by Soe Min on Tuesday, February 12, 2013 at 12:46am ·
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရေးတဲ့မှတ်စုက ပြည်ထောင်စုနေ့အကြောင်း
မဟုတ်ဘူးဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံသား မပီသသလို
ခံစားမိလိမ့်မယ် ထင်ပါရဲ့။ ဒါပေမယ့် ဒီအချိန်မှာ အဲဒီအကြောင်းရေးရတာကလည်း
အလကားနေရင်း မဲ့ရွဲ့ဆဲဆို အတင်းတုပ်အပုပ်ချမယ့်သူတွေ ရှိမှာ သေချာသလောက်ပဲ။
သူတို့တွေ တည့်သွားလို့ မဖြစ်ဘူး။ ငြိမ်းချမ်းသွားလို့ မဖြစ်ဘူး။
ငါတို့ထမင်းအိုးကွဲသွားလိမ့်မယ် လို့ ယုံကြည်နေသူတွေ မနည်းမနောကြီးကို
ရှိတယ်။ ဟိုဘက်တို့လိုက် သည်ဘက်ရှို့လိုက်လုပ်ပြီး သူများရပ်ရွာမှာ
ထမင်းနပ်မှန်နေသူတွေကတော့ ပူရှာမပေါ့လေ။ ကေအိုင်အေဆိုတာ
တရုတ်ကျောထောက်နောက်ခံနဲ့ပါလို့ ပြောတာတောင်မှ ငယ်ပါငုတ်စူးသလို
စွေ့စွေ့ခုန်နေတဲ့သူလည်း ရှိရဲ့။ မဟုတ်မဟတ် လုပ်ဇာတ်တွေတော့
ဘာအကြောင်းနဲ့မှ ဘယ်ဘက်ကမှ ၀ါဒဖြန့်နေစရာ အကြောင်းမရှိပါဘူး။ မယုံရင်
လိုင်ဇာကလူတွေ ကချင်စကားပြောတာ ဘယ်နှစ်ယောက် တရုတ်စကားပြောတာ
ဘယ်နှစ်ယောက်လဲ ပြန်ကြည့်လိုက်ပါဦး။ ဒီ့ထက်တိတိကျကျ ပြောပြရရင်
လိုင်ဇာမှာလည်း ကိုယ့်ဆီကလိုပဲ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်တဲ့
အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ရှိတယ်ဗျ။ ဒါပေမယ့် မြန်မာဘက်က NGO တော့
မဟုတ်ဘူး။ တရုတ်NGOတွေ၊ တရုတ်ဆရာဝန်တွေဆိုပေမယ့် မြန်မာဆေးကျောင်းဆင်း
တရုတ်စကားမွှတ်နေတဲ့ သူငယ်ချင်းတစ်ယောက် အဲဒီမှာ လုပ်ခဲ့ဖူးတယ်။ လိုင်ဇာမှာ
အလုပ်လုပ်ဖို့ တရုတ်ဗီဇာယူရတယ်။ ပြည်မကြီးမှာ သင်တန်းတက်ရတယ်။
လိုင်ဇာမြို့က ကျန်းမာရေး စာရင်းဇယားကိန်းဂဏန်းတွေက တရုတ်ပြည်ကိုတင်ရတယ်။
ကာကွယ်ဆေးထိုးတာ၊ ကုသမှုအစီရင်ခံတာ၊ အကြံဥာဏ်တောင်းတာ အားလုံး
တရုတ်ပြည်ကိုသွားတယ်။ သူတို့ဆီ လူစိမ်းဝင်လို့ မသင်္ကာရင် သိပ်ခက်ခက်ခဲခဲ
စစ်ဆေးစရာ မလိုဘူး။ ပတ်ထားတဲ့ လက်ပတ်နာရီ ကောက်ကြည့်လိုက်။
မြန်မာစံတော်ချိန်ကြီးနဲ့ဆို ဘာဆင်ခြေမှ ပေးလို့မရဘူး။ ကချင် မဟုတ်ဘူး
မငြင်းဘူး။ ကချင်မရှိဘူး မပြောဘူး။ သိုးရေအောက်မှာ ၀ံပုလွေရှိတယ်လို့ပဲ
ပြောချင်တာ။ ဒီလောက်ရှင်းနေတာကြီးကို ပြောင်လိမ်နေတာကတော့ မသိလို့
ဟုတ်ပုံမရပါဘူး။ ပိုက်ဆံရလို့ အဲဒီဘက်က ရေးစားနေတာနေမှာပေါ့။ ဒါမျိုးတွေ
အချိန်ကုန်ခံပြီး ပြန်လှန်ငြင်းခုန်နေဖို့ ၀ါသနာ မပါပါဘူး။
လိုင်ဇာမှာရှိတဲ့ ကချင်ဆိုတဲ့အဖွဲ့အစည်း၊ မူဆယ်အထိ ဆက်ကြေးကောက်နေတဲ့ သူပုန်အဖွဲ့အစည်း၊ လောက်ကိုင်မှာရှိတဲ့ ကိုးကန့်တိုင်းရင်းသားဆိုတဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ အဲဒီကအောက်ဘက်ဆင်းတဲ့ ၀လက်နက်ကိုင် တိုင်းရင်းသားတွေ၊ အဲဒါတွေအားလုံးက မြန်မာမြေပုံထဲမှာသာ နံမယ်တွေကွဲသွားတာ။ ဟိုဘက်မှာတော့ တရုတ်ပြည်မကြီးရဲ့ ယူနန်ပြည်နယ် တစ်နယ်တည်းပဲ။ မြန်မာစစ်တပ်ကတော့ သူတို့ကိုသတ်မယ့်လက်နက်တွေကို သူပုန်တွေဆီ ရောင်းမစားတာသေချာတယ်။ လာစရာလမ်းကလည်း နှစ်လမ်းမရှိဘူး။ ဘယ်ဘက်ကသေသေ တရုတ်နိုင်ငံသား တစ်ယောက် မပါဘူး။ အနေသာကြီး။ ဘယ်ဘက်က၀ယ်ဝယ် အမြတ်အစွန်းကနင့်လို့။ ယာလည်းညက် ကြက်လည်းပန်း၊ ခြံလည်းလုံ။ အခုကိုယ့်ဗမာစစ်တပ် (သူတို့ခေါ်သလိုပဲ ထားလိုက်ပါတော့) ဘက်မှာတော့ နာလည်းနာသေး နံလည်းနံသေး။ ဘယ်သူတွေ ဘယ်နှစ်ယောက် ကျသွားတယ်ဆိုတာတော့ လူကြားသူကြားမကောင်းလို့ ပြောတောင် မပြောချင်တော့ဘူး။ ပြည်ထောင်စုနေ့ကြီးမှာ တိုင်းရင်းသားတွေ စည်းလုံးဖို့အကြောင်းပြောချင်လို့ ပူးကပ်နေတဲ့ အမှောင့်ပယောဂတွေကို အရင်မြင်အောင် ထုတ်ရတာပါ။ ကေအိုင်အေလို့ပဲ အမည်ခံခံ၊ ကေအိုင်အိုလို့ပဲ ပြောချင်ပြော၊ အဲဒီထဲမှာရှိနေတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရစေချင်လို့ ဆွေးနွေးခဲ့တဲ့သူပေါင်းလည်း မနည်းတော့ဘူး။ အဖြေတစ်ခုခုရဖို့လည်း မနီးစပ်သေးဘူး။ အဲဒါကြောင့် ကြားထဲက ၀င်ပြီး အုန်းစားပေးပါတယ်။ ရည်ရွယ်ချက်ကတော့ ဘယ်ဘက်ကမှ လိုက်ဖို့ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ပြေလည်ငြိမ်းချမ်းစေဖို့ပါ။
ဒီပြဿနာရဲ့အစကို ဖက်ဒရယ်မူတောင်းဖို့ ဗြိတိသျှတွေက သွေးထိုးပေးသွားတာလို့ ပြောကြတာ လွတ်လပ်ရေး ရကာစကတော့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ၁၉၄၈ ကတည်းက အဲဒီဗြိတိသျှဆိုတာကြီးက မရှိတော့ပဲ ဆွေမျိုးပေါက်ဖော်တွေက သမိုင်းပေးတာဝန်ကို လက်လွှဲယူလိုက်တော့ မကင်းရာမကင်းကြောင်းရှိသူတွေမို့လို့ လက်သည်အဟောင်းကြီးကိုပဲ သီဟတင်စိုးကား ဆက်ရိုက်ခိုင်းထားကြပုံရပါတယ်။ ကူမင်တန်တွေကိုတိုက်တဲ့ ကျော်ဆွေရဲ့ ဂန္တ၀င် “ပုလဲမျက်ရည်” ဇာတ်ကားကြီးကိုတောင် လက်စဖျောက် ချောင်ထိုးထားလိုက်တော့တယ်။ ရုပ်လုံးပေါ်လာတာကတော့ နယ်စပ်က ကျွံဝင်လာတဲ့ပြဿနာကို ဘင်္ဂလားက ဘာသာရေး၊ လူ့အခွင့်အရေး ခေါင်းစဉ်တပ် အကာအကွယ်ယူသလိုပဲ တရုတ်က တိုင်းရင်းသား ခေါင်းစဉ်တပ်ထားတာ လို့ သိသာလာတယ်။ စီးပွားရေးနဲ့ဝင်လာတာကတော့ မန္တလေးမြို့တောင် သိမ်းပြီးနေပြီ။ အဲဒါတွေကို မြင်အောင် မကြည့်နိုင်တဲ့အတွက် မြန်မာနဲ့ ကချင်နဲ့၊ မြန်မာနဲ့ ရခိုင်နဲ့ စိတ်တွေနာကုန်ကြတယ်။ မတည့်တဲ့အတူတူတော့ အတူမနေချင်တော့ပါဘူး လို့ ဖြစ်ကုန်တယ်။ ဘယ်လိုပဲ ရင်ကြားစေ့စေ့ ပဋိပက္ခတွေ ထိပ်တိုက်ရင်ဆိုင်လာရတယ်။
ဒီအခါမှာ စဉ်းစားဖို့လိုတာက အဲဒီပဋိပက္ခကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာပဲ။ ဟိုတလောတုန်းက ပြောတာကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမတဲ့။ ဒါပေမယ့် တေ့တေ့ဆိုင်ဆိုင်ကျတော့ လဂွန်းအိန်လည်းမပါ၊ မိုးညှင်းသတိုးလည်းမပါပဲနဲ့ တေ့လွဲလွဲသွားတယ်။ မျက်စိအောက်တင် ကိုယ့်ရဲဘော်တွေ သေကြေ အနာတရမြင်ရပြန်တော့ ဒီဘက်ကတခါ သီရိလင်္ကာမှာ ကျားသူပုန်တွေ နှိမ်သလိုနှိမ်နှင်းပစ်မယ် ဆိုပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကုန်တယ်။ အဖြေတော့ မပေါ်သေးဘူး။ မျှော်လင့်ထားတာက သည်ဘက်ကလည်း လိုင်ဇာကိုသိမ်းနိုင်ရင် သေချာပေါက် ငြိမ်းချမ်းရေးကမ်းလှမ်းလာလိမ့်မယ်။ ဟိုဘက်ကလည်း လိုင်ဇာကျချင်ကျ ကေအိုင်အေပျောက်သွားလိမ့်မယ်တော့ မထင်နဲ့တဲ့။ ဤခရီးမနီးသေးပေါင်ဗျာ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ရုပ်သံလိုင်းတစ်ခုကလွှင့်တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်လိုက်ရတဲ့အခါ ရင်ထဲမှာ ဒိုင်းကနဲ ပြောစရာစကားတွေ ပလုံစီလာတယ်။ နံမယ်က “Black and White” တဲ့။ ဒီရုပ်ရှင်ကားကို ခံစားနိုင်ဖို့ နေရူး ရဲ့ “အိန္ဒိယကိုရှာဖွေတွေ့ရှိခြင်း” ကို နည်းနည်းနိဒါန်းပျိုးဖို့လိုမယ်။ သူကဘာပြောသလဲဆိုတော့ အိန္ဒိယဆိုတာ ဘာလဲ။ ဘာကို ကိုယ်စားပြုသလဲတဲ့။ အိန္ဒိယမြောက်ပိုင်း အိန္ဒုမြစ်ဝှမ်းက မိုဟင်ဂျိုဒါဂို မြို့ကနေ တောင်ဘက်စွန်း အိန္ဒိယသမုဒ္ဒရာထဲကို ချွန်ထွက်သွားတဲ့ ကိုမိုရင်အငူအထိ အကျယ်အ၀န်းနဲ့ ပထ၀ီမြေကြီးလား။ အဲဒီမြေကြီးအပေါ်မှာ ရှင်သန်နေထိုင်ကြတဲ့ အိန္ဒိယနွယ်ဖွားတိုင်းရင်းသားတွေလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ကာလကနေ သည်ကနေ့အထိ အဆက်အစပ်မပျက် အမြဲရှင်သန်ဆက်ခံလာခဲ့တဲ့ ယဉ်ကျေးမှုတွေလား။ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ ရွှေပေလွှာတွေထဲမှာပါသလို ဆေးရောင်စုံအိန္ဒိယ၊ ဂန္ဓာရုံအိန္ဒိယ၊ အံဖွယ်သုတ အိန္ဒိယဆိုတဲ့ ထူးခြားဆန်းပြားမှုတွေလား။ ပြောချင်တာပြော။ တွေးချင်တာတွေး အဲဒါတွေ အားလုံးပါတာ အိန္ဒိယပါပဲတဲ့။
ကမ္ဘာပေါ်မှာ အိန္ဒိယလောက် မတူကွဲပြားခြားနားနိုင်တာ မရှိပါဘူးတဲ့။ (ကိုယ့်မျက်စိထဲမတော့ ကုလားဆိုတာ အကုန် အတူတူမှတ်နေတာ။ ဘယ်ဟုတ်လို့လဲ။) မြောက်ဘက်ဖျားက ပထန်တွေနဲ့ တောင်ဘက်ဖျားက တမီလ်တွေဟာ အရပ်အမောင်း၊ အသားအရောင်၊ ရုပ်ဆင်းသွင်ပြင်ချင်း ဘာမှမဆိုင်၊ ဆန့်ကျင်ဘက်တွေပါတဲ့။ အစားအသောက်၊ အ၀တ်အစား၊ ဘာသာစကားတွေ ဘယ်လိုမှ ဆက်စပ်လို့ မရအောင် ကွဲပြားပါသတဲ့။ သို့သော်ငြားလည်း ပထန်တစ်ယောက်နဲ့ တမီလ်တစ်ယောက် အတူတူရပ်နေတုန်းကြည့်လိုက်ရင် အဲဒီမတူခြားနားချက်တွေထဲမှာ အိန္ဒိယသွင်ပြင်လက္ခဏာ (ကုလားရုပ်ပေါက်တာကို ပြောချင်တာ ဖြစ်လိမ့်မယ်) ကတော့ နှစ်ယောက်စလုံးမှာ အထင်အရှားတွေ့ရပါလိမ့်မယ်တဲ့။ အဲဒီရုပ်လက္ခဏာက တကမ္ဘာလုံး သူတို့ကြိုက်တဲ့နေရာမှာသွားနေ၊ ဘယ်သူတွေနဲ့နေနေ။ ဘယ်ယဉ်ကျေးမှုနဲ့နေနေ ပျောက်သွားရိုးထုံးစံ မရှိဘူးတဲ့။ (စကားပြောရင် ခေါင်းကလေး ရမ်းကာရမ်းကာ ပြောတတ်တာ၊ မျက်လုံးပြူး၊ နှာခေါင်းချွန်၊ အမွှေးသန်တာတို့ကို ပြောတာများလားမသိ) ဘာဖြစ်လို့ဆိုတော့ အဲဒီလက္ခဏာတွေက အိန္ဒိယနိုင်ငံသားတွေဆီမှာ အမြစ်တွယ်နေတာ နှစ်ပေါင်းထောင်သောင်းမက ရှိနေလို့ပါတဲ့။ ဒါကြောင့် အိန္ဒိယရဲ့နယ်နိမိတ်ဆိုတာ မြေပုံစာရွက်ပေါ်မှာတင် မြင်ရတာ မဟုတ်ဘူး။ လူသားတွေကို ကြည့်လိုက်ရင်ကို ထင်ရှားနေပါသတဲ့။
ဒါပေမယ့် အိန္ဒိယမှာ လွတ်လပ်ရေးမရခင်ကတည်းက အင်မတန်ကြီးမားတဲ့ အက်ရာကြီးတစ်ခုကို အစဉ်သဖြင့် ရင်ကြားစေ့စေ့နေရပါတယ်။ အဲဒါကတော့ အိန္ဒိယတိုင်းသားချင်းတူပေမယ့် သူတို့ရှိခိုးတဲ့ ဘုရားချင်း မတူခြားနားတဲ့ ပြဿနာပါ။ လွတ်လပ်ရေးရဖို့ ငြိမ်းချမ်းစွာဆန္ဒပြမယ်ဆိုတဲ့ မဟတ္တမဂန္ဒီကြီးတောင် အဲဒီအရေးကျတော့ ရေတိမ်နစ်ရပါတယ်။ အင်ဒီယာဂန္ဒီတို့၊ ရာဂျစ်ဂန္ဒီတို့လည်း မျိုးရိုးစဉ်ဆက်လိုက် ပေးဆပ်ကြရတယ်။ စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့တယ်။ အဓိကရုဏ်းပေါင်းများစွာ နှိမ်နှင်းခဲ့ရတယ်။ ဘယ်တုန်းကမှလည်း ငြိမ်းမသွားခဲ့ဘူး။ ဒီ “အဖြူ နဲ့ အမည်း” ဆိုတဲ့ ရုပ်ရှင်ကားကလေးကတော့ အဲဒီပဋိပက္ခတွေကို အဖြေရှာပုံကလေး ပြထားတဲ့ ပေါ်လစီကားကလေးပါ။
ဘာသာရေးအဓိကရုဏ်းတစ်ခုမှာ မိဘမဲ့ဖြစ်သွားရှာတဲ့ လူငယ်လေးတစ်ဦးဟာ အခြားအခြားသော သူ့လိုမြေစာပင်ကလေးများနဲ့အတူ ဘာသာရေးအစွန်းရောက် အကြမ်းဘက်တိုက်ခိုက်ရေး လေ့ကျင့်သင်ကြားပေးမယ့်သူတွေရဲ့ သူတို့လိုချင်သလို သေခိုင်းဖို့ ခဏတာကယ်တင်မှုအောက်ကို ရောက်သွားပါတယ်။ ကျွေးမွေးပြုစု သွန်သင်ညွှန်ပြမှုတွေ ပြီးတဲ့နောက်မှာ သူ့ကိုအနီးကပ်နေရာယူဖို့ တာဝန်ပေးလိုက်တာကတော့ ချပ်ဒနီချောင်မြို့က လူချစ်လူခင် အင်မတန်ပေါတဲ့ ပါမောက္ခကြီး နဲ့ ဇနီးဖြစ်သူတို့ရဲ့ အိမ်မှာ လူယုံတစ်ယောက်ဖြစ်လာအောင် လုပ်ဇာတ်တွေဆင်ပြီး အတွင်းစည်းရောက်အောင် ၀င်စေပါတယ်။ ပန်းတိုင်ထားတာကတော့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ၀န်ကြီးချုပ်လာ မိန့်ခွန်းပြောတဲ့အခါ မြို့မျက်နှာဖုံးမိသားစုနဲ့အတူ ပွဲခင်းထဲဝင်ပြီး အသေခံဗုံးခွဲရမှာပါ။
သဘောထားပြည့်ဝတဲ့ ပညာတတ်မိသားစုနဲ့ ထဲထဲဝင်ဝင် နေထိုင်မိတဲ့အခါ ကောင်လေးဘက်က သဘောထားတွေ မသိမသာ ပျော့ပြောင်းလာပါတယ်။ တနေ့သောအခါ ဈေးလယ်ခေါင်မှာ လာဘ်ပေးလာဘ်ယူ မတရားမှုတစ်ခုနဲ့ ကြုံလို့ ပါမောက္ခကတော်က သတိပေးဆုံးမတဲ့အခါ အပြစ်ရှိသူက ၀န်မခံပဲ “ဒါ သက်သက်မဲ့ သူ့ကို ဘာသာခြားဆိုပြီး နှိမ့်ချဆက်ဆံတာ။” ဆိုပြိး အတင်းဘာသာရေးအရောင်ဆိုးပြီးတော့ အုပ်စုနဲ့ ရန်ပွဲဖြစ်အောင် ချောက်ချပါတယ်။ နဂိုကမှ ခဏခဏ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်နေကျမြို့ဆိုတော့ ဈေးလည်ခေါင် တုတ်တပျက် ဓါးတပျက် ဖြစ်တော့မယ့်အရေးမှာ အမျိုးသမီးက သူ့အိမ်ကမူဆလင်နှစ်ယောက်ကို လူလည်ခေါင်ဆွဲခေါ်လိုက်ပြီး “ဘာသာရေးကို ခုတုံးမလုပ်ပါနဲ့။ ဒါ စာရိတ္တနဲ့ဆိုင်တဲ့ကိစ္စပါ။ ဒီလူနှစ်ယောက်စလုံးဟာ တို့အိမ်က မိသားစုဝင်၊ ငါ့မောင်လေးတွေပါ။ ခေါင်းပေါ်ဆောင်းထားတဲ့ ဦးထုပ်ကို နင်မြင်သလား။ ငါတို့မှာ ဘာသာရေး ခွဲခြားတဲ့စိတ် မရှိဘူးဆိုတာ သူတို့ကိုမေး။ ကိုယ့်ပြဿနာကိုယ်ရှင်း။ ဘာသာရေးကို ဆွဲမထည့်ပါနဲ့။” လို့ ရှင်းပါတယ်။
ကောင်ကလေးကို လိုသလို ကြိုးဆွဲဖို့ အနာဟောင်းဖော်ဖော်ပြီး ဆွဆွပေးနေတာကတော့ သူ့အမေတုန်းက ဘယ်သူတွေသတ်လို့ ဘယ်နေရာမှာ သေသွားရတာ ဆိုပြီး အဆက်မပြတ် မီးမွှေးပေးထားပါတယ်။ မီးလေးပြလိုက် မှိုင်းလေးတိုက်လိုက်နဲ့ လွတ်လပ်ရေးပွဲကြီးနီးလာတဲ့အခါ အခမ်းအနားမှာ မပါပါအောင် စီမံပြီး လျှို့ဝှက်လက်နက်များပေးလို့ အသေးစိတ် အစီအစဉ်တွေ ရေးဆွဲပါတယ်။ သေချာသွားတဲ့တစ်နေ့ လက်စလက်နဖျောက်ဖို့ ကောင်လေးဆီက လက်ကိုင်ဖုန်းတောင်းတဲ့အခါ အိမ်ကအင်္ကျီအိပ်ထဲမှာ ကျန်ခဲ့တယ်။ သွားယူလိုက်ပါဆိုပြီး လူကြုံနဲ့မှာရပါတယ်။ ဒါပေမယ့် မပိရိတော့ အတင်းလုယူရင်း ဆရာကတော်ကို သေနတ်နဲ့ ပစ်သတ်လိုက်ရော။ အခမ်းအနားပြင်ဆင်နေတဲ့ ပါမောက္ခ အိမ်ပြန်လာလို့ သူ့မိန်းမအဖြစ်ဆိုးနဲ့ တိုးတဲ့အခါ “ဒီကိစ္စ ဒီအချိန်မှာ လူသိခံလို့ မဖြစ်ဘူး။ သိကုန်ရင် နှစ်ဘက်စလုံးက လူတွေအများကြီး ထပ်သေကုန်လိမ့်မယ်။” ဆိုပြီး တိတ်တိတ်ကလေး သင်္ဂြိုလ်လိုက်တယ်။ ကောင်လေးကို မျက်စိအောက်က အပျောက်မခံတော့ပဲ သူသွားလေရာ ခေါ်သွားတယ်။ မူဆလင်တွေကို တလေးတစား နေရာပေးဆက်ဆံတာကို သိသာမြင်သာစေတယ်။ အခမ်းအနားတက်လာတဲ့ ရာထောင်မကသော ကလေးငယ်ကလေးတွေကို နှုတ်ဆက်ပြတယ်။ အိန္ဒိယဆိုတာ မတူကွဲပြား ခြားနားတဲ့သူတွေ အတူတကွ ငြိမ်းချမ်းစွာနေကြတယ်လို့ ခံစားမိစေတယ်။ ထောက်လှမ်းရေးက လက်မတင်လေးသိသွားလို့ ကောင်လေးကို လိုက်ဖမ်းတဲ့အခါ သူက လွတ်အောင်ကယ်လိုက်တော့ စစ်ကြောရေးကို သူကိုယ်တိုင်ရောက်သွားရော။ သူပြောတာကတော့ ရှင်းတယ်။ ဒီကောင်လေး သူ့အိမ်ကိုရောက်နေကတည်းက အသေခံဗုံးခွဲမလို့ဆိုတာ သူသိပြီးသား။ သူရော သူ့မိန်းမရော အဲလောက်ကြီးပိန်းတဲ့အစားမဟုတ်ဘူး။ ဒါပေမယ့် အစကတည်းက လက်ပူးလက်ကြပ် မိအောင်ဖော်ပြီး ဖမ်းလိုက်ရင် ဟိုက နောက်ထပ် တစ်ယောက်ပြီးတစ်ယောက် ထပ်လွှတ်နေဦးမှာပဲ။ ဆုံးမှာကို မဟုတ်ဘူး။ ဒီကောင်လေးကို ဘယ်ဟာကအမှန်လဲ သိစေပြီး ပြန်လွှတ်လိုက်တယ်။ သူ့မိန်းမအသက်နဲ့ ရင်းထားရမှန်းသိသိကြီး။ ဟိုကိုပြန်ရောက်သွားရင် သူနဲ့အတူတူ တခြားလူငယ်လေးတွေလည်း သူတို့ဘက်က ဘယ်လိုသဘောထားသလဲ အကုန်သိသွားလိမ့်မယ်။ ဒါမှ နောက်ထပ်နောက်ထပ် အသေခံလူသတ်သမားတွေ ရောက်မလာတော့မှာတဲ့။ အဲသလို ဆင်ခြေပေးပါတယ်။ သူတွက်တဲ့အတိုင်းလည်း မှန်ပါတယ်။ ကိုယ်တို့ ဗုဒ္ဓဘာသာမှာလည်းရှိတယ်။ ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့ဆိုတာလေ။ ဒါပေမယ့် လက်တွေ့ကျတော့ ပြုသူအသစ် ဖြစ်သူအဟောင်းမို့ ဘယ်သူကမှ အဲလောက် သဘောထား မကြီးနိုင်ဘူး။ သူတို့အိန္ဒိယဘက်ကအတွေးအခေါ်ကျတော့ လက်တွေ့ကျကျ ဆင်ခြင်ထားတယ်။ တရုတ်ကားတွေထဲမှာလို လက်စားချေတဲ့ အယူအဆကို အသားမပေးဘူး။
ဒီရုပ်ရှင်ဇာတ်ကားဟာ သူတို့ဆီမှာလည်း တော်တော်ကို ခဲနဲ့အပေါက်ခံရမယ့် ဇာတ်ကားပါပဲ။ မူဆလင်တွေဆိုတာ သူတို့နိုင်ငံမှာ တ၀က်လောက်ရှိတာ မဟုတ်လား။ ဒါပေမယ့် သူတို့ပြောချင်တာ မူဆလင်တွေ လူသတ်နေပါတယ် လို့ တစ်ခွန်းမှ မပါဘူး။ ဘာသာရေးကို ခုတုံးလုပ်ပြိး အကြမ်းဖက်လုပ်ကြံတဲ့သူတွေရှိတယ်။ အဲဒီလူတွေဟာ လူစိတ်ပျောက်အောင် မှိုင်းတိုက်ထားတဲ့အတွက် ကိုယ့်အသက်ကိုတောင် မနှမြောတာမို့ ဘယ်သူ့အသက်ကိုမှလည်း ဂရုမစိုက်ဘူး။ အဖေအမေပြန်သတ်ရရင်တောင် လူနှစ်ယောက်လောက် စတေးရတာ ဘာဖြစ်သေးလဲ လို့ပဲ မြင်တယ်။ ဒီလိုလူတွေ မွေးထုတ်နိုင်ဖို့ နိုင်ငံရေးပဋိပက္ခတစ်ခုခုမှာ ဓါးစာခံဖြစ်ရရှာတဲ့ အခြေအနေမဲ့ မြေစာပင်ကလေးတွေကို လိုက်ရှာတယ်။ ပြီးရင် နိုင်ငံမှာ သြဇာအရှိဆုံး သူတို့နဲ့အတိုက်အခံ ခေါင်းဆောင်တစ်ယောက်ယောက်နဲ့ အသက်ချင်းလဲဖို့ ကြိုးစားတယ်။ စစ်တုရင်စကားနဲ့ ပြောရရင် နယ်ရုပ်ကလေးနဲ့ ဘုရင်ကိုချက်လုပ်တာပေါ့။
အဲသလောက်အောက်တန်းကျ သူရဲဘောကြောင်တဲ့ သူတို့ရဲ့ မဟာဗျူဟာတွေကို မွန်မြတ်ပါတယ်ဆိုပြီး အထွဋ်အမြတ်ထား ကိုးကွယ်အပ်တဲ့ ဘုရားသခင်ရဲ့ နာမတော်နဲ့ အရေခြုံပလိုက်တယ်။ (ရခိုင်မှာဆို အုပ်စုဖွဲ့ လူသတ်ပြီး မုဒိန်းကျင့်တာတောင် သူတို့သာသနာတော်ကြီးအတွက်ဆိုတော့ စဉ်းစားသာကြည့်ပါတော့) လူဆိုတာ ကိုယ့်အဖေအမေထိပါးပြီး ဆဲဆိုပုတ်ခတ်ရင် မခံနိုင်ဘူး။ ကိုယ်ရှိခိုးနေတဲ့ ဘုရားကို မဖွယ်မရာ ပြောတာဆိုတာလည်း မခံနိုင်ဘူး။ အဲဒီသဘောထားကလေးကို အသုံးချပြီး ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းကလေးလိုပဲ သူခိုးက လူထောင်းတဲ့အခါ မူဆလင်တွေကို နှိပ်စက်နေပါတယ်။ ကြည့်မနေပါနဲ့။ ကယ်တော်မူပါ လို့ သူကဦးအောင် ဟစ်တယ်။ တစ်ဦးတစ်ယောက်ရဲ့ မသမာမှုမှာ ဘာသာတူ လူအများကို ဆွဲထည့်ပြီး အသုံးချတာပေါ့။ အဓိကရုဏ်းတွေ ဆက်ဖြစ်လာတော့ လူအများအပြား သေကြေပျက်စီးကြရတယ်။
ရွှေကျောင်းတော်ကြီးမှာ လက်နက်ကိုင် ပုန်ကန်ကြမယ့် ဆစ်ခ်စစ်သွေးကြွတွေကို နှိမ်နှင်းလို့ အပြစ်မဲ့ ဘုရားဖူးဆစ်ခ်လူမျိုးတွေ ထောင်နဲ့ချီအသက်ဆုံးရှုံးရတယ်။ ဒီအတွက် ဆစ်ခ်ကိုယ်ရံတော် နှစ်ယောက်ကနေ အင်ဒီယာဂန္ဒီကိုလုပ်ကြံတော့ အိန္ဒိယနိုင်ငံအ၀ှမ်းမှာ နောက်ထပ် အပြစ်မဲ့တဲ့ ဆစ်ခ်လူမျိုးထောင်ပေါင်းများစွာ အသက်စတေးကြရပြန်တယ်။ အဲသလိုမျိုး လူမျိုးရေး ဘာသာရေးကို အကြောင်းပြုပြီး ပဋိပက္ခများစွာကို ဓါးဓါးချင်း တုတ်တုတ်ချင်း ဖြေရှင်းနေရရင် ကုလား နဲ့ ငါး အရုပ်ရေးထား ဆိုတဲ့စကားမှန်ဖို့ သိပ်မဝေးတော့ဘူး။ နိုင်ငံအတွက်လည်း ဘယ်လောက်နစ်နာတယ်ထင်သလဲ။ အမျိုးသားခေါင်းဆောင်ဆိုတာ လူတစ်သန်းမှာ တစ်ယောက်ထွက်လာဖို့ မလွယ်ဘူး။ ဘယ်ကျောင်း ဘယ်ပညာရပ်နဲ့မှ မွေးထုတ်ပေးလို့ မရဘူး။ နိုင်ငံအတွက် တစ်ဘ၀လုံးပေးဆပ်ပြီး အနစ်နာခံတဲ့ စိတ်ဓါတ်ရှိမှ ဖြစ်တာ။ မဟတ္တမဂန္ဒီ၊ အင်ဒီယာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ ထွက်လာသမျှ လူထုခေါင်းဆောင်တွေအားလုံး အမည်မသိ လုပ်ကြံသူတစ်ဦးနဲ့ လဲလဲသွားရတယ်။ ကဲ လုပ်ကြံမှုကြီးတွေ အောင်မြင်သွားပါပြီတဲ့။ သူတို့မျှော်မှန်းထားတဲ့ ဘာသာရေး နိုင်ငံရေးအကျိုးအမြတ်ရခဲ့တာ ဘယ်နှစ်ခါရှိသလဲ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်လို့ ဂဠုန်ဦးစော ၀န်ကြီးချုပ်ပြန်မဖြစ်ဘူး။ မြန်မာပြည်မှာ နစ်နာတာတွေ ဘယ်သူနဲ့ ပြန်အစားထိုးစရာရှိခဲ့လို့လဲ။
ဒီရုပ်ရှင်ကြည့်အပြီးမှာ ခံစားမိတာက လောလောဆယ်မှာလည်း ကိုယ့်ဆီမှာ ဘာသာရေး၊ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှာ သူခိုးကလူဟစ်ပြီး မှိုင်းတိုက်နေတာတွေ နေ့စဉ်နဲ့အမျှ ဖတ်ရကြားရတယ်။ တကယ့်အမှန်တရားဆိုတာ နလန်မထူနိုင်တော့လို့ ဘာအသံမှကို မထွက်နိုင်တော့ဘူး။ အော်နိုင်တဲ့အသံပဲ လူကြားရမယ်။ အသံကြားတိုင်း ဟုတ်သည်မဟုတ်သည် မချင့်ချိန်ပဲ လက္ခဏကိုနှင်လွှတ်နေရင်တော့ နောက်တစ်ခန်းဆိုရင် မယ်သီတာ သင်္ကန်းခြုံထားတဲ့ ဒဿဂီရိနောက်ကိုပါတော့မယ်။ အရေးကြီးတာက ဘယ်ဟာက ကိုယ့်တိုင်းရင်းသားလဲ ကွဲပြားဖို့၊ အဲသည်ကိုယ့်တိုင်းရင်းသားတွေကို ညှာတာဖို့၊ သူတို့နဲ့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေဖို့ပါ။ အပြန်အလှန် အနာတရရှိခဲ့တဲ့ ကိစ္စတွေမှာလည်း ကိုယ့်ဘက်ကိုရောက်လာခိုက် သဘောထားကြီးကြီးနဲ့ ဘတစ်ပြန်ကျားတစ်ပြန်ဇာတ်လမ်းကို ရပ်ပလိုက်ဖို့ပါ။ ဒီဘက်ကလွှဲလိုက်ရင် ဟိုဘက်ကလည်း ပြန်လာဦးမှာပဲ။ ရှေ့ခရီးဆက်ချင်ရင် ကရွတ်ကင်းလျှောက် လျှောက်လို့ မဖြစ်ဘူးလေ။ လျှောက်မယ့်လျှောက် ရန်ကုန်ကနေ လိုင်ဇာအရောက် လျှောက်ရမှာပေါ့။ ဟုတ်ဘူးလား။ ဟော ပြောရင်းဆိုရင်း မန္တလေးတောင် ရောက်နေပတဲ့။ ဆက်လျှောက်ကြစို့ကွယ်။ အိုမဝေးဘု ရောက်လုပါပြီ။

No comments:
Post a Comment