Thursday, July 5, 2012

ကျောင်းသားဝိညာဉ် ဆိုတာ-----

by Aung Moe Win on Wednesday, July 4, 2012 at 10:52pm ·
ကနေဒါနိုင်ငံရဲ့ ကွစ်ဘက် ပြည်နယ် မှာ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့တာ သုံးလကျော် ကြာမြင့်ခဲ့ပြီ။ တက္ကသိုလ်တွေမှာ ပညာရေးစရိတ်ကို ၈၂ ရာခိုင်နှုန်းကျော် မြှင့်လိုက်တဲ့အတွက် ကျောင်းသားတွေ ဒေါသထွက်ခဲ့ကြတယ်။ တချို့က အလုပ်လက်မဲ့ဖြစ်နေတဲ့အတွက်၊ ကျောင်းကြွေးတွေကို ပြန်မဆပ်နိုင်ခဲ့ဘူး။ ထူးခြားတာက သုံးလကျော် ကြာမြင့်လာတဲ့ ကျောင်းသားလှုပ်ရှားမှုအကြောင်းကို ကနေဒါနိုင်ငံရဲ့ နာမည်ကြီး သတင်းမီဒီယာတွေက ထုတ်ဖေါ်မပြောဆိုခဲ့ကြဘူး။ ကော်ပိုးရေးရှင်းတွေ ပိုင်ဆိုင်တဲ့ သတင်းမီဒီယာကြီးတွေက ကျောင်းသားတွေရဲ့တောင်းဆိုသံတွေကို ကြောက်နေပုံရတယ်။ ကနေဒါ နိုင်ငံရဲ့ ဗဟိုအစိုးရ နဲ့ ပြည်နယ်အစိုးရတွေကြားမှာ ချည်နှောင်ထားတဲ့ အာဏာခွဲဝေမှု မူဝါဒတွေ၊ သမိုင်းဆိုင်ရာ ပြဿနာတွေ၊ ဖက်ဒရယ်စံနစ် ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်နိုင်မလဲ။
လွတ်လပ်တဲ့အာရှအသံရဲ့ ဂျူလိုင် (၃) ရက်နေ့ ညပိုင်းအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။


သောတရှင်များခင်ဗျား
ကနေဒါနိုင်ငံရဲ့ ကွစ်ဘက် ပြည်နယ်( Quebec Province) ဆိုတာ ပြင်သစ်ဘာသာစကားပြောသူတွေ အများဆုံးနေထိုင်တဲ့ နယ်မြေတခုဖြစ်ပါတယ်။ အဲ့ဒီ ဒေသရဲ့ သဘာဝအရင်းအမြစ်တွေဟာ တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်ခဲ့သလို၊ ဇီဝဗေဒ နည်းပညာ၊ လေကြောင်းသိပ္ပံပညာ၊ ဆေးဝါးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ နဲ့ သတင်းနဲ့နည်းပညာ ကို အခြေခံတဲ့စီးပွားရေး လုပ်ငန်းတွေ ကို လည်း ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ နေရာယူခဲ့ပါတယ်။
“ တကယ်တော့ မတူညီတဲ့ ယဉ်ကျေးမှုနယ်နမိတ်မျဉ်းတွေနဲ့ ချည်နှောင်ထားခဲ့တဲ့အတွက် ကနေဒါနိုင်ငံရဲ့ ဖက်ဒရယ်စံနစ်ဟာ ဝေဖန်ဆန်းစစ်ခံနေခဲ့ရတယ်။ ကွစ်ဘက်ပြည်နယ်မှာ နေထိုင်တဲ့သူတွေက ကက်သရစ်ခရစ်ယာန် ဘာသာဝင် ပြင်သစ်-ကနေဒီယံ တွေဖြစ်ပြီး၊ ကနေဒါရဲ့ တခြားပြည်နယ်တွေမှာ နေထိုင်ကြတဲ့ သူတွေက ပရိုတက်စတင့်ဘာသာဝင် အင်္ဂလိပ်- ကနေဒီယံ တွေဖြစ်တယ်။  ကနေဒါနိုင်ငံရဲ့ ပါလီမန်မှာ အင်္ဂလိပ်- ကနေဒီယံ တွေကသာ အများဆုံးဖြစ်နေတဲ့အတွက်  သူတို့ရဲ့ နိုင်ငံရေးစီမံကိန်းတွေဟာ ကွစ်ဘက်ပြည်နယ် အကျိုး အတွက် ဦးစားပေးစဉ်းစားမှာမဟုတ်ဘူး လို့ ပြင်သစ်-ကနေဒီယံတွေက စောတက တက်ခဲ့ကြတယ်။  ကွစ်ဘက်ပြည်နယ်မှာ ပြင်သစ်စကားကို တရားဝင် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်နိုင်ခဲ့ပေမဲ့ ကနေဒါနိုင်ငံရဲ့ နယ်နမိတ်အတွင်းမှာ သူတို့ရဲ့ ပြင်သစ်ယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လောက်ထိ ထိန်းသိမ်းထားနိုင်မလဲ ဆိုတဲ့ စိုးရိမ်မှုတွေကလည်း တည်ရှိနေခဲ့တယ်”
တကယ်တော့ ကွစ်ဘက်ပြည်နယ်သားတွေက သူတို့ရဲ့ဒေသကို ကနေဒါနိုင်ငံဆီက ခွဲထွက်ခွင့် တောင်းဆိုနေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ ကွစ်ဘက်သားတွေအတွက်ကတော့ ကနေဒါ နိုင်ငံရဲ့ ဖက်ဒရယ်စံနစ်ကို ပြုပြင်ပြောင်းလဲယုံ နဲ့ သူတို့အတွက် အကျိုးကျေးဇူးတစုံတရာရှိမှာ မဟုတ်ဘူး ၊ ဒါကြောင့်လည်း နိုင်ငံရေးလွတ်လပ်ခွင့် နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ကို ပြုပြင်ပြောင်းလဲရေးသည်သာ  ကွစ်ဘက်ပြည်နယ်သားတွေရဲ့ အနာဂတ်ကို လုံခြုံစေလိမ့်မယ် လို့  ယုံကြည်ခဲ့ကြပါတယ်။ ဒါ့အပြင် ကနေဒါအစိုးရရဲ့ ကာကွယ်ရေး အသုံးစရိတ်၊ ငွေရေးဆိုင်ရာမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး နဲ့ ကုန်သွယ်မှုအခန်းကဏ္ဍတွေအပေါ် မှာ တန်းတူညီမျှစွာ အကျိုးကျေးဇူး မခံစားရတဲ့အတွက် ကွစ်ဘက်ပြည်နယ်သားတွေက မေးခွန်းများစွာ ထုတ်ခဲ့ကြပါတယ်။  ပါလီမန်အတွင်းမှာလည်း ကွစ်ဘက်ရဲ့ အချုပ်အခြာနယ်မြေခွဲထွက်ခွင့်တွေကလည်း ဆူညံသထက် ဆူညံလာခဲ့ပါတယ်။
“ ၁၉၆၀ မတိုင်ခင် ကာလတွေမှာ ကနေဒါနိုင်ငံရဲ့ ခေါင်းဆောင် “ဒူပလက်ဆစ်” ဟာ ယူနီယံ နေရှင်နယ် ပါတီခေါင်းဆောင် ကွန်ဆာဗေးတစ်တယောက်ဖြစ်ပြီး ရွေးကောက်ပွဲမဲလိမ်မှု၊ ခြစားအကျင့်ပျက်မှုတွေဟာ ကီးဘက်ဒေသအတွင်းမှာ ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရာတွေလို ဖြစ်နေတယ်။ ဒါ့အပြင်နိုင်ငံရဲ့ သံမဏိ သတ္ထုရိုင်း ထုတ်လုပ်ရေးလုပ်ငန်းတွေအပါအဝင်၊      သဘာဝအရင်းအမြစ် ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကိုလည်း နိုင်ငံခြားသားကုမ္မဏီတွေကသာ ရင်းနှီးမြှုပ်နှံခြယ်လှယ် လုပ်ကိုင်ခဲ့ကြတယ်။ ကီးဘက်အလုပ်သမား အများစုကတော့ စီးပွားရေးကြပ်တည်းခဲ့ကြပြီး၊ ၂၀ ရာစု ဒုတိယနှစ်ဝက် မရောက်ခင်ထိ ပြည်နယ်စီးပွားရေး လုပ်ငန်းတွေရဲ့ဦးဆောင်မှုကဏ္ဍတွေမှာ ရှိမနေခဲ့ကြဘူး။  ဒါကြောင့်လည်း အက်စ်ဘက်စတို သတ္တုတွင်းအလုပ်သမား (၅၀၀၀) ကျော်ဟာ သုံးလကျော် သပိတ်မှောက်ခဲ့ကြပြီး၊ ကွန်ဆာဗေးတစ်ခေါင်းဆောင် “ဒူပလက်ဆစ်” နဲ့ အမေရိကန်စီးပွားရေး ကုမ္မဏီတွေကို ကျောထောက်နောက်ခံပေးကူညီနေတဲ့ ကက်သရစ်ဘုရားရှစ်ခိုးကျောင်းတွေကို ဆန့်ကျင်ဝေဖန်ခဲ့ကြတယ်။”
ဒူပလက်ဆီ တယောက် ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ ကွစ်ဘက်ပြည်နယ်သားတွေဟာ တိတ်တဆိတ်တော်လှန်ရေး  တခုကို စတင်လိုက်ကြပါတော့တယ်။ “ ငါတို့အိမ်မှာ ငါတို့သာ အရှင်သခင်ဖြစ်ရမယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြုပြင်ပြောင်းလဲပစ်ရမဲ့ အရာတွေကို စတင်တောင်းဆိုလာခဲ့ကြပါတယ်။ ပြင်သစ်-ကနေဒီယံတွေကို ဒုတိယတန်းစား နိုင်ငံသား လို သတ်မှတ်ဆက်ဆံခံနေရမှုကို ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကွစ်ဘက်ပြည်သူတွေရဲ့အနာဂတ် ကို ဖြောင့်ဖြူးစေမဲ့ စီးပွားရေးလုပ်ငန်းတွေကို တောင်းဆိုခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွစ်ဗက်ပြည်နယ်သားတွေ စိုးရိမ်ခဲ့သလိုပါပဲ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်နဲ့အတူ  ကနေဒါနိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာဟမှုတွေက ကြီးသထက်ကြီးလာခဲ့ပါတယ်။ အစိုးရနဲ့ သူတို့ရဲ့ အခွင့်ထူးခံ လူတန်းစားတွေကလည်း  စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်မှာတင်သာမက  ပညာရေး နဲ့ လူမှုထောက်ပံ့ရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ချယ်လှယ်ဖို့ကြိုးစားနေကြပါတယ်။ တက္ကသိုလ်ပညာသင် ကုန်ကျစရိတ်ကို ၈၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ကြိုးစားလိုက်တဲ့အတွက်  ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
“ တကယ်တော့ ဒါဟာ ကျောင်းသားလှုပ်ရှားမှုတခုတည်းသာ မကဘူး။ ပြည်သူတွေကိုယ်တိုင်ရုန်းကန်လာအောင် စတင်လှုံ့ဆော်တဲ့ မီးပွားတခုဖြစ်တယ်။ အစိုးရဟာ ပညာသင်ကြားမှုစရိတ်တွေကို တာဝန်ယူပေးသင့်သလို၊ လူထုအတွက် လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ လူမှုဖူလုံရေးကိစ္စအဝဝတွေမှာလည်း ကူညီပံ့ပိုးပေးရမယ်” လို့ ဆိုနေကြပါတယ်။ ကွစ်ဘက်ပြည်နယ်ရဲ့ ကျောင်းသားလှုပ်ရှားမှု ဆိုတာ  နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့အတွက် အင်အားပြင်ထန်တဲ့ ဆုံမှတ်တခုဖြစ်ပါတယ်။
သောတရှင်များခင်ဗျား
အစိုးရရဲ့မူဝါဒတွေကို ပညာရေးဆိုင်ရာနစ်နာချက်တွေက တဆင့် ပြည်သူတရပ်လုံးရဲ့ အကြပ်အတည်းတွေကို မီးမောင်းထိုးပြတောင်းဆိုတိုက်ပွဲဝင်ခဲ့တာဟာ နိုင်ငံတကာကျောင်းသားလှုပ်ရှားမှုရဲ့ ဝိညာဉ်ပဲဖြစ်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်း ၁၉၆၂ မှာ ဗိုလ်ချုပ်ကြီးနေဝင်း ရဲ့ စစ်အာဏာသိမ်းမှုကို ပထမဆုံးကန့်ကွက်ရှုတ်ချပြီး ဒီမိုကရေစီ ပျက်သုဉ်းခြင်းနဲ့အတူ တိုင်းပြည်မှာ ကြုံတွေ့လာမဲ့ ပြဿနာတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ ဂျူလိုင် (၇) ရက်အရေးတော်ပုံ ဟာ သမိုင်းသက်သေတခုပဲဖြစ်ပါတယ်။ သောတရှင်တို့လည်း ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေ တန်းတူခံစားခွင့်ရမဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါရစေ။

No comments: