(၂၀၀၇) ခုနှစ်၊ သြဂုတ်လတုန်းက ရေးသားခဲ့ဖူးတဲ့ ၀တ္ထုတိုလေးကို ပြန်လည်မျှဝေပါတယ်။
ဘယ်သူ တရားခံလဲ (၀တ္ထုတို)
(၁)
အချိန်ကား (၂၀၀၇) ခုနှစ်၊ သြဂုတ်လ။
“ဓာတ်ဆီဈေးတွေတက်လို့ ကားခတွေတက်ကုန်ပြီ“
ဈေးထဲသို့ ပျံ့လွင့်လာသည့် သတင်းစကားကြောင့် မအေးတင် တစ်ယောက် စိတ်ညစ်သွားရသည်။ ကားခတွေ ဈေးတက်သည်ဆိုလျှင် ကုန်ဈေးနှုန်းတွေလဲ လိုက်တက်တော့မှာပဲဆိုသည့် ဘ၀ပေးအသိက ချက်ချင်းဝင် လာ သည်။ ကုန်ဈေးနှုန်းတက်လျှင် အခြားဈေးနှုန်းတွေလဲ လိုက်တက်တော့မည်။ အမေ့ရောဂါအား ပြပေးနေရသည့် ဆရာဝန်ကလဲ ဆေးဝါးတွေတက်သည်ဆိုကာ ဆေးဖိုးဝါးခ ပိုတောင်းတော့မည်။
“ဟဲ့အေးတင်၊ ဟိုမှာ မမမြလာနေတယ်လေ“
ဆိုင်ရှင်အစ်မကြီးက လှမ်းအော်ပြောမှ အတွေးဝင်္ကဘာများ ရပ်တန့်သွားသည်။ မမမြဆိုသည်က သူမတို့ စက်ချုပ်ဆိုင်သို့ လာနေကျဖောက်သည်။ သူမအား ပိုက်ဆံချေးပေးနေသူမို့ ကျေးဇူးရှင်ဆိုလဲမမှား။ အတိုးပေးရ သည်ဆိုသော်လဲ အပေါင်မပါပဲ ငွေချေးပေးနေသည်ကပင် ကျေးဇူးကြီးလှသည်။ ငွေဆိုသည်မှာ သူမဘ၀ အတွက်တော့ ငရဲပြည်သို့တိုင် ဆင်းနေသည့် တွင်းနက်ကြီး။
သူမရှစ်တန်းအရောက်တွင် ကုန်စိမ်းသည် အမေကြီး လေဖြတ်ကာ အိပ်ယာထဲလဲသွားသည်။ အမေတခု၊ သမီးတခုဘ၀မို့ ပညာတတ် ဆရာမလေးဖြစ်ချင်သော အိပ်မက်တို့ ပျက်စီးသွားကာ ကြုံရာကျပန်း စလုပ်ရ တော့သည်။ “ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ“ ဆိုသည်မှာ အမှန်ပဲလားမသိ။ ရှာဖွေစားသောက်ရသည်မှာ အလွန်ပင် ခဲယဉ်းလှလေသည်။
အမေစုထားသော ငွေပိုငွေလျှံလေးများမှာလဲ ဆေးဖိုးနှင့်ပင် ကုန်သွားသည်မို့ သူမတွင် ဈေးရောင်းရန် အရင်းအနှီး ပင်မရှိ။ နံနက်မိုးလင်းသည်နှင့် အိမ်ရှိ အ၀တ်အစားလက်ကျန်လေးများ၊ ဒယ်အိုးဒယ်ခွက်များယူကာ နေ့ပြန်တိုး အိမ်သို့ သွားရသည်။ အပေါင်ပါလျှင် အတိုးနှုန်းလျော့သည်မို့ ပေါင်လို့ရတာ အကုန်ပေါင်နှံပြီးမှ ငွေချေးရသည်။ ရသည့်ပိုက်ဆံလေးနှင့် အကြော်ဖိုသို့ ပြေးရသည်။
တနေ့လုံး ခြေညောင်းအောင် လမ်းလျှောက်ပြီးသော အခါတွင်တော့ တနေ့တာ တွက်ချေလေးကိုက်လေသည်။ အမြတ်လေးနှင့် ချက်ပြုတ်စရာလေး နဲနဲပါးပါးဝယ်ကာ နေ့ပြန်တိုးအိမ်သို့ ပြေးရပြန်သည်။ နေ့ပြန်တိုးအိမ်လေးတွင် အတိုးအရင်းပေး၍ ကိုယ့်ပစ္စည်း ကိုယ်ပြန်ယူရန်ကလဲ အတော်ပင်ကြာလှသည်။ သူမတို့လို လူတွေက အများကြီး။
အမေ့ကိုကား ဘေးအိမ်မှ နဲနဲဝိုင်းစောင့်ရှောက်ပေး၍ တော်တော့သည်။ သူမတို့ ဘေးအိမ်မှ မစိမ်းကတော့ နှစ်လုံးထီဒိုင်ခံသူဖြစ်၍ အနည်းငယ်ပြေလည်သည် ဆိုရမည်။ ရဲစခန်းမှ ရဲအုပ်မိန်းမနှင့် တွဲလုပ်နေသူဖြစ်၍ အဖမ်းအဆီးလဲ ကြောက်စရာမလိုသဖြင့် အလုပ်ဖြစလေသည်။ ယောက်ျားဖြစ်သူ ကိုတိုးမောင်ကလဲ အိမ်ပွဲစား လုပ်သဖြင့် သူမတို့ ရပ်ကွက်ထဲတွင်တော့ အသင့်အတင့် ချောင်လည်သူများဖြစ်သည်။ သူမအား စက်ချုပ် သင်ရန်လဲ မစိမ်းပဲ တိုက်တွန်းကာ ငွေထုတ်ချေးပေးခဲ့တာဖြစ်သည်။ ကျွမ်းကျင်လာတော့ ဈေးထဲမှ ဆိုင်လေး တဆိုင်တွင် အလုပ်ရသည်။ နေ့ပြန်တိုးအိမ်လေးသို့ သွားစရာ မလိုတော့သဖြင့် အလွန်ပင် ကျေးဇူးတင်ရသည်။
သို့ပေမယ့် တဘက်က အလုပ်ကလေး နဲနဲအဆင်ပြေလာသော်လဲ အမေ့ကျန်းမာရေးအခြေအနေက တစတစ ပိုဆိုးလာသည်မို့ ၀င်ငွေနှင့် ထွက်ငွေကား မမျှလှ။ စားစရိတ်များကလဲ နေ့စဉ်နှင့်အမျှ တက်နေသည်။ စက်ချုပ်ဆိုင်လေးမှ ဖောက်သည်ဖြစ်သော မမမြနှင့် ခင်မင်ရင်းနှီးသွားပြီး နောက်ပိုင်း သူမလိုနေသော ငွေကြေးများကို ထုတ်ပေးနေ၍သာ တော်သေးသည်။
“မအေးတင်။ မျက်နှာလဲမကောင်းပါလား။ နေမကောင်းဘူးလား“
မမမြက သူမအား ကြည့်ရင်းမေးသည်။
“မဟုတ်ပါဘူးမမမြရယ်၊ ကားခတွေ ဈေးတက်ကုန်ပြီ ကြားလို့ပါ၊ ကျွန်မတို့ ဘ၀မှာ ဘတ်စ်ကားပဲ အားကိုးနေ ရတာ။ ကားကလဲ နှစ်ဆင့်စီးရတယ်။ ကားပေါ်တခါတက် (၁၀၀)ဆိုတော့ တနေ့ကို (၄၀၀)ထွက်နေပြီ။ စားဖို့တောင် နဲနဲပဲကျန်တယ်။ အမေလူမမာနဲ့ ဘယ်လိုလုပ်ရမှာတဲ့လဲ“
“အဲဒါကြောင့် ငါပြောတဲ့အလုပ်ကို လုပ်ဖို့ ပြောနေတာပေါ့“
မမမြက ရယ်ရယ်မောမောပြောထာပေမယ့် သူမတကိုယ်လုံးကတော့ ရှက်စိတ်၊ ကြောက်စိတ်နှင့် တုန်သွားရလေသည်။ အပျိုစင်သူမဘ၀မှာ ဒီလိုအလုပ်မျိုးလုပ်ဖို့မပြောနှ င့်။ ကြားတာနှင့်ပင် နားကရှက်လှပြီ။
“မမမြရယ်။ အဲလိုမျိုးကြီးတော့ မလုပ်ပါရစေနဲ့“
“ညည်းစဉ်းစားပေါ့အေ။ ငါ့ဆီမှာလဲ ညည်းယူထားတဲ့ အကြွေးတွေက သိန်းနဲ့ချီနေပြီနော်။ လူမှုရေးအရ မပြောချင်လို့သာ ကြည့်နေတာ“
“အတိုးမှန်မှန်ပေးပါ့မယ် မမမြရယ်။ နောက်ဆုံးအချိန်အထိတော့ ရုန်းကန်ကြည့်ချင်သေးတယ်“
(၂)
“အမေ၊အမေ၊ ဘာဖြစ်တာလဲ“
အိမ်ထဲသို့ ပြန်ဝင်ဝင်ချင်း ရပ်ကွက်ထဲမှ လူများအား တွေ့ရသဖြင့် အလန့်တကြား မေးမိသည်။ သတိလစ်နေသော အမေ့အား ၀ိုင်းဝန်းပွေ့ထားကြသည်။
“အခုပဲ မစိမ်းအော်ခေါ်လို့ရောက်လာတာ။ တို့ရောက်လာတော့ ညည်းအမေက သတိလစ်နေပြီ“
“မစိမ်းကော။ ဆေးရုံ။ ဆေးရုံကို မြန်မြန်ပို့ကြရအောင်လေ“
သူမတကိုယ်လုံး သွေးရူးသွေးတန်းဖြစ်ကာ တုန်နေသည်။ အမေ့အသက်ကိုမှ မှီပါ့မလား။
“လမ်းထိပ်သွားတယ်။ ကကသွားခေါ်မယ်တဲ့“
အိမ်နားနီးချင်းများ ကောင်းလို့တော်သေးသည်။
“ဟဲ့၊ ဘာကြောင်နေတာလဲ။ ဆေးရုံကို ယူရမယ့် ပစ္စည်းတွေထည့်လေ“
ဘေးမှမိန်းမတယောက်ကသတိပေးမှ သတိဝင်လာသည်။ ဆေးရုံကို ယူသွားသည့် ပစ္စည်းတွေ ထည့်ရမည်။ သို့ပေမယ့် အရေးကြီးဆုံး ယူရမည့်အရာ သူမဆီမှာမရှိ။ ငွေ။ ငွေ။ ဆေးရုံသွားရင် ငွေထုတ်ပိုက်သွားဖို့ လိုသည် မဟုတ်လား။
စဉ်းစားနေဆဲတွင် မစိမ်းဝင်လာသည်။
“အေးတင်မြန်မြန်လုပ်။ ဘာမှစဉ်းစားမနေနဲ့။ ငါ့မှာပါတယ်“
ကကသွားငှားရင်း သူ့အိမ်သို့ဝင်ကာ တခါတည်း ပိုက်ဆံယူခဲ့ပုံပေါ်သည်။ အမေ့အား ကကကားထဲသို့ အမြန်ဆုံးမတင်ကြရသည်။
“ဘယ်ဆေးရုံကို မောင်းရမလဲ“
ကားမောင်းသူကမေးသည်။
“ရန်ကုန်ဆေးရုံကြီး“
သူမယောင်အအဖြင့်ဖြေသည်။
“ဟဲ့ဒီလိုအခြေအနေမျိုးမှာ ဆေးရုံကြီးသွားလို့ရမလား။ ဆေးရုံကြီးမှာ ဆေးမှ မရှိတာ။ အနီးဆုံး အထူးကုဆေးခန်းကို မောင်းပါ ဦးလေး“
မစိမ်းက၀င်ပြောတော့ သူမ မစိမ်းအားကြည့်မိသည်။ သူမအကြည့်ကို မစိမ်းသဘောပေါက်ပုံရသည်။
“ငွေကပြန်ရှာလို့ရပါတယ်အေ။ အမေတယောက်ရဲ့ အသက်က ပြန်ဝယ်လို့မရဘူး၊ ငါစုထားတာလေးတွေရှိတယ်။ နင်ခဏ ယူထားလေ“
မစိမ်းအား ကျေးဇူးတင်စွာကြည့်မိသည်။ အမေတယောက်ရဲ့ သေရေးရှင်ရေးမှာ ငွေရေးကြေးရေးကို စစဉ်းစား ရလောက်အောင် အဖြစ်ဆိုးနေရပါလား။ ကိုယ့်ကိုကိုယ် စိတ်ပျက်ဒေါသထွက်လိုက်တာ။ ငွေ၊ငွေ၊ငွေ။
အထူးကုဆေးရုံမှ ဆရာဝန်များကတော့ ဆေးရုံကြီးမှ ဆရာဝန်များနှင့်မတူပါ။ ဖြတ်လတ်သွက်လက်စွာဖြင့် လိုသည်များကို ချက်ချင်းလုပ်ပေးကြသည်။ လိုသည့်ဆေးဝါးများကလဲ ဆေးရုံထဲမှာတင်ရှိနေသည်။ ငွေမျက်နှာ တော်တော်ကြီးပါကလား။
သို့ပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါ။
“စိတ်မကောင်းပါဘူးဗျာ။ အချိန်နည်းနည်းသာ စောရောက်ခဲ့မယ် ဆိုရင်တော့“တဲ့။
ဆရာဝန်ကြီးပြောလိုက်တဲ့စကားသံ အဆုံးမှာ သူမဒူးတွေ ညွှတ်ခွေသွားရသည်။ အချိန်နည်းနည်းသာ စောရောက်ခဲ့ ရင်တဲ့။ သူမနားထဲသို့ သံရည်ပူလောင်းသလို စီးဆင်းသွားသည့်စကား။ အမေ အိမ်ထဲမှာ လေထပ်ဖြတ်ပြီး လဲနေတာ ဘယ်လောက်ကြာသည်မသိ။ အလုပ်မှအပြန်တွင် စီးနေကျကားလိုင်းက ဆီဈေးတက် သည်ကို မ၀ယ်နိုင်ဆိုကာ လိုင်းဆွဲတာရပ်ထားသည်တဲ့။ ကြားကားစောင့်စီးရတာမို့ အိမ်ပြန်ရောက်ချိန်မှာ ပြန်မရောက် လိုက်။ နဲနဲမှောင်လာပြီး၊ သူမတို့အိမ်ဘက်တွင် လူရိပ်လူခြေမတွေ့သဖြင့် မစိမ်းက အိမ်ထဲဝင်ကြည့်တော့မှ အမေ့ကို တွေ့ရခြင်းဖြစ်သည်။ ဒါဆို တကယ်လို့များ ဓာတ်ဆီဈေးတွေ မတက်ခဲ့ဘူးဆိုရင် အမေ့အသက်ကို မှီမှာပေါ့။ အတွေးနှင့်အတူ သူမနာနာကြည်းကြည်း ငိုချမိသည်။
(၃)
“ငါလဲခေါင်းမီးတောက်နေပြီ။ သူတို့တောင်းတဲ့ပိုက်ဆံ၊ ငါ့မှာလဲ မကျန်တော့ဘူး။ စားဖို့တောင် အနိုင်နိုင်ဆိုတော့၊ ငါ့ပွဲစားအလုပ်ကလဲ အဆင်ပြေတာမဟုတ်ဘူး“
ကိုတိုးမောင်၏ စကားသံက သူမနားထဲ ၀င်တချက်၊ မ၀င်တချက်။ အမေ့ရက်လည်ပင် မရှိသေးပါ။ ကြမ္မာဆိုးတခုက ထပ်မံဝင်ရောက်လာပြန်သည်။
သည်တခါကိစ္စကား အထူးကုဆေးခန်းမှ ကျသင့်ငွေသာမက အမေ့ဈာပနကိစ္စများကိုပါ ကူညီဆောင်ရွက် ပေးထားသော မစိမ်းအဖမ်းခ ထားရခြင်း။ အထူးစီမံချက်ဆိုကာ မစိမ်းတို့ နှစ်လုံး၊ သုံးလုံးရောင်းသူများ အဖမ်းခံလိုက်ရသည်။ မစိမ်းနှင့် တွဲလုပ်နေသူ ရဲအုပ်မိန်းမတော့ပါမသွား၊ ယခု ရဲများက ပိုက်ဆံတောင်းနေပြီ။ အမှုပေါ့ရန် ငွေပေးမှ ဖြစ်တော့မည်။
“ငါ့မိန်းမနင့်အပေါ်ဒီလောက်ကောင်းခဲ့တာ နင်အသိပါဟာ။ နင်ယူထားတဲ့ ပိုက်ဆံတွေပြန်ရမှ ဖြစ်တော့မှာမို့ မလွှဲသာလို့ တောင်းရတာပါ“
ကိုတိုးမောင်က ခခယယပြောတော့ သူမပိုအားနာသွားသည်။ မစိမ်းသည် သူမကျေးဇူးရှင်။ သူမကြောင့် မစိမ်းအား ဒုက္ခမရောက်စေလိုပါ။
နှုတ်ခမ်းကို ဖိကိုက်ပြီး တစုံတရာကို သူမဆုံးဖြတ်လိုက်သည်။
“ကိုတိုးမောင်။ နံနက်ဖြန်ကိုစောင့်ပေးပါနော်။ ကျွန်မ၊ မဖြစ်ဖြစ်အောင် ယူလာပေးပါ့မယ်“
“နင်ကတိပေးတယ်နော်“
“ပေးပါတယ်“
ကိုတိုးမောင်ထပြန်သွားတော့ သူမမျက်ဝန်းထဲမှ မျက်ရည်များ လျှံထွက်လာသည်။
(၄)
“ဒီလိုမှပေါ့ကွယ်။ စောစောကတည်းက လိမ္မာရင် ဒီလိုတွေတောင် ဖြစ်လာမှာ မဟုတ်ဘူး။ လိုတဲ့ငွေ ကြိုထုတ်ပေးမယ်လေ။ မင်းဘက်ကသာ ကတိတည်ရမယ်။ ဒီညကစပြီး အိမ်မပြန်နဲ့တော့။ အလုပ်စရမယ်“
မမမြပေးထားသော လိပ်စာသို့လိုက်သွားပြီး သူမဆုံးဖြတ်ချက်အား ဖွင့်ပြောတော့ မမမြပြောသည့်စကား။
ငွေကြေးအတွက် ခန္ဒာကိုယ်ကို ရောင်းစားရတာ လိမ်မာတယ်တဲ့လား မမမြရယ်။ ကမ္ဘာကြီးဘာတွေဖြစ်နေပြီလဲ။ အမေရေ-အမေ့သမီးရဲ့အဖြစ်ဆိုး၊ ဘ၀ဆိုးကို ထကြည့်လှည့်ပါဦး အမေရဲ့။
တကယ်တမ်းနဖူးတွေ့၊ဒူးတွေ့ကြုံမှ မမမြသည် အဆက်အသွယ်ပွဲစား လုပ်နေသည်တင်မဟုတ်ပဲ အိမ်တွင်ပင် ပြည့်တန်ဆာခန်းဖွင့်ကာ လုပ်ကိုင်နေသူဖြစ်ကြောင်း သိရတော့သည်. ပေါက်သည့်နဖူးကား မထူးတော့ပြီ။ သူမလိုပင် လှေလှော်ရင်းနစ်နေကြသူများကိုလဲ တွေ့ရှိရလေသည်။ သူမ၏ ကနဦးည ဖောက်သည်သည် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော စစ်ဘက်အရာရှိတစ်ဦးဖြစ်လေည်။ ကိုယ့်အသက်ကိုပင် ကိုယ်မအားနာ၊ ကိုယ့်သမီး အရွယ်လေးနှင့် လာပျော်ပါးနေသည့် မျက်နှာကြီးကို မြင်ရသည်မှာ ရွံ့ရှာဖွယ် ကောင်းလိုက်ပါဘိခြင်း။ ထိုသူပြန်သွားတော့ ခေတ်ပျက်သူဌေးတစ်ဦးအား မမမြက ထပ်သွင်းလာသည်။ နောက်ဆုံးတော့ သူမ၏ ပထမဆုံးအပျိုရည်ပျက်သည့်ညသည် စက်ဆုပ်ဖွယ်ကောင်းစွာပင် ပြီးဆုံးသွားခဲ့ရသည်။
နံနက်မိုးလင်းခါနီး ပြိတ္တာလို သတ္တ၀ါများ ထသွားကြသောအခါတွင်မှ သူမတို့အားလုံး အိပ်ခွင့်ရခဲ့လေသည်။ သူမဘေးမှ ခင်ခင်ဆိုသူ ကောင်မလေး ကြိတ်ငိုနေသဖြင့် တိုးတိုးတိတ်တိတ်မေးကြည့်တော့ ညက ဖောက်သည်တယောက်အား စိတ်ဆိုးအောင် လုပ်မိသဖြင့် မမမြက ကြိမ်လုံးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ထားတာ ခံရသည်တဲ့။ သူမ၏ ရှေ့ဘ၀ခရီး အတွက် ရင်လေးသွားရသည်။
ငယ်စဉ်တုန်းကတော့ ကြားဖူးပါသည်။
“ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနဲတတ်သည်“တဲ့။
သူမက မီးကိုမှ တိုးချင်သည့် ပိုးဖလံမဟုတ်ပါ။ ဒီအိမ်ထဲမှာရှိနေသော ဘ၀တူ မိန်းကလေးများမှာလဲ ပိုးဖလံတွေ မဟုတ်ကြပါ။ ဒီလိုအလုပ်မျိုးကို ဘယ်လို လူစားမျိုးက လိုလိုချင်ချင် လုပ်ချင်ပါမတဲ့လဲ။ သို့ပေမယ့် မီးကိုမှ တိုးရသည့် ပိုးဖလံဘ၀မျိုးရောက်အောက် အခြေအနေများက တွန်းပို့ခဲ့လေပြီ။
“သွားပို့ပြီး ချက်ချင်း ပြန်လာနော်။ ထွက်ပြေးမယ်တော့ မကြံနဲ့။ ငါ့လက်ထဲက လွတ်တဲ့လူ အခုထိ မရှိသေးဘူး“
လိုနေသော ငွေကြေးများကို ထုတ်ပေးလိုက်သော်လဲ ခြိမ်းချောက်စကားနှင့် ဖြစ်သည်။ သူ့လက်ခုပ်ထဲမှ ရေဖြစ်နေပြီဆိုတော့ သူပြုသမျှနုရတော့မည်ပေါ့။ ငွေထုပ်ကို ပိုက်ပြီး ကားနှစ်ဆင့်စီးကာ နေအိမ်သို့ ပြန်ရသည်။ အ၀တ်အစားအချို့ကို အိတ်ထဲထည့်သိမ်းပြီး၊ ကိုတိုးမောင်အိမ်သို့ ၀င်ကာ ပိုက်ဆံပေးရသည်။ ခရီးထွက်မည် ဖြစ်ကြောင်းပြောရသည်။ သူမဘာဖြစ်နေသည်၊ ဘာလုပ်နေသည်ကို ရပ်ကွက်ထဲမှ လူအများ မသိစေလိုပါ။ ရှက်စရာကောင်းလိုက်သည့်ကိစ္စ။ သူမသည် မိန်းမကောင်းပီသစွာ ကြီးပြင်းခဲ့ရသူလေးပါ။
အ၀တ်အစားအိတ်ကို လက်တဘက်ကဆွဲရင်း မမမြဆီသို့ အပြန်ခရီးအတွက် သူမခြေလှမ်းများက လေးကန် ထိုင်းမှိုင်းနေလသည်။ မသွားလို့လဲမဖြစ်။ မမမြသည် အလွန်ကြောက်စရာကောင်းသော မိန်းမကြီးဖြစ်ကြောင်း သူမသိခဲ့ရပြီးပြီ။ ဘာပဲဖြစ်ဖြစ် နဲနဲတော့ အချိန်ဆွဲထားချင်သေးသည်၊ ငရဲခန်းမှ ခဏဖြစ်ဖြစ် လွတ်နေရင်လဲ အမြတ်ပေါ့၊ လှိုင်ဈေးဘက်သို့သွားရန် သူမစဉ်းစားလိုက်သည်။
(၅)
“ဘာကြောင့်ဒီအခက်အခဲတွေ ရောက်နေကြတာလဲ။ ကျွန်မတို့ပြည်သူလူထုဟာ ကြောက်နေလို့။ အဲဒါကို မကြောက်နဲ့။ မကြောက်ရင် ကျွန်မတို့ရဲ့ အခက်အခဲတွေ အားလုံးဟာ လမ်းပွင့်သွားလိမ့်မယ်“
ဦးတည်ရာမဲ့၊ စိတ်ညှိုးနွမ်းစွာ လျှောက်နေသော သူမသည် လှိုင်ဈေးကြီးအရှေ့တွင် ကြားလိုက်ရသော အသံကြောင့် ခြေလှမ်းတို့ တုန့်ကနဲ ဖြစ်သွားသည်။ ခုနက ကိုယ့်အပူနှင့် ကိုယ်မို့ သတိမထားမိ။ ယခုမှ ဈေးကြီး ရှေ့တွင် လူအများ စုဝေးနေတာ သတိရမိသည်။ မိန့်ခွန်းသံများကို သေချာစူးစိုက်၍ နားထောင်မိသည်။
“လောင်စာဆီဈေးနှုန်းကျဆင်းရေး ဟာ အစိုးရမှာ တာဝန်ရှိပါတယ်“
ဒီစကားသံကို ကြားလိုက်ရတော့ သူမဆတ်ကနဲဖြစ်သွားသည်။ စောစောက အချိန်အထိ သူမဘ၀၏ ဆိုးဝါးလှစွာသော အဖြစ်အပျက်များ၏ တရားခံသည် မမြင်ရသော ကံကြမ္မာဟု သူမထင်ထားခဲ့သည်။ ယခုမှ တရားခံအစစ်ကို ရှာတွေ့တော့သည်။
ဟုတ်သည်။ အကယ်၍များ လောင်စာဆီဈေးတွေ ထိုရက်များက ခုန်တက်မသွားခဲ့ဖူးဆိုလျှင် သူမဘ၀အခြေအနေ ဤမျှ ဆိုးချင်မှ ဆိုးမည်။ အမေ့အသက်ကိုလဲ ကယ်ချင်ကယ်နိုင်ခဲ့မည်။
“မိမိတို့ရဲ့ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေအတွ က်“
မိန့်ခွန်းသံများက ဆက်လက်ထွက်ပေါ်နေသည်။ မိန့်ခွန်းသံများ ကြားရမှ သူမကျောင်းမပြီးခဲ့ရခြင်း၊ ဆေးရုံတွင် အမေတို့လို ဆင်းရဲသားလူမမာများအား ကုသပေးရန် ဆေးမရှိခြင်းများသည် လူတစ်ယောက်၏ အခွင့်အရေးများ ဆုံးရှုံးနေခြင်းဖြစ်ကြောင်း သူမသိလိုက်ရသည်။
အကယ်၍ အခမဲ့ပညာရေးစနစ်သာ ရှိခဲ့လျှင် သူမပညာရေး ဆုံးခန်းတိုင်ခဲ့လိမ့်မည်။ အကယ်၍ ပြည်သူ့ဆေးရုံမှာ ဆေးဝါးများသာ ရှိလျှင် အမေ့ကို ဆေးကုဖှို့ ဤမျှအထိ ငွေကုန်ချင်မှ ကုန်မည်။ အတွေးနှင့်အတူ တရားခံများအပေါ်တွင် တစတစနာကြည်းလာသည်။
ဟုတ်တယ်။
ငါ့အမေသေတာ-ဒီအစိုးရကြောင့်
ငါ့ဘ၀ပျက်တာ-ဒီအစိုးရကြောင့်။
အတွေးနှင့်အတူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။
“လောင်စာဆီဈေးတက်တာကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေကိုယ်စား ကျွန်တော်တို့တွေ လမ်းလျှောက်ပေး နေတာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်“
မိန့်ခွန်းသံက ဆက်လက်ထွက်ပေါ်လာသည်။
“ပါမယ်။ပါမယ်။ ဒုက္ခမျိုးစုံရောက်ခဲ့ရတဲ့ ပြည်သူတွေကိုယ်စား ငါလဲ ပါဝင် ဆန္ဒပြမယ်။ အဲဒီအစိုးရဆိုတဲ့ တရားခံကြီးကြောင့် ပျက်ခဲ့ရတဲ့ ငါ့ဘ၀အကြောင်း လူတွေသိအောင် ပြောပြရမယ်။ မကောင်းတဲ့လူကို မကောင်းသလို ဖော်ထုတ်ပြရမယ်“
ရင်ထဲမှ ထွက်ပေါ်လာသော ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ လမ်းလျှောက် ဆန္ဒပြနေသော လူအုပ်ကြီးထဲသို့ သူမတိုးဝင်လိုက်ပါတော့သည်။
(မတရားအာဏာသိမ်းအစိုးရ၊ ရွေးကောက်ခံ အာဏာရှင်အစိုးရ၊ ရွှေရည်စိမ်အစိုးရ အသွင်အမျိုးမျိုးဖြင့် သက်ဆိုးရှည်နေသော စစ်အာဏာရှင်စနစ်ဆိုးကြီး ပျက်သုဉ်း၍ စနစ်ဆိုးကြောင့် ဘ၀ပျက်ရသူများ လျော့နည်း ပပျောက်စေရန် ရည်သန်လျက်)
ခင်မမမျိုး (၂၃၊ ၈၊ ၂၀၀၇)
ဘယ်သူတရားခံလဲ (၀တ္တုတို).pdf 56K View Download |
No comments:
Post a Comment