Tuesday, May 10, 2011

ညီညွတ်ရေးရဲ့အင်အား

အချိန်ပိုလေး နည်းနည်း ရှိနေလို့ ဝင်ရေးလိုက်တာပါ။ စိတ်ဝင်စားသွားတာကတော့ မူလတွန်းအားပေါ့။
 
ဘယ်လိုဆဲနည်းက နည်းမှန် လမ်းမှန် ဖြစ်တယ်။ ဘယ်လိုဆဲနည်းက နည်းလမ်း မမှန်ဘူး။ ဘယ်လိုဆဲနည်းက စံနစ်ကျတယ်။ ဘယ်လိုဆဲနည်းက စံနစ်မကျဘူးဆိုတာကို ဘယ်သူတွေက ဘာစံနှင့် သတ်မှတ်မှာလဲ။
 
အနည်းဆုံးအားဖြင့် ကာယကံရှင်တွေဖြစ်တဲ့ အဆဲခံရသူက သတ်မှတ်တာက အမှန်လား။ သို့မဟုတ် ဆဲသူက အဆုံးအဖြတ် ပေးမှာလား။ ပါတ်ဝန်းကျင်ကဘဲ ဆရာကြီး ဝင်လုပ်ပေးရမှာလား။
 
ဘူဘူချင်း ထဆဲနေလို့ လူချင်းများ ဆုံနေမိရင် ထသတ်ကြမှာက စိုးရိမ်စရာပါ။
 
လေးစားအပ်တဲ့ ဆရာသမားတို့၊ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းစသူတွေနှင့် ကိုယ်တွေကမှ မတူတာ။ စွန့်လွှတ်ပုံ၊ စေတနာ၊ အလေးစားခံရပုံ၊ တန်ဖိုးထားခံရပုံတွေက တခြားစီမို့ ဆဲတဲ့နေရာကို အတုမယူဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံပုံ၊ အမျှော်အမြင်ကြီးပုံ၊ စေတနာမှန်ပုံစတဲ့ နေရာတွေမှာ အတုယူတာက ပိုဘေးကင်း၊ အကျိုးများမယ်ထင်ပါတယ်။


Sincerely,

Aung Tin
ကိုဖုန်းကျော်ရဲ့ ဆဲဆိုခြင်းဒဿနကို ကျုပ်လက္ခံတယ် ကျုပ်တို့ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလဲ လူထုရှေ့မှာဆဲခဲ့ဘူးတာပါပဲ ဗိုလ်ချုပ်လဲလူပဲ ထမ်းဆောင်ရတဲ့တာဝန်ပဲ ကွာခြားတာပါ။  ဆဲဆိုခြင်းဟာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမူ့ရသပေါ်မှ အခြေခံဖြစ်ပေါ်လာတာပါ။ 

စိတ်ပိုင်းဆိုင်ရာခံစားမူ့ရသဆိုသည်မှာ ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းကြေကွဲသည်ဖြစ်စေ၊ တအန့်တအော် ဖြစ်မိတဲ့အခါမှာဖြစ်စေ၊ ဒေါသမီးလျံ တောက်လောင်းတဲ့အခါမှာဖြစ်စေ၊ မိမိကိုတဦးတယောက်က မိမိအားမတော်မတရား ပြုကျင့်ဆက်ဆံ ခံရသည့်အခါမှာဖြစ်စေ၊ မိမိအားခွဲခြားဆက်ဆံခံရသည့် အခါမှာဖြစ်၊  မိမိယုံကြည်ကိုးစားထားရသူက မိမိရဲ့ယုံကြည်ကိုးစားမူ့ကို အလွဲသုံးစားပြုလုပ်ခံရသည်အခါမှာဖြစ်စေ ယ္ခုကဲ့သို့ လူရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမူ့ကို အခြေခံ၍ဖြစ်ပေါ်လာ သော  မိမိခံစားရမူ့အတွက် မိမိအား မမျှမတဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ များစွာသောအကြောင်းအရာအပေါ်တွင် အခြေခံ ၍ ဆဲဆိုမူ့ဆိုတာဖြစ်ပေါ်လာတာပါ။

တခါတရံမှာ မိမိမနှစ်သက်သူ၊ မိမိမနှစ်သက်သော အကြောင်းအရာ၊ မိမိမနှစ်သက်သောကိစ္စ၊ အပေါ်မှာမူတည်ပြီး ထိုသိုဆဲဆိုလိုက်ပြီးတာနဲ့ မိမိစိတ်မှာ အလိုမကြမူ့ကိုဖြစ်နေတဲ့စိတ်ကို သက်သာမူရစေပါတယ်။ သို့သော် ထိုသို့ဆဲဆိုမူ့ကိုမိမိစိတ်သက်သာရာ ရရှိမူ့အတွက်မဟုတ် ရန်လို၍ဖြစ်စေ၊ တပါးသူ၏ ဂုဏ်သရေ ရုတ်လျော့ရန်ရည်ရွယ်၍ဖြစ်စေ၊ ပြုလုပ်ခဲ့မည်ဆိုပါက ခိုက်ရန်ဒေါသဖြစ်စေနိုင်ပါသည်။
 
ဆဲဆိုခြင်းဟာ အသက်အရွယ်၊ အဆင့်အတန်း၊ သိက္ခာ တွေနဲ့ဘာမှမဆိုင်ပါ အသက်အရွယ် ကြီးသူရော ငယ်သူတွေမှလဲ ခံစားမူ့ဆိုတာရှိတယ်။  ကျုပ်တို့လူမျိုးအများစုဟာ တခါတရံမှာ ကောင်းကောင်းမွန်မွန် ပြောဆိုရင် အလေးပေးနားထောင် နားလည်နိုင်မူမရှိဘူး ဒီအတွက်ကြောင့် ဗိုလ်ချုပ်မိန့်ခွန်း တခုမှာလူထုကို "ဖါနိုင်ငံဖြစ်သွားနိုင်တယ်" လို့ပြောခဲ့ဘူးတယ် မဟုတ်ပါလား။
 
 
 
အချုပ်အားဖြင့်ဆိုရရင် ဆဲဆိုခြင်းဟာ Freedom of expression ရဲ့တစိတ်တပိုင်းပဲဖြစ်ပါတယ် ရာဇဝတ်ပြစ်မူ့ကျူးလွန်တာ မဟုတ်သလို လူသားတွေနေထိုင်တဲ့ လောကလူဘောင်ကိုလဲ ဆန့်ကျင့်ရာမရောက်ပါဘူး။  ထိုကြောင့် ဆဲဆိုခြင်းဟာ လူသားတွေအတွက် သဘာဝပါဘဲ။   ဆဲမယ်ဆိုရင် သူတပါးကိုအဓိကထားဆဲတာထက် ကိုယ်ရဲ့စိတ်သက်သာရာ ရစေဖို့အတွက်သာဖြစ်ပါစေ။  ရည်ရွယ်ချက်ရှိလို ဆဲဆိုခဲ့ရင်လဲ ကိုဆဲဆိုတာထိရောက်အောင်ဆဲပါ ကိုဆဲဆိုတဲ့ရတဲ့ အကြာင်းကို ဆဲဆိုခံရမည်သူကို သိပါစေ ကိုရဲ့ဆဲဆိုမူ့ကိုလဲ ကိုကိုယ်တိုင်တာဝန်ယူရပါမယ်။ လူသားတိုင်း နည်းမှန် လမ်းမှန် နေရာမှန်  စံနစ်တကျ ဆဲဆိုတတ်ကြပါစေလို ပြောပြလိုက်ပါသည်။
 
ရွှေထီး (၈၈၈၈)   

ကျောင်းနေတယ်ဆိုတာ - ဒေါက်တာခင်မောင်ညို

တကယ်တော့ မောင်ဘသစ် ဟာ စကော်လာဖြစ်တယ်။ စကော် လာဆိုတာကတော့ ပညာရေးနဲ့
ပတ်သက်ပြီး စိတ်ဝင်စားသူ လေ့ လာသူပေါ့။ စကော်လာတွေဟာ ပညာတော်သလောက်
အမြင်စူးရှ တယ်။ သူအထူးပြုတဲ့ ပညာရပ်ကို သူကျွမ်းကျင်တယ်။ အချို့စကော်
လာတွေဟာ ပညာရှိတွေဖြစ်တယ်။
မောင်ဘသစ်က စကော်လာ ဘဝကနေ ဂျာနယ်လစ်ဖြစ်လာ တယ်။ အကြောင်းကတော့ သူ့ ဘကြီးက
သတင်းဂျာနယ်တည် ထောင်လိုက်တာကြောင့် ဖြစ်တယ်။
”မင်းငါ့ကိုကူပါ”
၂ဝဝဝပြည့် နှစ်ဦးပိုင်းမှာ ဂျာနယ်တွေ မှိုလိုပေါက်လာတော့
သတင်းဆောင်းပါးများစွာလိုတယ်။ ဒီလိုနဲ့ပဲ သူဟာဂျာနယ်တွင် ဘာသာ
ပြန်ဆောင်းပါးတွေ၊ သတင်းတွေကို ရေးပေးရင်း၊ ပြည်သူအသိအမှတ်ပြု
ဂျာနယ်လစ်တစ်ယောက်ဖြစ်လာ တယ်။ ဂျာနယ်လစ်ဖြစ်လာရတာကို မောင်ဘသစ်
သဘောကျနေမိ တယ်။ ဂျာနယ်လစ်ဆိုတာ ဟိုစပ် စပ်ဒီစပ်စပ်သိရတယ်။ ဂျာနယ်ဆို တာ
စတုတ္ထမဏ္ဍိုင်တဲ့။ ကောင်း လိုက်တာ။
နိုင်ငံတစ်နိုင်ငံမှာ တရားမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး
မဏ္ဍိုင်ဆိုပြီး မဏ္ဍိုင်သုံးခုရှိတယ်။ ဒါတွေဟာ အာဏာတွေရှိတဲ့အ တွက်
အာဏာကြီးသုံးရပ်လို့လည်း ခေါ်တယ်။ အာဏာမရှိတဲ့ စတုတ္ထ
မဏ္ဍိုင်ဆိုတာရှိသေးတယ်။ ဒါက တော့ မီဒီယာပါ။ မီဒီယာရဲ့အာဏာ ကတော့
ပြည်သူတွေပါ။ ဂျာနယ် လစ်တွေဟာ ပြည်သူကို စောင့်
ရှောက်ရပါတယ်။ကောင်းလိုက်တာ။
မောင်ဘသစ်ဟာ နိုင်ငံ့အကျိုး ပြုသူတစ်ယောက် အလိုအလျောက်
ဖြစ်လာတယ်မဟုတ်လား။ အလုပ် ဆိုတာ စားဝတ်နေရေး ငွေကြေးရ ဖို့အတွက်
လုပ်ကြတာပါပဲ။ အချို့ လည်း ချမ်းသာဖို့ လုပ်တယ်။ ဘယ် လိုလုပ်လုပ်ပါ။
မိမိလုပ်တဲ့ အလုပ်ကို မိမိကျေနပ်မှ စိတ်ချမ်းသာကိုယ်ချမ်း သာ ရှိကြတာပါ။
ယနေ့ ဂျာနယ် အရေအတွက်များလာတယ်။ စာမူခ တွေလည်း များလာတော့ မောင်
ဘသစ်အဆင်ပိုပြီး ပြေလာတယ်။  ဘကြီးတိုက်ကိုတော့ သတင်း ထောက်တွေ
လုံလုံလောက်လောက် နဲ့ မကည နိုင်နေပြီမို့ မောင်ဘသစ်က သူ့အလုပ်ကိုသာ
သူလုပ်တယ်။ သူ့ အလုပ်ကတော့ စာရေးစာဖတ်ပါပဲ။ တစ်ခါတစ်ခါတော့လည်း ဘကြီးက
သူ့ကိုတိုက်မှာလိုအပ်တဲ့ သတင်း ထောက်တွေခေါ်တဲ့နေရာမှာ အင်
တာဗျူးလုပ်ခိုင်းတယ်။
”ဖေဖော်ဝါရီလ၁၂ ရက်နေ့ကို သိလား ”
”သိပါတယ်၊ ပြည်ထောင်စု နေ့ပါ”
”ဖေဖော်ဝါရီလ ၁၄ ရက် ကော”
”ချစ်သူများနေ့ပါ”
ဒီမေးခွန်းတွေကို သတင်း ထောက်လာလျှောက်သူအများက ဒိုးဒိုးဒေါက်ဒေါက်နဲ့
ဖြေနိုင်ပါတယ်။
”ဒါဆိုရင် ဖေဖော်ဝါရီ ၁၃ရက် နေ့ကော”
သူတို့ မဖြေနိုင်ကြပါ။ သူတို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မသိ ကြပါ။
”ဒဂုံတက္ကသိုလ်ဘယ်မှာရှိလဲ”
”ကိုကိုကျွန်းဟာ ဘယ်တိုင်း (ဒေသံကြီး)မှာရှိလဲ”
သူတို့ မသိကြပါ။
သူတို့တတွေ စာတစ်ပုဒ်ဖြောင့် တန်းစွာ မရေးနိုင်ပါ။
”ဘွဲ့ရထားတယ် မဟုတ် လား”
”ဟုတ်ပါတယ်”
”ခု စာစီစာကုံးကို ဘာလို့မ ရေးနိုင်တာလဲ”
သူတို့က ဘွဲ့ဆိုတာအလွတ် များများ ကျက်နိုင်ရင်ရတဲ့အရာလို့ ထင်နေကြတယ်။
သူတို့ အလွတ် ကျက်ပြီးအောင်ခဲ့ကြတယ်လေ။
မောင်ဘသစ် ခုသားလေးကို ကျောင်းထားရတော့မယ်။ မူကြိုကို တစ်နှစ်ထားတယ်။
မူကြိုမှာသား လေးက စာတွေလည်း သင်ရ တယ်။ သီချင်းတွေ ကဗျာတွေ လည်း
သူရနေပြီ။
ခုသားလေးကို ကျောင်းထားရ တော့မယ်။
”သားကို ဘယ်ကျောင်းမျိုးမှာ ထားရမှာလဲ”
မောင်ဘသစ် စဉ်းစားတယ်။  သူငယ်ငယ်က မိဘတွေလည်း ဒီလို ရွေးချယ်ရတာပါပဲ။
သူတော ကနေ ကြီးပြင်းလာတယ်မဟုတ် လား။ ဘုန်းတော်ကြီးကျောင်းထား မှာလား။
အိမ်ကျောင်းထားမှာလား ဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။
အမေက အိမ်ကျောင်းမှာထား ပြီး နွေကျောင်းပိတ်တော့ ဘုန်းကြီး
ကျောင်းကိုပို့ပါတယ်။ ခုထက်ထိ အချို့တောက မိဘတွေ ဒီလိုရွေး
ချယ်နေကြဆဲပါပဲ။ ဂျာနယ်လစ်ဖြစ် လာတဲ့ မောင်ဘသစ်က ပြန်လည် ဆန်းစစ်နေပါတယ်။
ကျောင်းဘာ လို့ထားလဲ။ မိဘတွေက သားသမီး တွေကို အလုပ်မခိုင်းချင်ကြပါ။ ဘဝ
အတွက် ပြင်ဆင်စရာလေးတွေကို ပြင်စေချင်ကြတယ်။ ပညာတတ်စေ ချင်တယ်။
စာတတ်ပေတတ်ကြီး တွေ ဖြစ်စေချင်တယ်။
သေစာရှင်စာလောက် တတ် ရင်တော်ပါပြီလို့ လက်ခံကြသူတွေ ဘယ်လောက်များလဲ။
ရန်ကုန်မြို့ လယ်ကောင်မှာ စာမတတ်တဲ့သူ ဘယ်လောက်များလဲ။ တစ်ရက်မှာ
မောင်ဘသစ် အပြင်ကပြန်လာ တယ်။ အိမ်ပေါ်ကိုတက်ဖို့ ခပ်မြန် မြန်လှမ်းလိုက်ရာ
ဖိနစ်တစ်ဖက်ရေ မြောင်းထဲကျသွားတယ်။ ဒီရေမြောင်း မှာ
မြောင်းဖုံးရှိပေမယ့်အချို့နေရာ တွေမှာ ဟာနေတယ်။ နောက်ပြီး
ဖိနပ်ကကွင်းထိုးဆိုတော့ကျွတ်လွယ် တာပေါ့။ ရေမြောင်းက ရေစီးနေ တော့
ဖိနပ်မျောပါသွားပြီလို့ ထင် နေတယ်။ ဒါပေမဲ့ လမ်းဘေးမှာ ရေခပ်နေတဲ့ ကလေးက
အဘဖိနပ် ကျွန်တော်ဆယ်ပေးမယ်ဆိုပြီး ရေ မြောင်းဖုံးကို လှန်ကာဆယ်ပေး တယ်။
ဒီကလေးတွေကို သူသိတယ်။ သူတို့ဟာ လမ်းထိပ်ထမင်းဆိုင်မှာ
အလုပ်လုပ်နေကြသူတွေပါ။ သူတို့ ကို မုန့်ဖိုးပေးရင်း စကားပြောကြည့် တယ်။
”မင်းတို့ လခဘယ်လောက်ရ လဲ”
”တစ်သောင်းခွဲပါ”
”စားသောက်အပြီးအစီးလား”
”ဟုတ်တယ်အဘ၊ ပွဲစားခ တော့ တစ်ထောင်နုတ်တယ်”
”အေး မင်းတို့အားရင် စာလေး ဘာလေး မဖတ်ဘူးလား”
”ကျွန်တော်တို့ စာမတတ်ဘူး အဘ”
”ဟေ”
”ကျွန်တော်တို့ ကျောင်းမနေ ခဲ့ရဘူး”
”ခုစာသင်လည်း ရသေးတာပဲ”
”သင်နေပါတယ်အဘ”
”အတော်တတ်နေပြီလား”
”ကိုရီးယားကားကိုတောင် ဖတ်လို့ရလာပြီ”
မောင်ဘသစ်တို့ ငယ်ငယ်တုန်း က အသံတိတ်ရုပ်ရှင်တွေကို ကြည့် ရတာကို
သတိရမိတယ်။ စာမ တတ်ရင် တစ်ယောက်ကဖတ်ပြ တာကို နားထောင်ရတယ်။ ရုပ်ရှင်
ရုံထဲမှာ စာဖတ်တတ်သူတွေ အများ ကြီးပါ။ သူတို့တစ်တွေ အသံထွက် ဖတ်တတ်ကြတယ်။
ကိုရီးယားကား (ရုပ်သံစီးရီး)ကို မြန်မာစာသင်နိုင် တယ်လို့တော့ သူတစ်ခါမှ
မစဉ်းစား မိဘူး။ တစ်ချိန်က စကော်လာမောင် ဘသစ်မှာ ပါမောက္ခမိတ်ဆွေများ
စွာရှိတယ်။ မြန်မာစာ ပါမောက္ခ တွေကို ပြောပြပါသေးတယ်။
”ကိုရီးယားရုပ်သံစီးရီးတွေ က နေ မြန်မာစာသင်နိုင်တယ်”
”အင်း”
”စာတန်းထိုးတာတွေကို ဖတ် ရင်း စာတတ်လာတယ်”
”ဒါဟာ ပတ်ဝန်းကျင်မှာထိ တွေ့ အသုံးချနိုင်တာဆိုတော့ ပိုပြီး
ထိရောက်တာပေါ့”လို့ သူတို့က ထောက်ခံကြတယ်။
”ဒါပေမဲ့ ဒီရုပ်ရှင်တွေမှာ စာ တန်းထိုးတဲ့အခါ စာလုံးပေါင်းတွေ မှားတယ်။
အသုံးတွေလည်း မှား တယ်”
”မှားတဲ့အခါလည်း မှားပေမ ပေါ့ ”
”အဲဒီရုပ်သံတွေမှာ ရေးတာ တွေကို ခင်ဗျားတို့မစိစစ်ဘူးလား”
မိတ်ဆွေမြန်မာစာပါမောက္ခ က ပြုံးနေတယ်။
”စိစစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလို စိစစ်ဖို့ထက် မိမိကိုယ်တိုင်တာဝန်
ယူတဲ့ စိတ်ဓာတ်နဲ့ စိစစ်ရင်အမှား ပိုစင်တယ်။ နေရာတကာ သူများ
လွှဲချနေတာမျိုးဟာ အကျင့်ပါနေ တယ်”
ဒါဆိုရင် သူတို့တစ်တွေမှားတာ ကို ဘယ်လိုလုပ်ရမလဲ။
ကိုယ်တိုင်တာဝန်ယူတတ်ဖို့ ပြန်လည်လေ့ကျင့်ပေးရမှာပါပဲ။
”ဒါတွေအားလုံးဟာ ကျောင်း နေတာနဲ့ ဆိုင်တယ်”လို့ သူပြော တော့ မောင်ဘသစ်
အံ့အားသင့် သွားတယ်။
”ကျောင်းနေတယ်ဆိုတာ တာဝန်ယူတတ်အောင် သင်ပေး တာတွေ ပါဝင်တယ်”
ခုတော့ ဆရာခေါ်ပေးတာကို လိုက်ရေး၊ ဆရာကျက်ခိုင်းတာကို အလွတ်လိုက်ဆိုနဲ့။
နေသည်ပူသည်။
မိုးသည်ရွာသည်။
ဆောင်းသည်အေးသည်။
ဆရာဆိုသည်။ ကျောင်းသား များက လိုက်ဆိုသည်။ ဒါပညာရေး မဟုတ်ဘူးလေ။
မောင်ဘသစ် သူ့ ရဲ့သားလေးကို ဘယ်ကျောင်းပို့ရမှာ လဲ။ အစိုးရကျောင်းကိုလား။
နိုင်ငံ ခြားကနေလာဖွင့်ထားတဲ့ ကျောင်း တွေကိုလား။ ဒါမှမဟုတ် အစိုးရက
ခွင့်ပြုထားတဲ့ မြန်မာအလွတ်ပညာ သင်ကျောင်းကိုလား။

ဒေါက်တာ ခင်မောင်ညို

______

မတူရင်မတုနဲ့  (၁၀)နှစ်


မရေးဘူးလို့ စိတ်ကိုထိမ်းချုပ်ထားပါတယ် ။ ကိုယ်ယုံကြည်တဲ့ခေါင်းဆောင် ကိုစော်ကားနေတဲ့ကိစ္စ သူ့ ရာဇ၀င်နဲ့
သူပဲလေ လို့  ဘာအစဉ်အလာမှ မရှိတဲ့သူရဲ့ တစ်ကျပ် တစ်မတ် တိုက်ကွက်ပဲ ဆိုတာ ကျမ တို့ ကြား သတ်
မှတ်ပြီးသားမို့  နေပါစေ လို့ ထားလိုက်တော့မလို့ ပါ ။ ဒါပေမဲ့ ကျမ ပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲ ကို
ဒီည ကိုလွဏ်းဆွေကိုယ်တိုင်ထပ်ပို့ လာတာတော့သူရဲ့အဲဒီအမြင်တွေကြောင့်ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်း
ဖြစ်ခဲ့ရတဲ့ အင်အားတရပ် အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့
ကျမ ကိုစော်ကားလိုက်သလို ခံစားရပါတယ်။ ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင်ကျမဖြစ်မိ
တယ် ဒါလည်း မောင်လွဏ်းဆွေ ရဲ့ တိုက်ကွက် တခု ဆိုတာ သိကိုသိပါတယ် ဒီတော့လည်း ရဲဘော်တွေကြား
ပြောနေကြ စကားလို --- အမုန်းမခံဘူးဟေ့ --ယုန်သူငယ်နှာစေးလိုက်ဦးမယ် - ကွယ်ရာမှာဆဲပြီး တွေ့ ရင်
မင်းအဖေ နေကောင်းလား ဆိုတာ အိရွှေစင်ညွန့် တော့ တသက်လုံးမကျင့်သုံးဖူးလို့  ရန်သူအကြိုက်လိုက်တဲ့
သူတွေ မုန်းချင်မုန်းပါစေ သူတို့ ချစ်တာခင်တာခံနေရရင် ကိုယ်တောင် သိက္ခါ မဲ့သေး လို့ တွေးပြီး ကိုလွဏ်းဆွေ
ရေ မတူရင် မတုပါနဲ့ လို့  ပြောပါရစေ --
ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်
မဲ့အခြေအနေအရပ်ရပ် မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုတ်ရှားနေရတာကို
ကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီး ကျမတို့ နားလည်ခံစားနိုင်တယ် ။ဒေါက်တာလွဏ်းဆွေ
ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက
ရှစ်လေးလုံးအရေးတော်ပုံ ကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ စမ်းသပ်ကြည့်တာ -သူများ ၀င်ဆန့် 
နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။ ဒါ့ကြောင့်အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆို
ရင် ဒူးနေရာဒူး တော်နေရာတော် --တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။
ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈ မှာ မောင်လွဏ်းဆွေ ၁၈နှစ် အရွယ်ပါ - ဖြူစင်တဲ့လူငယ်အရွယ်မဟုတ်
မခံ တဲ့လူငယ်အရွယ် အဲဒီအရွယ်မှာ - ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ -သူ ဘယ်နေရာ မှာ မှမပါခဲ့ပါဘူး
၈၉မှာ ကျမထောင်ထဲရောက်ပြီးပါပြီ မောင်လွဏ်းဆွေ ထက် ကျမ ၂နှစ်ငယ်ပါတယ် ။
၁၉၉၆ မှာ ကျောင်းသားတွေက ကျောင်းသားသမဂ တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး
ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ --သူဘယ်နေရာမှာ မှမပါ ---ခဲ့ပြန်ပါဘူး။
ကျမထောင်ထပ်ကျပါတယ် ။ ကျမ ၁၀တန်းနဲ့ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့
ရပါတယ် ။
ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စ နဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံ
အရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့
အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါဝ
ချင်လာတော့တာပါပဲ -
အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူ က စာပေမဝေဖန်ရဖူးလား လို့ စောဒကတက်စရာရှိပါ
တယ် ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး သူ့ အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ ဟာ ဘာသမိုင်း
မှမသိ ဘာမှ လက်တွေ့ မကြုံဖူးမတွေ့ ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ရဲ့ ဘယ်လို အကြတ်အ
တည်းမျိုးနဲ့ ရင်ဆိုင်လုပ်နေရတာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့
ရတဲ့ ကျမတို့  က ဟားမိတာတွေ ဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့ လာရပါတယ်။
တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကို နာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်
ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား---
(၁)ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကား
တွေ ပြောဖူးလား --ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို
ကျင်လည်ခဲ့ရတယ်)
(၂)ရိုက်သတ်မယ် ပစ်သတ်မယ် သိသိ နဲ့ အာဏာပိုင်ရှေ့မှာ စစ်တပ်နားမှာ တရားဟောဖူးသလား
ကျမတို့ ဂွတ်တလိပ်လမ်းဆူံမှာ နှံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။
(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်းရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား
(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေ့ ရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား
အဲဒီလို မကျော်ဖြတ်ခဲ့စေဦး မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ အော် မတော် တဆလည်း
တော်ပါသေးတယ် လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒီလို ပေးဆပ်မှုကလည်းမရှိ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ
ပေါ်ပျူလာဖြစ်နိုး နဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော် ကို ညံ့တဲ့
ပရိတ်သတ်က အူတက်အောင်ရီပြီး အားပေးနေပေမဲ့ အကြားမတော်အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။

ကျမတို့ ထောင်ထဲမှာတချို့ ဝါဒါမ တွေ က ကျမတို့ ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ ကိုသီးခြား
ထားပြီး လေးစားမှုတွေ နဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက်မိန်းကလေးတဦး က ကျမ
တို့ ကို ပုခုန်းချင်းယှဉ်ချင်လာပါတယ်။ကျမတို့ သီးသန့် တိုက်မှာနေ နေရတာကိုက သူတို့ က မိလ္လာချပေးနေရတယ် ဆိုပြီးကျမတို့ ၅ည
တွေကြားထဲရန်တိုက် ၅ညတွေစကားကို ၀ါဒါမ တွေကို အ၈င်္လိပ်
ခေတ် ပုလိပ်ခွေး လို ဖား--ချွန် အဲလိုတွေလုပ်တော့ ကျမ အဲဒီ့ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့  (၁၀)
နှစ်
ကြိုးစားလိုက်ဦးလို့  ပြောလိုက်ပါတယ် -- ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀နှစ်လောက်ကြိုး
စားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး
လို့  အတိအလင်းပြောချင်ပါတယ်။

အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကို အရင့်အရင်လုပ်ခဲ့သူတွေက နှိမ်တယ်
ချိုးတယ် သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ --ပြောလာပါမယ် --
စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်
လို့ ပါ ၈၈မျိုးဆက် ပါလို့ သူတို့ မပြောဘူး ၈၈အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး
သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုကာ စေတနာဇော ရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်
ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှု ကရှိဖို့ လိုအပ်ပေမဲ့ စိတ်ရင်းစေတနာ ကလည်းအခရာပါပဲ ။ အကယ်၍သာသူဟာ
ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာ၇ှိတယ် ပြည်သူ အပေါ်လည်းစေတနာမှန်တယ်ဆို ရင် NLD E-mail
တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌွာနတွေ ရှိပြီးသားပဲ - ထောက်ပြ ဝေဖန်
သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ် - တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို
အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့ လိုက်မပေးလိုက်တာကို က ညစ်နွန်းတဲ့ ပြယုတ်ပါပဲ ။ နောက်ဆုံးပိုဒ်
(ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ ။ ကိုလွဏ်းဆွေ
ကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ဆော်သြခေါ်ဆောင်မှုကြောင့်ကျမတို့ နဲ့ ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီး
နိုင်ငံရေးတွေ တိုင်းပြည်နဲ့ ခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေအားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ 
ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေ ကို သံယောက်လိုက်အတုခိုးပြီး အဆိုး
မြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့  ဘက်ရွေးမှားခဲ့တာပါပဲ ။

တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။
တစ်ယောက်က ပြောတယ် ဒီလိုရေးနေတာတို့ တတွေ မှာတာဝန်ရှိတယ်တဲံ့  ကျမ ကလည်းဝင်ပြောလိုက်တယ် ကျမ
နဲ့ တွဲပြီး အင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ် အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်
လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့ ---ဟာ ဟုတ်တာပေါ့ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲ က ကျမ နဲ့ 
အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျဆိုတော့ ---

စာပေမူဝါဒ ဆိုလို့ အဲဒီ့တုန်း က ကျမအက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး ဒါစာပေးအခွင့်အရေး
လို့ ဆိုခဲ့ပေ မဲ့  အဲဒီတုန်း က အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမမပြောဖြစ်ခဲ့တာတခုပြောပြပါမယ် ။
နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ -- အဖွဲ့ ဝင်လား အချုပ်လား ကျမသေချာမသိဘူး အဲဒီ့ ဂျာနယ် ကို ၂၀၀၆-၇
လောက်မှာ ကျမ စာမူတွေပို့ ပါတယ် ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမပို့ ပေးပါတယ် --အရွေးခံရပါတယ် -ထဲ့သွင်း
ဖေါ်ပြတာတွေရှိပါတယ် - တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာ
နေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမ ဘေးက ဗိုက်နာလို့ အော်နေသူ ကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)
က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေ ကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို
သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။ တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်
လိုက်တယ် အပြီးသတ်နေပြီမို့ -ပါလာတော့ စာမူခ လာယူပေါ့- စာမူခ က ၃၀၀ ဘတ်ပါ ။။ အဲဒီ့ လို နဲ့ အဲဒီအပတ်ရဲ့
နိုင်တင်ဂေး ဂျာနယ် ထွက်လာပါတယ် ။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးပြီ ဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း စါမူ
ပါမလာပါဘူး ။ ကိုလွဏ်းဆွေ ကို ကျမမေးလိုက်ပါတယ် အဲဒီ့အခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့
အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါး ကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ် တဲ့ြ
ဖုတ်ခိုင်းရ
တဲ့အကြောင်းရင်း က ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကို
ကျမက ရေးထားလို့ တဲ့လေ --- ကဲ စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပါပြီ ဒေါက်တာစင်သီတာမောင် က ဖြုတ်
ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ် ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ -
မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက် က ကျမတို့ တတွေအသက်နဲ့ 
ဘ၀ နဲ့ အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွန်ကြားချင်ရတာလဲ -ကိုယ်နေရာကိုယ်နေ
ပါလို့ ပဲ အဆုံးသတ်ပြောပါရစေ - စာဖတ်ပရိတ်သတ်
သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့်ဝင်ဆဲ ပွက်လောရိုက်နေတာ ကို သူက တကယ့်ကိုနိုင်ငံရေး
လို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင် ကိုလွဏ်းဆွေ ဘလော့ကို မကြည့်ဖြစ်တဲ့
နည်းနဲ့ ရှောင် ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။

မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ် -

အိရွှေစင်ညွန့် 

Sunday, May 8, 2011

တစစီ ပြန့်ကျဲလို့

တစစီ ပြန့်ကျဲလို့



ဝါး..............။
သားလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့်၊ သူဆော့ဖို့ လုပ်ထားပေးတဲ့ အခန်းလေးဆီ ကျွန်မ အပြေးအလွှား သွားမိပါတယ်။ ကစားနေရင်း တခုခုလိုချင်လာရင် သူက ကျွန်မဆီ ပြေးလာနေကြ၊ တခါတလေကျတော့လဲ အမေကို သတိရလို့ဆိုပြီး လာနှုတ်ဆက်ပြီးမှ ပြန်သွားကစားတတ်သေးတာ။ ကစားရင်း ငိုတယ်ဆိုတော့ ကျွန်မတော်တော်လန့်သွားမိတယ်။

ဒီလိုနဲ့ သားကစားနေတဲ့ အခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတော်တော် စိတ်ညစ်သွားပါတယ်။ အခန်းထဲမှာ ခြေချစရာနေရာမရှိအောင် jigsaw အပိုင်းအစလေးတွေက ပြန့်ကျဲလို့ နေပါတယ်။ jigsaw ကစားရင် ကလေးတွေရဲ့ ဆက်စပ်တွေးခေါ်မှုဥာဏ်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သားလေးအတွက် jigsaw ဘူးလေးတွေ ဆယ်ဘူးလောက် ၀ယ်ထားပေးပါတယ်။ တချို့ဘူးလေးတွေထဲက အပိုင်းအစလေးတွေက ဆက်လိုက်ရင် စက်ရုပ်ပုံ၊ တချို့က လေယာဉ်ပျံ၊ တချို့က မော်တော်ကား ပုံလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံတမျိုးမျိုး ထွက်လာဖို့ဆိုရင် သူ့ဘူးနဲ့ သူ့အပိုင်းအစလေးတွေကိုက်ညီမှ ဖြစ်နိုင်မှာပါ။

ဒါကြောင့်လဲ အပိုင်းအစ ၂၀၀ ကျော်၊ လေးရာကျော်စီရှိနေတတ်တဲ့ ဘူးလေးတွေကို ကျွန်မက သီးခြားစီ ခွဲထားပေးပါတယ်။ ကစားရင်လဲ အမေနဲ့သား၊ တူတူကစားလေ့ရှိတာမို့ ဘူးလေးတွေထဲက အပိုင်းအစလေးတွေ ထုတ်ပြီးရင်၊ ဆက်စပ်တဲ့ ပုံရိပ်တခုခုကတော့ ထွက်လာတာပါပဲ။ ဒါပေမယ့် အခုတော့ သားပေါက်စလေးက ဘယ်လို ရွှေဥာဏ်တော် စူးရောက်တယ်မသိ။ ဘူးဆယ်ဘူးထဲက ရှိသမျှ အပိုင်းအစလေးတွေအားလုံးကို သွန်ချရောနှောပြီးမှ ကစားဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဟိုနားမှာလဲ အပိုင်းအစ လေးငါးခု၊ ဒီနားမှာလဲ ဆယ်ခုလောက်တွေကို သူလိုက်ဆက်ပြီး ပုံရိပ်ဖော်ဖို့ ကြိုးစားရင်း မရတော့တာကြောင့် ဒေါသတကြီးနဲ့ ထငိုနေတာပါ။

ဒါနဲ့ သားလေးကို ဒီအပိုင်းအစလေးအားလုံးဟာ ပုံရိပ်တွေ အများကြီး ဖြစ်နိုင်စေပေမယ့်၊ ရောနှောပြီး ပုံဖော်လို့ မရဘူးဆိုတာ သေချာ ရှင်းပြရပါတော့တယ်။ ဘယ်လိုပဲ ပြောပေမယ့် သားလေးကတော့ သူဆက်လို့ ရထားတဲ့ အပိုင်းအစလေးတချို့ကို ကိုင်ပြီး၊ ၀မ်းနည်းနေဆဲပါပဲ။

သားလေးကို ရှင်းပြရင်း ကျွန်မရဲ့ အတွေးတွေက political ideologies သင်တန်းတခုဆီကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီတုန်းက communism, socialism, liberalism, conservatism, fascism စတာတွေ ပါဝင်တဲ့ linear spectrum၊ Social Democracy, New Right, New Left, Anarcho-capitalism စတာတွေ ပါဝင်တဲ့ alternative spectrum၊ national communism, international communism, national socialism, international socialism, social democratism, social republicanism, capital democratism, capital republicanism, Progressive Neoliberalism, Conservative Neoliberalism, Nationalism, Activism, Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စတာတွေကို ပရော်ဖက်ဆာက သင်ကြားပို့ချပေးခဲ့ပါတယ်။

ပရော်ဖက်ဆာက နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့နဲ့ stable government ဖြစ်ဖို့အတွက် တူညီတဲ့ political ideologies တွေပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း၊ ဒီလို နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၊ရွေးကောက်ပွဲအနိုင်ရ ပါတီက အစိုးရဖွဲ့တဲ့အခါ အဲဒီပါတီနဲ့ political ideologies မတူတဲ့ ပါတီတွေက အတိုက်အခံ ပါတီတွေ ဖြစ်လာကြောင်း၊ မတူညီတဲ့ နိုင်ငံရေးဝါဒတွေပေါ် အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပုံရိပ်တွေကို ပါလီမန်မှာ ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေလုပ်ကြပြီး ပုံဖော်ကြကြောင်း၊ မိမိတို့ လိုချင်တဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် အစိုးရဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပြီး၊ အစိုးရဖြစ်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိမြင်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလျော့နည်းလာပြီး ရွေးကောက်ပွဲအနိုင်ရရေးကို ကြိုးပမ်းကြတာကြောင့် နိုင်ငံရေးတည်ငြိမ်မှုလဲ ရှိလာကြောင်း စတာတွေကိုလဲ ရှင်းပြခဲ့ပါတယ်။

ပရော်ဖက်ဆာ သင်ကြားပို့ချပေးခဲ့တဲ့ သင်ခန်းစာတွေက အများအပြားပါ။ ဒီအထဲမှာ ကျွန်မ လုံးဝမမေ့နိုင်တာကတော့ political ideologies ကို အခြေတည်တဲ့ နိုင်ငံရေးပါတီတွေ အားနည်းမှုဟာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ကို ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှုစတဲ့ ခေါင်းစီးတွေအောက်မှာ အများပါဝင်နိုင်အောင် နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ တွေ စုဖွဲ့တည်ထောင်ကြပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုတည်း (သို့) ပါတီတခုတည်းမှာတင် political ideologies မတူသူတွေ သွားစုမိနေတတ်ကြပါတယ်။ အဲဒီမှာတင် သက်ဆိုင်ရာ ပါတီ (သို့မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အကွဲအပြဲတွေ ဖြစ်ကြ၊ အိုင်ဒီရော်လော်ဂျီ တခုအပေါ်မှာ အခြေခံတဲ့ တိကျသော မူဝါဒတွေကို ပြတ်ပြတ်သားသား ပုံဖော်လို့ မရပဲ ညီညွတ်ရေးကွဲမှာစိုးလို့ ၀ိုးတ၀ါး ပုံဖော်ရတာတွေ ဖြစ်ကြ၊ တပါတီ (သို့) တဖွဲ့တည်းကနေ လားရာမတူတဲ့ ပန်းတိုင်တွေနဲ့ လမ်းစဉ်တွေကို တယောက်တပေါက်ပြောကြနဲ့ ဖြစ်လာတတ်ပါတယ်။

အဲဒီအခါမှာ contentious politics ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ အတွေးအမြင်တူညီဖို့ ကိုယ့်အဖွဲ့ထဲမှာတင် ပြန်ညှိနေကြရတာနဲ့တင် အချိန်ကုန်ပြီး တိကျတဲ့ မူဝါဒနဲ့ လမ်းစဉ်ကို ချမှတ်လို့မရပဲ လည်နေတတ်ပါတယ်။ conventional politics ဖြစ်တဲ့ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှုတွေမှာလဲ ပါတီတူအချင်းချင်း ပါလီမန်မှာ ပြန်ကန့်ကွက်တဲ့ အခြေအနေမျိုးထိကို ဖြစ်သွားတတ်ပါတယ်။ ပါတီတခု၊ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ တဦးချင်းလွတ်လပ်ခွင့် (individual freedom) ကို ပါတီ (သို့) အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ ညှိပြီး trade-off လုပ်ရတယ်ဆိုတာကို နားလည်မှုတွေ အားနည်းပြီး၊ မုန်ယိုနေတဲ့ဆင်က ကိုယ့်တပ်ကိုယ်ပြန်နင်းသလို လုပ်လာကြတာတွေလဲ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကြန့်ကြာတတ်တာတွေ၊ လွတ်လပ်ပြီးနိုင်ငံတွေမှာလဲ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ ကွဲလိုက်ပြဲလိုက်နဲ့ ပြည်တွင်းစစ်ဖြစ်တတ်တာတွေဟာ တူညီသော political ideologies တွေပေါ်မှာ အခြေတည်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင်ဖို့ အားနည်းချက် နဲ့ ညီညွတ်ရေးတစုံတရာကို အကြောင်းပြပြီး political ideologies မတူညီတဲ့ အစုအဖွဲ့တွေကို မဟာမိတ်တပ်ပေါင်းစုအသွင် စုစည်းလိုက်တဲ့ နိုင်ငံရေးသန္ဓေမမှန်မှု အချက်တွေကြောင့် ဖြစ်တယ်လို့ ပရော်ဖက်ဆာက ရှင်းလင်းပြောကြားခဲ့ပါတယ်။

သားလေးရဲ့ အခန်းထဲက jigsaw အပိုင်းအစလေးတွေကို ကြည့်ရင်း ကျွန်မရဲ့ အတွေးတွေက တက္ကသိုလ်ထဲက lecture hall ဆီ ပြန်ရောက်သွားနေမိပါတယ်။ ဒီအပိုင်းအစလေးတွေထဲမှာ တန်ဖိုးမရှိတဲ့ အပိုင်းအစလေးတွေ တခုမှ မရှိပါဘူး။ တချို့က လေယာဉ်ပျံပုံ၊ တချို့က စက်ရုပ်ပုံ၊ တချို့က မော်တော်ကားပုံ ဆိုပြီး၊ သက်ဆိုင်ရာ ပုံရိပ်တွေအတွက် သူ့နေရာနဲ့သူ အသုံးဝင်ကြတာတွေ ချည်းပါပဲ။ ဒါပေမယ့် အားလုံးက ရောထွေးနေတော့ ဟိုနားတစု၊ ဒီနားတစုနဲ့ ဘာပုံရိပ်မှ ပေါ်လာတာ မရှိတော့ပါဘူး။

သားက ဘာပုံလိုချင်တာလဲလို့ ငိုနေတဲ့ သားလေးကို မေးမိတယ်။ သားလေးက ကတ်ထူဘူးတခုပေါ်က လေယာဉ်ပျံရုပ်လေးကို လက်ညှိုးထိုးပြတယ်။ ကျွန်မပြောလိုက်မိပါတယ်။

"လေယာဉ်ပျံရုပ်လေးဖြစ်လာဖို့က ရောထွေးနေတဲ့ အပိုင်းအစလေးတွေထဲက လေယာဉ်ပျံကို ပုံဖော်ပေးနိုင်တဲ့ အပိုင်းအစလေးတွေကို ပြန်စုရဦးမှာ သားရဲ့။ ချက်ချင်း လေယာဉ်ပျံရုပ်လေးကိုတော့ ဘယ်ရနိုင်ပါ့မလဲ။ အဲဒီအတွက် အချိန်တခုကိုတော့ သားစောင့်ဖို့ လိုလိမ့်မယ်" လို့ပါ။

သြော်- ကျွန်မမြင်ကွင်းထဲမှာတော့ ပုံရိပ်တခုချင်းစီအတွက် တန်ဖိုးရှိတဲ့ အပိုင်းအစလေးတွေကလေ ဟိုနားစုစု၊ ဒီနားစုစုနဲ့ တစစီ ပြန့်ကျဲလို့.......................။

ခင်မမမျိုး (၈၊ ၅၊ ၂၀၁၁)

Thursday, May 5, 2011

အကျင့်ဆိုး


အကျင့်ဆိုး သီချင်း

ရေး- ရွှေတိုင်ညွှန့်
ဆို- သန်းမြတ်စိုး

အလုပ်လုပ်ရာဝယ် အစက သာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ်
အာလျှော့တာရယ် ပေါ့ရော့တာရယ်
အဲ့ဒါ အကျင့်ဆိုးတဲ့။

တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို
အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်
နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်
ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်
မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်
ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်

Cho:
(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်
ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်
သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တဲ့ ၀ါသနာရယ်
ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်

သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်
အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်
ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက် ကွယ် )

အလိုက်မသိတာတွေရယ်
ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်
ဒီဥာဉ်မျိုး အလွန်ဆိုးတယ်
ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်
ဆရာ့ကိုလည်း ပစ်ခါပယ်၊
ဒီဥာဉ်မျိုး အလွန်ဆိုးတယ်။

ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊
မြန်မာနိုင်ငံကြီးကို တကယ်၊
ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ
ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။

Cho:
......
......

သီချင်းနားထောင်ရန်-



အချိုမှုန့်

Tuesday, May 3, 2011

လူထုကျန်းမာရေး(ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း)

> **Public Health**

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး
အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ
ထည့်ကြော် မကြော်လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ
နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့
ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့
ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်
တွေထဲက Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး
အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။

ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့
မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င်
ကင်ဆာရောဂါ
အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့
ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ
အထူးကြွပ်မွနေပြီး
အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ
အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။

အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က
လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။
ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး
အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး
စောင့်ရှောက်တဲ့အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့ နိုင်ငံမှာ အခိုင်အမာ
ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က
အချိုမှုန့် ပါပဲ။
ကျွန်တော် သိသလောက် ကတော့
ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ်
စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း
ရှိမလားပဲ။

သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။


ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့်
အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။
ဖြတ်သင့်ပါပြီ။


အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ
နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့
ကိစ္စပါပဲ။
ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ
အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
(တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

**အချိုမှုန့် ဆိုတာ ဘာလဲ**

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့
အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု
ဖြစ်ပါတယ်။
Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ
ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့
အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။


**အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား**

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား
များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက
ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့်
ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့
နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

**အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ**

(၁) ဆီးချို မဖြစ်အောင်
ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ
အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း
အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို
တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို
ဖိတ်ခေါ်ပါတယ်။
အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့
အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို
အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ
အရမ်း
များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ
ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို
လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ
အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။
ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။
အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ
အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant)
မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။
ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။
ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့်
မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus
ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို
ပျက်စီးစေပါတယ်။
ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့
ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာ
တစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး
(National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့်
ဝယ်ယူတင်သွင်းရတဲ့
အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့
နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ
ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု
ဖြစ်
စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက်
စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ
ထွက်လာခြင်း၊
ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့
ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊
ခါးနာခြင်း
စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု
ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့
ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။
ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။
အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate
ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု
ပြိုင်စားသုံးရင် သွေးတွင်း
ဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။
ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို
အထူး
ရှောင်ကြဉ်သင့်ပါတယ်။

**အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ**

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ
လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို
(၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။
ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။

အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း
(Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင်
သုံးထားကြောင်း
ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို
ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက်
ဘိုးဘွားများဟာ
ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။



**မေမွန်ကျော်**
**Public Health**

Wednesday, May 4, 2011

၂၁ ရာစုရဲ့ မီဒီယာ ဒသနသစ်  
ခုတစ်လော ထရံပေါက်က မြင်ရတဲ့ ကမ္ဘာကြီးကိုကြည့်ရင်း ဗုဒ္ဓရှင်တော် ဟောကြားတော်မူတဲ့ ဇနိတံပါ ကံ ဇနေတိ၊ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန် ဆိုတာနဲ့ သမ္မာကျမ်းလာ စိုက်တဲ့အတိုင်း ရိတ်သိမ်းရမယ် အဆို၊ သိပ္ပံ ပညာရဲ့ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုတာတွေ တစ်ထပ်တည်း ကျနေတာ သတိထား သတိရမိနေပါတယ်။ စဉ်းစားကြည့်တော့ မဟာဂုရုကြီး ရာဟုလသံကစ္စယာနက ဒဿန ဒိ ဒဿန ကိုရေးခဲ့တယ်။ အချုပ်က သစ္စာပဲ။ အိန္ဒိယရဲ့ နောက်ဂုရုကြီး တစ်ပါးက ဂျပန်နိုင်ငံရောက်ခိုက် ဂျပန် တက္ကသိုလ်စုံ ကျောင်းသားတွေ ရဲ့ ဘာသာတရား တကာရဲ့ ဘာသာ ရေးဟာ ဘာလဲ၊ အမေးကို အမှန် တရားသစ္စာလို့ ဖြေခဲ့တယ်။ ဘယ် သူကပြောပြော၊ ဘယ်အခါမှာပြော ပြော၊ ဘယ်အခြေအနေမှာ ပြောပြော မဖောက်မပြန် ဧကန်မှန်တာဟာ သစ္စာတဲ့။ ချွင်းချက်မဲ့ အမှန်။ အမှန် တရားဆိုတာ စာသဘော(အဘိဓမ္မာ) နဲ့ဆိုရင် ပရမတ္တဖြစ်တယ်။ အတ္တပရ မတ္ထနိဆိုတယ်။ နိစ္စော ဓူဝေါ အဝိပရိ နာမဓမ္မောတဲ့။ သေဆုံး၊ ပျောက်ပျက်၊ ကွယ်ပမသွားဘူး။ တစ်ချိန်ချိန်မှာ ထင်ရှား ပေါ်ပေါက်လာမှာ မုချ။ ဧကန္တိက။ God see the truth but wait ဆိုစကားရှိသလေ။ အောင့်နိုင်ရင် အကျိုးရှိ။ စောင့်နိုင်ရင် သူခိုးမိ ဆိုကိုး။ ဒါကြောင့် လောကကြီးဟာ ဆိတ်ကွယ်ရာမဲ့မဟုတ်ဘူးလို့ ပညာရှိ သူတော်ကောင်းတွေ ပြောကြတာ။ ပို ထင်ရှားလာတာကတော့ ၂ဝ ရာစု နှောင်းကစလို့ ၂၁ ရာစု ကမ္ဘာကြီးမှာ Information Technology & Comm-unication-IT&C ခေါ် သတင်းနည်း ပညာနဲ့ ဆက်သွယ်ရေးနည်းပညာ တွေ အံ့မခန်း တိုးတက်နေတာမို့ ဘဒ္ဒကမ္ဘာကြီးမှာ ဆိတ်ကွယ်ရာမဲ့ သွားပါပြီ။ သောင်းသိန်းချီတဲ့ News website တွေ၊ သန်းချီတဲ့ Blog တွေ၊ ပြီးတော့ ၂ဝဝဝ ပြည့်နှစ်ဆီမှာ ကျယ် လောင်လာတဲ့ Citizen Journalism ဆိုတဲ့ လူထုသတင်းသမား ဝါဒ ဒီ ဝါဒရဲ့ ဆောင်ပုဒ်က Every Citizen is Reporter တဲ့။ တိုင်းသားပြည်သူ ဟူသမျှ သတင်းထောက်လို့ ဆိုသော် ရအံ့ထင်၏ ပေါ့နော့။

ဒီဝါဒ၊ ဒီဆောင်ပုဒ်ကို အစဦး ထုတ်ဖော်၊ လက်တွေ့လဲ လုပ်ခဲ့တဲ့ သူတွေက တောင်ကိုရီးယားနိုင်ငံသား စွန့်ဦးတီထွင်သူ Oh Yeon Ho နဲ့ ကော လိပ် ကျောင်းသားသုံးဦးတဲ့။ သူတို့ က Ohmy News website တင်ကြ ပြီး On Line Daily နေ့စဉ်သတင်းစာ ထုတ်ဖြန့်သတဲ့။ သူတို့ သတင်း ဝက်ဘ်ဆိုက်မှာ ပြည်သူပြည်သားများ ပါဝင်ရေးသားကြပါ ဖိတ်ခေါ်လမ်း ဖွင့်ပေးပါတယ်။ မကြာလှပါဘူး။ လူထုထဲက သတင်းရေးပို့တဲ့ လူထု သတင်းထောက် ၇၂၇ ယောက်ရှိလာ ရောတဲ့။ သူတို့လုပ်ခဲ့တာ ခုနစ်နှစ် ကြာတဲ့ ၂ဝဝ၇ ခုနှစ်မှာ အောင်မြင် လိုက်တာ ဝက်ဝက်ကွဲ။ လူထု သတင်းထောက်ပေါင်း ၅ဝဝဝဝ နဲ့ နိုင်ငံပေါင်း ၁ဝဝ အထိ သတင်းတွေ ဖြန့်ပေးနေပြီလေ။ Oh Yeon Ho ကိုလဲ သူတို့ Firm ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် တာဝန် အပ်နှင်းကြသတဲ့။

သမားရိုးကျအားဖြင့် လူထုကို ပရိသတ်လို့ သိထားကြတဲ့အခါမှာ လူထုက သူတို့မှာရှိတဲ့ သတင်းဖော် ပြနိုင်တဲ့ ပစ္စည်းကိရိယာနဲ့ တစ် ယောက်ကို တစ်ယောက် သတင်း ပေးပို့တာ ပြည်သူ၊ ပြည်သား သတင်း သမားဝါဒပဲ။

၂ဝဝ၄ ခုနှစ်ထုတ် Dan Gillmor ရေး We the Media: Grassroots Journalism by the people for the people စာအုပ်မှာ တွေ့မိတာပါ။ စာအုပ်ရေးတဲ့ Dan Gillmor  ဆိုသူဟာ Harvard တက္က သိုလ် ဥပဒေကျောင်းရဲ့ Barkman Center for internet Society နဲ့ အရီ ဇိုးနားပြည်နယ်တက္ကသိုလ်၊ လူထု ဆက်သွယ်ရေးဌာန Walter Cron-kite School of Journalism တို့ အပါအဝင် ပူးတွဲတည်ထောင်တဲ့ The Center for citizen Media http://citmedia.org တည်ထောင်သူနဲ့ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူသူ ဖြစ်ပါတယ်။ သူတို့ဆောင်ပုဒ်က We the Media- - ငါတို့ဟာမီဒီယာတဲ့။ သို့ ကလိုဖြင့် ဈေးကွက်ဂျာနယ်မှာ တိုတို ထွာထွာတွေ ကူးချ။ အဲ-အဲလေ ရေးနေတဲ့ ထူးရွှေမောင်လဲ မီဒီယာပေါ့။ အို- လောက၊ အသင် လောက။ အကျွန်ုပ် ထူးရွှေမောင်သည်ကား မီဒီယာဖြစ်ပေတော့သည်လို့ လက် ယာလက်ရုံး ဆန့်တန်းကာ ကြွေးကြော် ကျူးရင့်အံ့လို့ အံခဲကာ Internet Cafe ထဲ လှမ်းသတတ်။

၂ဝဝ၇ ခုနှစ်မှာ On line Journalism Review ရဲ့ အကြီးတန်း အယ်ဒီတာ J.D Lasica ဆိုသူက Participatory Journalism လို့ ဆိုပြန် ပါတယ်။ လူထုပါဝင် သတင်းဝါဒလို့ ဆိုရမလား။ မှားသော်ပြင်ကြပါ။ ဘာသာပြန်အတတ် ငမောင်မတတ်ပါ။ အင်္ဂလိပ်စာကိုတော့ ထမင်းစားတယ်။ ရေသောက်တယ်ဆိုရုံလောက်အထိ ရှိပါတယ်လို့ ငမောင်ဝန်ခံပါတယ်။ မရှက်ပါဘူး။ ရှက်စရာမှ မဟုတ်တာ။ အဲဒီ အယ်ဒီတာကြီးက လူထု သတင်းသမားတွေဆိုတာ သတင်း စာမူခလဲ မပေးရဘူး။ သင်တန်းလဲ မပေးရဘူး။ သတင်းဖြစ်ရာမှာ ရှိနေ ကြသူတွေလဲဖြစ်လို့မို့ လူထုအခြေခံ ကလာတဲ့သတင်းတွေဟာ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်ပဲတဲ့။ သမားရိုးကျ မီဒီယာတွေ မရ၊ မပို့၊ မမီတဲ့သတင်းတွေကို လူထုသတင်း သမားတွေရတာတဲ့။ ဒါကြောင့်လဲ နိုင်ငံစုံမှာ အရှိန်အဟုန်နဲ့ အောင် မြင်တောက်ပနေတာတဲ့။ စာမူခ မပေးချင်တာများတော့ ဒီနိုင်ငံက ဂျာနယ်တချို့ရဲ့ အယ်ဒီတာ၊ ထုတ် ဝေသူတချို့ကို အတုယူ အားကျ တယ်ထင်ပါရဲ့။

၂ဝဝ၈ ခုနှစ် တရုတ်ပြည်မှာ ဖြစ်ခဲ့တဲ့ Sichuan ငလျင်ကြီးသတင်း ကိုငလျင်ဖြစ်ရာနေရာက လူထု သတင်းသမားတွေ Cell Phone တွေနဲ့ ငလျင်ဘေးဆိုးကြီးကို ကမ္ဘာက ကြား၊ မြင်ရအောင် တင်ပြနိုင်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ News Website တွေက သောင်းသိန်း၊ Blog တွေက သန်း၊ ကုဋေ။ ဆီးတား ဆို့ ပိတ်ဆိတ်ကွယ်ရာမဲ့ကမ္ဘာ။ သာ ဓက ဆိုရရင် ကင်ညာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံ ဒေသ အတွင်း အကြမ်းဖက်မှုတွေကို မဖော် ပြဖို့ သမားရိုးကျ မီဒီယာတွေ ပိတ် ဆို့နေချိန် အာဖရိက အခြေပြု Blogger တွေက ဒီသတင်းတွေကို Cell phone နဲ့ အသံ၊ ရုပ်၊ Text message တွေပို့ကြပါလို့ တိုက်တွန်း အားပေးပါတယ်။ သမားရိုးကျ မီဒီ ယာတွေ အသံတိတ်နေချိန်မှာ Citi-zen Media တွေက သတင်းတွေ မပြတ်ပို့နေပါတယ်။

နောက်သာဓကဆိုရရင် မှတ်မိ ကြမှာပါ။ အိန္ဒိယနိုင်ငံ Mumbai အကြမ်းဖက်တိုက်ခိုက်မှုကြီးလေ။ ဖြစ်နေတဲ့ နေရာက Citizen Media တွေ၊ Cell phone တွေနဲ့ ကြားသိမြင် တွေ့ရသမျှတွေကို Net Work Web Site တွေ၊ Flicker တွေ၊ Twitter  တွေဆီ ပို့လွှတ်ပါတယ်။ ကမ္ဘာက ကြားသိ မြင်တွေ့ရပါတယ်။

ငမောင်တို့ငယ်ငယ်က နှောင် ကြိုးမဲ့ကမ္ဘာဆိုတဲ့ စာအုပ် စာစဉ် ဖတ်ရဖူးပါတယ်။ ခုလဲ Citizen Media နဲ့ပတ်သက်လို့ ဆိတ်ကွယ် ရာမဲ့ ကမ္ဘာ စာစဉ်ကလေး ထုတ်စေ ချင်ပါတယ်။ နည်းပညာတွေလဲ ရေး၊ သတင်းတွေလဲရေးပေါ့။ ဘယ်သူများ လုပ်ပါ့မယ် မျှော်မိတယ်။ နိုင်ငံ့ အနာ ဂတ်အတွက် လူငယ်တွေကို နည်းပညာသစ်၊ ပစ္စည်းကိရိယာသစ်၊ အတွေးအမြင်သစ်တွေ ပေးရမယ်။ လူငယ်တွေကလဲ နည်းပညာသစ်၊ ပစ္စည်းကိရိယာသစ်၊ အတွေးအခေါ် သစ်တွေကို ခုံမင်တယ်။ စူးစမ်းဖွေ ရှာတယ်။ တစိုက်မတ်မတ် လိုက်ပါ တတ်တယ်။ ဒါဟာ လူငယ်ရဲ့ ကောင်းမွန်တဲ့ အင်္ဂါတစ်ရပ် ဖြစ်ပေ မယ့် နည်းပညာသစ်၊ ပစ္စည်းကိရိယာ သစ်တွေ စားသုံးတဲ့အခါ-

အမေရိကန်နိုင်ငံမှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုအားလုံးရဲ့ အနည်းဆုံး ၂၈ ရာခိုင်နှုန်း နှစ်စဉ်ဒါမှမဟုတ် ယာဉ်တိုက်မှုပေါင်း ၁.၆ သန်းဟာ ယာဉ်မောင်းသူက မောင်းနေတုန်း Cellphone သုံးလို့။ Text Message ပို့လို့။ ဖတ်လို့ ဖြစ်ရတာလို့ National Safety Council ရဲ့ ခန့်မှန်းချက် သစ် မှာဖော်ပြပါတယ်။ UC Berkely Wellness Letter, USA မှာ ပါတဲ့ သတင်းပါ။ သတိထားဆင်ခြင်စရာ ပေါ့။

နိုင်ငံတိုင်းမှာ Internet Cafe တွေ၊ Internet Kiosks တွေလို အများသုံး အင်တာနက်ဆိုင်တွေ တိုးများတွင်ကျယ်လာသလို Cellphone တွေ ကို On line Access လို့ခေါ်တဲ့ အင် တာနက်ချိတ်ဆက်မှုကိုလဲလုပ်နိုင် ပါပြီ။ စာကြည့်တိုက်တွေမှာလဲ အင် တာနက်သုံးနိုင်ပါတယ်။ ဒီလိုသုံးနိုင် တဲ့နိုင်ငံတွေမှာ ဒါတွေကို အသုံး အများဆုံးက လူငယ်တွေပါပဲ။ ဂျပန် နိုင်ငံမှာ Cellphone ၉ဝ ရာခိုင်နှုန်း အင်တာနက် ချိတ်ဆက်နိုင်ပြီး အိန္ဒိယ မှာ ၂ဝဝ၇ ခုနှစ်ထဲမှာပဲ အင်တာနက် သုံးသူ ၅၄ ရာခိုင်နှုန်း တိုးလာသတဲ့။ အိန္ဒိယဟာ အင်တာနက် သုံးသူ တစ်ဟုန်ထိုးတိုးတက်လာတဲ့ နိုင်ငံတဲ့။ အများစုဟာ လူငယ်တွေတဲ့။ နည်းပညာသစ်တွေ ရစ်ပတ်နေတဲ့ ကမ္ဘာကြီးဟာ သမားရိုးကျဘဝက လမ်းခွဲနေပါပြီ။ ကိုယ်ကအသစ်ကို ငြင်းဆန်နေရင် ကမ္ဘာကြီးက ကိုယ့်ကို လမ်းခွဲထားရစ်ခဲ့လိမ့်မယ်။

သို့ပေမယ့် သတင်းနဲ့ဆက် သွယ်ရေးနည်းပညာသစ်၊ ပစ္စည်းကိရိ ယာသစ်တွေကို သုံးစွဲတာမှာတော့ ကောင်းတာကိုရော ဆိုးတာကိုပါ ကျန သေချာလေ့လာ၊ သတိရှိသင့် တာတွေကို သတိရှိဖို့ လိုအပ်ပါ တယ်။ လောကရဲ့ သဘာဝ နိယာမ အရ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အကောင်း အဆိုး ဒွန်တွဲ ရှိနေ၊ ဖြစ်နေတတ် တာပဲလေ။ ခု နည်းပညာသစ် သုံး စွဲတာမှာလဲ နည်းပညာကို စေတနာ ဆိုးနဲ့ လွဲလွဲမှားမှား အသုံးချတာတွေ ရှိတာ သိထားရပါလိမ့်မယ်။ သာဓက ဆိုပါစို့။ ကိုယ့်ဆီကို မတောင်းဘဲ ဝင်လာတတ်တဲ့ Spam ခေါ် အနှောင့် အယှက်ပေး အီးမေးလ်တွေမှာ မဖွယ် မရာ ညစ်ညမ်းတာတွေ ပါလာတတ် ပါတယ်။

လေ့လာသူတွေ သိကြတဲ့အတိုင်း ပါပဲ။ Website ဆိုတာတွေဟာ အဖွဲ့အစည်းတွေ၊ ပညာရေး အသင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ဖန်တီးထားတဲ့ လျှပ်စစ် စာမျက်နှာပါပဲ။ သန်းနဲ့ချီတဲ့ Website တွေက လူငယ်တွေ ဈေး ဝယ်ဖို့ သုတေသနလုပ်ဖို့၊ သူငယ်ချင်း တွေ ဆက်သွယ်ဖို့၊ ကစားဖို့၊ ဂိမ်း တွေ၊ သီချင်းတွေ ကိုယ့်ကွန်ပျူတာထဲ ကူးထည့်ဖို့ အခွင့်အလမ်းတွေ ရစေပါတယ်။ နို့ပေမယ့် နည်းပညာ သစ်ကို ဆိုးညစ်တဲ့ စိတ်ထားနဲ့ လွဲမှား အသုံးချသူတွေက လိင်ကိစ္စ ကွက် ကွက်ကွင်းကွင်း တင်ပြထားတဲ့ Site တွေကလဲ အမှတ်မဲ့၊ အလွယ်ချိတ် ဆက်မိနိုင်တာ သတိရှိရဦးမယ်။ လေ့လာမှုတစ်ခုမှာ ဗြိတိန်ကလေး အသက်ရှစ်နှစ်မှ ၁၆ နှစ်ကြား ၉ဝ ရာခိုင်နှုန်းတို့က အများအားဖြင့် အိမ် စာလုပ်နေတုန်း မထင်မှတ်ဘဲ ညစ် ညမ်းပုံပါ Site တွေ ဖွင့်မိတယ် ပြော ကြသတဲ့။ ကနေဒါက ဆယ်တန်း၊ ၁၁ တန်းကျောင်းသား ၂၅ ရာခိုင်နှုန်း နီးပါးက လောင်းကစားနိုင်တဲ့ Site တွေထဲ ဝင်ကြည့်ကြတယ် ဝန်ခံသ တဲ့။

What in the world are your kid doing on line စာအုပ်ပါ နည်း ပညာကို အလွဲအမှား အသုံးပြုသူ တချို့က နှစ်ကိုယ်ကြား သီးသန့် လျှပ်စစ်စကားဝိုင်း Chat Room ထဲ ဝင်ဖို့ဖိတ်ခေါ်တတ်သတဲ့။ အဆိုးဆုံးက On line sex ပြုဖို့ သွေးဆောင် ဖြားယောင်းတာပဲတဲ့။ ငမောင်ဖြင့် လုံးဝ နားမလည် တတ်နိုင်အောင်ပဲ။ ဘုရားတ ထိတ်လန့်မိပါရဲ့။ ဒါဟာ နည်းပညာသစ်နဲ့ ပစ္စည်းကိရိယာ သစ်ကို အပြစ်တင်စရာ၊ ထိတ်လန့် စရာမဟုတ်ပါဘူး။ အသုံးပြုသူနဲ့ အသုံးပြု အကြောင်းကသာ ပြဿနာ ဖြစ်စေတာပါ။ ဒီနည်းပညာနဲ့ ပစ္စည်း ကိရိယာကြောင့် Citizen Journalism လို လူထုဘဝမှန်ဖော်ပြနိုင်တဲ့ သတင်း ဝါဒ ထွန်းကားလာရတာပါ။ သေချာ တာကတော့ ကမ္ဘာကြီးဟာ ဆိတ် ကွယ်ရာမဲ့ပါပြီ။ ဘယ်လို လျှို့ဝှက် ဖုံးကွယ်ထားတဲ့ မကောင်းမှုပဲဖြစ်ပါ စေ၊ သိန်းချီရှိနေပြီး News website တွေ သန်းချီရှိနေတဲ့ Blog တွေနဲ့ လွတ်ကင်း နိုင်ဖွယ်မရှိပါကြောင်း။
ထူးရွှေမောင်
 

Sunday, May 1, 2011

မရေရာမှုများစွာ

မရေရာမှုများစွာ


ဖြစ်ရပ် (၁)


စာသင်ခန်း တခုမှာပါ။
ဖြန်းခနဲ အသံနဲ့အတူ သူမ လက်ဝါးတခုလုံး ပူထူသွားပါတယ်။ နာကျင်မှုကြောင့် လက်ကို ရုတ်လိုက်ချင်ပေမယ့်လဲ မရုတ်ရဲ။ ကိုယ့်အပြစ်ကိုယ် သိနေတာကြောင့် ကြိမ်ချက်များကို အံကြိတ်ခံနေ လိုက်ရပါတယ်။

ဆရာမ ကျက်ခိုင်းလိုက်တဲ့ စာကို သူမသေချာ မကျက်ထားမိပါ။ တခေါက်၊ နှစ်ခေါက်သာ ဖတ်ထားခဲ့ပါတယ်။ အချက်အလက်တချို့ကို မှတ်မိနေပေမယ့် စိတ်ထဲမှာတော့ ၀ိုးတ၀ါးပါပဲ။ ဒါပေမယ့် စာမရတဲ့လူတွေ မတ်တပ်ရပ်ဆိုတော့လဲ သူမ မရပ်မိ။ ရပ်လိုက်မိရင်တော့ မတ်တပ်ရပ်ရ ရုံလောက်နဲ့ပဲ ပြီးသွားခဲ့မှာပါ။

အခုတော့ ဒီလိုမဟုတ်။ ဆရာတွေဆိုတာကလဲ တပည့်ရဲ့ မျက်နှာနဲ့ မူဟန်တွေကို မြင်ရုံနဲ့ ဖတ်တတ်သည်လားမသိ။ ခါတိုင်း မေးနေကျမဟုတ်ပဲ ကောက်ခါငင်ခါ ထမေးတော့ သူမမှာ မရေမရာ။ နောက်ဆုံးတော့ တုတ်နဲ့ လက်ဝါးတွေ့ကုန်ကြပါတော့တယ်။

ဒီလိုနဲ့ နောက်တနေ့ နံနက် ကျောင်းအ၀င် ဂိတ်ဝမှာ ဆရာမစောင့်တာမို့ ထပ်ဆုံတော့၊ ဆရာမ စိတ်ဆိုးပြေသည်လား၊ မပြေသေးဘူးလား မသိတာကြောင့် မရဲတရဲနဲ့ပဲ နှုတ်ဆက်လိုက်မိပါတယ်။ ဆရာမက ခပ်တည်တည်ပါပဲ။ ဒီနေ့စာကျက်လာလားလို့ မေးပါတယ်။ ကျက်လာပါတယ်လို့ သူမကလဲ အမြန်ဖြေရပါတော့တယ်။ ဒီတော့မှ ဆရာမက သူမ ပုခုံးကို လှမ်းပုတ်လိုက်ရင်း

"ကိုယ့်ကိုကိုယ် ဘယ်တော့မှ မလိမ်နဲ့ သမီး။ ကျက်ထားတဲ့ စာတွေကို ၀ိုးတ၀ါးဖြစ်နေရင် revision ပြန်ပြီး သေချာရအောင်လုပ်၊ အချိန်အတိုင်းအတာတခုမှာ မရနိုင်သေးဘူးဆိုရင်လဲ မရဘူးပေါ့။ ပြတ်ပြတ် သားသား ၀န်ခံရဲရမယ်။ ရသလိုလို၊ မရသလိုလိုနဲ့ ကိုယ့်ဘာသာကိုယ် လိမ်နေတဲ့လူဟာ သူများတွေကိုလဲ လိမ်နေမိတတ်တယ်၊ အများရှေ့မှာ ဟန်ဆောင်နေမိတတ်တယ်။ အဲဒါဟာ သူတပါးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပဲ။ မနေ့ကဆိုရင်ပဲကြည့်။ ဆရာမက မတ်တပ်ရပ် ခိုင်းတော့ သမီး မရပ်ဘူးနော်။ တကယ်မေးတော့ ဘာမှ ရေရေရာရာ မဖြေနိုင်ဘူး။ အဲဒါ ကိုယ့်ကိုယ်ကို လိမ်တာဖြစ်သလို၊ ဆရာမကိုလဲ လိမ်တာပဲ။ ထိုင်နေသူတွေ စာရလိမ့်မယ်ဆိုတဲ့ ဆရာမရဲ့ မျှော်လင့်ချက်နဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာပဲ။ သမီးကို ဆရာမရိုက်တာ စာမရလို့ ရိုက်တာ မဟုတ်ဘူး။ ၀ိုးတ၀ါးလုပ်နေလို့ ရိုက်တာ။ ရေလယ်မှာ လှေမှောက်ရင် ကမ်းတခုခုကို ရောက်အောင် ကူးရမှာပဲ သမီး။ အဲဒီကမ်းဟာ ကိုယ်သွားဖို့ ရည်ရွယ်ထားတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ထွက်လာတဲ့ ကမ်းလဲ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ်းတခုခုပေါ်ရောက်သွားဖို့ကသာ အဓိကကျတယ်။ ဒီလိုအချိန်မှာ ရေထဲမှာ တ၀ဲလည်လည် လုပ်နေလို့ မရဘူး။ ဆရာမပြောတာကို သမီး နားလည်လား"

ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စကားလုံးတွေပါ။

ဖြစ်ရပ် (၂)

"သမီးဘာဖြစ်နေတာလဲ။ ဖုန်းနားက ခွာတယ်ကို မရှိဘူး၊ ညသန်းခေါင်ရောက်နေပြီ။ အိပ်တော့လေ။ နက်ဖြန် စာသွားသင်ရဦးမှာ မဟုတ်လား"
"မအိပ်နိုင်သေးပါဘူး မေမေရယ်၊ စပေါ့တွေ စောင့်နေတာ"
"ဟေ"

မေမေက ပြူးတူးပြဲတဲနဲ့ သူမကို ပြန်ကြည့်ပါတယ်။

"မေမေကြည့်မယ်ဆိုလဲ ကြည့်လောက်ပါရဲ့။ ကိုယ်တိုင်စာမေးပွဲ ဖြေတုန်းကတောင် စပေါ့တွေကို စိတ်သိပ်မ၀င်စားတဲ့ သူမတယောက်၊ စာသင်မိတော့မှပဲ တပည့်တွေစာမေးပွဲဖြေခါနီးညမှာ စပေါ့ စောင့်နေရတဲ့ အဖြစ်ပေကိုး"

မေမေက သူမဘေးမှာ ၀င်ထိုင်ပါတယ်။ ပြီးတော့ ခပ်တိုးတိုးမေးတယ်။
"အဲဒီစပေါ့တွေကို သမီးယုံလား" တဲ့။

ဒီတခါ ပြူးတူးပြဲတဲ ဖြစ်သွားတာကတော့ သူမကိုယ်တိုင်ပါ။ တပည့်လေးတွေက "မမ စပေါ့ရရင် သမီးတို့ဆီ ဖုန်းဆက်နော်၊ စောင့်နေမယ်"လို့ ပြောကြလွန်းလို့၊ စပေါ့ထိုင်စောင့်ပေးနေမိတာပါ။ ဒီစပေါ့တွေကို ယုံသလားလို့ ကိုယ့်ဘာသာကိုယ်တောင် ပြန်မမေးမိ။

"သေချာတပ်အပ်ကြီးတော့ ပြောလို့ မရဘူးမေမေ။ အမျိုးမျိုးတော့ ထွက်နေတာပဲ။ ပါတာလဲရှိ၊ မပါတာလဲ ရှိမှာပေါ့"
"မေမေမေးနေတာက အဲဒါတွေ ပါလာမယ်လို့ သမီးယုံသလားလို့"
"ယုံတယ်လဲ မဟုတ်ဘူးမေမေ၊ မယုံဘူးလဲ မဟုတ်ဘူး။ ဒါပေမယ့် စာမေးပွဲဖြေခါးနီးညမှာ စပေါ့လိုက်တာတွေကတော့ ထုံးစံလို ဖြစ်နေတာမို့ သမီးလဲ လိုက်လုပ်နေတာပါ"
"ဒါဆို သမီးစိတ်ထဲမှာ မရေမရာ ဖြစ်နေတယ်ပေါ့"
"အဲလိုပဲ ပြောရမယ်ထင်တယ်"

"ကိုယ်တိုင် မရေမရာ ဖြစ်နေတဲ့ ကိစ္စတွေကို သူများတွေကို ဘာလို့ ချပြချင်ရတာလဲ သမီးရယ်"
"ကလေးတွေက စောင့်နေကြတယ် မေမေ။ သူတို့က လိုချင်နေတာကို သမီးက မပေးရင်၊ သူတို့ ဘယ်ကျေနပ်မလဲ"
"သမီးရဲ့ အလုပ်က သူတို့ကျေနပ်အောင် လိုက်လုပ်ပြဖို့လား"
"မေမေဘာကို ဆိုလိုတာလဲ"

"သမီးအလုပ်က Guide လေ။ သူတို့ စာတွေကို ကြေညက်အောင်၊ စာမေးပွဲအောင်အောင် လမ်းညွှန်ပြင်ဆင်ပေးရတာ။ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူး။ သူတို့ လိုအပ်တာကို လမ်းညွန်ပေးရမှာ။ သမီး တတ်နိုင်သလောက် တနှစ်ပတ်လုံး ဒါတွေ လုပ်ပေးခဲ့တယ်ဆိုတာ မေမေယုံကြည်တယ်။ ခုလို စာမေးပွဲ မဖြေခင်ညမှာ သမီးတို့အကြားမှာ ရှိနေရမှာကလဲ ဒီလိုယုံကြည်ချက်ပဲ။ သမီးဆီမှာ ငါ့ကလေးတွေကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပေးခဲ့ပြီးပြီဆိုတဲ့ ယုံကြည်ချက်၊ သမီးရဲ့ တပည့်လေးတွေဆီမှာလဲ ငါတို့ စာမေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီဆိုတဲ့ ယုံကြည်ချက်။ ခုကျတော့ သမီးတို့က ဒီလိုမဟုတ်ဘူး။ တပည့်တွေကလဲ ငါတို့ ကျက်ပြီးသလောက်နဲ့ ဖြစ်ပါ့မလား၊ အသစ်ထပ်ကျက်ထားဖို့တွေများ လိုမလား၊ မကျက်ထားတာတွေ ပါလာမလားလို့ တွေဝေနေတယ်။ သမီးကိုယ်တိုင်ကလဲ အဲဒီတွေဝေမှုတွေကို ထိန်းကျောင်းပေးပြီး၊ သူတို့ယုံကြည်ချက်တွေ ရှိလာအောင် မလုပ်ပေးပဲ၊ စပေါ့လိုက်ပေးနေတယ်။ သမီးကိုယ်တိုင်တောင် ဇဝေဇ၀ါ မရေမရာဖြစ်နေတာတွေကို တပည့်တွေကို လိုက်လုပ်ခိုင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီစပေါ့တွေ ရလာရင် သမီးတို့ ဘာလုပ်ကြမလဲ။ ငါတို့ပြင်ဆင်ထားတာတွေ ဟုတ်မဟုတ် ပြန်ကြည့်ကြမယ်၊ မပြင်ထားတာတွေ ဖြစ်နေရင် သမီးက လိုက်အဖြေရှာမယ်၊ ဖုန်းနဲ့ အဖြေတွေ၊ မှတ်စုတွေ ပေးမယ်။ ဟိုက ကလေးတွေက လိုက်ကျက်ကြမယ်။ ခု ဘယ်နှစ်နာရီ ထိုးနေပြီလဲ။ သန်းခေါင်ဖြစ်နေပြီ။ ဒါတွေကို တညလုံး မအိပ်မနေ လုပ်ကြမယ်ဆိုရင် သမီးတပည့်လေးတွေ စာမေးပွဲခန်းထဲမှာ ဘာဖြစ်သွားမယ် ထင်သလဲ။ စပေါ့တွေ တိုးတာ၊ မတိုးတာတော့ မသိဘူး။ လူတွေတော့ အိပ်ချင်မူးတူးနဲ့ တောင်ရောက်မြောက်ရောက်တွေ ဖြစ်ကုန်လိမ့်မယ်။ တနှစ်လုံး ပြင်ဆင်ထားတာတွေ ပါလာရင်တောင် သေသေချာချာ ဖြေနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီ မရေမရာ အလုပ်တွေဟာ ရှေ့ပိုင်းမှာ ပြင်ဆင်ထားခဲ့တာတွေအားလုံးကို အလဟဿ ဖြစ်သွားစေနိုင်တယ်နော် သမီး"

"မေမေ ပြောတာကို သမီး နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေက သမီးကို အားကိုးနေကြတယ်"
"ဒီလို ဆိုရင်တော့ သမီးကို ညံ့တယ်လို့ပဲ မေမေ သတ်မှတ်ရလိမ့်မယ်"

"ရှင်"

"သူတို့တွေက အားကိုးခံရတာကို ဂုဏ်ယူစရာလို့ သမီးထင်နေလား။ သူတို့တွေက သမီးကို အားကိုးတယ် ဆိုကတည်းက သူတို့တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် သမီးက လမ်းညွှန်မပေးခဲ့လို့ပေါ့။ ခုဆိုကြည့်- စပေါ့လိုက်ပေးဖို့ ဂိုက်ကို အားကိုးတယ်။ ဂိုက်က အားကိုးခံရတယ် ဆိုပြီး၊ ကိုယ်တိုင်တောင် မရေမရာ မသေမချာဖြစ်နေတဲ့ အရာတွေကို သူတို့ကို ပြန်ချပေးတယ်။ ကိုယ့်ကို အားကိုးခံရတယ်ဆိုပြီး၊ မရေမရာကိစ္စတွေကို မသိနားမလည်သူတွေကို လိုက်လုပ်ခိုင်းတာ သိပ်အန္တရာယ်ကြီးတယ်နော်သမီး။ ကလေးတွေ ရှေ့ရေးထိခိုက် သွားလိမ့်မယ်။ သမီးအလုပ်က စာမေးပွဲအောင်အောင် လမ်းညွှန်ပြရမယ့်အလုပ်၊ ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားပေး ရမယ့်အလုပ်၊ သူတို့လမ်းမှားလိုက်နေရင် လမ်းမှန်ပြပေးရမယ့်အလုပ်။ မဖြစ်နိုင်မှန်း သိနေရက်နဲ့ သူတို့ကျေနပ်အောင် လိုက်လုပ်ပေးနေရမယ့် အလုပ်မဟုတ်ဘူး။ မရေမရာကိစ္စတွေကြောင့် သမီးတို့ ရှေ့မှာ ပြင်ဆင်ထားတာတွေ အားလုံးအလဟဿဖြစ်သွားမှာကို မေမေ သိပ်စိုးရိပ်တာပဲ"

ဘ၀မှာ အတွေးအခေါ်သစ်လေးတချို့ကို ၀င်သွားစေခဲ့တဲ့ ညတညပါ။

ဖြစ်ရပ် (၃)

"တနေ့က မျိုးမျိုးပြောတဲ့ လုပ်ငန်းကိစ္စကို မမကြီး စိတ်ဝင်စားတယ်။ အသေးစိတ် ပြန်ပြောပါဦး"
မမကြီးမေးလာတာမို့ လုပ်ငန်းတခုမှာ ရင်းနှီးမြှုပ်နှံဖို့ ကိစ္စတွေကို အားပါးတရ ပြောပြမိပါတယ်။ အခွင့်အလမ်းတွေ၊ အလားအလာတွေကို ပြောပြနေတာကို မမကြီးက စိတ်ဝင်တစားနဲ့ နားထောင်ပေးပါတယ်။

"ဒါပဲလား ငါ့ညီမ"

အားလုံးပြောပြီးချိန်မှာ မမကြီးက အဲလိုပြောလိုက်တော့ သူမစိတ်ထဲ တမျိုးဖြစ်သွားပါတယ်။ ဘာများကျန်ခဲ့ပါလိမ့်ဆိုပြီး၊ အပြေးအလွှားဆန်းစစ်နေမိတယ်။ မမကြီး ဘာကို သိချင်တာပါလိမ့်လို့လဲ တွေးမိတယ်။
"အလုပ်တခုမှာ အရေးကြီးဆုံး ထည့်သွင်းစဉ်းစားရမယ့် risks တွေကိုကော ဆန်းစစ်ပြီးပြီလား"
"ဒါကတော့ မမကြီးရယ်။ အလုပ်လုပ်ရင်တော့ risks ဆိုတာ ရှိမှာပဲ။ risks ကို ကြောက်နေလို့မှ မရတာ။ အချိန်ကုန်ခံ ဆန်းစစ်ဖို့ လိုလို့လား"

"မျိုးမျိုး ပြောသလိုပါပဲ။ risks ကို ကြောက်လို့ မရဘူး။ risks ဆိုတာ အလုပ်တိုင်းမှာ ရှိမှာပဲ။ risks ဆိုတာကိုက မသေချာ၊ မရေရာမှု (uncertainty) က ထွက်ပေါ်လာတဲ့ အရာတွေပဲ။ ဒါပေမယ့် risks ဆိုတာမှာ ထိန်းချုပ်လို့ ရတာ ရှိတယ်၊ ထိန်းချုပ်လို့ မရတာလဲ ရှိတယ်။ လက်ခံလို့ရမယ့် အတိုင်းအတာ ဆိုတာ ရှိသလို၊ ရှောင်ကြဉ်ရမယ့် အတိုင်းအတာလဲ ရှိတယ်။ အခု မမကြီးတို့ စီးပွားရေး လုပ်နေတယ်။ လုပ်ပြီဆိုကတည်းက ဈေးကွက်နဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ၊ ငွေဈေးအတက်အကျနဲ့ ပတ်သက်တဲ့ မသေချာ မရေရာမှုတွေ ကြုံနေရတာပဲ။ ဒီအထဲမှာမှ ဘာတွေက ကိုယ့်လုပ်ငန်းကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်၊ ဘာတွေက နည်းနည်းလေးပဲ ထိခိုက်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြား သိထားရင် ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။ လိုအပ်တဲ့ ထိန်းချုပ်မှုတွေ စီမံထားလို့ရတာပေါ့။ ခရီးထွက်တဲ့အခါ ဖြစ်ချင်ရာဖြစ် သဘောထားပြီး ထွက်တာထက်စာရင် လမ်းမှာ ကားပျက်နိုင်တယ်၊ ကားဘီးပေါက်နိုင်တယ်၊ လုယက်ခံရနိုင်တယ် စတဲ့ risks တွေ ရှိနိုင်မယ်လို့ ကြိုတင်တွက်ဆထားတာက မကောင်းဘူးလား"

"ဒါပေမယ့် ဒီလို risks တွေကို ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်လာနိုင်ဘူးလား။ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပေါ့"

"တစ္ဆေကြောက်စရာ မလိုပေမယ့် ချော်လဲနိုင်တဲ့ အခွင့်အရေးပိုများတယ်ဆိုတာကိုတော့ ငါ့ညီမ လက်ခံ တယ်မလား"
ငြင်းလို့ မရတာကြောင့် သူမ ခေါင်းညိတ်လိုက်မိပါတယ်။

"ကဲပါ။ မမကြီးတို့က စကားပုံတွေနဲ့ စကားနိုင်လုနေကြရမယ့် အရွယ်တွေမှ မဟုတ်တာ။ စကားပုံကိစ္စအသာထား။ ကြောက်ပြီး ခရီးမသွားရဲတော့တာကော မဖြစ်နိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီးတော့ပဲ မမကြီး ပြောချင်တယ်။ risks ကို သိတာနဲ့ ကြောက်တာက မဆိုင်ဘူး မျိုးမျိုး။ risks ကို သိလာတဲ့အခါ ဒါဟာ ဘယ်အတိုင်းအတာအထိ ထိန်းချုပ်မှု၊ ပြင်ဆင်မှု လုပ်လို့ရမလဲဆိုတာကို သိလာနိုင်တယ်။ ဥပမာ- ကားပျက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစားထားရင်၊ မသွားခင်ကတည်းက ကားစစ်ဆေးမှု လုပ်သွားနိုင်တယ်၊ မတော်တဆ ပျက်ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ အရေးပေါ် လုပ်နည်းလုပ်ဟန်တွေကို ကြိုတွေးထားနိုင်တယ်။ ကားဘီးပေါက်နိုင်တဲ့ risks ကို ထည့်သွင်းစဉ်းစား ထားရင် အပိုဘီး ဆောင်ထားတာတွေ၊ ကားဘီးလဲတတ်အောင် သင်ယူထားတာတွေ လုပ်နိုင်တယ်။ ဒါကတော့ ထိန်းချုပ်လို့ရတဲ့ controllable risks တွေပေါ့။ ဒါပေမယ့် uncontrollable risks တွေလဲ ရှိတယ်။ ဥပမာ- ဓားပြတိုက်ခံရတာမျိုးပေါ့။ ဒါမျိုးကျတော့ ဖြစ်နိုင်ချေ (probabilities) တွေ ထည့်စဉ်းစားဖို့ လိုလာပြီ။ လမ်းခရီးအခြေအနေတွေကို သုံးသပ်ဖို့ လိုလာပြီ။ အဲဒီမှာမှ high risk ရှိနေတယ်ဆိုရင်တော့ သွားမယ့် ခရီးစဉ်ရဲ့ လိုအပ်မှု၊ အသုံးဝင်မှုနဲ့ risk ကြောင့် သက်ရောက်လာမယ့် ဆိုးကျိုးတွေကို ချိန်ဆဖို့ လိုလာပြီ။ ဒီတော့မှ သွားမယ်၊ မသွားဖူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရလိမ့်မယ်။ ဒါကြောင့် မမကြီးက risks ကို ထည့်စဉ်းစားပြီးပြီလားလို့ မျိုးမျိုးကို မေးနေတာ"

ဒီတုန်းက မမကြီးစကားတွေဟာ စီးပွားရေးလုပ်ငန်းအတွက် ရည်ရွယ်ပြောခဲ့ပေမယ့်၊ တခြားနေရာ တွေမှာလဲ အသုံးဝင်တယ်ဆိုတာ သူမနောက်မှ သိခဲ့ရပါတယ်။

ဖြစ်ရပ် (၄)

"စစ်ပွဲတခုရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး သွင်ပြင်လက္ခဏာ တရပ်က ဘာလဲ"
ဆရာ့စကားအဆုံးမှာ သူမတို့တွေ ကိုယ်စီအတွေးတွေနဲ့ လက်ထောင်မိကြတယ်။ စစ်ဗျူဟာ အခင်းအကျင်း၊ ထောက်လှမ်းရေးသတင်း၊ စိတ်ဓာတ်ခိုင်မာမှု၊ တာဝန်ကျေပြွန်မှု၊ ကျွမ်းကျင်မှု စသဖြင့် အတွေးအမြင်တွေကို ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဆရာလိုချင်တဲ့ အဖြေကိုတော့ သူမတို့အားလုံး ဘယ်သူက မဖြေနိုင်ခဲ့ကြဘူး။ ဆရာ့အဖြေက uncertainty ဆိုတဲ့ မရေရာ၊ မသေချာမှုပါပဲ။ စစ်စကားအရဆိုရင်တော့ Fog of War ပါ။ ဒီလို မရေရာမှုတွေကြောင့်၊ စစ်ပွဲတွေမှာ အနိုင်ရရေးနဲ့ ပတ်သက်ပြီး စီမံချက်မျိုးစုံကို ချမှတ်လို့ ရပါတယ်။ ဒီစီမံချက်တွေအားလုံးဟာ၊ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ဘယ်ရှုထောင့်နဲ့ ဘယ်စီမံချက် မှန်ကန်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘယ်လို လုပ်ငန်းတွေကို စီမံချက်တခုအနေနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် စစ်ပွဲကို ထိထိရောက်ရောက် အောင်မြင်စေမလဲဆိုတာကသာ တပ်မှုးတွေ ဆုံးဖြတ်ချက်ချရမယ့် အရေးကြီးဆုံး အရာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ရေးစီမံချက်ဆိုင်ရာ အဆင့်ဆင့်ဖြစ်စဉ်တွေ၊ ပြဿနာတွေ၊ war gaming နဲ့ decision-theoretic planning တွေကို ဆရာက အကျယ်တ၀င့် ဆက်ရှင်းပြခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ရှိတဲ့ Operations Research (OR) Planning ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြပြီး၊ Markov Decision Process (MDP) မှာ အခြေခံတဲ့ စီမံချက်ရေးဆွဲမှုတွေကိုလဲ သင်ကြားပေးခဲ့ပါတယ်။ မရေရာမှုတွေဟာ double edged sword လိုပဲ အခွင့်အလမ်းတွေကိုလဲ ဖန်တီးပေးနိုင်သလို၊ အရာရာကိုလဲ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာကို သင်ခန်းစာများစွာနဲ့ သင်ကြားပြပေးခဲ့ပါတယ်။

“Effects Based Operations (EBO) ဆိုတာ မျက်မှောက်ခေတ် စစ်ဆင်ရေးစီမံချက်တွေမှာ အသုံးဝင်လာတဲ့ ရလဒ်အခြေပြု (outcome-centric) သဘောတရားဖြစ်တယ်။ သူ့ရဲ့ အခြေခံသဘောတရားက ဘာလုပ်ရမယ်ဆိုတာက မစပဲ၊ ပန်းတိုင်ကနေ စပြီး စဉ်းစားရတယ်။ ဥပမာ- စစ်ပွဲမှာ အနိုင်ရဖို့ ဘာတွေလိုအပ်မလဲ။ ခံစစ်စွမ်းရည်၊ တိုက်စစ်စွမ်းရည်နဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားဖို့ လိုအပ်မယ်။ တခုချင်း ပြန်ပြီး စဉ်းစားကြည့်ရအောင်။ တိုက်စစ်စွမ်းရည်ကျဖို့ ဘာတွေ လုပ်နိုင်ဖို့ လိုမလဲ။ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေနဲ့ Airfield တွေကို ဖျက်ဆီးရမယ်။ ထောက်ပို့စွမ်းရည် ကျဆင်းအောင် လုပ်ရမယ်။ ခြေလျင်တပ်တွေကို ရွေ့လျားသွားလာနိုင်မှု နှေးကွေးအောင် လုပ်ရမယ်။ ဒီအတွက် တခုချင်းဆီမှာ သီးခြားလုပ်ဆောင်ရမယ့် စီမံချက်လေးတွေရှိတယ်။ ခံစစ်စွမ်းရည်ကျဖို့ကို ဆက်စဉ်းစားကြည့်ရအောင်။ ရန်သူရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရေဒါတွေ ပျက်စီးသွားအောင် လုပ်ရမယ်။ ရန်သူ့တပ်တွေကို ချေမှုန်းရမယ်။ တပြိုင်တည်းမှာပဲ စိတ်ဓာတ်စစ်ဆေးရေး လုပ်ဖို့ လိုအပ်တယ်။ ဘယ်လိုအခြေအနေတွေမှာ စိတ်ဓာတ်ကျဆင်းအောင် လုပ်လို့ ရနိုင်မလဲ။ ခေါင်းဆောင်မှု အားနည်းချက်နဲ့ အတွေးအခေါ်တွေ ရှုပ်ထွေးစေမှုတွေဟာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ အဓိက လက်နက်တွေ ဖြစ်တယ်။ ဒီအတွက် ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ commander capability လျော့သွားအောင် လုပ်ဖို့နဲ့ ၀ါဒဖြန့်ချိရေးယန္တရားတွေကို အသုံးပြုပြီး အတွေးအခေါ် ရှုပ်ထွေးစေမှုတွေကို ဟန်ချက်ညီလုပ်နိုင်ရင် ရန်သူကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ယူလို့ ရနိုင်မယ်"

ဆရာက ဒီစကားတွေကို နှုတ်ကလဲပြော၊ slide show နဲ့ နမူနာပုံတွေကို ပြသခဲ့သလို၊ ကွန်ပျူတာလက်တွေ့သင်ခန်းစာ အချိန်မှာလဲ Probabilistic Graphic Models တွေကို အသုံးပြုပြီး၊ စီမံချက်တွေ ရေးဆွဲစေခဲ့ပါတယ်။

ဘ၀ ရပ်တည်မှု အလုပ်အကိုင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။

နိဂုံး

ဘ၀မှာ မရေရာ၊ မသေချာမှု (uncertainty) နဲ့ ပတ်သက်ပြီး၊ လူအမျိုးမျိုးဆီက အတွေးအမြင်များစွာကို ရခဲ့ဖူးပါတယ်။ အယူအဆတွေကတော့ အမျိုးမျိုးပါပဲ။ အမှန်တရားဆိုတာကလဲ ရှာဖွေလေ၊ ခက်ခဲလေ။ဘယ်လိုပဲဖြစ်ဖြစ် မသေချာ၊ မရေရာတဲ့ လောကကြီးမှာ ဘယ်သူ့အမြင်၊ ဘယ်သူ့အတွေး၊ ဘယ်သူ့အလုပ်ကက မှန်ကန်တယ်ဆိုတာ သေချာပေါက်မပြောနိုင်ပေမယ့်၊ လက်တွေ့မှာ အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ အတွေးအမြင်၊ သင်ခန်းစာတွေကို အသုံးပြုရင်းနဲ့ မရေရာ၊ မသေချာမှုတွေကို ရင်ဆိုင်ဖြတ်သန်းကြမယ် ဆိုရင်ဖြင့်---------------------။

ခင်မမမျိုး (၁၊ ၅၊ ၂၀၁၁)
uncertainty.pdfuncertainty.pdf
40K   View   Download  

Peace Walk on May 3, Tuesday

We are doing a Peace Walk on May 3, Tuesday for the victims of the recent conflict happened in Chittagong Hill Tracts, Bangladesh.
It was between Marma Buddhists and Bengali Muslims.

Please spread around the words and we very much to see you as well to support us.
Metta