(ခွဲထွက်ခြင်းနှင့်တွဲဘက်ခြင်းဆောင်းပါးအဆက်)
ရုရှားနိုင်ငံ ချက်ချညေးယားခွဲထွက်ရေးလှုပ်ရှားမှု။ ။ ကောကေးဆက်တောင်တန်းသား မွတ်စလင်အများစု နေထိုင်တဲ့ ချက်ချညေးယားရီပတ်လစ်ဒေသ ငယ်ဟာလည်း ရုရှားဖယ်ဒရေးရှင်းထဲက ခွဲထွက်ဖို့ ဆန့်ကျင် လှုပ် ရှားလာတာ နှစ်ပေါင်း ၂၀၀ ကျော်လာပြီဖြစ်တယ်။ သူတို့ဒေသကိုရုရှား ဇာဘုရင်သိမ်းပိုက်ခဲ့တာကို တက်တက် ကြွကြွဆန့်ကျင်လာသလို၊ ၁၉၁၇ ခုနှစ် ကွန်မြူနစ်တို့ ဆက်လက်သိမ်းပိုက်ထားခြင်းကိုလည်း တွန်းလှန်နေခဲ့ ကြ တယ်။ ဇာဘုရင်ပြုတ်ကျသွားတုန်းက ချက်ချညေးယားဟာ ခဏတဖြုတ်လွတ်လပ်တဲ့နိုင်ငံအဖြစ် အိမ်နားနီး ချင်းတွေနဲ့ပေါင်းပြီး တောင်တန်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုဗီယက်ဆိုရှယ်လစ်ရီပတ်ဗလစ် သမတနိုင်ငံဖွဲ့ခဲ့ ပါတယ်။ ဒါပေမဲ့ နောက်နှစ်မှာဘဲ ရုရှားကသိမ်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလမှာတော့ ချက်ချညေးယန်း ညီအစ်ကို နှစ် ယောက်ဖြစ်တဲ့ ခါဆန်အစ္စရေလောဗ် နဲ့ ဟူစိန် တို့က အတော်အတန်များပြားတဲ့ တော်လှန်ရေးတပ်ကိုစုစည်းကာ နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင် ခဲ့တယ်။ လွတ်လပ်တဲ့နိုင်ငံ သဘောအနေနဲ့ပါ။ ကမ္ဘာစစ်ပြီး တော့စတာလင်စစ်တပ်က ပြန်သိမ်းပိုက်လိုက် ပြန်ပါ တယ်။ စတာလင်အစိုးရရဲ့ ပြုမူဆောင်ရွက်ပုံဟာ ချက်ချညေးယားတွေအတွက် ကမ္ဘာကျေသော်လည်း ဥဒါန်းမ ကျေနိုင် လောက်အောင် စိတ်မျိုးခံစားရစေခဲ့ပါတယ်။
စတာလင်အစိုးရဟာ ချက်ချညေးယား- အန်းဂတ် ရီပတ်ဗလစ် ဒေသသားအားလုံးကို (လူထု ၄ သိန်းမှ ၈သိန်း အထိခန့်မှန်း) ဒေသကွန်မြူနစ်ရုံး အသီးသီးသို့ ဆင့်ခေါ်စေကာ ဂျာမန်နာဇီတွေကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာသီဥတု ဆိုးရွားလှတဲ့ ဆိုက်ဘေးရီးယားဒေသနဲ့ ခါဇက်စ္စတန်ဒေသများဆီသို့၊ နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒါ့ အပြင် ချက်ချညေးယားနယ်မြေကို အိမ်နားနီးချင်းဒေသ နယ်မြေတွေ ထဲပေါင်းထဲ့ပေးလိုက်တယ်။ ချက်ချညေး ယားတွေအခြေချနေထိုင်တဲ့ဒေသကို မြေပုံထဲကနေဖျက်လိုက်တယ်၊ ချက်ချညေးယား စာနဲ့ရေးထား တဲ့အဖိုးတန် သမိုင်းတွေနဲ့အခြား စာအုပ်တွေကိုမီးရှို့ပစ်လိုက်တယ်၊ စာကြည့်တိုက်ကိုဖျက်ဆီးပစ်တယ်။ ချက်ချညေးယား လူမျိုး ၇၀၀ ကို အဆောက်အဦးထဲမှာသော့ခတ်ပြီးမီးရှို့သတ်ခဲ့တယ်။ ပြင်းထန်တဲ့ ရာသီဥတုဒဏ်၊ အစာရေစာ ငတ်ပြတ်မှု ကျန်းမာရေးချို့တဲ့မှုဒဏ် မခံနိုင်တာကြောင့် ဆိုက်ဘေးရီးယားကိုပို့ခံရသူ ၁ သိန်း ၇သောင်းကနေ ၂ သိန်းအထိ လေးနှစ်အတွင်းမှာ သေဆုံးသွားတယ်ခဲ့ရတာတွေဟာ သမိုင်းရဲ့ဒဏ်ရာဒဏ်ချက်တွေအဖြစ် ချက်ချ ညေးယားမျိုးဆက်တိုင်းကိုအမှတ်ရစေနေမှာဖြစ်ပါတယ်။ ဒီသေဆုံးမှုကို ဥရောကကောင်စီက အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှု (ဂျီနိုဆိုက်)လို့ အသိအမှတ်ပြုခဲ့ပါတယ်။ အာဏာရှင် စတာလင်သေပြီး လေးနှစ်အကြာ မှာ တော့ ပြည်နှင်ဒဏ်ခံရသူတွေကိုပြန်လာခွင့်ပြုခဲ့ပါတယ်။
နောက်ပြီး ချက်ချညေးယား နဲ့ အန်းဂတ်ရီပတ်ဗလစ်ကိုပြန်လည်ဖွဲ့စည်းပေးခဲ့ပါတယ်။ နယ်ပယ်ကတော့ အရင်က လိုမဟုတ်တော့ဘဲကျဉ်းသွားတယ်လို့ဆိုပါတယ်။ သူတို့တွေပြန်လာကြတဲ့အခါမှာတော့ သူတို့ရဲ့မူလ အိမ်ခြံတွေ ကို အခြားလူမျိုးစုတွေကို နေရာချထားပြီးဖြစ်တယ်၊ ဒါကြောင့်နောင်မှာ လူမျိုးရေးမှုန်းတီးမှု၊ တိုက်ခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လဲ ချက်ချညေယားတွေရဲ့ ခွဲထွက်လိုစိတ်ဟာ တခြားဒေသက သူတွေထက် ပြင်း ထန်တယ်လို့ဆိုပါတယ်။
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ရှားပြည်ထောင်စု(ဟောင်း) အဖို့ ကမ္ဘာမီးလောင်နေတဲ့အချိန် ဆီးမီးခွက်တွေထ တောက် ဆိုသလိုအဖြစ်မျိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး(ယူအက်စ်အက်စ်အာ)ဖျက်သိမ်းရတော့ မဲ့ အခြေအနေအကြပ်အတည်းဖြစ်နေစဉ် ပြည်ထောင်စုအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံထဲက ဖက်ဒရေးရှင်းအဖွဲ့ဝင်တချို့တို့က အကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့၊ ခွဲထွက်ရေးတို့အတွက် လှုပ်ရှားလာခဲ့ကြပါတယ်။ ဒီအထဲမှာ ချက်ချညေးယားကလည်း တခုအပါအဝင်ဖြစ်ပါတယ်။
ဇာဘုရင်ခေတ် သိမ်းပိုက်ခံရပြီး ကတည်းက ခေတ်အဆက်ဆက် ဆန့်ကျင်တိုက်ပွဲဝင်လာခဲ့တဲ့ ချက်ချညေးယား ဟာ အခုလိုအခွင့်အရေးပေါ်လာတာနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကျေညာပါတယ်။ အတိုက်အခံပါတီ ကြီးဖြစ်တဲ့ (All-National Congress of Chechen People) ကရွေးချယ်တင်မြောက်ပေးလိုက်တဲ့ ဇိုခါရ်ဒူဒါယဲဗ် (ဆိုဗီယက်ရုရှားလေတပ်ဗိုလ်ချုပ်ဟောင်း- ၁၉၉၆ မှာ ရုရှားစစ်တပ် အမြှောက်ကျည်ဆံထိမှန်၍ကျဆုံး) က ဦး ဆောင်ပါတယ်။ ချက်ချညေးယားလူများစုကလည်း ထောက်ခံပါတယ်။ ဂျော်ဂျီယာ သမတနိုင်ငံ သမတ ဇဗစ်ဂမ် ဆပ်ဂူဒီးယာက အသိအမှတ်ပြုခဲ့ပါတယ်။ သို့သော် အခြားဘယ်နိုင်ငံကမှ အသိအမှတ်မပြုပါဘူး။ ဆိုတော့ကာ တရားဝင် မဟုတ်တဲ့ လွတ်လပ်တဲ့နိုင်ငံ တနည်းအားဖြင့် ကိုယ်ဘာသာကိုယ် လွတ်လပ်ရေးကြေညာ အုပ်ချုပ်တဲ့ နိုင်ငံလေးအဖြစ်တည်ရှိခဲ့တယ်။
၁၉၉၁ ခုနဲ့ ၁၉၉၄ ခုနှစ်အတွင်း ချက်ချညေးယားမှာ လူမျိုးစု ပဋိပက္ခတွေ၊ အာဏာလွန်ဆွဲပွဲတွေဖြစ်နေချိန် ၁၉၉၄ မှာ ရုရှား စစ်တပ်က ဝင်ရောက်လာတဲ့အတွက် စစ်ပွဲတွေဖြစ်လာခဲ့ပါတယ်။ ရှရှားစစ်တပ်က လေကြောင်းအကူ တိုက်ခိုက် မှုတွေအပါအဝင်ထိုးစစ်ကြီးများဖြင့် နယ်မြေအတော်များများ ကိုသိမ်းပိုက်ထားနိုင်ပြီး အဓိကကျတဲ့ တောင်တန်း တွေပေါ်မှာ တပ်စွဲထားနိုင်ပေမဲ့ ချက်ချညေးယားတွေက ပျောက်ကျားစနစ်နဲ့ပြန်တိုက်ခိုက်တဲ့ အ တွက် ရှရှားဖက်ဒရယ်တပ်က အထိနာလာပါတယ်စိတ်ဓါတ်တွေကျဆင်းလာပါတယ်။ တဖက်တွင်လည်း စစ်တပ် က အရပ်သားတွေအပေါ်မတရားပြုမှုတွေကို လူအခွင့်အဖွဲ့တွေကဖေါ်ထုတ် ရှုတ်ချလာကြပါတယ်။ ယူရိုပီယံ ယူနီယံ(အီးယူ) ကလည်း စစ်ဆင်ရေးများရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်း၊ အခြားနည်းလမ်းများဖြင့် အဖြေရှာရန် ရုရှားကိုတိုက်တွန်းလာပါတယ်။ ရှရှားနိုင်ငံကလူများ စုကလည်း အခုလိုစစ်ဖြစ်နေတာကို ကန့်ကွက်ရှုတ်ချတဲ့ အတွက် ၁၉၉၄ မှာ ရုရှားသမတ ဘောရစ်ယဲလ်ဆင်နဲ့ ချက်ချညေယား သမတသစ် အာဆလာန် မာစ်ကာဒေါဗ် (ဒူဒါယဲဗ်အား ဆက်ခံသူ) တို့ ဦးဆောင်ကာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမဲ့လည်း နှစ်ဘက်ဆက်ဆံရေး စည်းမျဉ်းသတ်မှတ်မှုတွေကိုတော့ ၂၀၀၁ ခုနှစ်အကုန်လောက်မှာ အပြီးသတ်မှာဖြစ် တယ်။ အဓိကကျတဲ့ လွတ်လပ်ရေး ကိစ္စကပြေလည်မှုမရှိသေးပါဘူး။ ဒါပေမဲ့ ၁၉၉၉မှာတော့ ချက်ချညေးယား တပ်က နယ်ချင်းထိစပ်နေတဲ့ ဒါဂျစ္စတန်ပြည်ကို စစ်ကူပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ပြန်ဖြစ်ပွားတယ်။ ရုရှား စစ် တပ်က ပြင်းထံတဲ့၊ စစ်ဆင်ရေးများနဲ့ ချက်ချညေးယားကိုပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ရုရှားရဲ့ကြီးနိုင်ငယ်ညှင်း ပုံစံစစ်ဆင်ရေး၊ ကိစ္စကိုနိုင်ငံတကာက အကြီးအကျယ်ဝေဖန်ရှုတ်ချခဲ့ပါတယ်။ အမေရိကန်သမတ ဘင်ကလင်တန်က ရုရှားဟာ သူ့လုပ်ရပ်အတွက် ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ရပါလိမ့်မယ်လို့ဆိုတယ်။ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ရော်ဘင်ကွတ်က ကိုဆိုဗိုမှာ မီလိုဆေးဗစ် ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသလို ချက်ချညေးယားမှာ ရုရှားရဲ့လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းပြောဆိုပါတယ်။ အဲသလို နိုင်ငံတ ကာကဝေဖန်တဲ့ အခါမှာတော့၊ အကြမ်းဖက် ကင်ဆာရောဂါ မပြန့်ပွားလာခင် ချုပ်ငြိမ်းအောင်လုပ်ဆောင်နေတဲ့ ရှရှားရဲ့တာဝန်ကို ပြင်ပက ဝေဖန်ခွင့်မရှိဘူးလို့ ရုရှားသမတ ဗောရစ်ယဲလ်ဆင်ကဆိုလိုက်ပြီး ချက်ချညေးယား ခွဲထွက်ရေးသမား များကို အကြမ်းဖက်သမားတံဆိပ်ကပ်လိုက်ပါတယ်။
၁၁/၉ စက်တင်ဘာ(အမေရိကန်ဝေါထရိတ်စင်တာ) အရေးအခင်းကိစ္စ အပြီးမှာတော့ ချက်ချညေးယား ခွဲထွက် ရေး လှုပ်ရှားမှုအပေါ် နိုင်ငံတကာထောက်ခံမှု အာစေးကပ်လာပါတော့တယ်။ ၂၀၀၂ ခုနှစ်မှာ ရုရှားသမတ ဗလာဒီမာပူတင်က ချက်ချညေးယားကိုတိုက်ရိုက်အုပ်ချုပ်ပြီး အာမတ်ကာဒီရောဗ် (ပထမစစ်ပွဲမတိုင်မီနှင့် စစ်ပွဲ အပြီးတွင်ချက်ချညေးယား အစိုးရအဖွဲ့အကြီးအကဲဖြစ်ပြီး ဒုတိယစစ်ပွဲကာလတွင် ရုရှားဘက် သို့ဘက်ပြောင်း သွားသူ- ၂၀၀၄ တွင်ဗုန်းခွဲ လုပ်ကြံခံရ)ကို အစိုးရအဖွဲ့ အကြီးအကဲခန့်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ချက်ချညေးယား အခြေခံဥပဒေသစ်ကို လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့ပါတယ်။ ပြည်သူအများ စုကတော့မကျေလည်ဘူးလို့ ဆိုပါ တယ်။ နောက်ရုရှား က မကထပြုတဲ့ ရွေးကောက်ပွဲတွေကျင်းပပေးခဲ့တယ်။ အာမတ်ကာဒီရောဗ် သမတဖြစ်လာ ခဲ့ပြန်ပါတယ်။ ချက်ချညေးယားလွတ်လပ် ရေးတပ်ရဲ့ အဓိကတပ်မှူး ရှမီလ်ဗာဆာယဲဗ် ကို အမေရိကန်အစိုးရ က ၂၀၀၃ နှစ်မှာ အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ချက်ချညေးယား လွတ်လပ်ရေးတပ်မှ ငြိမ်းချမ်းရေး ကမ်းလှမ်းနေစဉ် ရှရှားအထူးတပ်ဖွဲ့ လက်ချက်နဲ့ ချက်ချညေးယား သမတ (ဟောင်း) မာစ်ကာဒေါဗ် လည်းကျဆုံးသွားပါတယ်။
ဆိုရရင် ချက်ချညေးယား လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့ ကလွတ်လပ်ရေးလည်းကျေညာနိုင်ခဲ့ပြီး၊ ကာလတခု အ ထိ အစိုးရဖွဲ့စည်းအုပ်ချုပ်ခဲ့တယ်။ ရုရှားရဲ့ပြင်းတန်တဲ့ထိုးစစ် နှစ်ကြိမ်အနက်၊ ဒုတိယ ထိုးစစ်အပြီး မှာတော့ လွတ်လပ်ရေးလှုပ်ရှားသူတွေအင်အားလျော့ပါးသွားတယ်ခဲ့တယ်။ ပျောက်ကြားအသွင်လောက်နဲ့သာ ဆက်လက် ရှင်သန် တိုက်ပွဲဝင်လျှက်ရှိနေပါတယ်။
တိဘက်လွတ်လပ်ရေးလှုပ်ရှားမှု။ ။ တရုပ်ပြည်သူ့သမတနိုင်ငံထဲကနေ လွတ်လပ်တဲ့နိုင်ငံဖြစ်ဖို့ ဘုန်းတော်ကြီး ဒလိုင်လားမားက ဦးဆောင်လှုပ်ရှားနေတာဖြစ်တယ်။ ဒီလိုလှုပ်ရှားလာရတဲ့ နောက်ကြောင်းကတော့ ၁၉၄၉ ခုနှစ်မှာ တရုပ်စစ်တပ်ဟာ တိဘက်ပြည်ကို ဝင်သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် မေလမှာတော့ တရုပ်အစိုးရနဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား ဦးဆောင်သည့်အာဏာပိုင်တို့က လက်ရှိနိုင်ငံရေးစနစ်အားမပြောင်းရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု လွတ်လပ်မှုရှိရေး၊ ဗဟိုမှအတင်းအကြပ်မပြုရေး၊ အပါအဝင် အချက် ၁၇ချက်ပါ သ ဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၁၉၅၆ ခုနှစ် နောက်ပိုင်းမှာ(တိဘက်အုပ်ချုပ်အောက်မှာ မဟုတ်ပေမဲ့ တိဘက် လူမျိုးများ နေထိုင်တယ်လို့ဆိုတဲ့ ) Kham, Amdo နှင့် ဇီချွှမ် တောင်ပိုင်း အချို့ ဒေသတွေမှာလယ်ယာ မြေပြု ပြင်ပြောင်းလဲရေးကိုအကြောင်းပြုပြီး အစိုးရဆန့်ကျင်ရေးတွေပေါ်လာတယ်။ အဲဒါ တိဘက်ပြည်ကိုလည်း ကူးစက်လာတယ်။ ပြုပြင်ပြောင်းလဲရေး ကိုအကြောင်းပြုပြီး ကွန်မြူနစ်အစိုးရက ဖိအားပေးစွက်ဖက်လာပါတယ်။ ၁၉၅၉ တင်းမာမှုများပိုများလာပြီး ကွန်မြူနစ် တရုပ်အစိုးရကို လက်နက်ကိုင်ဆန့်ကျင်လှုပ်ရှားမှုတွေရှိလာတယ်။ တရုပ်အစိုးရ စစ်တပ်က တိဘက်ထဲကို ဝင်ရောက်နိုင်နှင်းတယ်။ ၁၉၅၉ မတ်လအကုန်လောက်မှာ ဘုန်းတော်ကြီး ဒလိုင်လားမား အိန္ဒိယပြည်ကို တိမ်းရှောင်သွားပြီး အိန္ဒိယနိုင်ငံ ဒရမ်ဆာလာမြို့ အခြေစိုက် အဝေးရောက်အစိုးရ အဖွဲ့ ဖွဲ့တယ်။ ၁၉၅၁ ခုနှစ်တုန်းက ဘေဂျင်း အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်ဟာ ဖိအားပေးမှုအောက်က ချုပ်ဆိုခဲ့ရ ကြောင်း၊ ထိုစာချုပ်ပါအချက်များကို တရုပ်အစိုးရကချိုးဖေါက်ခဲ့ကြောင်း အဝေးရောက်အစိုးရ ဒလိုင်လားမားက ဆိုပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမား ဟာ တိဘက်ပြည်လွတ်လပ်ရေးပြန်ရဖို့အတွက် အကြမ်းမဖက်နည်းနဲ့ ကြိုးပန်းဆောင်ရွက်လျှက်ရှိရာ အခုနှစ်ပေါင်း ၅၀ ရှိလာပါပြီ။
တိဘက်ပြည်လွတ်လပ်သည့်နိုင်ငံဖြစ်ခြင်းနှင့်ပတ်သက်လို့ သမိုင်းကြောင်ဆိုင်ရာ အငြင်းပွားမှုများရှိပါတယ်။ တရုပ်တို့က Yuan Dynasty ယူဝမ်မင်းဆက် ၁၂၇၁ ခုနှစ် ကတည်းက တိဘက်ဟာ တရုပ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တာလို့ဆိုတယ်။ တိဘက်တို့ကတော့ အချုပ်အခြာအာဏာပိုင်တိဘက်နိုင်ငံအဖြစ်ခံယူကြတယ်။ ၁၃ ပါး မြောက် ဒလိုင်လားမား က မွန်ဂိုလ် ဘုရင် ဂျင်ဂစ်ခန် နှင့်အာလ်တာခန်လက်ထက်၊ တရုပ်မှင် မင်းဆက်နဲ့ မန်ချူး ချင်မင်းဆက် လက်ထက်များမှာ နှစ်ဦးနှစ်ဘက် အကျိုးတူ ပူးပေါင်းဆောင်ရွက်တာဘဲရှိတယ်၊ လက်အောက်ခံ အနေနဲ့ ဆက်ဆံတာမဟုတ်ကြောင်းနဲ့ တိဘက်ဟာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်ကြောင်း ၁၉၁၃ ခုနှစ်မှာပြောဆိုခဲ့ပါ တယ်။ လက်ရှိဘုန်းတော်ကြီး ၁၄ ပါးမြောက် ဒလိုင်လားမား ကလည်း တိဘက်နိုင်ငံဟာ ရှေးကတည်းက လွတ် လပ်တဲ့နိုင်ငံဖြစ်ခဲ့ကြောင်း အခိုင်အမာပြောဆိုလျှက်ရှိပါတယ်။
နိုင်ငံတကာမှာတော့ တိဘက်လွတ်လပ်ရေးအပေါ်သဘောထားများက မတူကြပါဘူး။ အမေရိကန်၊ ဗြိတိသျှ၊ ဥရောပယူနီယံ(အီးယူ)စတဲ့ အစိုးရအသိုင်းအဝိုင်းများက တိဘက်ဟာ တရုပ်ပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ဆို ကြတယ်။ နိုင်ငံတကာ ရှေ့နေအများစုက တိဘက်ပြည်ဟာ ဥပဒေအရလွတ်လပ်ရေးအပါအဝင်ဖြစ်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတယ်လို့ဆိုတယ်။
၂၀၀၂ ခုနှစ်က စပြီး ဘုန်းတော်ကြီး ဒလိုင်လားမား ကိုယ်စားလှယ်အဖွဲ့နဲ့ တရုပ်ပြည်မအစိုးရတို့ အကြားဆွေးနွေး ပွဲများပြုလုပ်ခဲ့ပါတယ်။ ဒလိုင်လားမား ကိုယ်စားလှယ်များဘက်က တရုပ် တပြည်ထောင်အတွင်းမှာ ( ခွဲထွက်ရေး ဒါမှမဟုတ် လွတ်လပ်ရေးဆိုတာ မပါဘဲ) စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးရဖို့တင်ပြခဲ့ပါတယ်၊ ဒါပေမဲ့ တရုပ် အ စိုးရက အဲဒီအပေါ်မှာ ယုံကြည်မှုနည်းနေပြီး လက်မခံနိုင်သေးပါဘူး။
ခွဲထွက်ရေးလှုပ်ရှားမှုများအပေါ် ကမ္ဘာ့နိုင်ငံများ၏ ဖိအား အရေးပါမှု။
ခွဲထွက်သွားခဲ့တဲ့နိုင်ငံတွေ၊ ခွဲထွက်ရေး သို့မဟုတ် လွတ်လပ်ရေး လှုပ်ရှားဆဲနိုင်ငံတွေကြည့်ရင် နိုင်ငံတကာရဲ့ အထူးသဖြင့်အနောက်နိုင်ငံများစရဲ့ထောက်ခံဖိအားပေးမှုဟာ အရေးပါတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ နိုင်ငံတ ကာထောက်ခံမှု၊ အသိအမှတ်ပြုမှု မရဘဲ လွတ်လပ်တဲ့နိုင်ငံရယ်လို့ဖြစ်မလာနိုင်ပါဘူး။ သေချာပါတယ်။
ဥပမာ သီရိလင်္ကာက တမီလ်တိုင်ဂါးအဖွဲ့ဟာ တဖက်သတ် လွတ်လပ်ရေးကြေညာကာ နယ်မြေအတော်များများ ကို အချိန်အတိုင်းအတာတခုအထိ အုပ်ချုပ်ထားနိုင်ခဲ့တယ်။ ချက်ချညေးယား ခေါင်းဆောင်များကလည်း ချက်ချ ညေးယားနိုင်ငံကို အခြေခံဥပဒေတောင်ပြဋ္ဌာန်းပြီး လေးနှစ်လောက်အထိ အုပ်ချုပ်ခဲ့တယ်။ အာဇာဘိုင်ဂျန် နိုင်ငံ ထဲက နဂါနိုဂရာ ဘတ် ဒေသဟာလည်း ခွဲထွက်သူများ အတန်ကြာသိမ်းပိုက်အုပ်ချုပ်ထားပေမဲ့ ဘယ်နိုင်ငံကမှ သူတို့ လွတ်လပ်ရေးကိုမထောက်ခံပါဘူး။ သူတို့ကို ဘယ်နိုင်ငံကမှ လွတ်လပ်တဲ့နိုင်ငံအဖြစ်အသိအမှတ် မပြုပေး ခဲ့ကြဘူး။ နဂါနိုဂရာဘတ်ဆိုရင် သူ့ကိုစစ်ကူပေးတဲ့ အာမေးနီးယားသည်ပင်သူ့လွတ်လပ်ရေးဆိုတာကို အသိအ မှတ်မပြုပေးခဲ့ပါ။ ဒါကြောင့် အဲဒီဒေသတွေဟာ လွတ်လပ်တဲ့ နိုင်ငံရယ်လို့ဖြစ်မလာခဲ့ပါဘူး။
ဒါပေမဲ့ သမိုင်းမှာ လွတ်လပ်တဲ့နိုင်ငံအဖြစ်မရှိခဲ့ဖူးတဲ့ ကိုဆိုဘိုဒေသကိုတော့ လူမျိုးသုတ်သင်ခံရခြင်းနဲ့ ဆိုးရွား စွာ အဖိနှိပ်ခံရခြင်းအခြေခံအောက်မှာ နိုင်ငံတကာက ဝိုင်းဝန်းအသိအမှတ်ပြုပေးလိုက်တဲ့အတွက် လွတ်လပ်တဲ့နိုင်ငံ တခုဖြစ်လာခဲ့ရပါတယ်။ ချက်ချညေးယားမှာ ကြုံခဲ့ရတဲ့ဖိနှိပ်ခံရမှုမျိုးတွေဟာ ကိုဆိုဗိုမှာကြုံခဲ့ရတဲ့ ဖိနှိပ်ခံရမှုတွေ နဲ့ မကွာခြားလှဘူးလို့ဆိုကြပေမဲ့ လွတ်လပ်တဲ့သမိုင်းအခိုင်အမာရှိတဲ့ချက်ချညေးယားကတော့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုမခံရပါဘူး။ အရှေ့တီမောနဲ့ အာချေးတို့ဟာ အင်ဒိုနီးရှားက ခွဲထွက်ဖို့ လှုပ်ရှားခဲ့ကြ တာခြင်းအတူတူ၊ အရှေ့တီမောက လွတ်လပ်တဲ့နိုင်ငံအဖြစ်အသိအမှတ်ပြုခံခဲ့ပြီး၊ အာချေးကတော့ မခံရပါဘူး၊ နိုင်ငံတကာက အာချေးကို အဆင့်မြှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုလက်ခံဖို့ သာတိုက်တွန်းကြပါတယ်။ တိဘက် အနေအထားကိုတော့ နိုင်ငံတကာ ဥပဒေ ပညာရှင် ရှေ့နေအများစုက လွတ်လပ်တဲ့သဘောကို လက်ခံထားပေမဲ့ နိုင်ငံတကာ အစိုးရများက တိဘက် ကို တရုပ်ပြည်သူ့သမတနိုင်ငံရဲ့ အစိတ်အပိုင်းလို့သာလက်ခံထားကြပါတယ်။ တရုပ်နိုင်ငံဟာကုလသမဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်နိုင်ငံလည်းဖြစ်၊ စီးပွားရေးအင်အားကြီးနိုင်ငံ လည်းဖြစ်၊ ဥရောပနိုင်ငံများနှင့်အမေရိကန်တို့၏ ကုန်သွယ်ဘက်နိုင်ငံလည်းဖြစ်တဲ့ အတွက် တရုပ်ရဲ့ငြိုငြင်မှု ခံ ရမှာစိုးလို့တရုပ်ပြည်ထဲက ခွဲထွက်ရေးလှုပ်ရှားမှု တွေကို မထောက်ခံတာဖြစ်ကောင်းဖြစ်မယ်။ ။
ခွဲထွက်ရေးကို အားပေးထောက်ခံတာနဲ့ပတ်သက်လို့တော့ ကမ္ဘာ့နိုင်ငံကြီးများရဲ့ခေါင်းဆောင်များက ကမ္ဘာမှာ နိုင်ငံငယ်များ မှိုလိုပေါက်လာမှာကို မလိုလားသသည့်သဘောရှိသလို ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည့် ပြဌာန်းချက် ကိုလည်း ပစ်ပယ်လို့မရတဲ့သဘောရှိတယ်။ ဒီတော့ကာ ဒီနှစ်ခုအကြားက (လွတ်လပ် တဲ့နိုင်ငံအဖြစ်ထောက်ခံ ရေး၊ မထောက်ခံရေး) လိုသလို မူ ချသွားနေကြတယ်လို့ ဆိုရမှာဖြစ်တယ်။ ပြောရရင် နိုင်ငံရေးအကျိုးအမြတ်၊ စီးပွားရေးအကျိုးအမြတ်ကို ကြည့်ကာ မူချ ကြတာသာဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာဥပဒေအရဆိုတာထက် နိုင်ငံတကာအစိုးရ(အထူးသဖြင့်အီးယူနဲ့ အမေရိကန်အစိုးရ)များက သက်ဆိုင်ရာနိုင်ငံအပေါ်မှာထားတဲ့ မူ သ ဘောထားက ပိုသြဇာသက်ရောက်နေတယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာဥပဒေပါ ကိုယ်ပိုင် ပြဌာန်း ခွင့်ဆိုတာကို တိကျတဲ့အဓိပ္ပါယ် ဖေါ်ဆောင်ဖွင့်ဆိုနိုင်ခြင်းမရှိသေးသမျှ၊ ခွဲထွက်ရေးလှုပ်ရှား သူများအဖို့ ကံကောင်းလွန်းအားကြီးမှ ခွဲထွက်ခွင့်ရ မဲ့သဘောဖြစ်တယ်လို့ မြင်မိပါတယ်။
ဝင်းမောင်
၂၈ ရက် ဖေဖေါ်ဝါရီလ၊ ၂၀၁၁ ခုနှစ်။
__._,_.___
Attachment(s) from Win Maung
1 of 1 File(s)
No comments:
Post a Comment