Saturday, February 2, 2013

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၄)


by May Thingyan Hein on Friday, February 1, 2013 at 8:50am ·
အပိုင်း(၄)

အဲဒီတုန်းက နယ်စပ်မှာ ကျောင်းသားစခန်းလေးတွေချည်းပဲ ၁၉ ခုလောက်ရှိပါတယ်။ ကျနော် အမှတ်မမှားရင်တော့ အဲလိုပဲ ကျောင်းသား စခန်းတွေဆောက်ရင်း နေရင်းနဲ့ပဲ ၈၈ နိုဝင်ဘာလောက်မှာပဲ ပထမဆုံး ကျောင်းသားညီလာခံလုပ်ဖြစ်ပါတယ်။

 ဒါ တကယ်တမ်းပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမားမှုပေါ့ အဲဒီတုန်းက တိုင်းရင်းသား တပ်ပေါင်းစု ဆိုတာ ရှိတယ်။ အဲဒီမှာ NDF( National Democratic Front) က ကမကထလုပ်ပြီးတယ်။ သူတို့က ဒီအတိုင်းနေလို့တော့ မဖြစ်ဘူး ကျောင်းသားတွေကိုတော့ဖြင့် စုစည်းပြီး စုံပေးလိုက်မှ ရမယ်ဆိုပြီး သူတို့ကစဉ်းစားတယ်။

ကျောင်းသားတွေကလည်း သူတို့ဟာ သူတို့အဖွဲ့အစည်း ဖွဲ့ချင်တာပေါ့လေ၊ ကျနော်တို့မှာလည်း  သပိတ်အရှိန်က မကုန်ဘူး။ သပိတ်အရှိန်က မကုန်ဘူးဆိုတာက အစိုးရ ၃ ဆက်ကို ဖြုတ်ချလာတာတို့ဘာတို့ပေါ့ဗျာ။

အဲဒီတုန်းက ကျနော်တို့ ကျောင်းသား အင်အားက ၂ သောင်းလောက်ရှိတယ်။ နှစ်သောင်းဆိုတာက တိုင်းရင်းသား အဖွဲ့ အင်အားထက်အများကြီး သာတယ်။ တကယ်တမ်းပြောရရင် ကိုယ့်အင်အားကလည်း မသေးလှတဲ့ ဟာမျိုးပေါ့။ နောက် ဗမာတွေလည်း ဖြစ်တယ်၊ အစိုး၇ကိုလည်း ဖြုတ်ချလာကြတာဆိုတော့ တိုင်းရင်းသားတွေဘက်က ကြည့်၇င်လည်း တမျိုးပေါ့။

အဲဒီမှာ သူတို့အမျှော်အမြင်ရှိတာက ကျနော်တို့ တွေကို ခွဲခြားခွဲခြား မလုပ်လိုက်ဘဲနဲ့ စုပေးဖို့အတွက်ကိုသူတို့က ကြိုးစားလိုက်တယ်။ ဒါကတော့ တိုင်းရင်းသားတွေရဲ့ အမျှော်အမြင်ကြီးမားမှုပေါ့ နိုင်ငံရေး အကင်းပါးမှုလို့ ပြောရမှာပဲ။
အဲလိုစုစည်းပေးလိုက်တဲ့အခါကျတော့ ကိုထွန်းအောင်ကျော်(မြောက်ပိုင်းတွင် အသတ်ခံရသော ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်-မဟုတ်ပါ) တို့ ဥက္ကဋ္ဌ ဖြစ်တဲ့ ပထမဆုံးကျောင်းသားညီလာခံ ဖြစ်ပေါ်လာခဲ့တယ်။

အဲဒီတုန်းကလည်း ကျောင်းသား ညီလာခံမှာ ဗကသ တွေ မကသ တွေ ရကသတွေကလည်း အုပ်စုတွေနဲ့ ကျောင်းသားညီလာခံမှာ ဘယ်သူ ဗိုလ်လုပ်မလဲပေါ့ဗျာ။ အဲလိုတွေဖြစ်ကြရင်းနဲ့ ကိုထွန်းအောင်ကျော်တို့ကြတော့ ကြားလူလို ဖြစ်ပြီး ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌ ဖြစ်သွားတယ်။

အဲဒီအချိန်ထိ ကျနော်က ABSDF ဗဟိုကော်မတီမှာ စပ်စပ် စပ်စပ် အရှိသေးဘူး။ ကျနော်က နယ်စပ်စခန်းမှာပဲ နေတယ်။ အဲဒီမှာ ယေဘူယျပြောလို့ရှိရင် ကျောင်းသားတော်တော်များများက နယ်စပ်ကိုလာမယ် စစ်သင်တန်းတက်မယ် ပြီးရင် လက်နက်ကိုင်ပြီး အစိုးရကို ပြန်ချမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လာခဲ့ကြတော့ တော်ရုံတန်ရုံက ပုဆိုး ၃ ထည် အကျီာင်္ ၃ ထည် အဲလိုမျိုးနဲ့ လာကြတာမျိုးပဲ များတယ်။ နောက် ကျနော်တို့ ရောက်ပြီး မကြာခင်မှ ဆောင်းရာသီလည်း ရောက်တော့ အနွေးထည်တို့ ဘာတို့လည်း မရှိနဲ့ ငှက်ဖျားတွေ ဘာတွေ ဖြစ်ကြတယ်။ လူအုပ်ကြီးကလည်း တော်တော်များတယ်။ စားစရာနဲ့ အနေအထိုင်ကလည်း ဆင်းရဲတယ်။

နိုင်ငံတကာက အဝေးရောက်ဗမာတွေ ကူတယ်၊ တိုင်းရင်းသားတွေကလည်း ကူတယ်ဆိုပေမဲ့ ကျနော်တို့ကျောင်းသားတွေရဲ့ စားသောက်ရမှု အခြေအနေတွေက တော်တော်ကို ဆင်းရဲပါတယ်။ နောက် လူအုပ်ကြီးကလည်း တော်တော်များပါတယ်။ ချက်တော့လည်း မိုးပြဲဒယ်ကြီးနဲ့ ၁၀ အိုးလောက်ချက်၊ ဟင်းကလည်း ပဲဟင်းရေကျဲပေါ့ဗျာ။ ဥပမာ သီဘောပိုးစခန်းမှာဆိုရင် မနက် ၆နာရီကတည်းက တသုတ်ပြီး တသုတ် ထမင်းစားကြတာ နေ့လည် ၁ ၂နာရီထိ မပြီးဘူး။ ဒါမျိုးပေါ့ဗျာ။

နောက် ဆန်တွေသယ်လာတဲ့ ဂုန်နီအိတ်တွေကတော့ ကျနော်တို့က စောင်လုပ်ပြီး အိပ်ပေါ့။ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း အိပ်ကြတယ်ဆိုတော့ လူတော်တော်များက တန်းညှိခံလိုက်ရသလို ဖြစ်သွားတယ်။ ဘယ်လောက် ချမ်းသာ ချမ်းသာ ဘယ်လောက် တော်တော် ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးပဲ ထိုင်ခဲ့ ထိုင်ခဲ့ မြို့ပေါ်မှာ ဆေး ဘယ်လောက် ချချ ဘယ်လောက်ပဲ သုံးနိုင်သုံးနိုင် ဒီမှာတော့ အားလုံးက မြေကြီးပေါ်မှာပဲ ဂုံနီအိတ်တထည်ဆီ ရမှာပဲ။ ဆန် ၄ လုံးခွဲကို စားပဲ။ ပဲဟင်းရေ ဒီလောက်ပဲ။ ငရုတ်သီး တတောင့်ပဲ ဆိုပြီး အဲလို တန်းညှိလိုက်သလိုပဲ။ အဲလိုဆိုတော့ ဘ၀ကို သိသွားတယ်။

သိသွားတယ်ဆိုတာကလည်း တကယ်ကိုပဲ မရှိခြင်း တရားဆိုတာကို ကြုံလိုက်ရတာကိုး။ အဲဒီအချိန်မှာ ဒီ မသိခြင်းတရားနဲ့ အခက်အခဲကို ဘာနဲ့ ကျော်ကြသလဲဆိုတော့ နိုင်ငံရေး အသိ၊ ယုံကြည်ချက်ဆိုတာကို စပြီး စဉ်းစားဖြစ်ကြတာပဲ။ ဒီအသိနဲ့ ယုံကြည်ချက်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ စိတ်နဲ့ ကျနော်တို့ရဲ့ ABSDF ဆိုပြီး ဖြစ်လာတယ်။

ABSDF စဖြစ်ဖြစ်ချင်းတော့လက်နက်ကိုင် တော်လှန်မယ် ဘာညာ ဘာညာ ဆိုပြီးတော့ဖြစ်ကြတယ်၊ ရန်တွေဖြစ်ကြတယ် ဆိုပေမဲ့ ကျနော်တို့မှာ အခက်အခဲတော်တော်များများရှိပါတယ်။ အဲဒီအခက်အခဲတွေကို ငါတို့ ဘာလုပ်ကြသလဲဆိုတဲ့ အသိနဲ့ ယုံကြည်ချက်ကို တည်ဆောက်လာရင်းနဲ့ပဲ ကျော်ဖြတ်ခဲ့ကြတယ်။

ကျနော်တို့ ABSDF ဆိုတာက အဖွဲ့အစည်းကြီးကနေ တောခိုလာတာ မဟုတ်ဘူး။ နယ်အသီးသီးက ရောက်လာတဲ့ သူတွေအားလုံးကို အဖွဲ့အစည်းလုပ်ရတာ။ ပြောရရင်တော့ ဗိုလ်မှ ဗိုလ်တွေချည်းပဲလေ ဥက္ကဋ္ဌ ဆိုတဲ့နေရာကလျော့တဲ့သူက တယောက်မှ မပါဘူး။ နောက် နယ်သားတွေ များတယ်။ နယ်သားတွေက ရိုးတယ်။ စခန်းထဲမှာ တဲဆောက် စခန်းဆောက် အပင်စိုက် ဆန်အိတ်သယ်ဆိုတဲ့ အလုပ်ကြမ်းတွေကို သူတို့ အကုန်လုပ်တတ်တယ်။ ကျနော်တို့က သူတို့ဆီကနေ ပြန်သင်ရတယ်။ သူတို့က စရိုက်ကြမ်းတယ်။

အဲဒီမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့မှ ပွားတတ်တဲ့ မြို့သားကျောင်းသားနဲ့ နယ်ကျောင်းသားတွေရဲ့ ကြားက အထာမကျမှုလေးတွေရှိတယ်။ ကျနော်တို့မြို့ကျောင်းသားများကလည်း တောထဲရောက်တာတောင်မှ လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ ကြိုးစားနေကြတာလေ။တောထဲ့ လူတွေကတော့ အချိန်ရတာနဲ့ ဖားရှာ ငါးရှာ သူတို့က အဲလိုမျိုး။ အဲလို ဖားရှာ ငါးရှာတွေကို မြို့ကျောင်းသားတွေကနေ ပြီးတော့ စကားလုံးကြီးတွေနဲ့ အနိုင်ကျင့်ပြီးတော့ မင်းက ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ အဲလိုမျိုးတွေကလည်း ရှိတယ်။

အဲဒါတွေကို ကျနော်တို့က သင်တန်းတွေနဲ့ဖြတ်သန်းလိုက်ရတယ်၊ သင်တန်းဆိုတာကတော့စစ်သင်တန်းပဲပေါ့ ဒါပေမဲ့ လူတွေကို ပုံဆန်တူတူဖြစ်အောင် တန်းညှိလိုက်ရတယ်။ တပြေးတည်းဖြစ်တော့ မင်းလည်း ဒီဝတ်စုံပဲ မင်းလည်း ၀ါကျည်တောက်ပဲ ရတယ်။ မင်းလည်း ဒီထမင်းလည်း စားရမယ် ဆိုပြီးတော့ ပုံဆန်သွင်းလိုက်ရတယ်။

အဲဒီမှာကျနော်က စစ်တပ်အကြောင်းကို ပိုပြီး နားလည်သဘောပေါက်သွားတယ်။ စစ်တပ်ထဲမှာ အမိန့်ကို ဘာဖြစ်လို့ ကြောက်နေရသလဲ ဆိုတာကို ကျနော်က အဲဒီမှာမှ ပိုနားလည်သွားတာ။ သူ့ဖိနပ်ထဲကို ၀င်စီးကြည့်လိုက်ရမှ သိတာတွေ အများကြီးပဲ။

စကားဆက်ရမယ်ဆိုရင်တော့ ABSDF ပထမ ညီလာခံကနေ စလိုက်တဲ့ မြို့သားတွေနဲ့ နယ်သားတွေနဲ့ အဲဒီလို မပြေလည် မှုတွေနဲ့ အုပ်စု အကွဲအပြဲတွေ ကိစ္စတွေကို ABSDF က တောက်လျှောက်အမွေခံရတာပေါ့။

ကျနော်တို့ အစောပိုင်း ကာလတွေက ကြမ်းတယ်။ နောက်တခုက ဗဟိုကော်မတီလို့ ဆိုတာက အားလုံးကို စုစည်းတဲ့ ဆုံချက်ကြားထဲမှာကိုပဲ၊ အုပ်စု အသီးသီးကို ဆက်စပ်ထားတဲ့ ပုံဆန်မျိုးထဲမှာပဲ ကျနော်တို့ ဆီမှာ ရှိတဲ့ စခန်းတွေဆိုတာက ကျနော်တို့ အုပ်ချုပ်လို့မရဘူး။ အစိုးရကနေ ရပ်ကွက်တွေထိ အုပ်ချုပ်လို့ရသလို ကျနော်တို့က အုပ်ချုပ်လို့ မရဘူး။
ဘယ်လိုလဲ ဆိုတော့ စခန်းတွေက သူ့ဟာသူ ရှာစားတယ်၊ သူ့မဟာမိတ်နဲ့ သူ့လုပ်ငန်း အစီစဉ်နဲ့ သူရှိတယ်။ ကျနော်တို့ ဗဟိုကော်မတီက ဘာလုပ်ရလဲဆိုတော့ အစည်းဝေးခေါ်တာမျိုးလုပ်ရတယ်၊ မဟာမိတ်ဆက်ဆံရေး လုပ်ရတယ်။ အဲဒီလောက်ပဲ ရှိတယ်။

အဲတော့ ကျနော်တို့မှာ ကျောင်းသား စခန်းက ၁၉ ခုရှိတယ်၊ ABSDF က ပထမဆုံး ကျောင်းသားညီလာခံခေါ်တော့ စခန်းတွေက ကိုယ်စားလှယ်တွေကိုခေါ်တယ်။ ခေါ်ပြီးတော့မှ ဖွဲ့လိုက်ကြတာပေါ့။ ကျနော်တို့ ဘုရားသုံးဆူ စခန်းကလည်း ကိုယ်စားလှယ်တွေ လွှတ်တယ်လေ။

အဲဒီတုန်းက ဘုရားသုံးဆူ စခန်းက ဥက္ကဋ္ဌက ကိုတင်စိုးနောင်ပေါ့။၈၈ မှာလုပ်ခဲ့တဲ့ ပထမဆုံး ညီလာခံမှာတော့ ကိုတင်စိုးနောင်တို့ပဲ သွားတယ်လေ။ သွားပြီးတော့သိပ်မကြာဘူး ABSDF ဗဟိုက မတည်မငြိမ်ဖြစ်တယ်။
အဲဒီတုန်းက ဗကသက လာတဲ့ ၀င်းမိုး၊ အောင်နိုင်၊ ကိုကိုဦးပေါ့၊ အောင်နိုင်ဆိုတာ အခု VOA မှာ ဒါရိုက်တာ ဖြစ်နေတဲ့ ကိုသန်းလွင်ထွန်းပေါ့။  သူတို့တွေနဲ့ ဗဟိုကော်မတီထဲမှာ ရှိနေတဲ့သူတွေနဲ့ အဆင်မပြေ ဖြစ်ကြတာ။

အဲတုန်းကလည်း ဖြစ်လာတဲ့ နောက်ပြဿနာ တခုက ဘာလဲဆိုတော့ တောထဲမှာပဲ နေမယ်ဆိုတဲ့ ကျောင်းသားတွေရယ် မြို့ပေါ်နိုင်ငံရေး လုပ်ရမယ်ဆိုတဲ့ အယူအဆတွေကြားထဲမှာလည်း ပဋိပက္ခတွေဖြစ်တာ ရှိတယ်။ အဲဒီမှာပဲ အရေးပေါ် ညီလာခံ ထပ်ခေါ်ရတယ်။ အဲလို အရေးပေါ် ညီလာခံခေါ်တော့ ကျနော့်ကို ကိုတင်စိုးနောင်က စခန်းကနေ လှမ်းခေါ်တယ်။

အဲဒီအချိန်တုန်းကလည်း ကျနော်က စခန်းထဲမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို လုပ်တယ်။ အဲဒီအချိန်မှာ လှမ်းခေါ်တယ်၊ ပြောချင်တာက ဘာလဲဆိုတော့ အဲဒီတုန်းကလည်း ကိုယ့်စခန်းကိုယ် ကိုယ်တည်ဆောက်နေရတဲ့ ခါကျတော့ အားလုံးက ကိုယ့်အလှူရှင်နဲ့ကိုယ်၊ ကိုယ့်စခန်း တိုးတက်ရေးပဲ ကိုယ်လုပ်ချင်တာတွေလည်း ရှိတယ်။

 ကျနော်တို့ရဲ့ မဟာမိတ်တွေကလည်း ကိုနိုင်အောင်တို့သွားဖို့သင့်တယ်လို့ ပြောလာတာလည်း ရှိတယ်။ ဗဟိုမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို ပိုပြိး အားကောင်းအောင် လုပ်သင့်တယ်ပေါ့ ကိုယ့်စခန်းကိစ္စပဲ ကိုယ်လုပ်နေလို့မရဘူးလို့ ပြောလာတာတွေလည်း ရှိတယ်။အဲဒါနဲ့ ကျနော် သွားတယ်။

အဲဒီ ၁၉၈၉ အရေးပေါ် ညီလာခံမှာ ဗဟိုကော်မတီမှာ ဒုဥက္ကဋ္ဌ အနေနဲ့ တာဝန်ပေးတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

ဒေါက်တာနိုင်အောင်၊ ဓါတ်ပုံ- ကျော်ဇင်မန်း(မြစ်မခ)

No comments: