Sunday, April 9, 2017

" ရဟန်းနှင့် ပရဟိတ "




အသိကောင်မလေးတစ်ယောက်ကပြောလာတယ်။ ရဟန်းတွေ ပရဟိတလုပ်စရာလိုအပ်ပါဘူး။ ရဟန်း ဆိုတာ တရားပဲအားထုတ်နေရမှာ။ ပရဟိတ ဆိုတာ လူတွေလုပ်လိမ့်မပေါ့ ။သူအထင်မကြီးဘူးတဲ့။
ဒီစကားပြောလာတဲ့ ကလေးမလေးက မဟာဘွဲ့တောင်ရထားတဲ့ ကျောင်းဆရာမလေးပါ။ သူ့စကား ကြားရတော့ အံသြသွားတာတော့အမှန်ပါပဲ။ ခေတ်အခြေနေအရ ရဟန်းတွေနဲ့ပတ်သတ်ပြီး အမြင်မကြည်မှု တစ်ခုခု အခံများရှိနေလို့လားတော့မသိပါဘူး။
သူ့ကိုပြန်မပြောဖြစ်လိုက်ပေမယ့် စိတ်ထဲကတော့ " သမီးရေ၊ ရဟန်းတွေ တရားအားမထုတ်နိုင်ဘဲ ပရဟိတ ဝင်လုပ်နေရတဲ့အဖြစ်ကို ရှက်တတ်မယ်ဆိုရင် သမီးတို့လူတွေ ရှက်ဖို့သင့်တယ်ကွယ် " လို့ ပြောမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူလူချင်း ငဲ့ညှာထောက်ထားမှုတွေ၊ ကိုယ်ချင်းစာတရားတွေ နည်းပါးလာ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေ များလာတဲ့အတွက် လောကကြီးဟာ တိမ်စောင်းပြီး မညီမျှမှုတွေ ဖြစ်နေကြရတာ။ ရဟန်းတွေကြောင့် ငတ်မှုတွေ၊ စစ်ပွဲတွေ ၊ မိဘမဲ့တွေ ဖြစ်သွားတာ မကြားဖူးပါဘူး။
ဒီလိုဘေးအန္တရယ်ကြုံတွေ့နေရတဲ့ သူတွေကို ကိုယ်ချင်းစာတရားရှိတဲ့ လူတွေက တစ်ပိုင်တစ်နိုင် ပြန်ကူညီနေကြပေမယ့် လုံလောက်မှုမရှိဘူး။ ဒီတော့ မျက်နှင်လွဲခဲပစ် မလုပ်နိုင်တဲ့ ရဟန်းတော်တွေဟာ လူမှု ကိစ္စတွေမှာ ဝင်ပါနေကြရတာပေါ့။
ပရဟိတကိုလူတွေလုပ်လိမ့်မယ်ဆိုတဲ့ ကျောင်းဆရာမဖြစ်တဲ့သူက ကျူရှင်ပြပါတယ်။ ပြတာတောင် ရိုးရိုး၊ ရှယ်ဝိုင်း သီးသန့် ရှိသေးတယ်ထင်တယ်။ သင်ပြကြေးက မတူသေးဘူး။ သင်ရိုးညွှန်းတမ်းတစ်ခုတည်းကို သင်ပြတာချင်းအတူတူ ဘာတွေကကွဲပြားသွားစေသလဲဆိုတာတော့ သူတို့ပဲအသိဆုံးဖြစ်မှာပါ။
ကျူရှင်နဲ့ပတ်သတ်ပြီး ဝေဖန်တော့ " ကျူရှင်မှမပြရရင် ဒီခေတ်ရဲ့အဆင်းရဲဆုံးလူတန်းစားထဲ ကျောင်း ဆရာတွေ ရောက်သွားမှာပေါ့လို့ " ဆင်ခြေပေးလေရဲ့။
ကျူရှင်ပြတဲ့ ကျောင်းဆရာမက မိမိစရိတ်မိမိစိုက်ပြီး ပရဟိတလုပ်နေတဲ့ ရဟန်းကိုဝေဖန်တာတော့ "အတော်ဂွကျလှသကွာ "လို့ပဲ ငြီးရတော့မယ်သမီးရေ။
သမီး အဆိုးမြင်သိပ်များနေပြီထင်တယ် လို့ပြောတော့ " ဟုတ်မယ်ထင်တာပဲ " ဆိုပြီး ရယ်ကျဲကျဲ လုပ်သွားလုပ်ရဲ့။
အဆိုးမြင်များနေတယ်ဆိုရင် ဒီအမြင်ကို ဖျောက်ရပါလိမ့်မယ်။
ဆရာတော် ဓမ္မဘေရီ အရှင်ဝိရိယ(တောင်စွန်း) ရဲ့ စကားတစ်ခွန်း ဖတ်ဖူးတယ်။ " အတ္တနယ်က အနတ္တနယ်ကို ကူးတော့မယ်ဆိုရင် ပရဆိုတာ ကြားခံပေးရတယ်တဲ့ "။
လူတွေဟာ အပြောကတော့အတော်လွယ်ကြတာကလား။ ငါတော့သူဋ္ဌေးကြီးဖြစ်ရင် ဘယ်လိုလှုလိုက် မယ်၊ ရဟန်းဝတ်ပြီးရင်တော့ တရားဘယ်လိုအားထုတ်ပစ်လိုက်မယ် ၊တရားစခန်းဝင်မှ ကြိုးစားအား ထုတ်လိုက်မယ်" ဆိုပြီး ပစ္စုပ္ပန်အခြေနေကောင်းကို မေ့ထားကာ မဖြစ်လာသေးတဲ့ အနာဂါတ်အတွက် စိတ်ကူးနဲ့အားရပါးရအပြောကြီးတတ်ကြတယ်။
သူဋ္ဌေးကြီးဖြစ်မှ လှုကြတော့မှာလား။ အခုတစ်ကျပ်တတ်နိုင် တစ်ကျပ်လှုလိုက်တာက ပိုပြီးလက်တွေ့ မဆန်ဘူးလား။ ရဟန်းဝတ်ပြီးတရားထုတ်ပစ်မယ်လို့ကြိမ်းနေမယ့်အစား အခုပဲတစ်ရက်တစ်နာရီလောက် တရား အရင်ထိုင်ကြည့်ပါလား၊ တရားစခန်းဝင်မှလို့ စိတ်ကူးနေတာထက် အခုလက်တွေ့အခြေနေလေးမှာ သတိထားလိုက်တာဟာ ပိုမထိရောက်ဘူးလား။
လက်တွေ့က အပြောလောက်မလွယ်ဘူး မဟုတ်ပါလား။
ရဟန်းတွေမှာ သူတို့အခက်ခဲနဲ့ သူတို့ရှိပါတယ်။ အချိန်ပြည့် တရားမှတ်နေနိုင်ဖို့မလွယ်လှဘူး။ အမြဲတမ်းမှတ်နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။
မြတ်စွာဘုရားရှင်ပွင့်တော်မူလာတာဟာ သတ္တဝါတွေကို သံသရာဝဲသြဃကလွတ်အောင် သစ္စာတရား ဟောပြဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းကို မြတ်စွာဘုရားက သစ္စာတရားဟောပြခဲ့သလား။
မဟောပါဘူး။ ဒါန နဲ့တန်တဲ့သူကို ဒါန ကထာ၊ သီလနဲ့ တန်တဲ့လူကို သ်ီသကထာ၊ နတ်ရွာသုဂတိနဲ့ လောက်နဲ့ လမ်းဆုံးမယ့်လူကို နတ်ရွာသုဂတ်အကြောင်း ပဲဟောပါတယ်။ နိဗ္ဗာန်နဲ့ တန်တဲ့သူကိုမှ သစ္စာတရား အကြောင်းဟောတယ်။
ဘဝရခြင်းဟာ ဒုက္ခရခြင်းပဲ။ ဒါဆိုဘုရားရှင်က နတ်ရွာသုဂတိတွေ ဘာလို့ထည့်ဟောနေသေးလဲ။ နိဗ္ဗာန်ရောက်ကြောင်းကြီးပဲဟောပါလား။
မဖြစ်နိုင်လို့မဟောတာပေါ့။ လူတွေမှာ ပါရမီ ၊ အနုအရင့်ဆိုတာရှိတယ်။ ဒါကိုဘုရားက သိမြင်တော် မူတယ်။ ဒါကြောင့် အားလုံးကို သစ္စာတရား ကြီးမဟောခဲ့တာ။
ဟုတ်ပါတယ်။ လူတွေမှာ ကံတွေကအမျိုးမျိုးဖြစ်လို့ စရိုက်၊ ဝါသနာ၊ ပါရမီတွေ ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ ကွန်မြူနစ်တွေလို လူတန်းစားအားလုံးတန်းတူရမယ်ဆိုတာမျိုး လုပ်လို့မရဘူး။ လုပ်လဲ အောင်မြင်မှာမဟုတ်ဘူး။
ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပါပဲ။ ဒါပေမယ့် လူတိုင်းနိဗ္ဗာန်ရောက်အောင် အားထုတ်နေကြသလား။ မထုတ်ကြပါဘူး။ တရားအားမထုတ်လို့လဲ ကဲ့ရဲ့ပစ်တင်နေစရာမလိုပါ။ သူအားမ ထုတ်ရင် သူမလွတ်မြောက်ရုံပဲရှိမှာပေါ့။
တရားအားထုတ်ခြင်း မထုတ်ခြင်းက တစ်ဦးတစ်ယောက်ခြင်းစ်ီရဲ့ ရွေးချယ်ပိုင်ခွင့် သာဖြစ်ပါတယ်။
လောကီကိုလုံးလုံးစွန့်ပြီး ဘဝလွတ်မြောက်ရေးအတွက် ကြိုးကုတ်အားထုတ်နေတဲ့ သူတော်ကောင်း ကြီးတွေဟာ အလွန်ကြည်ညိုစရာလေးစားစရာ ကောင်းပါတယ်။ မိမိကိုယ်ကို ကောင်းအောင်စောင့် ရှောက်ခြင်းသည် သူတပါးကိုလည်း စောင့်ရှောက်ပြီးသားဖြစ်နေပါတယ်။
ဝါသနာမပါသေးလို့၊ ပါရမီနှိုးဆော်မှုမရှိသေးလို့ တရားအားမထုတ်ဖြစ်ကြသေးတဲ့သူတွေကတော့ ပါရမီဖြစ်ကြောင်း ကုသိုလ်အထောက်အပံ့ တွေလုပ်နေကြပါတယ်။ ဒါဟာ အနတ္တနယ်ကို ကူးဖို့အားယူ တဲ့အနေနဲ့ ကြားခံပရဟိတအလုပ်ကို လုပ်နေ ကြတာဖြစ်ပါတယ်။
တရားလည်းအမြဲမှတ်မနေနိုင်တဲ့အတွက် အချိန်တွေကို အကျိုးရှိမယ့်အရာအတွက် အသုံးချရတော့ တယ်။ မြတ်စွာဘုရားရှင်က အပြစ်ကင်းတဲ့အလုပ်၊ ကောင်းကျိုးပေးမယ့်အလုပ်ကို လူ၊ရှင်ရဟန်း အားလုံးကို လုပ်ဖို့ ညွှန်ပြထားပြီးသားဖြစ်တယ်။
အပြစ်ကင်းတဲ့အလုပ်မှာ ပရဟိတလဲ ပါတာပေါ့။လောကအကျိုးကို တစ်ထောင့်တစ်နေရာက သယ်ပိုးနေတာမဟုတ်ပါလား။ သာဓုခေါ်စရာ လုပ်ငန်းတွေပါ။ပရဟိတလည်းလုပ် မိမိလွတ်မြောက်ရေး တရားလည်းအားထုတ်ဆိုရင်တော့  အကောင်းဆုံး လို့ပဲဆိုရမှာပေါ့။
"ကုလဇာတော ကုလပုတ္တော ကုလ ဝံသာနုရက္ခတော -အမျိုးကောင်းသားမှ မွေးဖွားလာသော အမျိုး ကောင်းသည် အမျိုးနွယ်စဉ်ဆက် ဓလေ့စရိုက်ကို စောင့်ရှောက်ရာ၏ " လို့ မှတ်သားဖူးပါတယ်။
မိမိနေထိုင်ရာပတ်ဝန်းကျင်၊ မိမိယဉ်ကျေးမှု၊ မိမိတို့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်တာမှာ ရဟန်းရယ်လူရယ်လို့ ခွဲခြားနေလို့မရပါဘူး။ အသိ၊ သတိရှိတဲ့လူတိုင်း ဆောင်ရွက်ရွက်မယ့်ကိစ္စသာ ဖြစ်ပါ တယ်။ ရဟန်းနဲ့လူ စောင့်ရှောက်ပုံ စောင့်ရှောက်နည်းတော့ ကွာကောင်းကွာနိုင်ပါတယ်။
လောကကြီးဟာ ခွေးသွားစိတ်ပုံစံ တည်ဆောက်ထားတယ်တဲ့လို့ ဆရာကြီးဦးရွှေအောင် စာအုပ်တစ်ခု ကဖတ်ဖူးပါတယ်။
ခွေးသွားစိတ်တွေ အကုန်လုံး မိမိကျရာတာဝန်ထမ်းဆောင်မှ စက်ဆိုတဲ့ဘီးကြီး လည်နိုင်မှာ ဖြစ်ပါ တယ်။ ခွေးသွားစိတ် တစ်ခုလောက်သာ ကျိုးပဲ့နေပြီဆိုရင် ဒီစက်ကြီးဟာ လည်ပတ်မှုမရှိတော့ပါဘူး။ လည်တယ် ဆိုရင်တောင် ကမောက်ကမ နဲ့ အန္တရာယ်များတဲ့ အနေအထားဖြစ်သွားပါတယ်။
မိမိတို့နိုင်ငံက ခွေးသွားစိတ်တွေ အတော်ကျိုးပဲ့နေတဲ့ အခြေနေဖြစ်ပါတယ်။ ပညာသင်ချိန်အရွယ်မှာ မသင်နိုင်ဘဲ လမ်းဘေးရောက်နေတဲ့ ကလေးငယ်တွေ၊ ခိုကိုးရာမရှိတဲ့ ဘိုးဘွားတွေ၊ ယဉ်ကျေးမှု အချိုးဖဲ့ခံနေရတဲ့ အခြေနေတွေ ၊ ခေါင်းစဉ်က တော့ အတော်များပါတယ်။
နိုင်ငံအတွက် အားဖြစ်လာမယ့် ကလေးတွေဟာ လမ်ဘေးကိုရောက်နေရင် အနာဂတ်နိုင်ငံ ယန္တရား အတွက် အန္တရယ်ရှိပါတယ်။ ခိုကိုးရာမဲ့နေတဲ့ ဘိုးဘွာတွေ ရှိနေတာဟာ နိုင်ငံပုံရိပ်၊ ဘာသာတရား ပုံရိပ်ကို ထိခိုက်ပါတယ်။ ယဉ်ကျေးမှု အချိုးဖဲ့ခံရပြီဆိုရင် ဒ်ီနိုင်ငံဟာ မကြာခင် စိတ်ဓာတ်သေတဲ့ နိုင်ငံ ဖြစ်သွားပါလိမ့် မယ်။
ဒါတွေကို သိမြင်နေကြတဲ့ ရဟန်းတွေက ဘကကျောင်းတွေထောင်၊ ဘိုးဘွားတွေအတွက် နားခိုရာတွေ ဖန်တီး၊ ဘာသာ၊ယဉ်ကျေးမှု မြင့်မားစေဖို့ ကလေးသူကယ်ကစလို့ ယဉ်ကျေးမှု သင်တန်းတွေဖွင့်နဲ့ လောကီ နယ်ထဲမှာ ခွေးသွားစိတ်တာဝန်ကို တစ်နိုင်ဝင်ထမ်းပေး နေကြခြင်း ဖြစ်ပါတယ်။
ပရဟိတ ရဲ့နယ်ပယ်က ကျယ်ပြန့်မှာပါ။
ပရဟိတဆို သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းလို့ ဆိုတဲ့အတွက် ပရဟိတ စစ်စစ်ဖြစ် ဖို့တော့ လိုတာပေါ့လေ။ ပရဟိတ အကြောင်းပြပြီး မိမိတွင်ကျယ်ဖို့ လုပ်တာတာမျိုးတော့ မဖြစ်သင့် ဘူးပေါ့။ ပရဟိတ လိုလိုနဲ့ အတ္တဟိတတွေလည်း ဖြစ်မှန်းမသိဖြစ်သွားတတ်ပါတယ်။ လောကလူသားပီသစွာ အတ္တဟိတ လေးတွေ မကင်းနိုင်ကြသေးရင် မျှတမှု ရှိရအောင် လုပ်ဆောင်ကြရပါမယ်။
နိုင်ငံရေး ဆိုတာလည်း ပရဟိတ လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့် ရဟန်းတော်တွေကတော့ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် မပတ်သက်သင့်ဘူးထင်ပါတယ်။ နိုင်ငံရေးနယ် ပယ်ထဲမှာက အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ ပါလာပြီ ဖြစ်တဲ့အတွက် ဘက်မျှအောင် ရပ်တည်ဖို့ဆိုတာ အတော် ခက်ခဲတတ်မှာပါ။
သူ့ဘက်ကိုယ့်ဘက် ဆိုတာတွေ ပါလာပြီဖြစ်တဲ့အတွက် ရဟန်းတော်တွေအနေနဲ့ တစ်ဘက်ဘက်ကို ပါမိရင် ကျန်တစ်ဘက်ရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့မယ်။ နှစ်ဘက်စလုံးက ဗုဒ္ဓဘာသာဝင်တွေဖြစ်နေလေ တော့ သာသနာအတွက်ပါ ပုံရိပ်ထိခိုက်နိုင်ပါတယ်။ လူတွေလည်း အကုသိုလ်များပါတယ်။
ဆရာတော်ဉာဏိဿရ မိန့်ကြားသလို နယ်မကျွံ့မိဖို့လိုပါတယ်။
လောကီလူမှုရေး ပရဟိတသက်သက်သာ လုပ်ဆောင်ကြမယ်ဆိုရင် အများအမြင်မှာ ကြည်လင်မယ် ထင်ပါတယ်။
လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင်တော့ တစ်ဦးတစ်ယောက်ချင်းလုပ်ဆောင်တာထက် စုဖွဲ့မှု အားနဲ့လုပ်ဆောင်တာက ပိုပြီးမြန်ဆန်ထိရောက်တယ်ဆိုတာ အားလုံးသိကြပါတယ်။ စုဖွဲ့မှု အသင်းအဖွဲ့တွေ လုပ်ပြီ ဆိုရင် ငွေကြေး၊ နေရာ ၊ ပါဝါ ဆိုတာတွေ မရှိမရှိမဖြစ် ပါလာပြီဖြစ်ပါတယ်။
ငွေကြေး၊ လုပ်ပိုင်ခွင့်နေရာတွေ ပါလာပြီဆိုရင် လူ့ရဲ့စိတ်က ဖောက်ပြန်တတ်ပါတယ်။ မူလဦးတည် ချက်က ကိုယ်ကျိုးစွန့်ခြင်း ဆိုပေမယ့် ကြာလာတဲ့အခါ ကိုယ်ကျိုးကြည့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပရထက် အတ္တ ကအကဲပိုလာပါတယ်။
အတ္တဟိတတွေ များလာပြီဆိုရင် အသင်းအဖွဲ့တွေ ပျက်စီးတတ်တယ်။
အသင်းအဖွဲ့များ ကွဲပြားရခြင်းအကြောင်း ဟာ
(၁) ဗဟုနေတ္တာရ - ခေါင်းဆောင်လုပ်လိုသူများခြင်း၊
( ၂) အဝိစက္ခဏ - စူးစမ်းဆင်ခြင် ဉာဏ်အမြှော်အမြင်ကင်းခြင်း၊
(၃) သဗ္ဗပဏ္ဏိတမာနီ - မာန်မာနများခြင်း ၊
( ၄) ဗဟုမဟိစ္ဆ - ရာထူးလိုချင်သူများခြင်း တို့ကြောင့် ဖြစ်တယ်။
မြန်မာနိုင်ငံမှာ မကွဲဘူးတဲ့အသင်းရယ်ဆိုလို့ မလွန်ဆန်လှုအသင်းတစ်ခုသာကျန်ကြောင်း ဆရာကျော် ဝင်းရဲ့ ဟောပြောခွေလေးမှာ နားထောင် လိုက်ရဖူးတယ်။
ပရဟိတ ဆောင်ရွက်နေတဲ့ ရဟန်းတော်များအနေနဲ့ အတော်သတိထားရပါမယ်။ မိမိတို့က ဘုရား သားတော်တွေဖြစ်တဲ့အတွက် မိမိလုပ်ရပ်ဟာ ပါရမီအထောက်ပံ့အတွက် သာဖြစ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ပရိယတ်၊ ပဋိပတ်ကိုသာ လုပ်ဆောင်ကြရမှာပါ။ ကိုယ်ကလည်းတရားအားမထုတ်နိုင်သေး၊ မိမိမျက် စိရှေ့မှောက်မှာလည်း ဒုက္ခိတသတ္တဝါတွေကရှိနေ၊ ဒီလို အခြေနေတွေကြောင့် အများအကျိုးအတွက် ဝင်ပါတာ ဖြစ်လေတော့ အတတ်နိုင်ဆုံး အတ္တဟိတ ကို ဘေးဖယ်ထားရပါမယ်။
ဒါမှသာ အများအမြင်ကြည်ပြီး သာဓုခေါ်နိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ ရဟန်းတော်တွေဘက်က ဒီလိုစိတ်သန့်သန့်နဲ့ လုပ်နိုင်ဖို့လိုပါတယ်။ မိမိဘက်က မှန်အောင်လုပ် နေပေမယ့် လောကမှာအကဲ့ရဲ့လွတ်တဲ့လူလည်း မရှိလေတော့ ဝေဖန်ကဲ့ရဲ့တဲ့လူလည်းရှိမှာပါပဲ။
နိုင်ငံဆင်းရဲနေသရွေ့ကတော့ လူမှုအခြေပြု ပရဟိတ ဆိုတာဟာ လိုအပ်နေအုံးမှာပါ။ ရဟန်းတော် တွေလည်း ဝင်ပါနေရအုံးမှာပါပဲလေ။

အရှင်ပညာသီရိ ( ရမ္မာကျွန်း)

News Watch Journal - အတွဲ ၁၀ ၊ အမှတ် ၄၈။

No comments: