Monday, August 14, 2017

အိမ်ကို ပြန်ခဲ့ပါ - ရဝေနွယ် (အင်းမ)

Image may contain: one or more people, people sitting, tree, outdoor and nature


အိမ်ကို ပြန်ခဲ့ပါ - ရဝေနွယ် (အင်းမ)
__________
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ပံ့သကူ သင်္ကန်းကိုသာ ဝတ်လေ့ရှိတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ မထေရ်ကိုလည်း ပံ့သကူမထေရ်လို့ ပဲ ခေါ်ကြပါတယ်။
တစ်နေ့ တော့ ပံ့သကူမထေရ်က စေတိယတောင်ကို ဘုရားဖူး ထွက်ခဲ့ပါတယ်။ ဘုရားဖူးပြီးတော့ ပံ့သကူမထေရ်က ဘယ်လိုစဉ်းစားသလဲဆိုတော့ " ငါ့ရဲ့ သင်္ကန်းဟာ ဆွေးမြေ့နေပြီ, လူအများနေတဲ့အရပ်မှာတော့ ပံ့သကူသင်္ကန်း ရကောင်းပါရဲ့ " ဆိုပြီး တွေးမိပါတယ်။
နောက် မဟာဝိဟာရကျောင်းတိုက်ဘက်ကို ကြွခဲ့ပါတယ်။ကျောင်းတိုက်ရောက်တော့ ကျောင်းတိုက်အကြီးအကဲ မထေရ်ကိုရှိခိုးပြီး မိမိခေတ္တနေဖို့ လည်း ပန်ကြား လျှောက်ထားပါတယ်။
နောက်နေ့ နံနက်ကျတော့ အကြီးအကဲမထေရ်ကို သွားပြီး ရှိခိုးပါတယ်။ အကြီးအကဲမထေရ်က " ငါ့ရှင်...ဘာကိစ္စလဲ "လို့  မေးတော့ ပံ့သကူမထေရ်ကလည်း " ရွာတံခါးကို သွားမလို့ ပါဘုရား "လို့  ပြန်လျှောက်ပါတယ်။ ဒီတော့ အကြီးအကဲမထေရ်က " အတော်ပဲ ငါ့ရှင်, ငါလည်း အဲဒီကို သွားမလို့ ဘဲ " လို့ မိန့် ပါတယ်။
ဒီလိုနဲ့ အကြီးအကဲမထေရ်နဲ့ အတူ ကြွခဲ့ပါတယ်။
မဟာဗောဓိပင်တံခါးနားရောက်တော့ ပံ့သကူ မထေရ်က ရှေ့ ဆက်မကြွတော့ဘဲ ရပ်နေလိုက်ပါတယ်။
" ဒီနေရာလေးဟာ ဘုန်းကံကြီးတဲ့သူတွေနေတဲ့ အရပ်ဆိုတော့ နှစ်သက်စရာ ပံ့သကူသင်္ကန်းတော့ ရလောက်ပါရဲ့ " လို့  တွေးလိုက်ပါတယ်။ နောက် ကိုယ်တွေးလိုက်တဲ့ အတွေးကို ပြန်သတိရပြီး " ဟယ်... ငါ့အတွေးတွေ မစင်ကြယ်လိုက်တာ " လို့ တွေးမိပြီး အဲဒီတံခါးမုခ်ကပဲ တည်းခိုရာကျောင်းကို လှည့် ပြန်ခဲ့ပါတယ်။
နောက်တစ်နေ့ ရောက်တော့ ပံ့သကူသင်္ကန်း ကောက်ဖို့ ထွက်ခဲ့ပြန်ပါတယ်။ သရက်ပင်မြေပြင်အနားရောက်တော့ မစင်ကြယ်တဲ့အတွေးတွေ တွေးမိလိုက်ပြန်ပါတယ်။ သတိရလိုက်တာနဲ့ ချက်ချင်းပဲ ကျောင်းကိုလှည့်ခဲ့ပြန်ပါတယ်။
နောက်တစ်နေ့ ကျတော့ တစ်ခါ ထပ်ထွက်ပြန်ပါတယ်။ မဟာစေတီမြောက်တံခါးနားရောက်တော့ မစင်ကြယ်တဲ့ အတွေးတွေ တွေးမိလိုက်ပြန်ပါတယ်။ သတိရလိုက်တာနဲ့  ချက်ချင်းပဲ ကျောင်းကို လှည့်ခဲ့ပြန်ပါတယ်။
လေးရက်မြောက်နေ့ မှာတော့ အကြီးအကဲ မထေရ်ကို သွားပြီး ရှိခိုးပါတယ်။ မထေရ်အကြီးအကဲကလည်း သိလိုက်ပါပြီ။ " ဒီမထေရ်မစင်ကြယ်တဲ့ သင်္ကန်းအတွေး ဖြစ်နေပြီ " ဆိုပြီး သင်္ကန်းကို ယူခဲ့ပြီး ပံ့သကူမထေရ်နဲ့ အတူ ထွက်ခဲ့ပါတယ်။
လမ်းမှာလည်း ပုစ္ဆာတွေမေးပြီး လာခဲ့ပါတယ်, အမေးအဖြေလုပ်ရင်း ရွာထဲကို ဝင်ခဲ့ပါတယ်။
အဲဒီညမှာ လူတစ်ယောက်က ကျင်ကြီးတွေ ပေကျံနေတဲ့ ပုဆိုးတစ်ထည်ကို အမှိုက်ပုံမှာ ပစ်ထားပါတယ်။ ယင်မမဲရိုင်းတွေလည်း ဝိုင်းအုံနေပါတယ်။
ပံ့သကူမထေရ်က ဒီပုဆိုးစုတ် မြင်လိုက်ရတော့ ပုဆိုးစုတ်ရှိရာကိုသွားပြီး လက်အုပ်ချီ ရှိခိုးလိုက်ပါတယ်။
ဒါကိုမြင်တော့ အကြီးအကဲမထေရ်က " ငါ့ရှင် ဘာဖြစ်လို့  အမှိုက်ပုံကို ရှိခိုးနေတာလဲ " လို့ မေးပါတယ်။
ပံ့သကူမထေရ်ကလည်း " တပည့်တော် အမှိုက်ပုံကို ရှိခိုးနေတာ မဟုတ်ပါဘူးဘုရား။ တပည့်တော်ရဲ့ အဖမြတ်စွာဘုရားကို သတိရလို့  ရှိခိုးတာပါဘုရား။ ပုဏ္ဏကျွန်မရဲ့ အလောင်းကောင်ကိုပတ်ထားတဲ့ ပံ့သကူ အဝတ်ကို ကောက်ယူတဲ့အခါ တစ်ပြည်သားလောက်ရှိတဲ့ ပိုးလောက်တွေကို ခါထုတ်ပြီး ကောက်ယူတဲ့ မြတ်စွာဘုရားဟာ ခဲယဉ်းတဲ့အမှုကို ပြုခဲ့ပါတယ် ဘုရား " လို့ ပြန်လျှောက်ပြပါတယ်။
အကြီးအကဲမထေရ်လည်း " ပံ့သကူမထေရ်ရဲ့ သင်္ကန်းအတွေးဟာ စင်ကြယ်သွားပြီး " လို့ စိတ်ထဲက ကျေနပ် အတွေး တွေးလိုက်ပါတယ်။
ပံ့သကူမထေရ်လည်း စင်ကြယ်တဲ့ ပံ့သကူအဝတ်ကိုရပြီး နေရာမှာတင် ရပ်လျက် ဝိပဿနာပွားလိုက်တာ အနာဂါမ် ဖြစ်သွားပါတယ်။
ပံ့သကူပုဆိုးစုတ်ကို ကောက်ယူချုပ်ဆိုးပြီး သင်္ကန်းအဖြစ် ရတဲ့အခါ ဝတ်ရုံပြီး ပါစိနခဏ္ဍရာဇိအရပ်ကို ကြွသွားပါတယ်။ နောက်ဆက်ပြီးတော့ တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။
(သုတ်ပါထေယျအဋ္ဌကထာ,နှာ - ၁၉၃, အင်္ဂုတ္တိုရ်အဋ္ဌကထာ, ဒုတွဲ, နှာ - ၂၇၈ - ၂၇၉)
အမှိုက်ပုံက ပုဆိုးစုတ်တစ်ထည်ဟာ သီဟိုဠ်ခေတ်က ရဟန်းတစ်ပါးအတွက်တော့ ရဟန္တာဖြစ်သွားစေခဲ့ပါတယ်။ ပုဆိုးစုတ်ကလေးက ရဟန်းတစ်ပါးအတွက် ရဟန္တာဖြစ်သွားစေခဲ့တာဆိုတော့ တကယ့်အံ့သြစရာ အဖြစ်အပျက်တစ်ခုပါပဲ။
ဘာမဟုတ်တဲ့ ပစ္စည်းလေးတွေကလည်း တရားထူးရဖို့ အတွက် အထောက်အပံ့ဖြစ်စေတယ်ဆိုတာ သီဟိုဠ်ခေတ် ပံ့သကူ မထေရ်က သက်သေပြနေပါတယ်။ ဒီတော့ ကိုယ်ဝန်းကျင်မှာရှိနေတဲ့ တချို့ ပစ္စည်းလေးတွေကလည်း တရားအတွက် အထောက်အပံ့ ဖြစ်စေမှု ရှိတယ်ဆိုတာကို ငြင်းလို့  မရပါဘူး။
ကဲ... အရှင်မြတ်ဟာ ဘယ်လောက်ကြည်ညိုဖို့ ကောင်းလဲ။ ဘယ်လောက်အားကျဖို့ ကောင်းလဲ။
သူဖြစ်တဲ့ အကုသိုလ်လေးက တကယ့်ပါးပါးလေးပါ။ လူတွေ အကြည်ညိုပျက်သွားစေမယ့် အကုသိုလ်မျိုးလည်း မဟုတ်ပါဘူး။ လူတွေ ခွင့်လွှတ်နိုင်တဲ့ ပါးပါးလေးပါ။
မထေရ်ကတော့ ကျန်တဲ့သူတွေ ခွင့်လွှတ်ချင် လွှတ်မယ်။ သူကတော့ သူ့ ကိုယ်သူ ခွင့်မလွှတ်နိုင်ပါဘူး။ အဲဒီခွင့်မလွှတ်နိုင်မှုကိုဘဲ အရင်းတည်ပြီး မဂ်အဆင့်ဆင့်ကို ရယူသွားခဲ့ပါတယ်။ လူတွေခွင့်လွှတ်နိုင်လောက်တဲ့ အကုသိုလ်ပါးပါးလေးကိုပဲ သိပ်ကြောက်လှတဲ့ မထေရ်မြတ်ရဲ့ ထေရုပ္ပတ္တိကို ဖတ်ခွင့်ရလိုက်ရုံနဲ့ တင်ပဲ ကျေနပ်သွားပါပြီ။
ဖတ်နေဆဲမှာပဲ ကျန်တဲ့ ဖတ်လက်စတွေ ခဏရပ်ပြီး အရှင်မြတ်ကို ခဏလေးတော့ လက်အုပ်ချီပြီး ကြည်ညိုလိုက်မိပါတယ်။ " သြော်...အရှင်ဘုရားရယ် အားကျလိုက်တာ " လို့ လည်း နှလုံးသားက လျှောက်မိပါတယ်။ တွေးမိတိုင်းလည်း စိတ်နှလုံးအေးရပါတယ်။ တရားမရရင် နေပါစေ, ပံ့သကူမထရ်ရဲ့ ဓာတ်ကလေး ကူးခွင့်ရရင်ကိုပဲ ကျေနပ်လှပါပြီ။
အဝတ်တစ်ထည်ကြောင့် တရားထူးရသွားကြတဲ့သူတွေရှိသလို အစားတစ်လုပ်ကြောင့်လည်း တရားထူး ရသွာတဲ့ သူတွေ အများကြီးရယ်ပါ။
သုံးတတ်ရင် ပစ္စည်းဝတ္ထုတွေကလည်း တရားအတွက် အထောက်အပံ့ကောင်းတွေပါပဲ။
ဒီတော့ ကိုယ်ဝတ်နေတဲ့ အဝတ်အစားတွေထဲ မှာလည်း တရားတွေရှိနေပါတယ်။ ကိုယ်စားနေတဲ့ အစားတွေထဲ မှာလည်း တရားတွေ ရှိနေပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်တွေထဲမှာလည်း တရားတွေ ရှိနေပါတယ်။ ကိုယ်က ဒါကို သိထားဖို့ ပါပဲ။
ပံ့သကူအရှင်မြတ် ရဟန္တာဖြစ်တာ မဖြစ်တာ အပထား။ အကုသိုလ်ပါးပါးလေးကို ကြောက်တတ်တာလေးကိုပဲ ကြည်ညိုဖို့ ကောင်းနေပါပြီ။ ဖတ်ရင်းနဲ့ တင် စိတ်ထဲမှာ အေးချမ်းနေပါပြီ။
သူများ အကုသိုလ်ကြောက်တတ်တာလေး သိခွင့်ရတာနဲ့ တင် စိတ်ထဲက အေးချမ်းနေပြီဆိုတော့ ကိုယ်တိုင်ကြောက်တတ် လိုက်ရင်တော့ ဒီထက်မကတဲ့ အေးချမ်းမှုတွေကို ရလိုက်တော့မှာပါ။
မူလပဏ္ဏသပါဠိတော် အင်္ဂဏသုတ်မှာ အရှင်သာရိပုတ္တရာက ပုဂ္ဂိုလ်လေးမျိုးကို ဟောပြထားပါတယ်။
၁။ မိမိမှာ အကုသိုလ်အညစ်အကြေး ရှိနေပါလျက်နဲ့  ရှိမှန်းမသိသူ။
၂ ။ မိမိမှာ အကုသိုလ်အညစ်အကြေး ရှိနေတာကို ရှိမှန်းသိသူ။
၃။ မိမိမှာ အကုသိုလ်အညစ်အကြေး မရှိတာကို မရှိမှန်းမသိသူ။
၎။ မိမိမှာ အကုသိုလ်အညစ်အကြေး မရှိတာကို မရှိမှန်းသိသူ။ အားလုံးပုဂ္ဂိုလ်လေးမျိုးရှိပါတယ်တဲ့။
အရှင်သာရိပုတ္တရာက ဆက်ဟောပြပါတယ်။
မိမိမှာ အကုသိုလ်အညစ်အကြေး ရှိနေသူဖြစ်ပါလျက် အညစ်အကြေး ရှိနေပါလားလို့ မသိသူနှစ်ဦးမှာ မသိသူက ယုတ်ညံ့သူ, သိသူက မြင့်မြတ်သူဖြစ်ပါတယ်တဲ့။
လိုရင်းကတော့ ကိုယ့်ရင်ထဲမှာအကုသိုလ်စိတ် ဖြစ်နေတာကို သိသူ မသိသူနှစ်ဦးမှာ သိသူက မြတ်ပါတယ်တဲ့။
ဒီစကားကိုကြားရတော့ အရှင်မဟာမောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို ပြန်မေးပါတယ်။
" အရှင်ဘုရား ..ဘာဖြစ်လို့  ဒီလိုဆိုတာလဲဘုရား "
ဒီတော့ အရှင်သာရိပုတ္တရာက " ငါ့ရှင် မောဂ္ဂလာန် ကိုယ့်ရင်ထဲမှာ အကုသိုလ်အညစ်အကြေး ရှိနေပါလျက် ရှိမှန်း မသိတဲ့ သူဟာ ပယ်ဖို့ အားထုတ်တော့မှာ မဟုတ်ပါဘူး။ အဲဒီလူဟာ ရာဂ ဒေါသ မောဟတန်းလန်းနဲ့ သေဖို့ ပဲ ရှိတော့တယ်။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်တာကို သိတဲ့သူကတော့ ပယ်ဖို့  အားထုတ်တော့မှာပါ။ အဲဒီလူဟာ သန့် ရှင်းတဲ့ စိတ်နဲ့ ပဲ သေဖို့ ပဲရှိတယ် "
အရှင်သာရိပုတ္တရာကတော့ ပုဂ္ဂိုလ်လေးမျိုးကို အကျယ်ဆက်ဟောပြထားပါတယ်။
ဒီနေရာမှာတော့ ကိုယ့်ရင်ထဲက အကုသိုလ်စိတ် ဖြစ်နေတာကို သိသူနဲ့ မသိသူအကြောင်းလေး ပြောချင်လို့ ပါ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်နေတာကို မသိတဲ့သူက ယုတ်ညံ့ပြီး သိသူက မြတ်ပါတယ်တဲ့။
ပုထုဇဉ်အားလျော်စွာ အကုသိုလ်မျိုးစုံတော့ ရှိကြ ဖြစ်ကြမှာပါပဲ။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အကုသိုလ်ရှိနေတာ ဖြစ်နေတာကို သိနေတာကကို ကိုယ်က မြတ်တဲ့သူ စာရင်းထဲမှာပါနေပါပြီ။
ဒီတော့ အကုသိုလ်ဖြစ်တာချင်းအတူတူ ကိုယ်က သိနေတဲ့အတွက် ကိုယ်က သူများထက် တပန်းသာနေပါပြီ။
ဒါကြောင့် ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်နေတာကို သိဖို့  သိပ်အရေးကြီးပါတယ်။ သိအောင်လည်း ကြိုးစားရပါ့မယ်။ သိချင်ရင် သိပါတယ်။ မသိချင်ရင် မသိပါဘူး။ တကယ်သိချင်လို့ သတိထားကြည့်ရင် သိတာပါပဲ။ ဒါကြောင့် ကိုယ့်ရင်ထဲမှာ အကုသိုလ်ရှိမရှိ ပြန်ပြန်ကြည့်ပေးရပါမယ်။ ပယ်နိုင်တာ မပယ်နိုင်တာ ခဏထား လိုက်ပါဦး။ သိလိုက်ရင်ပဲ ကိုယ်က မြတ်တဲ့သူဖြစ်နေပါပြီ။
ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ အကုသိုလ်စိတ်တွေကတော့ ဖြစ်နေကြမှာပါပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကိုယ်က ဖြစ်တာကို သိဖို့ ပါပဲ။
တချို့ကျတော့ အကုသိုလ်စိတ်တွေတော့ ဖြစ်နေကြတာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဖြစ်နေမှန်းလည်း မသိပါဘူး။ အကုသိုလ်စိတ်ဖြစ်ရတာလေးကိုပဲ အရသာတစ်ခုလို့ ထင်နေတော့ တာပါ။ ကြာလာရင် အကုသိုလ်ရောဂါ စွဲသွားတတ်ပါတယ်။ စွဲသွားရင် အကုသိုလ်မဖြစ်ရရင် မနေတတ်တော့ပါဘူး။
အတွေးတစ်ခု မတွေးလိုက်နဲ့ ။ အကုသိုလ်လေးက ပါလိုက်ရမှ။ စကားလေးတစ်ခွန်း မပြောလိုက်နဲ့ ။ အကုသိုလ်လေးက ပါလိုက်ရမှ။ အလုပ်ကလေးတစ်ခု မလုပ်လိုက်နဲ့ ။ အကုသိုလ်လေးက ပါလိုက်ရမှ နေသာထိုင်သာ ရှိတာပါ။
ဒီတော့ ဘာပဲတွေးတွေး , ဘာပဲပြောပြော , ဘာပဲလုပ်လုပ်, အကုသိုလ်လေးတွေက တွဲတွဲပါနေတော့ တာပါ။ ကိုယ့်ကိုယ်ကို အကုသိုလ်ပါနေမှန်းလည်း မသိတော့ပါဘူး။ ဒါအကုသိုလ် စွဲသွားတဲ့ သဘောပါ။
မသိတော့ ပိုဆိုးပါတယ်။ ပယ်ဖို့ လည်း အားမထုတ်တော့ပါဘူး။ သေတဲ့အခါလည်း အကုသိုလ်တန်းလန်းနဲ့  သေရဦးမှာပါ။
သိတဲ့သူကတော့ ကိုယ့်ရင်ထဲအကုသိုလ်စိတ်ရောက်တာနဲ့  ကိုယ့်ကိုကို မကြည်ညိုတော့ပါဘူး။ မကြည်ညိုရုံတင်မကပါဘူး။ ကိုယ့်ကိုယ်ကိုပါ စက်ဆုပ်တော့တာပါ။ ကိုယ့်ကိုယ်ကို မကြည်ညိုဘူး, စက်ဆုပ်ပြီ ဆိုတော့ မဖြစ်မနေ ပယ်ဖို့ ကိုပဲ အားထုတ်တော့တာပါ။ ဆက်ဖြစ်ပါ, ပိုက်ဆံပေးပါ့မယ်ဆိုရင်တောင် ပိုက်ဆံကို မလိုချင်တော့ပါဘူး။
ဒါ သိသူနဲ့ မသိသူရဲ့ ကွာခြားချက်တွေပါပဲ။
တချို့က အောင်မြင်မှုအတွက် အကုသိုလ်နဲ့ ရင်းကြပါတယ်။ အောင်မြင်တာ မအောင်မြင်တာထား, အကုသိုလ်ကတော့ အကုသိုလ်ပါပဲ။
အရွယ်ရလာလို့ ပဲဖြစ်ဖြစ်, တရားသဘောတွေကို ဉာဏ်သိ မဟုတ်ပေမယ့် စာသိ သိလာရင်ပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘဝကို အောင်မြင်ခြင်း မအောင်မြင်ခြင်းတွေက မပြဋ္ဌာန်းဘူးဆိုတာ တွဲပြီး သိလာရပါတယ်။
အဲဒီအခါကျရင် အောင်မြင်တယ်ဆိုတာလည်း ဘာမှမဟုတ်တော့သလို မအောင်မြင်တာလည်း ဘာမှမဟုတ်တော့ပါဘူး။ တရားကသာ အဓိကဖြစ်သွားပါပြီ။ တရားနဲ့ သာ အေးအေးချမ်းချမ်း နေသွားချင်တော့တာပါ။
ပံ့သကူမထေရ်ရဲ့ ဝတ္ထုလေးကို ဖတ်ရရုံနဲ့ တင် စိတ်က ကြည်နူးနေပါပြီ။ ကဲ...ပံ့သကူမထေရ်လို မကောင်းတဲ့ အတွေးလေးတွေးမိလို့  အိမ်ကိုပြန်လာရတယ် ဆိုတာများ ဘယ်နှခါပဲ ရှိဖူးပါသလဲ။
ပံ့သကူမထေရ်လို အားလုံး အားလုံးဟာ အကုသိုလ်စိတ်ဖြစ်လို့  အိမ်ကိုပြန်ပြန်လာကြရင် တစ်လောကလုံး ငြိမ်းချမ်းနေကြမှာပါ။ ကိုယ်အိမ်ပြန်လာလိုက်တာဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက် တစ်ထောင့်တစ်နေရာက ကျေးဇူးပြုလိုက်တာပါ။
ကိုယ်ကအရေးပါရင် ပါသလောက် ကျေးဇူးပြုတာပါ။ " ဟယ်...သမီးလေး ဘာဖြစ်လို့ အိမ်ပြန်လာတာလဲ " " အကုသိုလ် စိတ်ဖြစ်လို့ ပါ " " ဟယ်...အဖေကြီး ဘာမေ့ကျန်ခဲ့လို့ အိမ်ပြန်လာတာလဲ " " အကုသိုလ်စိတ်ဖြစ်လို့ ပါ " " သြော်..ထိုင်ထိုင် တရားခွေလေး နာလိုက်ပါဦး " စသည်ဖြင့်ပေါ့။ အိမ်ပြန်လာတာဟာ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ အတွက်လည်း အထောက်အပံ့ကောင်းတွေ ဖြစ်သွားတော့တာပါ။
ဘယ်သူတွေ ဘယ်လောက်ပဲ ရှေ့ဆက်သွားနေ သွားနေကိုယ်တစ်ယောက်ကတော့ဖြင့် အိမ်ပြန်လာနိုင်ရပါမယ်။ စာရေးသူလည်း ကျောင်းပြန်လာနိုင်အောင် ကြိုးစားရပါဦးမယ်။
ဘာပဲပြောပြော အကုသိုလ်ဖြစ်တာချင်းအတူတူ ကိုယ်က သိလိုက်တယ်ဆိုရင်ပဲ မသိသူတွေထဲမှာ သိသူက မြတ်သွားပါပြီလေ။
ကလျာမဂ္ဂဇင်း
ဇန်နဝါရီလ, ၂၀၁၀
ကျမ်းကိုး
---------
၁။ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ(ဓမ္မာစရိယ ဦးဌေးလှိုင်)
၂။ ပိဋကတ်အနှစ်ချုပ် မဇ္ဈိမနိကာယ် ပ-တွဲ,(ဓမ္မာစရိယ ဦးမောင်မောင်လေး)
ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ်(အင်းမ) ရေးသားတော် မူခဲ့သော - " စိတ်ညစ်ရင် ရေချိုးပါ " စာအုပ်မှ
Khät Hätüň - ရေးသား ပူဇော်သည်။

No comments: