သမိုင်း၏
မတော်တဆဖြစ်ပျက်မှုလော၊ ပထဝီ ကျိန်စာသင့် ခြင်းကြောင့်လော မသိရဘဲ
အမေရိကန်နှင့် မက္ကဆီကိုတို့သည် နယ်မြေချင်း ထိစပ်နေသည့် အိမ်နီးချင်း
ဖြစ်ရလေသည်။ တစ်နှစ် လျှင် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံ မှ ၃၉ ဘီလျံ တန်ဖိုးရှိ
ကိုကင်းတို့သည် မက္ကဆီကို မှ အမေရိကန်သို့ ဝင်ရောက်လျက် ရှိသည်။
မူးယစ်ဂိုဏ်းများသည် ကမ္ဘာ့ထိပ်သီး ကော်ပိုရေးရှင်းများ
ကဲ့သို့ကွန်ရက်ဖွဲ့ကာ လုပ်ကိုင်နေသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ
မက္ကဆီကိုတွင် မူးယစ်မှောင်ခို လုပ်ငန်းနှင့် ဆက်နွယ် လျက်
လူပေါင်းငါးသောင်းကျော် အသက်ဆုံးခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့်
ရှေးဆိုရိုးစကားတစ်ခုတွင် ''အမေရိကန်နဲ့လည်း နီးလွန်း ပြီး
ဘုရားသခင်နဲ့ဝေးလွန်းတဲ့အတွက် မက္ကဆီကိုဟာ
သနားဖို့သိပ်ကောင်းတယ်''ဟုဆိုထားသည်။ မူးယစ်ကုန်သွယ် ခြင်းသည် အမြတ်အစွန်း
ကြီးမားလွန်းသည့်အတွက် တောင် အမေရိကနိုင်ငံများသည် မူးယစ်ဂိုဏ်းများကို
မနှိမ်နင်းနိုင်ဖြစ်နေရ သည်။
အေးထွန်းမင်း အမေရိကန်သည် ကမ္ဘာ့အကြီးမားဆုံး ကိုကင်းဈေးကွက် ဖြစ်နေသည်။ အမေရိကန်ဈေးကွက်သည် ဝင်လာသမျှ ကိုကင်း များကို ဝါးမျိုသုံးစွဲနေသည်မှာ အလျဉ်မမီနိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် မူးယစ်ရာဇာတို့ တောင်အမေရိက တစ်လွှားတွင် အောင်ပွဲ ခံနေကြသည်၊ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်ကုန်ကြ သည်။ ကိုလံဘီယာနှင့်ပီရူးတွင် တစ်ကီလိုလျှင် ဒေါ်လာ နှစ်ထောင် ပေါက်ဈေးရှိသော ကိုကင်းသည် မက္ကဆီကိုသို့ရောက်လာသည့် အခါ တစ်ကီလို ဒေါ်လာတစ်သောင်းဖြစ်လာသည်။ နယ်စပ်ကိုဖြတ်ကျော်လျက် အမေရိကန်ပြည်တွင်းသို့ရောက်သွားသောအခါ တစ်ကီလို လက္ကားဈေးမှာ ဒေါ်လာသုံးသောင်းနှင့် အရောင်း အဝယ်ဖြစ်ကြသည်။ တစ်ကီလိုထုပ်ကို ဂရမ်အထုပ်ငယ်လေးများ အဖြစ်ခွဲ၍ ရောင်းချသောအခါ တစ်ကီလို ဒေါ်လာတစ်သိန်း ဖြစ်လာသည်။ အလေးချိန်ဖြင့် နှိုင်းယှဉ်ပါက ကိုကင်းသည် ရွှေထက် ပင် ဈေးမြင့်နေသည်။ အမေရိကန်ပြည်တွင်းသို့ကိုကင်းမှောင်ခိုသွင်းနေသည့်အကြီးမားဆုံးဂိုဏ်းမှာ စင်နာလိုဂိုဏ်း-Sinaloa ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင် မှာ ဂျိုကွင်ဂတ်စ်မန်-Joaquín Guzmán ဖြစ်သည်။ သူ့အား ချာပိုဟု အများကသိထားသည်။ ကမ္ဘာပေါ် တွင် အာဏာအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက သူ့အားဝိသေသပြုထားသည်။ သူ့ဇနီး အီမာ ကော်ရိုနယ်- Emma Coronel မှာ ယခင်က အလှမယ်တစ်ဦး ဖြစ်ခဲ့သည်။ မကြာသေးမီက လော့အိန်ဂျယ်လစ်မြို့စွန် သားဖွားခန်းတွင် ချာပိုအတွက် အမြွှာ သမီးနှစ်ဦးကို မွေးဖွားပေးခဲ့သည်။ အိုစမာဘင်လာဒင် သေဆုံးပြီးနောက်ပိုင်းတွင် သူသည် အမေ ရိကန်အစိုးရက အလိုရှိဆုံး လူဆိုးစာရင်းဝင်ဖြစ်လာသည်။ သို့သော် ဇနီးသည်ဖြစ်သူ အီမာအပေါ်တွင် စွပ်စွဲချက် တစ်စုံတစ်ရာမရှိပေ။အီမာသည် မီးဖွားပြီး သည့်အခါ မွေးကင်းစသမီးနှစ် ယောက်နှင့်အတူ နယ်စပ်ကို ဖြတ်လျက် မက္ကဆီကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် သွားသည်။ အမေရိကန်အစိုးရက သူမအား ပြစ်မှုတစ်စုံတစ်ရာ စွပ်စွဲ ထားခြင်းမရှိသဖြင့် သူမ မက္ကဆီကို သို့ ပြန်လည်ထွက်ခွာသွားသည်ကို လက်ပိုက်ကြည့်နေခဲ့ရသည်။ အသက် ၅၅ နှစ်ရှိပြီဖြစ်သော ချာပိုသည် မက္ကဆီကိုတွင် ပဟေဠိ တစ်ပုဒ်ဖြစ်သည်။ သူနှင့် ပတ်သက် လျှင် ကဗျာတပုဒ်လို ဆွတ်ပျံ့ဖွယ်ရာ များရှိသလို ရန်သူလက်မှ အသက်လု ထွက်ပြေးရသည့် ဒရာမာဇာတ်ကြမ်း များလည်းရှိသည်။ မူးယစ်မှောင်ခို သမားတို့၏ ဘဝဇတ်လမ်းသည် ခဏတာမျှထွန်းတောက်ပြီး အကျဉ်း ထောင်တို့တွင် ဇတ်သိမ်းရလေ့ရှိသော် လည်း ချာပိုသည် မူးယစ်ရာဇာ သက် တမ်းရှည်လှသည်။ နာမည်ကျော် မူးယစ်ရာဇာတစ်ဦးဖြစ်သည့် အက်စ ကိုဘာသည် အသက်လေးဆယ်ကျော် တွင် ရဲလက်ချက်ဖြင့် သေဆုံးခဲ့ရသော် လည်း ချာပိုမှာမူ အသက်ငါးဆယ် ကျော်အထိ ပန်းပန်နေဆဲ။ မူးယစ် နှိမ်နင်းရေးအဖွဲ့၏ အဆိုအရ ချာပို သည် အက်စကိုဘာထက်ပင် ကိုကင်းများကို ရောင်းချခဲ့ပြီးဖြစ်သည် ဟုသိရသည်။ ယင်းသို့ ရောင်းချနိုင် ခြင်းမှာ လည်း အမေရိကန်တွင် ကိုကင်းသုံးစွဲမှု အဆမတန်မြင့်တက် နေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာပေါ် တွင် ကိုကင်းသုံးစွဲမှုအများဆုံး အမေ ရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုကင်းအများဆုံးထုတ်လုပ်သည့် နိုင်ငံ၏ အိမ်နီးချင်းဖြစ်နေခြင်းသည် ရှေးရေစက်ဟုပင် ဆိုရမည်။ ချာပို၏ မူးယစ်အင်ပါရာသည် မည်မျှကြီးမားနေသည်ကို အတိအကျ မသိနိုင်ပေ။ မှန်းဆချက်များသာ ရှိသည်။ ချာပို၏ မူးယစ် ဂိုဏ်းသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်ဖိုးရှိ ကိုကင်းများကို အမေ ရိကန်သို့ မှောင်ခိုပို့လျက်ရှိသည်ဟု ကျွမ်းကျင်သူများက မှန်းဆသည်။ထိုပမာဏမှာ အမေရိကန် မူးယစ်ဈေး ကွက်၏ ခြောက်ဆယ်ရာနှုန်းဖြစ်ပြီး အမေရိကန် ထိပ်တန်း ကော်ပိုရေးရှင်း ကြီးတစ်ခု၏ ဝင်ငွေနှင့် ညီမျှသည်။ မက္ကဆီကို မူးယစ်နှိမ်နင်းရေး စစ်ပွဲတွင် လူပေါင်းငါးသောင်းကျော် သေဆုံးခဲ့ပြီဖြစ်သည်။ ထိုကိန်းဂဏန်း သည် မူးယစ်ရာဇာတို့ မည်မျှတန်ခိုး ထွားနေသည်ကို ညွှန်ပြလျက်ရှိသည်။ ချာပို၏ Sinaloa သည် ကမ္ဘာ့စီးပွား ရေးကျဆင်းမှုကို ကြံ့ကြံ့ခံနိုင်ရုံမျှမက နယ်မြေချဲ့ထွင် လာနိုင်သည်။ အမေ ရိကန်နှင့် မက္ကဆီကို နယ်စပ်တစ် လျှောက် မှောင်ခိုလမ်းကြောင်း အများစုကို စင်နာလိုအာက ထိန်းချုပ်ထားသည်။ နိုင်ငံ ၁၂ နိုင်ငံတွင် လှုပ်ရှားကျက်စားနေသည်။ သူတို့၏ လှုပ်ရှားမှုသည် နက်နဲခက်ခဲသော် လည်း သိမ်မွေ့ ညက်ညောပြီး ထိရောက်မှုရှိသည်။ သူ၏ လှုပ်ရှားမှု ကွန်ရက်သည် ကမ္ဘာ့ထိပ်တန်းကော်ပို ရေးရှင်းကြီးများကဲ့သို့ ရှုပ်ထွေးစွာ ဖွဲ့တည်ထားသည်။ ချာပိုသည် သူ့ကွန်ရက်ကို အသေးစိပ်စီမံခန့်ခွဲနိုင် သူဖြစ်သည်။ သက်တမ်းရှည်မှု၊ အမြတ် အစွန်းရရှိမှု၊ ကျယ်ပြန့်မှုတို့ကို ပေါင်း ရုံးစဉ်းစားလျှင် စင်နာလိုအာသည် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး မူးယစ်ဂိုဏ်း ဟု ဝိဂြိုဟ်ပြု ရလိမ့်မည်။ စင်နာလိုအာဟူသည့် အမည်သည် မက္ကဆီကို အနောက်ဘက် ကမ်းခြေရှိ ပြည်နယ်အမည်ဖြစ်သည်။ ဂိုဏ်းသည် ထိုပြည်နယ် တွင် အခြေ စိုက်သည့်အတွက် ယင်းအမည် တွင် လာခြင်းဖြစ်သည်။ သမိုင်းစဉ်ဆက် လူဆိုးလူကြမ်း လူသော့သွမ်းတို့ သန္ဓေတည် ရာ၊ ပုန်းအောင်းမီခိုရာ ဖြစ်ခဲ့သည်။ ထိုပြည်နယ်တွင် ချာပို ကို ၁၉၅၇ ခုနှစ် တွင် မွေးဖွားခဲ့သည်။ သူသည် တတိယတန်း တွင် ကျောင်း ထွက်ခဲ့ရသဖြင့် စာရေးစာဖတ်ကို အသက်ကြီးသည့်အခါတွင်မှ ပြန် လည်သင်ယူရသည်။ လူပျိုပေါက် အရွယ်တွင် စာမတတ်သဖြင့် သူ့ အတွက် ရည်းစားစာကို သူငယ်ချင်း က ရေးပေးရသည်။ သူ အသက် နှစ်ဆယ်ကျော် ၁၉၈ဝ ပြည့်လွန်နှစ် များတွင် မူးယစ်မှောင်ခိုလုပ်ငန်းတွင် စတင်ပါဝင်ပတ်သက်သည်။ ထိုအချိန်တွင် ကိုလံဘီယာ မူး ယစ်ဂိုဏ်းများသည် အလွန်ခြေသွက် နေသဖြင့် အမေရိကန် မူးယစ်နှိမ်နင်း ရေးအဖွဲ့က ကရစ် ဘီယံတစ်ကြော တွင်တင်းကျပ်လာသည်။ ကိုလံဘီ ယာမူးယစ်ဂိုဏ်းများသည် အမေရိ ကန်ပြည်တွင်း ကိုကင်းသယ်ပို့နိုင်မည့် လမ်းကြောင်းကို တိုးချဲ့ရှာဖွေ သည့်အခါ မက္ကဆီကိုအား လမ်း ကြောင်းတစ်ခုအဖြစ် သုံးစွဲလာသည်။ ကိုလံဘီယာမှ ကာလီနှင့် မယ်ဒယင်း မူးယစ်ဂိုဏ်းများသည် ကိုလံဘီယာမှ ကိုကင်းကို လေယာဉ် ဖြင့် မက္ကဆီကိုသို့ သယ်ယူ လာသည်။ လူသူမနီးသော တောနက်အတွင်း လေယာဉ်ကွင်းငယ်များ ဆောက်ကာ မူးယစ်ကွန်းထောက်စခန်းများကို တည်ထောင် ကြသည်။ အမေရိကန်နယ်နမိတ်တစ်လျှောက် လေကြောင်းပျံသန်းမှုဆက်သွယ်ရေးမှန်သမျှကို အမေရိကန် မူးယစ်နှိမ်နင်းရေး အဖွဲ့က ကြားဖြတ်နားထောင်နေသဖြင့် မူးယစ်မှောင်ခိုလေယာဉ်မှူးများသည် မြေပြင်ရှိမှောင်ခိုသမားများနှင့် ရေဒီယိုဖြင့် ဆက်သွယ် ရာတွင် စကားမပြောဘဲ လေချွန် အချက်ပြဆက်သွယ်သည်။ မက္ကဆီကိုဂိုဏ်းများက ကူညီ ဆောင်ရွက်ပေးခအဖြစ် နောက်ပိုင်း တွင် ငွေမပေးတော့ဘဲ ကိုကင်းကို ကိုလံဘီယာ ဂိုဏ်းများ၏ ဝန်ဆောင်ခအဖြစ် ပေးလာသည်။ ယင်းသို့ ပေးချေပုံစနစ်ပြောင်းလဲလိုက်ခြင်းသည် မက္ကဆီကိုတွင် မူးယစ်လုပ်ငန်းများ အပြိုင်း အရိုင်းပေါ်လာစေရန် တွန်း အားပေးသကဲ့သို့ ဖြစ်သွားသည်။ မက္ကဆီကိုဂိုဏ်းများသည် ကိုလံဘီ ယာ ကိုကင်းများကို သယ်ပို့ပေး ရုံမျှ မက အဖိုးအခအဖြစ်ရထားသော ကိုယ်ပိုင်ကိုကင်းများကို သယ်ယူ ရောင်းချရန် ဖြစ်လာသည်။ ထိုအခါ အမေရိကန်နိုင်ငံတွင်း သိုလှောင်ခြင်း ဈေးကွက်ရှာဖွေခြင်းတို့ကို မက္ကဆီကို ဂိုဏ်းများက လုပ်လာရသည်။ ကိုလံဘီယာမှ မက္ကဆီကိုသို့လာ သောကိုကင်းလေယာဉ် တစ်ညလျှင် အနည်းဆုံးငါးစီးရှိပြီး တစ်ခါတစ်ရံ ၁၆ စီး အထိရှိသည်။ ချာပိုသည် လုပ်ရင်းကိုင်ရင်းဖြင့် အမေရိကန်သို့ကိုကင်းသယ်ပို့သောလမ်းကြောင်းတွင် မက္ကဆီကို၏အဓိကကျမှုကို သိမြင်လာသည့် အတွက် သူသည် ကိုလံဘီယာမှ ကိုကင်းများကို ကြားခံ သယ်ပေးရသည့် အထမ်းသမားမလုပ် လိုတော့။ သူကိုယ်တိုင် ဦးစီးသည့် မူးယစ်ဂိုဏ်းငယ်လေးများကို စတင် တည်ထောင်သည်။ ချာပို၏ လက်ထောက် မာတင် နေးသည် လေယာဉ်မှူးဟောင်းတစ်ဦး ဖြစ်သည်။ သူသည် ကိုကင်း မှောင်ခိုလေယာဉ်များ ကို မြေပြင်မှနေလျက်လေကြောင်းလမ်းပြလုပ်ပေးသည်။ မက္ကဆီကိုသည် ကိုကင်းပင်မဖြန့်ဖြူးရာဌာန ဖြစ်လာပြီးနောက် မာတင်နေး ၏ အသုံးဝင်မှုမြင့်မားလာ သည်။ သူ့နှင့် တစ်ကြိမ် တွေ့ခွင့်ရရန် ဒေါ်လာ နှစ်သောင်းငါးထောင်ပေးရ သည်။ ဤသို့ဖြင့် မာတင်နေး သည် ချာပိုနှင့်တွဲမိပြီး လူယုံတော်ဖြစ်လာသည်။ ချာပိုသည် မာတင်နေး အပါ အဝင် လက်ရုံးလူယုံတော်ဆယ်ဦး မကရှိသည်။ ချာပိုထံ တွင် အမှုထမ်း သည့်အတွက် တစ်နှစ်လျှင် လစာ အဖြစ် ဒေါ်လာတစ်သန်းပေးသည်။ထိုဒေါ်လာတစ်သန်းကို နှစ်စဉ် ဒီဇင် ဘာလတွင် ခရီးဆောင်သေတ္တာ ထဲတွင်ထည့်ပေးသည်။ ၁၉၈၉ ခုနှစ်တွင် ချာပို၏ ဆရာဖြစ်သူ အယ်လ် ပက်ဒရင်နိုအား မက္ကဆီကိုအစိုးရက ဖမ်းမိသွားသည်။ ထိုအခါ မူးယစ်ဆေးဝါး သယ်ဆောင် ရာ လမ်းကြောင်းကို မည်သို့ခွဲဝေယူ မည်ကို မူးယစ်ဂိုဏ်းသားတို့ စုဝေး တိုင်ပင်ကြသည်။ ပထမပိုင်းတွင် ချာပိုဂိုဏ်းသည် လမ်းကြောင်းတစ်ခုတည်းကိုသာ အသုံးပြုသည်။ မက္ကဆီကို အနောက် ပိုင်းမှ တက္ကဆပ်ပြည်နယ်အတွင်းသို့ ဖြတ်ဝင်သော လမ်းကြောင်းဖြစ်သည်။ စင်အာနိုလာဂိုဏ်းသည် မူးယစ်မှောင်ခို ကူးရာတွင် နည်းလမ်း အမျိုးမျိုးကို အသုံးပြုကြသည်။ ကိုလံဘီယာမှ ကိုကင်းများကို လေယာဉ်ငယ်လေး များဖြင့် လည်းကောင်း၊ ခရီးသည် တင် လေယာဉ်ပေါ်တွင် ခရီးဆောင် သေတ္တာများဖြင့် လည်းကောင်း၊ တစ်ခါတစ်ရံ ဘိုးအင်း ၇၄၇ လေ ယာဉ်ဖြင့် လည်းကောင်း ခိုးသွင်းသည်။ ယင်းသို့ ဘိုအင်းလေယာဉ် ဖြင့်ခိုးသွင်းသည့်အခါ ကိုကင်း ၁၃ တန်အထိ သယ်ဆောင်လေ့ရှိသည်။ ကုန်သေတ္တာ သင်္ဘော၊ ငါးဖမ်း သင်္ဘော၊ အမြန်စီး မော်တော်ဘုတ် စသည့် လှုပ်ရှားသွားလာနိုင်သည့် ယာဉ်မှန်သမျှကို အသုံးပြုသည်။ လက်ဖြစ်ရေငုပ်သင်္ဘောကို အမေဇုန် သစ်တောအတွင်း တည်ဆောက်ပြီး ကမ်းခြေသို့ မြစ်ကြောင်းတစ်လျှောက် တစ်စစီသယ် ယူလာကာ ကမ်းခြေ တွင် ပြန်လည်တပ်ဆင်သည်။ ရေငုပ် သင်္ဘောတစ်စီးလျှင် တည်ဆောက်ခ ဒေါ်လာတစ်သန်းကုန်ကျပြီး တစ်ခါ သုံးသာဖြစ်သော်လည်း ထိုပမာဏ သည် မူးယစ်ရာဇာများအဖို့ မမှု လောက်ပေ။ သင်္ဘောငယ်များဖြင့် သယ်ယူ စဉ် ကြားဖြတ်ဖမ်းဆီးခံရသည့်အခါ ဝမ်းဗိုက်တွင် တပ်ဆင်ထားသော အဆို့ရှင်များကို ဖွင့်လျက် သင်္ဘောကို နစ်မြုပ်စေလိုက်သည်။ သင်္ဘောပေါ်တွင် ပါလာသူများသည် အဖမ်းခံရသော်လည်း သက်သေခံပစ္စည်း မမိ သဖြင့် ပြန်လွှတ်ပေးလိုက်ရသည်။ ကိုကင်း မှောင်ခိုလုပ်ငန်းသည် ငွေကြေးအရင်းအနှီးများစွာ လိုအပ် သည်။ ထိုအရင်းအနှီးရရှိရန် ဆေး ခြောက်လုပ်ငန်းကို လုပ်ကြ ရသည်။ ဆေးခြောက်ကို မက္ကဆီကိုတွင် ငွေပေါ်သီးနှံဟုခေါ်ကြသည်။ ဆေး ခြောက်သည် ကိုကင်းထက် ဝန်ပို ကျယ်ပြီး အနံ့ပြင်း သည်။ ထို့ကြောင့် ဆေးခြောက်မှောင်ခိုသွင်းရာတွင် မြို့ပြ နှင့်ဝေးသော လမ်းကြောင်းများကို အသုံးပြုသည်။ မက္ကဆီကိုနှင့် အမေရိကန် နယ် စပ်မျဉ်းတစ်လျှောက်တွင် ဒေါ်လာ ဘီလျံချီ အကုန်အကျခံကာ အမေရိ ကန်က ဝင်းထရံကာ ထားသည်။ မူးယစ်မှောင်ခိုသမားများသည် ဝင်းထရံကို နည်းမျိုးစုံဖြင့် ကျော်ဖြတ် ခြင်း၊ ဥမင်လိုဏ်ခေါင်းတူးခြင်း၊ လောက်လွှဲဖြင့် ဝင်းထရံတစ်ဘက်သို့ ကျော်ပစ်ခြင်းတို့ကို ပြုလုပ်သည်။ မူးယစ်အရာရှိတစ်ဦးက '' ကျုပ်တို့ က အကောင်းဆုံး၊ ခေတ်အမီဆုံး ဆိုတဲ့ဝင်းထရံကို ဘီလျံနဲ့ချီ အကုန် အကျခံဆောက်ထားတယ်။ မှောင်ခို သမားတွေက အေးအေးဆေးဆေးပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝ က စစ်ပွဲ တွေမှာ သုံးတဲ့ လောက်လွှဲနည်းပညာ ကို အသုံးပြုတယ်''ဟု ပြောသည်။ မူးယစ်ရာဇာတို့သည် ဥပဒေ ဘက်တော်သားများထက် အမြဲတမ်း ခြေတစ်လှမ်းသာနေရန် ဥာဏ်ကို လွှာသုံးကြ သည်။ဆေးခြောက်ကို နယ်စပ်ဖြတ်ကျော် သယ်ရန်မလိုသော နည်းကို ကြံဆကြသည်။ ထိုနည်းမှာ အမေရိကန် နယ်မြေ အတွင်း ဆေးခြောက်ကို စိုက်ပျိုးခြင်းဖြစ်သည်။ အမေရိကန်မုဆိုးတစ်ဦးသည် ဝစ်ကွန်ဆင်ပြည်နယ် တောနက်ထဲတွင် အမဲလိုက်နေ စဉ် တောထဲတွင် စနစ် တကျ ရေသွင်းစိုက်ပျိုးထားသော ဆေးခြောက်ခင်းကြီးတစ်ခင်းကို သွား တွေ့သည်။ ထိုဆေးခြောက်ခင်း ကို အေကေ-၄၇မောင်းပြန်ကိုင်ဆောင်ထားသော မက္ကဆီကင်များကစောင့်ကြပ်နေသည်။ ထိုဆေးခြောက်ခင်းများမှ ချီကာ ဂို ဆေးခြောက် ဈေးကွက် ကို ဖြန့်ဖြူးပေးနေသည်။ ဟီးရိုးအင်းသည် ခိုးသွင်းရန် လွယ်ကူသော်လည်း ထုတ်လုပ်ရန် ခက်ခဲသည်။ အခြားမူးယစ်ဆေးများ နှင့် အလေးချိန် ချင်း နှိုင်းယှဉ်ပါက ဟီးရိုးအင်းသည် အဖိုးတန်ဆုံးဖြစ် သည်။ စင်နိုလာဂိုဏ်းသည်သူတို့ ထုတ်လုပ်သော အရည်အသွေးမီ ဟီးရိုးအင်းအတွက် များစွာဂုဏ်ယူ သည်။ သူတို့၏ဟီးရိုးအင်းသည် ၉၄ ရာနှုန်း အရည်အသွေးပြည့်သည် ဟု ဆိုသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များမှ စ၍ မက်သာဖက်တမင်းသည် လူကြိုက် များသော မူးယစ်ဆေးဖြစ်လာသည်။ မက်သာဖက် တမင်း သည် စွဲလွယ်ပြီး ထုတ်လုပ်ရန်လည်း လွယ်ကူသည်။ နည်းပညာထွန်းကားသော အမေရိ ကန်တွင် အလွယ်တကူ ထုတ်လုပ် နိုင်သည်။ ထို့ကြောင့် အာဏာပိုင်များ က မတ်သာဖက်တမင်းအများအပြား မထုတ်လုပ်နိုင်စေရန် ကန့်သတ် တားဆီး မှုများလုပ်ထားသည်။ ထို အချက်သည် မက္ကဆီကို မူးယစ်ဂိုဏ်း များအတွက် အခွင့်ကောင်းဖြစ်လာ သည်။ သူတို့ က ဆေးခြောက် ပေါင် ငါးရာပို့လျှင် မက်သာဖက်တမင်း နှစ်ကီလိုကို မေတ္တာလက်ဆောင် အဖြစ်ထည့်ပေးသည်။ မက်သာဖက် တမင်း ဆေးစွဲသူများပေါ်လာစေရန် ဈေးကွက်ဖော်ခြင်းဖြစ်သည်။ ဈေး ကွက်သည် ခဏတွင်းချင်း ကြီးထွား လာသည်။ မူးယစ်ဂိုဏ်း များသည် စက်မှုကုန်ထုတ်စက်ရုံကြီးကဲ့သို့ အမြောက်အမြား ထုတ်လုပ်ပေးနိုင် သည့် စက်ရုံများကို တည်ထောင် သည်။ မက်သာဖက်တမင်း ချက် လုပ်ရာတွင် အသုံးပြုသည့် အပ်ဖဒရင်း Ephedrine ကဲ့သို့ ဓာတုဗေဒဆေး များကို အိန္ဒိယနှင့် တရုတ်မှ မှာယူ သည်။ ၂ဝဝ၉ ခုနှစ်တွင် အပ်ဖဒရင်း ၂၂ တန်၊ ၂ဝ၁ဝ ခုနှစ် မေလတွင် ၈၈ တန်၊ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ တွင် ၂၅၂ တန်ကို မက္ကဆီကိုတွင် ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် မက္ကဆီကို အာဏာပိုင်များက အပ်ဖ ဒရင်း တင်သွင်းမှုကို လုံးဝပိတ်ပင် လိုက်သည်။ ထိုအခါ အပ်ဖဒရင်း အစား အခြားဓာတုပစ္စည်းကို မူးယစ် ဂိုဏ်းများက ပြောင်းလဲအသုံးပြု သည်။ နယ်စပ်ဖြတ်ကျော်လျက် မူးယစ် ဆေးဝါးများကို သယ်ဆောင်ရာတွင် ဥမင်လိုဏ်ခေါင်းမှ တစ်ဆင့် သယ်ယူ ခြင်းသည် ပမာဏအများအပြားကို အမြန်ဆုံး အလွယ်တကူ သယ်ယူနိုင် သည်။ ချာပိုသည် ၁၉၈ဝ ပြည့်လွန် နှစ်များတွင် ဗိသုကာ အင်ဂျင်နီယာ တစ်ယောက်ကို ငှားရမ်းလျက် ဥမင် လိုဏ်ခေါင်း ဒီဇိုင်းရေးဆွဲခိုင်းသည်။ ဥမင်လိုဏ်ခေါင်းသည် ပေနှစ်ရာရှည် သည်။ မက္ကဆီကို နယ်စပ်မြို့ အဂူယာပရိုက်တာမှ အမေရိကန်နယ်နိမိတ်အတွင်းရှိ တက္ကဆပ်ပြည်နယ် ဒေါက်ကလပ်စ်မြို့ သို့ ရောက် သည်။ အဂူယာပရိုက်တာမြို့ရှိ ရှေ့နေတစ်ဦး ၏ နေအိမ်ရှိ ရေဘုံဘိုင်ခေါင်းကို လှည့်လိုက်လျှင် စားပွဲအောက်ရှိ ဟိုက် ဒရောလစ် အံဖုံးတံခါးပွင့်သည်။ ဥမင်လိုဏ်ခေါင်းဆောက်လုပ် ပြီးစီးသည်နှင့် ချာပိုသည် ကိုလံဘီယာ ရှိ မူးယစ်ဂိုဏ်းများအား လက်ထဲတွင် ရှိသမျှ ကိုကင်းများကို ပေးပို့ရန် ညွှန် ကြားလိုက်သည်။ လေယာဉ်များသည် ခေါက်ချည်ပြန်ချည်ဖြင့် ကိုကင်းထုပ် များကို သယ်ယူရ သည်။ လေယာဉ်မက္ကဆီကိုသို့ ပြန်ရောက်မလာမီ၊ ပထမအခေါက်တွင် ချပေးခဲ့သော ကိုကင်းများသည် လော့စ်အိန်ဂျယ်လိစ် သို့ ရောက်ကုန်သည်အထိ မြန် ဆန်သည်။ ချာပိုသည် ဥမင်လိုဏ် ခေါင်းကို ပထမဆုံး စတင်အသုံးပြု သူဖြစ်သည်။ ထိုဥမင်လိုဏ်ခေါင်းကို မကြာမီ တွင် မူးယစ်နှိမ်နင်းရေးအဖွဲ့က ဖော်ထုတ်နိုင်သည်။ ဥမင်လိုဏ်ခေါင်း များသည် လွန်စွာ အသုံးတည့်သဖြင့် မူးယစ်ဂိုဏ်းများက အခွင့်သင့်တိုင်း ဆောက်လုပ်ကြသည်။ ဥမင်လိုဏ်ခေါင်းကို စတင်အသုံးပြုသည်မှာ အနှစ်နှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ် သော်လည်း အသုံးပြုနေကြဆဲ ဖြစ် သည်။ ထိုအနှစ်နှစ်ဆယ်ကျော် အတွင်း ဥမင် လိုဏ်ခေါင်းပေါင်း တစ်ရာကျော်ကို မူးယစ်နှိမ်နင်းရေး အဖွဲ့များက ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတို့ကို အဆင့်မြင့်စွာ တည်ဆောက် ထားသည်။ လေအေးစက်၊ ပက်လက်ကုန်တင် တွဲငယ်များ အတွက် သံလမ်းများ၊ ထည့်သွင်း တည်ဆောက်ထားသည်။ အဆိုပါ သံလမ်းသည် တစ်ခါတစ်ရံ မိုင်ဝက် အထိရှည်လျားသည်။ ချာပိုနှင့်အဖွဲ့သည် ငရုတ်သီးမှုန့် လုပ်ငန်းသို့ ခြေဦးလှည့်ကြပြန်သည်။ ငရုတ်သီးမှုန့် သံဘူးများထဲတွင် ကိုကင်း ကို လေလုံ ပိတ်လျက် ကာလီ ဖိုးနီးယားရှိ မက္ကဆီကန် ကုန်စုံဆိုင် များမှတစ်ဆင့် ဖြန့်ချိသည်။ ငါးစိမ်းတင် အအေးခန်းနောက်တွဲ များတွင် အံဝှက်များဖန်တီးလျက် မူးယစ်ဆေး သယ်ကြပြန်သည်။ ငါးစိမ်းတင်သော အအေးခန်းများသည် နံစော်နေသဖြင့် အကောက်ခွန် ဝန်ထမ်းများသည် ထိုအအေးခန်းများကို အချိန်ယူ စစ်ဆေးလေ့မရှိကြ။ ထိုအချက်ကို မူးယစ်ဂိုဏ်းများက အခွင့်ကောင်း အဖြစ် အသုံးချကြသည်။ မူးယစ်ဆေးဝါးများသည် ပင်ရင်းထုတ်လုပ်ရာနေရာနှင့် စားသုံး သည့်ဈေးကွက်တွင် ဈေးနှုန်းကွာဟမှု အဆမတန်ကြီးမားသည်။ သုံးစွဲသူထံ ရောက်လာသည့် မူးယစ်ဆေးသည် လာရာလမ်းတစ်လျှောက်တွင် အန္တရာယ်အသွယ်သွယ်ကို ဖြတ်သန်း လာရသည်။ အဖမ်းဆီးခံရမည့် အန္တရာယ်၊ ကြားဖြတ်လုယူခံရမည့် အန္တရာယ်တို့ကို ကယ်ရီသမားများ က ရင်ဆိုင်ကြရသည်။ ထိုသို့ရင်ဆိုင် ရမှု အတွက် အခကြေးငွေ မြင့်မားစွာ ပေးရသဖြင့် မူးယစ်ဆေးများသည် သုံးစွဲသူလက်ထဲအရောက်တွင် ဈေး ကြီးမြင့် ရခြင်းဖြစ်သည်။ သယ်ယူနေစဉ်တွင် ဆုံးရှုံးရပါ က မည်သူ၏ တာဝန်ဖြစ်သည်ကို မူးယစ်မှောင်ခိုသမားများက သတ် သတ်မှတ်မှတ် လုပ်ထားသည်။ ကယ် ရီသမားသည် နည်းနည်း အဖမ်းခံပြီး ကျန်မူးယစ်ဆေးများကို ကိုယ်ကျိုး အတွက်ရောင်းချသည့် အခါမျိုး လည်း ရှိသည်။ ထို့ကြောင့် ကယ်ရီသမား များ မကြာခဏ အသတ်ခံရသည်။ မှားယွင်းအသတ်ခံရသည်များလည်း ရှိ၏။ အချို့ကယ်ရီသမားများ အဖမ်းခံရသည့်အခါ ဖမ်းဆီးခံရသည့်မူးယစ်ဆေးပမာဏဖော်ပြထားသော လက်ခံဖြတ်ပိုင်း ကိုတောင်းယူ ကြသည်။ အချို့ ကိုလံဘီယာဂိုဏ်းများဆိုလျှင် သယ်ဆောင်သောမူးယစ်ဆေးအတွက် အာမခံစနစ်ကိုပင် တည်ထောင် ထားသည်။ ဖမ်းဆီးခံရ ပါက မူးယစ်ဆေးတန်ဖိုးကို အာမခံ လက်ခံထားသည့်ဂိုဏ်းက ပေးလျော် သည်။ မူးယစ်ဂိုဏ်းများ ဖွဲ့စည်းထားပုံ သည် ခေါင်းဆောင်ပိုင်းအား အကာ အကွယ် အများဆုံးပေးနိုင်ရန် ဖွဲ့စည်း ထားသည့် ပုံစံဖြစ်သည်။ မူးယစ် ဂိုဏ်းတစ်ဂိုဏ်း၏ လုပ်ငန်းတွင် လူပေါင်းတစ်သိန်းကျော် ပါဝင်ပတ် သက်နေလေ့ရှိသည်။ ခေါင်းဆောင် နှင့် အနီးကပ်လုပ်ကိုင်နေသူမှာ တစ်ရာပတ်ဝန်းကျင်သာရှိသည်ဟု ဆိုသည်။ ထိုအနီးကပ် ဂိုဏ်းသား များသည် လခစားနှင့် ရာခိုင်နှုန်း စား များဖြစ်ကြသည်။ ကျန်လူများမှာ လက်ခွဲများ ဖြစ်ကြပြီး၊ လုပ်ငန်းတစ်ခု ချင်းအလိုက် အခကြေးငွေ ရရှိကြ သည်။ မူးယစ်ဂိုဏ်းသားများ အစည်း အဝေးလုပ်သည့်အခါ ထိပ်ဆုံးခေါင်း ဆောင်သည် အစည်းအဝေး တက် လေ့မရှိ။ အစည်း အဝေး ကျင်းပရာ မလှမ်းမကမ်းတွင် စက်နှိုးလျက် ရပ် ထားသော ကျည်လုံကားအတွင်း စောင့်ဆိုင်းနေလေ့ရှိသည်။ ကားအနီး တွင် ကျည်ကာအကျီ ဝတ်ဆင်ထား သည့် သက်တော်စောင့် နှစ်ရာခန့်က စောင့်ကြပ်နေသည်။ အစည်းအဝေး ပြီးသည့်အခါတွင် အစည်းအဝေး တက်နေသူထဲမှ လက်ထောက်တစ်ယောက်ယောက်က ကားရှိရာသို့ သွားရောက်ပြီး အစည်းအဝေး၏ ဆုံးဖြတ်ချက် ကို သတင်းပို့ရသည်။ မူးယစ်ဂိုဏ်းများသည် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ်ရသလို အချင်းချင်း စားကျက် လုပွဲများကိုလည်း သတိထားရသည်။ မူးယစ်လောကတွင် မဟာမိတ်ဖွဲ့မှု ဆိုသည်မှာ ယာယီသာဖြစ်သည်။ ထာဝရမိတ်ဆွေ မရှိသော လုပ်ငန်း ဖြစ်သည်။ အကျိုးစီးပွားချင်းတူသည့် အခါ ပူးပေါင်းပြီး ၊ အကျိုးစီးပွားချင်း ယှဉ်လာသည့်အခါ သွေးချောင်းစီးကုန် သည်။ ချာပိုသည် သူ၏ ငယ်စဉ်တောင် ကျေးကလေးဘဝက သူငယ်ချင်း အာတူရိုဘဲလ်ထရန်ကို ညာလက်ရုံး ခန့်လျက် မူးယစ် လုပ်ငန်း အတူတကွ လုပ်ခဲ့ကြသည်။ ၂ဝဝ၈ ခုနှစ်တွင် သူတို့နှစ်ဦး သဘောချင်းမတိုက်ဆိုင် သဖြင့် ကွဲပြဲကာ ဂိုဏ်းစစ်ပွဲ ဆင်နွှဲကြ သည်။ ထိုစစ်ပွဲတွင် ချာပို၏ သား တစ်ယောက်ကို အာတူရို၏ လူများ က သတ်လိုက်သည်။ မူးယစ်ရာဇာတို့ ဟင်္သာကိုး သောင်း ဇတ်ခင်းရင်းဖြင့် မျိုးတုံးကြ တော့မည်ကို သူတို့ဘာသာ သတိ ထားလာမိကြသည်။ ထိုအခါ အချင်းချင်းသတ်ဖြတ်မှုကို ဆုံးခန်းတိုင်စေ မည့် ဖြေရှင်းနည်းသစ်ကို ရှာကြ သည်။ ယင်းသို့ဖြင့် သူတို့သည် နည်းဟောင်း ကို သွားတွေ့ကြသည်။ ရှေးခေတ်ပဒေသရာဇ် ဧကရာဇ်တို့ မောင်လည်နှမလည် လက်ထပ် လျက် အချင်းချင်း သတ်ဖြတ်မှု ကို ရှောင်ရှားကြသည်။ ပြိုင်ဘက်ဂိုဏ်းများ အပြန် အလှန်ထိုးနှက်ကြရာတွင် သတင်း ပေးသောနည်းကို သုံးကြသည်။ တစ် ဖက်ဂိုဏ်းသားသည် အမေရိကန် မူးယစ်နှိမ်နင်းရေးအဖွဲ့သို့ သွားကာ ပြိုင်ဘက်ဂိုဏ်း၏ လှုပ်ရှားမှု သတင်း ကို ပေးသည်။ မူးယစ်ဂိုဏ်းများသည် အခွန် ဆောင်ကြသူများမဟုတ်။ သို့သော် ရဲနှင့် အာဏာပိုင်များအား လာဘ် ထိုး ရသော ငွေကြေး ပမာဏသည် ကော်ပိုရေးရှင်းကြီးများ ထမ်းဆောင်နေရသော အခွန်ထက်ပင်များပြားမည်ဟု ခန့်မှန်းရသည်။ မူးယစ်ဂိုဏ်းများ လှုပ်ရှားနိုင်ရန် အရေးကြီးဆုံးမှာ မည်သည့်အချက်ဖြစ်သနည်းဟု မူးယစ်ဂိုဏ်းသားများနှင့် ပတ်သက် နေသူများအား သုတေ သနပြုမေးမြန်း သည့်အခါ လာဘ်ပေးမှုသည် အရေး အကြီးဆုံးအချက်ဖြစ်သည်ဟု သိရ သည်။ မြို့တော်ဝန်၊ အစိုးရရှေ့နေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး(ဂါဗနာ)၊ ပြည်နယ်ရဲ၊ စစ်တပ်၊ ရေတပ်တို့ အပြင် ဗဟိုအစိုးရ ထိပ်တန်း အရာရှိ ကြီးများကို လာဘ်ပေးရသည်ဟု ဆိုသည်။ ၁၉၉ဝ ပြည့်နှစ်တွင် မူးယစ် ရာဇာချာပို အဖမ်းခံရသည်။ ထောင် အနှစ်နှစ်ဆယ် အပြစ်ပေးခံရပြီး မက္ကဆီကို၏ အလုံခြုံဆုံးဆိုသည့် ပွန်းဂရွန်းထောင်သို့ အပို့ခံရသည်။ ထောင်ဝန်ထမ်းအား လာဘ်ထိုးလျက် ဇိမ်ခံနေထိုင်နိုင်သည်။ လက်ကိုင်ဖုန်း အသုံးပြုလျက် မူးယစ်လုပ်ငန်းကို ထောင်ထဲမှ ဆက်လက် ဦးစီးလုပ် ကိုင်သည်။ ထောင်ကျပြီး မကြာမီ ထောင်ဝန်ထမ်းအား လာဘ်ငွေ ဒေါ်လာသုံးသန်းပေးလျက် လွတ် မြောက်သွားသည်။ ချာပိုသည် ယခု အခါ ပြင်ပကမ္ဘာ၌ မူးယစ်လုပ်ငန်း ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ သူ လွတ်မြောက်ရန် အကူအညီပေးခဲ့သော ထောင်ဝန်ထမ်းသည် လည်း ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာ ပြီဖြစ်သည်။ အစိုးရဝန်ထမ်းများသာမက သာမန်အရပ်သားများကိုလည်း မူးယစ်ဂိုဏ်းများက ငွေပေးထား သည်။ သာမန်အရပ်သားများသည် လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားမှုကို သတင်းပေးခြင်းဖြင့် တစ်လဒေါ်လာတစ်ရာ ရနေကြသည်။ မက္ကဆီကို မြို့အများ အပြားတွင် အငှားယာဉ်မောင်းသူအားလုံးသည် မူးယစ်ဂိုဏ်း၏ သတင်းပေးများ ဖြစ်ကြသည်ဟုဆိုသည်။ မင်းနား တစ်ထောင် ဆိုသည့် စကားသည် မက္ကဆီကိုတွင် မမှန်ကန်ပေ။ မူးယစ် ရာဇာများ၏ နားသည် အထောင် အသောင်းပင်မက။ မူးယစ်လုပ်ငန်းကို မက္ကဆီကို အာဏာပိုင်များက အရေးယူဆောင် ရွက်ပုံသည် တင်းကျပ်ထိရောက်မှု မရှိသဖြင့် ဥပဒေဘောင်အတွင်းနှင့် ဥပဒေပြင်ပဆိုသည့် ခြားနားချက် မရှိ တော့ဘဲ ရှုပ်ထွေးကုန်သည်။ မူးယစ် ဂိုဏ်းသားတိုင်း၏ လက်ထဲတွင် ရဲ သို့မဟုတ် စစ်တပ်အဖွဲ့ဝင်ဖြစ် ကြောင်း ဝန်ထမ်းမှတ်ပုံတင် ကတ် ပြားရှိနေကြသည်။ မူးယစ်ဂိုဏ်းများ က ရဲယူနီဖောင်း ဝတ် လျက် နေ့ခင်း ကြောင်တောင် လူသတ်မှု ကျူးလွန် ကြသည်။ ယင်းသို့ လူသတ်မှု ကျူး လွန်ကြသူများသည် ဂိုဏ်းသားများ လော၊ ရဲကိုယ်တိုင်က ငွေယူလျက် လူသတ်ပေးနေခြင်းလော မကွဲပြား တော့။ မူးယစ်ဂိုဏ်းသားများကို ဖမ်းဆီး ရမိပြီး အာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ လုပ်သည့်အခါ ကလဲ့စား မချေနိုင်စေရန် ရဲနှင့် စစ်သားများသည် မျက်နှာဖုံးစွပ်ကာ ဓာတ်ပုံအရိုက်ခံ ကြသည်။ မူးယစ်ဂိုဏ်းသားတို့က ရဲကဲ့သို့ဝတ်ဆင်ကြသည်။ ရဲများက လူဆိုးကဲ့သို့ဝတ်ဆင်နေရသော အခြေ အနေဖြစ်သည်။ မူးယစ်ဂိုဏ်းက လာဘ်ပေးထား သူများတွင် အမေရိကန် အကောက် ခွန်နှင့် နယ်ခြားစောင့် ဝန်ထမ်းများ ပင်ပါဝင်နေသည်။ ကားတစ်စင်းကို အစစ်အဆေးမရှိ အမေရိကန် နယ် မြေအတွင်းသို့ ဝင်ခွင့်ပေးလိုက်လျှင် ဒေါ်လာသိန်းချီရသည်။ ၂ဝဝ၄ ခုနှစ် တွင် အမေရိကန် အကောက်ခွန်နှင့် နယ်ခြားစောင့်ဝန်ထမ်းများ ပတ်သက် နေသော လာဘ်စားမှု ၁၃၈ မှု ဖြစ်ပွား ခဲ့သည်။ လာဘ်ထိုး၍ မရလျှင် ခြိမ်း ခြောက်သည်။ ခြိမ်းခြောက်၍မရလျှင် သတ်ဖြတ်သည်။ ဤသည်မှာ မူးယစ် ဂိုဏ်းများ၏ နည်းဗျူဟာဖြစ်သည်။ သွေးထွက်သံယိုမှုကို အလွန်အကျွံ လုပ်လျှင် ချောင်ပိတ်မိပြီး တုံ့ပြန်ဆန့် ကျင်လာတတ်သည့် သဘောကို မူးယစ်ဂိုဏ်းတို့က သဘောပေါက် ထားသည်။ ထို့ကြောင့် လာဘ်ထိုး ခြင်းနှင့် သွေးထွက်သံယိုမှုတို့ မျှတ သုံးစွဲသည်။ စင်နိုလာ ဂိုဏ်း နောက် ပိုင်းတွင် ပေါ်ပေါက်လာသည့် ဇီတာ ဇနအျေ ဂိုဏ်းသည် တရားလွန်ရက် စက်သည့် ဂိုဏ်းဖြစ်သည်။ သူသည် မူးယစ်မှောင်ခိုသာမက ပြန်ပေးဆွဲခြင်း၊ လူမှောင်ခိုခြင်း၊ ငွေညှစ်ခြင်း တို့ကို လုပ်သည်။ ထိုလုပ်ငန်းများ သည် ငွေအရနည်းသော အလုပ်ဖြစ်သဖြင့် စင်နာလိုအာသည် မူးယစ်လုပ်ငန်း တစ်ခု တည်းကိုသာ အာရုံစိုက်သည်။ အမေရိကန်တစ်လွှားတွင် ကြီးမားသော လုပ်ငန်းအင်ပါရာကို တည်ထောင်ရန် ရည်စူးသည်။ စင်နာလိုအာဂိုဏ်း၏ ကိုကင်းကို အမေရိကန်လမ်းကြို လမ်းကြားများ အထိ ရောက်နိုင်ရန် ကြိုးပမ်းသည်။ သို့သော် လမ်းကြို လမ်းကြားတွင် လက်လီရောင်းနေသူ များထံမှ အမြတ်ငွေထဲမှ ခွဲဝေရယူရန် မဟုတ်ပေ။ လက်လီရောင်းသူများ သည် မူးယစ်လုပ်ငန်းတစ်ခုလုံး အတွက် အရေးကြီးသည် မှန်သော် လည်း လက်လီရောင်း သူများမှ တစ်ဆင့် စင်နိုလာဂိုဏ်းသို့ ခြေရာခံ လိုက်လာမည်ကို မလိုလားပေ။ ကိုကင်းကို အမေရိကန်ပြည် တွင်းသို့ သယ်ပို့ခြင်းသည် လုပ်ငန်း ၏ တစ်ဝက်သာဖြစ်သည်။ ရောင်းချ ပြီး ရရှိသောငွေများကို မက္ကဆီကို သို့ပြန်လည်ပေးပို့ခြင်းအလုပ်သည် လုပ်ငန်း၏ကျန်တစ်ဝက်ဖြစ်သည်။ လက်လီရောင်းချရရှိသောငွေစက္ကူ အတန်သေး များသာဖြစ်သဖြင့် သန်းနှင့်ချီသောငွေပမာဏကို ခိုးထုတ် ရသည်မှာ အတော်ပင်မလွယ်သော အလုပ်ဖြစ်သည်။ ကုန်ကားအတွင်းရှိ အံဝှက်များတွင် သိုဝှက်၍လည်း ကောင်း၊ ခရီးဆောင်သေတ္တာများတွင်ထည့်ကာ လေယာဉ်ဖြင့်လည်းကောင်း သယ်ယူကြ ရသည်။ ဆောင်း တွင်းဝတ်အနွေးထည် အတွင်းအလွှာ များထည့်ချုပ်ကာ သိုဝှက်သည်ယူ ကြသည့် အခါများလည်းရှိသည်။ ကိုကင်းရောင်းချရငွေများကို သယ်ဆောင်ရာတွင် သာမက ထား သိုရန်လည်း အခက်အခဲရှိသည်။ မူးယစ်လုပ်ငန်းတွင် ပါဝင်နေသော တရုတ်-မက္ကဆီကန်ကပြား ဇန်လီ ဆိုသူ၏နေအိမ်ကို မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များ ၂ဝဝ၇ ခုနှစ်တွင် ဝင်ရောက် ရှာဖွေသောအခါ ဒေါ်လာ ၂ဝ၆ သန်း ကို သိမ်းဆည်းမိခဲ့သည်။ ဇန်လီသည် အလောင်းအစား ဝါသနာ ကြီးသူဖြစ်သည်။ လပ်စ်ဗေးဂတ်စ်ကာဆီနိုလောင်းကစားဝိုင်းတွင် အကြီးအကျယ်ရှုံးသဖြင့် ကာဆီနိုကနှစ်သိမ့်သောအားဖြင့် ရိုးလ်ရိုက်စ် ကားတစ်စင်း လက်ဆောင်ပြန်ပေး သည်။ ဇန်လီသည် ကာဆီနိုတစ်ရုံထဲ တွင် တစ်နှစ်အတွင်း ဒေါ်လာ ၇၂ သန်းရှုံး ခဲ့သည် ဟုဆိုသည်။ ဇန်လီ သည် မူးယစ်ဂိုဏ်း၏ အစွန်အဖျား တွင် ပါဝင်သူသာဖြစ်သည်။ သူကဲ့သို့ လူမျိုးပင် ဤမျှချမ်းသာကြွယ်ဝနေ သည်ဆိုလျင် ဂိုဏ်း ထိပ်ပိုင်းမှ လူများ အဖို့ ဆိုဖွယ်ရာမရှိတော့။ အမေရိကန်နှင့် ပြည်တွင်း ဖိအားများကြောင့် မက္ကဆီကို သမ္မတ ကဲလ်ဒီလွန်သည် ချာပိုကိုဖမ်းဆီးနိုင် ရန် မဖြစ်မနေကြိုးပမ်း လျက် ရှိသည်။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ချာပို သည် အစိုးရတပ်များလက်မှ သီသီ လေးလွတ်သွားသည်။ ဇူလိုင်လတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ချာပိုအား ဖမ်းမမိသေးပါက သမ္မတကဲလ်ဒီလွန်ပြန်လည် အရွေးခံ ရရန် မသေချာတော့ ဟုဆိုနေကြ သည်။ လူပေါင်းများစွာ သေကျေခဲ့ရ ပြီး မူးယစ်နှိမ်နင်းရေးမှာ ရှေ့မတိုးနိုင် ဖြစ်နေသည်ကို မက္ကဆီကို ပြည်သူ များက စိတ်ကုန်နေပြီဖြစ်သည်။ ချာပိုအား ဖမ်းမိသည့်တိုင် ပြိုင်ဘက်ဂိုဏ်းဖြစ်သည့် ဇီတာက ခေါင်းထောင်လာနိုင်သည်။ လတ် တလောအခြေအနေတွင်ပင် ဇီတာဂိုဏ်းက နယ်မြေအများအပြားကို ထိန်းချုပ်ထားနေနိုင်သည်။ မက္ကဆီကို မူးယစ်ဂိုဏ်းသံသရာသည် တစ်ဂိုဏ်း ဆင်းတစ်ဂိုဏ်း တက်ဖြင့် အတန်ကြာ သံသရာလည်နေဦးမည်သာဖြစ် သည်။ အေးထွန်းမင်း Ref: Cocaine Incorporated |
Tuesday, July 31, 2012
မူးယစ်ကော်ပိုရေးရှင်း
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment