပြီး ဘယ်သူ့ကို မယုံရဘူးလဲဆိုတာ မသိရင် ဘယ်ကိုရောက်သွားမှန်းမသိတဲ့ မမကြီးနောက်ကို လိုက်ရဦးမှာပဲ။

            ဒါပေမယ့် တော်ပါသေးတယ်။ ကလေးလေးတွေ ကြည့်ရတာ လိမ်မာပုံရတယ်။ ဖအေမအေ မရှိတော့ အကြီးကလေးတွေက အငယ်ကို ဂရုတစိုက် စောင့်ရှောက်တယ်။ ဘ၀နာမှ အသိသာတယ်ဆိုတာ ဒါနေမှာပဲ။ ဆိုးဆိုးရွားရွား ရိုက်ပုတ်ထားတဲ့ ကံကြမ္မာကြီးက အလျော်ပြန်ပေးတာ ထင်တယ်။ သူတို့မှာ ဘ၀ပေးအသိဆိုတာ ရှိကြတာပေါ့။ သူများအပေါ် အမြဲတမ်း အနိုင်လိုသူ လူကြီးသားသမီး မေတ္တာအိုးတွေနဲ့ စာရင် သူတို့က ဆိုဆုံးမရလွယ်ပြီး လူရိပ်လူကဲ ပါးနပ်တယ်။ မောင်နှမချင်းလည်း ချစ်ချစ်ခင်ခင်ရှိတယ်။ ကျောင်းသွားတဲ့အခါ တစ်ယောက်ကို မုန့်ဖိုး ၂၀၀ ရလို့ စုဘူးကလေးနဲ့ စုထားကြသတဲ့။ စုဘူးဖောက်လို့ နှစ်သိန်းခွဲလောက် ရတဲ့အခါ သားတို့သမီးတို့ လိုချင်တာ ၀ယ်ပေးမယ်လို့ ပြောတော့ သူတို့လိုချင်တာက ရွာမှာကျန်ခဲ့တဲ့ အဖေ့ကို အလည်ခေါ်ချင်တယ်တဲ့။ သူတို့အားလုံးပြန်ဖို့တော့ စားရိတ် မတတ်နိုင်ဘူး မဟုတ်လား။ သည်ကလေးလေးတွေရဲ့ ၂၀၀ တန်မေတ္တာနဲ့ လက်ညှိုးညွှန်ရာရေဖြစ်သူ ဖောင်စကြာပိုင်ရှင် အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီး ဘုရားထဲမှာ ခေါင်းအုံးလက်ဆောင်ပေးတဲ့ သားတော်ရဲ့ မွေးဖေကျေးဇူးဆပ်ပုံနဲ့ ရွေးလို့ရမယ်ဆိုရင် ဘယ်လိုဘ၀မျိုးကို ရွေးမှာလဲ။ (ထီးနန်းစည်းစိမ်ကိုပဲ ရွေးကြမှာပါလေ။ အဖေမကလို့ ဘုန်းကြီး ရဟန်း သတ်ရသတ်ရ)

             ကလေးလေးတွေရဲ့ ကုသိုလ်ကံပေါ့လေ။ သူတို့ဘ၀လေးတွေက မိဘ မရှိတော့သော်လည်းပဲ သားရင်း သမီးရင်းသဖွယ် စောင့်ရှောက်ဖေးမပေးမယ့် မိသားစုနဲ့ တွေ့ရတယ်။ မေတ္တာဆိုတာ အသွားအပြန် ရှိတယ်။ သူတို့လေးတွေ ရောက်လာတော့ အပြင်ကပြန်လာ သော့ခလောက်ကလွဲလို့ ကြိုသူမဲ့တဲ့အိမ်မှာ အမေအိုကြီး ဘယ်သူနဲ့ အပ်သွားရမှန်းမသိ စောင့်ရှောက်ကြည့်ရှုမယ့်သူမရှိ နှစ်ကောင်ကြွက်သားအမိ ဘ၀ကို မရောက်တော့ဘူး။ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ပျော်ပျော်ပါးပါး။ သူတို့လည်း ပြုံးနေတာ အသိသာကြီး။ အဖွားက ခုနစ်ဆယ်ကျော် ရှစ်ဆယ်နားနီး၊ ဆိုက်ကားတစ်စင်းနဲ့ ဈေးပတ်ပြီး လိုချင်တာ လက်ညှိုးထိုးဝယ်တယ်။ အိမ်ရောက်တော့ လက်ညှိုးကလေးထိုးပြီး ပါးစပ်နဲ့ ဟင်းချက်သတဲ့။ ခိုင်းချင်တာရှိ ကလေးတွေ နံမယ်တလိုက်၊ နှစ်ခါမခေါ်ရဘူး။ ရောက်လာတယ်။ ကိုယ့်အမေမွေးထားတဲ့ မြေးတွေများ တစ်ယောက်မှ အဲသလို လိမ်လိမ်မာမာ မရှိဘူး။ လက်တိုလက်တောင်းလည်း မရဘူး။ သွေးရင်းတာ မရင်းတာနဲ့ မဆိုင်ဘူး။ ကလေးတွေက ထားတဲ့ မေတ္တာနဲ့ပဲ ဆိုင်မယ်။ ဆန်ရေဆိုတာ သူစီးချင်မှ စီးတာကိုး။

             ကိုယ် အလည်သွားခဲ့တဲ့ အဲသည်မိသားစုကလေးဟာ မြန်မာပြည်မှာ တော်တော်ရှားရှားပါးပါး ရှိမယ့် ကလေးမွေးစားသူ မိသားစု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တို့ဆီက ကလေးမွေးစားတယ်ဆိုတာ နှောင်ကြိုးမဲ့မရှိသလောက်ပဲ။ နယ်စပ်က ၀ကလေးတွေ၊ လားဟူကလေးတွေ၊ အခါကလေးတွေကို အဲသည် ဒေသရောက်သွားတဲ့သူတွေက မွေးစားဖို့ ခေါ်ခေါ်လာတာ မနည်းဘူး။ ရန်ကုန်မှာ ရှိတဲ့ တိုင်းရင်းသားကလေးငယ်လေးတွေ အားလုံး မွေးစားခံရလို့ ရောက်လာတာချည့်ပဲ။ အဲသည်ကလေးတွေ စာသင်ကျောင်းမှာ တွေ့ရတယ်ဆိုရင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အကြီးအကျယ် ချီးမွှန်းပေးလိုက်ပါ။ တော်တော်ရှားတယ်ဗျ။ တော်တော်များများက သေစာရှင်စာလောက်ပဲ သင်ပေးပြီး အိမ်လုံတဲ့ ငယ်မွေးခြံပေါက် ကျွန်တစ်ယောက်ရဖို့ “မွေးစားတယ်” လို့ လူကြားကောင်းအောင် နံမယ်တပ်ကြတာ။ ရန်ကုန်မှာ အိမ်ဖော်ခေါ်ရတဲ့ ဒုက္ခကို မခံစားနိုင်လို့ လူလည်ကြီး သားသမီး လုပ်ခိုင်းတာ။ ထမင်းဆိုင်တွေမှာ၊ လမ်းဘေးဆိုင်ကလေးတွေမှာ သူတို့ချည့်ပါပဲ။ အဲဒါ ကလေးလုပ်သားလေးတွေ မဟုတ်လို့ ဘာတုန်း။ “သားတို့ သမီးတို့ရေ။ ရန်ကုန်ကို လိုက်မလား။ ကားကားကြီး စီးရမယ်။ တီဗီကြီးလည်း ကြည့်ရမယ်။ မုန့်တွေ များကြီး စားရမယ်။” ဆိုပြီး ခေါ်ခေါ်လာတာ မဟုတ်လား။ သားရင်း သမီးရင်းလို မွေးစားဖို့ ခေါ်လာတယ် ဆိုတဲ့သူ မရှိသလောက်ပဲလေ။ စာတောင်မှ မသင်ပေးဖြစ်ရင် သွန်သင်ညွှန်ပြဖို့ဆိုတာလည်း ခိုင်းဖို့ထက် ပိုနိုင်ပါဦးမလား။ နောက်တော့လည်း သည်ကလေးတွေက ပြောစကား နားမထောင်ဘူး။ အကြောမာတယ်။ အကျင့်မကောင်းဘူး။ စတာတွေ ဖြစ်လာရင် ကိုယ့်ကြောင့် လို့ မမြင်ပဲ ကလေးတွေမှာ ပါလာတဲ့ ဗီဇကြောင့်လို့ ပုံချလိုက်ကြတယ်။ သူတို့ကို မေတ္တာ မပေးပဲ သူတို့ဆီက ဘာတွေ ပြန်မျှော်လင့်နေတာလဲ။ အစဦးပိုင်းက ပြောခဲ့တဲ့ မွေးစားမယ်လို့ ပြောပြီး ညာခေါ်သွားတဲ့ လူလိမ်တွေကို ရွံရှာစက်ဆုပ်တယ်ဆိုလို့ရှိရင် သူများသားသမီးကို အရွယ်မရောက်ခင်ကတည်းက ကျွန်ဝယ်သလို ၀ယ်မွေးတဲ့သူတွေကိုလည်း ဘုရားတကာကြီးတွေ လို့ မခေါ်သင့်ဘူး။ ကျောခင်းစရာ နေရာပေး၊ ထမင်းမငတ်အောင် ကျွေးရုံနဲ့ လူသားတစ်ယောက်ရဲ့ဘ၀ကို အရှင်သခင်အဖြစ် မပိုင်သင့်ဘူး။ (ခက်တာက အလုပ်ထဲမှာ အဲသလိုတောင် မပေးပဲနဲ့ သူတို့ကိုယ်သူတို့ စေတစ်လုံးပိုင်ရှင်ထင်နေတဲ့ ဘ၀င်ရူး သခင်ရူးတွေ ပေါမှပေါ။ မယုံ ဦးမြတ်ခိုင်သွားမေးကြည့်။)

             အဲဒါကြောင့် မွေးစားတယ်ဆိုတဲ့အလုပ်ကို တကယ့်မေတ္တာ မပါပဲနဲ့ မလုပ်သင့်ဘူး။ အခုအိမ်က အမဆိုရင် သည်ကလေးတွေကို မွေးစားဖို့ သူ့ဘ၀နဲ့ ရင်းရတယ်။ အပျိုကြီးဆိုတာ သူ့ဘာသူ အလိုလို ဖြစ်သွားလို့သာ လက်ခံလိုက်ရတာ။ စိတ်တိုင်းကျရွေးပြီး ဆုံးဖြတ်ခိုင်းရင် ဘယ်သူက ပြတ်သားမှာလဲ။ “အိပ်မက်ထဲက ကိုယ့်ချစ်သူ။ ၀ိုးတ၀ါး မပြတ်သား ထပ်မနား မှတ်သားမရတဲ့သူ” “ချစ်သူ၊ ချစ်တဲ့သူ။ တနေ့သော် ပေါ်လာနိုး မျှော်ကိုးလို့ စောင့်ရပါသူ။ မောင့်ချစ်ကြင်သူ။” “ထက်ကောင်းကင် မိုးဖျားက သွန်းလာ၊ ရွာမယ့် ရွှေမိုးကိုစောင့်ကာ။ ပေဖူးလွှာမိုးကို မျှော်ကိုးကာ၊ စောင့်စားနေရရှာ။” တဲ့။ ကြည့်ပါလား။ ဘယ်သူမှ စိတ်လျှော့မယ့်သူ မပါဘူး။ စောင့်ဦးမှာတဲ့။ သူ့ဘက်က တော်ရုံမေတ္တာနဲ့တော့ သည်ကလေးတွေကို အိမ်ခေါ်မလာဘူး။ အဘွားဘက်ကလည်း ကြည့်ပါဦးလေ။ အိုကြိအိုမကျမှ သူများကလေးတွေကို “ရွှေခြည်ငွေခြည်တန်းပါလို့” နဲ့ ညဥ့်နက်သန်းခေါင် ချော့သိပ်ဖို့ လွယ်တာ မဟုတ်ဘူး။ သူတို့ထားတဲ့ စေတနာ မှန်လို့သာ ကလေးတွေဆီက မေတ္တာရောင်ပြန်ဟပ်တာ။

            ခုနေများ တစ်ယောက်ယောက်က ကလေးမွေးစားချင်တယ်လို့ ဆိုလာရင် ကိုယ့်ဘာသာကိုယ် ပြန်မေးပါ။ ဘာဖြစ်လို့ မွေးစားချင်ရတာလဲ။ သူကကိုယ့်အတွက် တစုံတရာ မျှော်မှန်းရင် မမွေးပါနဲ့။ ကိုယ်က သူ့အတွက် တစုံတယောက် ဖြစ်ဖို့ ကြိုးစားမယ်ဆိုမှသာ ဆက်စဉ်းစားပါ။ မေတ္တာဆိုတာ ဗြဟ္မာတွေ ခံစားတဲ့ စည်းစိမ်ဖြစ်ပါတယ်။ လူသားတွေအဖို့တော့ ဗြဟ္မစိုရ်တရားကင်းသူတွေ ခံစားနိုင်စွမ်း မရှိပါဘူး။ မေတ္တာခေါင်းပါးတဲ့သူဆိုရင် ရုပ်မြင်မြင် အသံကြားကြား၊ သတင်းစကားလေးများ ဖတ်လိုက်ရရင်တောင် တစက်ကလေးမှ မေတ္တာရှိစရာ မကောင်းဘူး ဆိုတာ ကိုယ်တွေ့မျက်မြင် သင်ခန်းစာယူနိုင်လိမ့်မယ် ထင်ပါတယ်။

မေတ္တာဖြင့် …
ပေစိ။

Consultant Surgeon at Yangon Gener

Monday, June 16, 2014

ဖယ်ရှားဖို့ အမိန့်ပေးရင် ဒုက္ကဋ်အာပတ်၊ ဖယ်တဲ့ကိုယ်တော်တွေက ပါစိတ်၊ (လူကို ခိုင်းရင် ဒုက္ကဋ်) သင့်လို့ နေပါပြီ


******************************
**************************************************
မဟန နဲ့ ပီနန် ကျောင်းလုကြတဲ့ ကိစ္စဟာ သာမန် ကျောင်းလုတဲ့ အငြင်းအခုံမျိုး မဟုတ်ပါဘူး။
အကြောင်းကတော့ မဟန ဆိုတာဟာ ဂိုဏ်းပေါင်းစုံ သံဃာတွေရဲ့ သံဃာသမ္မုတိရ ကိုယ်စားလှယ်တွေက ရွေးတဲ့ ဗဟိုသံဃာ့ဝန်ဆောင် ၄၇ ပါးက ဓမ္မစက်အရ အာဏာအပ်နှင်းထားတဲ့ နိုင်ငံ့သာသနာရဲ့ ဥသျှောင်အဖွဲ့ကြီး ဖြစ်ပါတယ်။ မဟန ဥက္ကဋ္ဌ (လက်ရှိ ဗန်းမော်ဆရာတော်) ဟာ ယိုးဒယားတို့ သီဟိုဠ်တို့မှာရှိတဲ့ သံဃရာဇာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါက တဖက်က အခြေအနေပါ။ တခြားတဖက်ကလဲ ပီနန်ဆရာတော်ဆိုတာ နိုင်ငံခြား သာသနာပြု ထင်ရှားတဲ့ ထေရ်ကြီးဝါကြီးသံဃာကြီး ဖြစ်နေပါတယ်။
ကျောင်းလုတဲ့ ကိစ္စက ဝိနည်းအရ သံဃိကကျောင်း (သံဃာအားလုံးကို လှူတဲ့ကျောင်း) ဖြစ်သည့်တိုင်အောင် စဉ်းစားစရာ ကိစ္စတွေ ရှိနေပါတယ်။ မြန်မာလူမျိုးက ကျောင်းလှူတဲ့အခါ ဘုရားအမှူးရှိတဲ့ သံဃာတော်များကို လှူရင် အကျိုး ပိုကြီးတယ်ဆိုတဲ့ အမြင်ရှိကြတော့ ကျောင်းတကျောင်းရေစက်ချတဲ့အခါ သံဃဿဒေမ သံဃာအားလှူပါ၏ လို့ လှူကြရိုး ထုံးစံဖြစ်တယ်။ ဒါပေမဲ့ ကျောင်းကို စောင့်ရှောက် ကြည့်ရှုဖို့ကိုတော့ ဘယ်သူကို အပ်နှင်းထားပါတယ်လို့ သက်ဆိုင်ရာ ကျောင်းဒကာ၊ ကျောင်းအမများနဲ့ ရိုသေထိုက်တဲ့ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများက ကျောင်းစောင့်အဖြစ် ဘယ်သူ့ကို အပ်ပါတယ်လို့ တခါထဲ အပ်နှင်းကြတဲ့ ထုံးစံဖြစ်ပါတယ်။ (ပေါ်လာတဲ့ မေးခွန်းတွေက ဒီကျောင်းကို ဓမ္မကြောင်းအရ ဘယ်သူ အမှန်တကယ် ပိုင်သလဲ ဆိုတဲ့ ကိစ္စပါပဲ။ ပိုင်ဖို့ဆိုရင် ဘယ်သူက ဒီကျောင်းကို ရေစက်ချ လှူခဲ့သလဲ၊ လှူတဲ့အခါမှာ သံဃိက အနေနဲ့လှူသည့်တိုင် ဘယ်သူကို ကျောင်းစောင့်ပုဂ္ဂိုလ်အဖြစ်၊ ဘယ်သူက၊ ဘယ်တုံးက၊ ဘယ် ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မှာ လှူခဲ့သလဲ။ ဒါတွေကို သိရရင်ပဲ ဒီကျောင်းကို ဓမ္မကြောင်း အရ ဘယ်သူ ပိုင်သလဲ၊ (သံဃိကဖြစ်သည့်တိုင်) ဘယ်သူရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိသလဲ ထင်ရှားပြီ ဖြစ်ပါတယ်။)
သံဃိကကျောင်းအဖြစ် လှူသည့်တိုင် စဉ်းစားစရာ မေးခွန်းတွေကို အထက်မှာ ပြောခဲ့ပြီး ဖြစ်လို့၊ သံဃိကကျောင်း ကို လုကြတာ၊ အငြင်းပွားကြတာနဲ့ ပတ်သက်တဲ့ ဝိနည်းတော်ကို ကြည့်ရအောင်ပါ။ (ဘုန်းကြီးလောကနဲ့ နီးစပ်လို့) ကျနော် သိနေတာက ကျောင်းတကျောင်းဟာ သံဃိကကျောင်းဖြစ်လို့၊ သံဃာအချင်းချင်း အငြင်းပွားကြရင်တောင်၊ သံဃာတွေက ကိုယ်ထိလက်ရောက် အခြားအုပ်စု သံဃာကို နှင်ရင်၊ ဆွဲထုတ်ရင် ပါစိတ်အာပတ်၊ လူကို နှင်ခိုင်း၊ လူအားသုံးဆွဲထုတ် နှင်ချရင် ခိုင်းသူမှာ ဒုက္ကဋ်အာပတ်သင့်ပါတယ်။ (ကျောင်းအာရမ်တွေမှာလဲ အပြစ်ထိုက်သွားတဲ့အတွက် မသိဘဲ သုံးသူ၊ တည်းသူ ဖြစ်စေ အာပတ်တွေ ဆက်တိုက်သင့်သွားပါတယ်။ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဟာ ဝိနည်းအင်မတန် ရိုသေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ကျောင်းကိစ္စဟာ မတော်ရင် အာပတ်သင့်ဖွယ်ရှိလို့၊ ခရီးကြွတဲ့အခါ သံသယရှိတော်မူရင် ဝါးကပ်တဲ ထိုးစေပြီး ဝါးကပ်တဲနဲ့ နေပါတယ်။ -ကျောင်းနဲ့ ပတ်သက်လို့ အာပတ်သင့်စရာတွေ ရှိတတ်လွန်းလို့ သရိုင်ရွာကို ပင့်တဲ့အခါ ပင်းကျောင်းကြီးပေါ်မတည်းဘဲ တပည့်ဖြစ်တဲ့ တောင်မြို့ဆရာတော်ကို ဝါးကပ်တဲ ထိုးစေပြီး မြောင်းမြဆရာတော်ကြီးက ဝါးကပ်တဲမှာပဲ သီတင်းသုံးတဲ့ ဥပမာကို အရှင်ဇနကာဘိဝံသရေး တဘဝသံသရာမှာ ရှုပါ။)
အဲဒီတော့ ဒီကျောင်းရဲ့ ပိုင်ဆိုင်မှုဟာ မဟနကဘဲ ပိုင်ပိုင်၊ ပီနန်ဆရာတော်ကပဲ ပိုင်ပိုင်၊ ဘယ်သူကပိုင်ပိုင် (သံဃိကကျောင်းမှန်ရင်) သံဃာအချင်းချင်း နှင်ထုတ်တာ၊ သံဃာက လူကိုခိုင်းလို့ လူကနှင်ထုတ်တာ မလုပ်ထိုက်ဘူးဆိုတာ ထင်ရှားပါတယ်။ (ဝိနည်း ရိုသေရင်ပေါ့လေ။) (ဒီအတိုင်းဆိုရင် မဟန ကိုယ်တိုင်က ဝိနည်းသိက္ခာပုဒ်တွေ ညိစွန်းနေသလားလို့ ရှာဖွေ စိစစ်ထိုက်တယ်။)
တကယ်လို့ သံဃိကပိုင်မဟုတ်ဘဲ ပီနန်ဆရာတော် ပုဂ္ဂလိကပိုင်ဆိုရင်တော့ မဟန ကို ဒုတိယပါရာဇိက အာပတ်ကြီး သင့်ပြီ ဖြစ်ပါတယ်။ ဒုတိယပါရာဇိက ဆိုတာ ခိုးမှုပါ။ သံဃာဟာ (ရွှေ)တမတ်နဲ့ ညီတဲ့ ဥစ္စာကို အရှင်မပေးဘဲ ယူရင် ရဟန်ုးအဖြစ်က လျှောကျသွားပါတယ်။ (တသက်လုံး ရဟန်း ပြန်ဝတ်လို့ မရတော့ပါ၊ သာသနာမှာ ရဟန်းအဖြစ်ကို မရနိုင်တော့ပါ။) ဝိနိယပိဋကတ် မြန်မာပြန်ကို ကြည့်ပါ-
“ မပေးအပ်သော ဥစ္စာမည်သည် မပေးအပ် မလွှတ်အပ် မစွန့်အပ် မစောင့်ရှောက်အပ် မလုံခြုံစေအပ် ငါ့ဟာဟု မမြတ်နိုးအပ် သူတစ်ပါး သိမ်းဆည်းအပ်သော ဥစ္စာတည်း။ ခိုးလိုသော စိတ်အစုဟူသည် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍၊ ဝှက်လိုသော စိတ်ရှိသည်ဖြစ်၍။ ယူငြားအံ့ဟူသည် ယူငြားအံ့၊ ဆောင်ယူငြားအံ့၊ ဝှက်ငြားအံ့၊ က္ကုရိယာပုတ်ကို ပျက်စေငြားအံ့၊ နေရာမှ ရွေ့စေငြားအံ့၊ အချိန်းအချက်ကို လွန်စေငြားအံ့။ အကြင်သို့ သဘောရှိသော မည်သည့်တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ (ပ) ယူသောသူသည် ယူသော ဆောင်သော ဝှက်သော က္ကုရိယာပုတ်ကို ပျက်စေသော နေရာမှ ရွေ့စေသော အချိန်းအချက်ကို လွန်စေသော ဤရဟန်းသည်လည်း ရှေး (မေထုန် ပါရာဇိက ရဟန်း)ကို ထောက်၍ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ဟု ဆိုအပ်၏။ အညှာမှ ကြွေကျသော သစ်ရွက်သည် မစိမ်းစိုနိုင်တော့သကဲ့သို့ ဤအတူ ရဟန်းသည် တစ်မတ်ကိုသော်လည်းကောင်း (ပ) (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူမိသောကြောင့် ရဟန်း မဟုတ်တော့ပေ၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် “သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏” ဟု ဆိုအပ်၏။”
ပါရာဇိက ကျသွားရင် ရဟန်းမဟုတ်တော့ပြီ၊ ပါရာဇိက ဟာ အကြီးဆုံး ဘုန်းကြီး ပြစ်မှု ဖြစ်ပါတယ်။ ကိစ္စလေးခုကို ဘုန်းကြီး အဖြစ်က မလျှောစေဖို့ (ထေရာဝါဒ) ဘုန်းကြီးတိုင်း စောင့်ရှောက်ရပါတယ် - အဲဒါတွေကတော့ (အကြမ်းဖျင်းပြောရရင်) မေထုန်မှီဝဲမှု၊ ခိုးမှု၊ သံဃာသင်းခွဲမှုနဲ့ ဈာန်မဂ်ဖိုလ် တရားထူး မရဘဲ ရသည်ဟု လိမ်ညာမှု တို့ဘဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဘုန်းကြီးလောကမှာ အကြီးလေးဆုံး ပြစ်မှုကြီး လေးခုဖြစ်လို့ ကျူးလွန်မိရင် ဘယ်လိုမှပြန်ဆယ်နှုတ်လို့ မရတော့ဘဲ ရဟန်းအဖြစ်က တသက်လုံး လျှောကျပါတယ်။ (အလွန်ဆုံး ကိုရင်ကြီးဘဝ၊ ဖိုးသူတော် ဘဝကိုပဲ ဒီတသက် ရနိုင်ပါတော့တယ်။ သိမ်ဝင်လို့လဲ မရ၊ ရဟန်းလဲ မဖြစ်တော့ပါ။)
ဒီလောက် ချီလာရတဲ့ အကြောင်းကတော့ ခု ကျောင်းလုတဲ့ ကိစ္စမှာ ပုဂ္ဂလိကပိုင်ကျောင်း (ပီနန်ဆရာတော်ပိုင် ကျောင်း) ဖြစ်လို့ အဲဒီ ပုဂ္ဂလိကပိုင်ပစ္စည်းကို မဟနက လုတာဆိုရင် မဟန သဘောဆန္ဒပါတယ်ဆိုရင် ထိပ်ဆုံး (ဗန်းမော်ဥက္ကဋ္ဌဆရာတော်ကြီးအပါအဝင်) ဆရာတော်ကြီးများ အားလုံး ပါရာဇိက ကျမည့်အနေမျိုး ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
ပြန်ရှင်းအောင် ပြောရရင် ပီနန်ဆရာတော် ပုဂ္ဂလိကပိုင်ဆိုရင် - ဒုတိယပါရာဇိက နဲ့ စွပ်စွဲခံရမယ့်အနေမျိုး မဟနက ဖြစ်သွားပီးတော့၊ သံဃိကပိုင်ဖြစ်တယ်ဆိုရင်တောင်မှ - မဟနက ဖယ်ရှားဖို့ အမိန့်ပေးလို့ ဒုက္ကဋ်အာပတ်၊ ဖယ်တဲ့ကိုယ်တော်တွေက ပါစိတ်၊ (လူကို ခိုင်းရင် ဒုက္ကဋ်) သင့်နေပီလို့ ဆိုလိုတာဖြစ်တယ်။ ဓမ္မကြောင်း အရ မလုပ်ထိုက်တဲ့ အလုပ်လို့ ထင်ရှားစေလိုရင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီကိစ္စဟာ ပေါ့သေးသေး ကိစ္စမဟုတ်ဘဲ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ သတင်းစာတွေ ဖော်ပြနေတဲ့ သတင်းတွေဟာ တိတိကျကျ၊ ဝိနည်းကို နားလည်တဲ့ အရေးအသားမျိုး၊ စုံစမ်းထုတ်ဖော်မှုမျိုး မဟုတ်သေးပါဘူး။ ဒီလို ပြောရတာ အကြောင်းရှိတယ်-
ဘယ်သူက ပီနန်ဆရာတော်ကိုဖြစ်ဖြစ်၊ မဟနကို ဖြစ်ဖြစ် ဘယ်တုန်းက လှူသလဲ၊ ဘယ်လို လှူတာလဲ (သံဃိကလား၊ ပုဂ္ဂလိကလား) ဒါမှမဟုတ် ပီနန်ဘုန်းကြီးကို လှူပီးသားကို မဟန ကို ပြန်လှူတာလား၊ လှူရင် ဘယ်သူက လှူတာလား၊ မဟနကလဲ လက်ခံသလား၊ ပီနန်ဘုန်းကြီးက (အဲသလိုဆိုရင်) ကျောင်းခိုးခံရတာလား၊ မဟနက သူခိုးလက်ခံအလုပ်မျိုးကို လုပ်မိသလား၊ မဟနကို လှူလိုက်တာကလဲ သံဃိက လှူတာလား၊ ပုဂ္ဂလိက (မဟနကို လှူပါ၏)ဆိုပီး လှူတာလား။ ဘာမှ မရှင်းမလင်းလို့ ဖြစ်ပါတယ်။
ဒါက ဓမ္မကြောင်းအရပြောတာသာ ဖြစ်သေးတယ်။ မြန်မာပြည် ဘုန်းကြီးလောက လုပ်ထုံးလုပ်နည်းအရ ဝိနည်းဓမ္မကံ အမှုအခင်းများ ကို ဖြေရှင်းရာမှာ ဘာကိုတော့ ဘယ်လို လုပ်ထိုက်တယ်ဆိုတဲ့စည်းကမ်းတွေရှိတယ်။ ဒါတွေကို သတင်းစာရှင်းလင်းပွဲမှာ အံ့မောင်က ဖြေရှင်းသွားတယ်လို့ မကြားမိသလို၊ သတင်းထောက်တွေကလဲ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းကို ကြားဖူးပုံ၊ မေးကြပုံ မပေါ်ဘူး။ (အံ့မောင် ပြောသမျှ ခံရမှာပေါ့လို့ စိတ်ထဲက ဖြစ်မိပါတယ်။) ဒါဟာ တရားမမှု အနေနဲ့ သက်ဆိုင်ရာ လူတရားရုံးတွေက စစ်လို့ ရတဲ့ အမှုမျိုး မဟုတ်တော့ အံ့မောင်က ဘယ်တရားရုံး တိုင်တိုင်ဆိုတဲ့ ဒီစကားပြောရဲတာဖြစ်တယ်။
ဖြစ်ရပ်ကို ကြည့်ရင် ပီနန်ဘုန်းကြီးကျောင်းက မဟနနဲ့ ဘယ်လို ပတ်သက်သွားတာလဲ၊ ငွေရေးကြေးရေး အရှုပ်အရှင်းတွေက ဘယ်လို ဘယ်ပုံ ဖြစ်ကြတာလဲ၊ ပီနန်ဘုန်းကြီးက ဘာကြောင့် ကျောင်းကြီးကို ပြန်သိမ်းမယ်လို့ ဆိုရသလဲ စတဲ့ မေးခွန်းတွေကို သတင်းစာတွေဟာ ရေးထုတ်ဖို့ တာဝန်ရှိပါလျက် မရေးကြသေးတာ၊ ခုထိမတွေ့ရသေးတာ နားမလည်ကြလို့လား၊ မရေးရဲလို့လားလို့ မေးခွန်းထုတ်စရာ ဖြစ်တယ်။ (ရေးစဉ်က မဖတ်ရသေး၊ ရေးပီးမှ တွေ့ရတဲ့ သတင်းစာ ဆောင်းပါးတပုဒ်။ http://thevoicemyanmar.com/index.php/article/item/543-tdt။ အားထုတ်မှုကို အထူး အသိအမှတ်ပြုလိုပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒါပေမဲ့ မေးစရာ မေးခွန်းတွေ ကျန်နေသေးတာနဲ့ follow-up လုပ်ပေးပီး တင်ပြမယ်ဆိုရင် တာဝန်ကျေတဲ့ မီဒီယာ အဖြစ် ဂုဏ်ယူထိုက်ဖွယ် ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်။)
ဒါက ကျောင်းလုမှု ပဲ ရှိပါသေးတယ်၊ ကျောင်းလုမှု နောက်မှာ ဘုန်းကြီးတွေကို အတင်းအဓမ္မ လူဝတ်လဲစေတယ် (စိတ်ဆန္ဒမပါဘဲ သိက္ခာချလို့ မရ။) ပြီးတော့ တရားစွဲဆိုမယ်ဆိုတော့ ဒါတွေဟာ ပိုပီး ရှု့ပ်ထွေးလာတယ်။
သတင်းစာဟာ ပြည်သူ့နားမျက်စိ ဖြစ်ပါတယ်။ သတင်းစာတွေက ဒီကိစ္စတွေကို ပြည်သူတွေ ရှင်းအောင်၊ သေချာနားလည်အောင် ရေးပြထိုက်၊ ရှင်းပြထိုက်တယ်။ (မဟုတ်ရင် ဝိနည်းနားမလည်တဲ့ မြန်မာ ပြည်သူလူထု အများစုနဲ့ တတ်ယောင်ကန်း ဘုန်းကြီးနောက်ဆွဲတွေက မဝေဖန်ကောင်းဘူး ဆိုတာကို နားယောင်မိရင် မြန်မာပြည်သာသနာဟာ အောက်ကို ထိုးပြီး ကျသွားတဲ့ အဖြစ်မျိုး ရာဇဝင်မှာ တွင်ပါလိမ့်မယ်။)
ခုထိ မရေးကြသေးလို့ အားမလို အားမရ ဖြစ်လှပါတယ်။ ဒါကြောင့် မနေနိုင်ဘဲ social media က ဝင်ရေးရပါတယ်။ ဒီဆောင်းပါးကို ထည့်လိုတဲ့ သတင်းစာ၊ ဂျာနယ်ရှိရင် (ထည့်လဲ ထည့်ရဲရဦးမယ်၊ မတော်ရင် ထောင်ချတာခံရနိုင်တယ်၊ ဘုန်းကြီးတွေတောင် လူဝတ်ချွတ်ခံရသကိုး။) ထည့်ဖို့ အဆင်သင့်ပါပဲလို့ ကြေညာလိုပါတယ်။
တိုင်းကားပြည်သူ ရှင်လူများကို တရားမင်းများ စောင့်ပါစေ။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေဟောန္တု သဂါရဝါ (သဒ္ဓမ္မ သုံးဖြာ သာသနာသည် အရှည်တည်ပါစေ၊ တရားတော်၌ လူတို့ ရိုသေကိုင်းညွှတ်ခြင်း ရှိပါစေ။)
Htet Minlwin...

"ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။"

"ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။"

ဦးဇင်းဘလော့သို့ လာရောက်လည်ပတ်ပြီး အားပေးသူများ တော်တော်များများကတော့ ရှေးဆက်ပြီး ဘာသာရေး လူမျိုးရေးစတဲ့ပိုစ့်များရေးသားဖို့ တိုက်တွန်းအားပေးသလို အချို့ကလည်း (Look down) အထင်သေးစွာဖြင့် အပြစ်တင်ပြောဆိုခဲ့တာတွေလည်းကြုံတွေရပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ အပြစ်တင်တဲ့ အရေးအသားလေးကတော့ ရဟန်းတွေနိုင်ငံရေးနဲ့ မသင့်တော်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောတာလေးတစ်ခုရှိပါတယ်။ "ခွေးအလုပ်ကို မြင်းဝင်ရှုပ်ရင် အရိုက်ခံရတတ်တဲ့" ဆိုပြီး တိရစ္ဆာန်များနှင့် ခိုင်းနှိုင်းခြင်းကိုပင်ခံရပါတယ်။ မည်သို့ပင်ဖြစ်စေ ဦးဇင်းအနေနဲ့ အဲဒီ အားပေးရေးသားသူ ကို စိတ်လည်းမဆိုး၊ ဒေါသလည်းမဖြစ်ပါ။ ရဟန်းတော်များ နိုင်ငံရေးမလုပ်ရဘူးလို့လည်း မည်သည့် သိက္ခာပုဒ်ကိုမှလည်း ဝိနည်းဒေသနာတော်မှာမတွေ့ရပါ။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ရဟန်းတော် များ နိုင်ငံရေး လုပ်သင့်မသင့် လမ်းလျှောက်ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်းနေသနည်း ဆိုတဲ့ အချက်အလက်ကို ထင်ရှားစေချင်ကြောင့် ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားထားတဲ့ အဖြေကို အားလုံးဖတ်ခွင့်ရစေချင်တာနဲ့ ဗုဒ္ဓကမ္ဘာဆိုဒ်မှ ဒကာကြီး ကိုညီညီတင် မျှဝေထားတဲ့ပိုစ့်လေးကို တင်ပေးခြင်း ဖြစ်ပါတယ်။

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း (စင်္ကာပူ)

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)

ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိက္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး

ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြတယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား)

မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူတာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...

မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ
(ည.ည.တ)(ဗုဒ္ဓကမ္ဘာဆိုဒ်)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.com/2013/01/blog-post_8.html

https://www.facebook.com/photo.php?fbid=307791699386039&set=a.129974150501129.30197.100004656339670&type=1&theater

Saturday, June 14, 2014

သန္တိသုခည အတွင်းရေး


14 June 2014 23:59(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)


ရန်ကုန်မိုးဖွဲများအကြား သန်းခေါင်ယံ စစ်ဆင်ရေးတစ်ခု ဆင်နွှဲနေသည်ဆိုသော သတင်းက ပြည်တွင်းပြည်ပသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုကို သံဃာ့အဖွဲ့အစည်းဝင်များက ညသန်းခေါင်ယံ၌ ဝင်ရောက်စီးနင်းမှုမှာ စစ်မြေပြင်ရှိ ရန်သူ့စစ်စခန်းတစ်ခုကို တက်ရောက် သိမ်းပိုက်သည့်အလား။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆန္ဒပြသပိတ်စခန်း အချို့ကို ဝင်ရောက် ဖြိုခွဲသည့် လုပ်နည်းလုပ်ဟန်နှင့် ထပ်တူကျနေမှုများက မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယင်းမှာ ၂၀၀၇ သံဃာ့အရေးအခင်းပြီး နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းအတွင်း အဆိုးရွားဆုံးသော ညအချိန် ဝင်စီးမှုလည်း ဖြစ်သည်။
သံဃာအပါး ၃၀၀ ခန့် အပါအဝင် ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်အတွင်းရှိ ပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးရာ မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာအချို့နှင့် လူပုဂ္ဂိုလ်များကို ခေတ္တထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျောင်းတိုက်ကို ဝင်ရောက် စီးနင်းရန်အတွက် မြို့နယ် ၁၃ မြို့နယ်မှ သံဃနာယက တာဝန်ရှိသူများ ည ၈ နာရီခွဲဝန်းကျင် အချိန်ကစ၍ ဗဟန်းမြို့နယ် အတွင်းရှိ ရန်ကုန်တိုင်း သံဃနာယက ရုံးခန်းတွင် စုဝေးနေကြခြင်း ဖြစ်သော်လည်း လာရောက်သူ သံဃာတော် အများစုက ယနေ့ည လုပ်ဆောင်မည့် အစီအစဉ်ကို စိုးစဉ်းမျှမသိ။
“တစ်မြို့နယ်ကို ၂၂ ပါးနှုန်းနဲ့ ၁၃ မြို့နယ်က သံဃနာယကတွေကို တိုင်းသံဃနာယကအဖွဲ့က လျှို့ဝှက်အစည်းအဝေး ဆိုပြီး ဖိတ်တယ်” ဟု အဆိုပါ အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သူ သံဃာတော်တစ်ပါးက ထုတ်ဖော် မိန့်ကြားသည်။
တိုင်းသံဃနာယက အစည်းအဝေး ခန်းမအတွင်း သံဃာတော်များ အစုံအလင် ရောက်ရှိနေပြီ ဖြစ်သော်လည်း တိုင်းဥက္ကဋ္ဌ ဆရာတော် ဦးဣဒ္ဓိဗလနှင့် အခြားသံဃာတစ်ပါးက ည ၁၀ နာရီ ဝန်းကျင်မှသာ အစည်းအဝေး ခေါ်ယူရသည့် အကြောင်းရင်းနှင့် မဟန (နိုင်ငံတော်သံဃ မဟာနာယက) အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားလွှာကို ဖတ်ပြသည်။ ဇွန်လ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာမှာ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ချိတ်ပိတ်ရန်နှင့် ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန်။
“အရှင်ဘုရားတို့ ဖုန်းတွေ ပိတ်ထားပါ။ တပည့်တော် ဒီကိစ္စထက် အရေးကြီးတာ ဘာမှမရှိဘူး” ဟု အဆိုတော် မာမာအေး၏ တေးသံတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်တူသော တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်က ယင်းအစည်းအဝေးတွင် မာန်ပါပါ ဆိုလိုက်သည်။
“ညီတော် နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာက ပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာ တာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့ လုပ်ဖို့ အထူးမှာချင်ပါတယ်။ ကမ္ဘာက စိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့ မှတ်တမ်းတင်မှာပဲ” ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့် ရရှိထားသော အသံဖိုင်အရ သိရသည်။
သန္တိသုခ သမိုင်းကြောင်းကို ရန်ကုန်တိုင်း ဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယကများနှင့် တိုင်းဒေသကြီး အစိုးရတို့က ရှင်းလင်းခဲ့ကြောင်း မှတ်တမ်းရေးထိုး ရမည်ဟု ဆရာတော်က ဆက်မိန့်သည်။
“အဲဒီအထဲ (သန္တိသုခကျောင်းတိုက်) ကျောက်စာကြီး ထောင်ဦးမှာ” ဟု ဆရာတော်က မိန့်သည်။
ရဟန်းသံဃာငယ်များ လက်ရှောင်လိုသော ပီနန်ကျောင်းတိုက် အရေးအခင်းတွင် တိုင်းဥက္ကဋ္ဌက တစ်ဖက်လှည့်ဖြင့် အစည်းအဝေး ခေါ်ယူပြီး အင်အားပြ အသုံးချမည့်အရေးကို ကြွရောက်လာသူ သံဃာအများစုက နှစ်မြို့ဟန်မရှိ။ တိုင်းဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင်က “စည်းလုံးခြင်းသည်အင်အား” ဟု ဆိုသော တပ်မတော်အစိုးရ လက်ထက် ဆောင်ပုဒ်တစ်ခုကို ရေရွတ်ရင်း စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း စည်းရုံး ပြောဆိုနေသည်။
ကြွရောက်လာသူ သံဃာအပါး ၃၀၀ ခန့်ကို ည ၁၀ နာရီခွဲခန့်တွင် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများပေါ်သို့ တင်ဆောင်၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်သို့ ဦးတည် ထွက်ခွာသွားကြသည်။ မဟနနှင့် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဆရာတော်တို့၏ လုပ်ဆောင်မှုကို သဘောမတူသော သံဃာအချို့က တိုင်းရုံးမှပင် လှည့်ပြန်ကြသည်။ သံဃာအချို့ကမူ သဘောမတူသည့်တိုင် အခြေအနေကို သိလို၍ သန္တိသုခသို့ လိုက်ပါသွားခဲ့ကြောင်း ပြောဆိုသည်။
ယာဉ်မထွက်မီ မှာစရာ ရှိသည်များကို ဥက္ကဋ္ဌ ဆရာတော်က အသေအချာ မှာနေသည်။ အာဏာပိုင်အဖွဲ့ နေရာအပြည့် ချထားကြောင်း၊ ဝင်ရောက် ဖယ်ရှားရာတွင် လိုအပ်မည့် စကားပြောစက် (Walkie Talkie) များ အဆင်သင့် ပြင်ပေးထားပြီး အထပ် ၁၁ ထပ်ရှိ ကျောင်းတော်ကြီး၏ အထပ် ၅ နှင့် ၆ ကို အဓိက ဝင်ရောက်ရှာဖွေရန်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပါက သည်းမခံကြရန်၊ ထို့အတူ ယခုသတင်းကိုလည်း လုံးဝ မပေါက်ကြားစေရန် အထပ်ထပ် သတိပေးနေသည်။
“ပါလာတဲ့ ကားတွေအပြင် (တိုင်းရုံး) မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည် သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထား ဆောင်ရွက်ပါ။ အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြဝတီ။ ကော့သောင်းဘက်က အလင်းဝင်တဲ့ ကောင်တွေကို ဝတ်ပေးထားတယ်လို့ ကြားတယ်” ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေး အသေးစိတ်အား အထပ်ထပ် ရှင်းလင်း မှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားနေသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ပီနန်ဆရာတော်တို့ အကြား ကာလအတန်ကြာ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျောင်းတိုက် ပြဿနာမှာ ပြေလည်မည့် အလားအလာများ ပေါ်ထွက်ခဲ့သော်လည်း ယင်းပြဿနာ ပြေလည်မည်ကို စိုးရွံ့နေသူ အပေါင်းအပါများ ရှိနေကြောင်း သာသနာရေးနှင့် သံဃာအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပြဿနာ ပြေလည်သွားမည့်အရေး စိုးရွံ့နေသူများကပင် ကျောင်းတိုက် ချိတ်ပိတ်သည်အထိ ပြဿနာ ကြီးထွားလာစေရန် စီစဉ်ဖန်တီးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက၊ ပီနန်ဆရာတော်တို့ အပါအဝင် နိုင်ငံတော်သမ္မတရုံးတွင် အပြစ်မရှိကြောင်း ယင်းတို့က ကရုဏာစကား ဆိုကြသည်။
သူတို့ ပြောဆိုသော ကြိုးကိုင်သူစာရင်းတွင် နိုင်ငံတော်သမ္မတ အကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးက နံပါတ်တစ်။
၁၁ ထပ်ရှိ ကျောင်းတော် အဆောက်အအုံ အပါအဝင် ကျောင်းဝင်းအတွင်းရှိ ကျောင်းတိုက် အသီးသီး၌ အစည်းအဝေးခန်းမများ၊ အလှူမင်္ဂလာ ဧည့်ခံပွဲများ ကျင်းပရာ ကျောင်းခန်းမများနှင့် ပြည့်နှက်နေသည်။ ခန်းမနှစ်ခုက အချိန်ပြည့်နီးပါး မင်္ဂလာဧည့်ခံပွဲများနှင့် စည်ကားနေတတ်ပြီး မင်္ဂလာခန်းမ ငှားရမ်းလိုပါက တစ်နှစ်နီးပါး ကြိုတင်ရက်ချိန်း ယူရကြောင်း အဆိုပါကျောင်းတိုက်၌ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ရှင်းပြသည်။
ခန်းမငှားရမ်းခ အပါအဝင် ဧည့်ခံပွဲ တစ်ခုအတွက် အရပ်ရပ် ကုန်ကျစရိတ်က ကျပ်သိန်းဆယ်ဂဏန်း ပြေးမလွတ်။ အဆိုပါ ရငွေများမှာ ကျောင်းတိုက်နှင့် တိုက်ရိုက် သက်ဆိုင်သည့်အတွက် ကျောင်းတိုက်၏ ဘဏ္ဍာငွေစာရင်းတွင် ဆင့်ကာဆင့်ကာ ဘဏ္ဍာငွေများ တိုးပွားလာသော်လည်း စာရင်းသက်သက်သာ ဖြစ်ကြောင်း နီးစပ်သူများက ဖောက်သည်ချသည်။ သို့သော် မင်္ဂလာပွဲများ ကျင်းပခွင့် ပြုမထားကြောင်း သန္တိသုခညအပြီး ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာနက ဗြောင်ငြင်းချက် ထုတ်ထားသည်။
အကယ်၍ သန္တိသုခကျောင်းတော်အရေး မဟနဆရာတော်ကြီးများနှင့် ပီနန်ဆရာတော် တို့အကြား ပြဿနာ ပြေလည်သွားပါက ကျောင်းတိုက် ဘဏ္ဍာငွေစာရင်းများကို ရှင်းလင်းရန် လိုအပ်လာမည် ဖြစ်ပြီး စာရင်းအင်း အမှန်အတိုင်း ရှင်းလင်းနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သန္တိသုခကျောင်းတိုက်နှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောဆိုသည်။
နိုင်ငံတော်အဆင့် ကျောင်းတိုက်ကြီးတစ်ခု သံဃမဟာနာယက၏ ကွပ်ကဲမှုအောက်တွင် ရှိနေစဉ် ဘဏ္ဍာရေးရာ အဝဝအတွက် အဓိကတာဝန်ရှိသူတို့မှာ ကမ္ဘာအေးကုန်းမြေမှ အရာရှိ လူပုဂ္ဂိုလ်အချို့သာ ဖြစ်ကြောင်း၊ သမ္မတအကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးမှာ ထိပ်ဆုံးမှ တာဝန်ရှိကြောင်း သံဃာဦးသျှောင် ဆရာတော်ကြီးများ၏ အနီးကပ် ကပ္ပိယကာရကများက အတိအလင်း ပြောဆိုသည်။
သို့သော် ဝန်ကြီးဌာနက ပစားပေး ခံထားရသော ဘုန်းကြီးလူထွက် ညွန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးကို ပြစ်တင်ဖယ်ရှားရန်မှာ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များ၊ မဟနအဖွဲ့ ကဲ့သို့သော သံဃာ့ဦးသျှောင် ဆရာတော်ကြီးများ လုပ်ဆောင်ရန်သာ ဖြစ်၍ ၎င်းတို့၏ အမည်ကို ထုတ်မပြောလိုကြောင်း အထက်ပါ တပည့် ဒါယကာများက ရှင်းပြသည်။
အဆိုပါ သမ္မတအကြံပေး တကယ်မဟုတ်သော ယင်းပုဂ္ဂိုလ်သည် တိပိဋက ယောဆရာတော် ကဲ့သို့သော ဆရာတော်ကြီးများ၏ အမည်နာမကိုပင် အလွဲသုံးစား ပြုခဲ့ဖူးသူ ဖြစ်၍ သူကိုယ်တိုင် အပါအဝင် ပတ်သက်သူအချို့ အရေးယူခံခဲ့ရဖူးသည်။
သို့သော် သန္တိသုခ အရေးကိစ္စမှာမူ မြန်မာနိုင်ငံအတွင်းရှိ ငါးသိန်းသော သံဃာများကို ဦးဆောင်နေသော ဆရာတော်ကြီးများအကြား ဝမ်းနည်းဖွယ် စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိပြီး သီတဂူဆရာတော် ကဲ့သို့သော ကမ္ဘာသိဆရာတော်အချို့က မဟနအဖွဲ့ကို ဝေဖန်ပြစ်တင်လိုက်ခြင်းမှာ သာသနာတော်အတွက် အနုတ်လက္ခဏာသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်တွင် သီတင်းသုံးနေသော မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက မှတ်ချက်ပြု မိန့်ကြားသည်။
သာသနာပြု တက္ကသိုလ်တစ်ခု ထူထောင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော မဟာသန္တိသုခ ဗုဒ္ဓစင်တာကြီးမှာ ယခုအခါ ချိတ်ပိတ်ခံထားရပြီ ဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ ပုဂ္ဂလိကပိုင်ပစ္စည်းကို သံဃိက (သံဃာပိုင်) ပြုလုပ်၍ မရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းမပေးနိုင်ကြောင်း အခိုင်အမာ ရပ်တည်ထားသည်။
၂၀၀၀ ပြည့်နှစ်အလွန် ခုနှစ်များတွင် ပြည်ပတွင် ရောက်ရှိနေသော ပီနန်ဆရာတော်က မြန်မာ့နိုင်ငံရေးနှင့် ဆက်နွှယ်သော ထုတ်ဖော်ပြောဆိုမှုများကြောင့် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ကို မဟနအဖွဲ့ထံ လွှဲအပ်ခဲ့ပြီး ယင်းအချိန်မှ စတင်၍ အဆိုပါကျောင်းတိုက်ကို မဟန၏ စီမံခန့်ခွဲမှုဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။
ပီနန်ဆရာတော်၏ နိုင်ငံရေးဆိုင်ရာ ပြောဆိုဝေဖန်မှုကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တပ်မတော်အစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပရောက် မစိုးရိမ်ဆရာတော်၊ လန်ဒန်ဆရာတော် စသည့် ဆရာတော်များ စုဖွဲ့၍ မဟနအဖွဲ့ကို အန်တုမည့် သံဃာ့ဦးသျှောင် အဖွဲ့ကို အမေရိကန်ပြည်ထောင်စုတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ယင်းသို့ သံဃာ့ဦးသျှောင်အဖွဲ့ ဖွဲ့စည်းမှုအပေါ် ပြည်ပနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များက ထောက်ခံခဲ့သော်လည်း မဟနအဖွဲ့နှင့် အစိုးရတို့က အသိအမှတ်ပြု လက်ခံခြင်း မရှိပေ။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်လာသည့်နောက် ပီနန်ဆရာတော် ပြည်တွင်းသို့ ပြန်လည်ကြွရောက်လာပြီး သန္တိသုခကျောင်းတိုက်ကို မူလရည်ရွယ်ချက်ဖြစ်သည့် ဗုဒ္ဓစင်တာကြီး တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်ရာမှ ပိုင်ဆိုင်မှု ပြဿနာ တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော ကျောင်းတော်ကြီးကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးခန်းမများ အစုံအလင်ဖြင့် ဗုဒ္ဓစာပေများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချ၍ မြန်မာရဟန်းတော်များကို ပြည်ပသာသနာပြု စေလွှတ်ရန် ရည်ရွယ်ခဲ့ကြောင်း ပီနန်ဆရာတော် အရှင်ပညာဝံသက မိန့်ကြားထားသည်။ ယင်းအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ် ဇွန်လဆန်းအတွင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သင်တန်းသားများ ဖိတ်ခေါ်ခဲ့ပြီး အဆိုပါ ဖိတ်ခေါ်ချက်ကပင် ကျောင်းတိုက်ကို ချိတ်ပိတ်ရသည့် အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း တိုင်းသံဃနာယက အဖွဲ့က ဖတ်ကြားသော ညွှန်ကြားလွှာတွင် ရေးသားထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန္တိသုခအရေး အဆောတလျင် ဆောင်ရွက်ခြင်း မပြုရန် မဟနအဖွဲ့ထံသို့ ပန်ကြားခဲ့မှုကလည်း သံဃမဟာနာယက ဆရာတော်ကြီးများ၏ ဦးဆောင်မှုကို ထိပါးစေသည့်အတွက် ပို၍ပင် ရှေ့တိုး လုပ်ဆောင်ခဲ့ကြောင်း မဟနအဖွဲ့၏ ညွှန်ကြားလွှာတွင် ဖော်ပြထားချက်အရ သိရသည်။ “သမ္မတသြဇာခံ အဖြစ်မခံနိုင်” ဟု ဆိုကာ သမ္မတ၏ လျှောက်ထားချက်ကို မလိုက်နာနိုင်ကြောင်း ယင်းညွန်ကြားလွှာတွင် ထပ်ဆင့်ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်က မတည်ငြိမ်သေးသော တိုင်းရေးပြည်ရာ အခြေအနေများအကြား အကျပ်အတည်း ထပ်မံ မကြုံတွေ့စေရန် စေတနာဖြင့် လုပ်ဆောင်ခဲ့သော်လည်း “ဆေးကြောင့်လေး” သွားခဲ့ရပြီ ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူများက အတည်ပြု ပြောဆိုသည်။
ပီနန်ဆရာတော် အနေနှင့် မိမိမှန်သည်ဟု ယူဆပါက အရပ်ဘက် သို့မဟုတ် သာသနာရေးဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ဖြေရှင်းသွားရန်သာ ဖြစ်ကြောင်း မဟနအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မည်သို့ပင် ဆိုစေကာမူ သန္တိသုခအရေးကြောင့် မဟနအဖွဲ့၏ ဂုဏ်သိက္ခာ ထပ်မံကျဆင်းခဲ့ရပြီး အွန်လိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခံရမှုများ ကြုံတွေ့လာရသည်။ တပ်မတော်အစိုးရ၏ အရိပ်လွှမ်းမိုး ခံခဲ့ရသော မဟနအဖွဲ့အနေနှင့် ယခင်ကတည်းက လူမြင်ကွင်းတွင် အမည်ကောင်း မရခဲ့ဘဲ ယခုထပ်မံ၍ ပြစ်တင်ပြောဆိုမှုများ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ သို့သော် မဟနဆရာတော်အချို့နှင့် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များက လျှော့မည့် အလားအလာမရှိ။ တရားဟု ယူဆလျှင် ကြိုက်ရာတရားရုံးသို့ သွားရောက် တိုင်ကြားနိုင်ကြောင်းပင် ဇွန်လ ၁၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ငေါက်ငမ်း ပြောဆိုလိုက်သေးသည်။
သန္တိသုခ အကျပ်အတည်းကြောင့် မဟနအဖွဲ့ကို ဝေဖန်သူများ အပြစ်ရောက်မည်ကို စိုးရိမ်သူများလည်း ရှိသည်။
အစိုးရနှင့် လူငယ်ထုအပေါ် သြဇာသက်ရောက်မှု ရှိသည့်အပြင် နှစ်ဘက် သံဃာ့ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားခြင်း ခံထားရသော ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကို ကြားဝင် စေ့စပ်ပေးသင့်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် နီးစပ်သူများက အကြံပြုထားသည်။ ဓမ္မဒူတဆရာတော် ကြားဝင် လာပါက ပြဿနာ အထိုက်အလျောက် လျော့ပါးမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
မြို့နယ်အဆင့် သံဃနာယက ဆရာတော်များနှင့် စာသင်စာချ ရဟန်းတော်များ အပါအဝင် နိုင်ငံရေးလေ့လာသူ အများစုက မဟနအဖွဲ့၏ လမ်းညွှန်ချက်နှင့် အကောင်အထည် ဖော်သူများကို ပြစ်တင်ဝေဖန်ထားပြီး ပြဿနာ၏ နောက်ကွယ်က ဒါရိုက်တာ ပုဂ္ဂိုလ်ကြီးကို မီးမောင်းထိုးကြသည်။
ဘုန်းကြီးလူထွက် အဆိုပါပုဂ္ဂိုလ်မှာ တော်တန်ရုံ ရဟန်းတော်များကိုပင် ရှိခိုးဦးညွတ်သူ မဟုတ်ဘဲ အမြဲလိုလို သာသနာရေး ကိစ္စရပ်များတွင် ရှေ့ဆုံးမှ ပါလေ့ရှိသူ ဖြစ်ပြီး သူ၏ ပြောစကား တစ်ခွန်းကို မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက အောက်ပါအတိုင်း ပြန်လည်ဖောက်သည်ချ မိန့်ဆိုသည်။
“သူက ဘယ်နေရာရောက်ရောက် အမြဲတမ်း ထိပ်ကပဲနေမှာ။ ငရဲပြည်ရောက်ရင်တောင် ယမမင်းဖြစ်မှာလို့ ပြောတယ်”

နော်ကိုကို
The Voice Weekly
http://thevoicemyanmar.com/index.php/article/item/543-tdt

Wednesday, June 11, 2014

သန္တိသုခကျောင်းကို သံဃနာယက အဖွဲ့ သိမ်းပိုက်၍ ဆရာတော်အပါး ၂၀ ကို ထိန်းသိမ်း

သန္တိသုခကျောင်းတိုက်, သံဃမဟာနာယကအဖွဲ့, ပီနန်ဆရာတော်, သာသနာရေးဝန်ကြီးဌာန
ဇွန်လ ၁၀ ရက်နေ့ညပိုင်းတွင် သန္တိသုခကျောင်းတော်ကြီးကို အင်အားသုံးသိမ်းပိုက်ခဲ့သည်။ (ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
ပီနန်ဆရာတော်ကြီးဦးပညာဝံသနှင့် သံဃမဟာနာယကအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ရန်ကုန်မြို့ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့က သိမ်းယူ လိုက်ပြီဖြစ်ပြီး ယင်းကျောင်းကိစ္စနှင့်ပတ်သက်၍ သံဃာတော် အပါး ၂၀ကို ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း သာသာနာရေးဝန်ကြီးဌာနက ယနေ့ တရားဝင် ကြေညာလိုက်သည်။
ရန်ကုန်မြို့၊ ကမ္ဘာအေးရှိ ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနရုံးအဆောက်အအုံတွင် ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဝန်ကြီးဌာနက ယင်းသို့ တရားဝင်ကြေညာလိုက်ခြင်းဖြစ်ပြီး ပီနန်ဆရာတော်ကြီးသည် ဓမ္မစက်ဖြင့် ကျောင်းတိုက်ဖယ်ရှားခိုင်းသည်ကို ငြင်းဆန်သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် အင်အားသုံး ဖယ်ရှား ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ မဟာသန္တိသုခကျောင်းတိုက်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များဖြင့် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ည အချိန်မတော် ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကြီးတခုကို ၀င်ရောက် စီးနင်းရခြင်းမှာ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း သာသာနာရေး ၀န်ကြီးဌာနတာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။
မဟာ သန္တိသုကျောင်းတိုက်ကြီးသည် နိုင်ငံတော် အစိုးရက သံဃနာယကအဖွဲ့ထံသို့ ရေစက်ချ လှူဒါန်းပြီးဖြစ်၍ ၀ိနည်း အရ ပီနန်ဆရာတော်ကြီး ဦးပညာဝံသထံသို့ ပြန်လည် လွှဲပြောင်းရန် လုံးဝ မဖြစ်နိုင်ကြောင်း ၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ပီနန်ဆရာတော်အား ကျောင်းတိုက်ကြီးမှ ထွက်ခွားပေးရန် အကြိမ်ကြိမ် စာထုတ်ခဲ့သော်လည်း လိုက်နာ မှု မရှိသောကြောင့် ဓမ္မစက်ကိုအာဏာစက်ဖြင့် တရားဝင်အောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းစားရှင်လင်းပွဲတွင်သာသာနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။
“နိုင်ငံတော်အစိုးရမှ သံဃာတော်အား ရည်မှန်း၍ သာသနိက ကျောင်း အဖြစ် လှူဒါန်းခဲ့သဖြင့်ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား လှူဒါန်းတာ မဟုတ်တဲ့အတွက်ပီနန်ဆရာတော်ကြီး ဦးပညာဝံသမှာ ပုဂ္ဂလိကအနေဖြင့် ပိုင်ဆိုင်ခွင့် မရှိကြောင်း ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုစဉ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူမှာ ယခုလက်ရှိ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ” ဟု သာသနာရေး ဦးစီး ဌာန ဒုညွှန်ချုပ် ဦးဇာနည်ဝင်းက ပြောကြားသည်။
မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ဆက်စပ်၍ သံဃာတော် အပါး ၂၀ ကို ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း၊ လူပုဂ္ဂိုလ် ၃၂ ဦးကိုလည်း ၀န်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လည် လွှတ်ပေး လိုက်ကြောင်းရန်ကုန်တိုင်း သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးစိန်မော်က ပြောကြားသည်။
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခ ကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုကို ဥပဒေကြောင်းအရ တရားရုံးတွင် ဖြေရှင်းသွား မည်ဟု ပြောဆိုထားသော်လည်း ယင်းပြောဆိုမှုသည် တရားရုံးတွင် ဖြေရှင်းရန်မလိုဘဲ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ သည် သံဃာထု၏ အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့်အတွက် ယင်းအဖွဲ့၏ အဆုံးအဖြတ်သည်သာ အတည် ဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာန အကြံပေး ဦးအံမောင်က ပြောကြားသည်။
“နိုင်ငံတော် မဟာသံဃနာယကအဖွဲ့ကို မမှန်ဘူးလို့ ထင်လို့ရှိရင် ခင်ဗျားတို့ ကြိုက်တဲ့တရားရုံးကို သွား” ဟု ဦးအံ့မောင်က သတင်းထောက်များကို အော်ဟစ်ပြောဆိုသည်။
သာသနာရေးဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲသို့ ပီနန်ဆရာတော်ကြီး၏ တပည့် ဒါယိကာများ တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးမှာ မဟာသန္တိသုခ သတင်းကို ကြားသည့်အခါအလွန်စိတ်မကောင်း ဖြစ်နေကြောင်း၊ ဆရာတော်ကြီးမှာ ကျန်းမာရေး ကောင်းမွန်သော အနေအထား မဟုတ်တော့ကြောင်း ၊ ကျောင်းတိုက်ကြီးကိုညဘက်တိတ်တဆိတ် ၀င်ရောက် စီနင်းခြင်းကို လုံးဝ နားမလည်နိုင်ကြောင်းပြောဆိုခဲ့ကြသည်။
သန္တိသုခကျောင်းကို အင်အားသုံးဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး ကျောင်းရှိ သံဃာတော်တို့ကို အတင်းအကျပ် ခေါ်ဆောင်မှုနှင့် ကျောင်းတော်ကြီးကို ချိတ်ပိတ်မှုသည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံတစ်ခုတွင် လွန်စွာ အကျည်းတန် ရုပ်ဆိုးလှသည်ဟု ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ကြေညာချက်တရပ် ထုတ်ပြန်သည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကမူ သန္တိသုခကျောင်းတိုက်ကြီး အဓမ္မ သိမ်းပိုက်ခံရမှုကို ပြန်လည်တုံ့ပြန်ရန် ဆွေးနွေးမှုများ ဆောင်ရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဧရာဝတီသို့ မိန့်ဆိုသည်။

မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်



သာသနာရေး ဦးစီးဌာန, မဟန, သံဃမဟာနာယက, မဟာသန္တိသုခ ကျောင်းတိုက်
ပီနန်ဆရာတော် ဦးပညာဝံသ (ပန်းချီ – ဟန်လေး)
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည သန်းခေါင်ယံအချိန်မှာ သံဃာတချို့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လူတချို့ ဝင်ရောက်စီးနင်းပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်ပါတယ်။ ဒီလို စီးနင်းချိတ်ပိတ်မှုကြောင့် ဂယက်ရိုက်မှုများစွာရှိခဲ့ပြီး ဒီကနေ့မှာ သာသနာရေး ဦးစီးဌာနကလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်နဲ့ချီပြီး ပိုင်ဆိုင်မှုအတွက် အခြေအဆင်ဖြစ်နေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးနဲ့ ပတ်သက်လို့ စတင်တည်ထောင်သူဖြစ်တဲ့ ပီနန်ဆရာတော်ကြီး အရှင်ပညာဝံသကို ဧရာဝတီ အကြီးတန်းသတင်းထောက် လင်းသန့်က ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ပါတယ်။ ပီနန်ဆရာတော်ကြီးက လတ်တလောမှာ ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေပါတယ်။
မေး။ ။ (ဇွန်လ ၁၀ ရက်နေ့) ညကပဲ မဟာသန္တိသုခကျောင်းကို ၀င်းရောက်စီးနင်းတာ၊ သိမ်းပိုက်တာ၊ ချိတ်ပိတ်တာနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပေးပါ ဘုရား။ ဘာတွေ ဆက်လုပ်သွားမယ် ဆိုတာလည်း သိပါရစေ ဘုရား။
ဖြေ။ ။ အခု အခြေအနေကတော့ အသေအချာ မသိရသေးဘူး။ တချို့ သတင်းတွေအရပဲ ကြားတာဆိုတော့လေ။ တခုတော့ ရှိတာပေါ့၊ ဒီကိစ္စက အငြင်းပွားနေတဲ့ ကျောင်းဆိုပြီး သူတို့ ပြောနေကြတယ်လေ။ အမှန်တော့ အငြင်းပွားတာ မဟုတ်ဘူး။ အမှန်တော့ ဒီကျောင်းရဲ့ မူရင်းက ၁၉၉၅ ခုနှစ်က ဘုန်းကြီးကို မြေရော၊ ပုဂ္ဂလိက နာမည်နဲ့ လှူထားတာလေ။ အဲဒီတုန်းက စပြီးတော့ ဘုန်းကြီးလည်း တည်ထောင်ခဲ့တာပဲလေ။ ယာယီကျောင်းလေးနဲ့ ၂ နှစ် ၃ နှစ်နေလာပြီး နောက်မှ သာသနာပြု လုပ်ငန်းတွေအတွက် အလှူရှင်တွေနဲ့လုပ်တော့ ဒီကျောင်းတိုက်ကြီး ဖြစ်လာတယ်ဆိုပါတော့။
အဲဒီတော့ ဘုန်းကြီးက တည်ထောင်ခဲ့တာပဲလေ။ လှူမယ့်သူတွေကလည်း အားပေးကြတော့ ဆက်လုပ်ဖြစ်တယ်။ Sunday School တို့ ဘာတို့ လုပ်ပြီးတော့ ကျောင်းသားတွေ များလာတယ်။ ၃ ထောင်၊ လေးထောင်အထိ ဖြစ်လာတယ်။ ကျူရှင်တွေ ပေးပြီးသင်တယ်၊ အားလုံး ၂ နှစ်သင်တန်းတွေပြီးတော့ အဲဒီဘုန်းကြီးအားလုံးဟာ အခု နိုင်ငံခြားမှာ အကုန်ရောက်နေပါပြီ။ အဲဒီကနေ ၂၀၀၂ ခုနှစ်မှာ ဘုန်းကြီးကလည်း မရှိဘူး၊ နိုင်ငံခြားမှာ သွားနေတဲ့အခါ ကျတော့ သူတို့က နည်းနည်း ရှုပ်ရှုပ်ပွေပွေတွေ ဖြစ်လာတယ်လို့ ပြောတယ်။
ဘာတွေ ဖြစ်လာလည်းဆိုတော့ ကော်မတီတွေမှာ အဂတိ လိုက်စားမှုတွေ ဖြစ်လာတယ်။ ဥက္ကဋ္ဌလုပ်တဲ့သူက ထွက်တော့မယ် ဆိုတာတွေ ဖြစ်လာတယ်။ အဲတော့ ဗိုလ်ချုပ်ခင်ညွန့်ကို သွားပြောတယ်။ နိုင်ငံရေး လုပ်တယ်ဆိုတာလည်း သတင်းတွေ ထွက်တယ်ပေါ့လေ။ နိုင်ငံရေးလည်း ဘာမှမလုပ်ပါဘူး။ သူဟာသူ သွားပြောတယ်။ ခင်ညွန့်က အဲဒီအချိန်မှာ အလုပ်တွေများတော့ သူလည်း သိချင်မှ သိမှာတော့။ အဲတော့ နောက်ပိုင်းမှာ သံဃနာယကအဖွဲ့ကို အပ်ပစ်လိုက်တယ်။
ဘာဖြစ်လို့ အပ်တာလည်း ဆိုတော့ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာမှာ ဖွင့်ပွဲလုပ်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၊ မောင်အေးတို့၊ ခင်ညွန့်လည်း ပါတယ်၊ အကုန်လာပြီး ရေစက်ချပေးကြတာပဲလေ။
နောက်တခါ ၂၀၀၂ ခုနှစ်ကျ တခါ ရေစက်ချပြီး အပ်တယ်လို့ ပြောပြန်တယ်။ အဲလို အပ်တယ် ပြောတော့ သံဃနာယက က အုပ်ချုပ်သွားတာပေါ့။ အဲဒီအချိန်မှာ ဘုန်းကြီးကလည်းပဲ အပြင်ရောက်နေတယ်။
၂၀၀၄ ခုနှစ်မှာကျတော့ ဗိုလ်ချုပ် ခင်ညွန့်က ဘုန်းကြီးကို စာပေးတယ်၊ အရှင်ဘုရားတဲ့၊ ဒီကျောင်းက အရှင်ဘုရား မရှိတဲ့အခါ အုပ်ချုပ်ဖို့ အဆင်မပြေလို့ပါတဲ့၊ အဲဒါကြောင့် သံဃနာယကကို အပ်ထားတာပါတဲ့။ အဲဒီအချိန်မှာလည်းပဲ ဘုန်းကြီးရဲ့ တပည့်တွေနဲ့ ဘုန်းကြီးရဲ့ ဆရာတော်ကြီး အသက် ၉၆ နှစ်ရှိတဲ့ ဆရာတော်ကို အခုလိုပဲ နှင်ချခဲ့တယ်၊ သူတို့က။
ဗိုလ်ချုပ် ခင်ညွန့်ကတော့ စာရေးတဲ့အထဲမှာ ဒီကျောင်းကို အစိုးရက သိမ်းတာ မဟုတ်ပါဘူးဆိုပြီး ပြောတယ်။ အရှင်ဘုရား ပြန်လာရင် ပြန်အပ်မယ်ဆိုပြီး ပြောတယ်။ အဲတော့ ဘုန်းကြီးလည်း မပြန်ဖြစ်ဘူးပေါ့လေ။ မနှစ်ကမှ ပြန်ဖြစ်တယ်လေ။ တိုင်းပြည်မှာလည်း ဒီမိုကရေစီ ပြောင်းနေပြီ ဆိုတော့ သံဃနာယကို လေးလေးစားစားပဲ လျှောက်ထားတယ်။ အရှင်ဘုရားတို့ စောင့်ရှောက်ပေးထားတာကို ကျေးဇူးလည်း တင်ပါတယ်။ နိုင်ငံတကာမှာလည်း အရည်အချင်း ပြည့်စုံတဲ့ ဘုန်းကြီးတွေ လိုနေပါတယ်။ အဲဒါကို လုပ်ချင်လို့ ဒီကျောင်းတိုက်ကို ပြန်တည်မယ်၊ ပြန်ပြီး ခွင့်ပြုပါ ဆိုတော့ သူတို့က ဘာပြောလဲဆိုတော့ ခွင့်မပြုနိုင်ဘူးတဲ့။
ဘာကြောင့်လဲ ဆိုတော့ သူ့ကို လှူထားတဲ့အတွက်ပါတဲ့။ ပြန်မပေးနိုင်ဘူး။ သူတို့ ပိုင်တယ်ဆိုပြီး ပြန်ပြောတာလေ။ ဒါနဲ့ ဘုန်းကြီးက သမ္မတဆီကို စာပို့ မေတ္တာ ရပ်ခံတယ်။ ဒကာကြီး သူတို့ဆီမှာ စာချုပ်ကအစ အကုန်လုံးရှိတယ်လို့ ပြောလိုက်တယ်။ သမ္မတကလည်း အကုန် စိစစ်ပေးဖို့ ပြောပါတယ်။ ဂရန်ရှိတဲ့လူ၊ အထောက်အထားရှိတဲ့သူကို ပြန်ပေးလိုက်ပါလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာပဲ သံဃနာယကလည်း သူတို့ပိုင်တယ်ပေါ့လေ။
အဲဒီအချိန်ကနေ ဖြစ်နေကြတာ။ အဲဒီကနေ ဘုန်းကြီးတို့ကို နှင်တဲ့သဘောမျိုး ဖြစ်လာတာ။ ဘုန်းကြီးတို့ကို ဒီကျောင်းက ထွက်ရတော့မယ် ဆိုတော့၊ ဘုန်းကြီးလည်း စဉ်းစားတယ်လေ။ သူတို့က ဘာအထောက်အထားမှ မရှိဘဲနဲ့ တို့ကို နှင်နေတာပဲ၊ ကိုယ်က အထောက်အထား ရှိတာပဲဆိုပြီး ဘုန်းကြီးတို့က ဆက်နေတယ်။ ၂၇ ရက်နေ့ သွားစရာ ရှိနေတော့ သူတို့က ထပ် နှင်စာပေးတယ်။ မတ်လ ၃၁ ရက်နေ့ ဒီကျောင်းကနေ ထွက်ရမယ်ဆိုပြီးတော့ နှင်စာပေးတယ်။ နောက် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်တာပေါ့လေ။ အဲဒီမှာ ဒကာ၊ ဒကာမတွေလည်း သိသွားတော့ မတော်မတရား မလုပ်ရဘူးဆိုပြီးတော့ ရပ်ကွက်တခုလုံး အုံးအုံးကျွက်ကျွက်တွေ ဖြစ်ကုန်တာလေ။ အဲဒီတော့မှ သူတို့လည်း နောက်ဆုတ်သွားတယ်၊ ဘာမှ မပြောတော့ဘူး။
အခု ဘုန်းကြီး ပြည်ပ ထွက်လာတဲ့ အခါကျမှ သူတို့က ဘာလုပ်သလဲဆိုတော့ ဘုန်းကြီး မရှိတုန်းကို ညကြီး သန်းခေါင်းမှာ စစ်ဖြစ်သလို၊ အကြမ်းဖက်သမားတွေ စစ်တိုက်သလိုမျိုး ဘုန်းကြီးတွေကို အတင်းဝင်စီးပြီးတော့ ဖမ်းသွားတယ် ပြောတာပဲ။
မေး။ ။ အခုလိုမျိုး ညသန်းခေါင်ကျော်ကြီးမှာ သွားပြီးတော့ စီးနင်း စစ်ဆင်ရေး လုပ်တဲ့အပေါ်မှာရော အရှင်ဘုရား ဘာလိုများ ခံစားရပါလဲ ဘုရား။
ဖြေ။ ။ ဘုန်းကြီး ခံစားရတာကတော့ ဘုန်းကြီးတွေလည်း ဖြစ်ပြီးတော့၊ သံဃနာယကလည်း ဖြစ်ပြီးတော့၊ သူတို့က တိုင်းကို အမိန့်ပေးပြီးတော့ ဘုန်းကြီးတွေ ကိုယ်တိုင်က ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း၊ ရက်ရက်စက်စက် လုပ်တာလဲဆိုတဲ့ အခါကျတော့ ဘုန်းကြီး ခံစားရတာက သြော် … မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံ၊ အင်မတန် ယဉ်ကျေးတယ်လို့ ကျော်ကြားနေတဲ့ ဟာတွေက ဘာယဉ်ကျေးတာလဲ၊ ဒါ ယဉ်ကျေးမှုလားလို့ စိတ်ထဲမှာ တွေးမိတယ်။
သူတို့ကလည်း ပြောပါတယ်၊ ရှေးတုန်းကတော့ စစ်တပ် အုပ်ချုပ်နေတော့ ထားပါတော့။ အခုက ဒီမိုကရေစီ ခေတ်ရောက်နေပြီ ဆိုတော့ ဘုန်းကြီးကတော့ ဒီလိုပဲ ရိုးရိုးသားသား … အေး … သူတို့ မှန်တဲ့အတိုင်း လုပ်ပေးမှာပဲ ဆိုပြီး ဘုန်းကြီးတို့က အဲဒီအတိုင်းပဲ နေတယ်လေ။
အခုတော့ သံဃနာယက က သူပိုင်တယ်ဆိုတာ သူ့ဖာသာသူ ဆုံးဖြတ်တာ။ တရားဆိုတာ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရှိရင် ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ အခုက သူတို့ဖာသာ သူတို့ တရားလုပ်ရုံတင် မကဘူး။ အခုလို ဂရန်တွေ၊ အထောက်အထားတွေ ရှိတဲ့အပြင် အစကတည်းက မြေကြီးကနေ စလုပ်ထားတဲ့ ဘုန်းကြီးကို အခုလို ဘုန်းကြီး မရှိတဲ့အခါ ဘုန်းကြီးထားခဲ့တဲ့သူတွေကို လုပ်တယ်ဆိုတာ ဘုန်းကြီးကို လုပ်တာနဲ့ အတူတူပါပဲ။ အဲဒီလောက်တောင် လုပ်တယ်ဆိုတော့ ခင်ဗျားတို့တွေ ကမ္ဘာကြီးက ကြားလို့ ကောင်းပါ့မလားလို့။ အဲဒီလို ကြားလို့ ကောင်းပါ့မလားဆိုတာ မြန်မာ့ဒီမိုကရေစီဆိုတာ ဒါလား။
နောက် နမူနာ တခု ပြောချင်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဒကာ၊ ဒကာမတွေကို မှာချင်တယ်။ ဒါကတော့ မဟာသန္တိသုခကို နမူနာယူကြပါလို့ မှာချင်တယ်။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေကို ကြည့်ကြပါ။ အဲဒီလို ကြည့်ပြီးတော့ သဘောပေါက်ဖို့တော့ လိုတယ်လို့ ဘုန်းကြီး ပြောချင်တယ်လေ။
ဘုန်းကြီးရဲ့ ခံစားချက်ဟာ ဒကာ၊ ဒကာမတွေရဲ့ ခံစားချက် အတိုင်းပါပဲ။ ဘာမှ မထူးခြားဘူး။ နောက် ဘုန်းကြီးပြောချင်တာက အဲဒီလောက်တောင် တရားတွေ မဲ့နေပြီလား၊ မဲ့ကုန်ပြီလား။ တရားတွေ ပျက်စီးနေပါလား၊ အဲလို ပုံစံနဲ့ ဒီမိုကရေစီကို သွားမယ်ဆိုတော့ ဒီ ဒီမိုကရေစီဟာ ဘာဒီမိုကရေစီလဲဆိုတဲ့ဟာ ကမ္ဘာက ဒီမိုကရေစီနဲ့ မတူဘူး ဆိုတာကို ပြချင်လို့လားလို့ ဘုန်းကြီးက တွေးတယ်လေ။
မေး။ ။ မနေ့ညက စီးနင်း ချိတ်ပိတ်တုန်းက သံဃမဟာနာယက ဘုန်းကြီး တချို့ကလည်း စကားပြောစက် ကိုင်ထားတာ တွေ့ရတယ်။ သူခိုး ဓားပြဂိုဏ်း နှိမ်နင်းသလို လုပ်တာတွေကို အများက အနီးကပ် မြင်နေရတယ်။ အဲဒီလို လုပ်တာဟာ ဗုဒ္ဓဘာသာ အနေနဲ့ သင့်တော်ပါရဲ့လား ဘုရား။
ဖြေ။ ။ ဒါက ဗုဒ္ဓဘာသာရဲ့ အလုပ်မဟုတ်ဘူးလေ။ ဒါက အိုစမာတို့ လုပ်တဲ့အလုပ်မျိုးပဲ။ ကောင်းပါတယ်။ လုပ်ပါစေ။ အဲဒါကြောင့် သတင်းစာ ရှင်းလင်းပွဲမှာလည်း ဘုန်းကြီး ပြောခဲ့တယ်။ ဘုန်းကြီး ဒီကျောင်းမှာ မနေတာ ၁၂ ကျော်ပြီ။ ဒီတော့ ဒကာ၊ ဒကာမတွေက ပြောတယ်၊ အရှင်ဘုရား မရှိတဲ့ အချိန်မှာ သံဃနာယက က ဘာတွေ လုပ်သလဲဆိုတော့ ဘိုင်စကုတ်တွေ ရိုက်တယ်၊ ကောင်မလေးတွေကလည်း အတိုအတိုလေးတွေနဲ့ အက သင်တန်းတွေ လုပ်ပေးတယ်။ မင်္ဂလာတွေ ဆောင်တယ်။ စီးပွားရေး သမားတွေကို ငှားစားတယ်။
သူတို့က သာသနာပြု ကျောင်းကို ဟိုတယ်လို လုပ်ပြီးတော့ ပိုက်ဆံတွေနဲ့ ငှားစားနေတယ်။ ဘုန်းကြီး ရောက်သွားတော့မှ ဘုန်းကြီးက ပြောတယ်၊ ဒီဟာတွေဟာ မသင့်တော်ဘူး ဆိုတော့မှ ရုပ်သိမ်းသွားတယ်။ အကတွေလည်း ဖျက်သွားတယ်။ ဘာကျန်ခဲ့လဲ ဆိုတော့ မင်္ဂလာဆောင်နဲ့ ကုန်သည်တွေကို ငှားတာကျန်သေးတယ်။
အဲဒါတွေလည်း အမှန်တော့ မလုပ်သင့်ဘူးလို့ ပြောတယ်။ ဒီပစ္စည်းတွေဟာ ပြည်တွင်း ပြည်ပက လှူထားတဲ့ ဒကာ၊ ဒကာမတွေ လှုထားတာဖြစ်တယ်။ ဒီဟာတွေက ကုသိုလ်ကောင်းမှုတွေပဲ လုပ်ရမှာ၊ ပိုက်ဆံ ရှာဖို့ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီလို ဟာတွေကို သံဃနာယက က လုပ်တယ်ဆိုတော့ သံဃနာယက ဆိုတဲ့ နာမည်နဲ့ လုပ်တာကို ကြည့်ပေါ့။ အဲဒီတော့ ဒါကို ဘုန်းကြီး အနေနဲ့ အထူး ပြောစရာ မလိုဘူး။ ပြည်ထောင်စု တခုလုံးက စဉ်းစားဖို့ လိုလာတယ်။
ဒီအတိုင်းသွားမယ် ဆိုရင် ဘုန်းကြီးတို့ ဗုဒ္ဓသာသနာက ၀မ်းနည်းစရာ မကောင်းဘူးလား။ ဘုန်းကြီးတို့က သာသနာ အစစ်ကို လုပ်နေတာ။ အခု သူတို့ လုပ်နေတာက အကြမ်းဖက်သမားတွေ လုပ်တဲ့ အလုပ်မျိုး လုပ်နေတာကိုး။ ဒီလို လုပ်ရပ်တွေဟာ အိုစမာ ဘင်လာဒင်တို့၊ အကြမ်းဖက် အုပ်စုတွေ လုပ်တဲ့ လုပ်ရပ်တွေပဲ။ ဘုန်းကြီးတွေက စကားပြောစက်တွေနဲ့ ဘုန်းကြီးတွေ ကိုယ်တိုင်က လာဖမ်းဆိုတာ၊ သံဃနာယက ကတော့ သူတို့ဟာ သူတို့ လုပ်ချင်တာ လုပ်နေပါစေ။ သံဃနာယက က ဓမ္မစက်တဲ့၊ သမ္မတထက် ကြီးတယ်တဲ့။ သူတို့က လုပ်ပိုင် ခွင့်ရှိတာကို လုပ်ပါစေ။ တန်းခိုးရှိကြောင်း ပြတာ ပြပါစေ။
ဘုန်းကြီးတို့ကတော့ အဓမ္မ၀ါဒကိုတော့ မထွန်းကားအောင် သာသနာရေးကို စောင့်ရှောက်ကာကွယ်တဲ့ သူတွေ၊ ဗုဒ္ဓဘာသာ လေးစားတဲ့လူတွေက တို့တော့ ဒီဘ၀ ရောက်နေပြီ ဆိုပြီးတာကိုတော့ အားလုံးက နားလည်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။
မေး။ ။ မဟနကို အရှင်ဘုရားက တရားစွဲမယ်လို့ ဟိုတလောက ပြောထားသေးတော့၊ အခု တရားစွဲဖြစ်မှာလား ဘုရား။
ဖြေ။ ။ အခုလောလောဆယ်က သူတို့က သိမ်းပြီး ချိတ်ပိတ်သွားပြီဆိုတော့ သူတို့ အခြေအနေအပေါ် ကြည့်ရဦးမယ်လေ။ သူတို့ရဲ့ လုပ်ရပ်ကို ကြည့်ပြီးတော့မှ ဘုန်းကြီးတို့က နောက်က လိုက်လုပ်ရမယ်လေ။ ဘုန်းကြီးက ရှေ့က မသွားပါဘူး။ သူတို့က အာဏာရှိတယ်လို့ ထင်တာကိုး။ ဘုန်းကြီးက သူတို့လိုအာဏာရှိတဲ့ ဘုန်းကြီးမှ မဟုတ်ဘဲကိုး။
ဒါကြောင့်မို့ တို့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကြီးကတော့ ဒီအခြေအနေ ရောက်နေပြီ။ ကမ္ဘာကြီးကို သိအောင် တခြား ဒီမိုကရေစီနဲ့ မတူဘူးဆိုတာကို နမူနာ ပြသတာလို့ ပြည်ထောင်စုမှာ ရှိတဲ့ ဒကာ၊ ဒကာမ အပေါင်းတွေအားလုံး၊ လှည်းနေ လှေအောင်း၊ ရဟန်း ရှင်လူ ပြည်သူအများ သိဖို့ လိုအပ်ပြီလို့ ဘုန်းကြီးက ပြောချင်ပါတယ်။

Wednesday, May 28, 2014

ဝန်ကြီး ဦးအုန်းမြင့်၏ပြောစကားနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆိုတင်သွင်း


ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်အခုတင်ပြမဲ့ အရေးတကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များလည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။ ၀န်ကြီး ပြောစကားများကို ကောက်နုတ်ဖေါ်ပြရပါလျှင်-
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊
" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"
" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။
ဥက္ကဋ္ဌကြီးခင်ဗျား
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်
၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့
အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊ ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။

ဥက္ကဋ္ဌကြီးခင်ဗျား
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလိုဖြစ်နေပါတယ်။
သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။

မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်၊ ဘင်္ဂါလီ လက်နက်ကိုင်တစ်ဦး သေ


  မောင်တောနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ ဒီနေ့ နံနက်ပိုင်းက နယ်ခြားစောင့် ရဲနဲ့ ဘင်္ဂါလီ လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နယ်စပ်ခြံစည်းရိုးကို ချည်းကပ်လာတဲ့ ဘင်္ဂါလီလက်နက်ကိုင် တချို့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းပုန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ဘင်္ဂါလီလက်နုက်ကိုင်တွေက စတင်ပစ်ခတ်ခဲ့ပါတယ်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တဲ့အတွက် ဘင်္ဂါလီတစ်ဦး သေဆုံးပြီးတော့ သူကိုင်တဲ့ သေနတ်နဲ့ ကျည် ၉၀ကျော်ကို ဖမ်းမိလိုက်ပါတယ်။
ကျန်တဲ့ သူတွေကတော့ လွှတ်မြောက်သွားပါတယ်။
မိုင်တိုင်အမှတ် ၅၂မှာ မေလ ၁၇ ရက်နေ့ကလည်း RSO ဘင်္ဂါလီ လက်နက်ကိုင်တွေက တိုက်ခိုက်တဲ့အတွက် ရဲ လေးဦး သေဆုံးခဲ့ပါတယ်။
အဲဒီမတိုင်ခင် မေ ၁၃ ရက်နေ့ကလည်း တစ်ကြိမ်ဖြစ်ပါတယ် အဲဒီအချိန်ကတော့ RSO က ဗိုလ်တစ်ဦး သေသွားခဲ့ပါတယ်။

Tuesday, May 27, 2014

“ပန်းကလေးများ ပွင့်တော့မည်”


May 27, 2014 at 3:06pm
        မကြာခင်မှာ ကလေးတွေ ကျောင်းဖွင့်တော့မယ်။ ကျောင်းအပ်တဲ့ရာသီ ရောက်လာပြီ။ “မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်။ မင်္ဂလာပါ ဆရာမ။ ညီညီညာညာ နှုတ်ဆက်ကြ။” တဲ့။ အဖြူအစိမ်းကလေးတွေနဲ့ ပွင့်သစ်စပန်းကလေးတွေကို မြင်ရတာ သိပ်ကျက်သရေ ရှိတာပဲ။ မိဘ၊ ဆရာ၊ ကျောင်းသား၊ သုံးဦးသုံးဖလှယ် တက်ကြွပြီး စာသင်နှစ်အသစ်ကို တာစူတဲ့အချိန်ပေါ့။ ကိုယ်ငယ်ငယ်ကလည်း သည်အချိန်ဆို သိပ်ပျော်တာပဲ။ အတန်းသစ်ကို တက်ရပြီ။ ဆရာမက ဘယ်သူများပါလိမ့်။ ဘယ်လိုနေမှာပါလိမ့်။ သဘောမှကောင်းပါ့မလား။ အရိုက်ကြမ်းတဲ့ ဆရာမများ ဖြစ်နေမလား။ အတန်းသားတွေကလည်း မနှစ်တုန်းက အတန်းသားတွေ ဟုတ်ချင်မှ ဟုတ်တာ။ ကိုယ်တို့ စိန်ပေါကျောင်းက ကျောင်းသားအတန်းခွဲပုံ ထူးခြားတယ်။ နှံ့စပ်စေချင်လို့လား မသိဘူး။ တစ်နှစ်နဲ့တစ်နှစ် တွေ့ရတဲ့ အတန်းသား သူငယ်ချင်းတွေက ပုံသေမရှိဘူး။ အတန်းသစ်တက်တိုင်း သူငယ်ချင်း အသစ်ရတယ်။ ကိုယ်တွေပျော်သလို မပျော်နိုင်တာကတော့ အဖွားပဲ။ ကျောင်းဖွင့်ချိန်ဆို ပိုက်ဆံတွေက ကုန်ပြီလေ။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာအုပ်ဖိုး၊ ဘာကြေး ညာကြေး၊ ဟိုအခသည်အခတွေက များလှတယ်လို့ မဟုတ်ပေမယ့် ကိုယ့်အိမ်က ကလေးခြောက်ယောက် တပြိုင်နက်တည်း ပေးရတာဆိုတော့ သူ့ခမျာ ဘယ်သက်သာလိမ့်မလဲ။ သည်ကြားထဲ အလိုက်မသိတတ်တဲ့ကိုယ်က သည်နေ့တောင်း မနက်ဖြန် ပိုက်ဆံမပါရင် ကျောင်းသွားချင်တာ မဟုတ်ဘူး။ မိုးလေးရွာတော့ မိုးကာလေး ထီးလေးက လိုချင်တယ်။ ဖိနပ်ကလေးပြတ်တော့ အသစ်ရတော့မယ်ဆိုပြီး ၀မ်းသာအားရ အိမ်ကို ပြေးပြန်တယ်။ အဲသလို ချစ်ဖို့ကောင်းတာ။

            ဒါတောင် ကိုယ်တို့ စိန်ပေါကျောင်းက တစ်ခုကောင်းတာ လူတန်းစားညီတယ်။ အနံကြီးကွင်းကျယ် သိပ်မရှိဘူး။ ဆရာက အတင်းလိုက်ဖားရတဲ့ မိဘ မရှိသလို မိဘက အတင်းလိုက်ဖားရအောင် လုပ်ထားတဲ့ ဆရာလည်း မရှိဘူး။ ဆယ်တန်းသာ အောင်သွားရော သီတင်းကျွတ်မှာ အတန်းပိုင်ဆရာကို ကိတ်မုန့်လေးနဲ့ ကန်တော့တာ၊ တစ်ကျောင်းလုံးက ဆရာကန်တော့ပွဲအတွက် ပိုက်ဆံထည့်ရတာကလွဲလို့ ဘယ်ဆရာ ဆရာမကိုမှ အိမ်လိုက်ကန်တော့ရတာ၊ မိဘခေါ်ပြီး အလှူခံထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။ ဆရာတိုင်းက ကျောင်းသားတိုင်းကို ကိုယ့်သားသမီးလို ဆက်ဆံတယ်။ မျက်နှာကြီးငယ် အဆင့်အတန်း ခွဲခြားမထားဘူး။ ကျောင်းသားအချင်းချင်းလည်း ဂုဏ်တုဂုဏ်ပြိုင် ထုံးစံကို မရှိတာ။ စာသာပြိုင်ချင်ပြိုင်တယ်။

             မယုံရင် ပုံပြင်မှတ် လို့ ပြောမှာလားဟင်။ အခု အဲသလိုကျောင်းမျိုး မြင်ဖူးကြသေးလား။ ကြားဖူးကြသေးလား။ မဟုတ်ကဟုတ်ကတွေ လာပြောနေတယ် လို့ ထင်မှာပဲနော်။ သူငယ်တန်းကျောင်းအပ်ဖူးတဲ့ မိဘမှန်သမျှ ဘယ်လိုအခြေအနေ ရှိသလဲဆိုတာ ကိုယ့်ဘာသာ အသိဆုံးနေမှာပါပဲ။ နီးစပ်ရာမှာ မေးကြည့်ကြပါ။ ကိုယ်တွေ့ချည့်ပဲ ပြောနေရင် ပုဂ္ဂလိကခံစားချက်တွေကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်းနေတယ် ဖြစ်မှာစိုးလို့။ ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းအပ်ခ သူ့ပေါက်ဈေးနဲ့သူ ရှိတယ်။ တီတီစီက ဘယ်လောက် ဒဂုံတစ်က ဘယ်လောက်၊ ဆိုတာမျိုး ဈေးကွက်ကြီး ဖြစ်နေလို့ ပွဲစားတွေတောင် ခြေချင်းကို လိမ်နေတာပဲ။ ရပ်ထဲရွာထဲ ကျောင်းစာရေးတွေ မျက်စိမပွင့်တဲ့ အချိန်ပေါ့ဗျာ။ ကျောင်းသုံးဖတ်စာအုပ်တွေပေါ်မှာ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည်ဆိုတာတော့ ဖတ်လိုက်ရပါတယ်။ ကျောင်းသားတိုင်းကို နိုင်ငံတော်မှ အခမဲ့လက်ခံသည် ဆိုတာ ဟုတ်မဟုတ် မသိသေးဘူးဆိုရင် သိအောင် အရင်လုပ်ကြပါဦး။ သူတို့သားသမီးများကျတော့ တစ်ပြားမှ ကုန်စရာမလိုလို့ မသိတာ ထင်ပါရဲ့။

            ကိုယ့်ဆရာတွေများ ကြားရင် “စော်ကားလိုက်တာ။ စော်ကားလိုက်တာ။ ဆင်းဆင်းရဲရဲ လျှာပေါ်မြက်ပေါက်အောင် ရုန်းကန်သင်ကြားပေးနေတဲ့ ဆရာတွေကိုမှ အားမနာ။ ဘယ်ဥကပေါက်လို့ ဂိုဏ်းသင့်မယ့်စကားတွေ ပြောနေပါလိမ့်နော်။” လို့ ပြောပြီး နားသယ်နားရင်း ဗြင်းကြပါလိမ့်မယ်။ တကယ်တော့ ဘယ်ဆရာသမားကိုမှာ ကာပြန်ပုတ်ခတ်ရိုး စေတနာ မပါပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းအပ်ပွဲအစဉ်အလာမှာ “ယဉ်ကျေးမှုမရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း လက်ချည့်ပဲလာရကောင်းလား” လို့ အရူးအနှမ်းလို အကြည့်ခံရတဲ့ ထုံးစံကြီးကို ကြောက်စရာလန့်စရာ မြင်တွေ့မိလိုက်လို့ပါ။ ဘုရားစူးရစေ့။ ကိုယ်ငယ်ငယ်တုန်းကတော့ မြန်မာ့ရိုးရာ အစဉ်အလာအရ ကျောင်းအုပ်ဆရာကြီးကို သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ကိုယ့်အဖေက သားတော်မောင်ကလေးတွေ ကျောင်းအပ်တိုင်း ဆန်တစ်ပြည် ငွေတစ်မတ်နဲ့ ဖအေရော သားပါ ထိုင်ကန်တော့ပြီး ကျောင်းအပ်ခဲ့ကြပါတယ်။ အခုရော။ မေးပါနဲ့အေ။

             ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဆရာဝန်အလုပ်ဟာ သူများအသက်ကို ကယ်တဲ့အလုပ်လို့ ကြံဖန်ဂုဏ်ယူလို့ ရချင်ရမယ်။ ကျောင်းဆရာတွေလိုတော့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မမည်ပါဘူး။ ဒါကြောင့် ဆရာအလုပ်ဆိုတာ ကိုယ့်ထက်မြတ်သော အသက်မွေးဝမ်းကျောင်း လို့ လက်ခံထားပါတယ်။ ဆရာဝန်ကို သူ့လူနာက ကျေးဇူးမတင်ရင် နေပါ။ ဆရာသမားကိုတော့ သူ့တပည့်က ကျေးဇူးကျွေး တင်ကိုတင်နေတာပါ။ ဒါကြောင့်မို့ ကျေးစွပ်တဲ့စကားပြောပြီး ဆရာသမားများကို ပြစ်တင်ဝေဖန်တာမျိုး ဘယ်တုန်းကမှ မလုပ်ဝံ့ပါဘူး။ သို့သော် သည်ကနေ့ခေတ် ကုန်ဈေးနှုန်းနဲ့ လူနေမှုစားရိတ်မှာ ကျောင်းဆရာ ဆရာမများ တောင့်ခံထားရတဲ့ သီလ နဲ့ အူမ ချိန်ခွင်ညှာဟာ မုန်ညင်းစေ့ထဲ စင်္ကြန်ကြွရတဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအလား အံ့ဖွယ်သရဲ ထူးကဲမယ့် အခြင်းအရာ ဖြစ်ပါတယ်။ သူတို့မှာလည်း သူတို့မိသားစု၊ သူတို့ သားသမီးတွေ ရှိတယ်။ သည်လစာနဲ့ ဘယ်လို လူတန်းစေ့အောင် စီစဉ်ရမလဲ ဆိုတဲ့ အပူတွေ ရှိတာပေါ့။ ကျောင်းဆရာ ဆရာမများ ပင်စင်သွားတဲ့အခါ နေစရာထိုင်စရာ အိမ်အိုကလေးတစ်လုံး အဖတ်တင်ကျန်ခဲ့ရင်တောင် အာဂလူသား ဖြစ်နေတာဆိုတော့ “နင်က ငါတို့ကို ထမင်းငတ်စေချင်လို့ သည်လိုစာမျိုး ရေးရက်သလား။” လို့ မေးရင်တောင် ဖြေစရာစကား မရှိပါဘူး။ ကိုယ့်ဦးလေး၊ ကိုယ့်အဒေါ်များဟာ တစ်ဝမ်းတစ်ခါးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ကြတဲ့ ဆရာ၊ ဆရာမများ ဖြစ်ပါတယ်။ ကျောင်းဆရာအလုပ်ဆိုတာ အိမ်ထောင်ဘက်က လူတန်းစေ့အောင် တာဝန်ယူမထားနိုင်ရင် ထမင်းနပ်မမှန်တဲ့ အလုပ်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိပါတယ်။

            ဒါဖြင့် ကျောင်းဆရာမထဲမှာ စိန်မရှား ရွှေမရှား အလွန်ပင်များတဲ့သူတွေ မတွေ့ဖူးတော့ဘူးလား။ သိပ်တွေ့ဖူးတာပေါ့ဗျာ။ ဟိုတစ်ခါပြောဖူးတဲ့ ကိုယ့်တစ်သက်တာ စိန်တွေအများဆုံး လူ့ကိုယ်ပေါ်မှာတွေ့ဖူးတဲ့ အန်တီကြီးဟာ ကျောင်းဆရာမပါ။ “သွားလေသူ နင်တို့ဘဘ ရှာဖွေထားရစ်ခဲ့တာလေးတွေပေါ့ကွယ်။” လို့ မျက်ရည်လေးစမ်းစမ်း သနားစဖွယ် အလွမ်းသယ်တဲ့အခါ အင်မတန်မှကို လူကြားလို့ကောင်းတဲ့စကား မှန်သောသစ္စာ စကားပါပဲ။ တကယ်လို့များ အဲသလို မဟုတ်ပဲ သူကိုယ်တိုင် ကျားစီးဖားစီး ကျောင်းဆရာအလုပ်နဲ့ သည်စည်းစိမ်တွေ ရှာထားတာဆိုရင်တော့ မြတ်စွာဖျား လို့သာ တရမယ့်ပုံ။ ကျောင်းဆရာမှန်ရင် ဆင်းရဲရမှာပေါ့ လို့ မဆိုလိုပါဘူး။ ကျောင်းဆရာတစ်ယောက် (ကျူရှင်ဆရာ မဟုတ်) အရမ်းအရမ်းကို ချမ်းသာလာတယ်ဆိုရင် လူကြားလို့ မကောင်းဘူး လို့ သိစေချင်တာပါ။ (ဆရာဝန်လည်း တူတူပဲပေါ့နော်) ကျောင်းဆရာလခဟာ စိန်ဝယ်ရင် ဒညင်းသီးဆားရေစိမ်ပဲ ရပါမယ်။ နိုင်ငံနဲ့အ၀ှမ်း မိုးခါးရေသောက်နေတဲ့အချိန်မှာ မ၀ရေစာ စားနေကြရတဲ့ ကိုယ့်ဆရာ ဆရာမများကိုမှ လက်ညှိုးငေါက်ငေါက် မထိုးရက်ပါဘူး။ ကိုယ့်ဆရာဆိုကတည်းက ကိုယ့်ထက် မာနကြီးပြီး ကိုယ့်ထက် အစွန်းအထင်း မခံနိုင်တဲ့သူတွေချည့်ပါပဲ။ ကိုယ်တောင် သည်လိုစိတ်ဓါတ် သူတို့သင်ပေးလို့ရတာပဲဟာ။ ဒါပေမယ့် ဆရာတို့ ဆရာအချင်းချင်းထဲမှာ ဘယ်လိုတွေ ဖြစ်နေသလဲဆိုတာ ဆရာတို့ ဆရာမတို့က ပိုသိမှာပါ။ ကိုယ်တွေက အပြင်လူ မဟုတ်လား။

             ကိုယ်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားတဲ့အထဲမှာ ချန်ပီယံ တံခွန်စိုက်ပါတယ်။ လာဘ်စားတယ်ဆိုတာ သုံးသိန်းလောက်ဆိုရင်သာ အသံမြည်တာ။ သိန်းသုံးထောင်လောက် စားလိုက်ရင် ဘာအသံမှ မကြားရတော့ဘူး။ တကယ်လို့များ အဲသည်လူကြီးတွေလို တိုက်ခန်းတွေ၊ မြေကွက်တွေ၊ ကွန်ဒိုတွေ မဲပေါက်ပြီးရင်း မဲပေါက်နေလို့ကတော့ တို့ဆရာ ဆရာမတွေလည်း လခ ၂၅% တောင် မဟုတ်ဘူး။ ၁၀၀% လုံး လှူတယ်။ တစ်ပြားမှ မပေးနဲ့ လို့ ရေစက်ချနိုင်မှာပါပဲ။ အခုတော့ အခုအတိုင်းပဲ ကောင်းပါတယ် ကောင်းပါတယ်ပေါ့လေ။ ဆန်ခိုးမှ မမိတာ။ ဖွဲခိုးလာမဖမ်းနဲ့။ ရှင်ငရဲကြီးလိမ့်မယ်။ အဲ့ဟယ် အဲ့ဟယ်။ လို့ ဆိုလိုက်ရင် ကိုယ့်ဆရာ နဲ့ ကိုယ့်တပည့်တွေပဲဟာကို။ လိုရာကိုယူ ကြည်ဖြူပါတယ်။ တစ်ခုပဲ ကြောက်တယ်။ ကလေးတွေကတော့ လိုက်အတုခိုးမှာ အမှန်။ အခုတောင် အဲသလိုမှ မလုပ်နိုင်ရင် နှုန်းကွာစံလွဲ အရှက်တကွဲ အကျိုးနည်း ဖြစ်စရာ လို့ မြင်ကုန်ပြီ။

           လက်ရှိအချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အင်မတန် ကောက်ကျစ်သော၊ ယုတ်မာသော၊ လှည့်ဖြားတတ်သော သူတော်ကောင်းဥစ္စာ နဲ့ ကင်းကွာသူကြီးတွေ၊ (ဆိုကြပါစို့ကွယ်) ၀က်ဝက်ကွဲ Corrupted ဖြစ်သောသူကြီးတွေ လက်ညှိုးထိုး မလွဲအောင် ရှိတယ်။ ရှိပါစေလေ။ သူတို့က သိပ်ကြောက်စရာ မကောင်းပါဘူး။ နောင် အနှစ်သုံးလေးငါးဆယ်ဆို ဘယ်သူမှ ကျန်မှာ မဟုတ်တော့ဘူး။ သင်္ခါရက သူ့ဟာသူ စီမံပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ မယဉ်ကျေးမှုအမွေတွေကို နောင်လာနောက်သားကလေးတွေ လက်ဆင့်ကမ်းအမွေဆက်ခံယူရင် သည်အကျင့်ဆိုးတွေက ကမ္ဘာဆုံးတိုင် သံသရာလည်နေဦးမှာပါ။ သည်အမူအကျင့်ဆိုး၊ အယူအဆဆိုး၊ ဓလေ့စရိုက်ဆိုးတွေက ဒေါ်စုတက်လည်း မပျောက်၊ ဘစိန်တက်လည်း မပျောက်၊ စစ်တပ်က အာဏာသိမ်းပလိုက်လည်း မပျောက်၊ ဘယ်သူတက်တက် ပျောက်မယ့်လမ်း မမြင်ပါဘူး။ အခုလက်ရှိ စာသင်ခန်းအတွင်းမှာ ရှိတဲ့ ဆရာတွေ ဆရာမတွေမှတပါး၊ သိကြားမင်းကြီးတောင် မတတ်နိုင်ပါဘူး။

            Corruption ကို တိုက်ဖျက်ဖို့ တစ်ခုတည်းသော နည်းလမ်းကောင်းက မျိုးဆက်သစ်လူငယ်တွေကို Corruption မကောင်းကြောင်း၊ မကျင့်သုံးအပ်ကြောင်း၊ ချွင်းချက်မထားအပ်ကြောင်း၊ ရှက်စရာကောင်းကြောင်း သင်ကြားပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့ဆိုတော့ အခုလက်ရှိအချိန်မှာ ကိုယ်အပါအ၀င် မြန်မာလူမှုအသိုင်းအ၀ိုင်းတစ်ခုလုံးဟာ Corruption ကို ခိုးစားရင် ချိုမြိန်သောအသီး၊ ဓနနဲ့ဖုံးရင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ရတဲ့အရာ၊ သည်အရိပ်သုံးပါးကလေးမှ နားမလည်ရင် လောကကြီး လူလုပ်လို့မရတဲ့ ချို့ယွင်းအားနည်းချက်၊ အဲ့သလိုပဲ ခံယူနေကြပါပြီ။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး Corruption နဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည်ညိုလေးစားလွန်းလို့ ပြားပြားဝပ်နေအောင် ထိုင်ရှိခိုးတဲ့ အစဉ်အလာ ဖြစ်နေပါပြီ။  ဘုန်းကြီးသာ ခလုပ်တိုက်သွားမှာ အဘလာရင် လက်အုပ်ကချီပြီးသား။ မကင်းလေ၊ ချမ်းသာလေ။ ရိုကျိုးလေ။ (အကုန်လုံးတော့ မဆိုလိုဘူးပေါ့နော်) သူတို့တော့ ဘာမှသွားလုပ်ဖို့ မစဉ်းစားနဲ့တော့။ အိုသေအောင်သာ စောင့်လိုက်တော့။ (နင်အရင်သေဖို့ နီးနေပြီ တဲ့ သားကို)

           လက်ရှိအစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ချင်တယ် ဆိုလို့ရှိရင် ကော်မရှင်ဖွဲ့ဖို့ မလိုပါဘူး။ ဥပဒေလည်း နောက်ထပ်မတိုးပါနဲ့တော့။ ရှိပြီးသားနဲ့ လုံလောက်ပါတယ်။ ကျောင်းဆရာ ဆရာမများကို အူမတောင့်အောင်ကျွေး၊ သီလစောင့်နိုင်အောင်ပေးပြီး အာစရိယဂုဏော နဲ့ အညီ အတတ်လည်းသင် ပဲ့ပြင်ဆုံးမစေဖို့ပဲ လိုပါတယ်။ သူတို့မှ မသင်ရင် ဘယ်သူကမှ သင်မယ့်သူ မရှိတော့တာပါ။ ပညာရေးလောကထဲမှာ ဘယ်လောက် ဗြောင်းဆန်အောင် ခံစားနေရသလဲဆိုတာ ပညာရေးဝန်ထမ်းတွေထက် ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ ပွင့်သောပန်းတိုင်း ပိုးကိုက်နေသော်လည်းပဲ ပညာရေးနယ်ပယ်ကတော့ အဖူးအငုံ အညွန့်အတက်ကလေးတွေမို့လို့ အလေးအနက်ထား ထိန်းသိမ်းမှသာ အနာဂတ် လှပပါလိမ့်မယ်။ Corruption ကို စတိုက်ချင်ရင် ပညာရေးဘက်က ဦးတည်လိုက်တာဟာ ဆရာစော်ကား ငရဲလားမယ့် ကိစ္စ လို့ မမြင်စေချင်ပါဘူး။ ဆရာကောင်းတပည့်တွေ ပန်းကောင်းပန်နိုင်ဖို့ အနာဂတ်ကို ပျိုးတာလို့ သဘောထားစေချင်ပါတယ်။ ဖြူစင်တဲ့ဆရာတွေက သွန်သင်တော့ ဖြူစင်သောတပည့်များ ထွက်လာတာပေါ့ဗျာ။ အဲဒီအတွက် ဘယ်အရာဟာ အဖြူ လို့ ဆရာတွေကို စသင်ပါရစီ။ မူရင်းကောင်းမှ မိတ္တူကောင်းမှာမို့လို့ ကိုယ်တို့ဆရာဆရာမကလေးတွေကို တန်ဖိုးထား ထိမ်းသိမ်းသောအားဖြင့် ပညာရေးနယ်ပယ်မှာ ခြစားမှုကင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ တို့အဘတွေဆီတော့ ဆုမတောင်းရဲပေါင်ကွယ်။ သူတို့က “ပွင့်သောပန်းတိုင်း လန်းပါစေ” လို့ ဆိုရင် “အင့် … ဆာဒူးကြီး ယူသွား” လို့ ပေးလိုက်မှာ။

Monday, May 26, 2014

“ဘယ်ယိုင်ကာ ညာကိုင်နင်းမယ် မင်းလိုက်ခဲ့လေး”

 
 
May 25, 2014 at 5:00am
          အင်္ဂလိပ်စာ၊ ဂျပန်စာသင်နေတဲ့ သမီးက “leftist” ဆိုတဲ့စာလုံးကို ကိုယ့်ဆီလာမေးတော့ သူနားလည်အောင် ဘယ်လိုရှင်းပြရမှန်းမသိပါဘူး။ “ဘယ်ကျော်” မဟုတ်တာတော့ သူ့ဖာသာသူလည်း သိပါတယ်။ “လက်ဝဲသမား” လို့ ပြောရင် သူနားလည်မှာ မဟုတ်သလို “ကွန်မြူနစ်” လို့ ပြောရင်လည်း အစိုးရက ပေးသိထားတဲ့အတိုင်း သူပုန်သူကန်၊ မြေအောက်အကြမ်းဖက်သမား၊ အလကားနေ တိုင်းပြည်ကို ဆူပူအောင် လှုံဆော်ချင်နေတဲ့သူ၊ လူထူရာ ဗုံးထောင်ဖို့ချောင်းနေတဲ့သူလို့ ထင်သွားမှာ စိုးပါတယ်။ အံ့သြစရာပါပဲ။ ကိုယ်တို့နိုင်ငံဟာ ဆိုရှယ်လစ်ဝါဒနဲ့ လမ်းစဉ်ပါတီကြီးဦးဆောင်တဲ့ လက်ဝဲကမ္ဘာက နိုင်ငံငယ်တစ်ခုဖြစ်သော်လည်းပဲ ကွန်မြူနစ် လို့ဆိုလိုက်ရင် အပြင်းစားဝါဒ၊ အဖေအမေကိုတောင် ပြန်သတ်တဲ့ အဇာတသတ်တွေ မွေးထုတ်ပေးတဲ့ဝါဒ၊ ဘုရား၊ တရား၊ သံဃာကို အယုံအကြည်မရှိတဲ့ဝါဒ၊ ဖြုတ်ထုတ်သတ်ဝါဒ လို့ ခေါင်းထဲကိုစွဲနေအောင် ရိုက်သွင်းထားခဲ့တာ ဖဆပလခေတ်ကတည်းကစလို့ ကနေ့ထက်တိုင်အောင်ပါပဲ။ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဦးနေ၀င်းတို့ ဦးနုတို့ခေတ်မှာ အင်အားကြီးကြီးမားမား အတိုက်အခံပါတီဖြစ်လို့ရယ်၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသွားတာရယ်ကြောင့် အဲသည်ပါတီကို နှိမ်နှင်းတဲ့အခါ သူတို့ဘက်က ဘာလုပ်လုပ်၊ အမျိုး ဘာသာ၊ သာသနာအတွက်လုပ်တာလို့ လူထုထောက်ခံမှုရချင်တဲ့အတွက်၊ ဟိုတစ်ဘက်က မချေပနိုင်တဲ့နေရာမှန်သမျှမှာ တဘက်သတ် တံဆိပ်ကပ်ပြီး နံမယ်ဖျက်ထားတာ ဖြစ်မှာပဲ လို့  တွေးမိပါတယ်။

          လက်စသတ်တော့ အခုမှပဲ အရောင်ပေါ်လာတော့တယ်။ သည်ငတိက ကွန်မြူနစ်ဝါဒီ ဖောက်ပြန်ရေးသမားပဲ လို့ ကိုယ့်ကိုယ်လည်း တံဆိပ်လာကပ်ကြတော့မယ် ထင်ပါတယ်။ ကြိုက်သလိုထင်ပါလေ။ ကိုယ်ကတော့ ကွန်မြူနစ်ဖို့နေနေသာသာ၊ သူတို့ဘာသူတို့ မဇ္ဇိမပဋိပဋာလမ်းစဉ် လို့ အသံကောင်းဟစ်နေတဲ့ ဆိုရှယ်လစ် ကိုတောင် သူများတွေ လေသံတောင် မသလပ်ဝံ့ခင် ကလေးဘ၀ကတည်းက အယုံအကြည် မရှိခဲ့ပါဘူး။ ဘာလို့ဆိုတော့ သူတို့ပြောသမျှ ကွန်မြူနစ်ဆိုတာတွေက ကိုယ်တိုင်မြင်ဖူးတာလည်း မဟုတ်ဘူး။ ဆိုရှယ်လစ်တွေ ဘယ်လောက်ဖောက်ပြန်သလဲဆိုတာကျတော့ မျက်ဝါးထင်ထင်တောင် မကဘူး။ သုမနကျောမှာ ဒဏ်ရာတွေနဲ့။ အခုဆို မဆလ လို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးတောင် သူ့လမ်းစဉ်ကို အတိအလင်းစွန့်လွှတ်လိုက်ပြီး တစည တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လို့ ပြောင်းခေါ်လိုက်ပြီ။ ဘယ်လိုခေါ်ခေါ်ပါလေ။ နံမည်ကလေး ပြောင်းခေါ်လိုက်ရုံနဲ့ ဤ က ကျွဲ ဖြစ်မသွားမှန်း သည်ကနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ အဲသည်ပါတီကြီး ဘယ်နေရာက ပါသလဲ ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။

           သည်လိုဆိုတော့ ကိုယ်တို့တိုင်းပြည်ကြီးဟာ လက်ဝဲ၀ါဒီ၊ အနီရောင်အလံကလေးနဲ့ မဟုတ်တော့တာ သေချာနေပါပြီ။ (မနီ့တနီပေါ့လေ။ ပန်းနုရောင်လေး) အရင်တုန်းက ကိုယ်တို့ရဲ့ အားကိုးအားထားပြုရာ ကျောထောက်နောက်ခံ တရုတ်တို့ ဆိုဗီယက်ယူနီယံတို့ဘက်ကရော ဘယ်လိုများ မြင်ကြမလဲ မသိဘူးနော်။ နိုင်ငံရေး သစ္စာဖောက်၊ ဖောက်ပြန်ရေးသမား၊ ဓနရှင်လက်ဝေခံ၊ အလို စဉ်းစားလို့ရသမျှ နံမယ်တွေ ကုန်တောင် မကုန်နိုင်ဘူး။ အခုဆို သူတို့ရဲ့ မဟာရန်သူ အမေရိကန်ကြီးတွေကို အိမ်ခေါ်ပင့်ဖိတ် ဧည့်ထောက်ခံနေကြလို့ တော်တော်တောင် မျက်စိစပါးမွှေး စူးလှရော့မယ်။ ပြောရရင်တော့ သည့်ထက်အသည်းနာစရာတောင် ကောင်းမလား မသိဘူး။ ကားလ်မာ့ခ် တို့ အိန်ဂျယ်တို့ မက်ခဲ့တဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ သာတူညီမျှ အိပ်မက်နန်းတော်ကြီးဟာ ကိုယ်တို့မြန်မာပြည်က ၈၈ အရေးအခင်းကစခဲ့လို့ “အို ဟိုး … ဟိုမှာကြည့်စမ်း ကိုယ့်ရဲ့နန်းတော် ပြိုကျခဲ့ပြီ” ဖြစ်လာတာ။ ကိုယ်တို့ဆီမှာ ပါတီကောင်စီအစိုးရကနေ စစ်အစိုးရအဖြစ်ကို ပြောင်းခဲ့သလို တရုတ်ပြည်မှာ တီအန်နန်မင်စကွဲယားမှာ လူပေါင်းထောင်ချီ သေဆုံးတဲ့ အရေးအခင်းကြီး ဖြစ်လာတယ်။ နိုင်ငံရေးပေါ်လစီတွေ ပြုပြင်ပြောင်းလဲခဲ့ရတယ်။ ဆိုဗီယက်ယူနီယံဆိုတာကြီးကတော့ မုန့်လေပွေ ခွေးနင်းသလို မဖြစ်ဖို့ မနည်းကြီးကို တောင့်ခံစုစည်းထားရတယ်။ ရုရှားဖက်ဒရေးရှင်း ဖြစ်သွားပြီ။ ဒါတောင် အနောက်ဘက်ပိုင်းက ပဲ့ပဲ့လိုက်လာတာ ခုထက်ထိ အဖတ်ဆည်မရသေးဘူး။ လိပ်ပြာတောင်ပံခတ်သံ (Butterfly effect) လို့ ကဗျာဆန်ဆန် ခေါ်ချင်ခေါ်ပါလေ။ ကိုယ်တို့ဆီက မဆိုစလောက် အပြောင်းအလဲကလေးဟာ သူတို့ကမ္ဘာမှာကျတော့ သက်ရောက်မှုပြင်းထန်တတ်လို့ ခုလောက်ဆို ကိုယ်တို့ကို “သည်ငတတွေ ဘာများမတော်မတည့် ပေါက်တတ်ကရတွေ လျှောက်လုပ်ဦးမှာလဲ” လို့ နှစ်ဘက်စလုံးက မျက်လုံးဒေါက်ထောက် ကြည့်နေလောက်ပြီ ထင်ပါတယ်။

           တချိန်တုန်းက စူပါပါဝါနဲ့ အနောက်အုပ်စုကို တောင့်ခံထားတဲ့ လက်ဝဲကမ္ဘာဟာ သည်ကနေ့အခါမှာ တော်တော်လေး ယိမ်းယိုင်ချည့်နဲ့လာပြီ လို့ တွေးစရာပါပဲ။ ရုရှားကြီးခမျာ ဘုန်းလက်ရုံးတွေ ကျသွားလိုက်တာ။ သူ့ဆီက KGB တွေ ဂျိန်းစဘွန်းကားထဲတောင် လူကြမ်းလုပ်မရတော့ဘူး။ မင်းသမီးလေး ကယ်ချင် မြောက်ကိုရီးယားမှာ သွားကယ်ရတယ်။ လူလည်ကျတဲ့ ပေါက်ဖော်ကြီးတွေကတော့ ပိုက်ဆံကုန်တဲ့ စစ်မတိုက်ပဲ ပိုက်ဆံရတဲ့ စီးပွားရေးကို နင်းကန်လုပ်နေလို့ သူ့ပဲ ကြောက်နေကြရတယ်။ သူတို့အနောက်ကမ္ဘာမှာ ဘာနည်းပညာ အသစ်တွေပေါ်ပေါ် တရုတ်တွေဆီရောက်သွားရင် ပေါပေါပဲပဲ အိမ်ပေါက်စေ့ အရောက်ပို့နိုင်လို့ တစ်ကမ္ဘာလုံးမှာ ကြိမ်ရေအများဆုံး ပုံနှိပ်ဖော်ပြခံရတဲ့ အင်္ဂလိပ်စကားလုံးဟာ သုံးလုံးပဲ ရှိသတဲ့။ “Made in China” ဆိုပဲ။ ကျန်တာတွေကတော့ မဖုတ်လောက် မသုတ်လောက်တွေပဲ ရှိတော့တယ်။ မြောက်ကိုရီးယား ရွှေအိုးစည်ကလေးရယ်၊ လာအို၊ ကမ္ဗောဒီးယား နဲ့ ဗီယက်နမ်ကတော့ အနီရောင်ကျွတ်ကုန်တဲ့ အထဲမှာပါတယ်။ အခုဆို ကိုယ်သမီးကို ရှင်းပြစရာ ကွန်မြူနစ်ဝါဒဆိုတာတောင် ခေါင်းမွှေးဖြူအောင် စဉ်းစားနေရတယ်။ နောက်ဆို သူတို့လည်း သိမှသိပါတော့မလား မဆိုနိုင်ဘူး။

           လူတွေက ဘယ်လိုပဲ ထွေလီကာလီ ခလောက်ဆန် ဖောက်ပြန်တတ်သော်ငြားလည်း လောကကြီးကတော့ သူ့ဟာသူ ဟန်ချက်ညီအောင် ပြန်ပြန်ထိမ်းတယ်နဲ့တူပါတယ်။ ပစ္စည်းမဲ့ လူတန်းစား အာဏာရတဲ့ လက်ဝဲ၀ါဒဟာ ကိုယ်တို့အရှေ့ကမ္ဘာမှာ မအောင်မြင်သလိုလိုနဲ့ သူတို့အနောက်ကမ္ဘာမှာ နောက်ဖေးပေါက်ကနေ ရာဇပလ္လင်ပေါ်ရောက်သွားပြီ။ ဓနရှင်ဝါဒရဲ့ အစိုးရအဖွဲ့ထဲမှာ အောက်ခြေလူတန်းစားတွေဟာ ခိုင်ခိုင်မာမာ အမြစ်တွယ်ပြီး နေရာရလာတယ် လို့ ပြောချင်တာ။ လူချင်းအတူတူပေမယ့် လူ့အခွင့်အရေးတွေမရလို့ သမိုင်းတင်ကာစခေတ်ကတည်းက တိုက်ပွဲဝင်အရေးဆိုလာခဲ့ရတဲ့ လူမည်းအမျိုးသားထဲကနေ အမေရိကန်သမ္မတကြီး ဖြစ်လာတာ မြင်တဲ့အတိုင်းပဲ။ မာတင်လူသာကင်းကြီးပြောတဲ့ “I have a dream.” ဆိုတာ အခုတော့ တကယ်ဖြစ်လာပြီ။ ဖြစ်လာတာမှ Discrimination လို့ ခေါ်တဲ့ လူမည်းဖြစ်တဲ့အတွက် ခွဲခြားနှိမ့်ချ ဆက်ဆံခံရတဲ့ဘ၀က လွတ်မြောက်လာရုံတင် ဘယ်ကမလဲ။ Positive Discrimination လို့ ခေါ်တဲ့ လူမည်းမို့လို့ မျက်နှာသာပေး အရေးပေးခံရတဲ့ဘ၀ကိုကို ရောက်လာတာ။ တကယ်လို့များ အိုဘားမားကြီးဟာ သမားရိုးကျ လူဖြူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သမ္မတတောင် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ လူမည်းမို့လို့ သူတို့နိုင်ငံဟာ လူမည်းတွေအပေါ် နှိမ်မထားပါဘူးဆိုတာ တစ်ကမ္ဘာလုံးသိအောင် ပြချင်လို့ တမင်တကာဆိုတဲ့မဲတွေနဲ့ သူ သမ္မတ ဖြစ်လာတာလို့ ထင်တာပဲ။ ကိုယ်တို့ဆီမှာ ရှမ်းအမျိုးသားကြီးတွေ သမ္မတ၊ ဒုသမ္မတ တင်သလိုပေါ့။ (နေရင်းထိုင်ရင်း ပိန္နဲပင်ကလည်း ဆွဲဆွဲထည့်ရသေးတယ်။)

           အလားတူ ခေတ်ရေစီးကြောင်းမျိုးကို လောလောလတ်လတ် ရွေးကောက်ပွဲလုပ်သွားတဲ့ အိန္ဒိယမှာလည်း တွေ့လိုက်ရသေးတယ်။ အင်မတန် ဇာတ်စံနစ်ခွဲခြားတဲ့ အိန္ဒိယမှာ ဇာတ်နိမ့်တစ်ယောက်က ၀န်ကြီးချုပ် ဖြစ်လာတော့မတဲ့။ အရင်တုန်းကဆိုရင်တော့ ကြားသားမိုးကြိုး လို့ ပြောလို့ရတယ်။ ခုခေတ်မှာတော့ မအံ့သြတော့ဘူး။ ခေတ်အဆက်ဆက် ထိပ်ပေါ်ကတက်နင်းထားတဲ့ ဓနရှင် အာဏာရှင်တွေကို ပြည်သူလူထုက စိတ်ကုန်လာပြီး ဖိနှိပ်ခံ အောက်ခြေလူတန်းစားကိုပဲ ပိုပြီးယုံကြည်လာတဲ့သဘောပေါ့။ ထိုင်းမှာ ယင်လတ်တို့ မောင်နှမ ကံဆိုးမိုးမှောင်ကျရတာလည်း အဲသည်သဘောပါမယ် ထင်ပါတယ်။ တကယ်တမ်းကျ သူတို့မိသားစုက တရုတ်အဆက်အနွယ် ခရိုနီပညာတတ် အေးလိကြီးတွေ မဟုတ်လား။

           ကိုယ်တို့မြန်မာပြည်မှာတော့ စစ်အစိုးရက အာဏာရှင်စံနစ်နဲ့ ဗိုလ်ကျစိုးမိုးလာခဲ့ကြတာ ၁၉၆၂ ကတည်းက လို့ ပြောလေ့ရှိကြပါတယ်။ ကိုယ်ကတော့ အဲသလို မထင်ပါဘူး။ ကိုယ်တို့ဆီမှာလည်း ပစ္စည်းမဲ့လူတန်းစား အာဏာရတဲ့ စံနစ်ထွန်းကားပါတယ်။ သေသေချာချာ မစဉ်းစားမိလို့ပါ။ တစ်နိုင်ငံလုံးက ခါးခါးတူးတူး မုန်းလှပါတယ်လို့ ရွှေမေတ္တာထားတော်မူကြတဲ့ ဦးသန်းရွှေဟာ သီပေါမင်းရဲ့ နန်းရိုးနန်းဆက် မှ မဟုတ်တာ။ စာတိုက်စာရေးကလေးဘ၀က လာတာလေ။ သူ့ခမျာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုပေမယ့် ဗိုလ်သင်တန်းဆင်း အဖြစ်နဲ့တောင် ဘ၀က စခဲ့ရတာ မဟုတ်ဘူး။ သူအာဏာရသွားတာကို ပစ္စည်းမဲ့လူတန်းစားအာဏာရသွားတာ မဟုတ်ဘူးလို့ ငြင်းနိုင်ရင် ငြင်းလေ။ (အာဏာရပြီးတာနဲ့ အကြီးဆုံး ဓနရှင်ကြီး ဖြစ်သွားတာကိုလည်း သည်က မငြင်းပါဘူး။)

            သူတင်မကဘူး။ လောလောဆယ် ထိပ်ဆုံးက တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘိုးတော်ဘတော်ကြီးများဟာ ခုမှသာ ရတနာစိန်ကျောက် ဇယ်တောက်ပြီး ကစားနိုင်ကြတာ ငယ်ငယ်ကတော့ မန်ကျည်းစေ့တောင် အနိုင်နိုင်ရယ်။ သမ္မတကြီးဦးသိန်းစိန်တောင် ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ လေးမျက်နှာအနားက ရွာသေးသေးကလေးကနေ ဆရာတော်ဘုရားအထောက်အပံ့နဲ့  မြို့တက်စာသင်ဖို့လွှတ်လိုက်တဲ့ ပညာတော်သင်ကလေးလေးတွေထဲက တစ်ယောက် လို့ ဆိုပါတယ်။ (သာဓုပါ ဆရာတော်။ အမျှော်အမြင်ကြီးပါပေတယ်) မြန်မာပြည်မှာ ဆင်းရဲသားကျောမွဲ၊ ဓနဥစ္စာ ဉာတကာ အင်အားမရှိရင် လူမွှေးလူတောင် ပြောင်ဖို့မလွယ်ဘူးဆိုတာ လုံးဝမှားတာပေါ့နော်။ ဗိုလ်ချုပ်တွေအားလုံး ငယ်ငယ်က ဖင်တုန်းလုံး လို့သာ မှတ်လိုက်ပါ။ ဒါကြောင့် မြန်မာပြည်ဟာ ပစ္စည်းမဲ့လူတန်းစားတွေ အာဏာမရနိုင်ဘူးလို့ ပြောလာရင် သည်နေရာက အခိုင်အမာ ငြင်းဆိုပါတယ်။

           တစ်ခုပဲ ရှိတယ်။ အာဏာရသွားတဲ့ ပစ္စည်းမဲ့လူတန်းစားတွေက ကိုယ့်လူတန်းစားအပေါ် ကိုယ်ပြန်မစောင့်ရှောက်ကြတာ။ ကိုယ်ငယ်ငယ်က ဘယ်လိုကြီးပြင်းခဲ့ရသလဲ ဘ၀မေ့ကုန်တာ လို့ ပြောရင်ရမယ် ထင်ပါတယ်။ “စတော်ဘယ်ရီ ချယ်ရီ့ရောရင် တော်ဆန်ရုံလူပင် …” ဆိုတော့လည်း ဆီးသီးကလေးကို “အဲ့ဒါ ဘာလေးလား။” ဖြစ်ကုန်တာပေါ့လေ။ ဆိုလိုတာကတော့ ပစ္စည်းမဲ့လူတန်းစားဆိုတာ အာဏာရသွားရင် ဓနရှင်ဖြစ်ဖြစ်သွားလို့ ကိုယ်လိုပစ္စည်းမဲ့ကျောမွဲတွေကို ညှာတာနိုင်ဖို့ ခဲယဉ်းတယ် လို့ ပြောချင်တာပါ။ တို့ရွာသားလေး ရှင်ဘုရင်ဖြစ်ရင် တို့ရွာကလေး မီးလင်းမယ်။ ရွာဦးက ဘုရားလေး ထုံးသင်္ကန်းကပ်နိုင်မယ် လောက်ပဲ မျှော်လင့်ထားပါ။ ပြည်လုံးချမ်းသာတော့ မျှော်လင့်မထားနဲ့။ ကျော်ဟိန်းကြီးတောင် လက်လျှော့ပြီး ဘုန်းကြီးဝတ်သွားပေါ့။ နောက်ဆုံးတော့ ဗုဒ္ဓတရားတော်နဲ့အညီပေါ့လေ။ အတ္ထာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာ လို့ သဘောထားပြီး ကိုယ့်ဘာသာကိုယ် အာဏာရအောင်ပဲ ကြိုးစားကြတာပေါ့။ ဟုတ်ဘူးလား။ အားတက်စရာကတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး။ နောင်တစ်ချိန်မှာ နာဂစ်သားကောင် လူမမယ်ကလေးတွေထဲက နိုင်ငံ့အကြီးအကဲ ပါမလာဘူးလို့လည်း မပြောနိုင်ဘူး။ လူတိုင်း ထီပေါက်နိုင်ပါတယ်။ ထီထိုးဖို့ပဲ လိုတာပါ။ (နောက်ဆို စိုးမိုးကျော်မှာ ပလယ်ဇန်တာသွားလုပ်မယ်)

            ကဲ နှစ်ကျပ်ဖိုးနဲ့ သိန်းထီထိုးလိုက်ကြရအောင်ဗျာ။ နှစ်ကျပ်ကွက်လေး ရိုက်ကြည့်ရအောင် လို့ ပြောချင်လည်းပြော။ (နှစ်ထောင်ဖိုးဆို အကွက်တစ်ထောင် ၀င်မှာ ဘဥာဏ်ရဲ့။) ဆင်ဖြူတော် ပြုတ်မစားခင် အိုးအရင် ရှာလိုက်ကြတာပေါ့နော်။ ပစ္စည်းမဲ့လူတန်းစား ဆင်းရဲသားကျောမွဲဆိုတာ အလကားနေရင်း ရှင်ဘုရင် သမ္မတဖြစ်သွားစရာတော့ မရှိဘူး။ ဖြစ်ချင်လာရင် ဖြစ်နိုင်လောက်သော အရည်အသွေး၊ ကံ၊ ဥာဏ်၊ ၀ီရိယ ပြည့်စုံမှ ရတယ်။ အဲ့ဒါကို အီးကလက်က ဟိုဆရာကြီးတွေ ပြောသလိုပြောရရင် “Capacity Building” တဲ့။ (ဘာရယ်လို့ ဟုတ်ဘူးလေ။ လူရှိန်အောင် ပြောကြည့်တာ။ အဟိ) ရှင်ဘုရင်လုပ်တယ်ဆိုတာ ဇာတ်သေတ္တာပလ္လင် ပေါ်တက်ထိုင်ချင်တောင် “ငါ၏အပါး မြဲခစားတဲ့ မူးမတ်က၀ိန် သုခမိန်တို့ …” ဘာဖြစ်တယ် ညာဖြစ်တယ် ဇာတ်စာ ဇာတ်စကားကလေး အလွတ်ကျက်ထားရတယ်။ အခု အပြင်မှာ အရှင်လတ်လတ်ကြီး မင်းလုပ်မတ်လုပ် လုပ်နေကာမှပဲ အပြောအဆိုက မတတ်သေးတော့ သူများက ၀င်ဝင်ဖာပေးနေရရင် အ၀ှာသည်မ လက်သုတ်ဖတ် ဖြစ်ကရော။ (ဆီသည်ဗျ ဆီသည်) ကိုယ့်စကားကို ငါ့စကားနွားရ ပြောနေလိုက်တာ။ ဘယ်ရောက်လို့ ရောက်ကုန်မှန်းလည်းမသိ။ သည်ကြားထဲ လိုချင်ရာကလေးတင် ဆစ်ပိုင်း ဖြတ်တောက်လို့ စာလုံးမည်းကြီးနဲ့ အရောက်ပို့မယ့် မီဒီယာဆရာသမားများနဲ့တွေ့တော့ နားကိုကားရော။ နောက်လာမယ့် မောင်ပုလဲကလေးတွေကို ပြောတတ်ဆိုတတ် ဖြစ်အောင် သတိပေးတာပါနော်။ ခုလူတွေအကြောင်း ဘာဆိုဘာမှ မပြောလိုပါဘူး။ မမ ကျွန်မကလေ။ သူများမကောင်းကြောင်းဆိုရင် နည်းနည်းလေးမှ မပြောတတ်တဲ့ မိန်းမ။ ခုဟာက သားသမီးချင်း စာနာလို့ မဖြစ်သင့်တာ မဖြစ်ရအောင် ပြောရဦးမယ်။ အဲသည် စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ကောင်လေးဟာလေ … ။” (အဲ့ဗျာ။ အခွေ မှားဖွင့်မိပြီ)

             အပြောလေးနဲ့တောင် သည်လောက် ရွာလည်နေတဲ့ကိစ္စ။ အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြရမယ်ဆိုရင်တော့ စစ်ပွဲတစ်ရာလည်း နွှဲလိုက်ချင်ပါတယ်ဆို စစ်တန်းလျား ပြန်ပြေးချင်စိတ် ပေါက်လာမယ်။ ရှင်ဘုရင်လုပ်တယ်ဆိုတာ မူးမတ်တွေကို စီမံပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတာပဲ။ အဲသည်မူးတွေမတ်တွေထဲမှာ ဘယ်သူ့ကို ဘယ်အတိုင်းအတာအထိ ယုံကြည်ထားမလဲ။ သူလည်း သူ့အလုပ်သူလုပ်တာ။ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တာ။  သူဖြစ်သူခံ ကိုယ်ဖြစ်ကိုယ်ခံ လို့ သဘောထားရင်တော့ ဘယ်သူ့ကြောင့်လှေနစ်နစ် ကိုယ်ပါရေထဲရောက်မှာ လို့ သတိရလိုက်ပါလေ။ အဲသည်မူးတွေမတ်တွေကလည်း ဇာတ်ထဲက၀န်တွေလို မိုက်ခွက်ရှေ့ ပါးစပ်အပ်ပြီး “မှန်လှပါဘုရား။ ဘုန်းတော်ကြောင့်…။” ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာ ရပို့လေးကြားကောင်းအောင် တင်နေရုံနဲ့ ပြီးသေးတာ မဟုတ်ဘူး။ သူတို့အောက်က ၀န်ကြီးဌာနကြီးတစ်ခုလုံးကို စီမံခန့်ခွဲ အုပ်ချုပ်ရတာ။ သူကရော သူ့အောက်က၀န်ထမ်းတွေကို ဘယ်အတိုင်းအတာအထိ မီးသေပြီး ဘယ်လောက်အကန့်အသတ်နဲ့ ယုံမှာလဲ။ အဲသည်ယုံကြည်အပ်သောဆိုတဲ့ ပြဿနာကြောင့် ဌာနအကြီးအကဲတွေ ပြောင်းတိုင်းပြောင်းတိုင်း၊ သူ့လူကိုယ့်လူ၊ ရုံခါဖျာခင်း၊ တပည့်မွေး ဆရာမွေးလုပ်ကြရတာ လက်ဟောင်းလက်ရှိ ဗြူရိုကရက်ယန္တရားကြီး ဖောက်လွဲဖောက်ပြန်ဖြစ်ရခြင်း အကြောင်းတရားပဲ ဖြစ်ပါတယ်။ သည်အထုံးကို မဖြေနိုင်ရင် ရှေ့ဆက် ဘာမှ လုပ်လို့မရဘူး။

            အဖြေကတော့ အစိုးရလုပ်မယ်ဆိုရင် အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန် ချင့်ချိန်သုံးသပ်နိုင်သော ဦးနှောက်ဥာဏ်ရည် မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ့်လူမို့ကိုယ်ယုံပြီး ခံလိုက်ရတဲ့ သာဓကတွေ တပုံကြီး။ ကိုယ်တို့ဆင်းရဲသား လူတန်းစားတွေ အာဏာကိုချုပ်ကိုင်ချင်ရင် (မဲတစ်ပြားစီနဲ့လည်း ချုပ်ကိုင်လို့ရပါတယ်) အဲသည်လို အမှားအမှန် ဝေဖန်နိုင်တဲ့ ဥာဏ်ရည် အရင်ရှိရမယ် မဟုတ်လား။ ရှိပလား။ ရှိလာနိုင်စရာ အကြောင်းနီးစပ်သလား။ ၉၆၉ အစိုးရသစ်ကြီး ပေါ်ထွက်လာအံ့ လို့ မျှော်လင့်နေသလား။ (အများစုကတော့ မျှော်လင့်တယ်ဗျ) အရိုးခံ အရှင်းအတိုင်း ရှိနေတဲ့ ပကတိသဘောတရားကိုတောင် နားလည်အောင် မတွေးနိုင်ရင် မသမာသူတွေ လှည့်ဖြားဖန်တီးထားတဲ့ ထောင်ချောက်တွေကို ဘယ်လိုလွတ်အောင် ရှောင်ကြမလဲ။ အစိုးရအဖွဲ့ကြီးအနေနဲ့ အဲသလိုမျိုး အလှည့်ဖြားခံရရင် တစ်နိုင်ငံလုံး ဆုံးရှုံးရမှာ မဟုတ်ဘူးလား။ အစိုးရရဲ့အလုပ်ဆိုတာ တစ်နိုင်ငံလုံးက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကိုင်တွယ်ဖြေရှင်းဖို့လည်း ပါပါတယ်။ (သိပါဘူး။ တို့က စားရုံလေး စားရမယ် မှတ်လို့) အဲဒီပြဿနာတွေကို ဦးနှောက်မသုံးပဲ ဖြေရှင်းလို့ ရသလား။ (ယတြာချေလိုက်မှာပေါ့။ လွယ်လွယ်လေး) ဦးနှောက်မပါပဲ တက်အုပ်ချုပ်ခဲ့တဲ့သူတွေ မမြင်ဖူးသေးဘူးလို့ ဆိုရင် မမြင်ဖူးတဲ့သူကိုယ်တိုင် ဦးနှောက်ပါမလာလို့ပဲ ဖြစ်လိမ့်မယ်။ (အရေးမကြီးပါဘူး။ ခေါင်းငြိမ့်ဖို့က ဦးနှောက်မလို။ ပါးစပ်ပါ စားလို့ရ ပြီးရော ဥစ္စာ)

              အဲ့လိုဦးနှောက်မရှိတဲ့သူတွေ ထင်သလို တက်အုပ်ချုပ်တာများ မင်းတို့မို့ အနှစ်လေးငါးဆယ် ခေါင်းငုံခံကြတယ် လို့ ပြောရင်လည်း ပြောကြပါ။ အကြောင်းကတော့ အဲသည်အနှစ်လေးငါးဆယ်လုံးလုံး သူတို့က ကိုယ့်ထက် ဥာဏ်ရည်သာနေလို့ လို့ အောင့်မေ့ပါတယ်။ အခုကိုယ်က သူတို့ကို တက်အုပ်ချုပ်ချင်သလား။ ဘာမှ စဉ်းစားမနေနဲ့။ သူတို့ထက် ဥာဏ်ရည်သာအောင်သာ ကြိုးစား။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ၆၀ကျော် အမယ်အိုကြီးကို သူတို့တစ်တပ်လုံး ဖိန့်ဖိန့်တုန်ပြီး နှစ်ရှည်နှစ်တို ဗျူဟာတွေခင်းပြီး မုန်းပင်တွေပျိုးခဲ့တာ ဟိုက သူတို့ထက် ဥာဏ်သာလို့ပါ။ ဥာဏ်ထက်အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ်ထားတဲ့ ယုံကြည်မှု၊ ကိုယ့်အပေါ် ပြည်သူကထားတဲ့ ယုံကြည်မှုပေါ့။ အဲ့ဒါအတွက်ကတော့ သီလ နဲ့ သိက္ခာ လိုပါတယ်။ ဒေါ်လာနဲ့ အိမ်ငှားစားတဲ့သူကြီးမှာ ရှိလို့လား။ (သူမသိ သူ့ယောက်ဖ သွားမေးချေ)

             ဆင်းရဲသားလေး ရှင်ဘုရင် ဖြစ်ချင်သပဆို လစ်ရင်လစ်သလို ခိုးစားတဲ့အကျင့်လေး အရင်ဖျောက်ရပါမယ်။ စာရိတ္တမဏ္ဍိုင်ဟာ ထိန်းသိမ်းရတာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ အခန့်မသင့်ရင် သူများစားနေခိုက် ကိုယ်က ငတ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အကြီးအကဲနေရာကို ရဖို့အတွက်ကတော့ အဲ့ဒီအခြေခံပါမလာရင် မဖြစ်ပါဘူး။ လူဆိုတာ တစ်ကျပ်တစ်ပြားသာ အိုက်တင်ခံနိုင်မယ်။ သိန်းပေါင်းထောင်သောင်းမှာတော့ “သည်နေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးရမလဲ” တောင် မေးစရာ မလိုပါဘူး။ ငါ့သီလကလေး သည်လောက် ဈေးကောင်းရ တော်ရောပေါ့ လို့ အောင့်မေ့တတ်ပါတယ်။ (နေဦးကွယ်။ နောက်မှ သမ္မတလုပ်နည်း နိဿရည်းဆို စာအုပ်ထုပ်ပြီး ရောင်းစားဦးမယ်။) စောစောက ပြောခဲ့တဲ့ Capacity Building မှာ အထက်ပါအရည်အချင်းတွေ ပြည့်စုံမှ သမ္မတဖြစ်ဖို့ အိပ်မက်ဆက်မက်ပါ လို့ ပြောချင်တာ။ နံပတ်တစ်က ဥာဏ်ရည် ရယ်၊ နံပတ်နှစ်က စာရိတ္တရယ်။ နံပတ်သုံးက တော်ကီကလေးရယ်။ ခေတ်ကြီးကိုက တက်ကျမ်းတွေ ရောင်းကောင်းတဲ့ခေတ်ဆိုတော့ ကိုယ်လည်းပဲ ဘာရယ် မဟုတ်။ လူငယ်လူရွယ်ကလေးတွေကို အိပ်မက်အကြီးကြီးမက်နိုင်အောင် နည်းပေးလမ်းပြ ဆရာကြီး လုပ်ကြည့်တာလေ။ ကွကိုယ်တော့ ဘယ်တက်ကျမ်းမှ မဖတ်ရဲပေါင်။ နေရာတကာ ဆရာတွေ များလွန်လွန်းလို့ မနည်းလွတ်အောင် ရှောင်နေရတယ်။ စကားပုံတောင် ရှိတယ်လေ။ “ဆရာများ ပန်းသေ” ဆိုလား။ အောင်မယ်ငှီး။ ကြောက်ချယာယီး ကြောက်ချာယီး။  
L