Sunday, February 10, 2013

လက်ပံတောင်း ကော်မရှင်သတင်းထုတ်ပြန်ချက်


post by ပြန်ကြားရေး ၀န်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စုံစမ်းစစ်ဆေးရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၃)
၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်)

၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီ အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ ၁၃:၃၀ ချိန်တွင် လွှတ်တော်ဝင်း (အိုင် ၁၂) အဆောင်တွင်ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် အပြီးသတ်အစီရင်ခံစာ ပြုစုရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ကော်မရှင် ဥက္ကက အပြီးသတ် အစီရင်ခံစာ ရေးဆွဲရာတွင် ကျင့်သုံးရမည့် အခြေခံမူ များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေး တက်ရောက် လာကြသော ကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

၂။ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဌမှ ကွင်းဆင်းရန်တာဝန်ပေးချက်အရ ကွင်းဆင်းခဲ့ကြသော ကော်မရှင် အဖွဲ့ဝင်တို့က ဇန်နဝါရီလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ သီတဂူအာယုဒါန ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော သံဃာ (၆) ပါး၏ ကျန်းမာရေးအခြေအနေနှင့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ နာမကျန်းဖြစ်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သော ကလေးသူငယ် (၄) ဦး တို့၏ ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များ ကို ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

၃။ ထို့ပြင် ကော်မရှင် အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၇) ရက်နေ့အထိ ထပ်မံ ကွင်းဆင်း
လေ့လာပြီး သီတဂူအာယုဒါန ဆေးရုံတွင် ဆေးဝါးကုသနေကြသော သံဃာတော်များ၏ ကျန်းမရေး အခြေအနေကိုလည်းကောင်း မုံရွာခရိုင်၊ မံရွာဆေးရုံတွင် အုတ်ကန်ပြိုကျပြီး ထိခိုက်ဒဏ်ရာ ရရှိ သဖြင့် ဆေးကုသခံနေသူ အမျိုးသမီးကြီး၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

သီတဂူအာယုဒါနဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသော သံဃာ (၆) ပါးအနက် (၃) ပါး သည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆေးရုံဆင်းသွားပြီးဖြစ်ကြောင်း လည်း သိရှိရပါသည်။

၎။ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၂) ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ ရာ တွင် ကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လကုန်တွင် တင်သွင်းရန် သတ်မှတ်ပေးခဲ့ပါသည်။

ထိုတာဝန်ပေးချက်အရ ကော်မရှင်အနေဖြင့် ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်
နေ့ တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ပြီးဖြစ်ပါသည်။

နေ့စဥထုတ်သတင်းစာများတွင် ဖော်ပြခဲ့သော ကော်မရှင်၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် နေ့တွင် ထုန်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၃) တွင်လည်း အဆိုပါ အစီရင်ခံစာသည် ကြားဖြတ် အစီရင်ခံစာသာ ဖြစ်ကြောင်း၊ ထုတ်ပြန်ကြေညာရန် မဟုတ်ကြောင်းဖြင့် ရှင်းလင်းဖော်ပြခဲ့ပါသည်။

ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်အခါမှသာ အသေးစိတ် အချက်အလက်တို့ကို ထုတ်ပြန် ကြေညာမည်ဖြစ်ပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်
 
 

No comments: