Monday, February 4, 2013

ဆေးလောက ကျင့်ဝတ် (medical ethics)


by Kyaw Zin Win on Monday, February 4, 2013 at 3:03pm ·
(Patient Autonomy)

ခေတ်အဆက်ဆက် ဆေးပညာကို စွန့်ဦး တီထွင် ဖြန့်ဝေ ပေးခဲ့ကြသော သမား ဟူးရား ကြီးများ၊ မိမိအား ဆေးပညာ သင်ကြားပေးခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအား ဤစာဖြင့် ပထမဦးစွာ ဂါရ၀ပြု ကန်တော့ပါ၏။

ဆေးလောက ကျင့်ဝတ် အကြောင်း ကျွန်တော် နားလည်သလောက် ရေးခြင်း ဖြစ်ပါသည်။ အမှားများ ပါပါက၊ စိတ်သဘောထားချင်း မတိုက်ဆိုင်သည်များ ပါပါကလည်း ဝေဖန် ထောက်ပြကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ဆေးလောက နယ်ပယ်မှ လူများရော၊ ဆေးလောကနှင့် စိမ်းနေသည့် လူများအတွက်ပါ ဖတ်ရှုရ လွယ်ကူစေရန် အတတ်နိုင်ဆုံး ကြိုးစား ရေးသား သွားပါမည်။






အမှန်စင်စစ် ဆေးလောက ကျင့်ဝတ် (medical ethics) ဆိုသည်မှာ အထူးအထွေ မဟုတ်။ လူ့အခွင့်အရေး (Human Rights) နှင့် လူအချင်းချင်း အပြန်အလှန် လေးစားမှု အပေါ် အခြေခံထားသော သဘောတရား ပင်ဖြစ်သည်။ ဆရာဝန်နှင့် လူနာများ အကြား လူ့စည်း၊ ဘီလူးစည်း ခွဲခြားထားသော သဘောသာ ဖြစ်ပေသည်။ ထိုအကြောင်း ရေးသားရာတွင် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန် နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း များကို စံပြု ရေးသားပါမည်။ ထိုစံနှုန်းများကို စာအုပ်ကြီးအတိုင်း တရားသေ ဆုပ်ကိုင်၍ မြန်မာနိုင်ငံတွင် ကျင့်သုံးရမည်ဟု မဆိုလိုပေ။ စံအဖြစ် သတ်မှတ်ရန်သာ တင်ပြခြင်း ဖြစ်သည်။ စင်စစ်မှာ ဆေးလောက ကျင့်ဝတ် ဟူသည် လူ့အခွင့်အရေးအပေါ်တွင် အခြေခံသဖြင့် လူ့အခွင့်အရေး အပြည့်အ၀ မရသော နိုင်ငံများတွင် ပြည့်ပြည့်၀၀ ကျင့်သုံးနိုင်ရန် မလွယ်ပေ။ မြန်မာနိုင်ငံတွင် ဆရာဝန်များပင်လျှင် လူ့အခွင့်အရေး၊ ဆရာဝန် အခွင့်အရေး ပြည့်ပြည်.၀၀ မရသေးပေ။ ထားတော့။

ဆေးလောက ကျင့်ဝတ်၏ အရေးကြီးဆုံး ထောက်တိုင်ကြီးမှာ patient autonomy ပင် ဖြစ်သည်။ patient autonomy ၏ သဘောတရားမှာ လူနာအား မိမိ ကိုယ်ခန္ဓာအတွက် ဆေးကုသမှု ခံယူရာတွင် လူနာဖြစ်သူ ကသာလျှင် အဓိက အဆုံးအဖြတ် ပြုလုပ်ပိုင်ခွင့်ပင် ဖြစ်သည်။ တနည်း လူနာဖြစ်သူ၏ ခွင့်ပြုချက် မပါပဲ ဆရာဝန်သည် ခွဲစိတ်မှု ပြုလုပ်ပိုင်ခွင့် မရှိ၊ မည်သည့် စမ်းသပ် စစ်ဆေးမှုမျှ လုပ်ပိုင်ခွင့် မရှိပေ။

ဆိုကြပါစို့။ သင်၏ ခန္ဓာကိုယ်ကို သင့်အိမ်ဟု သဘောထား ကြည့်ပါ။ သင်၏ ခွင့်ပြုချက် မရဘဲ၊ မည်သူမှ ကျူးကျော် ၀င်ရောက်ခွင့် မရှိပေ။ မည်သူမျှ သင်၏ အိမ်ကို ပြုပြင်ခွင့် မရှိပေ။ ယုတ်စွအဆုံး ချောင်းမြောင်း ကြည့်ရှုခွင့်ပင် မရှိပေ။ ထို့အတူပင် လူနာ ခွင့်ပြုချက်မရပဲ ဆရာဝန်သည် ခွဲစိတ်ခွင့် မရှိ၊ ကုသခွင့် မရှိ၊ သွေးစစ်ဆီးစစ်ခွင့်ပင် မရှိ၊ အီးစီဂျီပင် ဆွဲပိုင်ခွင့် မရှိပေ။
မိမိကိုယ်ကို မိမိပိုင်သည်။ အခြားလူ (ဆရာဝန်) က မိမိ ခွင့်ပြုချက် မရပဲ မည်သည့် အရာမျှ လုပ်ပိုင်ခွင့် မရှိ။ ဤသည်ပင်လျှင် ဆေးလောက ကျင့်ဝတ်၏ အခြေခံအကျဆုံး အကြောင်းတရားပင် ဖြစ်သည်။

လူနာအတွက် အကျိုးရှိမည် ဖြစ်သော်လည်း လူနာခွင့်မပြုလျှင် ကုသခွင့် မရှိပေ။ ဆိုကြပါစို့။ သင့်အိမ်သည် ဆေးမသုတ်သည်မှာ ကြာလှပြီ ဖြစ်သဖြင့် ဆေးအသစ် သုတ်ရာတွင် မည်သည့် ဆေးအရောင် သုတ်မည်ကို သင်သာလျှင် ဆုံးဖြတ်ရပေမည်။ ဆေးမသစ် မသုတ်ပဲ ထားလိုကလည်း ထားနိုင်သည်။ ဆေးသုတ်သမားသည် စေတနာ ဗရပွဖြင့် သင့်အိမ်ကို သင်၏ ခွင့်ပြုချက် မရပဲ လာရောက် သုတ်ပေးပိုင်ခွင့် မရှိ။ ထို့အတူပင် လူနာအတွက် အကျိုးရှိမည့် ဆေးကုသမှုတို့ကိုလည်း လူနာ မလိုလားပါက ငြင်းပယ်ပိုင်ခွင့် ရှိသည်။ ထို့ကြောင့် patient autonomy သည် beneficence (လူနာအတွက် အကျိုးရှိမည်ကို ပြုလုပ်ခြင်း) ကို လွှမ်းမိုးနိုင်သည်။ ဆိုလိုသည်မှာ အကျိုးရှိမည်ပင် ဖြစ်သော်လည်း လူနာ ခွင့်မပြုလျှင် မည်သည့်အရာမျှ မလုပ်ရ ဟူ၍ ဖြစ်သည်။

ဆရာဝန်သည် Patient autonomy ကို လူနာ၏ အပြုအမူသည် အခြား ပုဂ္ဂိုလ်(များ) ကို ထိခိုက်မည့် အနေအထားတွင် ချိုးဖေါက်နိုင်သည်။ ဥပမာ- လူနာတွင် HIV, TB, ကာလသားရောဂါ စသည့် ရောဂါများတွေ.ရလျှင် လုပ်ထုံးလုပ်နည်းအတိုင်း အထက်သို့ သတင်းပို့ခြင်း၊ ရောဂါ ကူးစက်နိုင်ခြေ ရှိသောသူများအား အသိပေးရန် ကြိုးစားခြင်းတို့ကို ပြုလုပ်ရပေမည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း လူနာ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား မလိုအပ်ပဲ အပြင်သို့ ပေါက်ကြားစေရန် မပြုလုပ်ရပေ။

လူနာဟူသည် အသိဥာဏ် ရှိသော လူသားဖြစ်သည်။ မိမိ ဘ၀၏ ကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ် နိုင်သည်။ ဆိုကြပါစို့။ မဲဆန္ဒပေးရာတွင် မဲပေးပိုင်ခွင့် ရှိသူ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။ မည်သူမျှ ခြိမ်းခြောက်၍လည်းကောင်း၊ ငွေပေးစည်းရုံး၍ သော်လည်းကောင်း အတင်းအကျပ် မဲပေးခိုင်းခြင်း မပြုလုပ်ရပေ။ သူမဲပေးလိုက်သော ကိုယ်စားလှယ်သည် မကောင်းသောသူ၊ အရည်အချင်း မရှိသောသူ ဖြစ်နိုင်ပေသည်။  ထိုကိုယ်စားလှယ်၏ ကောင်းမွေ၊ ဆိုးမွေကို မဲပေးလိုက်သောသူ ခံစားရပေမည်။ ထို့အတူပင် လူနာသည် သူရွေးချယ်လိုက်သော ဆေးကုသမှု၏ ကောင်းမွေ၊ ဆိုးမွေကို သူသာလျှင် ခံစားရပေမည်။ မှားယွင်း၍လည်း ဆုံးဖြတ်နိုင်ပေသည်။ မှားယွင်းနေမှန်း သိလျက် ဆရာဝန်သည် ထိုဆုံးဖြတ်ချက်ကို လေးစားရပေမည်။ အဘယ်ကြောင့်ဆိုသော် လူနာ၏ ခန္ဓာကိုယ်ကို လူနာပင် ပိုင်သောကြောင့် ဖြစ်သည်။ ဆရာဝန်၏ တာဝန်မှာ ရောဂါအကြောင်း၊ ဆေးကုသမှုနည်းလမ်းများ အကြောင်း၊ တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ ပြောဆို ရှင်းပြ၍ လူနာရွေးချယ်သော ဆေးကုသမှု နည်းလမ်းဖြင့် ကုသ ပေးရန်သာ ဖြစ်သည်။


အဖြူရောင်မုသား (white lie)

သူတို့ (အနောက်နိုင်ငံများ)၏ စံနှုန်းတွင် အဖြူရောင် မုသား ဆိုသည်ကို လုံးဝ လက်မခံပေ။ ဆရာဝန်သည် ဆေးကုသမှုနှင့် ပတ်သက်၍ မည်သည့် အကြောင်းနှင့်မျှ လိမ်ညာ ပြောဆိုမှုကို မပြုလုပ်ရပေ။ အမေရိကန် ပြည်ထောင်စု၏ နာမည်ကြီး စစ်တက္ကသိုလ် ဖြစ်သော (west point) တက္ကသိုလ်တွင် ကျောင်းသား ဗိုလ်လောင်းများအတွက် အရေးကြီးဆုံးသော တားမြစ်ချက် နှစ်ရပ်မှာ (၁) မည်သည့်အခါမှ လိမ်ညာ ပြောဆိုခြင်း မပြုရ။ (၂) သူတစ်ပါး ပစ္စည်း ခိုးဝှက်ခြင်း မပြုရ ဟူ၍ပင် ဖြစ်သည်။ ထိုပြစ်ချက်များ ကျူးလွန်မိပါက စစ်ခုံရုံးကဲ့သို့ ကျောင်းတွင် ခုံရုံးဖွဲ. စစ်ဆေးကာ အပြစ်ထင်ရှားပါက တက္ကသိုလ်တွင် အကြီးမားဆုံး အပြစ်ဖြစ်သော ကျောင်းမှ ထုတ်ပယ်ခြင်းကို ခံရသည်ဟု မှတ်သားဖူးပါသည်။ ထားတော့။

အဖြူရောင် မုသားဆိုသည်မှာ တစ်စုံတစ်ယောက်၏ အကျိုးအလို့ငှာ လိမ်ညာမည့်သူက လိမ်ပြောလိုက်ခြင်း ပင်ဖြစ်သည်။ ဆေးလောက နယ်ပယ်တွင် မည်သို့မျှ ပြန်ကောင်းလာနိုင်ချေ မရှိသော လူနာကို စိတ်ဓါတ်ကျမည် စိုးသဖြင့် ” ကောင်းသွားမှာပါ။ စိတ်ချ” ” ကျွန်တော် ဒီရောဂါမျိုးကုလာတာ ရာထောင်ချီနေပြီ။ ဘာမှ စိတ်မပူနဲ့” ဟု ပြောခြင်းမျိုး ဖြစ်သည်။ ထိုသို့ ပြောခြင်းမျိုးသည် လူနာကို သတင်းအချက်အလက် မှားယွင်းစွာ ပေးခြင်းဖြင့် Patient autonomy ကို ချိုးဖေါက်ရာ ရောက်ပေသည်။ သတင်း အချက်အလက် မှန်ကန်စွာ မရရှိသဖြင့် လူနာသည် မိမိ ကိုယ်ပိုင်ဘ၀၏ ကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။

အရွယ်ရောက်ပြီးသူတိုင်းသည် လောကဓံကို အထိုက်အလျောက် ခံစားဖူးမည်ဟု ယူဆရသဖြင့် မိမိ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းဆိုးများကို ခံနိုင်ရည် ရှိပြီး ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဥပမာ လူနာထံတွင် ကင်ဆာရောဂါ အစရှိသော ရောဂါဆိုးများ ဖြစ်ပွားနေပါကလည်း လူနာကိုပင် ပထမဦးစွာ အသိပေးရပေမည်။ လူနာမှတဆင့် လူနာ အသိပေးလိုသူများကိုသာ အသိပေးရပေမည်။ လူနာ ခွင့်ပြုချက် မရပဲ လူနာရှင် မိသားစု အပါအ၀င် မည်သူ့ကိုမျှ  ရောဂါအကြောင်း အသေးစိတ် အချက်အလက်များကို အသိမပေးရပေ။

သတင်းဆိုးများနှင့် ပတ်သက်၍ စိတ်ကျရောဂါ ရပါကလည်း ဆရာဝန်က ကုသပေးရမည်သာ ဖြစ်သည်။ စိတ်ဓါတ်ကျမည် စိုးသဖြင့် လူနာအား အမှန်အတိုင်း အသိမပေးပဲ ထားခြင်း မပြုရပေ။ ထိုအခြေအနေတွင် ပြောဆိုသော အဖြူရောင်မုသားသည် လူနာအား အမှန်တကယ် အကျိုးရှိစေ၍လော။ ဆရာဝန်အား အကျိုးရှိစေ၍လော။ အတွေးပွား စရာပင်။ စေတနာကြောင့် မပြောခြင်းလော။ သတ္တိကြောင်ခြင်းကြောင့် မပြောခြင်းလော။ အငြင်းပွား စရာပင်။

မြန်မာပြည်၌ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ကြည့်ကောင်းအောင် ပြောဆို လိုက်ရသည်များ ရှိပေသည်။ နေရာတကာ စာအုပ်ကြီးအတိုင်း ပြုလုပ်၍ မရသည်များ ရှိပေသည်။ သတင်းဆိုးများနှင့် ပတ်သက်လျှင် လူနာရှင်များက ” လူနာကို အသိမပေးပါနဲ့ ဆရာရယ်။ အဲဒီစိတ်နဲ့ လုံးပါးပါးသွားမှာ စိုးလို့ပါ” ဟူ၍ ပြောတတ်ကြသည်။ လူနာရှင် တို့ကသာလျှင် ဆေးကုသမှုနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးကြသည်။ သူတို့ ပြောဆိုကြသော လက်သုံးစကားမှာ ” ဆရာ ကောင်းသလိုသာ ကြည့်လုပ်လိုက်ပါ” ဟူ၍ပင် ဖြစ်သည်။ များသောအားဖြင့် ဆရာဝန် အကြံပေးသော ဆေးကုသမှုကိုသာ ရွေးချယ်ကြပေသည်။ ရှင်းပြပြန်လျှင်လည်း တစ်ချို့ သေချာ နားထောင်ချင်မှ ထောင်သည်။ ဆရာဝန် ပေးသော ဆေးကို တစ်ချို့ သောက်ချင်မှ သောက်သည်။ ဆရာဝန် ရှောင်ရန် ပြောသော အစားအစာများကိုလည်း မကြာခဏ စားသည်။ လုပ်ရ ကိုင်ရ ခက်ခဲပေသည်။

အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် မိသားစု သံယောဇဉ် အနှောင်အဖွဲ. ပိုများသည်။ အချို့ သက်ကြီးပုဂ္ဂိုလ် လူနာများဆိုလျှင် ကလေးတစ်ယောက် ကဲ့သို့ပင် ဆက်ဆံ အလိုလိုက်ခံရသည်။ အသိအကျွမ်းများ သတင်းလာမေးလျှင် ” အဘိုး၊ သားကို မှတ်မိလား၊ သမီးကို မှတ်မိလား” ဟု မေးတတ်ကြသည်။ အမှန်စင်စစ် လူနာတွင် သူငယ်ပြန် ရောဂါ မရှိလျှင်၊ ဦးနှောက်ကို ထိခိုက်ခြင်း မရှိသေးလျှင် ကောင်းစွာ သိကျွမ်းခဲ့သူများကို မှတ်မိနိုင်ပေလိမ့်မည်။ ထို့အတူပင် ဆေးကုသမှုဆိုင်ရာ အဆုံးအဖြတ်များကိုလည်း လူနာကိုယ်တိုင် ပြုလုပ်နိုင်ပေလိမ့်ဦးမည်။

အနောက်နိုင်ငံများတွင် ဆေးကုသမှု ကုန်ကျစရိတ်ကို အစိုးရက တစ်စိတ်တစ်ပိုင်း ကျခံပေးခြင်းမျိုး ရှိသော်လည်း မြန်မာနိုင်ငံတွင်တော့ လူနာ (သို့) လူနာရှင်များကသာ ကျခံရပေသည်။ (အစိုးရ ဆေးရုံများတွင် ဆေးရုံအသုံးပြုခ၊ ဆရာဝန် စမ်းသပ်ခ စသည် မပေးရသော်လည်း ဆေးဝါးပစ္စည်းများကို များသောအားဖြင့် မိမိဘာသာ ၀ယ်ရပေမည်။) မဖျားမနာခင်က ရှာဖွေစုဆောင်းထားသူ လူနာများအဖို့ ခံသာသော်လည်း စုမိဆောင်းမိ မရှိသော လူနာများမှာ လူနာရှင် (သို့) ဆွေမျိုး မိတ်သင်္ဂဟ များမှ ထောက်ပံ့၍သော်လည်းကောင်း၊ ဆေးရုံမှ ဆရာဝန်များက အလှူခံ ရရှိထားသော ဆေးဝါးပစ္စည်းများဖြင့်သော်လည်းကောင်း ရှာကြံ၍ ဆေးကုသမှု ခံယူကြရပေသည်။ ထို့ကြောင့် ငွေကြေး ထောက်ပံ့ထားသော လူနာရှင်များက ဆေးကုသမှုနှင့် ပတ်သက်၍ အဓိက အဆုံးအဖြတ် ပေးနေကြခြင်း ဖြစ်ပေသည်။

ကျွန်တော့် အယူအဆမှာ လူနာများက မိမိတို့၏ ဘ၀တွင် အရေးကြီးသော ဆေးကုသမှုနှင့် ပတ်သက်၍ အဆုံးအဖြတ်ကို လူနာများကိုယ်တိုင် ချမှတ် နိုင်သည့် အလေ့အထ ရအောင် တဖြည်းဖြည်း လေ့ကျင့် ပေးသင့်ပေသည်။ လူထုတွင် ကျန်းမာရေး ဗဟုသုတများ၊ အထွေထွေ အသိပညာများ တိုးပွားလာသည် နှင့်အမျှ ထို့အလေ့အထ ရင့်သန်လာမည်ဟု ယူဆရပေသည်။ ဗုဒ္ဓ မြတ်စွာဘုရားသည်ပင် ” မိမိ ကိုယ်ကိုသာ ကိုးကွယ်ရာ” ဟူ၍ ဆိုထားသည် မဟုတ်ပါလော။

CTRL + Q to Enable/Disable GoPhoto.it
CTRL + Q to Enable/Disable GoPhoto.it

No comments: