အလုပ်လုပ်နေရင်း ငယ်ဘဝအကြောင်းလေး
တိုက်တိုက်ဆိုင်ဆိုင် သတိရလို့ ထရေးမိတယ်
မဖတ်ချင်ကျော်သွားပါ အားနာစရာမှမဟုတ်တာနော်
ကိုယ်တွေငယ်ငယ်က ပွဲလမ်းသဘင်ရှိမှ အဝတ်သစ်ရယ်လို့
ဝယ်ပေးခဲ့ကြတာ အဲ့လိုအဝတ်သစ်လေးရတော့မယ့်အချိန်ဆို
ကလေးပီပီသိပ်ကို ပျော်ခဲ့ မျှော်လင့်ခဲ့မိတယ်
အသစ်ကလေးဝတ်ပြီး လန်းချင်ကြွားချင်တာကိုး
ရောက်လာပါပြီ အပ်ချုပ်ဆိုင်ကပြန်လာတဲ့အမေ
ပျော်တာပေါ့လေ ရင်တွေများတောင် တုန်လို့
ဘယ်လိုအရောင်ဘယ်လို ဒီဇိုင်းလေးလဲပေါ့
အကြောင်းပြချက်မရှိဘဲ ထခုန်နေမိတဲ့အထိဘဲ
အညိုရောင် စက္ကူ အိတ်ထဲက ထုတ်လိုက်မိတော့
အဝါရောင် ဂါဝန်ရှည်လေး က လင်းလို့တောက်လို့
သွားဝတ်ကြည့်မယ်
ဟုတ်တယ် အသစ်ကလေး မို့
ဦးဦးဖျားဖျား စမ်းပြီးကို ဝတ်ကြည့်ဦးမယ်
အခန်းထဲဝင် ဂါဝန်လေးကို ဖြန့်ပြီး ဝတ်ကြည့်လိုက်တယ်
သွားပြီ ! ဟုတ်တယ် တစ်ကယ်သွားတာ
မျှော်လင့်ထားသမျှ သဲ ရေကျပြီ
ပခုံးပေါ်မှာရှိရမယ့် လက်ဖောင်းက တံတောင်ဆစ်နားရောက်လို့
လည်ပင်းအဝိုင်းက ချက်အပေါ်လေး ဝဲကာ ဝဲကာ
ကျန်သေးတယ် ဂါဝန်အောက်ခြေက လမ်းလျှောက်သွားရင်
တံမြက်စည်းလှည်းစရာမလိုအောင် ကြမ်းပြင်သန့်သွားမယ့်
အနေအထား
ခါးဆက်နေရာက တင်ပါးပေါ်မှာ
ဆင်မပြေ ! ဘယ်လိုမှကို အဆင်မပြေ
ပြောပြမှဖြစ်မယ် အမေသိအောင် ပြောပြရမယ်
ဒါမှ အမေက စက်ဆိုင်က အဒေါ်ကြီးဆီမှာ ကိုယ့်ဂါဝန်လေး
ပြင်လိုပြင်ငြား အားကိုးတကြီးနဲ့ အခန်းထဲက ပြေးထွက်ပြီးအော်ပြောလိုက်တယ်
ရိုးရိုးပြေးလို့တော့ဘယ်ရမလဲ တရွတ်ဆွဲနေတဲ့ ဂါဝန်ကို မ
ပခုံးတစ်ဖက် ကျနေတဲ့ နေရာကို မြှောက်တင်
သိပ်ကို ကဗျာဆန်ခဲ့တာပေါ့
အော်လိုက်ပါပြီ * အမေ အင်္ကျီကမတော်ဘူး *
သွေးအေးအေးလေသံ အောင်မြင်သူကြီးမျက်နှာထားနဲ့ အမေက
ဒါများအထူးအဆန်းလုပ်နေသေးတယ်
ငါတမင် ခပ်ကြီးကြီးချုပ်ခိုင်းထားတာ
ဝတ်လိုက် နောက် ၃နှစ်လောက် အထိဝတ်လို့ရအောင်
စီမံကိန်းနဲ့ ချုပ်ထားတာတဲ့
သေပြီဆရာ ဒီလိုမထော်မနန်း အင်္ကျီနဲ့ အပြင်သွားရမတဲ့
လမ်းထဲကခွေးတောင် မမှတ်မိဘဲ လိုက်ဆွဲနိုင်တယ်
ကိုယ့်သူငယ်ချင်းတွေ လန်းကြတော့မယ်
ကိုယ်ကတော့ ဗျူတိုအာဏာနဲ့ပယ်ချခံလိုက်ရပြီ
ဖြစ်ချေဘူး စစ်ကူတောင်းမှ ကြီးဒေါ် ဘကြီးတွေထိုင်နေတဲ့
အိမ်အောက်ထပ်လေးခပ်သွက်သွက် ဆင်း
ခလုတ်တိုက်ြပီး ခွေးကျမကျအောင်လဲ
သတိကြီးကြီးထားရသေးတယ် မထော်မနန်းအဝတ်က
ချွတ်မှမချွတ်ရသေးတာ
ကြီးကြီး လေးလေး သမီးအင်္ကျီကိုကြည့်ပါဦး
အမေက မတော်တာကြီး အတင်းဝတ်ခိုင်းနေတယ်
အားရစရာ အဖြေက!
ဝတ်လိုက်ပါအေ မိဘကကောင်းတယ်ထင်လို စီမံတာကိုတဲ့
ပြောရက်လိုက်လေခြင်း အေးလေ သူတို့ဝတ်ရတာမှမဟုတ်တာ
ပြောထွက်မှာပေါ့
စာနာစိတ်မရှိသူကြီး တွေ ဟွင့် !
အဲ့နှစ်က ကိုယ့်ဂါဝန်နာမည်ကြီးချက်
ရွာ ဘုရားပွဲမှာ က တဲ့ ဖိုးဝရုပ်တောင်
ကိုယ့်လောက် လူကြည့်မခံခဲ့ရဘူး
မိဘကျေးဇူးများပြောပါတယ်
ဟုတ်တယ် မိဘစကား လူကြီးသူမစကား
သိပ်မှန်တယ် နောက်၃နှစ်ကြာတော့
ကိုယ့်နာမည်ကြီးဂါဝန်
ရပ်ကျော်ရွာကျော်ဂါဝန်
မထော်မနန်းဂါဝန်
ကိုယ်နဲ့ တော်သွားချေပြီ
သို့ပေမယ့် သို့ပေမယ့်
ကြယ်သီးအလုံးစေ့ မရှိတော့ဘူး
အရောင်လွင့်နေပြီ
ခါးအဆက်နားက ပြဲလို့ လက်ချုပ်လိုက်ထားရပြီ
စဉ်းစားသာကြည့်ပါ စာဖတ်သူ ၃နှစ်အတွင်း
ကိုယ်ဘယ်လောက်သည်းခံပြီး ဝတ်ခဲ့ရသလဲဆိုတာကို
ဆက်ရန်!
Hsu Hsu

No comments:
Post a Comment