Saturday, February 2, 2013

စစ်ဟိန်းသံတချို့ကြောင့် ရင်တမမ ဘုရားတမိ (မောင်ဝံသ)


by Maung Wuntha on Friday, February 1, 2013 at 9:58am ·
ဖေဖော်ဝါရီလပထမပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြမည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။


စေ့စပ်ဖျန်ဖြေရေးသည် ပညာရပ်တစ်ခု
    ဆရာ ဒေါက်တာအောင်ထွန်းသက်က ပညာရှင်ရှုထောင့်ကနေ   သူပြုစုထားတဲ့ ]]စေ့စပ်ဖျန်ဖြေခြင်းပညာ}} (Mediation) ပါဝါပွိုင့် ဟောပြော ချက်တစ်စုံကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီဝင်တွေ လေ့လာဖတ်ရှုဖို့ အီးမေးလ်နဲ့ ပို့ထားလို့ ခုတလော ကျွန်တော် စိတ်ဝင်စားစွာ လေ့လာနေ ပါတယ်။
    ဆရာသက်ရဲ့ ဟောပြောချက်မှတ်စုထဲမှာ  မီဒီယာသမားတွေ ကြုံတွေ့ရနိုင်တဲ့ အမှုအခင်းတွေကို စာနယ်ဇင်းကောင်စီက ကြားဝင်စေ့စပ် ဖျန်ဖြေ ပေးရတဲ့အချိန်အခါတွေမှာ လက်တွေ့အသုံးချနိုင်တဲ့ အခြေခံ သဘောတရားတွေ ကျင့်သုံးပုံတွေ အစုံအလင်ပါတာဖြစ်လို့ အလွန်မှ ကျေးဇူးကြီး လှပါတယ်။

ကစ်ဆင်းဂျားရဲ့ အတွေ့အကြုံများ
    ကျွန်တော်ကလည်း စေ့စပ်ဖျန်ဖြေရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ တွေကို လေ့လာဖို့ ပိုပြီး ထက်သန်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်းစာအုပ်" ဒေါက်တာ ဟင်နရီကစ်ဆင်းဂျား" နိုင်ငံရေးအတ္ထုပ္ပတ္တိ (၁၉၇၃ခုနှစ် စက်တင်ဘာလ) ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲလာချိန် (၁၉၇၀ စောစောပိုင်းနှစ်များ) မှာ ဟင်နရီကစ်ဆင်းဂျားဆိုတဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ တက္ကသိုလ်ဆရာ တစ်ယောက်ဘ၀ကနေ  စေ့စပ်ဖျန်ဖြေရေးသံတမန်တစ်ဦးအဖြစ် အောင်မြင်စွာ စွမ်းဆောင်ခဲ့ပုံတွေကို ရေးသား တင်ပြခဲ့တာ ဖြစ်ပါတယ်။   အမေရိကန်-တရုတ် ဆက်ဆံရေး တံခါးပြန်ပွင့်အောင် အမေရိကန် စာပွဲတင်တင်းနစ် အားကစားအဖွဲ့ကို ပထမဆုံး စေလွှတ်ပြီးPingpong Diplomacy နဲ့ အစပျိုးခဲ့တယ်။ ပြီးတော့ သမ္မတ နစ်ဆင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကစ်ဆင်းဂျားကို စေလွှတ်ပြီး မော်စီတုန်း၊ ချူအင်လိုင်းစတဲ့ တရုတ် ထိပ်တန်းခေါင်းဆောင်တွေရဲ့ ပုဂိုလ်အရ ယုံကြည်မှုကို ရအောင်  Personal Diplomacy  ပုဂိုလ်ရေးချဉ်းကပ်တဲ့ သံတမန်နည်းနဲ့  ကြိုးစားခဲ့ပုံတွေ၊ ဗီယက်နမ် စစ်ပွဲ ရပ်စဲရေး ပါရီဆွေးနွေးပွဲမှာ ကစ်ဆင်းဂျား အောင်မြင်စွာ စေ့စပ်ခဲ့ပုံတွေ၊ အာရပ်-အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် မျက်နှာချင်း မဆိုင်နိုင်သူတွေအကြား Shuttle Diplomacy ဆိုတဲ့ လွန်းပျံ သံတမန်နည်းတွေနဲ့ ဖန်တီးပေးခဲ့ပုံတွေကို တတ်နိုင်သမျှ စုဆောင်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ်က ဘက်ဆဲလား စာအုပ်တစ်အုပ်အဖြစ် အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရတာ လွမ်းမိသေးဗျာ။

မင်ဒဲလားနဲ့ စေ့စပ်ရေး
    နောက်ပိုင်းမှာလည်း အောင်မြင်သွားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြောင်းရော၊ မအောင်မြင်တာတွေ အကြောင်းရော လက်လှမ်းမီသမျှ ကျွန်တော် ရှာဖွေ ဖတ်ရှုခဲ့ပါတယ်။ အဲဒါတွေထဲမှာ အကြိုက်ဆုံးကတော့ တောင်အာဖရိကမှာ မင်ဒဲလားကို ထောင်က မလွှတ်ခင် လေးနှစ်လောက်ကြိုပြီး စေ့စပ်ဆွေးနွေးမှု စတင်ခဲ့ပုံ အတွင်းရေးဇာတ်လမ်းတွေပါရှိတဲ့ စာအုပ် Tomorrow is Another Country by Alistairs Sparks ပါပဲ။  ၁၉၉၄ လောက်က ထွက်ခဲ့တာပါ။ အဲဒီစာအုပ်နဲ့ မင်ဒဲလားကိုယ်တိုင်ရေးတဲ့ Long Road to Freedom ကို တွဲဖတ်ရင် ပိုပြီးဇာတ်ရည်လည်ပါလိမ့်မယ်။

အွန်လိုင်း ဆွေးနွေးပွဲ မလုပ်သင့်ပါ
    ကျွန်တော် ပြောချင်တာက ဆရာသက်ဟောပြောချက် မှတ်စုထဲ ပါသလိုပဲ စေ့စပ် ဆွေးနွေး ဖျန်ဖြေခြင်းဆိုတာ ငါးပွက်ရာ ငါးစာချ စိတ်ကူးရသလို ထလုပ်လို့ ရတာမျိုး မဟုတ်ဘူး၊ လူကြားကောင်းအောင် ဟန်ဆောင် ပန်ဆောင် လုပ်လို့မရဘူးဆိုတာပါပဲ။ တိကျရေရာတဲ့ ဦးတည်ချက်ရှိရမယ်၊ အခြေခံ သဘောထား ခံယူချက် ရှိရမယ်။ ငါပဲနိုင်ရမယ်၊ ငါပဲ အသာရရမယ်ဆိုတဲ့ အပေါ်စီး သဘောထားမျိုးကို လုံးဝ ဖယ်ရှားထားရပါမယ်။ အဲသလို သဘောထားနဲ့ လက်တွေ့ကျင့်သုံးနိုင်မှသာ ဆွေးနွေးပွဲတွေ အောင်မြင်နိုင်ပါ တယ်။ စေ့စပ်ရေးလုပ်နေချိန်မှာ ၀ါဒဖြန့်ဖို့ မကြိုးစားသင့်ဘူး။ နှစ်ဘက်စလုံးက ယုံကြည်မှုရှိသူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဖွဲ့တစ်စည်းကို ပုဏားတိုင် ထားပြီး  ကစ်ဆင်းဂျားရဲ့ လွန်းပျံသံတမန်နည်းလိုမျိုးနဲ့ ကြိတ်ဝိုင်းဆွေးနွေးမှုတွေ အရင်စတင်သင့်တယ်။ ကြိတ်ဝိုင်း အဆင့်မှာ ကျေလည်အောင် ညှိနှိုင်းပြီး အတော်ကလေး ခရီးရောက်တော့မှ အပြင်လူတွေကို အသိပေးတာ ပိုကောင်း ပါတယ်။ တလောတုန်းက အွန်လိုင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ကြဖို့ အကြံပေးချက်တချို့ ကြားလိုက်ရတယ်။ ကျွန်တော့်သဘောကတော့ မလုပ်သင့်ဘူးထင်တယ်ဗျ။ အဲသလို လူသိရှင်ကြား စစချင်း ဖွင့်ချလိုက်ရင် စေ့စပ်ရေး အောင်မြင်ဖို့ထက် ကိုယ့်ဘက်ကမှန်တယ်၊ သူ့ဘက်က မှားတယ်ဆိုတဲ့ တိုင်တည်ချက်တွေ၊ အပြန်အလှန် အပြစ်ပြောတာတွေက လွှမ်းမိုးသွားနိုင်တယ်ဗျာ။ ပေါက်တတ်ကရ ဘေးပြောတွေလည်း အများကြီး ၀င်လာမှာသေချာတယ်ဗျ။

ရှေ့ကို သွားနေတာ အမှန်      
    အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ သမတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဟာ သက်တမ်း နှစ်နှစ်တာအတွင်း ပြည်တွင်း ရော ပြည်ပကိုပါ ရှော့ခ်ဖြစ်သွားစေခဲ့တဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေကို ပြုလုပ်ခဲ့တာအမှန်ပဲဗျာ။ ယခင် စစ်အစိုးရခေါင်းဆောင်ဟောင်းတွေ အများစုပါတဲ့ အဲဒီအရပ်သားအစိုးရနဲ့ လွှတ်တော်အကြီးအကဲတွေက တဖွဖွ ပြောခဲ့ကြ ပြောနေကြတဲ့ "ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ဘူး" ဆိုတဲ့ စကားကို အကြောင်းပြုပြီး အချို့သော ဒီမိုကရေစီဘက်တော်သားတွေက "နောက်ကြောင်း ပြန်မလှည့်ပါဘူးဆိုရအောင် ဘယ်တုန်းက ရှေ့ကို ရောက်ခဲ့လို့ လဲ" ဆိုတဲ့ စကားနဲ့ အငေါ်တူးခဲ့ကြပေမယ့် ကျွန်တော်ကတော့ လက်ရှိအစိုးရ ဟာ ဒီမိုကရေစီဘက် ကို မျက်နှာမူပြီး ခြေလှမ်းတွေ အတော်သင့် လှမ်းခဲ့ပြီးပြီဖြစ်တဲ့အပြင် ဆက်ပြီးတော့လည်း လှမ်းနေတယ်လို့ အခိုင်အမာ ယူဆတယ်ဗျ။

စတုတ္ထမဏ္ဍိုင်ခံယူချက်
    ကျွန်တော်ဟာ မိမိနိုင်ငံရဲ့ အနာဂတ်သာယာလှပရေးအတွက် အရေး ပါတဲ့ ထောက်ကြီးတစ်ထောက်ဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာလောကသား တစ်ဦး အဖြစ် မိမိကိုယ်မိမိ ဂုဏ်ယူစွာ တာဝန်ပေးအပ်ထားသူတစ်ယောက်အနေနဲ့ အစိုးရလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော့် စိတ်ထဲမှာ မှန်တယ် ထင်ရင်ထောက်ခံ၊ မှားတယ်ထင်ရင် ဝေဖန်ထောက်ပြရေးသားခဲ့တာ စာဖတ်ပရိသတ်များ သက်သေရှိပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ စာတွေ ပြောခဲ့တဲ့ ဆွေးနွေးချက်တွေကလည်း ဖျောက်ဖျက်ပစ်လို့မရပါဘူး။ တတ်နိုင်သလောက် ကိုယ့်ရဲ့ အတ္တနောမတိမပါအောင် သတိထားဖယ်ခွာပြီး ဆန်းစစ် သုံးသပ်ဝေဖန် ရေးသားနိုင်ဖို့ ကြိုးစားခဲ့တာကိုလည်း ကျွန်တော့်စာတွေ ဖတ်ရင် သိနိုင်လိမ့်မယ် လို့ ရိုးရိုးသားသား ယုံကြည်တယ်ဗျာ။

ကချင်ကိစ္စ မဖြေရှင်းနိုင်တာ နားမလည်နိုင်
    အခု လက်ရှိအချိန်မှာ ကျွန်တော်တို့ပြည်သူအားလုံး စိတ်အနှောင့် အယှက် ဖြစ်နေကြရတဲ့ကိစ္စတွေအနက် အဆိုးဆုံးကတော့ ကချင်ပြည်နယ်က စစ်ပွဲတွေ ကိစ္စပဲလို့ ကျွန်တော် အတပ်ပြောနိုင်တယ်ဗျာ။ အစိုးရသစ်လက်ထက် အံ့ဖွယ်သရဲလို့ ဆိုရလောက်အောင် ကိစ္စကြီးတွေ အတော်များများကို ဖြေရှင်းအောင်မြင် ကျော်လွှားနိုင်ခဲ့လို့ နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်း၊ ချီးမွမ်းခြင်း၊ အားပေးကူညီခြင်းကို စတင်ရရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံဟာ ဒီကချင်ပြည်နယ် အရေးကိစ္စကျမှ ဘာကြောင့် ရှေ့မတိုးနိုင် (deadlock) ဖြစ်နေရတာလဲဆိုတဲ့ အချက်အပေါ် စေ့စပ်ဖျန်ဖြေရေး အတွေ့အကြုံတွေ (ပြည်တွင်းရော ပြည်ပပါ) အတော်များများကို လေ့လာဖတ်ရှုထားဖူးတဲ့ ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်အောင် ဖြစ်နေတာကိုလည်း ၀န်ခံပါတယ်ဗျာ။

ဘယ်သူပြောတာ ယုံရမှာလဲ
    တစ်ဖက်မှာ သမ္မတကြီးက မိမိကိုယ်မိမိ ခုခံကာကွယ်မှုမှတပါး အခြား မည်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုကိုမှ မလုပ်ရလို့ တပ်မတော်ကို ညွှန်ကြားထား ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း သမ္မတကြီးရဲ့အမိန့်ကို အပြည့် အ၀ လိုက်နာနေပါတယ်လို့ ပြောနေတဲ့ တစ်ချိန်တည်းမှာ အဲဒီဒေသက စစ်ပွဲ တွေဟာ တစ်နေ့တစ်ခြား အရှိန်မြင့်သထက် မြင့်လာနေပြီး စစ်ပြေးဒုကသည် တွေ များသထက် များလာနေတာကလည်း အမှန်ပဲ ဖြစ်တယ်ဗျ။ အစိုးရပိုင် သတင်းစာတွေက KIA ရဲ့ မိုင်းခွဲတဲ့သတင်းတွေ၊ ပြန်ပေးဆွဲတဲ့ သတင်းတွေ၊ တိုက်ခိုက်တဲ့သတင်းတွေ နေ့စဉ် ဖော်ပြနေသလို ပြည်ပ ရုပ်သံသတင်းဌာနတွေ၊ ရေဒီယို အသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့သတင်းတွေ မှာတော့ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIA အဖွဲ့ရဲ့ ခြေကုပ်စခန်းတချို့ လက်လွတ်ဆုံးရှုံးခဲ့ရပုံတွေ၊ ဒုက္ခသည်တွေ မိမိတို့ အိုးအိမ် ရပ်ရွာကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ သတင်းတွေ မြင်နေကြား နေရလေတော့ ကျွန်တော်တို့ပြည်သူတွေဟာ ဘယ်သူပြောတာ ယုံရမှန်း မသိဖြစ်နေကြတာဖြစ်တယ်ဗျာ။

အပြုတ်တိုက်အပြတ်ရှင်းတော့မလား
    တစ်ချိန်ထဲမှာ ပြည်သူအစိတ်အပိုင်းတချို့ထဲမှာ အထူးသဖြင့် တိုင်း ရင်းသားလူမျိုးစုတွေထဲမှာ မြန်မာအစိုးရဟာ KIA ကို အပြုတ်တိုက် အပြတ်ရှင်းဖို့ စဉ်းစားနေတာလားဆိုတဲ့ သံသယတွေ ၀င်လာနေပြီဆိုတဲ့ အသံတွေလည်း ကြားနေရတယ်ဗျ။ အဲသလိုမျိုး သံသယဖြစ်လာအောင်လည်း စစ်ဟိန်းသံတချို့က ထွက်လာခဲ့တာကိုးဗျာ။ လွှတ်တော်ထဲကပါ အဲသလို အပြုတ်တိုက် အပြတ်ရှင်းရေး အသံတချို့ ထွက်လာတဲ့အခါမှာတော့ ကျွန်တော့်မှာ ရင်တမမနဲ့ ဘုရားတမိတာ အမှန်ပဲဗျ။ ကိုယ်ရေးကိုယ်တာ နည်းနည်း ထည့်ပြောရရင် ခုချိန်ခါဟာ ကျွန်တော့်ကျန်းမာရေး ပြန်လည် ထူထောင်နေချိန်ဖြစ်လို့ ဆေးကုသမှုခံယူခြင်းအပြင် တရားဘာဝနာ ကျင့်ကြံအားထုတ်မှုကိုလည်း အထူး ၀ါယမစိုက်နေချိန် ဖြစ်ပါတယ်။ တရားထိုင်ပြီးတဲ့အချိန်တိုင်းမှာ သတ္တ၀ါများကို မေတ္တာပို့ပါတယ်။ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေလို့ လှိုက်လှိုက်လှဲလှဲ မေတ္တာပို့ ပါတယ်။ ခုတလောတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကိုပါ နာမည်တပ်ပြီး မေတ္တာပို့နေပါတယ်ဗျာ။

ပွင့်ပွင့်လင်းလင်း သတိပေးချင်
    နိုင်ငံတော်အစိုးရ သို့မဟုတ် တပ်မတော်ခေါင်းဆောင်တွေ ဦးခေါင်း ထဲမှာ အဲဒီလိုမျိုး အပြုတ်တိုက် အပြတ်ရှင်းမယ်ဆိုတဲ့ အယူအဆ သဘောထား ရှိနေ မနေဆိုတာ အခုအချိန်မှာ ကျွန်တော်တို့ မသိနိုင်ပေမယ့် တကယ်ပဲ အဲဒီအယူအဆရှိနေရင်တော့ အဲဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ဘေးဆိုး ကပ်ဆိုးကြီး ကျရောက်စေမယ့် အတွေးအခေါ်ပဲလို့ ကျွန်တော်ကတော့ ပွင့်ပွင့် လင်းလင်း သတိပေးချင်တယ်ဗျာ။ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံ အခုလို ကမ္ဘာ့အလယ်မပြောနဲ့ ဒေသအလယ်မှာတောင် ဓားမနောက်ပိတ်ခွေး ဘ၀ ရောက်ခဲ့ရတာရဲ့ အဓိကတရားခံဟာ အဲဒီအတွေးအခေါ်ဖြစ်လို့ပဲဗျ။

ငြိမ်းချမ်းရေးကြိုးပမ်းမှု အကြိမ်ကြိမ်ပျက်ခဲ့ရ
    ၁၉၄၈ လွတ်လပ်ရေးရပြီး လသားအရွယ်ကစလို့ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရတယ်။  ပါလီမန်ဒီမိုကရေစီခေတ်မှာ အာဏာရ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သူပုန်ဖြစ်သွားတဲ့ နိုင်ငံရေးသမားတွေအကြား စေ့စပ် ဆွေးနွေး ငြိမ်းချမ်းရေး ကြွေး ကြော်ပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမယ့်   သောင်းကျန်းသူ အမြစ်ဖြတ် ချေမှုန်းရေးလမ်းစဉ်သမားတွေရဲ့ ပယောဂကြောင့် နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းရေးရယူဖို့ ကြိုးပမ်းမှုတွေ အကြိမ်ကြိမ် ပျက်စီးခဲ့ရ တယ်ဗျာ။ သည်အကြောင်းတွေကို ကျွန်တော် ပြောခဲ့တာလည်း အပ်ကြောင်း ထပ်နေပါပြီ။ ထပ်လောင်း မပြောချင်တော့ပါဘူး။ စိတ်ဝင်စားသူ တူတူမလေးများ စာအုပ်တွေ မှတ်တမ်းတွေ ရှာပြီးသာ ဖတ်ကြပေတော့။ အဲဒီမှာ နောက်ဆုံး ကောက်ချက်ချနိုင်တာကတော့  နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်းကို မကျင့်သုံးသမျှ ဘယ်တော့မှ ထာဝရ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ တွေ့ကြ ရလိမ့်မယ်။

၁၇ နှစ် ငြိမ်းချမ်းရေးယူနိုင်ခဲ့ပြီးမှ
    အခုအချိန်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ နှစ်ဖက်စလုံးက အတိတ်က မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးပမ်းနေကြတာကို ပြည်သူတွေက ၀ိုင်းပြီး လက်ခုပ် သြဘာပေးနေကြချိန် ဖြစ်တယ်ဗျာ။ နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး တစ်ခါမှ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တောင် မချုပ်နိုင်ခဲ့ဖူးတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)နဲ့တောင် နိုင်ငံရေးဆွေးနွေးပွဲတံခါးတွေ ဖွင့်လိုက်နိုင်ပြီ ဖြစ်တဲ့ ယခုလို အချိန်မျိုးမှာ ၁၉၉၄ခုကနေ ၂၀၁၁ခုအထိ ၁၇ နှစ်တိုင်တိုင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ယူနိုင်ခဲ့ပြီး ဖြစ်တဲ့  KIO/KIAအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးတွေ သုံးပြီး သည်းသည်း မည်းမည်း ပစ်ခတ် တိုက်ခိုက်နေကြတယ်ဆိုတဲ့သတင်းတွေ ကြားရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲဗျာ။

ကြည်နူးပီတိဖြစ်ပါရစေ
    သည်ဆောင်းပါးကို ယခုအခါ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နေသူ၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် မကြာသေးခင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တဲ့ ဓာတ်ပုံဟောင်းလေးတစ်ခုအကြောင်း တင်ပြရင်း အဆုံးသတ်ပါရစေ။ ဓာတ်ပုံကလေးက ထိုစဉ်က မြန်မာ့တပ်မတော် အရာရှိတစ်ဦး ဖြစ်တဲ့ ဗိုလ်ရဲထွဋ်နဲ့ ကေအိုင်အေ စစ်ဗိုလ်လေးတစ်ယောက် ပခုံးဖက်ပြီး ကြည်လင်တဲ့ အပြုံးကိုယ်စီနဲ့ ယှဉ်တွဲနေကြပုံ ဖြစ်ပါတယ်။ အဲသလို မြင်ကွင်းမျိုးတွေကို မကြာတော့မယ့် ကာလတစ်ခုမှာ ပြန်လည် မြင်တွေ့ရပြီး ကျွန်တော်တို့လည်း ကြည်နူးပီတိဖြစ်ပါရစေလားဗျာ။
၀၁ ၀၂ ၂၀၁၃
maungwuntha@gmail.com

No comments: