ဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း
တိုင်းပြည်တခုရဲ့ ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို သိရှိဖို့ သင့်လျော်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာ (Measures of poverty) များနဲ့ တိုင်းတာသတ်မှတ်ဖို့ လိုပါတယ်။ ဒါမှလဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာမှာ အခြေအနေမှန်နဲ့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို လေ့လာသူပညာရှင်တွေက အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြပေးခဲ့ကြပါတယ်။ ပထမအကျိုးကျေးဇူးကတော့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ တိုင်းတာသတ်မှတ်ချက်တွေဟာ နိုင်ငံရေး၊ စီးပွားရေး အာဂျင်ဒါမှာ ဆင်းရဲနွမ်းပါးမှုအရေးကို ထည့်သွင်းစဉ်းစားစေခြင်းပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလေ့လာသူ ပညာရှင် Ravallion က ဆင်းရဲနွမ်းပါးမှုကို တိုင်းတာသတ်မှတ်ထားခြင်းအားဖြင့်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ ချမှတ်သူတွေအနေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လျစ်လျူရှုထားလို့ မရနိုင်ပဲ၊ ဆင်းရဲနွမ်းပါးမှု အရေးဟာ မူဝါဒရေးရာမှာ အစဉ်အမြဲ ထည့်သွင်းစဉ်းစားရမယ့် အချက်တချက် ဖြစ်လာတယ်လို့ ဆိုထားခဲ့ပါတယ်။
ဒုတိယအကျိုးကျေးဇူးကတော့ အစိုးရတာဝန်ရှိသူများနဲ့ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဆင်းရဲနွမ်းပါးသူများကို ၀င်ရောက်အကူအညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ဘယ်လိုဘယ်ပုံ ကြုံတွေ့နေရတယ်ဆိုတာကို အတိုင်းအတာ၊ ကိန်းဂဏာန်းတွေ တိတိကျကျ မပါပဲ အကူအညီပေးနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ပထ၀ီဝင် အနေအထား (ပြည်နယ်၊ တိုင်း၊ ဒေသ၊ တောင်ပေါ် မြေပြန့် စသည်များ) နဲ့ အိမ်ထောင်စု သွင်ပြင်လက္ခဏာများ (ပညာရေး၊ အိမ်ထောင်စုဝင် အရေအတွက် စသည်များ) တွေပေါ် မူတည်ပြီး၊ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို လေ့လာခွဲခြားနိုင်မှသာ လိုအပ်တဲ့ အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်မှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုများ (households headed by women) တွေရဲ့ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းဟာ အမျိုးသားဦးဆောင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး များပြားနေတယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒတွေမှာ ကျားမကွဲပြားမှုပေါ် အခြေခံတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုပါတယ်။ အထက်တန်းပြီးသူများပါဝင်တဲ့ အိမ်ထောင်စုတွေက မူလတန်းပြီးဆုံးသူများသာ ပါဝင်တဲ့ အိမ်ထောင်စုများထက် ပိုပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းတယ်ဆိုရင် သက်ဆိုင်ရာဒေသမှာ ပညာရေးအခွင့်အလမ်း တိုးမြှင့်ပေးတဲ့ မူဝါဒတွေ ထည့်သွင်းချမှတ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကို တိုင်းတာသတ်မှတ်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ လဲ နိုင်ငံရဲ့ ဘယ်ဒေသမှာ ဆင်းရဲနွမ်းပါးသူ ရာခိုင်နှုန်း ပိုများတယ်၊ ဘယ်လို အိမ်ထောင်စုတွေက ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) ထက်လျော့နည်းတဲ့ ၀င်ငွေတွေကို ရရှိနေကြတယ်၊ ဆင်းရဲချမ်းသာကွာဟမှုနှုန်းက မည်၍မည်မျှ ဖြစ်နေတယ်ဆိုတာကို သိရှိမှသာ သက်ဆိုင်ရာနိုင်ငံအလိုက် အကူအညီပေးမှု၊ ၀င်ရောက်စွက်ဖက်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုကို တိုင်းတာခြင်းအားဖြင့် ရရှိစေနိုင်တဲ့ တတိယ အကျိုးကျေးဇူးကတော့ ချမှတ် အကောင်အထည်ဖော်နေတဲ့ ပရောဂျက်များနဲ့ မူဝါဒများဟာ ဆင်းရဲနွမ်းပါးမှုကို အမှန်တကယ် လျှော့ချနိုင်ခြင်း ရှိမရှိ လေ့လာဆန်းစစ်နိုင်တာပဲ ဖြစ်ပါတယ်။ စာရွက်ပေါ်က မူဝါဒတွေဟာ လက်တွေ့မှာ အမှန်တကယ် ထိရောက်ချင်မှ ထိရောက်နိုင်မှာပါ။ ဒီလိုဆန်းစစ်ခြင်းအားဖြင့် မူဝါဒတွေရဲ့ ထိရောက်နိုင်မှုရှိမရှိ အကျိုးဆက်တွေကို သိရှိနိုင်သလို၊ အရင်းအမြစ်များကို အကူအညီပေးမှုဟာ ဆင်းရဲနွမ်းပါးသူများကို အမှန်တကယ် အကျိုးရှိမရှိ၊ ကြားဖြတ်အလွဲသုံးစားပြုမှုများ ရှိမရှိ စတာတွေကိုလဲ သုံးသပ်နိုင်ပါတယ်။
စတုတ္ထအကျိုးကျေးဇူးကတော့ အစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရာမှာ ထိရောက်ခြင်း ရှိမရှိဆိုတဲ့ အင်စတီကျူးရှင်းများရဲ့ ထိရောက်မှု အခြေအနေကို ဆန်းစစ်နိုင်ပါတယ်။ ထိရောက်နိုင်မှု ကိန်းဂဏာန်း တိုင်းတာ သတ်မှတ်ချက်တွေ တိတိကျကျမရှိပဲ အစိုးရတရပ်ဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေ ပါတယ်လို့ ဘယ်သူမှ ရေရေရာရာ ပြောနိုင်မှာ မဟုတ်ပါဘူး။
ဒီလို အကျိုးကျေးဇူးတွေကြောင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာများစွာကို အသုံးပြုပြီး တိုင်းတာသတ်မှတ်မှုတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် ပြုလုပ်ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာတွေမှာ headcount index (P0)၊ poverty gap index (P1)၊ squared poverty gap (“poverty severity”) index (P2)၊ Sen-Shorrocks-Thon index၊ Watts Index စသည်ဖြင့် အမျိုးမျိုး ကွဲပြားပါတယ်။
ဒီလို တိုင်းတာသတ်မှတ်ချက်တွေဟာ တိုင်းပြည်ရဲ့ ပထ၀ီဝင်အနေအထားကွဲပြားမှု၊ လူ့အဖွဲ့အစည်း သွင်ပြင်လက္ခဏာ ကွဲပြားမှု၊ အိမ်ထောင်စု သွင်ပြင်လက္ခဏာ ကွဲပြားမှုတွေပေါ်မှာ အခြေခံတဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် အမျိုးမျိုးကို လေ့လာဆန်းစစ်တဲ့ country poverty profile အတွက် အထောက်အကူပြုပါတယ်။ ပြည်နယ် (အေ)နဲ့ ပြည်နယ် (ဘီ) တို့အကြား၊ စာသင်ကျောင်းရှိတဲ့ရွာနဲ့ စာသင်ကျောင်းမရှိတဲ့ ရွာတို့အကြား၊ အိမ်ထောင်စု (စီ) နဲ့ အိမ်ထောင်စု (ဒီ) တို့အကြားတွေမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေက တူညီမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုတွေ၊ ကွဲပြားမှုတွေကို မူဝါဒချမှတ်သူများက ကွဲကွဲပြားပြား သိရှိဖို့ လိုအပ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လက်စွဲစာအုပ်ထဲမှာ တိုင်းပြည်တခုချင်းစီအလိုက် poverty profile ပြင်ဆင်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ဒီအချက်တွေကတော့
(၁) တိုင်းပြည်ရဲ့ ဒေသအသီးသီးမှာ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန် ကွဲပြားမှု ရှိပါသလား။
(၂) လူဦးရေထူထပ်တဲ့ ဒေသများဟာ ဆင်းရဲနွမ်းပါးသူများ အများဆုံး နေထိုင်ရာ ဒေသများ ဖြစ်ပါသလား။
(၃) ၀င်ငွေနည်းပါးမှုဟာ ကျားမ၊ အသက်အရွယ်၊ မြို့ပြကျေးလက်၊ လူမျိုး၊ လူမျိုးစု သွင်ပြင်လက္ခဏာများနဲ့ ဆက်စပ်မှု ရှိနေပါသလား။
(၄) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိနိုင်တဲ့ main sources တွေက ဘာတွေလဲ။
(၅) ဆင်းရဲနွမ်းပါးသူတွေက သူတို့ရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် မှီခိုအားထားပြုနေတဲ့ စီးပွားရေးကဏ္ဍတွေက ဘာတွေလဲ။
(၆) ဘယ်လို ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကား နေသလဲ။ ကမ္ဘာ့ဈေးကွက်ရဲ့ ဈေးနှုန်း အပြောင်းအလဲနဲ့ ငွေလဲလှယ်နှုန်း အပြောင်းအလဲတို့က ရိုက်ခိုက်စေနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန်တွေကို ဆင်းရဲနွမ်းပါးသူတွေက ရောင်းဝယ်ဖောက်ကားနေသလား။
(၇) ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ လယ်ယာစိုက်ပျိုးရေးမှာ ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာတွေ ရှိသလဲ။
(၈) အလုပ်အကိုင်ရှားပါးမှုက ဘယ်လောက်ဆိုးရွားနေသလဲ။
(၉) ဆင်းရဲနွမ်းပါးသူတွေ အဓိက စားသုံးနေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေက ဘာတွေလဲ။
(၁၀) ၀င်ငွေနည်းပါးခြင်းနဲ့ အာဟာရမပြည့်ဝမှု၊ ပညာရေးအခြေအနေတွေက ဘယ်လို ဆက်စပ်နေသလဲ။
(၁၁) ဆင်းရဲနွမ်းပါးသူတွေရဲ့ မျိုးဆက်ပြန့်ပွားမှု သွင်ပြင်လက္ခဏာတွေက ဘယ်လိုရှိသလဲ။
(၁၂) ဆင်းရဲနွမ်းပါးသူတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ ပြည်သူ့ဝန်ဆောင်မှု (လမ်းပန်းဆက်သွယ်ရေး၊ မီးသတ်၊ ရဲ၊ စည်ပင်သာယာ စသည်များ) အရည်အသွေးက မည်မျှရှိသလဲ။
(၁၃) ဆင်းရဲနွမ်းပါးသူများရဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေက ဘယ်လောက် အရေးပါသလဲ။
(၁၄) ဆင်းရဲနွမ်းပါးသူများရဲ့ ချေးငွေ ရရှိနိုင်မှု အခြေအနေက ဘယ်လိုရှိသလဲ။
(၁၅) ဆင်းရဲနွမ်းပါးသူများရဲ့ မြေယာ၊ အဆောက်အအုံ ပိုင်ဆိုင်မှုတွေက ဘာတွေလဲ။ ပိုင်ဆိုင်မှု အခွင့်အရေးများ ရှိသလား။
(၁၆) သဘာဝအရင်းအမြစ်တွေကို အသုံးပြုနိုင်မှုဟာ ဘယ်လောက်အထိ လုံခြုံစိတ်ချရသလဲ။
(၁၇) သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်မှုရှိနေသလား။
(၁၈) ဆင်းရဲနွမ်းပါးသူများရဲ့ ၀င်ငွေရရှိမှာ အတက်အကျ၊ အပြောင်းအလဲဖြစ်နိုင်တာတွေက ဘာတွေလဲ။
(၁၉) လူ့အဖွဲ့အစည်းမှာရှိတဲ့ ဘယ်လို အစုအဖွဲ့တွေဟာ တခြားအစုအဖွဲ့တွေထက် ပိုပြီး ဆင်းရဲနွမ်းပါးနိုင်တဲ့ risk တွေ ပိုများနေသလဲ။
စတာတွေပဲ ဖြစ်ပါတယ်။
ဒီလိုအချက်တွေပါဝင်တဲ့ poverty profile ဟာ သက်ဆိုင်ရာ ဒေသအလိုက်၊ အစုအဖွဲ့အလိုက်၊ အိမ်ထောင်စုအလိုက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အရေးကြီးဆုံး တိုင်းတာမှုကိန်းဂဏန်းတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး အခြေပြ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေမှန်ကို သိသာထင်ရှားတဲ့ တိုင်းတာသတ်မှတ်မှုတွေ ပြုလုပ်မှသာ သက်ဆိုင်ရာ အစိုးရတွေရဲ့ မူဝါဒရေးရာတွေဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အလေးပေးဆောင်ရွက်ခြင်း ရှိမရှိ၊ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေဟာ ထိရောက်ခြင်း ရှိမရှိ စတာတွေကို လေ့လာဆန်းစစ်နိုင်ပြီး၊ တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ပကတိ အခြေအနေမှန်ကို သိရှိမှသာ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကလဲ ထိရောက်တဲ့ အကူအညီပေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၇၊ ၆၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။ ။
Ravallion, M. & Chen, S. (2001) Measuring Pro-Poor Growth, Development Research Group, World Bank
Ray, D. (1998) Development Economics, Princeton University Press, Princeton
World Bank. (1992) Poverty Reduction Handbook. Washington DC.
World Bank Institute (2005) Introduction to poverty analysis, Washington DC.
Measuring Poverty.pdf 36K View Download |
No comments:
Post a Comment