ဗမာပြည်နိုင်ငံရေး အရွေ့
မောင်သန်းမြရွှေ
ဦးကိုနီ ကို လုပ်ကြံတာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ကြံသတ်ဖြတ်တာ ဖြစ်တယ်။
အာဏာလက်လွတ်သွားတဲ့ နိုင်ငံရေးချွတ်ခြုံကျနေသူတစုက သွေးရူးသွေးတန်း လုပ်လာတာဖြစ်တယ်။ အများပြည်သူ လူထုကြီးအတွင်း အတွေးအခေါ်ရှုပ်ထွေး အထိတ်တလန့်ဖြစ်အောင်လုပ်ကာ ပွဲလှန့်ဖျာခင်းဖို့ ကြိုးစားခြင်းလည်း ဖြစ်တယ်။ ဒါဟာ သူရဲဘောကြောင်သူတွေရဲ့ ကမူးရှူးထိုးလုပ်ရပ်လည်း ဖြစ်ပါတယ်။
ဗမာပြည်နိုင်ငံရေးဟာ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ၂၀၀၈ နဲ့ ခြေချုပ်မိနေတဲ့ ဒီချုပ် အရပ်သားတပိုင်းအစိုးရကော ၂၀၀၈ နဲ့ ခံကတုတ်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေပါ ရှေ့မတိုးသာ နောက် မဆုတ်သာ ဖြစ်ကာ ဗမာပြည်နိုင်ငံရေး အရွေ့ပျောက်နေတယ်။
ဒီချုပ်အရပ်သားတပိုင်းအစိုးရ သက်တမ်းတနှစ် ပြည့်တော့မယ်။ လစ်လပ်နေရာ ၁၉ နေရာအတွက် ကြား ဖြတ်ရွေးကောက်ပွဲမှာ (ဧပြီ ၂၀၁၇) လူထုသဘောထားကို အားစမ်းဖို့ရှိတယ်။ လူပုဂ္ဂိုလ်မကြည့်ဘဲ ပါတီ ကို ကြည့်ပြီးမဲထည့်ဖို့ မဲဆွယ်စည်းရုံးခဲ့တဲ့ ဒီချုပ် တောင်ပြိုကမ်းပြို အနိုင်ရပြီး လွှတ်တော်တွင်းမှာ အများစုဖြစ် လာခဲ့သော်လည်း ထိရောက်တဲ့ ဆောင်ရွက်ချက်များ မလုပ်နိုင်၊ လွှတ်တော်ပ လူထုလှုပ်ရှားမှုများကိုလည်း ပိတ်ဆို့ဟန့်တား၊ အစိုးရဖွဲ့ရာမှာလည်း ဒီချုပ်၊ ကြံ့ဖွံ့၊ စစ်ဗိုလ်ချုပ်ကြီးများ သုံးချိုးတချိုးစီဖြင့် ဖက်စပ်အစိုးရ ဖြစ်နေတယ်။
ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ သေနတ်သံတွေ တဖန်ညံလာပြန်ပြီ။ အပစ်ရပ်ဆွေးနွေး ပွဲက တာစူလို့တောင် မရသေးဘူး။ သောင်းကျန်းသူအကြမ်းဖက်သမား၊ အပြုတ်တိုက်၊ လက်နက်ချ၊ ချောက် ထဲကျဖို့ လက်နှစ်လုံးအလို၊ တပ်မတော်ရဲ့ဦးဆောင်မှု အရေးသုံးပါး၊ ကာချုပ်မူ ၆ ချက် .... စတဲ့ စစ်ဗျူရိုကရက် ဂါထာဆောင်ပုဒ်တွေနဲ့ ငြိမ်းချမ်းရေးက ပြဒါးတလမ်းသံတလမ်း ဖြစ်နေဦးမှာပါပဲ။ နိုင်ငံ့ဝန်ထမ်းတဦးသာဖြစ်တဲ့ ကာချုပ်ကို ပင်စင်သက် ၆၀ မှ ၆၅ သို့ တိုးပေးခဲ့ရတယ်။ ပြည်တွင်းစစ်တိုက်ရင်း သေဆုံးတဲ့ စစ်ဗိုလ်စစ်သားများ ကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခဲ့ရတယ်။ ရှေ့တန်းပြန်စစ်တပ်ကို ပင်နီဝတ်ပြီး ဒီချုပ်အလံလေး ဝှေ့ယမ်းကာ ကြို ရတယ်။ ငြိမ်းချမ်းရေးရန်ပုံငွေဆိုတဲ့ ဆိုင်းဘုတ်လှလှလေးထောင်ပြီး စစ်ခရိုနီတွေထံမှအလှူငွေ ကျပ် ၁၁ ဘီလီယံကျော် (လက်ရှိငွေလဲနှုန်းအရ ဒေါ်လာ ၈ သန်းကျော်ဟုဆိုတယ်) အလှူခံတယ်။ ရင်ကြားစေ့ရေးဆိုတာ ဘယ်သူနဲ့စေ့နေတာလဲ။ ၂၁ ပင်လုံဆိုတာ ၂၁ ရာစုရဲ့ တကျော့ပြန်ပြည်တွင်းစစ်ကို တာစူနေတာလား။
ကိုလိုနီခေတ်ကတည်းက ရှုပ်လာတဲ့ နယ်စပ်ဖြတ်ကျော်ဘင်္ဂလီပြဿနာကို လွတ်လပ်ရေးခေတ် အာဏာရ အစိုးရအဆက်ဆက် လူဝင်မှုဥပဒေနဲ့အညီ နည်းလမ်းတကျ မဖြေရှင်းခဲ့ရုံမက၊ လူမျိုးရေးဘာသာရေး အစွန်း ရောက် အတွေးအခေါ်နဲ့ နိုင်ငံရေးကစားဖို့ ပြဿနာမီးကို မွှေးထားခဲ့တယ်။ အာဏာနဲ့နွယ်တဲ့ ကိုယ်ကျိုးရှာမှု ကြောင့် ခိုးဝင်လူကုန်ကူးပြဿနာ မူးယစ်ဆေးဝါးပြဿနာ လက်နက်မှောင်ခိုပြဿနာ စတဲ့ ပြဿနာများလည်း တနွယ်ငင်တစင်ပါ ကြီးထွားလာတယ်။ ဒါတင်မကဘူး၊ ခိုးဝင်ဘင်္ဂလီပြဿနာ ဘောင်ကိုကျော်လွန်ပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများကို တနိုင်ငံလုံးမှာ ဖန်တီးခဲ့တဲ့အပြင် ရည်ရွယ်ချက်ရှိရှိ အစွန်းရောက် လူရမ်း ကားအုပ်စုတွေကိုလည်း မွေးထားခဲ့ပါတယ်။ ယခုအခါမှာတော့ ခိုးဝင်ဘင်္ဂါလီပြဿနာဟာ (ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ) နိုင်ငံတကာပြဿနာအဖြစ် လက်ရှိအစိုးရခေါင်းပေါ် ကျရောက်နေပါပြီ။ (နစ်နာ အောင်ပြောတာ မဟုတ်ပါဘူး) သူများစွန့်ထားတဲ့ အညစ်အကြေး ပုစွန်ဆိတ်ခေါင်းစု ဆိုသလို အဖြစ်ခံ ဖို့မသင့်ပါဘူး။
စီးပွားရေးက တိုးတက်မှုမရှိဘူး။ တိုးတက်လိမ့်မယ်လို့လည်း မျှော်လင့်လို့မရဘူး။ ခိုင်မာတဲ့ စီးပွားရေး ဗျူဟာနဲ့ အလုပ်ဖြစ်မယ့်ပေါ်လစီ မယ်မယ်ရရမရှိဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးနေသော်လည်း မောင် မောင်က ပေါ်မလာဘူး။ သစ်မှော် ကျောက်စိမ်းမှော် ရွှေမှော် စတဲ့ သရဲမရဲစီးနေတဲ့ သယံဇာတလုပ်ကွက်တွေ အသစ်ထပ်ချ မပေးတော့ဘူးဆို သော်လည်း စာချုပ်ဟောင်းအတိုင်း သက်တမ်းမကုန်မချင်း လက်ကုန်နှိုက်တူးနေတာကို ဘယ်လိုတားဆီးပိတ်ပင်မှုမှ မလုပ်နိုင်တဲ့အပြင် တရားဝင်အောင်တောင် ပြုလုပ်ပေးသလိုပါပဲ။ ဖွံ့ဖြိုးရေးကို အဟန့်အတားပြုနေတဲ့ စစ်ခရိုနီလက်ဝါးကြီး အုပ်ဘဏ္ဍာအရင်းကို ထိန်းချုပ် ကန့်သတ်တာ ပိတ်ပင်တားဆီးတာ မလုပ်ရဲဘူး။ အရပ်ဖက်ဆန်းစစ်သူများက ထောက်ပြနေတဲ့ (တရားဝင်ကုန် သွယ်ရေးနဲ့ ဆတူလောက်ဖြစ်နေတဲ့) တရားမဝင်ကုန်သွယ်ရေးကြောင့် နိုင်ငံတော်ဝင်ငွေ အဟောသိကံဖြစ် နေမှုကို မထိန်းချုပ်နိုင်ဘူး။ မြေသိမ်းတဲ့ခရိုနီ၊ အမြတ်အစွန်းတခုတည်းကြည့်တဲ့ခရိုနီ၊ အာဏာပိုင်ကို ခွံ့ပြီး ပါမစ်ရထားတဲ့ခရိုနီ၊ စီမံကိန်းကြီးတွေ ပုဂ္ဂလိကပိုင်ပြုခွင့်ရထားတဲ့ခရိုနီ စတဲ့ (၂၀၀၈ နှင့်အတူ) ခရိုနီမှုပြုထားတဲ့ စစ်ဗျူရိုကရေစီ စီးပွားရေးစနစ်ကို မထိပါးရဲဘူး။
ပိုဆိုးတာက အမေရိကန်ရဲ့ဒဏ်ခတ်မှုမှ လွတ်ငြိမ်းချမ်းသာခွင့်ရလာတဲ့ စစ်ခရိုနီတွေလက်ထဲက (အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့) ငွေမဲတဖြစ်လဲ ငွေဖြူတွေဟာ ငွေသေတွေမဟုတ်ဘူး။ စည်းစနစ်မရှိ လှည့်လည်သောင်းကျန်းပြီး အမြတ်အစွန်းတိုးပွားအောင် လုပ်ဆောင်မှာဖြစ်တဲ့အတွက် ငွေဈေးနှုန်း မြေဈေးနှုန်း ကုန်ဈေးနှုန်း အရင်းအနှီးဈေးနှုန်းတွေမှာ ကစားပါလိမ့်မယ်။ နဂိုကတည်းက မစည်ကားတဲ့ဈေးကွက်ဟာ ကမောက်ကမ ဖြစ်ပါလိမ့်မယ်။ ဒါတွေကိုထိန်းချုပ်ဖို့နဲ့ တရားနည်းလမ်းကျတဲ့ ငွေကြေးလှည့်ပတ်မှုဖြစ်ဖို့ ပေါ်လစီ နဲ့ ယန္တရားမရှိဘူး။
အဆိုးဆုံးက နိုင်ငံတော်က အလုပ်အကိုင် ဖန်တီးမပေးနိုင်သေးခင် ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေရတဲ့ လက်လုပ်လက်စားများကို စည်းကမ်းတကျဖြစ်အောင် ထိန်းကျောင်းပေးတာထက် ကျော်လွန်ဲပြီး နှိပ်ကွပ်တာ မဖြစ်ဖို့ လိုပါတယ်။ လယ်သမား အလုပ်သမား ကျောင်းသား နဲ့ တက်ကြွလှုပ်ရှား သူများကို ဖိနှိပ်ရေး ပုဒ်ထီးပုဒ်မအမျိုးမျိုးနဲ့ တရားရုံး ဂါတ် ထောင်တို့နဲ့ ဖိနှိပ်တာတွေ အမွေမဆက်ခံ သင့်တော့ပါဘူး။ စိုက်ပျိုးမြေ တွေ စစ်ခရိုနီပိုင်ပြုမှုကြောင့် လယ်မဲ့ ယာမဲ့ဖြစ်ကြရတဲ့ လယ်သိမ်းခံလယ်သမားတွေ၊ ကျေးလက်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပျက်ဆီးဆုံးရှုံးကုန်လို့ မြို့ပြကိုခိုကပ်လာရတဲ့ အခြေခံလူတန်းစားတွေ၊ စက်ရုံတွေကနေ ကန်ထုတ်လိုက်လို့ အလုပ်ပြုတ်လာတဲ့ ပိုလျှံအလုပ် သမားတွေနဲ့ သူတို့ကိုမှီခိုနေရတဲ့ မိသားစု တွေအတွက် တနိုင်တပိုင် မိသားစုလုပ်ငန်းလေးတွေ ကိုယ်ထူကိုယ်ထ ဖန်တီးလာနိုင်အောင်လည်း အားပေးဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ရှင်သန်ခွင့်ရဖို့ ငွေကြေးစီးဆင်းမှု ကုန်စည်စီးဆင်းမှု လုပ်အားထည့်ဝင်မှု နည်းပညာတိုးချဲ့မှု ချောမွေ့အောင်နဲ့ ဈေးကွက်ဖွံ့ဖြိုးအောင် အဟန့်အတားများကို ကျော်လွှားနိုင်အောင် ပေါ်လစီထိန်းကျောင်းပေးဖို့ လိုပါတယ်။ အလုပ်သမား လယ်သမား အခြေခံ လူတန်းစားနဲ့ တတ်သိပညာရှင်တွေရဲ့ လွတ်လပ်တဲ့လုပ်အားကို အစွမ်းကုန်ဖွံ့ဖြိုးခွင့်ပြုမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ပါလိမ့်မယ်။
စီးပွားရေးဖွံဖြိုးမှုဆိုတာ ဆန္ဒနဲ့ပကတိ ညီညွတ်ဖို့လိုတဲ့ သိပ္ပံနည်းကျတရားဖြစ်တယ်။ ဥုံဖွ ဆိုပြီး နတ်ရေ ကန်ထဲ ပစ်ချတာတို့ အမိန့်တို့နဲ့ လုပ်လို့မရဘူး။
၁၉၅၈ စစ်တပ်က အစမ်းအာဏာသိမ်းတုန်းက ရပ်ကွက်တွေအတွင်း ကြံ့ခိုင်ရေးအဖွဲ့ဆိုတာတွေဖွဲ့ကာ မြို့တ်ာကိုချွေးဖြင့်ဆေးမည်’ ဆိုပြီး ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတွေမှာ သန့်ရှင်းရေးလုပ်အားပေးတွေ လုပ်ခဲ့ဖူးတယ်။ ကျူးကျော်တွေမြို့ပြင်ထုတ်ပြီး ဥက္ကလာ သာကေတ သုဝဏ္ဏ စတဲ့ မြို့သစ်တွေ ပေါ်လာတယ်။ လမ်းဘေးဈေးသည်တွေ ဖမ်းတယ်။ နောက်တော့လည်း ဒုံရင်းပါပဲ။ နိုင်ငံရေးမျက်နှာချေလိမ်းတဲ့ လူပိန်းကြိုက် လုပ်ကွက်တွေပဲ ဖြစ်ပါတယ်။
ရန်ကုန် YBS ကားလိုင်း စနစ်အပြောင်းအလဲကို ဥပမာအဖြစ်ကြည့်။ အချိန် ငွေ လုံခြုံမှု သက်သာ ချောင်ချိမှု အဆင်ပြေရဲ့လား။ ပိုဆိုးသွားသလား။ နေ့စဉ် ဘစ်ကားစီးခရီးသည် နှစ်သန်းခွဲလောက် ရှိတယ်ဆိုတဲ့ ရန်ကုန်လူဦးရေကို ခရီးသွားဝန်ဆောင်မှုပေးရတဲ့ ဘစ်ကားလိုင်းလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းကြီး ဖြစ်သလို လူထုသက်သာချောင်ချိရေး လုပ်ငန်းလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ်လိုင်းကို အမှီပြုတဲ့ ဆက်စပ် စီးပွားရေးလုပ်ငန်းတွေလည်း တပုံကြီးဖြစ်တဲ့အတွက် လူအမြောက်အမြားကို အလုပ်အကိုင် ဖန်တီးပေးနိုင်ပါတယ်။ မြို့နေလူထုရဲ့ နေ့စဉ်နေထိုင်မှုဘ၀နဲ့ ဆက်စပ်နေတာဖြစ်တဲ့ အတွက် မချောမွေ့ရင် တည်ငြိမ်မှုကို ထိခိုက်စေပါတယ်။ ဒီလိုလုပ်ငန်းတွေကို ပုဂ္ဂလိကခရိုနီတွေလက်ထဲ အပ်မထားသင့်ပါဘူး။ အဓိကပိုင်းကို နိုင်ငံတော်က ထိန်းကျောင်းပြီး ပုဂ္ဂလိကသို့ (ဖက်စပ် သမဝါယမ အများပိုင် ကန်ထရိုက် စသည်) သဏ္ဌာန် တမျိုးမျိုးဖြင့် လုပ်ငန်းငယ် လုပ်ငန်းခွဲများကို မူဘောင်တရပ်အောက်မှာ လွှဲသင့်ပါတယ်။ YBS က ဒီချုပ်အစိုးရရဲ့ လုပ်ရည်ကိုင်ရည်ကို စစ်ဆေးပါလိမ့်မယ်။
ကုန်ဈေးနှုန်းကြီးမြင့် ဝင်ငွေနိမ့်ပါး ရာဇဝတ်မှုထူပြော ဆိုတဲ့လူမှုဒုက္ခကို ပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေ တယ်။ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေး ရှေ့အလားအလာဟာ ဆွံ့အမှေးမှိန်နေဆဲ ဖြစ်ပါ တယ်။
၂၀၀၈ နဲ့ ခံကတုတ်ယူထားတဲ့ စစ်အုပ်စုဟာ နိုင်ငံရေးလမ်းပြမြေပုံ ပျောက်နေတယ်။ ဦးသန်းဋ္ဌေး ဦးဆောင်တဲ့ သွေးသစ်လောင်းကြံ့ဖွံ့က အမျိုးသားရှော်ဗင်ဝါဒ ကြွေးကြော်သံများဖြင့် ရွေးကောက်ပွဲအနိုင်ရရေး အင်တိုက်အားတိုက် လုပ်မယ်လို့ ဆိုသော်လည်း သူတို့ရဲ့ပုံရိပ်က ကျဆင်းနေဆဲဖြစ်တယ်။ တပ်ချုပ်ကလေး နဲ့ ဗိုလ်ချုပ်ကလေးများ အငြိမ်းစားယူပြီး တပ်ပြင်ပရောက်သွားရင် ဘာဆက်လုပ်မလဲ။ တပ်ပြင်ပနဲ့ ပါတီပြင်ပ ရောက်နေတဲ့ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေးများဟာ ဗိုလ်လွန်းမောင်လို လူထုနဲ့တသားတည်း နေရဲတဲ့သတ္တိ ရှိဟန်မတူဘူး။ စိုင်ကော်လို့ ခြုံပေါ်ရောက်လာတဲ့ ဗိုလ်ချုပ်လက်သစ်များကလည်း အခွင့်သာခိုက်မှာ မိုက်ချင်တဲ့သူတွေ ရှိနေတယ်။
သူတို့ဟာ ပြည်တွင်းစစ်ကိုတိုးချဲ့ပြီး စစ်အုပ်စုရဲ့ အဆင့်နေရာကို ထိန်းသိမ်းဖို့ အချည်းနှီး ကြိုးစားနေတယ်။ သူတို့ထဲက အာဏာရမ္မက်ကြီးသူ အုပ်စုတစုက လုပ်ကြံသတ်ဖြတ်ရေးဝါဒကို ကျင့်သုံးလာတယ်။ သူတို့ချင်းတော့ မြွေမြွေချင်း ခြေမြင် တယ်။ လူထုကလည်း နိုင်ငံရေးပါးဝတယ်။ လက်သည် တရားခံဟာ သူတို့ထဲကပဲဆိုတာမြင်တယ်။
သေနတ်နှစ်လက်နဲ့ ထွက်ပြေးတဲ့ လူသတ်သမားကို လေဆိပ်အငှားယာဉ်မောင်းသမားများက ဝိုင်းဝန်းဖမ်းဆီးကြလို့ အရှင်ဖမ်းမိတယ်။ အုတ်ခဲကျိုးနဲ့ထုပြီး လိုက်ဖမ်းတဲ့ အငှားယဉ်မောင်း ကိုနေဝင်း သေနတ်ပစ်ခံရပြီး သေတယ်။
မခံမရပ်နိုင်ဖွယ် တရားလက်လွတ်လုပ်ရပ်ဟာ လူမှုမီဒီယာများမှာ ရုပ်ပုံများနှင့်တကွ ချက်ချင်းပြန့် သွားကာ ပြည်တွင်းပြည်ပ လူထုလူတန်းစားအသီးသီးအကြား နာကြည်းဒေါသဖြစ်စေတယ်။ ဦးကိုနီ ကိုနေဝင်း ဈာပနများမှာ လူမျိုးစုံဘာသာစုံ လူထုကြီးဟာ လူသတ်ဝါဒကို မုန်းတီးရွံရှာမှုအပြည့်ဖြင့် လိုက်ပါပို့ ဆောင်ကြတယ်။ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံတကာသံတမန်များကပါ လက်သည်တရားခံကို စက်ဆုပ်ရွံရှာ စွာ ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်များထုတ်ပြန်ကြတယ်။ လွမ်းသူ့ပန်းခွေပို့ အသုဘပို့ဆောင် မေးမြန်းအားပေးတာတွေ လုပ်ကြတယ်။ အနယ် အနယ် အရပ်ရပ် အမျိုးသားအင်အားစုအသီးသီးနှင့် လူထုလူ တန်းစား အသီးသီးအတွင်း နိုင်ငံရေးသတိရှိမှုနဲ့ အသိနိုးကြားမှု မြင့်တက်လာတယ်။
ကာလအတန်ကြာ အုံ့မှိုင်းနေတဲ့ ဗမာပြည်နိုင်ငံရေး ရာသီဥတုဟာ ပြောင်းလဲစပြုလာတယ်။ မြုံသလို ဖြစ်နေတဲ့ ဗမာပြည်နိုင်ငံရေး ပြည်တည်နာဟာ တစစ်စစ်ကိုက်ခဲလို့ လာပြန်ပါပြီ။
အမှုကို တိုက်ရိုက်ကိုင်တွယ်နေတဲ့ ရဲတို့ ပြည်ထဲရေးတို့ နယ်လုံတို့က ဘာသတင်းမှ ထုတ်ပြန်တာမရှိဘူး။ အံ့ဩစရာကောင်းလောက်အောင် နှုတ်ဆိတ်နေတယ်။ ရဲစစ်ချက်ပေါက်ကြားခြင်း။တမင်ပေါက်ကြား စေခြင်း နှင့်အတူ လူသတ်တရားခံ ထောင်ထွက်ကြည်လင်းဆိုသူကို ငွေပေးခိုင်းစေတဲ့ထောင်ထွက်အကြောင်း အကြောင်းသိထောင် ထွက်ပြော စကား ဆိုတာတွေအပါအဝင် သတင်းအစစ်ကော အတုပါ ပွထလို့နေတယ်။ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး ၅ ရက်အကြာမှ ဆက်စပ်ပတ်သက်သူ (ငွေပေးခိုင်းစေသူ) အောင်ဝင်းဇော် (ဗိုလ်ပြုတ် DSA ၃၄)ကို အခင်းဖြစ်ပွားပြီး ၁၂ နာရီအတွင်း ဖားအံမြို့ သံလွင်တံတားတွင် ဖမ်းဆီးမိကြောင်း သမ္မတရုံးမှ တရားဝင်သတင်းထုတ်ပြန်တယ် (၃ ဖေဖော်ဝါရီ)။ လူထုကို တရားဝင် အသိပေးတာ ဒါလောက်ပါပဲ။
တတ်မတော်က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း ထုတ်ပြန်တယ်။ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်ကလည်း လူသတ်ဝါဒ ဆန့်ကျင် ကြောင်း ထုတ်ဖော်ပြောတယ်။ ကျန်စစ်အုပ်စုဝင်ဟောင်းတွေ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေထံမှ ဘာသံမှမကြား ဘူး။
၂၀၀၈ အောက်မှာ ဒီအမှုဟာ တခြားသတ်ဖြတ်မှုများလိုပဲ လက်သည်အမှန် ပေါ်ဖို့မလွယ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအသိနိုးကြားနေတဲ့ ပြည်သူလူထုကြီးအဖို့ ၂၀၀၈ ဖျက်သိမ်းရေးအတွက် တဆင့်တိုး သွေးစည်းညီညွတ် လာခဲ့ပါတယ်။ ၂၁ ရာစုမှာ ပြည်တွင်းစစ်နဲ့လူသတ်ဝါဒကို ထပ်မံတိုးချဲ့လာရင် နိုင်ငံရေးချွတ်ခြုံကျနေတဲ့ စစ်တပ်လည်းပျက်လိမ့်မယ်။ လူထုအားနဲ့ တုံ့ပြန်တားဆီးတာလည်း ခံရလိမ့်မယ်။ လက်နက်နဲ့ အကြမ်းဖက်ဖိ နှိပ်လာရင် လက်နက်နဲ့ဆန့်ကျင်ခုခံတာ တရားပါတယ်။ သမိုင်းရေစီးကို ပြောင်းပြန်လှန်ချင်တဲ့ စစ်အာဏာရှင် တွေ လူထုကဒဏ်ခတ်တာ ခံရပါလိမ့်မယ်။ ဗမာပြည်နိုင်ငံရေးအရွေ့ကို လူထုကိုယ်တိုင်ဖန်တီးပါလိမ့်မယ်။
(အရေးတော်ပုံဂျာနယ် အတွဲ(၂) အမှတ် ၈ မှာ ဖော်ပြမယ့် ဆောင်းပါး ဖြစ်ပါတယ်)
(၁၀ ဖေဖော်ဝါရီ ၂၀၁၇)

No comments:
Post a Comment